အခန်း (၂၁၈၁-၂၁၈၂)
Vol. 219 Ch. 2181-2182
အခန်း (၂၁၈၁) စားလို့မဖြစ်ဘူးလေ
နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ဝမ်ချုံစန််းချန်ဖေးဖေး၊ ချန်အင်းရွှယ် တို့နှစ်ယောက်ကို ခေါ်ဆောင်လျက် တစ်ပါးတည်း တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
ဖန့်ချန် က တရားကျင့်ဆောင်ထဲကနေ ထွက်ခွာလာပြီး၊ ထိုသုံးယောက်အား တစ်ချက် စိုက်ကြည့်လိုက်ကာ ပြုံးလျက် -
“ရှောင်ဝမ် …… မင်းက ဂျူနီယာညီလေးနဲ့ ညီမလေးနှစ်ယောက်စလုံးကို ဒီကို ခေါ်လာတာဆိုတော့၊ သူတို့တွေရဲ့ ကျင့်ကြံခြင်းအပေါ်ကို သက်ရောက်မှု ရှိမနေဘူးလား ”
“မသက်ရောက်ပါဘူး ”
ချန်ဖေးဖေး က ရှေ့ကနေ ဦးစွာ ထွက်ရပ်ပြီး ပြောဆိုလိုက်သည်။
“ကျုပ်တို့နှစ်ယောက်က ဒီနှစ်တွေထဲမှာ စာအုပ်တွေပဲ ဖတ်ရှုနေခဲ့ကြတာ ဖြစ်လို့၊ ကျင့်ကြံခြင်းပိုင်းမှာတော့ တည်ငြိမ်စွာနဲ့ တိုးတက်နေခဲ့တာပဲ။ ရံဖန်ရံခါတော့လည်း အပြင်ထွက်ပြီး လေညင်းခံရဦးမှာပေါ့ ”
ဝမ်ချုံစန်း က ပြုံး၍ -
“အဓိကကတော့ ကျုပ်တို့တွေ လင်ဖုန်းစီနီယာအစ်ကိုဆီကနေသတင်းအချို့ ရရှိထားခဲ့လို့ပါ၊ ဖန့်စီနီယာအစ်ကို ကို အထူးတလည် လာရောက် အကြောင်းကြားပေးတာ ”
“ဘာသတင်းမျိုးလဲ ”
“ကျုပ်တို့ ကြားမိတာကတော့၊ အရင်တုန်းက ရှီးမျိုးနွယ်စုရဲ့ ကာကွယ်ရေးဆရာ ကော်ယန်လီ က၊ ပြောင်းရွှေ့ စေလွှတ်ခြင်း ခံလိုက်ရပုံပဲ။ သူ စောင့်ကြပ်တဲ့ နတ်ဘုရားတောင်ကတော့ အခုအချိန်မှာ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ”
ဝမ်ချုံစန်း က သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသော လေသံဖြင့် ပြောဆိုလိုက်သည်။
ဖန့်ချန် ၏ မျက်ဝန်းထဲ၌ ခပ်ဖွဖွ ပြုံးရယ်ခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဤကိစ္စကို သူက အစကတည်းက ကြိုတင်သိရှိထားခဲ့ပြီးသား ဖြစ်သည်။
မနေ့တုန်းကတင်၊ ရွှေဟွေးကျောင်းဆောင် ဘက်က ကိုင်တွယ်ဖြေရှင်းချက်တွေက ကျရောက်လာခဲ့ပြီး ဖြစ်ရာ၊ ကော်ယန်လီ ကလည်း ပစ္စည်းပစ္စယတွေကို သိမ်းဆည်းလျက် ရှီးမျိုးနွယ်စုကျောင်းဆောင်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ထွက်ခွာသွားတဲ့ အချိန်တုန်းကလည်း၊ ကျိုရွှမ်နတ်ဘုရားတောင်က တပည့်တွေသာလျှင် လိုက်လံ ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်သည်။
ဇုန်းချန်သောက်၊ ယန်ယွမ် တို့အဖွဲ့ကတော့ တစ်ယောက်မှ မျက်နှာပြသခဲ့ခြင်း မရှိကြပေ။
သူနှင့် ကော်ယန်လီ ကြားထဲက ရန်ငြိုးရန်စတွေကလည်း၊ ယာယီအားဖြင့်တော့ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူ သိရှိထားတာကတော့၊ ကော်ယန်လီ သည် ကောင်းကင်နိမိတ် သူတော်စင် ဖြစ်နေသရွေ့တော့၊ ဤရန်ငြိုးရန်စတွေကလည်း ထိုနေရာ၌ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး၊ ပျောက်ကွယ်သွားမှာ မဟုတ်ပေ။
တကယ်လို့ နောက်ပိုင်းမှာ ကော်ယန်လီ သာ အထွတ်အထိပ်တာအိုအဆင့်သို့ တက်လှမ်းသွားခဲ့မယ်ဆိုရင်တော့၊ ဒီတစ်ကြိမ် ဖြစ်ရပ်အတွက် သေချာပေါက် ကလဲ့စားချေ တိုက်ခိုက်လာနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအဆင့်ကို ရောက်ရှိသွားခဲ့ရင်တောင်မှ၊ အဆင့်တစ်ခုချင်းစီရဲ့ တိုးတက်မှုက၊ လိုအပ်တဲ့ နှစ်ကာလတွေက ဘယ်လိုနည်းနဲ့မှ တိုတောင်းမှာ မဟုတ်ပေ။
“ခန့်မှန်းရသလောက်တော့ သူ အထွတ်အထိပ်တာအိုအဆင့်ကို တက်လှမ်းသွားတဲ့ အချိန်ကျရင်၊ ငါကလည်း သူ့ကို မျက်နှာချင်းဆိုင် တိုက်ရိုက် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းမျိုး ရှိနေလောက်ပြီ ဖြစ်မှာပါ……”
လူအပေါင်းက အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုပြီးသွားကြပြီးနောက်တွင်တော့၊ ဝမ်ချုံစန်းက ချန်ဖေးဖေး တို့နှစ်ယောက်ကို ခေါ်ဆောင်လျက် မတ်တတ်ရပ်ကာ နှုတ်ဆက် ထွက်ခွာသွားခဲ့ကြသည်။
၎င်းတို့ ခြေလှမ်း ရွှေ့ထွက်သွားပြီးတာနဲ့တင်၊ နောက်ထပ် ဧည့်သည်တစ်ယောက်က တံခါးဝသို့ ရောက်ရှိလာခဲ့ပြန်သည်။
“ဖန့်စီနီယာအစ်ကို…… အရင်တုန်းက ကိစ္စအတွက်၊ ကျွန်မ အစ်ကို့ကို သေသေချာချာ ကျေးဇူးမတင်ရသေးဘူး ”
ဖန့်ကျစ်ရွှယ် ၏ မျက်နှာအမူအရာက လေးနက်တည်ငြိမ်နေခဲ့သည်။
“ညီမလေး…… ဒါက ဘာဖြစ်လို့ ကျေးဇူးတင်နေရမှာလဲ၊ မင်းနဲ့ငါ က မျိုးနွယ်စုတူတွေ ဖြစ်ကြတာမို့လို့၊ ဒါက သဘာဝအတိုင်း လုပ်ဆောင်ရမယ့် အရာပဲလေ”
