အခန်း ၅၀၅
Vol. 34 Ch. 505
အခန်း (၅၀၅) အရှေ့ဘက်မှ မိစ္ဆာများ
ထျန်းချူမြို့သည် တုန်းချန်နယ်မြေ၏ နှလုံးသားသဖွယ် အချက်အခြာကျလှ၏။ ၎င်းသည် သူတော်စင်နှင့် မိစ္ဆာတို့ အားပြိုင်ရာ အဓိက စစ်တလင်းလည်း ဖြစ်၏။ သို့ဖြစ်ရာ မြို့၏ အတွင်း၌ဖြစ်စေ၊ အပြင်ဘက်၌ဖြစ်စေ မိစ္ဆာဂိုဏ်း၏ ခြေရာလက်ရာများကို တွေ့ရှိရခြင်းမှာ အထူးတလည် အံ့ဩစရာ မဟုတ်ချေ။
မြို့အတွင်း၌မူ တင်းကျပ်လှသော စစ်ဆေးမှုများကြောင့် ရည်ရွယ်ချက်ဆိုးရှိသူများ ခိုးဝင်ရန် ခဲယဉ်းလှသော်လည်း၊ မြို့ပြင်တွင်မူ မိစ္ဆာတို့ လှုပ်ရှားနေခြင်းမှာ နေ့စဉ်မြင်တွေ့နေကျ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ သို့သော် ယနေ့သည် ထူးခြားနေ၏။ ‘ထျန်းချူ ဓားသိုင်းပြိုင်ပွဲ’ ကြောင့် သိုင်းလောကသားပေါင်းစုံ မြို့ထဲသို့ ရောက်ရှိနေကြရာ၊ ထိုအထဲတွင် မိစ္ဆာဂိုဏ်း၏ မြှူဆွယ်မှုကို ခံထားရသူများ သို့မဟုတ် ရုပ်ဖျောက်ထားသော မိစ္ဆာဂိုဏ်းဝင်များ ပါဝင်နေနိုင်ခြင်း ပင်တည်း။
၎င်းတို့သည် မြို့အတွင်း၌ ဆူပူအောင် ဖန်တီးကာ မိစ္ဆာဂိုဏ်းကြီးများ အခွင့်ကောင်းယူ တိုက်ခိုက်နိုင်ရန် လမ်းဖွင့်ပေးနိုင်၏။ ဂိုဏ်းကြီး (၇) ဂိုဏ်းမှ လူများကလည်း ဤအခြေအနေကို ကြိုတင်တွက်ဆထားသဖြင့် မြို့တွင်း ပြဿနာများကို ချက်ချင်း နှိမ်နင်းနိုင်ရန် ပြင်ဆင်ထားကြသည်။ သို့သော် မြို့ပြင်မှ မိစ္ဆာဂိုဏ်းဝင်များ၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုကိုမူ လျစ်လျူရှုထား၍ မရနိုင်ချေ။
ယွမ်ရှန်းဓားဂိုဏ်း၏ အကြီးအကဲ လော့ချန်ရှင်းသည် သတင်းစကားကို ကြားသည်နှင့် စိတ်ထဲတွင် တင်းကျပ်သွားတော့၏။
(ဟင်း... လာပြီပေါ့။ ဒီပွဲကတော့ အေးအေးဆေးဆေး ပြီးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ဒီကောင်တွေက ဘယ်လောက်တောင် အင်အားပါလာလို့ ဒီလောက်အထိ ရဲတင်းနေရတာလဲ။ ငါ့ခေါင်းထဲမှာတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပူနေရပြီ။)
“ဘယ်သူတွေ လာတာလဲ... လူအင်အား ဘယ်လောက်ရှိသလဲ”
သတင်းလာပို့သော ယွမ်ရှန်းဓားဂိုဏ်း တပည့်က အလျင်အမြဲ လျှောက်တင်သည်။
။
“လူအင်အားက နည်းတာမဟုတ်ဘူး ခင်ဗျာ။ ကျိလေ ကောင်းကင် နန်းတော်က လူတွေကလွဲရင်၊ ထာဝရညတောင်ကြားနဲ့ ယူချွမ်ဂိုဏ်းက လူတွေ အကုန်ရောက်နေကြပြီဗျ။ ကြည့်ရတာ အဆင့်မြင့် ခေါင်းဆောင်တစ်ယောက်ယောက် ပါလာပုံရတယ် ခင်ဗျာ”
“ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက ခေါင်းဆောင်တွေ အခု ဘယ်မှာလဲ”
“မြို့ရိုးပေါ်မှာ ရောက်နေကြပါပြီ ခင်ဗျာ”
“ဒါဆိုရင် ငါတို့လည်း အဲဒီကို သွားကြစို့”
လော့ချန်ရှင်းသည် အရှေ့ဘက် မြို့တံခါးဆီသို့ အပြေးအလွှား သွားနေရင်းမှ ထပ်မံ မေးမြန်းလိုက်၏။
“ဝမ်ချန်ရှင်းဘက်ကော... အခြေအနေ ဘယ်လိုလဲ”
“သူကတော့ ဒီနေ့ နံ့သာတိုင်ထွန်းပြီး ရေမိုးချိုးကာ တည်းခိုခန်းထဲမှာ တည်တည်ငြိမ်ငြိမ် စောင့်နေပါတယ် ခင်ဗျာ။ မူယွမ်စင်မြင့်လည်း အသင့်ဖြစ်နေပါပြီ။ လျူဆွေ့ဖုန်း ရောက်တာနဲ့ တိုက်ပွဲက စတော့မှာပါ”
“လျူဆွေ့ဖုန်းက မြို့နဲ့ ဘယ်လောက်ဝေးသေးလဲ”
“မိုင် (၅၀) တောင် မလို တော့ပါဘူး”
“ကြည့်ရတာ လမ်းမှာ ပြဿနာရှာချင်တဲ့ကောင်တွေ မအောင်မြင်ခဲ့ကြဘူး ထင်တယ်”
“မအောင်မြင်ရုံတင် မဟုတ်ပါဘူး...”
