အခန်း ၇၂၀
Vol. 48 Ch. 720
အခန်း (၇၂၀) - ဖျက်ဆီးခြင်းနှင့် ဝိညာဉ်ခွဲထွက် အရှင်သခင်၏ ကိုယ်ပွား ပေါ်ထွက်လာခြင်း (အပိုင်း ၃)
ထိုအရာက ချန်းကျိုးနယ်ရှိ အင်အားအကြီးဆုံး အင်မော်တယ် ဂိုဏ်းကြီးများထဲမှ တစ်ခုပင်တကား။
ထိုဂိုဏ်း၏ အင်မော်တယ် ဂိုဏ်းချုပ်မှာ ဝိညာဉ်ခွဲထွက် နယ်ပယ်ထက် ကျော်လွန်သွားသော တာအိုသခင်ကြီး တစ်ပါး ဖြစ်၏။
ထိုမျှ ကြီးမားလှသော အင်အားစုမျိုးကို အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်အား သတ္တိဆယ်ဆ ပေးလျှင်ပင် သွားရောက် ရန်စဝံ့မည် မဟုတ်ပေ။
သို့သော် ယခုလေးတင် သူသည် မိမိရှေ့ရှိ လူကိုပင် လက်ပါမိတော့မလို ဖြစ်သွားခဲ့ချေပြီ။
သို့သော်ငြား ဤလူနှစ်ယောက်က တကယ်ပဲ တာ့ယန် အင်မော်တယ်မင်းဆက်က လာသူများ ဟုတ်ပါရဲ့လော။
သူတို့က ဒါကျီ ကျင့်ကြံခြင်း ကမ္ဘာအတွင်းသို့ စေလွှတ်ထားသော တာ့ယန် အင်မော်တယ်မင်းဆက်၏ လက်ဝေခံများ တကယ်ပဲ ဟုတ်နေသလော။
သူသည် စုယွီကို တွေဝေစွာ ငေးကြည့်လိုက်ပြီး မည်သည့် သက်သေအထောက်အထား ရှိသနည်းဟု မေးခွန်းထုတ်ချင်နေ၏။
သို့ရာတွင် ထိုစကားများမှာ နှုတ်မှ မထွက်လာခင်မှာပင် လည်ချောင်းထဲ၌ ပြန်လည် မြိုချသွားရတော့သည်။
ဤကိစ္စများကို သိရှိနေသူ တစ်ယောက်မှာ သာမန်လူ မဟုတ်နိုင်တော့ပေ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဤကိစ္စက သူတို့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်နှင့် မသက်ဆိုင်ချေ။ အကြောင်းမူကား ယခု သေဆုံးသွားသူများမှာ သူတို့လူများ မဟုတ်သောကြောင့်ပင်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီးက အသံလွှင့်စနစ်ဖြင့် အသိပေးလိုက်သည်။
“မင်းကိုယ်မင်း ဂရုစိုက်တာ ပိုကောင်းမယ်... မှောင်ခိုဈေးကွက်ထဲမှာ နောက်ထပ် ဘာပြဿနာမှ ထပ်မရှာနဲ့... မဟုတ်ရင် ဘယ်သူမှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ထို့နောက် သူ၏ အရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိုနေရာမှ ထွက်ခွာသွားတော့၏။
သို့သော် သူ မထွက်ခွာမီ စုယွီက အသံလွှင့်စနစ်ဖြင့် သတိပေးလိုက်သည်။
“ယွင်ရှောင် ဆေးလုံးစံအိမ်ရဲ့ ကိစ္စကို အပြင် ပေါက်ကြားခွင့် မပြုဘူး... မဟုတ်ရင်တော့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ပဲ အကျိုးဆက်ကို ခံစားရလိမ့်မယ်”
ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီးမှာ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားသော်လည်း လှည့်မကြည့်ဘဲ ဆက်လက် ထွက်ခွာသွား၏။
