← Chapters

အခန်း (၂၁၈၉-၂၁၉၀)

Vol. 219 Ch. 2189-2190

အခန်း (၂၁၈၉-၂၁၉၀)

Vol. 219 Ch. 2189-2190

အခန်း (၂၁၈၉) ငါ့ရဲ့ အသက်ကို ဘယ်တော့မှ တခြားလူတွေ လက်ထဲ အဆုံးအဖြတ် မခံဘူး

ထိုက်ဟောက်ကျန့်၏ မျက်နှာအမူအရာက အလွန်အမင်း ရုပ်ဆိုးဆိုး ဖြစ်သွားခဲ့ရသည်။

သူ့စိတ်ထဲတွင် နေရာအနှံ့ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည့် ဒေါသမီးတောက်များကို မည်သို့မှ ဖွင့်ထုတ်စရာ ရှာမတွေ့နိုင် ဖြစ်နေ၏။

အကယ်၍ ကော်ယန်လီသာ မိမိရှေ့မှောက်က လူသားမျိုးနွယ် ကျောင်းသားကို သွားရောက် မပြစ်မှားခဲ့ပါက။

သူသည်လည်း ယခုကဲ့သို့ အရှက်ရဖွယ် ကောင်းလှသည့်အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် ဘေးဒုက္ခမျိုးနှင့် ရင်ဆိုင်နေရမည် မဟုတ်ပေ။

“ငါ့ရဲ့ အသက်ကို ဘယ်တော့မှ တခြားလူတွေ လက်ထဲ အဆုံးအဖြတ် မခံဘူး”

“ငါ့ကံကြမ္မာကို ငါပဲ သတ်မှတ်မယ်၊ ကောင်းကင်ဘုံကို အဆုံးအဖြတ် မခံဘူး”

“ငါ အရှုံးပေးတယ်”

ထိုက်ဟောက်ကျန့်က စူးရှတုန်ရီလှသည့် အော်ဟစ်သံတစ်ချက်ကို လွှတ်လိုက်ပြီးနောက်၊ ကျယ်ပြောထည်ဝါလှသည့် အတွင်းကမ္ဘာနယ်မြေ စွမ်းအားများကို ချက်ချင်း မောင်းနှင်လိုက်တော့သည်။ နတ်ဘုရားစွမ်းရည် တစ်ခုပြီးတစ်ခုက လှိုင်းလုံးကြီးများသဖွယ် တရဟော ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ အတွင်းကမ္ဘာနယ်မြေကို အထပ်ထပ်အခဲခဲ ရစ်ပတ်ကာကွယ်လျက် လုံးဝဥဿုံ ခုခံကာကွယ်သည့် အနေအထားကို ပြုလုပ်လိုက်ချေပြီ။

ဖန့်ချန်သည်လည်း တစ်ဖက်လူ အရှုံးပေးလိုက်သည့် လျှပ်တစ်ပြက် အချိန်အတွင်းမှာပင် တစ်ပြိုင်တည်း တုံ့ပြန်လိုက်သည်။

မဟာကရုဏာဓား၏ ဓားအလင်းတန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုက်ဟောက်ကျန့်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

တစ်ချက်တည်းသော ဓားချက်ဖြင့်တင် သူ၏ နတ်ဘုရားစွမ်းရည် ရှစ်မျိုးလုံးကို အပြတ်အသတ် ချိုးဖျက်ပစ်လိုက်ပြီး၊ သူ၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝပေါ်တွင် အလွန်အမင်း နက်ရှိုင်းလှသည့် ဓားရာကြီးတစ်ခုကို ထင်ကျန်ရစ်စေခဲ့တော့သည်။

ကောင်းကင်ငါးပါး ကြီးကြပ်ရေးမှူးသည်လည်း ထိုအချိန်ကျမှ သတိဝင်လာခဲ့ပြီး၊ ကောင်းကင်ယံထက်မှ ရွှေရောင်အလင်းတန်း နှစ်ခု ဖြာကျလာကာ တစ်ခုက ထိုက်ဟောက်ကျန့်ကို ပတ်သိုင်းသွားပြီး၊ ကျန်တစ်ခုက ဖန့်ချန်ကို ပတ်သိုင်းသွားခဲ့၏။

“ဟဲဟဲ……”

ထိုက်ဟောက်ကျန့်က မိမိမျက်နှာထက်က ချွေးစေးများကို သုတ်လိုက်ရင်း၊ ဖန့်ချန်ကို ကြည့်ကာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ကျနစွာ ရယ်မောလိုက်သည်။

“ငါ ပြောသားပဲ၊ ငါ့ရဲ့ အသက်ကို ငါကိုယ်တိုင်ပဲ အစိုးရရစေရမယ်၊ မင်းအနေနဲ့ ဒီအခွင့်အရေးကို သုံးပြီး ငါ့ရဲ့ သူတော်စင်လမ်းစဉ်ကို ဖျက်ဆီးပစ်ဖို့ ဘယ်တော့မှ စိတ်မကူးနဲ့”

