အခန်း ၇၁၂
Vol. 48 Ch. 712
အခန်း (၇၁၂) - မမျှော်လင့်ဘဲ အခွင့်အရေး ရရှိခြင်း... မိစ္ဆာ မျှော်စင်မှ လွတ်မြောက်ခြင်း (အပိုင်း ၃)
ကောင်းကင် အင်မော်တယ် နန်းတော်သည် တာအို မျှော်စင်၏ သတင်းကို မြေကမ္ဘာ အင်မော်တယ် နန်းတော် အပါအဝင် အဆင့်မြင့် အင်မော်တယ် ဂိုဏ်းကြီး ကိုးဂိုဏ်းသို့ မျှဝေခဲ့သော်ငြား လက်ရှိတွင် ဤနေရာသို့ ရောက်ရှိလာသော အင်မော်တယ် ဂိုဏ်း အရေအတွက်မှာ ကောင်းကင် အင်မော်တယ် နန်းတော် အပါအဝင် ခြောက်ဂိုဏ်းသာ ရှိသေးသည်။
ကောင်းကင် အင်မော်တယ် နန်းတော်သည် ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်ကြီး လေးပါးကို ထပ်မံ ခေါ်ဆောင်လာခဲ့ပြီး ကျန် အင်မော်တယ် ဂိုဏ်းကြီး ငါးဂိုဏ်းကမူ တစ်ဂိုဏ်းလျှင် နှစ်ပါးစီ ခေါ်ဆောင်လာခဲ့ကြ၏။
ခိုင်ခံ့စွာ ဆောက်လုပ်ထားသော ကောင်းကင် အင်မော်တယ် နန်းတော် အတွင်း၌။
အရှင်သခင်ကြီး ယွမ်ရှုက အပေါ်ဆုံးတွင် ထိုင်နေပြီး ကျန် ကောင်းကင် အင်မော်တယ် နန်းတော်မှ အရှင်သခင်ကြီး လေးပါးမှာ သူ၏ ဘယ်ညာတွင် ထိုင်နေကြသည်။ အခြား အင်မော်တယ် ဂိုဏ်းကြီး ငါးဂိုဏ်းမှ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်ကြီး များသည် ခမ်းနားလှသော နန်းတော် အတွင်း၌ ကိုယ်စီ နေရာယူထားကြကာ မဟာမိတ် အဖွဲ့ ခြောက်ဖွဲ့ အဖြစ် ကွဲထွက်နေကြသည်။
“ကျုပ်တို့ရဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အပြင် တာအို မျှော်စင်ကို လိုချင် တပ်မက်နေကြတဲ့ အခြား ဒေသ ငါးခု ရှိသေးတယ်... လန်ကူ ကျင့်ကြံခြင်း ကမ္ဘာ... ကျန့်ယွမ် ကျင့်ကြံခြင်း ကမ္ဘာ နဲ့ တာ့ယန် အင်မော်တယ် အင်ပါယာ တို့ပဲ”
“အဲဒီအထဲမှာ တာ့ယန် အင်မော်တယ် အင်ပါယာက လူတွေဟာ ကျုပ်တို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ တာအို မျှော်စင် လုယူရေး တိုက်ပွဲ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုပဲ”
“ဒါပေါ့... တဖြည်းဖြည်း စုစည်း လာနေတဲ့ မိစ္ဆာ မျိုးနွယ်စု ရဲ့ အင်အားကိုလည်း လျှော့တွက်လို့ မရဘူး... အကယ်၍ အပျက်အစီး နယ်မြေ အတွင်းက တာအို မျှော်စင်ကို သိမ်းပိုက်ချင်တယ် ဆိုရင် ကျုပ်တို့ အင်မော်တယ် ဂိုဏ်း ခြောက်ဂိုဏ်း အနေနဲ့ ပူးပေါင်းပြီး မဟာမိတ် ဖွဲ့ဖို့ လိုအပ်တယ်”
ယွီလုံ နန်းတော်မှ ရိုးသားအေးချမ်းပုံရပြီး ချောမောသော ဝိညာဉ်ခွဲထွက် အဆင့် သက်ကြီး ဘိုးဘေး တစ်ပါးက မျက်မှောင်ကုတ်လိုက်၏။
ထို့နောက်...
