အခန်း (၂၁၈၇-၂၁၈၈)
Vol. 219 Ch. 2187-2188
အခန်း (၂၁၈၇) ဘယ်ကိစ္စမဆို လမ်းစတစ်ခုတော့ ချန်ထားရမယ်
ယွီဝမ်ရှန်းတစ်ယောက် စိတ်အာရုံများ အနည်းငယ် လွင့်ပျံဝေဝါးနေသည့် အချိန်တွင်ပင်၊ ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူး၏ အသံကြီးက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
မူလ အတိတ်တုန်းက ကောင်းကင်ငါးပါး စစ်တလင်းတွင် ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးများ ကိုယ်ထင်ပြလာမည့် အခွင့်အရေးဟူသည်မှာ တကယ်ကို နည်းပါးလှပေသည်။
သို့သော်လည်း ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို နေမင်းခုနစ်ပါးခန်းမဆောင်၏ စမ်းသပ်စစ်ဆေးမှုကို ခံယူမည့် တည်ရှိမှုများ ပေါ်ထွက်လာခဲ့သဖြင့်၊ နယ်ပယ်အသီးသီးမှ သူတော်စင်များအနေဖြင့် ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးဆိုသည်မှာ ထိုမျှအထိ နက်နဲဆန်းကြယ်လွန်းလှသည်မဟုတ်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
“ငါ ဒီနေရာကနေ နေမင်းခုနစ်ပါးခန်းမဆောင် စမ်းသပ်စစ်ဆေးမှုရဲ့ စည်းမျဉ်းတွေကို ပြောပြမယ်……”
“ ယွီဝမ်ရှန်း၊ သေချာ နားလည်သဘောပေါက်ပြီလား”
“ဗျာ……”
ယွီဝမ်ရှန်းက ကြောင်တောင်တောင်ဖြင့် မော်ကြည့်လိုက်ပြီးနောက်၊ ကပျာကယာ ခေါင်းညိတ်ပြလိုက်မိသည်။
“နားလည်သဘောပေါက်ပါပြီ ခင်ဗျာ။ တပည့်အနေနဲ့ ကျောင်းသူ ဖန့်ကျစ်ရွှယ်ကို သေချာပေါက် အစွမ်းကုန် စမ်းသပ်စစ်ဆေးသွားပါ့မယ်၊ လုံးဝ လက်လျှော့အလျှော့ပေးမှာ မဟုတ်ပါဘူး”
ထိုသို့ပြောပြီးနောက် သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်၏။
“ဒါပေမဲ့ တပည့်အနေနဲ့လည်း နေမင်းခုနစ်ပါး စမ်းသပ်စစ်ဆေးမှုမှာ အသေအလဲ တိုက်ခိုက်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။ ဘယ်ကိစ္စမဆို လမ်းစတစ်ခုတော့ ချန်ထားရမှာပဲ”
နယ်ပယ်အသီးသီးမှ သူတော်စင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့သည်။ ၎င်းတို့သည် ယွီဝမ်ရှန်း၏ ဤစကားလုံးများထဲမှ ညံ့ဖျင်းစွာ အလျှော့ပေးအညံ့ခံလိုသည့် အဓိပ္ပာယ်တစ်မျှင်ကို သိသိသာသာကြီး ကြားသိလိုက်ရသောကြောင့် ဖြစ်၏။
“ဒီလို နည်းလမ်းမျိုးနဲ့ အညံ့ခံတာကလည်း နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်ရဲ့ သိက္ခာကို မနည်းပဲ ထိန်းသိမ်းလိုက်တာလို့ ပြောလို့ရတာပေါ့”
နေမင်းခုနစ်ပါးခန်းမဆောင် အဆင့်အတန်းနှင့် နီးစပ်လှသည့် မရေမတွက်နိုင်သော သူတော်စင်များ၏ မျက်နှာတွင် ဆန်းကြယ်လှသည့် အမူအရာများ ထွက်ပေါ်လာခဲ့ကြသည်။
ယွီဝမ်ရှန်းနှင့် အဆင့်တူဖြစ်သည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ရှိကြသော အခြား နေမင်းခုနစ်ပါး ကျောင်းသားများကမူ မျက်နှာတစ်ခုလုံးတွင် သူတစ်ပါး အကုသိုလ်ဖြစ်သည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အမူအရာများ ရှိနေကြ၏။
ယနေ့တွင် ယွီဝမ်ရှန်းတစ်ယောက် မည်မျှပင် အညံ့ခံသည့် အမူအရာမျိုး ပြသပါစေဦး၊ နေမင်းခုနစ်ပါး ကျောင်းသားများ၏ မျက်နှာကိုတော့ ညှိုးနွမ်းပျက်စီးစေမည် မဟုတ်ပေ။
ဘာဖြစ်လို့လဲဆိုတော့ သူ၏ ပြိုင်ဘက်၏ ပါရမီဟူသည်မှာ ကောင်းကင်ငါးပါးအတွင်း၌ပင် အလွန် ရှားပါးလွန်းလှပြီး၊ နှစ်ပေါင်းများစွာ ကြာမြင့်လျှင်တောင် တစ်ယောက် ပေါ်ထွက်လာရန် မသေချာသောကြောင့် ဖြစ်၏။
“ငါတို့တွေ လောင်းကြေးထပ်ကြမလား၊ ယွီဝမ်ရှန်း ဘယ်နှစ်ကွက်အထိတောင့်ခံနိုင်မလဲဆိုတာကို ကြည့်ရအောင်”
“အကယ်၍ ဖန့်ကျစ်ရွှယ်ရဲ့ စွမ်းရည်ပေါ်မှာ အထွတ်ထိပ်တာအိုရဲ့ အရှိန်အဝါတွေ စွန်းထင်နေတာဆိုရင်တော့၊ ငါ့အမြင်အရ ယွီဝမ်ရှန်းရဲ့ စွမ်းရည်နဲ့ဆိုရင် အလွန်ဆုံး အကွက်တစ်ရာ တောင့်ခံနိုင်တာကတင် အကန့်အသတ်ပဲ ဖြစ်လိမ့်မယ်”
“အကွက်တစ်ရာ ဟုတ်လား။ ဒါက ယွီဝမ်ရှန်းကို အထင်သေးလွန်းရာ ရောက်မနေဘူးလား…… အကယ်၍ ဖန့်ကျစ်ရွှယ်က တကယ်ပဲ အကွက်တစ်ရာအတွင်းမှာ သူ့ကို အနိုင်ယူနိုင်တယ်ဆိုရင်တော့၊ ငါ့အမြင်အရ သူမအနေနဲ့ အနည်းဆုံးတော့ အဆင့်ကိုးဆယ့်ငါးအထိ ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားနိုင်လိမ့်မယ်……”
“မပြောနိုင်ဘူးလေ၊ စည်းမျဉ်းအရဆိုရင်တော့ သူမရဲ့ အလားအလာက ဖန့်ချန်ထက်တောင် ပိုပြီး တောင့်တင်းခိုင်မာသေးတယ်”