“မင်းရဲ့ တုံ့ပြန်မှုက မြန်သွားတယ်လို့ပဲ သတ်မှတ်ရမှာပေါ့”

ဖန့်ချန်က စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် ပုံစံမျိုးဖြင့် ညည်းညူလိုက်မိ၏။

ထို့နောက်တွင်မူ ရွှေရောင်အလင်းတန်းက ၎င်းတို့နှစ်ဦးကို ဤနေရာမှ ခေါ်ဆောင်သွားခဲ့ပြီး ကွင်းပြင်ကျယ်ကြီးပေါ်သို့ ပြန်လည် ရောက်ရှိစေခဲ့သည်။

ဖန့်ချန်၏ မျက်ဝန်းအစုံထဲက စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အရိပ်အယောင်များကမူ အချိန်အနည်းငယ်အတွင်းမှာပင် လွင့်ပျယ်သွားခဲ့ပြီဖြစ်ရာ၊ ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခုဖြင့် အစားထိုး ဝင်ရောက်လာခဲ့ချေပြီ။

စောစောက လျှပ်တစ်ပြက် အချိန်အတွင်းမှာသာ၊ အကယ်၍ သူက ထိုက်ဟောက်ကျန့်၏ အသက်ကို အမှန်တကယ် နုတ်ယူချင်ခဲ့မည်ဆိုပါက တကယ့်ကို လက်တစ်ဖျစ်စာအတွင်း လွယ်ကူလွန်းလှပေသည်။

သို့သော်လည်း ထိုသူ၏ အသက်ရှင်သန်လိုစိတ် မည်မျှပြင်းထန်နေသည်ကို တွေ့လိုက်ရပြီး၊ ပထမဆုံးအချိန်အတွင်းမှာတင် မိမိ၏ ဘေးကင်းလုံခြုံမှုအတွက် အထိရောက်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်သွားခဲ့သည် မဟုတ်ပါလား။

ဤကဲ့သို့သော လိမ္မာပါးနပ်သူမျိုးကမူ၊ ဆက်လက် အသက်ရှင်သန်ခွင့်ရဖို့ သေချာပေါက် အရည်အချင်း ရှိပေသည်။

အခြားတစ်ဖက်တွင်မူ။

ထိုက်ဟောက်ကျန့်က နေမင်းခုနစ်ပါးဇုန်၏ ကွင်းပြင်ကျယ်ကြီးပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တွင် ရှိနေကြသည့် နေမင်းခုနစ်ပါး ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် သူ့ထံသို့ လှမ်းကြည့်လိုက်ကြပြီး၊ မျက်ဝန်းအစုံတွင် အံ့အားသင့်ရိပ်များ ထွက်ပေါ်နေကြ၏။

ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါ ထိပ်တန်းလွှာအဆင့် ရှိသည့် ဝတ်စုံခရမ်းရောင်နှင့် အမျိုးသမီးတစ်ဦးက ထိုက်ဟောက်ကျန့်၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး၊ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ဆိုလိုက်သည်။

“မင်းနဲ့ ဖန့်ချန်တို့ တိုက်ခိုက်ရတာ ဘယ်လိုအခြေအနေမျိုး ရှိလဲ။ သူ မင်းကို အသေမရိုက်လိုက်ဘူးလား”

“ထိုက်ဟောက်ကျန့်…… မင်းက ရှီးမျိုးနွယ်စုဝင် လေ၊ အပတ်တိုင်း သူက ရှီးမျိုးနွယ်စုနဲ့ တွေ့ရင် အသေအလဲ သတ်လေ့ရှိတာကို၊ အခု မင်းကို အသေမသတ်လိုက်ဘူးဆိုတော့၊ သူ့ရဲ့ ပါရမီက အဆုံးစွန်ကို ရောက်သွားပြီမို့လို့လား”

ဖန့်ချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည့် ထိုနေမင်းခုနစ်ပါး ကျောင်းသားများသာ ဤကိစ္စကို စူးစမ်းချင်နေကြခြင်း မဟုတ်ဘဲ။

အဆင့်ခုနစ်ဆယ်ကျော်ဝန်းကျင်တွင် တည်ရှိနေကြသည့် ထိုသူများကလည်း ဤကိစ္စနှင့် ပတ်သက်လို့ အလွန်အမင်း စူးစမ်းလိုစိတ် ပြင်းထန်နေကြခြင်း ဖြစ်၏။

