အခန်း ၇၁၆
Vol. 48 Ch. 716
အခန်း (၇၁၆) - လင်းချင်းရှား ဖမ်းဆီးခံရခြင်းနှင့် စုယွီ၏ အမျက်ဒေါသ (အပိုင်း ၁)
စုယွီသည် သူ၏ ရုပ်သွင်နှင့် အရှိန်အဝါကို ပြောင်းလဲလိုက်သည်။ ထို့နောက် မာထျန်းလင်ကို ခေါ်ဆောင်ကာ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ တံခါးပေါက်မှနေ၍ တိတ်တဆိတ် ထွက်ခွာလာခဲ့၏။
မာထျန်းလင်သည် မြေကမ္ဘာအင်မော်တယ်နန်းတော်၏ မဟာအခင်းအကျင်းကြီး အတွင်းမှ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် မှော်ရတနာနန်းတော် အတွင်း၌ ရှိနေသော စုယွီသည် ထိုအန္တရာယ် အငွေ့အသက်ကို မခံစားရတော့ပေ။ ထိုအခါမှသာ သူ၏ ရင်ထဲမှ အလုံးကြီး ကျသွားပြီး သက်ပြင်းချနိုင်တော့သည်။
'အင်မော်တယ်နန်းတော်က လူတစ်ယောက်ယောက်များ ငါ့ကို တကယ်ပဲ ပစ်မှတ်ထားနေတာလား...'
စုယွီက တွေးတောလိုက်မိသည်။
အင်မော်တယ်နန်းတော်သည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဖြစ်ရာ ယခုဆိုလျှင် လူအင်အား လိုအပ်ချက်များ ရှိနေလောက်ပေပြီ။
သူတို့ အနေဖြင့် သူ့ကို ဆက်လက် စောင့်ကြည့်နေရန် အင်အား မရှိနိုင်လောက်တော့ချေ။
စုယွီနှင့် မာထျန်းလင်တို့သည် မြေကြောအင်မော်တယ်မြို့တော်၏ မဟာအခင်းအကျင်းကြီးမှ တစ်ဆင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့ကြသည်။ စုယွီသည် မြေကြောအင်မော်တယ်မြို့တော်၏ မဟာအခင်းအကျင်းကြီးကို အသုံးပြု၍ ကြယ်ခူး မျှော်စင်သို့ တိုက်ရိုက် သွားရောက်ရန် စဉ်းစားနေဆဲမှာပင် ရုတ်တရက် မျက်မှောင်ကုတ်သွားသည်။
ကောင်းကင် မိုးကြိုးကြွက် ဘုရင်၏ အသံက သူ၏ စိတ်အာရုံထဲသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။
“သခင်... အရှင်မလင်းချင်းရှားတော့ ဒုက္ခရောက်နေပြီ... အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် မှောင်ခိုဈေးကွက်ထဲက လင်းလုံ ကုန်သွယ်ရေးအဖွဲ့က အရှင်မကို ရုတ်တရက် ဖမ်းဆီးသွားတယ်... ပြီးတော့ သခင်ကိုယ်တိုင် လင်းလုံ ကုန်သွယ်ရေးအဖွဲ့ကို လာခဲ့ဖို့လည်း စကားပါးသွားသေးတယ်”
စုယွီ၏ မျက်နှာထားက အေးစက်သွားပြီး သူ၏ မျက်လုံးအစုံ၏ နက်ရှိုင်းသော နေရာတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ တဟုန်းဟုန်း စုဝေးလာတော့သည်။
မာရှီချင်း၏ ဝိညာဉ်ကျောက်စာတိုင် အက်ကွဲသွားပြီး သေဆုံးသွားခဲ့ရသည့် သတင်းကြောင့် သူ၏ စိတ်အခြေအနေက အနည်းငယ် ရှုပ်ထွေးနေခဲ့ပြီးသား ဖြစ်၏။
ယခုအချိန်တွင် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းတော်တို့ထံ သွားရောက်ကာ ပြဿနာရှာရန်သာ သူ ဆန္ဒရှိနေသည်။
သို့သော် သူ၏ ဒေါသများကို မပေါက်ကွဲရသေးမီမှာပင် လူတစ်ယောက်က သူ့ကို လာရောက် ရန်စနေပြန်ပြီလော။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အကြောင်းကို သူ ကောင်းကောင်း သိထားသည်။
၎င်းသည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် မှောင်ခိုဈေးကွက်ရှိ အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ကြီး လေးခု အနက်မှ တစ်ခု ဖြစ်ပြီး မှောင်ခိုဈေးကွက် အတွင်း ကျေးကျွန်များနှင့် မိစ္ဆာကျွန်များကို အရောင်းအဝယ် လုပ်နိုင်စွမ်းရှိသော ကုန်သွယ်ရေးအဖွဲ့ကြီး လေးခု အနက်မှ တစ်ခုလည်း ဖြစ်သည်။
