← Chapters

အခန်း ၅၀၇

Vol. 34 Ch. 507

အခန်း ၅၀၇

Vol. 34 Ch. 507

အခန်း (၅၀၇) အရှေ့ဘက်မှ ရောက်လာသော မိစ္ဆာ (အပိုင်း ၃)

ညသခင်ဖြစ်စေ၊ ယူချွမ်ဂိုဏ်းချုပ်ဖြစ်စေ ၎င်းတို့သည် သိုင်းလောကကို တုန်လှုပ်စေနိုင်သည့် လူမိုက်ကြီးများ မဟုတ်ပါလော။ ယခုကဲ့သို့ ထျန်းချူမြို့၏ ဓားသိုင်း နှီးနှောပွဲလေး တစ်ခုကြောင့် ၎င်းတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းမှာ တကယ့်ကို ထူးဆန်းလှ၏။ အထူးသဖြင့် ယခုအခါ မြို့ပြင်၌ ထာဝရညတောင်ကြားမှ တပည့်များမှာ ပုရွက်ဆိတ်အုံ ပွင့်ကျလာသကဲ့သို့ အမည်းရောင် အစုအဝေးကြီးအဖြစ် တိုးပွားလာနေခြင်းမှာ ယခင်က တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းပင် ဖြစ်သည်။

ထိုစဉ်မှာပင် လော့ချန်ရှင်း၏ နားထဲသို့ ရယ်သံ တစ်ခု တိုးဝင်လာ၏။ ထိုရယ်သံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး နောက်ဆုံးတွင် ယူချွမ်ဂိုဏ်းချုပ်ကပင် မော့ကြည့်လိုက်ရတော့၏။

“မြို့ရိုးပေါ်မှာ ဘယ်သူကများ ဒီလောက်အထိ အရူးလို ထိုင်ရယ်နေတာလဲလို့ ကြည့်လိုက်တော့... ‘ကျိယွဲ့ရှန်ခွန်’ ကျိုးတုန်းမင် ကိုး။ ဇီယန်ဂိုဏ်းက ရှို့ယန်တောင်ထဲမှာ နှစ်ပေါင်းများစွာ အောင်းနေခဲ့တာဆိုတော့ မင်းတို့မှာ စိတ်ဝေဒနာ တစ်ခုခု ရနေပြီလား။ ဘာတွေ ဒီလောက်တောင် ပျော်စရာ ရှိနေလို့လဲ”

“ဟားဟားဟား...”

ကျိုးတုန်းမင်က အားရပါးရ ရယ်လိုက်ရင်း ဆိုလိုက်သည်။

“ပျော်စရာကိစ္စနဲ့ တွေ့လို့ ရယ်တာပေါ့”

“အို...”

မျက်နှာကို အနက်ရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသော ယူချွမ်ဂိုဏ်းချုပ်က ဝေါယာဉ်ပေါ်မှနေ၍ မော့ကြည့်လိုက်သည်။ ပိတ်စအောက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

“ဒီနေ့ ထာဝရညတောင်ကြားက လူအင်အား အလုံးအရင်းနဲ့ လာခဲ့တာ။ ငါကိုယ်တိုင်လည်း ရောက်နေပြီ။ အကယ်၍ ညသခင်ပါ ရောက်လာမယ်ဆိုရင် မင်း ဒီလိုမျိုး ဆက်ပြီး ရယ်နိုင်ဦးမလား သိချင်မိတယ်”

“မင်း.. ထျန်းချူမြို့ကို အခုချက်ချင်း တိုက်ခိုက်တော့မယ်လို့ ပြောချင်တာလား”

ကျိုးတုန်းမင်က မျက်လုံးလေးများကို မှေးစင်းလျက် အနည်းငယ် ပြုံးကာ မေးလိုက်သည်။

“တကယ် သတ္တိရှိသလား”

(ဟိုး... ကြည့်စမ်း။ ဒီအဘိုးကြီး ကျိုးတုန်းမင်ကတော့ တကယ့်ကို လူလည်ကြီးပဲ။ ယူချွမ်ဂိုဏ်းချုပ်လို လူစားမျိုးကို ရှေ့ကနေ ‘သတ္တိရှိသလား’ လို့ မေးရဲတာကတော့ တကယ့်ကို ရင်ဘတ်ကြီးတဲ့သူပဲ။ ငါသာ ဆိုရင်တော့ ခြေဖျားလက်ဖျားတွေတောင် အေးစက်နေလောက်ပြီ။)