“ဖန့်ချန်……”
နေမင်းခုနစ်ပါး ကျောင်းသားအစုအဝေး၏ အကြည့်များသည် ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ကျရောက်သွားခဲ့ကြပြီး၊ မျက်ဝန်းအစုံတွင် ရှုပ်ထွေးလှသည့် အရိပ်အယောင်များ ခပ်ဖျော့ဖျော့ ရှိနေကြ၏။
ရုတ်တရက် ထူးခြားစွာ ထွက်ပေါ်လာသည့် ဤကောင်စုတ်သည် တကယ့်ကိုပဲ ၎င်းတို့အားလုံးကို အလန့်တကြား ဖြစ်သွားစေခဲ့သည်။
ယခုတစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်းတွင် ဤပုဂ္ဂိုလ်အနေဖြင့် ပြီးခဲ့သည့်အကြိမ်တုန်းကကဲ့သို့ ဆက်တိုက် ဆယ်ပွဲအထိ ဆက်ပြီး အနိုင်ရရှိနိုင်ဦးမလားဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။
“ဖန့်ကျစ်ရွှယ် နဲ့ ဖန့်ချန် က နှစ်ယောက်စလုံး ဖန့်မျိုးနွယ်စုဝင်တွေပဲ၊ ဒီနှစ်ယောက်က ဆွေးမျိုးသားချင်းတွေ ဖြစ်မနေဘူးလား”
“ငါ စုံစမ်းကြည့်ပြီးပြီ၊ ဖန့်ချန်က ချင်ရှောင်းနတ်ဘုရားနယ်မြေက ရှေးဟောင်းမျိုးနွယ်စု ဖန့်မျိုးနွယ်စုနဲ့ ဘာပတ်သက်မှုမှ ရှိမနေဘူး”
“ဒါလည်း ဟုတ်တာပဲ၊ လောကကြီးထဲမှာ မျိုးနွယ်စုတူတဲ့သူတွေက ဘယ်လောက်တောင် များပြားလိုက်သလဲ။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်ရမယ်”
“ယွီဝမ်ရှန်း…… မင်း ဖန့်ကျစ်ရွှယ်ကို အနိုင်မယူနိုင်ဘူးလို့ တွေးနေတာကို ငါသိတယ်။ ဒါပေမဲ့ သူမက ဘာပဲဖြစ်ဖြစ် နေမင်းခုနစ်ပါး ကျောင်းသား မဖြစ်သေးဘူး၊ မင်းကတော့ နေမင်းခုနစ်ပါး ခန်းမဆောင်ထဲမှာ နှစ်ပေါင်းများစွာ အဆမတန် ကျင့်ကြံခဲ့ပြီးပြီ။
မတိုက်ခိုက်ရသေးခင်ကတည်းက ကြောက်ရွံ့တုန်လှုပ်နေမယ်ဆိုရင်၊ ဒီ လောက်နှစ်ပေါင်းများစွာ စစ်ဆေးမှုတွေနဲ့ နေမင်းခုနစ်ပါးခန်းမဆောင်ရဲ့ ပြုစုပျိုးထောင်မှုတွေကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်မနေဘူးလား။
ဒီတစ်ကြိမ် စမ်းသပ်စစ်ဆေးမှုမှာ မင်းအနေနဲ့ သေချာပေါက် အစွမ်းကုန် ကြိုးစားရမယ်။
အသက်ရှင်သေဆုံးခြင်းနဲ့ ပတ်သက်လို့ကတော့၊ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲပေါ့”
အချို့သော ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးတစ်ဦး၏ အသံကြီးက နောက်တစ်ကြိမ် ထပ်မံ ပဲ့တင်ထွက်ပေါ်လာခဲ့ပြန်သည်။
ယွီဝမ်ရှန်း၏ မျက်နှာက တောင့်တင်းသွားခဲ့ပြီး၊ ခါးသက်စွာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ရတော့သည်။
“တပည့် သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်”
ထိုသို့ပြောပြီးနောက် သူက ဖန့်ကျစ်ရွှယ်ကို လှမ်းကြည့်လိုက်ကာ လက်အုပ်ချီလျက် ဆိုလိုက်၏။
“ကျောင်းသူဖန့်…… ငါ အတိတ်တုန်းက ကျောင်းသားဖန့်ချန်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖူးတယ်၊ သူ့ရဲ့ စွမ်းပကားတွေကို တကယ့်ကိုပဲ လေးစားမိပါတယ်။ ဒီနေ့တော့ မင်းရဲ့ စွမ်းအား တွေကို ငါ့ကိုကြည့်ရှုခွင့်ပေးပါဦး”
ဖန့်စီနီယာအစ်ကိုနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖူးတယ် ဟုတ်လား။ ဒါပေမဲ့ မသေဘူးပေါ့။
ဖန့်ကျစ်ရွှယ်က စိတ်ထဲကနေ ချက်ချင်းပင် သဘောပေါက် နားလည်သွားခဲ့ပြီးနောက်၊ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ကာ လက်အုပ်ချီလျက် ဆိုလိုက်သည်။
“ဒါဆိုရင်တော့ စီနီယာအစ်ကို ယွီဝမ်ရဲ့ လမ်းညွှန်မှုကို ခံယူပါရစေ”
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ၎င်းတို့နှစ်ယောက်စလုံးသည် မိမိတို့၏ အားအကောင်းဆုံး မဟာစွမ်းရည်များကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြပြီး၊ ဟင်းလင်းပြင်ထဲတွင် အတူတကွ ရောထွေးလျက် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။
ကောင်းကင်ငါးပါးမှ ရောက်ရှိလာကြသည့် နယ်ပယ်အသီးသီးက သူတော်စင်များသည် စိတ်အာရုံကို အပြည့်အဝ စုစည်းထားကြပြီး၊ မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ၎င်းတို့နှစ်ဦး၏ တိုက်ပွဲကို စိုက်ကြည့်နေကြ၏။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ၎င်းတို့သည် ဖန့်ကျစ်ရွှယ်၏ မဟာစွမ်းရည်ပေါ်မှ မိမိတို့နှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားလှသည့် ဆန်းပြားသော အရှိန်အဝါတစ်မျှင်ကို သိသိသာသာကြီး ခံစားလိုက်ရတော့သည်။