ဖန့်ချန် က ပြုံး၍ ပြောဆိုလိုက်သည်။
“သဘာဝအတိုင်း လုပ်ဆောင်ရမယ့်အရာ မဟုတ်ပါဘူး ”
ဖန့်ကျစ်ရွှယ် က ခေါင်းကို ခါယမ်းလိုက်ပြီး -
“ဒီနှစ်တွေထဲမှာ ကျွန်မ ပြန်လည် တွေးတောနေခဲ့တာ။ အဲဒီအချိန်တုန်းက တကယ်လို့သာ ကျွန်မ နေရာမှာ ဆိုရင်တော့၊ ကျွန်မမှာ ဒီလိုမျိုး သတ္တိမျိုး ရှိလာမှာ မဟုတ်ဘူး။
ဖန့်စီနီယာအစ်ကို က ထိုက်ဟောက်ယွီ နဲ့ ကော်ယန်လီ တို့မှာ တစ်ခုခု ထူးဆန်းနေတယ်ဆိုတာကို ကြိုတင်သိရှိထားခဲ့ပြီး၊ ဒီကိစ္စက အလွန်အမင်း အန္တရာယ်ကြီးမားပါရက်နဲ့၊ ရှေ့ကနေ ထွက်ရပ်ပြီး ကူညီပေးခဲ့တာ ဒီအကြွေးကိုတော့…… ကျွန်မ အချိန်တိုအတွင်းမှာ ပြန်လည် ပေးဆပ်နိုင်မှာ မဟုတ်တော့ပါဘူး ”
“ဘာအကြွေးကို ပြန်ဆပ်နေဦးမှာလဲ။ သေသေချာချာ ကျင့်ကြံနေပြီးတော့၊ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ထားဖို့ကပဲ၊ မင်း လက်ရှိအချိန်မှာ တစ်ခုတည်းသော တွေးတောရမယ့် ကိစ္စပဲ။
ကျန်တဲ့အရာတွေကိုတော့၊ အရမ်းကြီး လိုက်ပြီးတော့ မတွေးတောနေပါနဲ့ ”
စကားပြောပြီးနောက်၊ ဖန့်ချန် က ဖန့်ကျစ်ရွှယ် အား အထက်အောက် အကဲခတ် ကြည့်ရှုလိုက်ရာ၊ မျက်နှာအမူအရာက အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။
တစ်ဖက်လူ ၏ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်က၊ နောက်ထပ် တစ်ဆင့် ပိုမိုမြင့်မား တိုးတက်လာခဲ့ပုံရသည်။
တွေးတောကြည့်ရသလောက်တော့ ကျောင်းဆောင်က ပေးအပ်ဖို့ ကတိပြုထားခဲ့တဲ့ စင်ကြယ်သော ဗောဓိသီးတွေကို အကုန်လုံး သုံးစွဲပြီးသွားခဲ့ပြီ ဖြစ်လိမ့်မည်။
ဒါ့အပြင် ကျောင်းဆောင်ထဲက အဆင့်မြင့် နတ်ဘုရားစွမ်းရည် အချို့ကိုလည်း လေ့လာဆည်းပူးထားခဲ့ပြီးပြီ ဖြစ်ပုံရသည်။
သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့၊ ဖန့်ကျစ်ရွှယ် ၏ အင်အားက ကျောင်းဆောင်ထဲကို ဝင်ရောက်လာပြီးကတည်းက အခုအချိန်အထိ၊ တိုတောင်းလှတဲ့ နှစ်ကာလလေးအတွင်းမှာတင်၊ အနည်းဆုံး ဆပွားမျှအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ဒီလိုမျိုး တိုးတက်မှု နှုန်းကတော့ တကယ့်ကိုပဲ ထိတ်လန့်စရာကောင်းလှပေသည်။
သူမက စွမ်းအင်စုစည်း ခြင်း အလယ်အလတ်အဆင့် သူတော်စင် မဟုတ်သေးဘဲ၊ အစောပိုင်းအဆင့် အခြေအနေလေးမှာတင်၊ အဆက်မပြတ် အုတ်မြစ်တွေကို စုဆောင်းထားနိုင်ခဲ့တာ ဖြစ်ရာ၊ နောင်တစ်ချိန် တူညီတဲ့ အဆင့်အတန်းတူတွေ ကြားထဲမှာတော့၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမှာ သေချာပေသည်။
“ဖန့်စီနီယာအစ်ကို…… ကျွန်မ ဒီနှစ်တွေထဲမှာ အလွန်အမင်း ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့တာ ၊ ဆရာကလည်း ကျွန်မရဲ့ တိုးတက်မှုက အလွန်ကြီးမားတယ်လို့ ပြောခဲ့ပါတယ်။
ဒီနေ့ ကရုဏာတောင်တန်းဆီကို လာခဲ့တာကလည်း၊ ကရုဏာတောင်တန်းရဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းရည်တွေကို လေ့လာဆည်းပူးချင်လို့ပါ။
ဖြစ်နိုင်ရင် နောက်ပိုင်းမှာ ဖန့်စီနီယာအစ်ကို လိုမျိုး တကယ့်ကို အစွမ်းထက်တဲ့လူတစ်ယောက် ဖြစ်လာချင်လို့ပါ ”
ဖန့်ကျစ်ရွှယ် က ပြုံး၍ ပြောဆိုလိုက်သည်။
“ကရုဏာတောင်တန်းရဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းရည်တွေကို လေ့လာဆည်းပူးချင်တယ် ဟုတ်လား ”
ဖန့်ချန် ၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရပြီး၊ ချက်ချင်းဆိုသလို ပြုံးလျက် -
“ငါ မင်းကို ခေါ်သွားပေးမယ် ”
သူက ဖန့်ကျစ်ရွှယ် အား ခေါ်ဆောင်လျက် နတ်ဘုရားစွမ်းရည်ဆောင်ဆီသို့ ပျံသန်း ထွက်ခွာသွားခဲ့သည်။
“ကရုဏာတောင်တန်းမှာ နတ်ဘုရားစွမ်းရည် သုံးခု ရှိတယ်၊ အင်အားကတော့ တကယ့်ကို မဆိုးလှဘူးလို့ ပြောလို့ရတယ်၊ တကယ်လို့ မင်းသာ ဒီစွမ်းရည် သုံးခုစလုံးကို လေ့လာဆည်းပူးနိုင်ခဲ့ရင်တော့၊ မျှော်လင့်မထားလောက်တဲ့ ကောင်းကျိုးအချို့ ရှိလာနိုင်လိမ့်မယ် ”
ဖန့်ချန် က ပြုံးလျက် -
“နင်ကျိကျို က မင်းကို ပြောပြထားခဲ့ပြီးပြီ မဟုတ်လား ”
“ကရုဏာတော်တံဆိပ် ”
ဖန့်ကျစ်ရွှယ် က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်ပြီး -