တကယ်လို့ ထိုသူတို့ကသာ တာ့ယန် အင်မော်တယ်မင်းဆက်မှ လူများ ဖြစ်နေလျှင် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အနေဖြင့် ထိုသူတို့ကို သွားရောက် ရန်စရန် လုံးဝ မဖြစ်နိုင်ပေ။ တာ့ယန် အင်မော်တယ်မင်းဆက်ကို အရှုံးပေး ဦးညွတ်ရခြင်းမှာ အရှက်ရစရာ ကိစ္စ မဟုတ်ချေ။
ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီးသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။
ဤသို့ တွေးတောလိုက်သောအခါ သူ့စိတ်ထဲတွင် များစွာ သက်သာရာ ရသွားတော့သည်။
စုယွီ၏ စကားများကြောင့် ရင်ထဲတွင် ပွက်ပွက်ဆူလာသော ဒေါသမီးများမှာလည်း လျော့ပါးသွားပြီး ပို၍ နေလို့ထိုင်လို့ ကောင်းသွားလေတော့သည်။
မှောင်ခိုဈေးကွက် အတွင်းရှိ အခြားသော အင်အားစုများနှင့် ကျင့်ကြံသူများသည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ အရှင်သခင်ကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ထိုစဉ် မှောင်ခိုဈေးကွက် အတွင်းရှိ အင်အားစုများ အားလုံး၏ စိတ်ထဲတွင် အမည်နာမ တစ်ခုကို အသေအချာ မှတ်သားထားလိုက်ကြသည်။
ယွင်ရှောင် ဆေးလုံးစံအိမ် ပင်တည်း။
ထိုအင်အားစုသည် အင်မော်တယ် တစ်သောင်း နန်းတော်၏ ဒေါသကို ခံနိုင်ရည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ သွားရောက် ရန်စနိုင်သော အရာ မဟုတ်တော့ပေ။
လင်းလုံ ကုန်သွယ်ရေးအဖွဲ့က သူတို့ကို သွားရောက် ရန်စခဲ့မိသဖြင့် ယခုအခါ လင်းလုံ ကုန်သွယ်ရေးအဖွဲ့၏ ဂိုဏ်းချုပ်ကြီးပင် သူတို့ လက်ထဲတွင် ကျဆုံးသွားခဲ့ရပြီ မဟုတ်လော။
ဤမှောင်ခိုဈေးကွက် အတွင်းမှာပင်။
အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီး ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခဲ့သော်လည်း သူတို့ကို မတားဆီးနိုင်ခဲ့ချေ။ ယွင်ရှောင် ဆေးလုံးစံအိမ်မှ လူများကို တိုက်ခိုက်ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှသေး၏။
သူတို့က ရောက်လာပြီး ပြန်လည် ထွက်ခွာသွားကြလေပြီ။
သူတို့ စတင် ရောက်ရှိလာစဉ်က ပေါ်ထွက်လာသော ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေမည့် ဒေါသတရားကြီးမှာ... အသံသာ မြည်၍ အရာမထင်သော လေချဉ်တစ်ခုအလား ဘာမှ မဖြစ်ခဲ့ပေ။
အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီး၏ တာအိုကျင့်ကြံသူ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ စုယွီမှာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
အကယ်၍ ထိုအရှင်သခင်ကြီးသာ တကယ် တိုက်ခိုက်လာပါက သူသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့်အတူ ထွက်ပြေးရန်သာ တတ်နိုင်မည် ဖြစ်သည်။
အကြောင်းမူကား အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်တွင် ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီး တစ်ပါးမက ရှိနေပြီး ဤနေရာသည် သူတို့၏ ပိုင်နက် ဖြစ်နေသောကြောင့်ပင်။