ထိုက်ဟောက်ကျန့်၏ မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီးနောက်၊ တည်ငြိမ်အေးဆေးစွာဖြင့် မိမိ၏ အတွင်းကမ္ဘာနယ်မြေကို ထုတ်ဖော်ပြသလိုက်တော့သည်။

၎င်း၏ အပေါ်တွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည့် ဓားရာကြီးတစ်ခု ထင်ကျန်နေချေပြီ။

၎င်းသည် အတွင်းကမ္ဘာနယ်မြေ၏ အထက်ဆုံးအပိုင်းမှသည် အောက်ခြေအထိ တောက်လျှောက် ပျံ့နှံ့နေခြင်း ဖြစ်၏။

ယခုအချိန်အထိပင် စူးရှထက်မြက်လှသည့် ဓားအသိများက မျိုးစုံဖြင့် ဖြာထွက်နေဆဲ ဖြစ်ပြီး၊ အတွင်းကမ္ဘာနယ်မြေ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဖျက်ဆီးပစ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

သို့သော်လည်း ၎င်းက ဓားရာတစ်ခုမျှသာ ဖြစ်သည့်အပြင်၊ ထိုက်ဟောက်ကျန့်ကလည်း သာမန်လူတစ်ယောက် မဟုတ်သဖြင့်၊ အတွင်းကမ္ဘာနယ်မြေအတွင်းက ကောင်းကင်နိမိတ်များကမူ အဆက်မပြတ် ဖောက်ပြန်လှန်ထိုးနေခဲ့ပြီ ဖြစ်ကာ။ အတွင်းကမ္ဘာနယ်မြေ စွမ်းအားများကို တစ်သုတ်ပြီးတစ်သုတ် ထုတ်ဖော်လျက် အတွင်းကမ္ဘာနယ်မြေ တံခါးဝကို ပြန်လည် ပြုပြင်နေသည့်အပြင်၊ ထိုဓားရာကြီးကိုပါ ချေဖျက်ပစ်ရန် ကြိုးစားနေတော့သည်။

“ဒီဖန့်ချန်ဆိုတဲ့ကောင် ရဲ့ စွမ်းအားကတော့ တကယ့်ကို ထူးချွန်ထက်မြက်လှတယ်လို့ ဝန်ခံရမှာပဲ”

ထိုက်ဟောက်ကျန့်က ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ငါက သူနဲ့ အကွက်တစ်ထောင်ကျော်အထိ ယှဉ်ပြိုင်ခဲ့တာ၊ အကွက်တိုင်းက အသက်အန္တရာယ်နီးပါး စိုးရိမ်ရတယ်။ ငါ့ဘက်က သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိခဲ့ပါသေးတယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ့ရဲ့ မဟာကရုဏာဓား နတ်ဘုရားစွမ်းရည်ကြောင့် ရှုံးနိမ့်ခဲ့ရတာပဲ။

ဒီနတ်ဘုရားစွမ်းရည်က သတင်းတွေထဲမှာတော့ စွမ်းအားက အဲဒီလောက်ကြီး မပြင်းထန်ဘူးလို့ ဆိုကြပေမဲ့။

ဒါပေမဲ့ ဖန့်ချန်ရဲ့ လက်ထဲမှာတော့ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိနေဆဲပဲ။

အကယ်၍ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားကသာ မဆိုးဘူးလို့ ပြောလို့မရရင်၊ ဒီတိုက်ပွဲမှာတင် အသက်ပျောက်သွားလောက်ပြီ”

ပြောပြီးသည်နှင့် သူက ထိုဝတ်စုံခရမ်းရောင်နှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်၏။

“လန်ဟွန့်ချိုင်…… မင်းရဲ့ အဆင့်က ငါ့ထက် တစ်ဆင့် ပိုမြင့်နေတယ်ဆိုပေမဲ့၊ မင်းရဲ့ စွမ်းအားက အလွန်ဆုံးရှိလှ ငါနဲ့ မတိမ်းမယိမ်း အဆင့်ပဲ ရှိတာ။

ငါတို့ရဲ့ အဆင့်တွေက တစ်ခါတရံမှာ အပြောင်းအလဲ ရှိတတ်တယ်၊ အဓိကက တိုက်ပွဲရမှတ်အပေါ်မှာပဲ မူတည်တာ၊ မင်းနဲ့ ငါ့ကြားက အနိုင်အရှုံးအပေါ်မှာ မဟုတ်ဘူး။

ဒီအချက်ကိုတော့ မင်း ဝန်ခံတယ်မလား”

လန်ဟွန့်ချိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လူတိုင်းကလည်း သိရှိထားကြသည်မှာ၊ ဤအဆင့်ဝန်းကျင်တွင် လူတိုင်း၏ စွမ်းအားကွာခြားချက်က တကယ့်ကို ကြီးကြီးမားမား မရှိကြကြောင်းကို ဖြစ်၏။