ဘေးနားရှိ တပည့်ဖြစ်သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။
“အို... ဘာတွေ ပြောင်းလဲမှု ရှိလို့လဲ”
လော့ချန်ရှင်းက သူ့အား တစ်ချက် လှည့်ကြည့်လိုက်၏။
“လျူဆွေ့ဖုန်းက ကျင့်ချန်းကျောင်းတော်က ထွက်လာပြီးကတည်းက ထျန်းချူမြို့ဆီကို အရှိန်အဟုန်နဲ့ လာနေတာ ခင်ဗျာ။ မြို့နဲ့ နီးလာလေလေ သူ့ရဲ့ အရှိန်အဝါက ပိုပြီး ပြင်းထန်လာလေလေပဲတဲ့။ လမ်းမှာ သူ့ကို မြင်လိုက်တဲ့လူတွေ ပြောပြချက်အရဆိုရင်...”
“သူက ဖြည်းဖြည်းချင်း လျှောက်နေသလိုပဲ၊ ဒါပေမဲ့ တကယ့်ကို မြန်လှတယ်တဲ့ ခင်ဗျာ။ သူ့ရဲ့ မျက်ဝန်းတွေကလည်း မြူခိုးတွေ လွှမ်းနေသလိုပဲ၊ တကယ့်ကို လောကကြီးနဲ့ ကင်းကွာနေတဲ့ ပုံမျိုးပေါ့။ တစ်ချက်ကြည့်လိုက်ရင် သူက လူသားတစ်ယောက် မဟုတ်ဘဲ၊ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွင့်မျောနေတဲ့ ရှည်လျားတဲ့ ဓားတစ်လက်လိုပဲ ခံစားရပါတယ်တဲ့”
“သူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ၊ သူ့ရဲ့ ဘေးပတ်လည် ခြောက်လက်မအတွင်းမှာရှိတဲ့ သစ်ရွက်တွေနဲ့ မြက်ပင်တွေက သူ့ရဲ့ ဓားချီတွေကြောင့် အကုန် ပျက်စီးသွားရတယ်တဲ့။ လမ်းမှာ သူ့ကို တားဆီးချင်တဲ့ သူတွေတောင်မှ အနားမကပ်ရဲကြဘူး။ အဝေးကနေ ကြည့်ရုံနဲ့တင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ခြောက်ခြားကုန်ကြတာပဲ။ သူတို့ ရင်ထဲမှာ ဓားတစ်လက် ရှိနေသလိုမျိုး ခံစားရပြီး၊ လျူဆွေ့ဖုန်းကသာ တစ်ချက်လောက် စိတ်ကူးလိုက်ရင် သူတို့တွေလည်း နှစ်ခြမ်းကွဲသွားမလားလို့ ကြောက်နေကြရတာပါ”
“ဟူး...”