မွေးဖွားလာကတည်းက ကောင်းကင်နိမိတ် အတွင်းကမ္ဘာနယ်မြေ ရှိကြသည့် ထိုသူတော်စင်များပင်လျှင်၊ မျက်နှာတစ်ခုလုံးတွင် လေးနက်တည်ကြည်ရိပ်များ လွှမ်းခြုံနေကြချေပြီ။
“ဒါက အထွတ်ထိပ်တာအိုရဲ့ အော်ရာလား”
“ဖြစ်ရမယ်၊ ငါ့ရဲ့ ကောင်းကင်နိမိတ်ကတောင် ဒီအရှိန်အဝါကြောင့် မသိမသာ လှုပ်ခတ်သွားတယ်……”
အချို့သော သူတော်စင်များ၏ မျက်နှာတွင် အံ့အားသင့် တုန်လှုပ်ရိပ်များ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် ဘေးကနေ တိုက်ပွဲကြည့်နေရုံသက်သက်သာ ရှိသေးသော်လည်း၊ မိမိတို့ အတွင်းကမ္ဘာနယ်မြေထဲက ကောင်းကင်နိမိတ်များသည် ဖန့်ကျစ်ရွှယ် မဟာစွမ်းရည်ပေါ်က အထွတ်ထိပ်တာအို အော်ရာကြောင့် မသိမသာ ဆွဲငင်လှုပ်ရှားခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
အကယ်၍ ၎င်းတို့သာ မိမိတို့နှင့် ကျင့်ကြံခြင်းအဆင့် တူညီလှသည့် ဖန့်ကျစ်ရွှယ်နှင့် တကယ့်ကို ယှဉ်ပြိုင်တိုက်ခိုက်ရပါက၊ အတွင်းကမ္ဘာနယ်မြေ၏ ကွာခြားချက်တစ်ခုတည်းနှင့်တင် မည်မျှအထိ ပြင်းထန်သော ဖိနှိပ်ခြင်းကို ခံရမည်နည်းဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လျှပ်စီးလက်သည့် အရှိန်အဝါအတွင်းမှာပင်၊ ၎င်းတို့နှစ်ယောက်သည် အကွက်ပေါင်း ဆယ်ဂဏန်းမက ကျော်လွန်အောင် တိုက်ခိုက်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ဤအတောအတွင်း၊ ယွီဝမ်ရှန်းသည် မိမိ၏ အစွမ်းရှိသမျှကို အကုန်ထုတ်သုံးပြီး နေမင်းခုနစ်ပါးခန်းမဆောင် ကျောင်းသားတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် ထည်ဝါခန့်ညားသော အမူအရာကို အပြည့်အဝ ပြသနေပါသော်လည်း၊ အခြေအနေကမူ ဆက်လက်၍ ပျက်စီးယိုယွင်းနေဆဲဖြစ်ကာ ဖန့်ကျစ်ရွှယ်၏ ဖိနှိပ်ပြီး ရိုက်နှက်ခြင်းကိုသာ ခံနေရချေသည်။
သူ၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝပေါ်တွင်ပင် သိပ်သည်းလှသော အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး၊ မဟာစွမ်းရည်၏ ရိုက်ခတ်ခြင်းကို ခံရသည့် အကြိမ်တိုင်းတွင် အက်ကွဲကြောင်းများက အတိုင်းအတာတစ်ခုအထိ ဆက်လက် တိုးချဲ့သွားခဲ့သည်။
“တကယ့်ကို သန်မာလွန်းတယ်……”
လျဲ့ချန်ကျူးသည် မိမိရှေ့မှောက်က ဤမြင်ကွင်းကို ကြည့်ရင်း အာခေါင်များ ခြောက်သွေ့လာသကဲ့သို့ ခံစားလိုက်ရတော့သည်။ ၎င်းတို့နှစ်ဦးစလုံး ပြသနေသည့် စွမ်းပကားများသည် ပုံမှန်ထက်ထက်ထက် ပိုမို ပြင်းထန်လွန်းလှပေသည်။
ဖန့်ကျစ်ရွှယ်ကို ခဏဖယ်ထားဦး၊ ယွီဝမ်ရှန်း ထုတ်ဖော်ပြသနေသည့် မဟာစွမ်းရည်၏ စွမ်းပကားတစ်ခုတည်းနှင့်တင် သူကဲ့သို့ ဖူကွမ်ကျောင်းဆောင်၏ အမာခံတစ်ယောက်ထက် အဆင့်တစ်ခုမက ပိုမို ပြင်းထန်လွန်းလှချေပြီ။
ဤကဲ့သို့ ဖြစ်နေပါဦး၊ ယွီဝမ်ရှန်းသည် ယခုအချိန်တွင် ခုခံကာကွယ်ရုံသက်သက်သာ တတ်နိုင်တော့ပြီး၊ ပြန်လည် တိုက်စစ်ဆင်မည့် အရှိန်အဝါ မြူတစ်မှုန်မျှပင် ထုတ်မပြနိုင်တော့ချေ။ သူ၏ ကြီးမားလှသော မဟာစွမ်းရည်များအားလုံးသည် ဖန့်ကျစ်ရွှယ်၏ ဖိနှိပ်ခြင်းကို ခံနေရချေပြီ။
“ဒါက အထွတ်ထိပ်တာအိုအဆင့် ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းပကားပေါ့……”
ရှကျိက တိုးတိုးလေး ရေရွတ်လိုက်မိပြီး၊ မျက်ဝန်းအစုံတွင် လေးစားချီးကျူးမှုများနှင့်အတူ ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားရိပ်များ ရှိနေတော့သည်။
ယွီဝမ်ရှန်းသည် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်သို့ ခြေလှမ်းလှမ်းဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သူသိရှိထားသည်။ သူကိုယ်တိုင် တန်လင်ကျောင်းဆောင်၏ ကျောင်းသားတစ်ယောက် မဖြစ်လာသေးခင်ကတည်းက၊ တစ်ဖက်လူသည် နေမင်းခုနစ်ပါးခန်းမဆောင်၏ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ချေပြီ။
ပြန်လည်ကြည့်ရလျှင်မူ၊ ဖန့်ကျစ်ရွှယ်သည် ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်မှာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပါသနည်း။ သူတော်စင်အဆင့်သို့ တက်လှမ်းခဲ့သည်မှာကော ဘယ်လောက်တောင် ကြာမြင့်ခဲ့ပါသနည်း။
တစ်ရာ၊ နှစ်ရာခန့်မျှသာ ရှိသေးသည်။
ဒါက သူတော်စင်တစ်ယောက်အတွက်ဆိုလျှင်၊ မျက်စိတစ်မှိတ်အတွင်းက အချိန်မျှသာ ဖြစ်၏။