တိုက်ပွဲများတွင်လည်း အနိုင်ရှိသလို အရှုံးလည်း ရှိကြရာ၊ အဓိကက အနိုင်အရှုံး အကြိမ်ရေအလိုက် ရရှိမည့် ရမှတ်အပေါ်၌သာ မူတည်ပေသည်။

လွန်ခဲ့သည့် နှစ်တစ်ထောင်၊ နှစ်ထောင်ဝန်းကျင်တုန်းက ထိုက်ဟောက်ကျန့်၏ အခြေအနေက ကောင်းမွန်ခဲ့သဖြင့်၊ နတ်ဘုရားစွမ်းရည်က တိုးတက်လာခဲ့ဖူးရာ၊ ထိုအချိန်တုန်းက သူက အဆင့်ခုနစ်ဆယ့်ကိုး ဖြစ်ပြီး၊ လန်ဟွန့်ချိုင်က အဆင့်ရှစ်ဆယ် ဖြစ်ခဲ့ဖူးသည်။

သို့သော်လည်း ယခုနှစ်ပိုင်းအတွင်းမှာမူ သူက အဆင့်ရှစ်ဆယ် ဖြစ်ပြီး၊ လန်ဟွန့်ချိုင်က အဆင့်ခုနစ်ဆယ့်ကိုး ဖြစ်နေချေပြီ။

လက်တွေ့တွင်မူ ၎င်းတို့နှစ်ဦး၏ စွမ်းအားကွာခြားချက်က ကြီးကြီးမားမား မရှိပေ။

“ဒါကြောင့်မို့လို့ မင်း သတိထားရမယ်၊ နောက်တစ်ကြိမ် ကောင်းကင်ငါးပါး စစ်တလင်းကျရင် သူက မင်းဆီကို လာရှာလိမ့်မယ်။

မင်းတို့ ပေါင်ရှန့်မျိုးနွယ်စုက လွန်ခဲ့တဲ့ ရှေးရှေးတုန်းက လူသားမျိုးနွယ်ကို ကျေးကျွန်ပြုခဲ့ဖူးတယ်။

အခုအချိန်မှာ မင်းတို့ နှစ်မျိုးနွယ်စလုံးရဲ့ စွမ်းအားက မတိမ်းမယိမ်း ဖြစ်နေပြီဆိုပေမဲ့၊ ဒီနှစ်တွေအတွင်းမှာ အကြီးကဲ အဖွဲ့ အဆင့်မှာပဲ ဖြစ်ဖြစ်၊ အတွင်းကမ္ဘာ တားမြစ်နယ်မြေ အသီးသီးမှာပဲ ဖြစ်ဖြစ်၊ ဟင်းလင်းပြင် တားမြစ်နယ်မြေ အသီးသီးမှာပဲ ဖြစ်ဖြစ်၊ အချင်းချင်း မကြာခဏ ပွတ်တိုက်မှုတွေ ရှိနေခဲ့တာ။

လူသားမျိုးနွယ်ဘက်ကတော့ သေချာပေါက် သူ့ကို ခိုင်းပြီး မင်းရဲ့ အသက်ကို ယူခိုင်းလိမ့်မယ်”

ထိုက်ဟောက်ကျန့်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ဆိုလိုက်၏။

လန်ဟွန့်ချိုင်၏ မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီးနောက်၊ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“သူက အကွက်တစ်ထောင်ကျော်အထိ တိုက်ခိုက်မှ နင့်ကို အနိုင်ယူနိုင်တာ၊ ငါ့ရဲ့ အသက်ကို ယူချင်တယ်ဆိုရင်တော့ အဲဒီလောက် မလွယ်ကူလောက်ပါဘူး”

“ငါက သတိပေးရုံသက်သက်ပါ၊ နားထောင်မလား၊ မနာခံဘူးလားဆိုတာကတော့ မင်းကိုယ်တိုင်အပေါ်ပဲ မူတည်ပါတယ်”

ထိုက်ဟောက်ကျန့်က တည်ငြိမ်စွာ ဆိုလိုက်သည်။

ပတ်ဝန်းကျင်တွင် ရှိနေကြသည့် နေမင်းခုနစ်ပါး ကျောင်းသားများသည်လည်း ပေါင်ရှန့်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်ကြားက ရန်ငြိုးရန်စများနှင့် ပတ်သက်လို့ တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံလာကြတော့သည်။