“ပူးပေါင်းတာ... မဟာမိတ် ဖွဲ့တာတော့ ဟုတ်ပါပြီ... ဒါပေမဲ့ ကျုပ်တို့ တာအို မျှော်စင်ကို တကယ် သိမ်းပိုက်နိုင်ခဲ့ရင်... မျှော်စင်က တစ်ခုတည်း ရှိတာကို ဘယ်လို ခွဲဝေကြမလဲ”
အရှင်သခင်ကြီး ယွမ်ရှုက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“တာအို မျှော်စင်ကို ကျုပ်တို့ အားလုံး မျှဝေ သုံးစွဲရမှာပေါ့... အဲဒီအချိန်ကျရင် တာအို မျှော်စင်ကို သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့ အင်မော်တယ် ဂိုဏ်း တစ်ဂိုဏ်းချင်းစီရဲ့ ပါဝင် ကူညီမှု အပေါ် မူတည်ပြီး အချိန်ကို ခွဲဝေ သတ်မှတ်ကာ အလှည့်ကျ ထိန်းချုပ်ကြတာပေါ့”
အကြိတ်အနယ် ဆွေးနွေး ငြင်းခုံပြီးနောက် အင်မော်တယ် ဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် တာအို မျှော်စင် အတွက် မဟာမိတ် ဖွဲ့ရန် သဘောတူညီမှု တစ်ရပ်ကို ရရှိသွားခဲ့ကြသည်။
ထိုအချိန်တွင်..
လန်ကူ ကျင့်ကြံခြင်း ကမ္ဘာရှိ အဆင့်မြင့် အင်မော်တယ် ဂိုဏ်းကြီး သုံးဂိုဏ်းမှ စစ်ကူများ ရောက်ရှိလာခဲ့၏။ တစ်ချိန်တည်း၌ ကျန့်ယွမ် ကျင့်ကြံခြင်း ကမ္ဘာမှ ဓားတာအိုကို အဓိကထား ကျင့်ကြံသော အင်မော်တယ် ဂိုဏ်း အချို့လည်း စုဝေး ရောက်ရှိလာခဲ့ကြသည်။
တာ့ယန် အင်မော်တယ် အင်ပါယာမှာမူ အင်အား အကြီးမားဆုံးပင် ဖြစ်၏။ အနီရောင် ချပ်ဝတ် အင်္ကျီများကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှင့်နေသည့် စစ်သည် ငါးသောင်း ပါဝင်သော တပ်မတော်ကြီးကို ဦးဆောင်ကာ သူတို့၏ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်ကြီး ဆယ်ပါး ရောက်ရှိလာခဲ့သည်။
မိုင်ရာချီ ကွာဝေးနေလင့်ကစား တပ်မတော်ကြီး ထံမှ ထွက်ပေါ်လာသော ဖိနှိပ် ချုပ်ချယ်သည့် စွမ်းအားနှင့် ပြင်းထန်လွန်းလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်ကြီးများပင်လျှင် လျစ်လျူ မရှုနိုင်လောက်အောင် ခံစားနေကြရသည်။
အခြားသော ကျင့်ကြံခြင်း ကမ္ဘာ ဒေသများမှာ ဤမျှ အစွမ်းထက်မြက်လှသော တာ့ယန် အင်မော်တယ် အင်ပါယာကို ရင်ဆိုင်ရချိန်တွင် အဆုံးအစမရှိ ဆွေးနွေး တိုင်ပင် နေကြရတော့၏။
