အခန်း ၇၁၄
Vol. 48 Ch. 714
အခန်း (၇၁၄) - တာအိုဆရာ ထျန်းယွီ နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းနှင့် သတင်းဆိုး (အပိုင်း ၂)
“ရုပ်သေးဝိညာဉ်က စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ဖို့ပဲ စောင့်နေတာ... အဲဒီကျရင် ပဉ္စမအဆင့် အနိမ့်ဆုံး ဝိညာဉ်သတ္တုရိုင်းတွေကို အရည်ကျိုနိုင်စွမ်း ရှိလာလိမ့်မယ်... အဲဒီကနေတစ်ဆင့် အနက်ရောင် ဒေါသ စစ်သည်တော်က ပဉ္စမအဆင့်ကို အဆင့်တက်သွားနိုင်တယ်”
ပဉ္စမအဆင့် ရုပ်သေးသည် ဝိညာဉ်ခွဲထွက်နယ်ပယ်မှ အရှင်သခင်ကြီး တစ်ပါးနှင့် ညီမျှသည်။
လက်ရှိအချိန်တွင်။
အနက်ရောင် ဒေါသ စစ်သည်တော်သည် လီကျုံး... ချင်ခယ်ရှင်းတို့နှင့်အတူ တာအိုမိတ်ဆွေရှုယွီနောက်သို့ လိုက်ပါကာ ယွဲ့ အင်မော်တယ်မျှော်စင်၏ သတင်းကွန်ရက်ကို တိုးချဲ့ ကြီးထွားလာစေရန်နှင့် ယွင်ရှောင် ဆေးလုံးစံအိမ်၏ ဖွင့်လှစ်ထားသော မျက်နှာစာကို တည်ငြိမ်စေရန် ဆောင်ရွက်နေကြဆဲ ဖြစ်သည်။
လက်ရှိတွင် ယွင်ရှောင် ဆေးလုံးစံအိမ်သည် ဆေးပညာရှင် အများအပြားကို စတင် စုဆောင်းနေပြီ ဖြစ်ကာ တတိယအဆင့် ဆေးပညာရှင် အနည်းငယ်ကို စုဆောင်းနိုင်ခဲ့သဖြင့် တိုးတက်မှု အတော်လေး ကောင်းမွန်နေသည်။
ယွင်ရှောင် ဆေးလုံးစံအိမ်သည် တတိယအဆင့် အရည်အသွေးမြင့် ဆေးလုံး အမြောက်အမြားကို ရောင်းချနေသည့်အတွက် အရှင်သခင်ဆယ်ပါး မြို့တော်တွင် နာမည် အနည်းငယ် ရနေပြီ ဖြစ်၏။ ထို့ကြောင့် ဆေးသခင်များကို စတင် စုဆောင်းပြီးနောက် ဆေးသခင် အများအပြားက ၎င်းတို့၏ ဆေးဖော်စပ်ခြင်း ပညာကို လေ့လာ သင်ယူရန်နှင့် တိုးတက်စေရန် ယွင်ရှောင် ဆေးလုံးစံအိမ်သို့ လာရောက် ပူးပေါင်းခဲ့ကြသည်။
အခြား နေရာများရှိ ယွင်ရှောင် ဆေးလုံးစံအိမ် အခြေစိုက် စခန်းများ၏ အခင်းအကျင်း အနေဖြင့် ၎င်းတို့သည် အဆင့်မြင့် ဆေးလုံး အနည်းငယ်ကိုသာ ရောင်းချပြီး အခြား ဆေးလုံးများကိုမူ စုဆောင်းထားသော ဆေးပညာရှင်များက ထောက်ပံ့ ဖြည့်တင်းပေးကြသည်။
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်ရှိ ယွင်ရှောင် ဆေးလုံးစံအိမ်ကို လင်းချင်းရှားနှင့် အခြား အမျိုးသမီး သုံးဦးတို့က စီမံခန့်ခွဲနေဆဲ ဖြစ်ပြီး တတိယအဆင့် အဆင့်မြင့် အရည်အသွေးရှိ ဆေးလုံးများကိုသာ ရောင်းချကြသည်။
ကောင်းကင်အင်မော်တယ်နန်းတော် ကဲ့သို့သော အင်မော်တယ် ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ အတွေ့အကြုံက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ ကျင့်ကြံသူများစွာနှင့် အင်အားစုများ အကြား ဆွေးနွေးစရာ များစွာ ဖြစ်စေခဲ့သည်။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ပြင်ပလောကတွင် ကောင်းကင်အင်မော်တယ်နန်းတော် ကဲ့သို့သော အင်မော်တယ်ဂိုဏ်းများ အနေဖြင့် ပူးပေါင်းထားလျှင်ပင် ရင်ဆိုင်ရ မလွယ်ကူကြောင်း... သတိမထားမိပါက ကြီးမားသော ဆုံးရှုံးမှုများနှင့် ဧရာမ ပျက်စီးမှုများကို ခံစားရမည် ဖြစ်ကြောင်း အင်အားစု အများအပြားကို သဘောပေါက်သွားစေခဲ့၏။