“ဆရာက ပြောဖူးပါတယ်၊ ကရုဏာတောင်တန်းရဲ့ ကြီးကျယ်လှတဲ့ စွမ်းရည် သုံးခုကနေတစ်ဆင့် ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ကရုဏာတော်တံဆိပ် ကို လေ့လာဆည်းပူးနိုင်တယ်လို့။ ဖန့်စီနီယာအစ်ကို ကလည်း ကရုဏာတော်တံဆိပ် အား ကိုးပြီးတော့မှ၊ အခုလိုမျိုး တကယ့်ကို အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တာ ဖြစ်တယ်လို့ပေါ့ ”
“မင်းရဲ့ ဆရာ ပြောတဲ့ မူရင်းစကားလုံးတွေက ဘယ်လိုမျိုးလဲ ”
“အဲ…… ဆရာက ပြောပါတယ်၊ ဖန့်ချန် ရဲ့ ပါရမီက သာမန်ပဲ ဖြစ်ပြီး၊ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းကလည်း ကောင်းကင်နိမိတ် အဆင့်နိမ့်ပဲ ရှိတာ ဖြစ်ပေမယ့်၊ အခု နေမင်းခုနစ်ပါးခန်းမ ထဲမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့တာက၊ အကုန်လုံး ကရုဏာတော်တံဆိပ် နဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်တယ်လို့ပေါ့ ”
“မင်းရဲ့ ဆရာ ပြောတာက မမှားပါဘူး၊ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည်က သာမန် အဆင့်မြင့်စွမ်းရည်တွေနဲ့ မတူတာကြောင့်၊ အစွမ်းကတော့ တကယ့်ကိုပဲ ပိုမိုကြီးမားတယ်။ တကယ်လို့ မင်းသာ ကရုဏာတော်တံဆိပ် ကို လေ့လာဆည်းပူးနိုင်ခဲ့ရင်တော့၊ မင်းရဲ့ နောက်ပိုင်း ခရီးလမ်းအတွက် အလွန်ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်လာမှာ သေချာတယ် ”
ဖန့်ချန် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
မကြာမီအချိန်အတွင်းမှာပင်၊ ဤနှစ်ယောက်က နတ်ဘုရားစွမ်းရည်ဆောင် ၏ တံခါးဝရှေ့သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ဖန့်ကျစ်ရွှယ် က ရွှေဟွေးအမိန့်ပေးတံဆိပ် ကို ထုတ်ယူလျက် လမ်းဖွင့်လိုက်ပြီးနောက်၊ နတ်ဘုရားစွမ်းရည်ဆောင် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“နင်ကျိကျို က သူမကို ငါတို့ ကရုဏာတောင်တန်းရဲ့ နတ်ဘုရားစွမ်းရည်တွေကို လာရောက်လေ့လာဆည်းပူးဖို့ စမ်းသပ်ခိုင်းလိမ့်မယ်ဆိုတာကို၊ ငါ ကြိုတင်သိရှိထားခဲ့ပြီးသားပါ”
ရှူရှန့် က ဘယ်အချိန်ကတည်းက ရောက်ရှိနေခဲ့မှန်း မသိဘဲ ဖန့်ချန် ၏ ဘေးနား၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
“ဆရာ ”
ဖန့်ချန် က လက်အုပ်ချီ အရိုအသေပြုလိုက်သည်။
“ဒါပေမဲ့ ဒီလောက်များပြားလှတဲ့ နှစ်ကာလတွေအတွင်းမှာတော့၊ မင်းတစ်ယောက်တည်းသာ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ကရုဏာတော်တံဆိပ် ကို နားလည်သဘောပေါက်နိုင်ခဲ့တာ။ ကျန်တဲ့လူတွေကတော့…… ခန့်မှန်းရသလောက်တော့ အဲဒီလောက်အထိ မလွယ်ကူလှဘူး၊အထွတ်အထိပ်တာအို အဆင့်ရှိတဲ့ အတွင်းကမ္ဘာနယ်မြေ ရှိနေခဲ့ရင်တောင်မှ၊ အခွင့်အရေးကတော့ အရမ်းကြီး မရှိဘူး ”
ရှူရှန့်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ဖန့်ညီမလေးရဲ့ ပါရမီက မဆိုးတာမို့လို့၊ ဖြစ်နိုင်ခြေ ရှိနိုင်ပါတယ် ”
ဖန့်ချန် က ပြောဆိုလိုက်သည်။
“မင်းက သူမအပေါ်ကို တကယ့်ကိုပဲ ကောင်းမွန်တာပဲ ”
ရှူရှန့် က ဖန့်ချန် အား တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးမှ၊ တည်ငြိမ်စွာဖြင့် -
“မင်း သိရှိထားရဲ့လား၊ မင်းနဲ့ ကော်ယန်လီ ကြားထဲမှာတော့၊ သေရာပါရန်ငြိုးရန်စတွေ ရှိသွားခဲ့တာ။ နောက်ပိုင်းမှာ ပိုပြီးတော့ သေသေချာချာ ဂရုစိုက်ရလိမ့်မယ်။ သူကိုယ်တိုင်က မင်းကို ရှေ့ကနေ ထွက်ရပ်ပြီး မတိုက်ခိုက်ဝံ့ရင်တောင်မှ၊ သူ့ရဲ့ လက်အောက်မှာတော့၊ လိုက်ပါသူတွေ အများကြီး ရှိနေသေးတာ ဖြစ်လို့ပဲ ”
“သေရာပါရန်ငြိုး ဟုတ်လား ”
“အင်း…… ထိုက်ဟောက်ဝေ၊ ထိုက်ဟောက်ယွီ ဆိုတဲ့ ဒီတပည့်နှစ်ယောက်စလုံးက၊ ပြောရမယ်ဆိုရင်တော့ အကုန်လုံး မင်းရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ကြတာပဲ။ ဒါကပဲ သေရာပါရန်ငြိုးရန်စတစ်ခုလို့ မသတ်မှတ်နိုင်ဘူးဆိုရင်တောင်မှ၊ သူ ဒီတစ်ကြိမ် ပြောင်းရွှေ့ စေလွှတ်ခြင်း ခံရတဲ့ နေရာကတော့၊ သူ့ကို ဒုက္ခတွေ အလူးအလဲ ခံစားရမှာ သေချာတယ်။
ဒါက သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်တွေကိုပါ ထိခိုက်စေနိုင်တာမို့လို့၊ သူ နောက်ပိုင်း အထွတ်အထိပ်တာအို အဆင့်ကို တက်လှမ်းမယ့် နေရာမှာ၊ အလွန်ကြီးမားတဲ့ ပိတ်ဆို့တားဆီးမှုတစ်ခု ဖြစ်လာမှာ ဖြစ်လို့ပဲ။
ဒါကတော့ သေချာပေါက် သေရာပါရန်ငြိုးရန်စတစ်ခုပဲ။
သူက ကော်ယန်ရှောက် အပေါ်ကို ကလဲ့စားမချေနိုင်တဲ့အခါကျမှတော့၊ ဒါဆိုရင် မင်းရဲ့ ကိုယ်ပေါ်ကိုပဲ လှုပ်ရှားလာမှာ ”