လန်ဟွန့်ချိုင်နှင့် ရင်းနှီးကျွမ်းဝင်သူအချို့ကမူ နှုတ်ဖွင့်ကာ သတိပေးလိုက်ကြပြီး၊ သူမကို ပိုမို ဂရုစိုက်ရန် ပြောကြ၏။ မိမိတို့က နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက် ဖြစ်ပါလျက်နှင့် ကောင်းကင်ငါးပါး စစ်တလင်းအတွင်း၌ သေဆုံးသွားခဲ့ရပါက နောက်ထပ်တစ်ကြိမ် ကံကြမ္မာစက်ဝန်းထဲ ပြန်လည် ဝင်ရောက်ရမည် ဖြစ်ရာ၊ ၎င်းက အလွန်အမင်း နှမြောစရာကောင်းလွန်းလှသည် မဟုတ်ပါလား။

နောက်ထပ်တစ်ကြိမ် ကံကြမ္မာစက်ဝန်းထဲ ရောက်သွားလျှင်ကော မည်သို့သောအခြေအနေမျိုး ရှိလာမည်ကို မည်သူ သိနိုင်ပါဦးမည်နည်း။

အတိအကျပင် ထိုအချိန်တွင်၊ ဗျာဒိတ်သံကဲ့သို့ ကျယ်ပြောလှသည့် အသံကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့၏။

“ထိုက်ဟောက်ကျန့်၊ ဒီဘက်ကို ခဏလာခဲ့ဦး”

ပတ်ဝန်းကျင်တွင် ရှိနေကြသည့် ဆယ်ဂဏန်းမျှရှိသော နေမင်းခုနစ်ပါး ကျောင်းသားများသည်လည်း လန့်ဖျပ်သွားကြရပြီး၊ မသိစိတ်အလျောက် လမ်းကြောင်းတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိကြသည်။

ထိုနေရာတွင်လည်း နေမင်းခုနစ်ပါး ကျောင်းသား တစ်ဆယ်ကျော်မျှ စုဝေးနေကြဆဲ ဖြစ်သော်လည်း၊ ထိုကျောင်းသားအုပ်စုကမူ သာမန်နေ့ရက်များတွင် ၎င်းတို့နှင့် ဆက်ဆံပြောဆိုမှု အလွန်အမင်း နည်းပါးလှချေသည်။

၎င်းတို့ထဲက အချို့လူများသည် ဤနေရာတွင် နှစ်ပေါင်းထောင်ချီကြာအောင် နေထိုင်လာခဲ့ကြပြီ ဖြစ်ပါသော်လည်း၊ ထိုကျောင်းသားများနှင့် တစ်ကြိမ်တစ်ခါမျှ ယှဉ်ပြိုင်တိုက်ခိုက်ဖူးခြင်း မရှိကြပေ။

ပထမအချက်မှာ မတိုက်ရဲခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ အခွင့်အရေး မရှိခြင်း ဖြစ်၏။

ထိုတစ်ဆယ်ကျော်မျှသော လူများသည်ကား၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များထဲတွင် အဆင့်ငါးဆယ်အတွင်း၌ တည်ရှိနေကြသည့် တည်ရှိမှုများ ဖြစ်ကြပေသည်ဟူ၏။

လူတိုင်းက နေမင်းခုနစ်ပါး ကျောင်းသားများ ဖြစ်ကြသည်ဆိုသော်လည်း၊ မိမိတို့အနေဖြင့် အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် အခြေအနေမျိုး ရှိနေသေးကြောင်းကို သူတို့ ကောင်းကောင်း သိရှိထားကြသည်။

သို့သော်လည်း ထိုလူတစ်စုကမူ၊ နေမင်းခုနစ်ပါး ကျောင်းသားဟူသည့် အဆင့်အတန်းကို အပြည့်အဝ သယ်ဆောင်လျက် စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်ကြမည့်သူများ ဖြစ်ကြသည့်အပြင်၊ ထိုအဆင့်တွင်လည်း အလွန်အမင်း ထူးချွန်လှသည့် ရလဒ်ကောင်းများကို ဆွတ်ခူးနိုင်ကြဦးမည် ဖြစ်ချေသည်။

“ချန်းယန် စီနီယာအစ်ကိုလား…… ကျွန်တော် လာပါပြီ”

ထိုက်ဟောက်ကျန့်က ဦးစွာ ဆွံ့အသွားခဲ့ရပြီးနောက်၊ ချက်ချင်းပင် ဖားပြာဖားလိပ်လုပ်လျက် ထိုနေရာသို့ သုတ်ခြေတင် ပြေးသွားခဲ့တော့သည်။

“ယန့်ချန်းယန်…… သူက ခုနစ်ကြယ်စင် နဂါးမျိုးနွယ်စုထဲမှာဆိုရင်၊ အဆင့်ငါးအတွင်း ဝင်နိုင်လောက်ပြီမလား”

“ငါးတင် ဘယ်ကမလဲ၊ ငါ့အမြင်အရဆိုရင် သူက သက်တူရွယ်တူတွေထဲမှာ အဆင့်သုံးအတွင်း ဝင်ဖို့တောင် ဘာပြဿနာမှ မရှိဘူး”

