အခန်း ၇၁၁
Vol. 48 Ch. 711
အခန်း (၇၁၁) - အခွင့်အရေးကို ကံကောင်းထောက်မစွာ ရရှိခြင်းနှင့် မိစ္ဆာမျှော်စင်မှ လွတ်မြောက်ခြင်း
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ အနည်းငယ် မှင်သက်သွား၏။
“ဒီနှင်းကြာပန်းက... ယင်ယန်သစ်သီးထက် မနိမ့်ကျလောက်ဘူးနော်...”
လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
မူလဝိဉာဉ်နယ်ပယ်မှ ဝိညာဉ်ခွဲထွက်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ရာတွင် အထောက်အကူပြုနိုင်သည့် သဘာဝရတနာများ အရိုင်းနယ်မြေ၌ အမြောက်အမြားရှိကြောင်း တာအိုဆရာ ထျန်းယွီထံမှ စုယွီ ကြားဖူးထား၏။
ပထမတစ်ခုက ဝိညာဉ်မဲ့ မြေရိုင်းပြင်တွင် တွေ့ရတတ်သော နတ်ဘုရား သလင်းကျောက်။
ဒုတိယတစ်ခုက လျှို့ဝှက်ဆန်းကြယ်လှသော ဝိညာဉ်ခွဲထွက်ရေစင်။
တတိယတစ်ခုက ကြီးမြတ်လှသော ယင်ယန်တာအိုသစ်သီး။
စတုတ္ထတစ်ခုကား ယနေ့ထက်တိုင် တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာတွင် ရှာမတွေ့သေးသည့် အထွတ်အမြတ် ဝိညာဉ်ကျောက်တုံးတို့ ဖြစ်ကြသည်။
ဤနှင်းကြာပန်းသည် အဖိုးတန်ယင်ယန်သစ်သီးနှင့် အဆင့်အတန်း တူညီကြောင်း ကြားလိုက်ရသဖြင့် စုယွီ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့၏။ ထို့နောက် လွန်စွာဝမ်းသာသွားကာ...
“ဒါဆို... ဒီနှင်းကြာပန်းက ကျွန်တော့်ဆရာ ဝိညာဉ်ခွဲထွက်နယ်ပယ်ကို အဆင့်ချိုးဖြတ်ဖို့ ကူညီပေးနိုင်တယ်ပေါ့...”
သူက ဝမ်းသာအားရဖြင့် မေးလိုက်၏။
ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးနှစ်ပါး မျက်မှောင်အနည်းငယ် ကုတ်သွားကြသော်လည်း ချက်ချင်းပင် မျက်နှာပြန်လည်ပြေလျော့သွား၏။ စကားတစ်ခွန်းမျှ မဟတော့ဘဲ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
စုယွီ၏ မေးခွန်းက သူ၏ဆရာ တာအိုဆရာ ထျန်းယွီအား ဝိညာဉ်ခွဲထွက်နယ်ပယ်သို့ ချိုးဖြတ်နိုင်ရန် ဤနှင်းကြာပန်းကို ပေးအပ်လိုကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ တာအိုဆရာ ထျန်းယွီ၏ တပည့်တစ်ဦးအနေဖြင့် ဤသို့ ပြုလုပ်ခြင်းမှာ လုံးဝ တရားမျှတမှု ရှိလှသည်။
ထိုဘိုးဘေးနှစ်ပါးတွင်လည်း ဤကဲ့သို့သော ရတနာများ လိုအပ်နေသည့် တပည့်များနှင့် ရင်းနှီးသော သက်ကြီးဝါရင့်များ ရှိနေကြသော်ငြား စုယွီ၏ ပါရမီကို ထောက်ထားကာ ဤရတနာကို ရှာဖွေတွေ့ရှိရာတွင် သူ၏ စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုထားကြ၏။
အဆုံးတွင်တော့ ဘိုးဘေးနှစ်ပါးသည် တိတ်ဆိတ်စွာနေရန်သာ ရွေးချယ်ခဲ့ကြပြီး စုယွီ၏ ဆရာအတွက် ဤရတနာကို ရယူခွင့် ပြုလိုက်ကြတော့သည်။ စုယွီသည် ဤအခွင့်အရေးကို ရထိုက်သူ အမှန်ပင် ဖြစ်၏။
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့သည် ဘိုးဘေးနှစ်ပါး၏ တိတ်ဆိတ်မှုကို သတိပြုမိသွား၏။ မည်သူကမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
“ဖြစ်နိုင်ခြေ အရမ်းများတယ်... ဒါပေမဲ့ ဒီလို သဘာဝရတနာမျိုးကို အရင်က မမြင်ဖူးတော့ တကယ် အကျိုးသက်ရောက်မှု ရှိမရှိ ဆိုတာကတော့ မသေချာသေးဘူး...”