ထိုကုန်သွယ်ရေးအဖွဲ့၏ နောက်ကွယ်တွင် ကြီးမားလှသော နောက်ခံ အင်အားကြီး ရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့ပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ကိုယ်တိုင်ကပင် သူတို့ကို မျက်နှာသာ ပေးရသည် အထိ ဖြစ်သည်။
အတိတ်ကာလများက ဤမျှ အင်အားကြီးမားသော အဖွဲ့အစည်းများကို ရန်စရန်နှင့် သူတို့နှင့် ပတ်သက်ရန် ..စုယွီ လုံးဝ မတွေးခဲ့ဖူးချေ။
အလွန်ဆုံး သူ လုပ်ခဲ့ဖူးသည်မှာ ယွင်ရှောင် ဆေးလုံးစံအိမ်နှင့် ပန်းတစ်ရာဂိုဏ်း၏ အင်အားကို တိုးချဲ့ရန် အတွက် သင့်တင့်သော အရည်အချင်းရှိသည့် ကျေးကျွန် အချို့ကို တစ်ခါတစ်ရံ ဝယ်ယူခြင်းသာပင်။
မိမိဘက်မှ လင်းလုံ ကုန်သွယ်ရေးအဖွဲ့ကို ရန်စရန် ရည်ရွယ်ချက် မရှိခဲ့သော်ငြား သူတို့က သူ၏ ခေါင်းပေါ်ကို တိုက်ရိုက် တက်နင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
စုယွီသည် မာထျန်းလင်နှင့်အတူ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အတွင်းရှိ မြေကမ္ဘာ
အင်မော်တယ်နန်းတော်၏ အခြေစိုက်စခန်းသို့ ရောက်ရှိလာပြီး ထိုနေရာတွင် ခေတ္တ တည်းခိုလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးယောင်ယောင် တစ်ခု ပေါ်လာ၏။
“ငါ ဒီမှာ ရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးတယ်”
မြေကမ္ဘာအင်မော်တယ်နန်းတော်၏ တံခါးပေါက်ကို အားကိုးခြင်းဖြင့် စုယွီသည် ယေဘုယျအားဖြင့် ပြဿနာများနှင့် ကင်းဝေးနေလေ့ ရှိ၏။ အမြဲတမ်းလိုလိုပင် ပြဿနာကင်းဝေးခဲ့သည်ဟု ဆိုရပေမည်။
သို့သော် ထိုအချက်က မည်သူမဆို သူ့ကို ရန်စနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေတကား။
များမကြာမီ အချိန်အတွင်း၌။
ရုပ်သေး ကိုယ်ပွားသည် ခရမ်းရောင်ကျောက်စိမ်း ကျောက်ဂူစံအိမ်မှ အနက်ရောင် ဒေါသ စစ်သည်တော်ကို အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။ စုယွီ၏ စိတ်အာရုံသည် မှောင်ခိုဈေးကွက်သို့ ဆင်းသက်လာသော ရုပ်သေး ကိုယ်ပွား အပေါ်သို့ အာရုံစိုက်သွားသည်။
ရုပ်သေး ကိုယ်ပွားသည် သွေးအရိပ် တာအိုသခင် အဖြစ်သို့ အသွင်ပြောင်းလိုက်ပြီး အနက်ရောင် ဒေါသ စစ်သည်တော်နှင့် အတူ ယွင်ရှောင် ဆေးလုံးစံအိမ်သို့ ရောက်ရှိလာခဲ့၏။
ယွင်ရှောင် ဆေးလုံးစံအိမ် အတွင်းတွင် လင်းပင်းနှင့် ယန်ယွီမင်တို့သည် အလွန်တရာ စိုးရိမ် ပူပန်နေကြသည်။
စုယွီ ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများပေါ်တွင် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားမှုများ ပေါ်လာပြီး သူ၏ အနီးသို့ ကမန်းကတမ်း ပြေးသွားကြသည်။
“သခင်... သခင် ရောက်လာပြီပဲ”
“သခင်... လင်းလုံ ကုန်သွယ်ရေးအဖွဲ့က တကယ်ကို မောက်မာလွန်းတယ်... သူတို့က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေကို လုံးဝ ဂရုမစိုက်ဘဲ မှောင်ခိုဈေးကွက်ထဲကနေ အစ်မချင်းရှားကို ဖမ်းခေါ်သွားကြတယ်”