ဤကဲ့သို့ တိုတောင်းလှသည့် အချိန်အတွင်းမှာတင်၊ တစ်ဖက်လူက ယွီဝမ်ရှန်းကဲ့သို့ ဤအဆင့်ရှိ ပါရမီရှင်တစ်ယောက်ကို ခုခံကာကွယ်ရုံသက်သက်သာ တတ်နိုင်တော့သည့်အထိ ကြီးထွားဖွံ့ဖြိုးလာခဲ့ချေပြီ။
သူ့အနေဖြင့် အထွတ်ထိပ်တာအိုအဆင့် အတွင်းကမ္ဘာနယ်မြေသည် အမှန်တကယ်တွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလှသည်ကို စိတ်ကူးပုံဖော်ရန်ပင် ခက်ခဲလှပေသည်။
ဖန့်ချန်၏ ဘေးနားတွင် ရပ်နေသည့် အောက်ရုလိုင်သည်လည်း၊ တကယ့် ပါရမီရှင်အစစ်အမှန်ဟူသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း နောက်ဆုံးတွင်မှ သေချာပေါက် ခံစားလိုက်ရတော့သည်။
“ကျောင်းတော်ရဲ့ အမာခံဆိုတာက၊ အလွန်ဆုံးရှိမှ ပထမတန်းစားလို့ပဲ သတ်မှတ်လို့ရတာ။ ဒီလိုလူမျိုးတွေပဲ…… တကယ့် ထိပ်တန်းလွှာလို့ သတ်မှတ်လို့ရမှာ”
အောက်ရုလိုင်၏ အကြည့်များသည် ၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ပတ် ဝေ့ဝဲသွားခဲ့ပြီးနောက်၊ ဖန့်ချန် ရှိရာဘက်သို့လည်း မသိမသာ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်မိပြန်သည်။
“ညီမလေးက အမှန်တော့ အနိုင်ရရှိနိုင်နေပြီပဲ။ ဒါပေမဲ့ ယွီဝမ်ရှန်းကို မျက်နှာအနည်းငယ် ပေးချင်လို့သာ၊ တမင်သက်သက် အချိန်ဆွဲပြီး တိုက်ခိုက်နေတာ……”
ဖန့်ချန်က တိုက်ပွဲအခြေအနေကို ကြည့်ရင်း၊ မျက်ဝန်းအစုံတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက ဖန့်ကျစ်ရွှယ်သည် လက်ရှိတွင် သူ၏ အတိတ်တုန်းကကဲ့သို့ပင်၊ မိမိ၏ အစွမ်းအချို့ကို သေချာပေါက် ဖုံးကွယ်ထားကြောင်း အပြတ်အသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်၏။ သူမအနေဖြင့် မည်မျှအထိ ဖုံးကွယ်ထားသလဲဆိုသည်ကိုတော့၊ သူမ မိမိ၏ အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်သည့်အခါမှသာ မည်ကဲ့သို့သော မြင်ကွင်းမျိုး ပေါ်ထွက်လာမလဲဆိုသည်အပေါ် မူတည်ပေလိမ့်မည်။
မဟာစွမ်းရည်ပေါ်တွင် အထွတ်ထိပ်တာအို၏ စွမ်းပကားများ စွန်းထင်နေမှတော့၊ အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင် ဤကဲ့သို့သော မဟာစွမ်းရည်နှင့် ရင်ဆိုင်ရပါကလည်း ပေါ့ဆဝံ့မည် မဟုတ်ပေ။
ထိုအထွတ်ထိပ်တာအို စွမ်းအားတစ်မျှင်တွင်၊ ပိုမို ဆန်းပြားထူးခြားလှသည့် အကျိုးသက်ရောက်မှုများ ရှိမနေဘူးလို့ မည်သူက အာမခံနိုင်ပါသနည်း။
……
အတွင်းကမ္ဘာနယ်မြေ ငါးခုသည်၊ ပိုမို နက်ရှိုင်းလှသည့် ဟင်းလင်းပြင်၏ နက်နဲရာ အရပ်ထဲတွင် မတ်တတ် တည်ရှိနေကြသည်။
ပြင်ပက သူတော်စင်များသည် ၎င်းတို့ငါးဦးကို မမြင်တွေ့နိုင်ကြသော်လည်း၊ ၎င်းတို့ငါးဦးကမူ ဖန့်ကျစ်ရွှယ်နှင့် ယွီဝမ်ရှန်းတို့၏ တိုက်ပွဲအခြေအနေကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်ကြ၏။
“ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီပဲ။ ဒါပေမဲ့ ဒီမိန်းကလေးငယ်က လူမှုရေးလောကဝတ်တွေကို အနည်းငယ် နားလည်ပုံရတယ်၊ ယွီဝမ်ရှန်းကို အလွန်အမင်း အရှက်ရအောင် မလုပ်ခဲ့ဘူး”
လင်ချုံးအဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ ရောက်ရှိလာသည့် ကြီးကြပ်ရေးမှူးက တည်ငြိမ်အေးဆေးစွာ ပြုံး၍ ဆိုလိုက်သည်။
သူနှင့် ယွီဝမ်ရှန်းသည် တစ်နေရာတည်းက ဇာစ်မြစ်တူသူများ ဖြစ်ကြသဖြင့်၊ ယွီဝမ်ရှန်းတွင် အသက်အန္တရာယ် မရှိသည်ကို မြင်ရသောအခါ သဘာဝကျစွာပင် စိတ်သက်သာရာရသွားခဲ့ချေပြီ။
အနိုင်အရှုံးနှင့် ပတ်သက်လို့ကတော့၊ အမှန်တော့ အရေးမကြီးတော့ပေ။ ဒါက အစကတည်းက၊ ကောက်ချက်ချပြီးသား ကိစ္စတစ်ခု ဖြစ်သည်မဟုတ်ပါလား။
“အင်း…… အဲဒီ ဖန့်ချန်နဲ့ ယှဉ်လိုက်ရင်တော့၊ အသိတရား အများကြီး ပိုရှိတာပေါ့”
လင်ယောင်အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ လော်ထျန်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။
ဒီတစ်ကြိမ်တွင် တကယ့်ကို တိုက်ဆိုင်လွန်းလှပေသည်။ သူသည် နေမင်းခုနစ်ပါးခန်းမဆောင်၏ စမ်းသပ်စစ်ဆေးမှုအတွင်းသို့ ထပ်မံ ဝင်ရောက်ပတ်သက်ခွင့် ရရှိခဲ့ပြန်ချေပြီ။
ထိုသို့ပြောပြီးနောက် သူက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ ထိုကြီးကြပ်ရေးမှူးကို လှည့်ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