သေချာစွာ ရှင်းပြလိုက်၏။
နှင်းကြာပန်း၏ အနေအထားကို ကြည့်ရသည်မှာ ယခုမှ အသီးအပွင့်များ ရင့်မှည့်လာသည့် အချိန်ကာလသို့ ရောက်ရှိနေပုံပေါ်၏။ နှင်းဝက်ဝံများပင် စားသုံးရန် အချိန်မရလိုက်ခြင်းက လျှို့ဝှက်ဆန်းကြယ်လှသော ကံကြမ္မာ၏ အခွင့်အလမ်းကို ဖော်ပြနေသည်။
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ ရှေ့သို့ တိုးသွား၏။ နှင်းကြာပန်းကို ဂရုတစိုက် ခူးယူလိုက်ပြီး ပဉ္စမအဆင့် ဝိညာဉ်ကျောက်စိမ်းသေတ္တာထဲသို့ ထည့်ကာ သေချာစွာ ချိတ်ပိတ်လိုက်သည်။ ထို့နောက် ၎င်းကို သူ၏ လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်တော့၏။ ထိုအခါမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့ပြီး သ၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်နေသော အမူအရာများ ပေါ်လွင်လာတော့သည်။
ဤနှင်းကြာပန်းကို ရရှိလိုက်ခြင်းက သူတို့၏ အရိုင်းနယ်မြေ ခရီးစဉ်ကို အချည်းနှီး မဖြစ်စေတော့ပေ။
“ဆက်ရှာကြည့်ရအောင်... ဒီနေရာက သိပ်ကို ကျယ်ဝန်းတာဆိုတော့ တခြား ရစရာတွေ ရှိကောင်း ရှိနိုင်သေးတယ်...”
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ မျှော်လင့်တကြီးဖြင့် တိုက်တွန်းလိုက်၏။
ထို့နောက်... စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့နှင့် စုယွီ အပါအဝင် အခြားနှစ်ဦးတို့သည် ကျယ်ပြောလှသော ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေ အတွင်းရှိ အခြားဦးတည်ရာ တစ်ခုသို့ ဆက်လက်၍ ရှာဖွေမှု ပြုလုပ်ကြသည်။ သူတို့သည် ဤနေရာတွင် လူသားမျိုးနွယ်၏ အရိပ်အယောင်များကို ယခုတိုင် မတွေ့ရသေးချေ။
ယင်းအစား မိစ္ဆာသားရဲများ ဖြစ်ကြသည့် နှင်းဝက်ဝံ အုပ်စုများကိုသာ နေရာအနှံ့တွင် တွေ့နေရ၏။ သူတို့သည် ဉာဏ်ရည် အချို့ ပိုင်ဆိုင်ထားပုံရပြီး ကောင်းကျိုးကို ရှာဖွေကာ ဘေးအန္တရာယ်ကို မည်သို့ ရှောင်ရှားရမည်ကို သိရှိနေကြသည်။ စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ ဦးဆောင်သော အင်မော်တယ် တပ်မတော်၏ စွမ်းအားကို မြင်တွေ့ရသောအခါ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် နှင်းဝက်ဝံ အားလုံးက ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန်သာ ရွေးချယ်ခဲ့ကြသည်။
ဤသို့ဖြင့် ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေ အတွင်း၌ နှစ်ဝက်နီးပါးခန့် ရှာဖွေပြီးနောက် စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ ဦးဆောင်သော လေးဦးပါ အဖွဲ့သည် သဘာဝရတနာ စုစုပေါင်း ဆယ်ခုကျော်ခန့်ကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ၎င်းတို့ အထဲတွင် နှင်းကြာပန်းနှင့် ယှဉ်နိုင်သော နတ်ဘုရား ရတနာ သုံးခုပင် ပါဝင်နေပေ၏။