တာ့ချန်၊ လန်ကူ၊ ကျန့်ယွမ် စသည့် ဒေသများရှိ ကျင့်ကြံခြင်း ကမ္ဘာများသည် ပန်းပေါင်း တစ်ရာ ပွင့်လန်းနေသကဲ့သို့ မရေမတွက်နိုင်သော အင်အားစုများ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
သို့သော်ငြား တာ့ယန် အင်မော်တယ် အင်ပါယာ တွင်မူ လွန်ခဲ့သော နှစ်ပေါင်း သောင်းချီ ကတည်းက အင်ပါယာကို တည်ထောင်ခဲ့သော ဘိုးဘေးကြီးများက အောင်နိုင်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းက အသိအမှတ်ပြု ရသော တာ့ယန် အင်မော်တယ် အင်ပါယာကြီးကို တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။
ယနေ့တိုင်အောင် တာ့ယန် အင်မော်တယ် အင်ပါယာသည် ချန်းကျိုး ဒေသရှိ အဆင့်မြင့် ကောင်းကင် တာအို အင်အားစုကြီး တစ်ခု အဖြစ် တည်ရှိနေဆဲပင် ဖြစ်၏။
လက်ရှိ တာ့ယန် အင်မော်တယ် အင်ပါယာ၏ အရှင်သခင်မှာ ပကတိ ဟင်းလင်းပြင် တာအို နယ်ပယ်တွင် ရှိနေသည်ဟု ဆိုကြသည်။
သို့သော် တာ့ယန် အင်မော်တယ် အင်ပါယာ၏ အရှင်သခင်သည် အချိန် ကြာမြင့်စွာ ပေါ်ထွက်လာခြင်း မရှိခဲ့ဘဲ အင်ပါယာ၏ ကိစ္စအဝဝကို အိမ်ရှေ့မင်းသားနှင့် အခြား မင်းသားများက စီမံ ခန့်ခွဲနေကြသော်ငြား မည်သည့် အရှုပ်အထွေးမျှ မရှိဘဲ အားလုံး အစီအစဉ်တကျ ရှိနေသည်။
ဤကဲ့သို့သော အဆင့်မြင့် ပုဂ္ဂိုလ်များ အတွက်မူ ကိုယ်ပိုင် ကျင့်ကြံခြင်းက အင်ပါယာ၏ အာဏာစက်ထက် ပို၍ အရေးကြီးပုံ ရသည်။
တာအို မျှော်စင် ပေါ်ထွက်လာမှုကြောင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနှင့် အခြားသော ဒေသ အသီးသီးမှ ကျင့်ကြံခြင်း ကမ္ဘာ အင်အားစုများ လာရောက် လုယူကြရန် ဆွဲဆောင်နိုင်ခဲ့၏။ ဒေသ အသီးသီးမှ စစ်ကူများ ရောက်ရှိလာပြီးနောက် သူတို့သည် အပျက်အစီး နယ်မြေ အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြကာ အခင်းအကျင်းကို ဆက်လက် ဖြိုခွဲရင်း တာအို မျှော်စင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားကြတော့သည်။
ဤလုပ်ငန်းစဉ် အတွင်း ဒေသ အသီးသီးမှ အင်အားစုများသည် သူတို့၏ သဘောတူညီချက် များကို ထိန်းသိမ်းထားကြပြီး ကြီးမားသော တိုက်ပွဲကြီးကို ချက်ချင်း မစတင်ခဲ့ကြပါချေ။
သူတို့ အားလုံးသည် တိုက်ပွဲ မစတင်မီ အပျက်အစီး နယ်မြေ အတွင်းရှိ အခင်းအကျင်းများ ပျက်စီးသွားပြီး တာအို မျှော်စင်နှင့် ပိုမို နီးကပ်လာမည့် အချိန်ကို စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။