“ဖန့်ချန်ဆိုတဲ့ ဒီသူငယ်ရဲ့ နည်းလမ်းတွေက ရက်စက်လွန်းတယ်။ ငါ ကြားတာတော့ ကော်ယန်လီတောင်၊ သူ့ရဲ့ လက်ချက်ကြောင့် ဟင်းလင်းပြင် ကွပ်မျက်သူတွေကို စောင့်ကြပ်တဲ့နေရာမှာ အပို့ ခံလိုက်ရတယ် ဆိုလား”
အခန်း (၂၁၈၈) အသက်ရှင်မလား သေမလားဆိုတာ မင်းရဲ့ ကံကြမ္မာအပေါ်ပဲ မူတည်တယ်
လော်ထျန်း၏ စကားကြောင့် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ ထိုကြီးကြပ်ရေးမှူး၏ မျက်နှာအမူအရာက သိသိသာသာကြီး ပြောင်းလဲသွားခဲ့ရသည်။
ကျန်ရှိနေသည့် ကြီးကြပ်ရေးမှူး သုံးဦးစလုံးသည်လည်း ဤကြီးကြပ်ရေးမှူးနှင့် ကော်ယန်လီကြားက ဆက်ဆံရေးမှာ လုံးဝ မရိုးရှင်းကြောင်း ကောင်းကောင်း သိရှိထားကြသဖြင့်၊ မျက်ဝန်းအစုံတွင် ပြုံးစိစိ အရိပ်အယောင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြ၏။
“ကော်ယန်လီက သူ့ရဲ့ တပည့်တွေကို ယင်သူတော်စင်အတတ်ကို သုံးဖို့ ခွင့်ပြုအားပေးခဲ့တာပဲ။ ဟင်းလင်းပြင် ကွပ်မျက်သူတွေကို စောင့်ကြပ်တဲ့နေရာမှာ အပို့ခံလိုက်ရတာကလည်း ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စပဲဥစ္စာ၊ ဒီသူငယ်နဲ့ ဘာမှမသက်ဆိုင်ဘူး။
ဒီလူငယ်က တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရရုံသက်သက်ပဲ။
ခမ်းနားထည်ဝါလှတဲ့ ကောင်းကင်နိမိတ် တတိယအဆင့် သူတော်စင်တစ်ယောက်က၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ရှိတဲ့ မျိုးဆက်သစ်တစ်ယောက်ကြောင့်နဲ့ မိမိရဲ့ အဆင့်အတန်း ထိခိုက်ပျက်စီးသွားလိမ့်မလား။
မင်း ရထားတဲ့ သတင်းက မတိကျသေးဘူး၊ အတိအကျ ပြောရရင်တော့ ကော်ယန်ရှောင်က လက်ဦးမှုယူပြီး ဖြေရှင်းလိုက်တာ”
ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ ထိုကြီးကြပ်ရေးမှူးက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။
သူသည် လော်ထျန်း၏ ဤစကားလုံးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ အပြစ်မဲ့လှသည့် မျိုးဆက်သစ် လူငယ်လေးများအပေါ် ဒေါသပုံချမည့် ပုံစံမျိုး လုံးဝ မရှိပေ။
“ဒါလည်း ဟုတ်တာပဲ”
လော်ထျန်းက ခပ်ဖျော့ဖျော့ ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့ ကော်ယန်လီကလည်း သူ့တပည့်အပေါ် အလွန်အမင်း ဂရုဏာသက်လွန်းလို့ပါ။ အဲဒီ ယင်သူတော်စင်အတတ်နဲ့ ပတ်သက်လို့ကတော့ အမှန်တော့ အလင်းပေါ်ကို ဆွဲမတင်ဘဲ၊ ဆူပူကြိမ်းမောင်းပြီး သတိပေးလိုက်ရင်တင် ရတာပဲကို၊ အခုလို အခြေအနေမျိုးအထိ ရောက်သွားဖို့ မလိုပါဘူး။
သူ့ရဲ့ ပါရမီနဲ့ဆိုရင် မကြာခင် အနာဂတ်မှာတင်၊ မဟာလမ်းစဥ်ကနေ တာအိုအဖြစ် ပြောင်းလဲပြီး အထွတ်ထိပ်တာအို သူတော်စင်အဆင့်ကို သက်သေပြခွင့်ရဖို့ အခွင့်အရေး ရှိနေတာ။
အခုတော့…… ဖြစ်နိုင်ပါဦးမလား”
ကြီးကြပ်ရေးမှူး အများအပြားသည် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး၊ လော်ထျန်း၏ ဤစကားလုံးများကို စဉ်းစားတွေးတောနေကြသည့် ပုံစံမျိုး ရှိနေကြသည်။
သို့သော်လည်း ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ ထိုကြီးကြပ်ရေးမှူးကမူ တိုက်ပွဲအခြေအနေကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“တိုက်ပွဲက ရလဒ်ထွက်သွားပြီ”
ထိုအချိန်တွင်၊ ဖန့်ကျစ်ရွှယ်သည် မိမိ၏ မဟာစွမ်းရည်ကို သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။
ယွီဝမ်ရှန်း၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝမှာမူ လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီး၊ အလွန်အမင်း သနားစရာကောင်းလောက်အောင် သွေးပျက်နေချေပြီ။
“ကျောင်းသူဖန့်ရဲ့ နည်းလမ်းတွေက တကယ့်ကို ထူးချွန်ထက်မြက်လှပါတယ်။ ကျွန်တော် သေချာပေါက် မယှဉ်နိုင်ပါဘူး”
ယွီဝမ်ရှန်းက အလွန်အမင်း သွေးပျက်နေသည့် အမူအရာဖြင့် လက်အုပ်ချီလျက် ဆိုလိုက်ရာ၊ မျက်နှာထက်က အပြုံးများတွင်လည်း စိတ်ပျက်အားလျော့ရိပ်တစ်ခု မသိမသာ စွန်းထင်နေတော့သည်။
ဒီနေ့ပြီးရင်တော့ သူက နေမင်းခုနစ်ပါး တံဆိပ်ကို ပြန်လည် အပ်နှံရတော့မည်ဖြစ်ရာ၊ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက် လုံးဝ မဟုတ်တော့ပေ။
“စီနီယာအစ်ကို ယွီဝမ်က အလျှော့ပေးလိုက်လို့ပါ”
ဖန့်ကျစ်ရွှယ်က လက်အုပ်ချီလျက် အရိုအသေပေးလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးက ကိုယ်ထင်ပြလာခဲ့ပြီး ယခုတစ်ကြိမ် နေမင်းခုနစ်ပါးခန်းမဆောင်၏ စမ်းသပ်စစ်ဆေးမှု ရလဒ်ကို ကြေညာလိုက်တော့သည်။