ကျန်ရှိနေသော ရတနာများမှာမူ သာမန် ရတနာ အဆင့်သာ ရှိကြပြီး ၎င်းတို့ အထဲတွင် ဝိညာဉ် သတ္တုကျောက်တုံးများ၊ ရေခဲဝိညာဉ် အရည်များနှင့် အခြားသော အဖိုးတန် ပစ္စည်းများ ပါဝင်သည်။
ထိုနေရာကို အကြမ်းဖျင်း ရှာဖွေပြီးနောက် စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့က သူတို့၏ ရှာဖွေမှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်၏။ တာအိုမျှော်စင်ကို လုယူပြီးနောက်မှသာ သဘာဝ အခင်းအကျင်းများ ရှိနေသည့် ထူးဆန်းသော နေရာများသို့ ပြန်လည် လာရောက်ရန် ရည်ရွယ်ထားသည်။
“အစ်ကိုကြီး... ကျွန်တော်တို့ ဂိုဏ်းက ဒီလျှို့ဝှက်နယ်မြေထဲမှာ ရှိတဲ့ နှင်းဝက်ဝံ အားလုံးကို ယဉ်ပါးအောင် ထိန်းကျောင်းပြီး ကျွန်တော်တို့ရဲ့ အင်မော်တယ် တပ်မတော် အတွက် စီးတော်ယာဉ်တွေ အဖြစ် အသုံးပြုရင် ဘယ်လိုနေမလဲ...”
ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေ အတွင်းမှ ထွက်ခွာပြီးနောက် စုယွီက ရုတ်တရက် အကြံပေးလိုက်၏။
ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေကြီးသည် သောင်းနှင့်ချီသော သို့မဟုတ် သိန်းနှင့်ချီသော နှင်းဝက်ဝံများ၏ နေရပ် ဖြစ်သည်။ သူတို့၏ စွမ်းအားများမှာ မအားနည်းလှဘဲ အထူးသဖြင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များမှာ ပို၍ပင် သန်မာလှ၏။ ဤမျှ အေးခဲသော နေရာတွင် နေထိုင်ကြရသဖြင့် သူတို့၏ ခန္ဓာကိုယ်များသည် အေးခဲခြင်း စွမ်းအားများကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိကြသည်။ ထို့အပြင် သူတို့ ကိုယ်တိုင်ကလည်း ရေခဲ စွမ်းအားများကို ပိုင်ဆိုင်ထားကြသေး၏။
အကယ်၍ နှင်းဝက်ဝံများ၏ အကူအညီကိုသာ ရရှိမည်ဆိုပါက အင်မော်တယ် တပ်မတော်၏ စွမ်းအားသည် အမြင့်ဆုံး အဆင့်သစ် တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။ အကယ်၍ အခြား ဂိုဏ်းများ၏ တပ်မတော်များက ရှေ့သို့ ပြေးဝင်လာမည် ဆိုပါက နှင်းဝက်ဝံများက သူတို့ကို အရင်ဆုံး အေးခဲသွားစေနိုင်ပြီး အေးခဲအောင် မလုပ်နိုင်လျှင်တောင်မှ သူတို့၏ ခန္ဓာကိုယ်များကို တောင့်တင်းသွားစေရန်၊ တွေးခေါ်မှုနှင့် တုံ့ပြန်မှုများကို နှေးကွေးသွားစေရန် ရေခဲ စွမ်းအားက လုံလောက်နေပြီ ဖြစ်သဖြင့် ရန်သူများ၏ စွမ်းအားကို သိသိသာသာ အားနည်းသွားစေမည် ဖြစ်သည်။
မြေကမ္ဘာ အင်မော်တယ် တပ်မတော် ပြေးဝင်သွားသည့် အခါ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော ကောင်းကင် အင်မော်တယ် နန်းတော်၏ တပ်မတော်ကြီးပင်လျှင် အရေးနိမ့်သွားနိုင်သည်။
ဂိုဏ်းအတွက် ဤနှင်းဝက်ဝံများကို ယဉ်ပါးအောင် ထိန်းကျောင်းရန်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။
“အင်း၊ ငါတို့ စမ်းကြည့်လို့ ရပါတယ်လေ...”
