← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း (၂၉၃) ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ

ကျောက်လင်သည် ကျန်းနန်စံအိမ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မြင်းလှည်းတစ်စီးကို တားလိုက်၏။

"လှည်းဆရာ... တောင်ဘက်တံခါးကို သွားချင်တယ်..."

ကျောက်လင်က မြင်းလှည်းပေါ်တက်ကာ အမိန့်ပေးလိုက်သည်။

တကယ်တမ်းတွင် ကျောက်လင်သည် လျန်ရှီးခရိုင်မှ တိုက်ရိုက်ပျံသန်း၍ ထွက်ခွာသွားနိုင်သော်လည်း သွမ့်မိသားစု၏ အင်အားစုများကို သွေးဆောင်လိုသဖြင့် မြင်းလှည်းကို စီးနင်းခဲ့ခြင်းဖြစ်ကာ သွမ့်မိသားစု၏ သူလျှိုများကို ပြန်လည်သတင်းပို့ရန် အချိန်အလုံအလောက် ပေးလိုက်ခြင်းဖြစ်သည်။

သေချာသည်မှာ မြင်းလှည်းသည် ကျန်းနန်စံအိမ်မှ ထွက်ခွာသွားသောအခါ အနီးနားတွင် ပုန်းအောင်းနေသော သွမ့်မိသားစုမှ သူလျှိုများသည် သတင်းပို့ရန် သွမ့်မိသားစု စံအိမ်သို့ ချက်ချင်း သွားရောက်ခဲ့ကြ၏။

သတင်းကို လက်ခံရရှိပြီးနောက် သွမ့်ချီရှန်သည် တတိယအကြီးအကဲ သွမ့်ဟွိုင်ရှုံ၏ အိပ်ခန်းဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

"တတိယအကြီးအကဲ... သတင်းရပြီ..."

"ကျောက်လင်က ကျန်းနန်စံအိမ်ကနေ ထွက်သွားပါပြီ... သူက မြင်းလှည်းတစ်စီးနဲ့ တောင်ဘက်တံခါးဆီကို သွားနေတယ်..."

သွမ့်ချီရှန်က တံခါးဝတွင်ရပ်ကာ အော်ပြောလိုက်၏။

ဤအချိန်တွင် အိပ်ခန်းရှိ ကုတင်ပေါ်၌ သွမ့်ဟွိုင်ရှုံသည် မိန်းမပျိုတစ်ဦးနှင့် ရစ်ပတ်နှီးနှောနေသည်။

ဤသည်မှာ သွမ့်ဟွိုင်ရှုံ၏ ဝါသနာပင်ဖြစ်၏။ သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း ပေါင်းစည်းခြင်းနယ်ပယ်၏ အစွမ်းရှိနေဆဲဖြစ်ကာ သူ၏ ရုပ်ခန္ဓာနှင့် သွေးသားများက ကျဆင်းမသွားပေ။ သူက လောကရှိ အရသာအားလုံးကို မြည်းစမ်းချင်နေသေးသည်။

"ကောင်းပြီ... ငါ နားလည်ပြီ..."

သွမ့်ဟွိုင်ရှုံက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီးနောက် သူ၏ လုပ်ဆောင်မှု အရှိန်ကို မြှင့်လိုက်၏။

ထိုစဉ်မြင်းလှည်းပေါ်တွင် ထိုင်နေသော ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် သွမ့်ဟွိုင်ရှုံ၏ မြင်ကွင်းကို မျှဝေခံစားနေရသဖြင့် ၎င်းတို့နှစ်ဦး၏ စကားဝိုင်းကို သဘာဝကျကျပင် သိရှိနေ၏။

"ငါ တောင်ဘက်တံခါးကနေ ထွက်သွားမယ်ဆိုတာကို မင်းတို့ သိနေမှတော့ ငါ မင်းတို့ကို စောင့်မနေတော့ဘူး..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရုတ်တရက် ကျောက်လင်သည် ကန့်လန့်ကာကို မတင်လိုက်ပြီး လှည်းဆရာအား ငွေပြားတစ်ပြားကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ကာ လေထဲသို့ ချက်ချင်း ပျံတက်သွားပြီး တောင်ဘက်မြို့တံခါးမျှော်စင်ကို ကျော်ဖြတ်သွား၏။