ဤရလဒ်နှင့် ပတ်သက်ပြီး နယ်ပယ်အသီးသီးက သူတော်စင်များသည် စိတ်ထဲတွင် ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်သဖြင့်၊ အံ့အားသင့်ခြင်း မြူတစ်မှုန်မျှ မရှိကြပေ။
သူတို့ စိတ်ထဲတွင် ခံစားလိုက်ရသည်မှာ အထွတ်ထိပ်တာအိုအဆင့် ပါရမီရှင်တစ်ယောက်ဟူသည်မှာ၊ တကယ့်ကိုပဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလွန်းလှသည် ဟူ၍သာ ဖြစ်၏။
ဖန့်ကျစ်ရွှယ်သည် လူအုပ်ကြီးထဲမှ ဖန့်ချန်၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး၊ ဝမ်းမြောက်ဝမ်းသာဖြင့် လက်သီးလေးကို ဝှေ့ယမ်းပြလိုက်သည်။
ဖန့်ချန်၏ မျက်ဝန်းအစုံတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။
မကြာမီအချိန်အတွင်းမှာပင်၊ တောက်ပလှသည့် ရွှေရောင်အလင်းတန်း နှစ်ခု ဖြာကျလာခဲ့ပြီး ဖန့်ကျစ်ရွှယ်နှင့် ယွီဝမ်ရှန်းတို့ နှစ်ဦးစလုံးကို ဤနေရာမှ ခေါ်ဆောင်သွားခဲ့ကြပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဝိုင်းအုံကြည့်ရှုနေကြသည့် သူတော်စင်များသည်လည်း မိမိတို့၏ အတွင်းကမ္ဘာနယ်မြေများကို တစ်ပြိုင်တည်း မောင်းနှင်လျက်၊ ကျယ်ပြောလှသည့် ကွင်းပြင်ကျယ်ကြီးပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြတော့သည်။
“ကျောင်းသားဖန့်…… မင်းတို့ ရွှေေဟွးကျောင်းဆောင်ရဲ့ လူသားမျိုးနွယ် ကျောင်းဟာဒီအတောအတွင်းမှာတင် နေမင်းခုနစ်ပါး ကျောင်းသား သုံးယောက်အထိ ပေါ်ထွက်လာခဲ့ပြီပဲ။ ငါ့အမြင်အရ ဒါက လူသားမျိုးနွယ်ကြီး စတင် ထွန်းကားလာမယ့် နိမိတ်လက္ခဏာပဲ”
လျဲ့ချန်ကျူးက မျက်နှာတစ်ခုလုံးတွင် အံ့အားသင့် ချီးကျူးရိပ်များဖြင့် ရေရွတ်လိုက်မိ၏။
“ထွန်းကားလာမယ့် နိမိတ်လက္ခဏာ ဟုတ်လား။ အဲဒီလောက်အထိတော့ မဟုတ်လောက်ပါဘူး၊ အကယ်၍ နေမင်းခုနစ်ပါး ကျောင်းသား အနည်းငယ်ပဲ ပေါ်ထွက်လာရုံသက်သက်နဲ့တော့၊ ထွန်းကားလာမယ့် နိမိတ်လက္ခဏာအဆင့်အထိ မရောက်နိုင်သေးပါဘူး။
ဒါပေမဲ့ လူသားမျိုးနွယ်က တကယ့်ကိုပဲ တိုးတက်စည်ပင်လာနေတာတော့ အမှန်ပါပဲ”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
နယ်ပယ်အသီးသီးမှ သူတော်စင်များသည် စဉ်းစားတွေးတောဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
သူတို့အားလုံးကလည်း ထွန်းကားလာမယ့် နိမိတ်လက္ခဏာအဆင့်အထိ မရောက်နိုင်သေးဘူးလို့ ထင်ကြသည်။
ဘာဖြစ်လို့လဲဆိုတော့ လူသားမျိုးနွယ်၏ အုတ်မြစ်ဟူသည်မှာ၊ ကောင်းကင်ငါးပါးအတွင်း၌ အလယ်အလတ်နှင့် အောက်ခြေအဆင့်မျှသာ ရှိသေးသောကြောင့် ဖြစ်၏။
အလယ်အလတ်အဆင့်၊ အလယ်အလတ် အထက်တန်းအဆင့် ရှိကြသည့် ထိုမျိုးနွယ်စုများနှင့် ယှဉ်လိုက်ပါက၊ လုံးဝ အဖတ်ဆယ်ရန် ခက်ခဲလှသည့် ကွာခြားချက်ကြီး ရှိနေဆဲ ဖြစ်သည်။
လောကကြီးထဲက အထူးချွန်ဆုံး ထိပ်တန်းလွှာ မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်ရန်ဆိုသည်မှာ မည်သို့လုပ် ဖြစ်နိုင်ပါဦးမည်နည်း။
အဆုံးသတ်မှာတော့၊ မျိုးနွယ်စုတစ်ခု တောင့်တင်းခိုင်မာလာဖို့ဆိုသည်မှာ မျိုးနွယ်စုအတွင်း၌ ကောင်းကင်ဘုံအရှင် သူတော်စင် မည်မျှအထိ ရှိသလဲဆိုသည်အပေါ်၌သာ မူတည်ပေလိမ့်မည်။
လူသားမျိုးနွယ်တွင် တစ်ယောက်တည်းသာ ရှိသဖြင့်၊ ကောင်းကင်ငါးပါး၏ အလယ်အလတ်နှင့် အောက်ခြေအဆင့်မှာပင် မနည်း ရုန်းကန်နေရခြင်း ဖြစ်၏။
အထွတ်ထိပ်တာအိုအဆင့် ပါရမီရှင် ဖြစ်နေပါဦး၊ ထိုကဲ့သို့သော လူတစ်ရာရှိလျှင်တောင်၊ တစ်ယောက်က ကောင်းကင်ဘုံအရှင် သူတော်စင်အဆင့်ကို ထိတွေ့ခွင့်ရဖို့ဆိုတာ လုံးဝ မသေချာပေ။
ဟော်ဆွေ့ ဘိုးဘေး ကဲ့သို့သော တည်ရှိမှုမျိုး နောက်ထပ် အနည်းငယ်မျှ ထပ်မံ ပေါ်ထွက်လာမှသာ၊ အမှန်တကယ် ထွန်းကားလာခြင်းဟု သတ်မှတ်လို့ရပေလိမ့်မည်။
နေမင်းခုနစ်ပါး စမ်းသပ်စစ်ဆေးမှု ပြီးဆုံးသွားခဲ့ပြီးနောက်၊ ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးသည် မိမိတို့ တာဝန်ယူထားရသည့် သူတော်စင်များထံသို့ ပြိုင်ဘက်စာရင်းများကို အသီးသီး ဖြန့်ဝေပေးလိုက်ကြတော့သည်။
ကြီးမားလှသည့် ပိတ်ကားကြီး ထွက်ပေါ်လာသည်နှင့်အမျှ၊ ဆွဲဆောင်မှုရှိလှသည့် ရွှေရောင်စာလုံးကြီးများက လူတိုင်း၏ မျက်စိရှေ့မှောက်သို့ အစီအရီ ဝင်ရောက်လာခဲ့ကြ၏။