မမြင်နိုင်သော အသိဖြင့် ဤအင်အားစုများနှင့် ကျင့်ကြံသူများသည် ပြင်ပ ကျင့်ကြံခြင်း ကမ္ဘာကို အနည်းငယ် ပို၍ လေးစားလာကြတော့သည်။
လအနည်းငယ် ကြာပြီးနောက်။
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့နှင့် တာအိုကျင့်ကြံသူများ အင်မော်တယ်မျိုးနွယ်စုသို့ ပြန်လည် ရောက်ရှိလာကြသည်။ စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့က နှင်းကြာပန်းကို တာအိုဆရာ ထျန်းယွီထံ ပေးပို့ရန် ပြင်ဆင်နေချိန်တွင် စုယွီက ပဉ္စမအဆင့် အနိမ့်ဆုံးနှင့် အလယ်အလတ် ဝိညာဉ်အရည်ပေါင်း ထောင်ချီကို ထုတ်ယူကာ သူ့အား ကူညီ ပေးပို့ခိုင်းလိုက်သည်။
စံအ်ိမ်တော် သခင်ကြီး ဟုန်ယွဲ့နှင့် တာအိုကျင့်ကြံသူများ လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်သွားသည်ကို ကြည့်ရင်း စုယွီက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တကိုယ်တည်း ပြောဆို ရေရွတ်လိုက်၏။
'ဆရာ... အောင်မြင်ရမယ်နော်...'
'ဆရာက ဝိညာဉ်အရည်တွေနဲ့ ရတနာတွေ အများကြီးကို ပေါင်းစပ် ထားပြီးပြီပဲ... သေချာပေါက် ဒီအဟန့်အတားကို ချိုးဖြတ်နိုင်သင့်တာပေါ့... ဒါက ဝိညာဉ်ခွဲထွက်နယ်ပယ်လေးပါပဲ...'
သူ ဆုတောင်းလိုက်ပြီးနောက် တာ့ယွီတောင်ထွတ်သို့ ပြန်လာခဲ့သည်။
တာအိုကျင့်ကြံသူများသည် အင်မော်တယ်မျိုးနွယ်စုမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ယွဲ့ အင်မော်တယ် မျှော်စင်သို့ သွားရောက်ခဲ့ကြသည်။ သူတို့သည် သူတို့၏ လက်ထဲရှိ အကောင်းဆုံး မူလဝိညာဉ် ဖွဲ့စည်းခြင်း ဆေးလုံး တစ်လုံးကို တာအိုမိတ်ဆွေဟွမ်ကျူးထံ ပေးအပ်ခဲ့ပြီး ယွဲ့ အင်မော်တယ် မျှော်စင်၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို စစ်ဆေးခဲ့ကြသည်။
*
အချိန်တွေက မျက်စိတစ်မှိတ် အတွင်း ကုန်လွန်သွားခဲ့၏။
မြေကမ္ဘာအင်မော်တယ်နန်းတော်၏
တာ့ယွီတောင်ထွတ်ပေါ်တွင်။
“ဟား ဟား ဟား”
“ငါ့ရဲ့ တပည့်ကောင်းလေး... မင်းရဲ့ ဆရာ ပြန်လာပြီ”
ရယ်မောသံကို ကြားလိုက်ရသဖြင့် ကျောက်ဂူ အတွင်းမှ ယခုလေးတင် ထွက်လာသော စုယွီသည် ကောင်းကင်ယံမှ မှော်အခင်းအကျင်း တစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ အခင်းအကျင်း ပွင့်လာသည်နှင့် အမျှ စုယွီသည် ကမ္ဘာကြီး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရ၏။ အရာအားလုံးက ပြောင်းပြန် ဖြစ်သွားသကဲ့သို့ပင်။
ဤအခင်းအကျင်း၏ ဖြစ်တည်မှုကို ခံစားလိုက်ရသဖြင့် စုယွီ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။
“ဒီအဘိုးကြီး... သူ ထွက်လာတာနဲ့ ဒါကို ကစားနေတာပဲ”
တာအိုဆရာ ထျန်းယွီ၏ အသံက ဆက်ထွက်ပေါ်လာ၏။
“ဒီကိုလာခဲ့... ငါ မင်းကို ကောင်းတဲ့ အရာ တစ်ခု သင်ပေးမယ်... ဒီကျိန်ဆဲချင်စရာ အခင်းအကျင်းကို ငါ ခုလေးတင် နားလည်သွားတာ... အကျိုးနည်း... ဒီအကြောင်းကို ငါ စဉ်းစားနေတာ နှစ်ပေါင်း ရာချီနေပြီကွာ..”