“ခုနစ်ကြယ်စင် နဂါးမျိုးနွယ်စု…… ကြားတာတော့ လွန်ခဲ့တဲ့ နှစ်ငါးထောင်တုန်းကတင်၊ နောက်ထပ် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ကောင်းကင်ဘုံအရှင် သူတော်စင်အဆင့်ကို ထိုးဖောက် တက်လှမ်းသွားခဲ့ပြန်ပြီတဲ့၊ မဟာမိတ်အဖွဲ့ကြီး ခုံသမာဓိရဲ့ ဂုဏ်ထူးဆောင် ကောင်းကင်ဘုံအရှင် ဖြစ်လာခဲ့တာ။ အဲဒီပုဂ္ဂိုလ်အပါအဝင်ဆိုရင် စုစုပေါင်း အာဏာပလ္လင် ခုနစ်နေရာအထိ သိမ်းပိုက်ထားနိုင်တာ၊ တကယ့်ကို မလွယ်ကူလှဘူး”

“သူက ထိုက်ဟောက်ကျန့်ကို လှမ်းခေါ်လိုက်တာက၊ ဖန့်ချန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မေးမြန်းချင်လို့ မဟုတ်လောက်ပါဘူးနော်”

“မဖြစ်နိုင်တာပဲ၊ ဖန့်ချန်က ဘယ်လောက်ပဲ သန်မာနေပါစေဦး၊ ယန့်ချန်းယန်တို့ ရှိနေတဲ့ အဆင့်အတန်းအထိ တက်လှမ်းလာနိုင်ပါဦးမလား”

“ငါတို့တွေ ဒီအဆင့်ကို ရောက်လာတဲ့အခါ၊ တစ်ခါတရံမှာ ပြိုင်ဆိုင်နေကြတာက တစ်ကိုယ်ရေရဲ့ အုတ်မြစ်စွမ်းအားတင် မဟုတ်တော့ဘူး၊ လူသားမျိုးနွယ်က ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးအတွင်းမှာတင် အလယ်အလတ်အဆင့်ပဲ ရှိသေးတာ။

ခုနစ်ကြယ်စင် နဂါးမျိုးနွယ်စုကတော့ ကောင်းကင်အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးအတွင်းမှာတင် ထိပ်တန်းလွှာအဆင့် ဝင်တာပဲ……”

“ဒါလည်း ဟုတ်တာပဲ……”

……

ထိုက်ဟောက်ကျန့်က ယန့်ချန်းယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ယန့်ချန်းယန်၏ တစ်ကိုယ်လုံးတွင် နက်မှောင်လှသည့် ခရမ်းရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး၊ မတ်တတ်ရပ်နေသည့် ဖွတ်ကောင်ကြီးတစ်ကောင်ကဲ့သို့ ရှိနေကာ၊ ကိုယ်ပေါ်တွင်မူ သပ်ရပ်လှသည့် ဝတ်ရုံတော်ကို ဆင်မြန်းထားချေသည်။

သူ၏ မျက်ခုံးအစုံကြားတွင်မူ၊ လွန်စွာ ထင်ရှားလှသည့်၊ တောက်ပနေသည့် ကြယ်တာရာများကဲ့သို့သော အစက်အပြောက် ခုနစ်ခုကို မြင်တွေ့နိုင်ပေသည်။

၎င်းကပင် ခုနစ်ကြယ်စင် နဂါးမျိုးနွယ်စု၏ အထင်ရှားဆုံးသော အမှတ်အသား ဖြစ်၏။

“ယန့် စီနီယာအစ်ကို၊ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ ခင်ဗျာ”

ထိုက်ဟောက်ကျန့်က ပထမဦးစွာ ပတ်ဝန်းကျင်တွင် ရှိနေကြသည့် နေမင်းခုနစ်ပါး ကျောင်းသားများကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက်၊ ယန့်ချန်းယန်ကို လှမ်းကြည့်လိုက်ရင်း မျက်ဝန်းအစုံတွင် ရိုသေခန့်ညားရိပ်များ ထွက်ပေါ်နေတော့သည်။

သူ သိရှိထားသည်မှာ၊ မိမိရှေ့မှောက်က တည်ရှိမှုမျိုးက အကယ်၍ သူ့ကို သတ်ဖြတ်ချင်ခဲ့မည်ဆိုပါက တစ်ချက်တည်းသာ လိုအပ်ပြီး၊ ထိုတစ်ချက်တည်းတောင် ပြည့်အောင် သုံးစရာ မလိုကြောင်းကို ဖြစ်၏။