ကျိုးတုန်းမင်၏ စကားကြောင့် မြို့ရိုးပေါ်ရှိ ဂိုဏ်းကြီး (၇) ဂိုဏ်းမှ လူများမှာ သူ့အပေါ် လေးစားမှုများ တိုးသွားကြရသည်။

ယူချွမ်ဂိုဏ်းချုပ်ဆိုသည်မှာ တုန်းဟွမ်နယ်မြေတွင် နှစ်ပေါင်းများစွာ ရမ်းကားခဲ့သူဖြစ်ပြီး၊ ဖျက်ဆီး၍ မရသော ‘ယူချွမ်သိုင်းကျမ်း’ ကို တတ်မြောက်ထားသူ မဟုတ်ပါလော။ မည်သူကမှ သူ့အား ဤကဲ့သို့ စိန်ခေါ်စကား မပြောဝံ့ခဲ့ကြချေ။

ယူချွမ်ဂိုဏ်းချုပ်မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် လက်ညှိုးငေါ့ကာ ဆိုလိုက်၏။

“မင်းတော့ သေဖို့သာ ပြင်ထားတော့..”

“မင်း မလုပ်ရဲပါဘူး”

ကျိုးတုန်းမင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“ညသခင်တောင်မှ မလုပ်ရဲဘူး”

“ဘာလို့ ငါက မလုပ်ရဲရမှာလဲ။ မင်းသာ ဒီနေ့ ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခု မပေးနိုင်ရင်တော့ မင်းရဲ့ သတ္တိနဲ့ အသက်ကို ငါ အခုချက်ချင်း သိမ်းပိုက်ပစ်မယ်”

ယူချွမ်ဂိုဏ်းချုပ်က အေးစက်စက် ပြန်လည် ချေပလိုက်သည်။

“ရှင်းပြစရာ ဘာရှိလို့လဲ”

ကျိုးတုန်းမင်က ခပ်အေးအေးပင် ပြန်ပြောလိုက်၏။

“မင်းတို့ လူအင်အား အများကြီးနဲ့ လာတာကတော့ ကြည့်ရတာ အားရစရာကြီးပေါ့။ ဒါပေမဲ့ ထျန်းချူမြို့ကို တိုက်ခိုက်ဖို့အတွက် ဆိုရင်တော့ အချိန်ရွေးတာ မှားသွားပြီ။ တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဒီနေ့ဟာ ထျန်းချူမြို့ရဲ့ သူရဲကောင်းအင်အား အတောင့်တင်းဆုံး အချိန်ပဲလေ”

“ထျန်းချူ ဓားသိုင်း နှီးနှောပွဲက စတော့မှာဆိုတော့ တုန်းချန်နယ်မြေက သိုင်းပညာရှင်တွေ အကုန်လုံး ဒီမြို့ထဲမှာ စုနေကြတာ။ မင်းတို့ဘက်က တစ်ချက်လေး မှားသွားတာနဲ့တင်၊ ဒီထဲကလူတွေ တစ်ယောက်တစ်ပေါက် တိုက်ခိုက်လိုက်ရင်တောင် မင်းတို့ အားလုံး သေသွားနိုင်တယ်”

“မှန်တာပေါ့..”

ထိုစဉ်၊ လော့ချန်ရှင်းကလည်း ချက်ချင်းပင် ထောက်ခံလိုက်သည်။

သူသည် လူအုပ်ကြီးဖြင့် ပြည့်နှက်နေသော ထျန်းချူမြို့ကြီးကို ကြည့်ရင်း ပြုံးလိုက်၏။

“ခင်ဗျားတို့ ဘာကြောင့် လာသလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့၊ လက်နက်တွေနဲ့ ရမ်းကားဖို့ လာတာဆိုရင်တော့ ဒီနေ့ဟာ အဆိုးဆုံးနေ့ ဖြစ်သွားလိမ့်မယ်”

မြို့အတွင်းရှိ အခြေအနေမှာ တင်းမာနေသော်လည်း၊ အကယ်၍ မိစ္ဆာဂိုဏ်းသာ ကျူးကျော်လာမည်ဆိုပါက မြို့ထဲရှိ သိုင်းသမားအားလုံးမှာ တညီတညွတ်တည်း ပေါင်းစည်းကာ ပြန်လည် တိုက်ခိုက်ကြမည်မှာ အမှန်ပင် ဖြစ်၏။

“ဟားဟားဟား....”