တောင်ဘက်တံခါးအနီးတွင်လည်း သွမ့်မိသားစုဝင်အချို့ ပုန်းအောင်းနေကြသည်။

ကျောက်လင်သည် အနိမ့်ပိုင်းမှ ပျံသန်းနေကာ သူ၏ ရှိနေမှုကို တမင်တကာ ဖုံးကွယ်မထားခဲ့သဖြင့် သွမ့်မိသားစုဝင်များက သဘာဝကျကျပင် မြင်တွေ့သွားကြ၏။

"ဒုက္ခပါပဲ... တတိယအကြီးအကဲက ရောက်မလာသေးဘူး... ကျောက်လင်ကလည်း မြို့ထဲကနေ ပျံထွက်သွားပြီ... သူ့ကို ငါတို့ ဘယ်လိုလုပ် ခြေရာခံရမှာလဲ..."

မြို့ရိုးပေါ်တွင် ပုန်းအောင်းစောင့်ဆိုင်းနေသော ကင်းထောက်နှစ်ဦးသည် ကျောက်လင်က မြို့ရိုးကို ကျော်ဖြတ်၍ ပျံသန်းသွားသည်ကို မြင်လိုက်ရသောအခါ အလွန်စိုးရိမ်ပူပန်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် ကျောက်စိမ်းဗိမာန်နယ်ပယ်တွင်သာ ရှိသေးသဖြင့် အချိန်ကြာမြင့်စွာ မပျံသန်းနိုင်သောကြောင့် အဝေးကြီးသို့ မရောက်သွားပေ။ သူက မြို့တံခါးမျှော်စင်နှင့် တစ်လီခန့်ကွာဝေးသော တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် ရပ်တန့်နေခဲ့သည်။

"ကံကောင်းလို့ ကျောက်လင်က ကျောက်စိမ်းဗိမာန်နယ်ပယ်မှာပဲ ရှိနေသေးတာ... အဲ့ဒါကြောင့် သူ အဝေးကြီး မပျံသန်းနိုင်ဘူး..."

"တတိယအကြီးအကဲရဲ့ အမြန်နှုန်းနဲ့ဆိုရင် သူက မကြာခင် ရောက်လာပြီး ကျောက်လင်ကို အလွယ်တကူ ရှာတွေ့နိုင်လိမ့်မယ်..."

ကျောက်လင်သည် တောင်စောင်းပေါ်တွင် ဆင်းသက်သွားသည်ကို မြင်လိုက်ရပြီးနောက် ကင်းထောက်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

ဤအချိန်တွင် တောင်စောင်းပေါ်ရှိ ကျောက်လင်က မျက်စိအောက်မှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျောက်လင်သည် သစ်တောတစ်ခုထဲသို့ ရောက်ရှိသွားပြီး အသံထက်မြန်သော ကျောပိုးအိတ်ကို ထုတ်ယူကာ မြေပြင်နှင့် နီးကပ်စွာ ပျံသန်းလိုက်ပြီး ပိုမိုဝေးကွာသော တောင်တန်းဒေသဆီသို့ ချက်ချင်း ဦးတည်သွား၏။

ဆယ်လီခန့် ပျံသန်းပြီးနောက် ကျောက်လင်သည် မီတာနှစ်ထောင်မြင့်သော တောင်တစ်တောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

"သွမ့်မိသားစုရဲ့ တတိယအကြီးအကဲက မကြာခင် လိုက်မီလာလိမ့်မယ်လို့ ငါ ထင်တယ်..."

"ဒါဆိုရင် ငါ ဒီနေရာမှာ ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ပြီး တတိယအကြီးအကဲကို ဒီမှာပဲ မြှုပ်နှံလိုက်မယ်..."