စုယွီသည် သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင်နှင့် အချိန် တာအိုကို သက်ဝင်လှုပ်ရှားစေလိုက်ပြီး အခင်းအကျင်း အတွင်းမှ လှမ်းထွက်လိုက်သည်။
ဤသည်ကို မြင်သောအခါ တာ့ယွီတောင်ထွတ်သို့ ယခုလေးတင် ပြန်ရောက်လာသော တာအိုဆရာ ထျန်းယွီ၏ စိတ်လှုပ်ရှားနေသော မျက်နှာထားက အေးခဲသွားတော့၏။ သူက ကျိန်ဆဲတော့သည်။
“မင်း ..ကောင်စုတ်... မင်းက ဟင်းလင်းပြင်နဲ့ အချိန် တာအိုကို ကျွမ်းကျင်ထားတော့ ဘာဖြစ်လဲ”
သူ့ကို မိမိ၏ လူသတ်ကွက် သင်ပေးမည်ဟု ဆိုကာမှ ကောင်လေးက ထွက်ပြေးသွားသည်။
သို့သော် ပြောရမည် ဆိုလျှင်။
ဤကောင်လေး၏ ဟင်းလင်းပြင်နှင့် အချိန် တာအိုက တကယ်ကို မတရားလှပေ။ ဟင်းလင်းပြင် ကန့်သတ်ချက် အခင်းအကျင်းကို ကြိုတင် ပြင်ဆင်မထားဘဲ ဟင်းလင်းပြင်ကို အလွန် တည်ငြိမ်အောင် ပြုလုပ်ထားကာ မိမိက ၎င်းကို ခြယ်လှယ်ခြင်း၊ ချိုးဖျက်ခြင်း မပြုနိုင်ပါက သူ့ကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိပေမည်။
မဟုတ်ပါက မည်သည့် အခင်းအကျင်းမဆို အတုအယောင်သာ ဖြစ်ပြီး သူက လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပေလိမ့်မည်။
ယခုလေးတင် ထွက်ပေါ်လာပြီး စိတ်အခြေအနေ လွန်စွာ ကောင်းမွန်နေသော တာအိုဆရာ ထျန်းယွီသည် ယခုအခါ စိတ်ဝင်စားမှု လျော့ကျသွားတော့၏။ လက်ဝှေ့ယမ်းလိုက်ပြီး အခင်းအကျင်းကို ပြန်လည် ရုပ်သိမ်းကာ ခြံဝင်း အတွင်းသို့ ဝင်သွားသည်။
“အသက်အန္တရာယ်ကနေ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ အတွက် ဆရာ့ကို ဂုဏ်ပြုပါတယ်”
တာအိုဆရာ ထျန်းယွီ ခြံဝင်း အတွင်းသို့ ဝင်သွားပြီးနောက် စုယွီက နောက်မှ လိုက်ပါလာကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် အတူ နှိမ့်ချစွာ ပြောလိုက်သည်။
သူက လျင်မြန်စွာ ရှေ့သို့ တိုးသွားပြီး သူ၏ ဆရာ အပူအအေး မျှတစေရန် ဝိညာဉ်လက်ဖက်ရည် တစ်အိုး ဖျော်ပေးလိုက်၏။
ဤအဘိုးကြီး၏ အခင်းအကျင်းက သက်တောင့်သက်သာ မရှိလှပေ။
အတိတ်တုန်းက သူသည် မူလဝိညာဉ်နယ်ပယ်တွင် ရှိနေစဉ်က စတုတ္ထအဆင့် အဆင့်မြင့် မြေဆရာ တစ်ဦးကို သေချင်စိတ် ပေါက်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။
စုယွီက ထိုအခင်းအကျင်းကို မည်သို့ ခံစားကြည့်ဖို့ ကြိုးစားနိုင်ပါမည်နည်း။
သင်ယူခြင်းကို သင်ယူနိုင်သော်ငြား ထိုအခင်းအကျင်း၏ စွမ်းအားကို သူ ကိုယ်တိုင် မြည်းစမ်းကြည့်စေချင်လျှင်မူ ထိုအရာက မဖြစ်နိုင်ပါချေ။
တာအိုဆရာ ထျန်းယွီက ဝိညာဉ်လက်ဖက်ရည် အနည်းငယ် သောက်လိုက်ပြီး သူ၏ တပည့်ကို ကြည့်လိုက်၏။ ခေတ္တမျှ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပြီးနောက် သူက ကျေနပ်စွာဖြင့်...