ရှူရှန့် က ပြောဆိုလိုက်သည်။
ဖန့်ချန် ၏ ရင်ထဲ၌ ကော်ယန်လီ သည် ဘယ်ကဲ့သို့သော နေရာမျိုးဆီကို ပြောင်းရွှေ့ စေလွှတ်ခြင်း ခံလိုက်ရလို့၊ ဤကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံစားနေရတာလဲ ဆိုတာကို အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့ရသည်။
“ယူထားလိုက်၊ ဒါက မင်း ဖန့်ကျစ်ရွှယ် ကိုပြန်လည်ခေါ်ဆောင်လာခဲ့လို့၊ ကျောင်းဆောင်က မင်းကို ပေးအပ်တဲ့ ဆုလာဘ်ပဲ တုန်းဖန်းဟို့ နဲ့ မင်းက တစ်ယောက်ကို တစ်လုံးစီ ရရှိတာ ”
ရှူရှန့် က ရုတ်တရက်ဆိုသလို စင်ကြယ်သော ဗောဓိသီးတစ်လုံးအား ထုတ်ယူလျက်၊ ဖန့်ချန် ထံသို့ ကမ်းပေးလိုက်သည်။
ဖန့်ချန် က စင်ကြယ်သော ဗောဓိသီးအား လက်ခံရယူလိုက်ပြီး၊ မျက်ဝန်းထဲ၌ ချီးကျူးအံ့သြခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။
ကျောင်းဆောင် ကဲ့သို့သော တည်ရှိမှုမျိုးကျမှသာလျှင်၊ ဤကဲ့သို့သော လက်ကြီးလှတဲ့ ပေးကမ်းမှုမျိုးကို လုပ်ဆောင်နိုင်တာ ဖြစ်သည်။
ဤရတနာ ၏ စွမ်းရည်အာနိသင်တွေကို ပိုမိုသိရှိနားလည်လာလေလေ၊ ၎င်းသည် တကယ်လို့ ဟော်ဆွေ့မျိုးနွယ်စု ၏ ချင်မျိုးနွယ်စုထဲမှာ ထွက်ပေါ်လာခဲ့ရင်တောင်မှ၊ တကယ့်ကို အဖိုးတန်ရတနာတစ်ခု ဖြစ်နေဦးမှာ ဖြစ်ပြီး၊ အောက်ခြေက တပည့်တွေထံသို့ လွယ်လွယ်ကူကူနဲ့ ချီးမြှင့်ပေးအပ်မှာ မဟုတ်ဘူးဆိုတာကို ပိုမိုသိရှိလာခဲ့ရသည်။
“မင်း ကျင့်ကြံခြင်းအဆင့် အသက်စွမ်းအင် အဆင့်ကို မတက်လှမ်းခင်စပ်ကြားမှာတော့၊ ဘယ်မှ လျှောက်ပြီးတော့ မသွားလာနေနဲ့တော့၊ ငါ မင်းရဲ့ စီနီယာအစ်ကိုကြီးကို ပြောပြထားလိုက်မယ်၊ လူသားတွေကို ကောင်းမွန်တဲ့ လမ်းစဉ်ဆီကို လမ်းညွှန်ပြသပေးရမယ့် ကိစ္စတွေကိုတော့၊ ယာယီအားဖြင့် မင်းကို လာရောက် မခေါ်ခိုင်းတော့ဘူး ”
ရှူရှန့် က မှာတမ်းခြွေပြီးတာနဲ့တင်၊ ကိုယ်ကိုလှည့်လျက် ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ချန် က ရှူရှန့် ထွက်ခွာသွားတာကို လိုက်လံ ပို့ဆောင်ပေးလိုက်ပြီး၊နတ်ဘုရားစွမ်းရည်ဆောင် ဘက်သို့ တစ်ချက် ကြည့်ရှုလိုက်ကာ၊ သူ၏ အတွင်းကမ္ဘာနယ်မြေကို လှုပ်ရှားလျက် ဂူဗိမာန်ဆီသို့ ပြန်လည်ဦးတည်ကာ ရုန်းကြွလှုပ်ရှားနေသော ကျင့်ကြံခြင်းအဆင့်ကို ဆက်လက် ဖိနှိပ်ဖို့ရာ ပြင်ဆင်လိုက်တော့သည်။
“တစ်ခြားသူတွေကတော့ ကျင့်ကြံခြင်းကို အသည်းအသန် ကျင့်ကြံနေကြပြီး၊ အိပ်မက်ထဲမှာတင် ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာဖို့ မျှော်လင့်နေကြတာ၊ ငါတစ်ယောက်ပဲ ဒီနှစ်တွေထဲမှာ အဆက်မပြတ် ဖိနှိပ်နေခဲ့ရတယ်……”
ဖန့်ချန် က ကိုယ်တိုင်ကိုယ်ကျ လှောင်ပြောင် သရော်သံဖြင့် ပြုံးလိုက်မိသည်။
မကြာမီအချိန်အတွင်းမှာပင်၊ ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေတစ်ခုက မျက်နှာချင်းဆိုင် အရပ်ဆီကနေ ပျံသန်းလာခဲ့သည်။
အောက်ဝူဖား က ပြုံးလျက် လက်လှမ်းပြလိုက်ပြီး -
“ဖန့်ညီလေး ”
ဖန့်ချန် ၏ မျက်နှာထက်၌လည်း ပြုံးရယ်ခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ချက်ချင်းဆိုသလို ရှေ့သို့ ခရီးဦးကြိုပြုလိုက်သည်။
“အောက်အစ်ကိုကြီး ”
အောက်ရုလိုင် က လက်ရှိအချိန်မှာ အောက်ဝူဖား ၏ နောက်ကွယ်၌ မတ်တတ်ရပ်နေခဲ့ခြင်း ဖြစ်ပြီး၊ ဖန့်ချန် အား မြင်တွေ့လိုက်ရတဲ့အခါ၊ ဝမ်းသာအားရ ဖြစ်လျက် လက်အုပ်ချီ အရိုအသေပြုလိုက်သည်။
“ဖန့်ဘိုးဘေးကြီး ”
“ဖန့်ညီလေး…… ကျုပ်က စင်ကြယ်သော ဗောဓိသီးကို ပြန်ပေးဆပ်ဖို့ လာခဲ့တာ နောက်ပြီး နေမင်းခုနစ်ပါးခန်းမ ရဲ့ ဆုလာဘ်လည်း ရောက်လာခဲ့ပြီလေ အဲဒါကြောင့် အတူတူ လာပို့ပေးတာ ”
အောက်ဝူဖား က ခပ်ဖွဖွ ပြုံးလိုက်ပြီး၊ ကြီးမားလှသော လက်ဝါးကို ဆန့်ထုတ်လိုက်ရာ၊ လက်ဖဝါးအလယ်တည့်တည့်၌ စင်ကြယ်သော ဗောဓိသီး သုံးလုံး ကိန်းအောင်း ပျံသန်းနေခဲ့ရပြီ ဖြစ်သည်။
ဖန့်ချန် က နောက်ထပ်တစ်ကြိမ် ချီးကျူးအံ့သြလိုက်မိပြီး၊ ဤသုံးလုံးနှင့် ပေါင်းစပ်လိုက်မယ်ဆိုရင်တော့၊ သူ့ရဲ့ လက်ထဲမှာ စုစုပေါင်း စင်ကြယ်သော ဗောဓိသီး လေးလုံးအထိ ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် သူကတော့…… စားလို့မဖြစ်ဘူးလေ။
အခန်း (၂၁၈၂) ဟင်းလင်းပြင် ကွပ်မျက်သူ
