← Chapters

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း (၇၁၅) - တာအိုဆရာ ထျန်းယွီ နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းနှင့် သတင်းဆိုး (အပိုင်း ၃)

တာအိုဆရာ ထျန်းယွီက...ဆက်ပြောလာ၏။

“မင်းရဲ့ ဝိညာဉ်အရည်ထဲမှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ပါဝင်နေတယ်... အဲဒီစွမ်းအားက သူမကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်”

စုယွီက ဆရာဒေါ်လေး ဟွမ်ကျူးကို ရင်ထဲမှ လေးစားမိသည်။

မည်သို့ပင်ဆိုစေ ထိုအကြီးအကဲက သူ့ကို ဤနှစ်များတစ်လျှောက် အများကြီး ကူညီပေးခဲ့ဖူးသည်။ သူနှင့်အတူ တာ့ယွဲ့နယ်မြေဆီသို့တောင် တစ်ခေါက် လိုက်ပါလာခဲ့ပြီး ခရီးစဉ် တစ်လျှောက်လုံး သူ့ကို ကာကွယ်ပေးခဲ့သေးသည်။

ထို့ကြောင့် တာအိုဆရာ ထျန်းယွီနှင့် အတန်ကြာ စကားပြောပြီးနောက် စုယွီသည် ပဉ္စမအဆင့် ဝိညာဉ်အရည် အချို့ကို ထုတ်ယူကာ ဆရာဒေါ်လေး ဟွမ်ကျူးထံ ပေးပို့ရန် သူ၏ ဆရာကို တောင်းဆိုလိုက်သည်။

သို့သော်ငြား စုယွီက သူ၏ စိုးရိမ်ပူပန်မှုကိုလည်း ဖော်ပြခဲ့၏။ ဝိညာဉ်အရည် ကိစ္စကို တတ်နိုင်သမျှ လျှို့ဝှက်ထားသင့်သည်။

မည်သို့ပင်ဆိုစေကာမူ မြေကမ္ဘာအင်မော်တယ်နန်းတော်ရှိ လူတိုင်းကို ယုံကြည်၍ မရနိုင်ပါချေ။

သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် စွမ်းအားတို့သည် မဆင်မခြင် ပြုမူနိုင်လောက်အောင် အားမကောင်းသေးပေ။

သတိထားရမည့် အချိန်တွင် သူ မဆင်မခြင် မပြုမူရပါချေ။

အကယ်၍ ဟွမ်ကျူးလည်း ပဉ္စမအဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့မည် ဆိုပါက မြေကမ္ဘာအင်မော်တယ်နန်းတော်၏ အင်မော်တယ်ဂိုဏ်းရှိ စုယွီ၏ ကျင့်ကြံခြင်း အတွက် အကျိုးရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ကျူးသည် သူနှင့် သူ၏ ဆရာတို့နှင့် ရင်းနှီးသောကြောင့် ဖြစ်သည်။

မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ဝိညာဉ်ခွဲထွက်နယ်ပယ်မှ အခြား အကြီးအကဲများနှင့် သူ ရင်းနှီးကျွမ်းဝင်မှု မရှိသော်ငြား နန်းတော် အတွင်းရှိ သူ၏ ရပ်တည်ချက်နှင့် ပြောရေးဆိုခွင့် အာဏာကို ကောင်းစွာ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

သို့သော်ငြား။

စုယွီသည် သူ၏ ဆရာ ဝိညာဉ်ခွဲထွက်နယ်ပယ်သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ခြင်း အတွက် ဝမ်းသာနေဆဲ အချိန်တွင်... မာထျန်းလင်က တာ့ယွီတောင်ထွတ်ပေါ်တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို လာရှာခဲ့သည်။

“ဦးလေးယွီ... ကျွန်မရဲ့ ဘိုးဘေးကြီး ဆုံးသွားပြီ... သူ့ရဲ့ ဝိညာဉ်ကျောက်စာတိုင်က ကျိုးပဲ့သွားပြီ”

မာထျန်းလင်က စုယွီကို မြင်သည်နှင့် တစ်ပြိုင်နက် သူမ ထိန်းမရအောင် ငိုကြွေးတော့၏။

ထိုသတင်းကို ကြားလိုက်ရသောအခါ စုယွီ၏ ခေါင်းထဲတွင် အူဝဲသွားပြီး နှလုံးသားထဲတွင်လည်း ပြင်းထန်သော နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။

အစ်ကိုမာ... သေဆုံးသွားပြီလား...