ယူချွမ်ဂိုဏ်းချုပ်သည် ခေတ္တမျှ ရယ်လိုက်ပြီးနောက် ချီးကျူးလိုက်သည်။

“ကျိုးတုန်းမင်... မင်းကတော့ တကယ့်ကို ပါးနပ်တဲ့ မြေခွေးအိုကြီးပဲ”

ထိုစကားကို ကြားမှပင် မြို့ရိုးပေါ်ရှိ လူတိုင်းမှာ သက်ပြင်းချနိုင်တော့၏။

ယူချွမ်ဂိုဏ်းချုပ်သည်ပင် ထျန်းချူမြို့ထဲရှိ သိုင်းလောကသားများ၏ အင်အားကို လျစ်လျူရှု၍ မရနိုင်ကြောင်း ဝန်ခံလိုက်ခြင်း ပင်တည်း။

“ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်တော့ ဂိုဏ်းချုပ်ကြီး အနေနဲ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပါဦး”

“ဘာမှ မဟုတ်ပါဘူး... ဓားသိုင်း နှီးနှောပွဲ လာကြည့်တာပါ”

ယူချွမ်ဂိုဏ်းချုပ်က ခပ်အေးအေးပင် ဆိုလိုက်၏။

“ဒီနေ့ ဓားသိုင်းပြိုင်မယ့်သူက အနောက်တောင်ဘက် ယွီလျိုအိမ်တော်က လျူဆွေ့ဖုန်း လို့ ကြားတယ်။ သူက ငါနဲ့ ရင်းနှီးတဲ့ ‘သွေးပင်လယ်’ ဌာနခွဲရဲ့ ခေါင်းဆောင်ကို သတ်ခဲ့တဲ့သူ မဟုတ်လား။ အခု သူ ငါ့နယ်မြေထဲ ရောက်နေမှတော့ ဧည့်ဝတ်ကျေကျေနဲ့ လာကြည့်ရတာပေါ့”

“ခင်ဗျားက မြို့ထဲဝင်ပြီး ဓားသိုင်း နှီးနှောပွဲ ကြည့်ချင်တယ် ဟုတ်လား”

လော့ချန်ရှင်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားရသည်။

“ဘာဖြစ်လို့ မရရမှာလဲ”

ယူချွမ်ဂိုဏ်းချုပ်က ဂိုဏ်းကြီး (၇) ဂိုဏ်းမှ ခေါင်းဆောင်များကို တစ်ဦးချင်း လိုက်ကြည့်ရင်း ခပ်ထေ့ထေ့ ဆိုလိုက်သည်။

ထိုစဉ်မှာပင် ကလေးဆန်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“ခင်ဗျား တကယ် ရဲသလား”

“...”

ယူချွမ်ဂိုဏ်းချုပ်၏ ဘေးပတ်လည်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဆူပွက်သွားတော့သည်။ သူသည် သံသယများဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။

“ဘယ်သူ ပြောတာလဲ”

ပြောလိုက်သူမှာ ကျင့်ချန်းကျောင်းတော်မှ ရဟန်းငယ်လေး ရွှမ်ကျန်းပင်။ သို့သော် သူ၏ အရပ်က သေးလွန်းသဖြင့် မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေသော်လည်း ယူချွမ်ဂိုဏ်းချုပ်မှာ သူ့ကို မမြင်ရချေ။

မြို့ရိုးပေါ်မှ ထွက်ပေါ်နေသော တုတ်တစ်ချောင်း၏ အစွန်းပိုင်းကိုသာ မြင်နေရခြင်း ဖြစ်၏။

ရွှမ်ကျန်းက မြို့ရိုးပေါ်မှနေ၍ ထပ်မံ မေးလိုက်ပြန်သည်။

“ခင်ဗျား တကယ် လုပ်ရဲသလားလို့”

“...”