သို့သော်ငြား ထိုသို့ ထွက်ပြေးရမည် ဆိုပါက အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သည်လည်း သူ၏ ရန်သူစာရင်းထဲသို့ ရောက်ရှိသွားမည်သာ ဖြစ်၏။
သူ့အား ရန်စခြင်းသည် ကျင့်ကြံခြင်း ကမ္ဘာရှိ အခြားသော အင်အားကြီး ဂိုဏ်းများကို ရန်စခြင်းထက် ပို၍ ပြင်းထန်လိမ့်မည်ဟု စုယွီက ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရန်ငြိုးကို အသေအချာ မှတ်ထားတတ်သောကြောင့်ပင်တည်း။
ယခုမူ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီးက အခြေအနေကို နားလည်ပြီး နောက်ဆုတ်သွားသဖြင့် အရာအားလုံး အဆင်ပြေသွားခဲ့လေပြီ။
နောက်ဆက်တွဲ အခြေအနေမှာမူ... တောရိုင်းနယ်မြေတွင် ကြီးမားသော ထိုးနှက်ချက် ခံလိုက်ရပြီးနောက် အင်မော်တယ် တစ်သောင်း နန်းတော်က မည်သို့ တုံ့ပြန်လာမည်ဆိုသည့် အချက်အပေါ်တွင်သာ မူတည်နေတော့သည်။
အင်မော်တယ် တစ်သောင်း နန်းတော်၏ လက်ရှိ ယိုင်နဲ့နေသော အခြေအနေကို ထည့်သွင်း စဉ်းစားကြည့်ပါက လင်းလုံ ကုန်သွယ်ရေးအဖွဲ့ အတွက် အကျိုးဆက်များကို ဂရုမစိုက်ဘဲ ယွင်ရှောင် ဆေးလုံးစံအိမ် အပေါ် လက်တုံ့ပြန်ရန် အလားအလာမှာ အလွန် နည်းပါးလှသည်။ အကြောင်းမှာ အင်မော်တယ် တစ်သောင်း နန်းတော်သည် နောက်ထပ် ဆုံးရှုံးမှုများကို ခံနိုင်ရည် မရှိတော့သောကြောင့် ဖြစ်၏။
နှစ်ကြိမ်ဆက်တိုက် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အင်မော်တယ် တစ်သောင်း နန်းတော်၏ အင်အားမှာ ယခုအခါ ယိမ်းယိုင်နေလေပြီ။
အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ကြီးပွားတိုးတက်နေရာမှ ကျဆင်းသွားမည့် အန္တရာယ် ရှိနေသည်။
အကောင်းဆုံး ရွေးချယ်မှုမှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ မိမိ၏ ဒဏ်ရာများကို ကုသပြီး အင်အားကို ပြန်လည် စုစည်းရန်ပင် ဖြစ်သည်။ အင်အားများ ပြန်လည် ပြည့်ဝလာချိန်မှသာ မိမိ၏ အစွယ်ကို ပြသသင့်သည်။
ထိုအရာကသာ အကောင်းဆုံး လုပ်ရပ် ဖြစ်၏။ အကြောင်းမှာ အင်အားကသာ အရာအားလုံး၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့်ပင်။
ထိုသို့မဟုတ်ဘဲ အစွမ်းအစ မရှိသည့် ဒေါသများကိုသာ ဖော်ပြနေမည် ဆိုပါက သူတို့၏ ကျဆင်းမှုနှင့် ပျက်စီးယိုယွင်းမှုကိုသာ ပို၍ အရှိန်မြှင့်တင်ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အင်မော်တယ် တစ်သောင်း နန်းတော်ကို ရင်ဆိုင်မည့် နည်းဗျူဟာကို စဉ်းစားနေစဉ်မှာပင် စုယွီသည် အနက်ရောင် ဒေါသ စစ်သည်တော်နှင့်အတူ လင်းလုံ ကုန်သွယ်ရေးအဖွဲ့မှ အရာအားလုံးကို သိမ်းယူလိုက်သည်။ ထိုအထဲတွင် ရတနာသိုက်နှင့် အလုပ်သမားများ အားလုံး ပါဝင်ပြီး လူနှင့် မိစ္ဆာကျေးကျွန် ရာပေါင်းများစွာကို သိမ်းဆည်းလိုက်ခြင်း ဖြစ်၏။