“ကျွန်မတို့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ဆီ အကူအညီ သွားတောင်းတော့လည်း သူတို့က ကူညီဖို့ ငြင်းဆန်တဲ့ အပြင် ကျွန်မတို့ကိုတောင် မောင်းထုတ်လိုက်ကြသေးတယ်”
လင်းပင်းနှင့် ယန်ယွီမင်တို့သည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အပေါ်တွင် သာမက အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရှိ မှောင်ခိုဈေးကွက်ကို စီမံအုပ်ချုပ်နေသူများ အပေါ်တွင်ပါ လွန်စွာ ဒေါသထွက်နေကြသည်။
မှောင်ခိုဈေးကွက်၏ စည်းမျဉ်းစည်းကမ်းများသည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့နှင့် ပတ်သက်လာလျှင် အဓိပ္ပာယ် မရှိတော့ဘူးလော။
ဤသည်က သူတို့ ဆိုဆိုနေကြသော အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ စည်းမျဉ်းစည်းကမ်းများ ပေလော။
အမူအရာ ပြောင်းလဲခြင်း မရှိသော တည်ငြိမ်သည့် မျက်နှာထားဖြင့် စုယွီသည် လင်းပင်းနှင့် ယန်ယွီမင်တို့၏ ဒေါသတကြီး ပြောဆိုနေမှုများနှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အပေါ် မကျေနပ်မှုများကို နားထောင်နေသည်။
သူသည် အနည်းငယ်မျှပင် အံ့အားမသင့်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ဒီလောကကြီးမှာ စွမ်းအားက အမြဲတမ်း ပထမပဲ”
“အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေက အားနည်းတဲ့ သူတွေ အပေါ်မှာပဲ သက်ရောက်တာ... အားကြီးတဲ့ သူတွေ အပေါ်မှာ မဟုတ်ဘူး”
လင်းပင်းနှင့် ယန်ယွီမင်တို့၏ မျက်နှာပေါ်ရှိ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
လင်းပင်း၏ အသံက တုန်ရီနေပြီး စုယွီကို ကြည့်ကာ ပြောလိုက်၏။
“သခင်... အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကတောင် လင်းလုံ ကုန်သွယ်ရေးအဖွဲ့ရဲ့ စွမ်းအားကို ကြောက်ရွံ့နေရတယ်လို့ သခင်လေးက ဆိုလိုချင်တာလား... ဒါ... ဒါဆို အစ်မချင်းရှား အတွက်ကကော ဘယ်လို လုပ်မလဲ”
စုယွီက လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။
“လင်းလုံ ကုန်သွယ်ရေးအဖွဲ့က ဘာတွေများ ကြီးကျယ်နေလို့လဲ... သူတို့က အင်အားကြီးမားတဲ့ အဖွဲ့အစည်း တချို့ရဲ့ နယ်ရုပ်လေးတွေ သက်သက်ပါပဲ”
သူသည် မြေကမ္ဘာ
အင်မော်တယ်နန်းတော်၏ အခြေစိုက်စခန်းသို့ ယခုလေးတင် သွားရောက်ခဲ့ပြီး လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အကြောင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ရန် အရှင်သခင်ကြီး ကိုးမြီး မြေခွေးထံ အထူးတလည် သွားရောက် ရှာဖွေခဲ့ကာ ယခင်က သူ သတိမထားမိခဲ့သော အချက်အလက် အချို့ကို လေ့လာခဲ့ပြီး ဖြစ်သည်။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့က ဘာမှ မဟုတ်ပေ။
အဓိက သော့ချက်က လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ နောက်ကွယ်ရှိ အင်မော်တယ် နန်းတော် အပေါ်တွင်သာ တည်ရှိသည်။
“ငါ လင်းလုံ ကုန်သွယ်ရေးအဖွဲ့ကို တစ်ခေါက်လောက် သွားပြီး သူတို့ ဘာတွေ ကြံစည်နေလဲ ဆိုတာ ကြည့်လိုက်ဦးမယ်”
