← Chapters

အခန်း ၅၀၉

Vol. 34 Ch. 509

အခန်း ၅၀၉

Vol. 34 Ch. 509

အခန်း (၅၀၉) မျက်နှာ (အပိုင်း ၂)

ယူချွမ်ဂိုဏ်းချုပ်သည် အရှေ့ဘက်မှ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ချီမေတောအုပ်ကို မလွဲမသွေ ဖြတ်သန်းခဲ့ရပေမည်။ သို့သော် သူသည် မိမိ၏ လက်ရုံးဖြစ်သော ကျွမ်းကျင်သူများကို အဘယ်ကြောင့် ခေါ်ဆောင်မလာခဲ့သနည်း။ ကျိုးတုန်းမင်က စူးစမ်းလိုက်၏။

“ဟင်... သူတို့ကို ခေါ်လာရမယ် ဟုတ်လား။ ခေါ်လာပြီး ချီမေတောအုပ်ထဲမှာ မင်းတို့ ချုံခိုတိုက်ဖို့ အခွင့်အရေး ပေးရမှာလား”

'သောက်ကျိုးနည်း... ဒီအဘိုးကြီးက ငါ့ကို လာစမ်းနေတာပဲ။ ငါ့သိုင်းပညာနဲ့ဆိုရင်တော့ တစ်ယောက်တည်း ကြွချင်သလိုကြွ၊ သွားချင်သလိုသွားလို့ ရတာပေါ့။ ဒါပေမဲ့ ငါ့တပည့်တွေကိုပါ ခေါ်လာလို့ တစ်ခုခုဖြစ်ရင် ငါ့ယူချွမ်ဂိုဏ်းမှာ ဘယ်သူကျန်တော့မှာလဲ။ အနောက်တောင်ဘက်မှာတင် သွေးပင်လယ်ဂိုဏ်းချုပ်နဲ့ ခေါင်းဆောင် (၃) ယောက် အသက်ပျောက်ခဲ့ရတာ ငါ့မှာ အခုထိ ရင်နာလို့ မဆုံးသေးဘူး။'

အမှန်စင်စစ် ယူချွမ်ဂိုဏ်းချုပ်သည် ညသခင်၏ ဖိတ်ခေါ်မှုသာ မရှိလျှင် ထျန်းချူမြို့သို့ ကိုယ်တိုင်လာရောက်၍ အစွမ်းပြရန် အစီအစဉ် မရှိချေ။

‘မိမိ၏ ဂုဏ်သိက္ခာကို အညှိုးနွမ်းမခံပါနှင့်’ ဟူသော ညသခင်၏ စကားတစ်ခွန်းက သူ့အား ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းပါ။

'ညသခင်တောင် သွားကြည့်မယ်ဆိုတဲ့ ထျန်းချူဓားသိုင်း နှီးနှောပွဲကို ငါက ကြောက်လို့ မလာရဲဘူးဆိုရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ။ အဲဒါကြောင့်သာ ချီမေတောအုပ်ကို ဖြတ်တုန်းက အလံ သုံးခု အမိန့်က လူတွေကိုတောင် မျက်နှာချင်းမဆိုင်ဘဲ ခပ်သုတ်သုတ် ပြေးလာခဲ့ရတာ။ အဲဒီထဲက တစ်ယောက်ယောက်သာ လိုက်မယ်ဆိုရင် ငါ့မှာ ငြင်းရခက်ဦးမယ်လေ။'

“နှမြောစရာပါပဲ”

ကျိုးတုန်းမင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

ယူချွမ်ဂိုဏ်းချုပ်သည် မျက်နှာဖုံးအောက်မှနေ၍ ကျိုးတုန်းမင်အား ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ညသခင်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။

“ကြည့်စမ်း... ဒီတုန်းချန်က ဂိုဏ်းတွေဆိုတာ တကယ့်ကို ပါးနပ်တဲ့လူတွေချည်းပဲ။ တစ်ချက်လေး ပေါ့ဆလိုက်တာနဲ့ သူတို့က အကွက်ချောင်းတော့တာပဲ။ ညသခင်... ခင်ဗျားရဲ့ ထာဝရညတောင်ကြားကလည်း လူသူကင်းမဲ့လှတာဆိုတော့ သတိထားဦးနော်”

“ရပါတယ်။ အကယ်၍ သူတို့ကသာ ထာဝရညတောင်ကြားကို လာချင်တယ်ဆိုရင်တော့ ကျုပ်က တောင်တံခါးကို အကျယ်ကြီး ဖွင့်ပေးထားမှာပါ”

“ဖွင့်ပေးပြီးတော့ ခင်ဗျားရဲ့ အရိပ်မျှော်စင်ထဲမှာ အဖိုးတန် စုဆောင်းပစ္စည်းတွေအဖြစ် ထည့်ထားမလို့လား”

ယူချွမ်ဂိုဏ်းချုပ်က ရယ်လျက် ပြောဆိုလိုက်သော်လည်း ညသခင်ကမူ ဘာမှ ထပ်မဆိုတော့ဘဲ ဝမ်ချန်ရှင်းထံသို့သာ အကြည့်လွှဲလိုက်သည်။

စင်မြင့်ပေါ်တွင် ရှိနေသော ဝမ်ချန်ရှင်းမှာမူ ဓားကို ပိုက်လျက် လောကကြီးကို မေ့လျော့နေသည့်အလား ငြိမ်သက်နေ၏။ သို့သော် သူ၏ အတွင်းစိတ်မှာမူ လှိုင်းတံပိုးများပမာ ဆူပွက်နေချေပြီ။