သူ အရိုင်းနယ်မြေမှာ ကျဆုံးသွားခဲ့တာလား...

စုယွီက အရိုင်းနယ်မြေ ရှိရာဘက်သို့ မော့ကြည့်လိုက်ပြီး တိတ်ဆိတ်သွား၏။ ငိုကြွေးနေသော မာထျန်းလင်ကိုလည်း သူက တိတ်ဆိတ်စွာ နှစ်သိမ့်ပေးလိုက်သည်။

မိတ်ဆွေဟောင်း တစ်ယောက် ထပ်မံ ထွက်ခွာသွားပြန်ပြီ...

အချိန်အနည်းငယ် ကြာပြီးနောက် မာထျန်းလင် အနည်းငယ် တည်ငြိမ်သွားသောအခါ စုယွီသည် မာရှီချင်း၏ ဝိညာဉ်ကျောက်စာတိုင် ကျိုးပဲ့သွားခြင်း အကြောင်းကို စတင် မေးမြန်းလိုက်၏။ ဝိညာဉ်ကျောက်စာတိုင် ကျိုးပဲ့သွားသည့် အချိန်သည် မျှော်စင်လုယူပွဲနှင့် နီးကပ်နေကြောင်း သိရှိလိုက်ရသောအခါ သူ မျက်မှောင်ကုတ်သွားတော့သည်။

မာရှီချင်း သေဆုံးရခြင်းက ထို မျှော်စင်နှင့် တစ်ခုခု ပတ်သက်နေနိုင်ကြောင်း သူ့တွင် အလိုလို သိမြင်မှု တစ်ခု ရှိနေခဲ့သည်။

ဒါပေမဲ့...

သူ၏ ရုပ်သေး ကိုယ်ပွား ထိုနေရာသို့ ရောက်သွားချိန်တွင် တာအိုမျှော်စင်သည် မိစ္ဆာမျှော်စင် အဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ရိုက်ချိုးကာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

ထိုနေရာတွင် ဘာတွေ ဖြစ်ခဲ့သည်ကို သူ အတိအကျ မသိခဲ့ပါချေ။

ဤသည်က စုယွီကို မျှော်စင်ဆီသို့ စောစော မသွားခဲ့မိသည့် အတွက် နောင်တရသွားစေခဲ့၏။ အစ်ကိုမာ သေဆုံးရခြင်းက မျှော်စင်နှင့် သက်ဆိုင်ခြင်း ရှိမရှိ ဆိုသည်ကို ထိုအချိန်က သူ ရှာဖွေနိုင်ခဲ့မည်သာ ဖြစ်သည်။

'အစ်ကိုမာ မရှိတော့တဲ့နောက် သူ့ရဲ့ နောက်ဆုံးဆန္ဒကကော ဘယ်လိုလုပ်မလဲ...'

စုယွီက ရင်ထဲတွင် စဉ်းစားလိုက်၏။ မာထျန်းလင်နှင့် မာမိသားစုကို ပြုစုစောင့်ရှောက်ခြင်းမှလွဲ၍ ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းတော်သာ ကျန်ရှိတော့မည် ဖြစ်သည်။

သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ မာရှီချင်း မရှိတော့သော်ငြား သူ ရှိနေသေး၏။

ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းတော် ကိစ္စများကို သူ ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်သည်။

'အရိုင်းနယ်မြေက မျှော်စင်လုပွဲမှာ အကြီးအကျယ် ဆုံးရှုံးသွားပြီးတဲ့နောက် ကောင်းကင်အင်မော်တယ်နန်းတော်မှာ သေချာပေါက် တခြားကိစ္စတွေကို စိတ်ပူနေဖို့ ပိုလျှံနေတဲ့ စွမ်းအားတွေ ရှိမှာ မဟုတ်ဘူး... ဒီအတောအတွင်း လညွှန်နန်းတော်ရဲ့ ဘိုးဘေးက ကြယ်ခူး မျှော်စင်ရဲ့ ဘိုးဘေး ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကာ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီး ပျက်စီးသွားခဲ့ပြီ'