လော့ချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။
“ဒီလောက်အထိ တောင်လား”
“ကျွန်တော်မျိုးလည်း ပထမတော့ မယုံပါဘူး ခင်ဗျာ။ တစ်ယောက်ယောက်က ချဲ့ကားပြောနေတာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ လမ်းမှာ သူ့ကို ချုံခိုတိုက်တဲ့သူတွေကတော့ ကျဆုံးကုန်ကြတာပဲ ခင်ဗျာ”
လော့ချန်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။
သူတို့နှစ်ဦးသည် အပြေးအလွှား သွားခဲ့ကြရာ မကြာမီမှာပင် အရှေ့ဘက် မြို့တံခါးသို့ ရောက်ရှိလာကြတော့၏။
မြို့တံခါးရိုးပေါ်သို့ ခုန်တက်လိုက်သောအခါ၊ သူ၏ ယွမ်ရှန်းဓားဂိုဏ်းမှလွဲ၍ အခြားဂိုဏ်းများမှ ခေါင်းဆောင်များ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရှောင်ယောင်မျှော်စင်၏ ဒုတိယမျှော်စင်သခင်၊ ဝမ်ချင်း စာပေသမား ရှရွှမ်ရန်သည် လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်လျက် ပြုံးပြုံးကြီး ရပ်နေ၏။
ကျန့်ဝူခန်းမ၏ ‘လက်ရှစ်ဖက်ရှိသော နဂါး’ ဝေချီမုန့် ကမူ မျက်မှောင်ကို ကြုတ်လျက်၊ သူ၏ အကြည့်များက တကယ့်ကို ပြင်းထန်နေ၏။
ထျန်းရှင်းဂိုဏ်းမှ ရွှမ်ယွမ်ရှောင်ရှမ်းမှာမူ မျက်နှာကို ပါးလွှာသော ပိတ်စဖြင့် ဖုံးအုပ်ထားသော အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ သူမ၏ မျက်ဝန်းများက မြို့ပြင်သို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေသည်။
ကျင့်ချန်းကျောင်းတော်မှမူ ရဟန်းငယ်လေး တစ်ပါး ရောက်ရှိနေ၏။ သူသည် အသက် (၁၅) (၁၆) နှစ်ခန့်သာ ရှိပုံရပြီး၊ သူ၏ အရပ်မှာ ရွှမ်ယွမ်ရှောင်ရှမ်းနှင့် အတူတူလောက်ပင် ဖြစ်၏။ သူ၏ အရပ်ထက် ရှည်လျားလှသော ‘ချီမေတုတ်’ ကို ကိုင်ဆောင်ကာ တည်တည်ငြိမ်ငြိမ် ရပ်နေသော်လည်း၊ ရွှမ်ယွမ်ရှောင်ရှမ်းဆီမှ ထွက်ပေါ်နေသော ရနံ့များကြောင့် သူ၏ နှာခေါင်းကို မသိမသာ ပွတ်သပ်နေမိသည်။
လန်ယွဲ့နန်းတော်မှမူ ဒုတိယနန်းတော်သခင်မ ရောက်ရှိနေ၏။ သူမ၏ မျက်ဝန်းများက အေးစက်နေပြီး၊ သတ်ဖြတ်လိုသော အငွေ့အသက်များက သူမ၏ ဘေးပတ်လည်တွင် လွှမ်းခြုံနေကာ ဂဏာမငြိမ်သော အမူအရာမျိုး ရှိနေ၏။
နောက်ဆုံးတွင်မူ ဇီယန်ဂိုဏ်းမှ တာဝန်ခံ ဖြစ်၏။ ဤသူမှာ ဇီယန်ဂိုဏ်း၏ လက်ရှိ ဒုတိယဂိုဏ်းချုပ် ကျိုးတုန်းမင် ပင် ဖြစ်၏။ သူသည် ယခုနှစ်တွင် အသက် (၆၄) နှစ် ရှိပြီ ဖြစ်ပြီး၊ ခပ်ပိန်ပိန်ပါးပါး အဘိုးအို တစ်ဦးကဲ့သို့ ရှိနေ၏။
သူ၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာများ ပြည့်နှက်နေပြီး၊ ကြည့်ရသူကို နူးညံ့သိမ်မွေ့သော ခံစားချက်မျိုး ပေးစွမ်းနေ၏။ သို့သော် လော့ချန်ရှင်းကမူ ထိုအပြုံးကို မြင်ရသည်မှာ လက်သီးနှင့် တစ်ချက်လောက် ထိုးချင်စရာ ကောင်းနေသည်ဟု ခံစားနေရသည်။
အထူးသဖြင့် ယနေ့တွင် ထိုအဘိုးကြီးက ထိုအပြုံးကြီးနှင့်ပင် .. ပို့ပေးရမည့် လူ (၁၀၀၀) ကျော်မှာ လမ်းမှာ လမ်းမှားသွားလို့ပါဟု သူ့အား ပြောခဲ့သည် မဟုတ်ပါလော။
(လမ်းမှားသွားလို့ ဟုတ်လား။ သောက်ကျိုးနည်း... သရဲတောင် ယုံမှာ မဟုတ်တဲ့ အကြောင်းပြချက်ကိုမှ ပြောထွက်တယ်။ ဒီအဘိုးကြီးရဲ့ ‘ကျိယွဲ့ရှန်ခွန်’ ဆိုတဲ့ ဘွဲ့နာမည်က တကယ့်ကို လိမ်လည်လှည့်ဖြားမှုကြီးပဲ။)
လော့ချန်ရှင်း ထိုသို့ တွေးတောနေစဉ်မှာပင်၊ ကျိုးတုန်းမင်၏ အကြည့်က သူ့ဆီသို့ ရောက်ရှိလာပြီး ချက်ချင်းပင် ပြုံးပြလာ၏။
“ရှောင်လော့ (လော့လေး) ရောက်လာပြီပေါ့”
“...”
လော့ချန်ရှင်းသည် ထိုသူအား ဘာမှ ပြန်မပြောချင်သော်လည်း၊ မနည်းပင် အားတင်းကာ ပြုံးပြလိုက်ရသည်။
“စီနီယာ ကျိုး ခင်ဗျာ”
ထို့နောက် သူသည် လက်သီးဆုပ်၍ ကျန်ရှိသော သူများကို နှုတ်ဆက်လိုက်၏။
“အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ”
--