၎င်းကပင် အဆင့်လေးဆယ့်နှစ်နှင့် သူ့ကြားက ကြီးမားလှသည့် ကွာခြားချက်ကြီး ဖြစ်ပေသည်။

အခန်း (၂၁၉၀) ခုနစ်ကြယ်စင် နဂါးမျိုးနွယ်စု

“မင်း ခုနက ပြောတာ၊ မင်းနဲ့ အဲဒီဖန့်ချန်တို့ တိုက်ခိုက်ခဲ့တာ အကွက်တစ်ထောင်ကျော်မှ အရှုံးပေးလိုက်ရတာဆို။”

ယန့်ချန်းယန်က ပါးစပ်ကို ဟကာ ရယ်မောလိုက်သည်။ သူ့အမူအရာက ပြုံးနေသယောင် ရှိသော်လည်း ထိုက်ဟောက်ကျန့်မှာမူ ၎င်းက အစစ်အမှန် ဟုတ်၊ မဟုတ် မသေချာပေ။

သူ့စိတ်ထဲတွင် တစ်ချက်မျှ တုန်ခါသွားသည်။ ယန့်ချန်းယန်က ဤကိစ္စကို မေးမြန်းရသည့် အကြောင်းရင်းကို မသိသဖြင့် သတိကြီးစွာဖြင့်သာ ပြန်ဖြေလိုက်ရ၏။

“ဟုတ်ပါတယ်... ကျွန်တော် သူ့နဲ့ အကွက်တစ်ထောင်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ နောက်ဆုံးကျမှ ခဏတာ အာရုံလစ်ဟင်းသွားမိလို့ မတော်တဆ အရှုံးပေးလိုက်ရတာပါ။”

ယန့်ချန်းယန်က ထိုအခိုက်တွင် အနီးအနားက ပုံရိပ်တစ်ခုဆီသို့ ရုတ်တရက် ကြည့်လိုက်ပြီးနောက် ရယ်ကျဲကျဲဖြင့် ဆိုလိုက်သည်။

“ငါ ပြောသားပဲ၊ ဒီကောင်က လူသားမျိုးနွယ်လေ။ လူသားမျိုးနွယ်ဆိုတာ မင်းတို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးထဲမှာဆိုရင် အလယ်အလတ်အဆင့်လောက်ပဲ ရှိတာ။ သူက အဆင့်ငါးဆယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မယ်လို့ မင်းတို့ ပြောနေတာ၊ ငါတော့ ဖြစ်နိုင်မယ် မထင်ဘူး။

ဘာပဲပြောပြော သူက ထိုက်ဟောက်ကျန့်နဲ့ တိုက်တုန်းကတောင် အကွက်တစ်ထောင်ကျော်မှ အနိုင်ရတာ။ နောက်ထပ် နှစ်ပေါင်းထောင်ချီပြီး အခြေခံအုတ်မြစ်တွေကို စုဆောင်းခွင့်ပေးရင်တောင်၊ အများဆုံး အဆင့်ခြောက်ဆယ်နဲ့ အဆင့်ခုနစ်ဆယ်ကြားလောက်ပဲ ရောက်မှာပါ။”

ထိုက်ဟောက်ကျန့်က ထိုစကားကို ကြားလိုက်ရသဖြင့် မသိစိတ်အလျောက် ထိုပုံရိပ်ထံသို့ ကြည့်လိုက်မိရာ သူ့မျက်ဝန်းအောက်၌ လေးနက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုသူကို သူ မှတ်မိသည်။ သူလည်းပဲ ဟင်လင်းပြင်အဆင့်မြင့်ဟာမိတ်အဖွဲ့ကြီးမှ ဖြစ်သည်။

သို့သော်လည်း သူ၏ မူလမျိုးနွယ်စုမှာ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးထဲတွင် အောက်ခြေအဆင့်မျှသာ ရှိသည်။

မျိုးနွယ်စုအတွင်း၌ပင် ကောင်းကင်ဘုံအရှင် သူတော်စင်တစ်ဦးတစ်ယောက်မျှ မရှိဘဲ၊ အမြင့်ဆုံး အထွတ်ထိပ်တာအို အဆင့် ပုဂ္ဂိုလ်အနည်းငယ်သာ ရှိကြသည်။

ထိုကဲ့သို့သော နောက်ခံမျိုးနွယ်မှ ဖြစ်သော်လည်း၊ သူတော်စင်အဖြစ် မတက်လှမ်းခင်ကပင် တန်လင် ကျောင်းမှ ဆရာတစ်ဦးက သဘောကျကာ တပည့်အဖြစ် လက်ခံ၍ တန်လင်ကျောင်း သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ သူ၏ ကျင့်စဉ်အဆင့်က တည်ငြိမ်စွာ တက်လှမ်းလာခဲ့ပြီး၊ မထင်မှတ်ဘဲ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင်မူ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ယနေ့ခေတ် အမြင့်ဆုံးအထိ တက်လှမ်းနိုင်ခဲ့သည်။

အဆင့် (၅၀)