လင်းပင်းနှင့် ယန်ယွီမင်တို့ကို စကားများများစားစား မဆိုတော့ဘဲ ဤနေရာသို့ အချိန်တိုလေး လာရောက် လည်ပတ်ပြီးနောက် စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့် အတူ လင်းလုံ ကုန်သွယ်ရေးအဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည် သွားရောက်ခဲ့သည်။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့သည် အရှေ့ဘက် ဈေးကွက် အတွင်းရှိ အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ကြီး လေးခု အနက်မှ တစ်ခု ဖြစ်သည်။
သူတို့သည် ကျေးကျွန်များ... မိစ္ဆာကျွန်များနှင့် အခြား ကိစ္စရပ်များကိုပါ စီးပွားရေး အဖြစ် လုပ်ကိုင်ကြသဖြင့် မြောက်များစွာသော ကျင့်ကြံသူများက သူတို့ထံ လာရောက် လည်ပတ်ကြ၏။
ထို့အပြင် ဤကျင့်ကြံသူများသည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ကာ အသံကို တိုးတိုးသာ ပြောဆိုကြပြီး လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ရှေ့မှောက်တွင် မောက်မာစွာ မပြုမူရဲကြပါချေ။
သို့သော် ယနေ့တွင်မူ...
“ဝုန်း...”
လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဝင်ပေါက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပေါက်ကွဲ ပွင့်ထွက်သွားခဲ့ပြီး တံခါးဝတွင် အစောင့်ကျနေသော လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အမြုတေ ဖွဲ့စည်းခြင်း အရှင်သခင် တစ်ဒါဇင်ခန့် ပစ်လွင့်သွားကြသည်။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွင်းရှိ ကျင့်ကြံသူ ဧည့်သည်များသည် ဤရုတ်တရက် ဆန်သော မြင်ကွင်းကြောင့် မှင်သက် အံ့သြသွားကြတော့၏။
“ရွှီး...”
လူတစ်ယောက်က လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှာ ပြဿနာ လာရှာရဲသည် ပေတကား။
သူတို့က တံခါးပေါက်ဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့် အတူ အင်မော်တယ် နန်းတော် ခြံဝင်းနှင့် တူသော လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွင်းသို့ အေးအေးလူလူ လျှောက်လှမ်း ဝင်ရောက်လာခဲ့၏။
ဤအချိန်တွင် လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွင်းမှ မူလဝိညာဉ် အရှင်သခင်ကြီးများ၏ အရှိန်အဝါ တစ်ခုပြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီး ဤသေးငယ်သော ကုန်သွယ်ရေးအဖွဲ့ အတွင်း၌ မူလဝိညာဉ် အရှင်သခင်ကြီး ဆယ်ပါး ရှိနေသည်။
ထိုအထဲတွင် မူလဝိညာဉ်နယ်ပယ် အထွတ်အထိပ် အရှင်သခင်ကြီး တစ်ပါးပင် ပါဝင်နေသေး၏။
“ဝုန်း...”
စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့ လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ အတွင်း၌ အတွင်းပိုင်း အခင်းအကျင်း တစ်ခု လည်ပတ်သွားခဲ့သည်။
စတုတ္ထအဆင့် အဆင့်မြင့် ပိတ်လှောင်ခြင်း အခင်းအကျင်းနှင့် စတုတ္ထအဆင့် အဆင့်မြင့် သတ်ဖြတ်ခြင်း အခင်းအကျင်းတို့ စတင် အသက်ဝင်လာခဲ့ပြီး စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့ကို အတွင်း၌ ပိတ်လှောင်လိုက်တော့သည်။