စင်ကြယ်သော ဗောဓိသီးကို သိမ်းဆည်းပြီးနောက်၊ ဖန့်ချန်၏ အကြည့်က အောက်ရုလိုင် ကိုယ်ပေါ်သို့ ကျရောက်သွားပြီး ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ရုလိုင်…… မင်းက အမာခံတပည့် နေရာကို တက်လှမ်းနိုင်ခဲ့ပြီပေါ့”
အောက်ရုလိုင် က အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်ရှိလှသော လေသံဖြင့် -
“တကယ်လို့ ဖန့်ဘိုးဘေးကြီး ငှားရမ်းပေးခဲ့တဲ့ စင်ကြယ်သော ဗောဓိသီးသာ မရှိရင်၊ ရုလိုင် အနေနဲ့ ဒီလောက်အထိ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့မှာ မဟုတ်ပါဘူး”
အောက်ဝူဖား က အနည်းငယ် သက်ပြင်းချလျက် -
“ ဖန့်ညီလေး…… အောက်ရုလိုင် က ဟိုအမာခံတပည့်တွေနဲ့ ယှဉ်လိုက်ရင်တော့၊ အုတ်မြစ်ပိုင်းက တကယ့်ကိုပဲ တစ်ဆင့် လိုအပ်နေသေးတာ။
ဒီတစ်ကြိမ်က စင်ကြယ်သော ဗောဓိသီးကို ကြိုတင်မျိုချ သုံးစွဲလိုက်ရလို့သာ၊ ဟိုလိုအပ်နေတဲ့ အုတ်မြစ်လေးကို အစားထိုး ဖြည့်တင်းနိုင်ခဲ့ပြီး အမာခံတပည့် နေရာကို မနည်းရယူနိုင်ခဲ့တာ”
စကားပြောပြီးနောက်၊ သူက အောက်ရုလိုင် ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျောင်းဆောင်ရဲ့ အမာခံတပည့် ဆိုတာက၊ နေမင်းခုနစ်ပါးခန်းမ နဲ့ ယှဉ်ရင် အဝေးကြီး လိုအပ်နေသေးတာပဲ။ အခု အမာခံတပည့်တွေ ဒီလောက်များပြားလှတာတောင်မှ၊ အဲဒီအထဲက အနည်းငယ်သော လူအချို့သာ နေမင်းခုနစ်ပါး ကျောင်းသားတွေ ဖြစ်ကြတာကို ကြည့်ရင် သိနိုင်တယ်။
မင်းအနေနဲ့ အမာခံတပည့် နေရာကို တက်လှမ်းနိုင်ခဲ့ရုံတင်နဲ့ ဝင်တင့်ဝင်မော် မဖြစ်နေနဲ့ဦး”
“ဘိုးဘေးကြီး စိတ်ချပါ၊ ရုလိုင် ရင်ထဲမှာ အတိုင်းအတာ ရှိပါတယ်”
အောက်ရုလိုင် က ဒီတစ်ကြိမ် အမာခံတပည့် နေရာအတွက် စစ်ဆေးမှုကို ပြန်လည်တွေးတောမိလိုက်ရာ၊ မျက်ဝန်းတွေက ပိုမို လေးနက်တည်ငြိမ်လာခဲ့သည်။
ဒီကိုမလာခင်တုန်းက သူက အလွန်အမင်း ဝင့်ကြွားနေခဲ့ပြီး၊ ထိုစင်ကြယ်သော ဗောဓိသီး ရှိနေမှတော့ အမာခံတပည့် နေရာကို တက်လှမ်းဖို့က သေချာပေါက် အောင်မြင်မှာပဲဟု ထင်မှတ်ထားခဲ့မိသည်။
သို့သော်လည်း အမာခံတပည့် စစ်ဆေးမှုနဲ့ တကယ့်ကို ရင်ဆိုင်လိုက်ရတဲ့ အချိန်ကျမှသာ၊ ထိုစစ်ဆေးမှုက ဘယ်လောက်အထိ ခက်ခဲလှကြောင်းကို သိရှိသွားခဲ့ရတော့သည်။
ထိုစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သူတွေထဲမှာ၊ ဘယ်သူမှ သူ့ထက် အားနည်းမှာ မဟုတ်ပေ။ ထို့ကြောင့် ဤဝင့်ကြွားမှုတွေကိုလည်း သူက ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိုက်တော့သည်။
လက်ရှိအချိန်မှာတော့၊ သူက အမာခံတပည့် နေရာမှာတင် သေသေချာချာ ကြိုးစားအားထုတ်သွားဖို့သာ ရည်ရွယ်ထားပြီး၊ နောင်ကျမှသာ နေမင်းခုနစ်ပါး နေရာကို တိုက်ခိုက်ဖို့ အခွင့်အရေး ရှိလာမှာ ဖြစ်သည်။
“ဖန့်ညီလေး…… မင်းကတော့၊ အရင်တစ်ခေါက် ကောင်းကင်ငါးပါး စစ်တလင်း မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေက တကယ့်ကို တောက်ပလွန်းတယ်။
နောက်တစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်း ဖွင့်လှစ်တဲ့ အချိန်ကျရင်၊ မင်းအနေနဲ့ အရှိန်အဟုန်တစ်ခုတည်းနဲ့ ဘယ်နှစ်ဆင့်မြောက် နေရာအထိ တိုးတက်တက်လှမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်။
ငါတို့ကျောင်းဆောင်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် အခြေအနေမှာ၊ နှစ်ပေါင်းများစွာ ကြာတဲ့အထိ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်မှ ထွက်ပေါ်ခဲ့ဖူးခြင်း မရှိဘူး။ မင်းလိုမျိုး ကောင်းကင်ငါးပါး စစ်တလင်း တစ်ကြိမ်တည်းနဲ့တင်၊ အဆင့်အတန်း ဆယ်ဆင့် တိတိ တိုးတက်သွားတာမျိုးဆိုရင်တော့ သာ၍တောင် ပြောစရာ မလိုတော့ဘူးပေါ့”
အောက်ဝူဖား က ချီးကျူးအံ့သြခြင်းများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောဆိုလိုက်သည်။
“အစ်ကိုကြီး…… ကျုပ် သေချာပေါက် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဆင့် ငါးဆင့် တိုးတိုင်း စင်ကြယ်သော ဗောဓိသီးတစ်လုံး ရရှိတာပဲ၊ ကျုပ် ဘယ်လိုနည်းနဲ့ ရတနာကို ဖြုန်းတီးပစ်ပါ့မလဲ”
ဖန့်ချန် က ပြုံး၍ ပြောဆိုလိုက်သည်။
အောက်ဝူဖား ကလည်း ဟားဟားဟား ဟု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒါပေါ့…… မင်းသာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာတင်၊ နေမင်းခုနစ်ပါးခန်းမ ထဲကနေ စင်ကြယ်သော ဗောဓိသီး လေးငါးလုံးလောက် ပိုပြီး ကုတ်ယူနိုင်ခဲ့ရင်တော့၊ အဲဒါက တကယ့်ကို တန်ဖိုးရှိသွားပြီပဲ”