“နန်းတော်သခင်က ငါ့ကို အများကြီး ပြောပြခဲ့တယ်...”
“ဒီတစ်ကြိမ်တော့ မင်းကြောင့်သာ ငါ အဆင့်ချိုးဖြတ်နိုင်ခဲ့တာပဲ...”
“ငါ့ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ မင်းရဲ့ ဝိညာဉ်အရည် နဲ့ ငါ့ကို ကူညီပေးတဲ့ နှင်းကြာပန်းသာ မရှိခဲ့ဘူး ဆိုရင် ဒီတစ်ကြိမ် ငါ့ရဲ့ အဆင့်ချိုးဖြတ်နိုင်ခြေက ဆယ်ရာခိုင်နှုန်းတောင် ကျော်ခဲ့မှာ မဟုတ်ဘူး...”
“အတိတ်တုန်းက ငါရခဲ့တဲ့ ဒဏ်ရာတွေက ပျောက်ကင်းသွားပြီလို့ ထင်ရပေမဲ့ အဲဒီဒဏ်ရာတွေက ငါ အဟန့်အတားကို ချိုးဖြတ်ချင်တဲ့ အခါ ကျော်ဖြတ်လို့ မရတဲ့ တောင်တန်းတွေ ဖြစ်လာခဲ့တယ်...”
“မင်းရဲ့ ဝိညာဉ်အရည်က ဒီတောင်တန်းတွေကို ငါ့အတွက် ချောမွေ့သွားစေပြီး ကောင်းကင်ဘုံဆီ တံတားတစ်စင်း တည်ဆောက်ပေးခဲ့တာပဲ...”
ခေတ္တ စဉ်းစားပြီးနောက် တာအိုဆရာ ထျန်းယွီက ခေတ္တမျှ တွေဝေသွားပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။
“မင်းဆီမှာ ဝိညာဉ်အရည် အရင်းအမြစ် ဘယ်လောက် ရှိလဲ... မင်း ကိုယ်ပိုင် ကျင့်ကြံဖို့အတွက်ရော လောက်ရဲ့လား...”
စုယွီ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး...
“ဆရာ လိုချင်လို့လား...”
တာအိုဆရာ ထျန်းယွီက သက်ပြင်း ပေါ့ပေါ့ပါးပါး ချလိုက်ပြီး...
“ဖြစ်နိုင်ရင် မင်း.. ဟွမ်ကျူး ကိုပါ ကူညီပေးစေချင်တယ်... သူက မိစ္ဆာ မျိုးနွယ်စုဝင် ဖြစ်ပြီး သက်တမ်း ပိုရှည်ပေမဲ့ တွက်ကြည့်မယ် ဆိုရင် ပဉ္စမအဆင့်ကို မချိုးဖြတ်နိုင်ဘူး ဆိုရင် ဟွမ်ကျူးမှာ သက်တမ်း နှစ်နှစ်ရာလောက်ပဲ ကျန်တော့မယ် ထင်တယ်...”
စုယွီ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပြီး...
“ဆရာ ဒေါ်လေးဟွမ်ကျူးမှာ မိစ္ဆာ စပါးကြီး ခန္ဓာကိုယ် ရှိတယ်လေ... ပဉ္စမအဆင့်ကို ချိုးဖြတ်တာက ဝိညာဉ်အရည် တစ်ခုတည်း အပေါ် မှီခိုနေတာ မဟုတ်ဘူး မဟုတ်လား... ဆရာ ဒေါ်လေးရဲ့ သွေးမျိုးဆက်က အဓိက သော့ချက်ပဲလေ…”