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့က ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။
ဤသည်ကား ဘေးထွက် စကားသာ ဖြစ်၏။ ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လောလောဆယ် ဘေးဖယ်ထားလိုက်ကာ စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့နှင့် ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးနှစ်ပါးတို့သည် မှော်ရတနာ စံအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြသည်။ ထို့နောက် ဟင်းလင်းပြင် တာအို စွမ်းအားကို ထပ်မံ ထိန်းချုပ်ထားသော တာအို ရုပ်သေး၏ အကူအညီဖြင့် သူတို့သည် တာအိုမျှော်စင် ရှိရာသို့ တစ်ဖန် ပြေးထွက်သွားကြလေတော့သည်။
ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေ အတွင်းမှ ရတနာများကို ရရှိခဲ့ပြီးနောက် စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ အပြင် စုယွီနှင့် ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးနှစ်ပါးတို့ အားလုံးသည် လွန်စွာ ကျေနပ်နေကြသည်။
ဤတစ်ကြိမ်တွင် တာအိုမျှော်စင်၏ ရှေးဟောင်း လျှို့ဝှက်နယ်မြေမှ မည်သည့်အရာကိုမျှ မရရှိခဲ့လျှင်တောင်မှ သူတို့၏ မြေကမ္ဘာ အင်မော်တယ် နန်းတော်သည် ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေမှ ရရှိခဲ့သော အခွင့်အရေးများကို အသုံးချကာ အခြေခံ အင်အားကို မြှင့်တင်နိုင်ဆဲပင် ဖြစ်၏။
ဝိညာဉ်ခွဲထွက်နယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ရန် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်သည့် သဘာဝ ရတနာ သုံးခုကို သူတို့ ပိုင်ဆိုင်ထားပြီ ဖြစ်သည်... အနည်းဆုံးတော့ တစ်ခုလောက် အလုပ်ဖြစ်သင့်သည် မဟုတ်ပါလား။
ဝိညာဉ်ခွဲထွက်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ထပ်မံ ထွက်ပေါ်လာခြင်းကပင် သူတို့၏ အင်မော်တယ် နန်းတော် အဆင့်အတန်းကို မြှင့်တင်ရန် လုံလောက်လှသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ အပါအဝင် သူတို့၏ အင်မော်တယ် နန်းတော်၌ ဝိညာဉ်ခွဲထွက်နယ်ပယ် ကျွမ်းကျင်သူ ရှစ်ဦးသာ ရှိသေးသည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ခေါင်းဆောင် ဖြစ်သော ကောင်းကင် အင်မော်တယ် နန်းတော်တွင်တော့ ပိုမို များပြားစွာ ရှိနေပြီး ဆယ်ဦးထက်မက ရှိနေသည်။
တာအို ရုပ်သေးနှင့် စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့ တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေကြောင့် အချိန် တစ်နှစ်နီးပါး အဟောသိကံ ဖြစ်သွားခဲ့သော်လည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ ကောင်းကင် အင်မော်တယ် နန်းတော်၊ ယွီလုံ နန်းတော်နှင့် လီဟော့ ခန်းမဆောင် တို့သည်လည်း သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေးများကို စေလွှတ်လိုက်ကြပြီ ဖြစ်၏။ ဝိညာဉ်ခွဲထွက်နယ်ပယ် ကျွမ်းကျင်သူများနှင့် အတူ ခရီးနှင်လာခဲ့ကြရာ တစ်နှစ်ကျော်ကြာ ခရီးသွားပြီးနောက် သူတို့၏ တပ်မတော် အချို့နှင့်အတူ တာအိုမျှော်စင် ရှိရာ နေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာကြလေတော့သည်။
ယွဲ့ အင်မော်တယ် စံအိမ်၏ မိစ္ဆာနှိမ်နင်းရေး ရှေးဟောင်း နယ်မြေနှင့် မိုင်တစ်ရာကျော် ဝေးကွာသော နေရာ တစ်ခုတွင် ကောင်းကင် အင်မော်တယ် နန်းတော်သည် ကာကွယ်ရေး အခင်းအကျင်း တစ်ခုကို တည်ဆောက်ထားခဲ့၏။ တာ့ချန်မှ ယွီလုံ နန်းတော်နှင့် လီဟော့ ခန်းမဆောင် ကဲ့သို့သော ဂိုဏ်းများကို နေရာချပေးကာ လက်ရှိ အခြေအနေကို ဆွေးနွေး တိုင်ပင်ရန် အစည်းအဝေး တစ်ခု ခေါ်ယူလိုက်ကြလေတော့သည်။