ကျောက်လင်က သူ၏ အသံထက်မြန်သော ကျောပိုးအိတ်ကို ပြန်သိမ်းရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ပေါင်းစည်းခြင်းနယ်ပယ်ကို ကိုင်တွယ်ဖြေရှင်းရန် အဏုမြူဗုံးသည် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သို့သော် ကျောက်လင်သည် အဏုမြူဗုံးများကို ဆက်လက်အသုံးပြုရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

ယွီချီတောင်ထွတ်ရှိ မဟာလီမင်းဆက်၏ ရတနာနယ်မြေတွင် ကျောက်လင်သည် ချီလင်အကယ်ဒမီမှ ဥပဒေထိန်းသိမ်းရေး နည်းပြနှစ်ဦးကို သတ်ဖြတ်ရန် အဏုမြူဗုံးတစ်လုံးကို အသုံးပြုခဲ့သည်။

ယခု သွမ့်ဟွိုင်ရှုံကို သတ်ဖြတ်ရန် အဏုမြူဗုံးတစ်လုံးကို အသုံးပြုခဲ့လျှင် ၎င်းသည် ချီလင်အကယ်ဒမီ၏ အာရုံစိုက်မှုကို ရှောင်လွှဲ၍မရဘဲ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး လူများကို ကျောက်လင်အကြောင်း တွေးတောသွားစေလိမ့်မည်။

သူ အမှန်တကယ် အင်အားမကြီးမားလာမီ ကျောက်လင်သည် ချီလင်အကယ်ဒမီနှင့် ထိပ်တိုက်မတွေ့လိုပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏နောက်ကွယ်တွင် မဟာချင်မင်းဆက်က ကျောထောက်နောက်ခံပေးထားပြီး ကျောက်လင်က မဟာချင်မင်းဆက်နှင့် ရင်ဆိုင်ရန် မစဉ်းစားရသေးပေ။

ထို့ကြောင့် ကျောက်လင်သည် ပေါင်းစည်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို သတ်ဖြတ်ရန် အခြားနည်းလမ်းများကို အသုံးပြုရမည် ဖြစ်၏။

"ဖက်တီး... ဒီကိုထွက်ခဲ့..."

ရုတ်တရက် ကျောက်လင်က အော်ခေါ်လိုက်သည်။

ဝှစ်…

မူလတာအိုသစ်သီးဆယ်လုံးကို စားသုံးပြီးနောက် ကြွက်လေးသည် ဆဋ္ဌမအဆင့် ဝိညာဉ်သားရဲအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်။ ၎င်း၏ အမြန်နှုန်းမှာ ပို၍ပင် လျင်မြန်လာပြီး နေရာရွှေ့ပြောင်းနိုင်သည့်အဆင့်သို့ ရောက်ရှိသွား၏။

ထို့ကြောင့် ကြွက်လေးကို ယခုအခါ ကျောက်လင်၏ အစောင့်အရှောက်အဖြစ် မှတ်ယူနိုင်ပြီဖြစ်သည်။

"ကျွီ..."

ကြွက်လေးသည် ကျောက်လင်၏ ပခုံးပေါ်သို့ ဆင်းသက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အသံပြုလိုက်၏။

"ဖက်တီး... မကြာခင် လူဆိုးတစ်ယောက် ငါ့ဆီကို လာလိမ့်မယ်... မင်း ငါ့ကို ကူညီရမယ်နော်..."

ကျောက်လင်က ပြုံးလိုက်သည်။

"ကျွီ..."

ကြွက်လေးက သဘောတူကြောင်း ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

"ပြီးခဲ့တဲ့အကြိမ်က လုပ်ကြံသူစခန်းကို တိုက်ခိုက်ဖို့ သုံးခဲ့တဲ့ ဓားသွားတစ်သောင်း အစီအရင်ကို မင်း ဆက်ပြီး ထိန်းချုပ်ပေးရင် ဘယ်လိုလဲ..."

ကျောက်လင်က တည်ငြိမ်စွာ မေးလိုက်သည်။

"ကျွီ.."