'သွားပြီ... ငါတော့ သွားပြီ။ မနေ့ညက ဆုမို အပြင်ထွက်သွားပြီးကတည်းက ‘ကောင်းကင်စမ်းရေ ဓား ဆယ့်နှစ် လက်’ ထဲက တစ်ယောက်မှ ပြန်မလာတော့ဘူး။ မြို့ပြင်မှာ ချောင်းနေတဲ့ ‘သရဲငါးပါး ကောင်းကင်ပိုက်ကွန်’ ကလည်း သတင်းအစအနတောင် မကြားရတော့ဘူး။ ငါကတော့ သူတို့ကို စတေးဖို့ ပြင်ထားတာ မှန်ပေမဲ့ အခုလို အစပျောက်သွားတာကတော့ တကယ့်ကို ရင်ထိတ်စရာပဲ။ အဆိုးဆုံးက ဝမ်ချန်ရှင်း အစစ်ကော သေပြီလား၊ ရှင်နေသေးလား ဆိုတာပဲ။ ဒီအချက်ကို မသိရသရွေ့တော့ ငါ့ဇာတ်လမ်းက အဆုံးသတ်လှမှာ မဟုတ်ဘူး။'

သူသည် မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး အသက်ရှူသံကို မှန်အောင် ထိန်းထားသည်။ စိတ်ထဲမှ အတွေးများကို စနစ်တကျ ပြန်လည် စုစည်းပြီးနောက်မှသာ သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်သွားတော့၏။ သူသည် လျူဆွေ့ဖုန်း ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေပေတော့သည်။

'လျူဆွေ့ဖုန်းကတော့ ဓားသမားကောင်း တစ်ယောက်ပဲ။ အစောပိုင်းတုန်းက ငါတို့ဘက်က အားအနည်းဆုံး ဓားသမားတစ်ယောက်ကို လွှတ်ပြီး သူ့ကို စမ်းခဲ့ဖူးတယ်။ အဲဒီတုန်းက သူ မြင်ခဲ့တဲ့ ဝမ်ချန်ရှင်းရဲ့ ခွန်အားက အတုအယောင်ဆိုတာကို သူ သိသွားမှာ မဟုတ်ဘူး။ အခု တကယ့်ပွဲကျရင်တော့ ငါ သူ့ကို အံ့ဩသွားအောင် လုပ်ပြရတာပေါ့။ ဇီယန်ဂိုဏ်းက လူတွေ ပြောတဲ့ သတင်းတွေကတော့ ချဲ့ကားထားတာတွေ ပါမှာပါ။ ဓားက ငါ့လက်ထဲမှာ ရှိနေသရွေ့တော့ ငါ ဘာမှ မကြောက်ဘူး။'

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေသည်။

ညသခင်မှာမူ ဝိညာဉ်အရိပ်တစ်ခုအလား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး၊ ယူချွမ်ဂိုဏ်းချုပ်ကမူ ပျင်းရိငြီးငွေ့နေသည့်အလား ဟိုရွှေ့ဒီရွှေ့ လုပ်နေသည်။ သူသည် ရံဖန်ရံခါတွင် တုန်းချန်ဂိုဏ်းမှ ကျွမ်းကျင်သူများကို လှောင်ပြုံး ပြုံးပြတတ်၏။

'ကြည့်စမ်း... ဒီရဟန်းငယ်လေးကတော့ တကယ်ကို လူနပ်လေးပဲ။ ကြောက်ရွံ့နေတဲ့ ပုံစံရှိပေမဲ့ မျက်လုံးတွေကတော့ ကလယ်ကလယ်နဲ့၊ ငါ့ကို ကြည့်ပြီး ပြုံးပြနေသေးတယ်။ တစ်ခုခုတော့ ယုတ်မာဖို့ ကြံနေတာ သေချာတယ်။'

လော့ချန်ရှင်းသည် အခြေအနေအားလုံးကို သတိကြီးစွာ စောင့်ကြည့်နေပြီး မြို့အတွင်း ငြိမ်းချမ်းပါစေရန် စိတ်ထဲမှ ဆုတောင်းနေမိသည်။ ရွှမ်ယွမ်ရှောင်ရှမ်းမှာမူ ညသခင်အား စူးစမ်းလိုစိတ်၊ သတိထားစိတ်တို့ဖြင့် ရောပြွမ်းလျက် ကြည့်နေသည်။

သူမအနေဖြင့် ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပါပင်။

'ဒီအဘိုးကြီးကတော့ တကယ့်ကို အရှိန်အဝါ ကြီးမားတာပဲ။ သူ့အကြောင်းကို ငါ ပိုပြီး သိအောင် လုပ်ရမယ်။ ရန်သူကို သတ်ချင်ရင် သူ့အကြောင်းကို သူကိုယ်တိုင်ထက် ပိုသိနေမှ ရမှာလေ။ အဲဒီကျမှ သူ့အသက်က ငါ့လက်ခုပ်ထဲက ရေလို ဖြစ်မှာပေါ့။'

ထိုနေရာတွင် ရှိနေသူများအနက် ကျိုးတုန်းမင်မှာမူ အေးအေးဆေးဆေး အရှိဆုံး ဖြစ်နေ၏။

သူသည် ဘယ်နေရာက နှိုက်ထုတ်လိုက်သည် မသိသော နေကြာစေ့ လက်တစ်ဆုပ်ကို ဝါးရင်း၊ ဘေးနားရှိ လူများကိုပင် လိုက်လံ ဝေငှနေလေတော့၏။

--

All Chapters