ဖန့်ချန်သည် မိမိပြိုင်ဘက်၏ အမည်နာမကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ ရွှေရောင်အလင်းတန်း၏ ပတ်သိုင်းခြင်းကို ခံလိုက်ရကာ ကွင်းပြင်ကျယ်ကြီးပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
လျဲ့ချန်ကျူးနှင့် အခြားသူများသည်လည်း မိမိတို့အလိုက် ရွှေရောင်အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ဖန့်ကျစ်ရွှယ်က မည်မျှပင် သန်မာနေပါစေဦး၊ မည်မျှပင် တောက်ပနေပါစေဦး၊ သူတော်စင်တိုင်းတွင် မိမိတို့ လျှောက်လှမ်းရမည့် လမ်းစသီးသန့် ရှိကြသည်သာ ဖြစ်ရာ။ အားကျခြင်း၊ အံ့အားသင့်ခြင်း၊ မနာလိုဖြစ်ခြင်းများ ပြီးဆုံးသွားခဲ့ပြီးနောက်တွင်မူ၊ မိမိတို့ရှေ့မှောက်က လက်တွေ့အခြေအနေကိုသာ ရင်ဆိုင်ကြရတော့မည် မဟုတ်ပါလား။
……
……
“ငါက တန်လင်ကျောင်းဆောင်၊ ကြယ်တာရာမျိုးနွယ်စု ကျောင်းက ရွှီခဲ့ ပါ”
ရွှီခဲ့သည် ဖန့်ချန်ကို ကြည့်ရင်း၊ မျက်ဝန်းအစုံတွင် စူးစမ်းလိုစိတ်များနှင့်အတူ စမ်းသပ်လိုသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်နေသည်။
သို့သော်လည်း သူ၏ မျက်ဝန်းအနက်ရှိုင်းဆုံးနေရာတွင်မူ၊ လေးနက်တည်ကြည်မှုများ အမြဲတမ်း စုစည်းနေဆဲ ဖြစ်၏။
သူသည် နေမင်းခုနစ်ပါးခန်းမဆောင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်တွင် အဆင့်ရှစ်ဆယ့်ကိုး၌ တည်ရှိနေသူ ဖြစ်ပြီး၊ မိမိအနေဖြင့် တစ်နေ့မဟုတ်တစ်နေ့ ဖန့်ချန်နှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကြိုတင် သိရှိထားခဲ့သည်။
ဒါကြောင့်မို့လို့ သူသည် ဖန့်ချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည့် ထိုနေမင်းခုနစ်ပါး ကျောင်းသားများကို လိုက်လံ ရှာဖွေတွေ့ဆုံခဲ့ပြီး၊ ဖန့်ချန်၏ နည်းလမ်းများနှင့် ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ခဲ့ဖူးချေပြီ။
ဒီနေ့ တိုက်ပွဲနှင့် ပတ်သက်ပြီးတော့လည်း၊ သူ၏ စိတ်ထဲတွင် အသင့်အတင့် ပြင်ဆင်ထားပြီးသား ဖြစ်၏။
“ရွှေဟွေးကျောင်းဆောင်၊ လူသားမျိုးနွယ် ကျောင်းက ဖန့်ချန်ပါ၊ စီနီယာအစ်ကို ရွှီခဲ့ကို တွေ့ရတာ ဝမ်းသာပါတယ်”
ဖန့်ချန်က ယဉ်ကျေးပျူငှာစွာဖြင့် လက်အုပ်ချီလျက် ဆိုလိုက်သည်။
ကြယ်တာရာမျိုးနွယ်စုသည် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးအတွင်း၌၊ အုတ်မြစ်စွမ်းအားက ရှီးမျိုးနွယ်စုထက် အနည်းငယ်မျှသာ လျော့နည်းသည့် ထိပ်တန်းလွှာ မျိုးနွယ်စုတစ်ခု ဖြစ်သည်ဟု သတ်မှတ်လို့ရပေသည်။
လူသားမျိုးနွယ်ကဲ့သို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီး၏ အလယ်အလတ်အဆင့်မှာပင် မနည်း ရုန်းကန်နေရသည့် မျိုးနွယ်စုနှင့် ယှဉ်လိုက်ပါက။
ကြယ်တာရာမျိုးနွယ်စုတွင် ကောင်းကင်ဘုံအရှင် သူတော်စင် အများအပြား ရှိကြသဖြင့်၊ အုတ်မြစ်စွမ်းအားက လူသားမျိုးနွယ်ထက် အဆမတန် ပိုမို တောင့်တင်းခိုင်မာလွန်းလှချေပြီ။
“မင်းရဲ့ စွမ်းအားက သာမန်မဟုတ်ဘူးဆိုတာကို ငါသိတယ်၊ ပြီးတော့ တကယ့်ကို ထူးခြားတဲ့နတ်ဘုရား စွမ်းရည်ကိုလည်း နားလည်သဘောပေါက်ထားသေးတာပဲ။ ဒါကြောင့် ငါတို့ရဲ့ ဒီတိုက်ပွဲကို၊ အကွက်တစ်ဆယ်ကို အကန့်အသတ်အဖြစ် သတ်မှတ်ရအောင်။
အကယ်၍ အကွက်တစ်ဆယ်အတွင်းမှာ၊ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ ငါ့ဘက်က အရှုံးပေးလိုက်မယ်၊ ဘယ်လိုလဲ”
ရွှီခဲ့က ပြုံး၍ ဆိုလိုက်၏။
“ကောင်းပါပြီ”
ဖန့်ချန်က အလွန် ပြတ်သားစွာဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်။
ရွှီခဲ့သည် မျက်နှာတစ်ခုလုံးတွင် အံ့အားသင့် ချီးကျူးရိပ်များဖြင့်၊ လက်အုပ်ချီလျက် ဆိုလိုက်ရတော့သည်။
“ငါ ရှုံးပါပြီ”
တိတိကျကျ အကွက်တစ်ဆယ်အတွင်းမှာတင်၊ သူသည် မိမိ၏ အားအကောင်းဆုံး စွမ်းအားကို အကုန်ထုတ်သုံးခဲ့ပါသော်လည်း၊ တစ်ဖက်လူ၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝကိုပင် အနည်းငယ်မျှ လှုပ်ခတ်အောင် မလုပ်နိုင်ခဲ့ချေ။
သူ၏ အတွေ့အကြုံအရဆိုလျှင်၊ ၎င်းတို့နှစ်ဦးကြားက စွမ်းအားကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှပေသည်။
ဆက်လက် တိုက်ခိုက်နေပါဦး၊ သေချာပေါက် ရှုံးနိမ့်ရမည်သာ ဖြစ်၏။
“စီနီယာအစ်ကို ရွှီက အလျှော့ပေးလိုက်လို့ပါ”