ကြွက်လေးက ချက်ချင်း တုံ့ပြန်လိုက်၏။

ပြီးခဲ့သည့်အကြိမ်က ကြွက်လေးသည် ပေါင်းစည်းခြင်းနယ်ပယ်မှ လုပ်ကြံသူနှစ်ဦးကို သတ်ဖြတ်ရန် ဓားသွားတစ်သောင်း အစီအရင်ကို အသုံးပြုခဲ့ပြီး လူများကို သတ်ဖြတ်ရသည့် ဤလျှို့ဝှက်သောနည်းလမ်းကို နှစ်သက်လာခဲ့သည်။

ဤအချိန်တွင် ကြွက်လေးသည် ၎င်း၏ ပါးစပ်ကိုဖွင့်ကာ ဓားသွားတစ်သောင်း အစီအရင်၏ အစီအရင်ပြား ခြောက်ခုအပြင် ဝိညာဉ်စွမ်းအင် လုံးဝကုန်မခန်းသေးသော ဝိညာဉ်သလင်းကျောက်ကိုပါ ထွေးထုတ်လိုက်၏။

"မင်းကို နောက်ထပ် ဝိညာဉ်သလင်းကျောက်တစ်ခု ထပ်ပေးမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ကျောက်လင်သည် စနစ်ဈေးဆိုင်မှ ဝိညာဉ်သလင်းကျောက် ဆယ်ခုကို ဝယ်ယူရန် စနစ်အမှတ် သန်းတစ်ထောင်ကို အသုံးပြုလိုက်၏။

ကျောက်လင်သည် ဝိညာဉ်သလင်းကျောက်တစ်ခုကို ထုတ်ယူကာ ကြွက်လေးဆီသို့ ပစ်ပေးလိုက်သည်။

သူကလည်း ဝိညာဉ်သလင်းကျောက်များကို အသုံးပြု၍ သူ၏ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ပြန်လည်ဖြည့်တင်းလိုသဖြင့် ကျန်ရှိသော ဝိညာဉ်သလင်းကျောက် ကိုးခုကို သူကိုယ်တိုင်အတွက် သိမ်းထားချင်ခဲ့၏။

ဤအချိန်တွင် ကျောက်လင်သည် လက်ထဲ၌ ဝိညာဉ်သလင်းကျောက်တစ်ခုကို ကိုင်ထားပြီး သူ၏ လက်ဝါးက ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ချက်ချင်း စုပ်ယူလိုက်သည်။

ကျောက်လင်သည် လေထဲတွင် ပျံသန်းနေစဉ် ဝိညာဉ်စွမ်းအင် အများအပြားကို သုံးစွဲခဲ့ရသည်။

အချိန်တိုအတွင်းမှာပင် ကျောက်လင်၏ ဝိညာဉ်စွမ်းအင်များသည် အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာခဲ့၏။

"ဝိညာဉ်သလင်းကျောက်တွေက နည်းနည်း ဈေးကြီးပေမဲ့ သူတို့ရဲ့ အာနိသင်က တကယ့်ကိုကောင်းတာပဲ..."

ကျောက်လင်က သက်ပြင်းချလိုက်သည်။

နောက်ဆုံးအဆင့် ကျောက်စိမ်းဗိမာန်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်မှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီး ဝိညာဉ်သလင်းကျောက်ထဲရှိ ဝိညာဉ်စွမ်းအင်၏ ဆယ်ပုံတစ်ပုံအောက်သာ ကုန်ဆုံးသွားခဲ့၏။

ထိုအခိုက်တွင် အဝေးမှ ဖြတ်ပြေးသွားသော အရိပ်တစ်ခု ပျံသန်းလာသည်။

"သူတို့ ရောက်လာပြီ..."

ကျောက်လင်၏ လင်းယုန်မျက်လုံးများက ဤပုံရိပ်ကို မြင်လိုက်ရသောအခါ သူက တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်၏။

သွမ့်ဟွိုင်ရှုံသည် လေထဲတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာပြီး နောက်ဆုံးတွင် တောင်ထိပ်ပေါ်ရှိ ကျောက်လင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

"ဟားဟား..."

"ကျောက်လင်... နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့သွားပြီ..."