'သူ့ရဲ့ ဒဏ်ရာတွေ နည်းနည်း ပျောက်ကင်းသွားရင်တောင် သူ့ရဲ့ စွမ်းအားက အများကြီး လျော့ကျသွားမှာ သေချာတယ်... သူ လှုပ်ရှားနိုင်မလား ဒါမှမဟုတ် မလှုပ်ရှားနိုင်ဘူးလား ဆိုတာ မသိရသေးဘူး'

'လညွှန်နန်းတော်က အခု အန္တရာယ် တစ်ခု မဟုတ်တော့ဘူး'

ဝိညာဉ်ခန္ဓာကိုယ်၏ ထူးခြားသော အရည်အသွေးကို ပိုင်ဆိုင်ထားသည့် မာထျန်းလင်ကို စုယွီ စိုက်ကြည့်လိုက်၏။

သူမ၏ ဝိညာဉ်ခန္ဓာကိုယ် နိုးထလာသည်နှင့်အမျှ အလှတရားနှင့် ကိုယ်ခန္ဓာ အချိုးအစားကလည်း ပိုမို ဖူးပွင့်လာခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား မာထျန်းလင်က မူလဝိဉာဉ်နယ်ပယ်သို့ ရောက်ရှိသွားချိန်တွင်တော့ သူမ၏ ဝိညာဉ်ခန္ဓာကိုယ် စွမ်းအား သက်ရောက်မှုကို ကောင်းစွာ ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် မာထျန်းလင်ကို နောက်တစ်ကြိမ် သူ အကဲခတ်လိုက်သောအခါ ကျင့်ကြံခြင်းလောကထဲမှ တာ့ကျီကဲ့သို့ ညှို့ယူဖမ်းစားနိုင်သော အလှတရားမျိုးကို မခံစားရတော့ပေ။

ဖရဲစေ့ပုံစံ မျက်နှာ... ဖီးနစ်ငှက် မျက်လုံးများ... ချယ်ရီသီးလို နှုတ်ခမ်းများဖြင့် ရင်းနှီးနှစ်လိုဖွယ် အိမ်နီးချင်း မိန်းကလေး တစ်ဦးနှင့်သာ တူနေတော့သည်။

[t.n: တာ့ကျီ ဆိုသည်မှာ တရုတ်ဒဏ္ဍာရီလာ အမြီးကိုးချောင်း မြေခွေးမိစ္ဆာဝင်ပူးခံထားရသည့် ရှန်းမင်းဆက်မှ မိဖုရားတစ်ပါး ပါ။ ယောကျ်ားများကို အလွယ်တကူ ညှို့ယူဖမ်းစားနိုင်စွမ်းရှိပြီး အလွန်တရာ ဆွဲဆောင်မှု ပြင်းထန်သော အလှတရား၏ ပြယုဂ်အဖြစ် တင်စား ခေါ်ဝေါ်ကြပါတယ် ]

သူမက အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အချိန်အတန်ကြာ ငိုကြွေးထားသော်ငြား သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေဆဲ ဖြစ်ကာ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေဆဲ ဖြစ်သည်။ သူမက သနားစရာ ကောင်းနေပုံ ရသည်။

ဆရာသခင်ထိုက်ရှီးနှင့် အတူ ကျင့်ကြံပြီးနောက် မာထျန်းလင်၏ အရှိန်အဝါ ထိန်းချုပ်မှုက သိသိသာသာ တိုးတက်လာခဲ့သည်။

ကြည့်ရုံမျှဖြင့် မာထျန်းလင် ခန္ဓာကိုယ်၏ ထူးခြားမှုကို မမြင်နိုင်တော့ချေ။

စုယွီက တိုးတိုးလေး ပြောလိုက်သည်။

“မင်းရဲ့ ဘိုးဘေးကြီး အတွက် ကလဲ့စားချေချင်လား... ငါ မင်းကို ခေါ်သွားမယ်”

All Chapters