နှစ်ဦးနှစ်ဖက်က ခဏမျှ စကားစမြည် ပြောဆိုပြီးသွားကြပြီးနောက်၊ အောက်ဝူဖား က အောက်ရုလိုင် အား ခေါ်ဆောင်လျက် နှုတ်ဆက် ထွက်ခွာသွားခဲ့ကြသည်။
ဖန့်ချန် ကလည်း သူ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ပြန်လည်ဝင်ရောက်လိုက်ပြီး၊ ဂူဗိမာန်ရှိရာ အရပ်ဆီသို့ ပျံသန်းသွားရင်း ကောင်းကင်နိမိတ်မြစ်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
လိုက်ကာကြီး ကျဆင်းလာခဲ့ပြီး၊ ကြီးမားလှသော မြင်ကွင်းတစ်ခုက ၎င်း၏အထဲ၌ ထွက်ပေါ်လာခဲ့သည်။
ချီယန်သူတော်စင် ကလည်း ဘေးနားသို့ ပျံသန်းလာခဲ့ပြီး၊ စူးစမ်းလိုစိတ်များဖြင့် လှမ်းကြည့်လိုက်ကာ -
“ဖန့်ငရဲမင်း…… အဲဒါ ကော်ယန်လီ မဟုတ်လား”
ချီယန်သူတော်စင် က ဖန့်ချန် အား တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
ဖန့်ချန် နှင့် ကော်ယန်လီ တို့က အကြိမ်အတော်များများ ထိတွေ့ဖူးခဲ့ကြပြီး ဖြစ်ရာ၊ သူက အမြဲတမ်း အတွင်းကမ္ဘာနယ်မြေထဲမှာသာ ရှိနေခဲ့ဖူးသော်လည်း ကော်ယန်လီ ဟူသော တည်ရှိမှုအပေါ်ကိုတော့ အတိုင်းအတာတစ်ခုအထိ သိရှိနားလည်ထားခဲ့ပြီးသား ဖြစ်သည်။
ဖန့်ချန် က လိုက်ကာကြီးထဲက မြင်ကွင်းကို ကြည့်ရှုလျက်၊ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး စကားအပိုတွေ ထပ်မံမပြောဆိုတော့ပေ။
ထိုအချိန်၌ ကော်ယန်လီ က လမ်းခရီးတစ်ခုကို အသည်းအသန် သွားလာနေပုံရသော်လည်း၊ မျက်နှာအမူအရာက အနည်းငယ် လေးနက်တည်ငြိမ်နေခဲ့သည်။
“ဆရာက ပြောတယ် သူ ဒုက္ခတွေ အလူးအလဲ ခံစားရတော့မယ်လို့။ သူ့ရဲ့ ဒီလိုမျိုး မျက်နှာအမူအရာကို ကြည့်ရသလောက်တော့၊ ဒါက အမှန်ပဲ ဖြစ်လိမ့်မယ်။
ဒါပေမဲ့…… ကောင်းကင်နိမိတ် တတိယအဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုတောင်မှ၊ ဒီလို လေးနက်တည်ငြိမ်တဲ့ ပုံစံမျိုး ဖြစ်သွားစေတာဆိုတော့။
ကျောင်းဆောင်က သူ့ကို ဘယ်လိုမျိုး နေရာဆီကိုများ ပြောင်းရွှေ့ စေလွှတ်လိုက်တာလဲ။
ဒါမှမဟုတ် ရှေ့တန်းစစ်မျက်နှာ ဖြစ်နေမလား”
ဖန့်ချန် ၏ ရင်ထဲ၌ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားခဲ့ရသည်။
သူ သိရှိထားတာကတော့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးက လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးနှင့် စစ်ပွဲ ဆင်နွှဲနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲက ရှေ့တန်းစစ်မျက်နှာမှာသာ ဆက်လက် တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက်စလုံးက တစ်ဖက်လူ၏ နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် တိုက်ခိုက်ဖူးခြင်း မရှိကြသေးပေ။
ကော်ယန်လီ ကိုတောင်မှ ဤမျှအထိ လေးနက်သွားစေနိုင်တဲ့ နေရာမျိုးဆိုလျှင်၊ ဖန့်ချန် စဉ်းစားမိသမျှထဲ၌ ရှေ့တန်းစစ်မျက်နှာတစ်ခုသာလျှင် ရှိပေသည်။
နောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပင်၊ ဖန့်ချန် က တစ်ဖက်က ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ် ကာကွယ်နေရင်း၊ အခြားတစ်ဖက်ကလည်း ကော်ယန်လီ ၏ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့သည်။
ပဉ္စမမြောက် ကာလသို့ ရောက်ရှိလာခဲ့တဲ့ အချိန်ကျမှသာ၊ ကော်ယန်လီ က သူ သွားရောက်ရမယ့် ပန်းတိုင်နေရာဆီသို့ သေသေချာချာ ရောက်ရှိသွားခဲ့တော့သည်။
ဖန့်ချန် ကလည်း မျက်ဝန်းတွေကို ဖွင့်လှစ်လိုက်ပြီး၊ ချီယန်သူတော်စင် နှင့်အတူ လိုက်ကာကြီး၏ အောက်ခြေသို့ ရောက်ရှိလာခဲ့ကြကာ ငြိမ်သက်စွာဖြင့် ဝိုင်းအုံ ကြည့်ရှုလိုက်ကြသည်။
……
……
အတိုင်းအဆမဲ့လှသော ဟင်းလင်းပြင်ကြီး၏ အလယ်တည့်တည့်၌၊ ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းက အပြာရောင်တောက်တောက် အလင်းတန်းတွေ ဖြာထွက်နေခဲ့တဲ့ ကြီးမားလှသော ဝဲကရက်ကြီးတစ်ခု ဖြစ်သည်။
ကော်ယန်လီ က သူ၏ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် ဝဲကရက်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ရာ, ၎င်းနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူနှင့် သူ၏ အတွင်းကမ္ဘာနယ်မြေက အကုန်လုံး ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှပေသည်။