သို့သော်ငြား သူတို့ အားလုံး ပူးပေါင်းကာ တစ်လ နီးပါးခန့် အလုပ်များနေကြပြီး ရှေးဟောင်း အပျက်အစီး နယ်မြေ အတွင်းရှိ အခင်းအကျင်း အများစုကို ဖြိုခွဲလိုက်နိုင်သည့် အချိန်တွင်... အဆုံးအစမရှိသော ရှေးဟောင်း မိစ္ဆာ ချီစွမ်းအားများ ရစ်ပတ် ဖုံးလွှမ်းနေသည့် ရှေ့ရှိ မျှော်စင်ကြီးသည် ရုတ်တရက် လှုပ်ခါသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် အရှင်သခင်ကြီး ယွမ်ရှုနှင့် အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားပြီး အာရုံစိုက်ကာ ကြည့်ရှုလိုက်ကြတော့၏။
“ဝုန်း…”
မျှော်စင်ကြီးသည် ဧရာမ အခင်းအကျင်းကြီး၏ တားဆီး ချုပ်နှောင်ထားမှုများမှ ရုန်းထွက် လွတ်မြောက်သွားသကဲ့သို့ မြေပြင်မှ ရုတ်တရက် ထိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မျှော်စင်ကို ဝန်းရံထားပြီး လျှို့ဝှက် နယ်မြေ အတွင်း၌ ရစ်ဝဲနေသော အဆုံးအစမရှိသည့် ရှေးဟောင်း မိစ္ဆာ ချီစွမ်းအားများသည် မျှော်စင်ဆီသို့ ရူးသွပ်စွာ စုရုံး သွားကြ၏။ မျှော်စင် အထက် ကောင်းကင်ယံတွင် ဧရာမ မိစ္ဆာ ပုံရိပ်ယောင်ကြီး တစ်ခု အဖြစ်သို့ ပေါင်းစည်း သွားကြတော့သည်။
ထို မိစ္ဆာ ပုံရိပ်ယောင်သည် မာရှီချင်းနှင့် အနည်းငယ် တူညီနေပုံ ရသည်။
မိစ္ဆာ ပုံရိပ်ကြီးက ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ဟီး... ဟီး... ဟီး... ငါ့ကို ကူညီပေးကြတဲ့ တာအို မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်... ဒီနေ့ ငါ ဝိုင်းရံ ပိတ်ဆို့ခံထားရတာကနေ လွတ်မြောက်နိုင်ခဲ့ပြီ... လွန်ခဲ့တဲ့ ရက်တွေ အတွင်းမှာ အခင်းအကျင်းကို ဖြိုခွဲဖို့ အနားမနေ ကြိုးစားပေးခဲ့ကြတဲ့ တာအို မိတ်ဆွေတွေ အားလုံးကို ငါ ကျေးဇူးတင်ရလိမ့်မယ်”
“တာအို မိတ်ဆွေတို့ နောက်မှ တွေ့ကြတာပေါ့... ငါတို့တွေ ပြန်ဆုံဖို့ အခွင့်အရေး ရဦးမှာပါ”
နောက်တစ်ခဏတွင် မျှော်စင်ကို ထိန်းချုပ်ထားသော မိစ္ဆာ ပုံရိပ်ကြီးသည် ဟင်းလင်းပြင်ကို ရိုက်ချိုးကာ လျှို့ဝှက် နယ်မြေ အတွင်းမှ လွတ်မြောက် ပျောက်ကွယ်သွားတော့၏။
“...”