ယူချွမ်ဂိုဏ်းချုပ်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချလိုက်၏။

“တုန်းချန်က ဂိုဏ်းတွေလည်း တကယ့်ကို သနားဖို့ ကောင်းရှာပါတယ်။ ငါတို့ သတ်ခဲ့တဲ့လူတွေ များလွန်းလို့ အခုတော့ သိုင်းပညာတောင် မစုံသေးတဲ့ ကလေးတွေကိုပါ ထည့်သုံးနေရပြီလား။ တကယ့်ကို ဝမ်းနည်းစရာပဲ”

ထိုစကားကို ကြားသောအခါ ရွှမ်ကျန်းက လက်ညှိုးထိုးကာ ပြန်ပြောလိုက်သည်။

“စကားတွေ အများကြီး မပြောနဲ့...ကျုပ် မေးတာကိုပဲ ဖြေ။ ခင်ဗျား.. ဝင်ရဲသလား”

“...ငါ မလုပ်ရဲစရာ ဘာရှိလို့လဲ”

ယူချွမ်ဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ အနောက်တွင် သွေးပင်လယ်ကြီး တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါမှ ရွှမ်ကျန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒါဆိုလည်း ဝင်လာခဲ့ပေါ့”

သူသည် ပြောပြောဆိုဆိုဖြင့် သူ၏ ‘ချီမေတုတ်’ ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အကယ်၍ ယူချွမ်ဂိုဏ်းချုပ်သာ မြို့ရိုးပေါ်သို့ ခုန်တက်လာလျှင် သူ၏ ခေါင်းကို တုတ်နှင့် ရိုက်ရန် အသင့်ပြင်ထားခြင်း ပင်တည်း။

“ရွှမ်ကျန်း... ရပ်လိုက်စမ်း”

ကျိုးတုန်းမင်က သက်ပြင်းချရင်း တားမြစ်လိုက်သည်။

“ယူချွမ်ဂိုဏ်းချုပ်က ဓားသိုင်း နှီးနှောပွဲ ကြည့်ချင်တယ်ဆိုမှတော့ ပေးကြည့်လိုက်ပါလေ”

“ဟက်... ငါ့သဘောအတိုင်း မဟုတ်ရင် မင်းတို့က တားနိုင်လို့လား”

ယူချွမ်ဂိုဏ်းချုပ်သည် စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာ သွေးပင်လယ်ကြီး တစ်ခုအလား လွင့်ပျံသွားပြီး မျက်တောင်တစ်ခတ်အတွင်း မြို့ရိုးပေါ်သို့ ရောက်ရှိသွားလေတော့သည်။ တုန်းချန်ဂိုဏ်းမှ ခေါင်းဆောင်များကို ကျော်ဖြတ်ကာ မူယွမ်စင်မြင့် ရှိရာဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားတော့၏။

“လိုက်ကြဟေ့..”

လူတိုင်းမှာ အချိန်မဆွဲတော့ဘဲ ယူချွမ်ဂိုဏ်းချုပ်၏ နောက်သို့ အပြေးအလွှား လိုက်ပါသွားကြသည်။ မကြာမီမှာပင် သူတို့အားလုံး မူယွမ်စင်မြင့်သို့ ရောက်ရှိသွားကြ၏။ စင်မြင့်ထက်တွင်မူ ဝမ်ချန်ရှင်းက သူ၏ ဓားကို ဆုပ်ကိုင်ကာ အသင့်စောင့်ဆိုင်းနေသည်။

စင်မြင့်၏ ဘေးတစ်ဖက်တွင်မူ လူအချို့ ရှိနေကြ၏။ ထိုအထဲတွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦးမှာ နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း အရိပ်တစ်ခုအလား ထူးဆန်းစွာ တည်ရှိနေ၏။

ထိုသူကို မြင်လိုက်ရသောအခါ ယူချွမ်ဂိုဏ်းချုပ်က အားရပါးရ ရယ်မောလိုက်လေတော့သည်။

“ဟဲဟဲဟဲ… ငါကလည်း မင်းကို မြို့ပြင်မှာ မတွေ့လို့ ဘယ်ရောက်နေလဲလို့ အောက်မေ့နေတာ။ တကယ်တော့ မင်းက ဒီကို ကြိုရောက်နေတာကိုး..”

--

All Chapters