ယခုအချိန်၌၊ ဝဲကရက်ကြီးနှင့် သာ၍ နီးကပ်လှသော အရပ်မျက်နှာဆီတွင်တော့၊ အစကတည်းက အတွင်းကမ္ဘာနယ်မြေ ဆယ်ဂဏန်းမက တည်ရှိ စောင့်ကြပ်နေခဲ့ကြပြီး ဖြစ်သည်။
ထိုအထဲက အတွင်းကမ္ဘာနယ်မြေတစ်ခု၏ အုတ်မြစ်ကတော့၊ ကြည့်ရသလောက် ကော်ယန်လီ ထက် ဘယ်လိုနည်းနဲ့မှ အားနည်းခြင်း မရှိပေ။
၎င်းတို့က ကော်ယန်လီ ထွက်ပေါ်လာခဲ့တာကို ရိပ်မိခြင်း မရှိကြသေးပုံရဘဲ၊ တစ်ယောက်ချင်းစီက လေးနက်တည်ငြိမ်လှသော မျက်နှာများဖြင့် ထိုအပြာရောင် ဝဲကရက်ကြီးအား စိုက်ကြည့်နေကြသည်။
လက်ဖက်ရည်တစ်ခွက်စာမျှ ကြာမြင့်ပြီးနောက်တွင်တော့၊ အပြာရောင် ဝဲကရက်ကြီး၏ အတွင်းပိုင်း၌ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော လှိုင်းထန်မှုတွေ စတင်ထွက်ပေါ်လာခဲ့သည်။
တွေးတောကြည့်ရသလောက်တော့ တစ်စုံတစ််ခုသော အရာတစ်ခုက၊ ၎င်း၏ အထဲကနေ တိုးဝှေ့ ထွက်ပေါ်လာတော့မည့်အတိုင်း ဖြစ်သည်။
“တိုက်ခိုက်ကြစို့”
အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်က ကော်ယန်လီ ထက် အားမနည်းလှသော ထိုတည်ရှိမှုက အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ အခြားသော ဆယ်ဂဏန်းမက သူတော်စင်များနှင့်အတူ တိုက်ခိုက်လိုက်ကြတော့သည်။
၎င်းတို့ လက်တွဲ တိုက်ခိုက်လိုက်ကြတဲ့အခါ၊ အတွင်းကမ္ဘာနယ်မြေ ၏ စွမ်းအားတွေက ထူထပ်သိပ်သည်းလှပြီး၊ ကြေးနီတံတိုင်း သံမဏိနံရံကြီးတစ်ခုကဲ့သို့ ထိုအပြာရောင် ဝဲကရက်ကြီး၏ ရှေ့မှောက်၌ သေချာပေါက် ပိတ်ဆို့ ကာကွယ်လိုက်ကာ၊ အထဲက မသိရသေးတဲ့ အရာတစ်ခု တိုးဝှေ့ ထွက်ပေါ်လာမှာကို တားဆီးပိတ်ဆို့လိုက်ကြသည်။
သို့သော်လည်း အပြာရောင် ဝဲကရက်ကြီးထဲက မသိရသေးတဲ့ အရာတစ်ခုက သိသိသာသာပင် အလွန်အမင်း အစွမ်းထက်လှပြီး၊ ဤမျှများပြားလှတဲ့ သူတော်စင်တွေ လက်တွဲ တားဆီးထားကြပါရက်နဲ့၊ အဆက်မပြတ် အပြင်ဘက်သို့ တိုးဝှေ့ တိုက်ခိုက်နေဆဲ ဖြစ်သည်။
တစ်ကြိမ် တိုးဝှေ့ တိုက်ခိုက်မိတိုင်း၊ ဤသူတော်စင်တစ်စု၏ မျက်နှာအမူအရာက တစ်ဆင့်ပြီးတစ်ဆင့် ဖြူဆုတ်သွားခဲ့ရသည်။
အတွင်းကမ္ဘာနယ်မြေ စွမ်းအားတွေ၏ ကုန်ဆုံးမှုနှုန်းကတော့၊ တကယ့်ကိုပဲ ထိတ်လန့်စရာကောင်းလှပေသည်။
နာရီဝက်ပင် မပြည့်သေးခင် အချိန်အတွင်းမှာပင်၊ ဤနေရာ၌ ရှိနေကြတဲ့ သူတော်စင်အတော်များများ၏ အတွင်းကမ္ဘာနယ်မြေ စွမ်းအား ပြန်လည်ကောင်းမွန်မှု နှုန်းက၊ ကုန်ဆုံးမှုနှုန်းကို မမှီနိုင်တော့ပေ။
အတွင်းကမ္ဘာနယ်မြေ ၏ စွမ်းအားဆိုသည်မှာ ‘အတိုင်းအဆမဲ့’ တဲ့ အစွမ်းသတ္တိတွေ ကိန်းအောင်းနေခဲ့တာ ဖြစ်ကြောင်း သိရှိထားရမည်။
၎င်းက အဆက်မပြတ် ကိုယ်တိုင် ပြန်လည်ကောင်းမွန်လာနိုင်တာ ဖြစ်ပြီး၊ အရင်တုန်းက ဖန့်ချန် ၏ ကိုယ်တွင်းထဲက ဝိညာဉ်စွမ်းအင်များကဲ့သို့ ဖြစ်သည်။
သို့သော်လည်း ပြန်လည်ကောင်းမွန်လာမည့် အရှိန်အဟုန်ကတော့၊ သူတော်စင်တစ်ဦးချင်းစီ၏ ကိုယ်ပိုင် အုတ်မြစ်နှင့် ကျင့်ကြံခြင်းအဆင့် အပေါ်၌သာ မူတည်လိမ့်မည်။
အခုတော့ လက်ဖက်ရည်တစ်ခွက်စာမျှ အချိန်လေးအတွင်းမှာတင်၊ အပြာရောင် ဝဲကရက်ကြီးထဲက မသိရသေးတဲ့ အရာတစ်ခု ထွက်ပေါ်လာမှာကို တားဆီးဖို့အတွက်၊ အဆင့်အတန်း မြင့်မားလှတဲ့ သူတော်စင် ဆယ်ဂဏန်းမက အကုန်လုံး ဆီမီးကုန် ရေခမ်းတဲ့ အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ကြရပြီ ဖြစ်သည်။
ဒါက ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ။
“အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်တွေကို လောင်ကျွမ်းကြစို့”
ထိုသူက ဆက်လက် အမိန့်ပေး ညွှန်ကြားလိုက်ပြီး၊ ၎င်းက ရှေ့ကနေ ဦးစွာ သူ၏ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို စတင် လောင်ကျွမ်းလိုက်တော့သည်။
ကျန်တဲ့ သူတော်စင်တွေကလည်း အဆက်မပြတ် လိုက်ပါ လုပ်ဆောင်လိုက်ကြသည်။
အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို တစ်ကြိမ်တစ်ခါ လောင်ကျွမ်းပြီးသွားခဲ့ရင်တော့၊ ပြန်လည်ကောင်းမွန်ဖို့ရာ အလွန်အမင်း ခက်ခဲလှသော်လည်း၊ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာတင် အင်အားတွေကိုတော့ ဆပွားမျှအထိ ရရှိလာနိုင်ပေသည်။
သူတော်စင်တစ်ယောက်ချင်းစီက မူလကထက် သာ၍ ကြောက်မက်ဖွယ်ကောင်းလှတဲ့ အငွေ့အသက်တွေကို ထုတ်ဖော်ပြသလိုက်ကြပြီး၊ လက်တွဲ တိုက်ခိုက်လိုက်ကြတဲ့အခါကျမှသာ၊ အပြာရောင် ဝဲကရက်ကြီးက အဆုံးစွန်သော ငြိမ်သက်ခြင်းဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။