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၊ လန်ကူ ကျင့်ကြံခြင်း ကမ္ဘာ၊ ကျန့်ယွမ် ကျင့်ကြံခြင်း ကမ္ဘာ၊ တာ့ယန် အင်မော်တယ် အင်ပါယာ နှင့် အခြား ဒေသများမှ ကျင့်ကြံသူများ အားလုံး ဆွံ့အ အံ့သြသွားကြတော့သည်။ မျှော်စင်နှင့် မိစ္ဆာ ပုံရိပ်ကြီး ထွက်ပြေး လွတ်မြောက်သွားသည်ကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာ မီးသွေးခဲ တစ်ခုကဲ့သို့ မည်းမှောင်သွားကြပြီး လွန်စွာ အကျည်းတန် ရုပ်ဆိုးသွားကြသည်။
အကယ်၍ ၎င်းသည် လွတ်မြောက်ခြင်း ကျင့်စဉ် တစ်ခုတည်းသာ ဖြစ်မည်ဆိုပါက သူတို့ ကြားဖြတ် တားဆီးရန် နှင့် လိုက်လံ ဖမ်းဆီးရန် ဖြစ်နိုင်ခြေ ရှိသေးသည်။
သို့သော် ဟင်းလင်းပြင်ကို ရိုက်ချိုးပြီး ထွက်ပြေး လွတ်မြောက်သွားခြင်းကိုမူ... ဟင်းလင်းပြင် တာအိုကို နားလည် သဘောပေါက်ထားသူများမှလွဲ၍ အခြားသူများက မည်သို့ လိုက်လံ ဖမ်းဆီးနိုင်မည်နည်း။
ဟင်းလင်းပြင်ကို ရိုက်ချိုးရန်ပင် သူတို့အတွက် အလွန် ခက်ခဲလှသည်။
သို့သော်ငြား လျှို့ဝှက် နယ်မြေ အတွင်းရှိ မိစ္ဆာ ချီစွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် တာအို မျှော်စင်၏ မူလ နေရာတွင် တွင်းကြီး တစ်တွင်း ဖြစ်ပေါ်နေကာ ရှေးဟောင်း အမွေအနှစ် ကျောက်စာတိုင် တစ်ခုက လူတိုင်း၏ မြင်ကွင်း အတွင်းသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ပြင်းထန်သော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားလာတော့၏။
၎င်းသည် ပကတိ ဟင်းလင်းပြင် တာအို နယ်ပယ်မှ တာအို သခင် တစ်ဦး၏ အမွေအနှစ် ကျောက်စာတိုင် တစ်ခု ဖြစ်ပြီး အင်အားစု အသီးသီးက လုယူ တိုက်ခိုက်ခဲ့ကြရာ အပိုင်းအစ အချို့ အဖြစ်သို့ ကွဲအက်သွားခဲ့သည်။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ အင်မော်တယ် ဂိုဏ်းကြီး ခြောက်ဂိုဏ်းက ပူးပေါင်းကာ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်ကြီး လေးပါး ပျက်စီး ဆုံးရှုံးခဲ့ရပြီး အခြားသူများမှာလည်း ဒဏ်ရာ ရရှိခဲ့ကြ၏။ သူတို့သည် သုံးပုံတစ်ပုံနှင့် ညီမျှသော အပိုင်းအစ တစ်ခုကို ရယူနိုင်ခဲ့ကြသည်။
သို့သော် ထို့နောက်တွင်မူ သူတို့ ဆုတ်ခွာနေစဉ် ရုတ်တရက် ပေါ်ထွက်လာသော မိစ္ဆာ မျိုးနွယ်စုများက ခြုံခို တိုက်ခိုက်လိုက်သည်။
ကောင်းကင် အင်မော်တယ် နန်းတော်၊ ယွီလုံ နန်းတော် နှင့် အခြားသူများ အနေဖြင့် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရပြီးနောက် သူတို့သည် အရိုင်းနယ်မြေ အတွင်း၌ တည်ဆောက်ထားသော အင်မော်တယ် မြို့တော် နယ်မြေဆီသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိနိုင်ခဲ့ကြသည်။
စုယွီနှင့် အခြားသူများ ထိုနေရာသို့ ရောက်ရှိချိန်တွင်မူ အလွန် နောက်ကျနေခဲ့ပြီ ဖြစ်ကာ အပျက်အစီး နယ်မြေကြီးမှာ ဗလာကျင်း နေခဲ့ချေပြီ။
ဤအတွက်ကြောင့် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့သည် နောင်တရခြင်း မရှိခဲ့ပေ။ ရေခဲနှင့် နှင်း လျှို့ဝှက် နယ်မြေ၏ အခွင့်အရေးနှင့် အတူ မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ စွမ်းအားနှင့် အမွေအနှစ်များသည် သေချာပေါက် တိုးတက်လာနိုင်မည် ဖြစ်သည်။
“အရင်ဆုံး ဂိုဏ်းကို ပြန်ကြစို့... ပြီးတော့ ဒီ နှင်းကြာပန်းကို ဆရာဦးလေးဆီ ပို့ပေးရမယ်”
စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့က ပြောလိုက်သည်။