ကျောက်လင်ကို မြင်သောအခါ သွမ့်ဟွိုင်ရှုံက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကျောက်လင်၏ အရှေ့တွင် ချက်ချင်း ဆင်းသက်လာ၏။

"ခင်ဗျားက ဘယ်သူလဲ..."

ကျောက်လင်က ဤမေးခွန်းကို တမင်သက်သက် မေးလိုက်ခြင်းဖြစ်သည်။

"ငါက သွမ့်မိသားစုကပဲ..."

"မင်းက လုညီအစ်မသုံးယောက်ကို လက်ထပ်ခဲ့ပြီး ငါတို့ သွမ့်မိသားစုကို ဆန့်ကျင်တိုက်ခိုက်ဖို့တောင် သူတို့ကို ကူညီပေးခဲ့သေးတယ်... မင်းက သေထိုက်တဲ့ ပြစ်မှုကို ကျူးလွန်ထားတာ... အဲ့တာကို မင်း သိရဲ့လား..."

သွမ့်ဟွိုင်ရှုံသည် ကျောက်လင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

"အိုး... ဒါဆို ခင်ဗျားက ကျုပ်ကို ဖယ်ရှားပစ်ချင်လို့ ဒီလောက် အလောတကြီး လိုက်လာခဲ့တာပေါ့လေ..."

ကျောက်လင်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဒါပေါ့..."

"ငါ့ရဲ့ သွမ့်မိသားစုနဲ့ လုမိသားစုက အမြဲတမ်း ကျိန်ဆိုထားတဲ့ရန်သူတွေပဲ... မင်းက လုမိသားစုကို ကူညီနေတာဖြစ်လို့ ငါ့ရဲ့ သွမ့်မိသားစုကို စော်ကားနေတာပဲ..."

"လျန်ရှီးခရိုင်မှာဆိုရင်တော့ မင်းကို ငါ သတ်လို့မရဘူး... ဒါပေမဲ့ ဒီလူသူကင်းမဲ့တဲ့ တောင်တန်းဒေသမှာတော့ မင်းကို သတ်ရတာက မျောက်ကိုခြောက်ဖို့ ကြက်ကို သတ်ပြရသလိုမျိုး လွယ်ကူလိမ့်မယ်..."

သွမ့်ဟွိုင်ရှုံက အေးစက်စွာ ပြောလိုက်ပြီး သူ၏ မျက်လုံးများက ကျောက်လင်ကို အလောင်းတစ်လောင်းလို စိုက်ကြည့်နေ၏။

"အိုး... ခင်ဗျားက ကျုပ်ကို သတ်နိုင်မယ်လို့ အဲ့လောက်တောင် သေချာနေတာလား..."

ကျောက်လင်က ပြုံး၍ မေးလိုက်သည်။

"မင်းက ကျောက်စိမ်းဗိမာန်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လေထဲမှာလည်း ခဏလောက် ပျံသန်းလာခဲ့သေးတယ်... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် ဘယ်လောက်တောင် ကျန်သေးလို့လဲ..."

"ဒါ့အပြင် ငါက ပေါင်းစည်းခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ ရှိတယ်... ငါ့လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ မင်းကို အသားကြိတ်စက်ထဲ ထည့်ထားသလို အစအနမကျန်အောင် လုပ်ပစ်နိုင်တယ်..."

သွမ့်ဟွိုင်ရှုံက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် သွမ့်ဟွိုင်ရှုံက တိုက်ခိုက်ရန် သူ၏ လက်ကို မြှောက်လိုက်တော့မည် ဖြစ်သည်။

"အဟက်.. ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ..."

"ကျုပ် ဒီတောင်ထိပ်မှာ ဘာလို့ နေနေတယ်လို့ ခင်ဗျား ထင်နေတာလဲ..."

"ခင်ဗျားကို ဒီတောင်ပေါ်မှာ မြှုပ်နှံလိုက်တာက ပေါင်းစည်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဆိုတဲ့ ခင်ဗျားရဲ့ ဂုဏ်အတန်းအစားကို ကျဆင်းသွားစေမှာ မဟုတ်ပါဘူး..."

ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

All Chapters