ကော်ယန်လီ က မျက်နှာအမူအရာမရှိဘဲ ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့သော်လည်း၊ မျက်ဝန်းတွေကတော့ မကြုံစဖူး လေးနက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ထိုဦးဆောင်လာခဲ့တဲ့ သူတော်စင်က ရုတ်တရက်ဆိုသလို မူလနေရာကနေ ပျောက်ကွယ်သွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာတင် ကော်ယန်လီ ၏ ရှေ့မှောက်၌ ကိုယ်ထင်ပြလာခဲ့သည်။
ကျန်တဲ့ သူတော်စင်တွေကလည်း အဆက်မပြတ် လိုက်ပါလာခဲ့ကြပြီး၊ ထိုသူ၏ နောက်ကွယ်၌ မတ်တတ်ရပ်လျက် ကော်ယန်လီ အား ငြိမ်သက်စွာ စိုက်ကြည့်လိုက်ကြရာ၊ ထုံထိုင်းနေခဲ့တဲ့ မျက်ဝန်းတွေထဲ၌ အနည်းငယ်သော လှောင်ပြောင် သရော်ခြင်း အရိပ်အယောင်တွေ ကိန်းအောင်းနေခဲ့ကြပုံရသည်။
“ဒါက ရှီးမျိုးနွယ်စုရဲ့ နာမည်အကြီးဆုံး ပါရမီရှင် ဖြစ်တဲ့၊ ကော်ယန်လီ ကော်ပါရမီရှင် မဟုတ်လား”
ကော်ယန်လီ ထက် အားမနည်းလှတဲ့ ထိုတည်ရှိမှု၏ မျက်ဝန်းထဲ၌ အေးစက်လှသော လှောင်ပြောင်မှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ရယ်မောလျက် ပြောဆိုလိုက်ရာ၊ အပြာရောင် ဝဲကရက်ကြီးနှင့် ရင်ဆိုင်ခဲ့ရစဉ်တုန်းက ရှိခဲ့တဲ့ လေးနက်တည်ငြိမ်မှုမျိုး လုံးဝ ရှိမနေတော့ပေ။
“ချင်ပိုင်ချွမ်း…… မတွေ့ရတာ နှစ်အချို့ပဲ ရှိသေးတယ်၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နိမိတ် တတိယအဆင့်ကနေ၊ ဒုတိယအဆင့်အထိ ကျဆင်းတော့မည့်အတိုင်း ဖြစ်နေပါလား”
ကော်ယန်လီ က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ချင်ပိုင်ချွမ်း ဟုတ်လား။
ဖန့်ချန် ၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရပြီး၊ ဤသူက ဟော်ဆွေ့မျိုးနွယ်စု ၏ တိုက်ရိုက်အနွယ်ဝင် တစ်ယောက် ဖြစ်နေမလား။
တစ်ဖက်လူ ၏ ပုံစံကို ကြည့်ရသလောက်တော့၊ တကယ့်ကိုပဲ လူသားမျိုးနွယ်စုနှင့် ဘာမှ ကွဲပြားခြားနားခြင်း မရှိပေ။
သို့သော်လည်း…… ချင်ဟူသော မျိုးရိုးအမည်က လူသားမျိုးနွယ်စုတစ်ခုတည်း၌သာ ရှိတာမျိုး မဟုတ်တာကြောင့်၊ ယာယီအားဖြင့်တော့ ဤချင်ပိုင်ချွမ်း သည် ဟော်ဆွေ့မျိုးနွယ်စု ၏ ချင်မျိုးနွယ်စုဝင် တစ်ယောက် ဟုတ်မဟုတ် ဆိုတာကိုတော့ သေသေချာချာ အတည်မပြုနိုင်သေးပေ။
ချင်ပိုင်ချွမ်း ၏ မျက်ဝန်းတွေက အနည်းငယ် မှေးစက်သွားခဲ့ရပြီး၊ ချက်ချင်းဆိုသလို ပြုံးလျက် -
“အဲဒါက ဘာဖြစ်လဲ။ ကျုပ်ကတော့ သတင်း ရရှိထားပြီးသားပါ၊ ခင်ဗျားက ဒီတစ်ကြိမ် ကျုပ်နေရာမှာ အစားထိုးပြီး ဒီဘက်မှာ လာရောက် စောင့်ကြပ်ဖို့ လာခဲ့တာ။
ကျုပ်ရဲ့ ပြစ်ဒဏ်ကာလက ကြိုတင်ပြီးတော့ အဆုံးသတ်သွားခဲ့ပြီမို့၊ နောက်ပိုင်း မဟာမိတ်အဖွဲ့ကြီးထဲကို ပြန်လည်ဝင်ရောက်ပြီး အေးဆေး သာယာစွာ နေထိုင်ရတော့မှာ၊ ခင်ဗျားကတော့…… ဒီဘက်မှာပဲ သေသေချာချာ စောင့်ကြပ်နေလိုက်ပါတော့”
“အကြီးအကဲ…… ခင်ဗျား ထွက်သွားရင် ကျုပ်တို့တွေ ခင်ဗျားကို သတိရနေတော့မှာပါ”
ချင်ပိုင်ချွမ်း ၏ နောက်ကွယ်က သူတော်စင်တွေက အဆက်မပြတ် စကားဆိုလာကြပြီး၊ အချို့က တကယ့်ကို တွန့်တို နှမြောနေခဲ့ကြပုံရကာ ဆက်လက် ထိန်းသိမ်းထားဖို့ရာ ကြံစည်နေကြသော်လည်း၊ အကုန်လုံး ချင်ပိုင်ချွမ်း ၏ ပြုံးရယ် ဆဲဆိုခြင်းကို ခံလိုက်ရပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။
ဤသူတော်စင်တွေ၏ အင်အားကလည်း ကြည့်ရသလောက် ဘယ်လိုနည်းနဲ့မှ အားမနည်းလှဘဲ၊ အကုန်လုံး ကောင်းကင်နိမိတ် အဆင့်တွေချည်းပဲ ဖြစ်ကြသည်။
သို့သော်လည်း တတိယအဆင့် အခြေအနေဆီသို့ ရောက်ရှိဖို့ရာကတော့ အဝေးကြီး လိုအပ်နေသေးသည်။
“ကော်ယန်လီ…… ကျုပ်က စီနီယာတစ်ယောက် အနေနဲ့ ခင်ဗျားကို လမ်းညွှန်မပြသဘူးလို့ မပြောပါနဲ့ဦး၊ ဒီနေရာက ဟင်းလင်းပြင် ကွပ်မျက်သူ က အနည်းငယ် ဆိုးသွမ်းတာမို့လို့ ကိုင်တွယ်ရတာ မလွယ်ဘူး၊ ခင်ဗျား ပုံမှန်အချိန်တွေမှာ ပိုပြီးတော့ ဂရုစိုက်ပါ။
သူ့ကို အပြင်ဘက် တိုးဝှေ့ ထွက်ပေါ်မလာစေနဲ့၊ တကယ်လို့သာ အပြင်ကို ထွက်ပေါ်လာခဲ့ရင်တော့၊ ခင်ဗျားတို့အားလုံး သေချာပေါက် ပျက်စီးသွားကြလိမ့်မယ်”
ချင်ပိုင်ချွမ်း က ရုတ်တရက်ဆိုသလို လေးနက်တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ဟင်းလင်းပြင် ကွပ်မျက်သူ ဟုတ်လား။
ဖန့်ချန် က တွေးတော လိုက်မိတော့သည်။