ဖန့်ချန်က ပြုံး၍ လက်အုပ်ချီလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ တောက်ပလှသည့် ရွှေရောင်အလင်းတန်း နှစ်ခု ဖြာကျလာခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကွင်းပြင်ကျယ်ကြီးပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ကြပြီ ဖြစ်သည်။
ကွင်းပြင်ကျယ်ကြီးက လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး၊ အခြားသူများမှာမူ တိုက်ပွဲအတွင်း၌ ရှိနေကြဆဲ ဖြစ်ရာ၊ ဖန့်ချန်က ဝေးလံလှသည့် နေရာအထိ လှမ်းမျှော်ကြည့်လိုက်သော်လည်း သူ၏ အမြင်အာရုံ ရောက်ရှိရာ အရပ်တွင် သူတစ်ယောက်တည်းသာ ရှိနေချေသည်။
သူသည် နောက်ထပ် တိုက်ပွဲကို ချက်ချင်း အစီအစဉ်ဆွဲပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ အတန်ကြာအောင် စောင့်ဆိုင်းနေပါသော်လည်း ဘာလှုပ်ရှားမှုမျှ ရှိမလာပေ။
“ဟုတ်သားပဲ…… အဆင့်ရှစ်ဆယ့်ရှစ်မှာ ရှိတဲ့ တည်ရှိမှုက၊ အဆင့်ရှစ်ဆယ့်ခုနစ်က လူနဲ့ အပြင်းထန် တိုက်ခိုက်နေတုန်းပဲ ထင်တယ်……”
ဖန့်ချန်သည် ပိတ်ကားကြီးထဲမှ ထိုသူ၏ အမည်နာမကို ရှာဖွေတွေ့ရှိသွားခဲ့သဖြင့်၊ စိတ်ရှည်လက်ရှည်ဖြင့်သာ ဆက်လက် စောင့်ဆိုင်းနေလိုက်တော့သည်။
မည်မျှ ကြာသွားသည်မသိရဘဲ၊ နောက်တစ်ကြိမ် ရွှေရောင်အလင်းတန်းက ထပ်မံ ဖြာကျလာခဲ့ပြန်သည်။
ဤကဲ့သို့ဖြင့်၊ ဖန့်ချန်၏ တိုက်ပွဲများသည် တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး၊ အလယ်ပိုင်းတွင်လည်း အနည်းငယ်မျှ အနားယူရသည့် အချိန်များ ရှိခဲ့သည်။
ထိုလူများသည် ကြိုတင် တိုင်ပင်ထားကြခြင်းလား၊ သို့မဟုတ် ဘာကြောင့်လဲတော့မသိရဘဲ၊ လူတိုင်းက အကွက်တစ်ဆယ်ကိုသာ အကန့်အသတ်အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြချေသည်။
……
“တန်လင်ကျောင်းဆောင်၊ ထိုက်ဟောက်ကျန့် ပါ”
ထိုက်ဟောက်ကျန့်က မျက်နှာအမူအရာ မရှိဘဲ ဖန့်ချန်ကို စိုက်ကြည့်လိုက်ပြီး -
“ငါတို့ အကွက်တစ်ဆယ်ကို အကန့်အသတ်အဖြစ် သတ်မှတ်ရအောင်၊ အကယ်၍ ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ အရှုံးပေးလိုက်မယ်”
ဒါက ဖန့်ချန်၏ ဒသမမြောက် တိုက်ပွဲ ဖြစ်သည်။
ထိုက်ဟောက်ကျန့်သည် အဆင့်ရှစ်ဆယ်၌ တည်ရှိနေသူ ဖြစ်ပြီး၊ ပါရမီရှင်များထဲတွင် ထိပ်တန်းလွှာတစ်ဦးအဖြစ် သတ်မှတ်လို့ရပေသည်။
ယွီဝမ်ရှန်းကဲ့သို့သော လူများနှင့် ယှဉ်လိုက်ပါက၊ အဆမတန် ပိုမို သန်မာလွန်းလှချေပြီ။
တစ်ယောက်ချင်းစီ သီးသန့် တိုက်ခိုက်ရရာတွင်၊ အကွက်တစ်ရာအတွင်းမှာတင် ယွီဝမ်ရှန်းကို လုံးဝ အပြတ်အသတ် သတ်ဖြတ်နိုင်သည့် စွမ်းအား ရှိသူ ဖြစ်၏။
“မင်းရဲ့ မျိုးရိုးအမည်က ထိုက်ဟောက် ဆိုတော့၊ မင်းက ရှီးမျိုးနွယ်စုဝင် ပေါ့”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
ထိုက်ဟောက်ကျန့်၏ မျက်နှာအမူအရာက မသိမသာ ပြောင်းလဲသွားခဲ့သည်။
“ဒါဆိုရင်ကော ဘာဖြစ်လဲ။ မင်း တကယ်ပဲ ရှီးမျိုးနွယ်စုနဲ့ လုံးဝ ရန်သူဖြစ် ချင်တာလား။ ငါတို့တွေက ဘာပဲပြောပြော ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးရဲ့ အဖွဲ့ဝင်တွေပဲ။
အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေဖို့ မလိုပါဘူး”
“ကော်ယန်လီက အတိတ်တုန်းက ငါ့ရဲ့ နေမင်းခုနစ်ပါး တံဆိပ်ကို လုယူဖို့ ကြိုးစားခဲ့စဉ်တုန်းကတော့၊ ဒီအချက်ကို ထည့်သွင်းစဉ်းစားခဲ့ပုံမရဘူး”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်၏။
“သူ သေချာပေါက် သိထားသင့်တာက၊ ငါ နေမင်းခုနစ်ပါးခန်းမဆောင်ထဲမှာ ရှိနေသရွေ့တော့ ရှီးမျိုးနွယ်စုက ကျောင်းသားတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရဦးမှာပဲ ဆိုတာကိုပေါ့”
“……”
ထိုက်ဟောက်ကျန့်၏ မျက်နှာက အလွန်အမင်း ရုပ်ဆိုးဆိုး ဖြစ်သွားခဲ့ရသည်။
ထိုကော်ယန်လီဆိုသူသည် ဤအချက်ကို ထည့်သွင်းမစဉ်းစားခဲ့ခြင်း မဟုတ်ဘဲ၊ တစ်ဖက်လူ၏ အုတ်မြစ်စွမ်းအားက ဤမျှအထိ ပြင်းထန်ထည်ဝါနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ခြင်း ဖြစ်ရမည်။ အဆင့်ရှစ်ဆယ့်တစ်အထိ ဆက်တိုက် ထိုးဖောက် တက်လှမ်းလာနိုင်ခဲ့တာတောင်၊ အားအင်အပြည့် ရှိနေဆဲ ဖြစ်နေသည်မဟုတ်ပါလား……
“အပိုတွေ ဆက်ပြောမနေပါနဲ့တော့၊ မင်းနဲ့ငါ့ကြားက တိုက်ပွဲမှာ အကွက်တစ်ဆယ် အကန့်အသတ်ဆိုတာ မရှိဘူး။ အသက်ရှင်မလား သေမလားဆိုတာ မင်းရဲ့ ကံကြမ္မာအပေါ်ပဲ မူတည်တယ်”