သူတို့သည် မြေအောက် မိုင်ထောင်ချီ နက်သော အခင်းအကျင်း လျှို့ဝှက်နယ်မြေဆီသို့ သွားကာ လင်ချင်းရှောင်ကို ကယ်တင်လိုက်ပြီး လျှို့ဝှက်နယ်မြေ အတွင်းရှိ အခြားသော လက်အောက်ငယ်သားများကိုပါ ခေါ်ဆောင်သွားသည်။
ပြီးနောက်.. စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော်တို့.. ချက်ချင်းပင် ထွက်ခွာသွားကြတော့၏။
ယွင်ရှောင် ဆေးလုံးစံအိမ်သို့ ပြန်ရောက်သောအခါ စုယွီသည် လင်ပင်းနှင့် ယန်ယွီမင်တို့ကိုပါ ခေါ်ဆောင်သွားကာ ဆေးလုံးစံအိမ်ကို ယာယီ ပိတ်သိမ်းလိုက်သည်။ ထို့နောက် မှောင်ခိုဈေးကွက်မှ ထွက်ခွာကာ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှပါ ထွက်ခွာသွားတော့၏။
အင်မော်တယ် တစ်သောင်း နန်းတော်က အကျိုးဆက်များကို ဂရုမစိုက်ဘဲ တုံ့ပြန်လာမည့် အလားအလာမှာ မများသော်လည်း စုယွီ အနေဖြင့် လောင်းကစား မလုပ်လိုပေ။
အင်မော်တယ် တစ်သောင်း နန်းတော်၏ တုံ့ပြန်မှုကို အချိန်အတန်ကြာ စောင့်ကြည့်ပြီးမှ ပြန်လာသင့် မလာသင့်ကို ဆုံးဖြတ်ရပေမည်။
သူသည် တျောက်ရှုယွီ ထံသို့ သတင်းပို့လိုက်ပြီး ယွင်ရှောင် ဆေးလုံးစံအိမ်မှ လူများကို ခေတ္တမျှ ပုန်းအောင်းနေရန် အမိန့်ပေးလိုက်၏။
ထို့နောက် စုယွီသည် မာထျန်းလင်၊ အနက်ရောင် ဒေါသ စစ်သည်တော်နှင့် လင်းချင်းရှား အပါအဝင် အမျိုးသမီး သုံးဦးတို့ကို ခေါ်ဆောင်ကာ ပန်းတစ်ရာ ဂိုဏ်း၏ လျှို့ဝှက်နယ်မြေဆီသို့ ထွက်ခွာသွားတော့သည်။
ပန်းတစ်ရာ ဂိုဏ်း၏ လျှို့ဝှက်နယ်မြေ အတွင်းရှိ ပန်းပင်လယ် အင်မော်တယ် နန်းတော်ဝယ် ဖြစ်၏။
စုယွီသည် လင်းလုံ ကုန်သွယ်ရေးအဖွဲ့ထံမှ ရရှိလာသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်နေလေသည်။
သူသည် အဆင့်နိမ့် မှော်ရတနာ (၁၆) ခုကို ရရှိခဲ့ပြီး အလယ်အလတ်အဆင့် မှော်ရတနာများ ဖန်တီးရာတွင် အသုံးပြုနိုင်သည့် အဆင့် (၅) ဝိညာဉ် သတ္တု အမြောက်အမြားကိုပါ ရရှိခဲ့သည်။
“မဆိုးဘူး... ဒီပစ္စည်းတွေနဲ့ဆိုရင် ငါ့ရဲ့ ကောင်းကင် သန့်စင်ခြင်း ပညာရပ်က အများကြီး တိုးတက်လာနိုင်တယ်”
စုယွီက အလွန် ကျေနပ်စွာဖြင့် ရေရွတ်လိုက်၏။
ထို့နောက် သူ၏ အကြည့်များမှာ လင်းလုံ ကုန်သွယ်ရေးအဖွဲ့က ကျင့်ကြံသူများနှင့် မိစ္ဆာမျိုးနွယ်များကို ကျေးကျွန်ပြုရာတွင် အထူး အသုံးပြုသော ဗုဒ္ဓဘာသာ ကျမ်းစာအုပ် တစ်အုပ်ပေါ်သို့ ကျရောက်သွားသည်။
စုယွီ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားတော့၏။
‘လွတ်လပ်ခြင်း မဟာ ခရီးသွား ကျမ်းစာ... လား’