ထိုသူ၏ မျိုးနွယ်စု နောက်ခံသည် မိမိရှိနေသည့် ထိုက်ဟောက်မျိုးနွယ်နှင့်ပင် အဆင့်ချင်း တူညီနေသည်ဖြစ်ရာ၊ ယခုကဲ့သို့ အောင်မြင်မှုမျိုးကို ထိုက်ဟောက်မျိုးနွယ်စု၏ ယနေ့ခေတ် လူငယ်များထဲတွင် မည်သူမျှ မမီနိုင်သည်ကို ထိုက်ဟောက်ကျန့်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေသည်။

“ယန့်ချန်းယန်... သူတစ်ပါးကို အထင်မသေးပါနဲ့။ ငါ့ရဲ့ နောက်ခံက လူသားမျိုးနွယ်ထက်တောင် ပိုပြီး အားနည်းသေးတာ၊ ဒါပေမဲ့ ဒီနေ့ထိ ရောက်အောင် လာနိုင်ခဲ့တာပဲ မဟုတ်လား။”

ထိုသူက ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

“ထော်ဘကျန်းယု ၊ ယန့် အစ်ကိုကြီး ပြောတာကို မင်း မယုံဘူးဆိုရင်၊ မင်းနဲ့ ငါနဲ့ လောင်းကြေးထပ်ရအောင်။

အကယ်၍ ဒီကောင်လေးက အဆင့်ငါးဆယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရင်၊ ငါ့လက်ထဲက နေမငခုနစ်ပါး အမှတ်တံဆိပ်ကို ပေးအပ်မယ်၊ နောက်ပြီး နေမင်းခုနစ်ပါး ခန်းမထဲကို ဘယ်တော့မှ မဝင်တော့ဘူး။

တစ်ဖက်လှည့်နဲ့ဆိုရင်တော့၊ မင်းက မင်းရဲ့ နေမင်းခုနစ်ပါး အမှတ်တံဆိပ်ကို ပေးရမယ်၊ ဘယ်လိုလဲ။”

နောက်ထပ် ပုံရိပ်တစ်ခုက ပြုံးစစဖြင့် ဆိုလိုက်သည်။

ထိုက်ဟောက်ကျန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဤသူမှာ လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးမှ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး ဖြစ်ပြီး၊ သူ့လုပ်ရပ်မှာ ဟင်းလင်းပြင်အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ဤသို့ဖြင့် ထော်ဘကျန်းယု၏ နေမင်းခုနစ်ပါး ကျောင်းသားအဆင့်ကို လောင်းကြေးထပ်ပြီး ဖယ်ရှားပစ်ရန် ကြိုးစားနေခြင်းပင်။

ထော်ဘကျန်းယုကမူ ခပ်အေးအေး ပြုံးလိုက်ပြီး ဆိုသည်။

“လော့ကျီကျုံး... မင်း သေချာစဉ်းစားပြီးပြီလား။

အကယ်၍ ငါသာ ဒီလောင်းကြေးကို လက်ခံလိုက်ရင်၊ နေမင်းခုနစ်ပါး ကတိကဝတ်ဟာ အတည်ဖြစ်သွားလိမ့်မယ်။

အဲဒီအချိန်ကျရင် မင်း နောင်တရပြီး ပြန်ပြင်ချင်လို့ မရတော့ဘူး။”

လော့ကျီကျုံးက အေးစက်စက် ရယ်မောလိုက်သည်။

“ငါက မင်း နောက်ပိုင်း သူ့ကို အခွင့်အရေးပေးတာကိုတောင် မကြောက်ပါဘူး၊ ငါ ဘာလို့ မလောင်းရဲရမှာလဲ။ သူက အဆင့်ခြောက်ဆယ်ကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး၊ ငါးဆယ်ဆိုတာ ဝေးပါသေးတယ်။”

“ကောင်းပြီလေ၊ မင်းတို့ နှစ်ယောက် လောင်းကြေးထပ်ဖို့ စိတ်ကူးရှိနေရင်၊ ငါတို့တွေပဲ သက်သေအဖြစ် လုပ်ပေးပါ့မယ်။”

ယန့်ချန်းယန်မှာ ပွဲကြည့်ရသည်ကို ကြိုက်နှစ်သက်သူပမာ လက်ခုပ်တီး၍ ရယ်မောနေသည်။

အနီးနားက နေမင်းခုနစ်ပါး ကျောင်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် ရယ်မောကြသည်။

“ဒါဆိုလည်း လောင်းကြေးထပ်ကြပေါ့”

“ငါလည်း ဒီကောင်လေးရဲ့ အဆုံးစွန် ပါရမီက ဘယ်လောက်လဲဆိုတာကို အရမ်း စိတ်ဝင်စားနေတာ၊ ငါတို့နဲ့ တန်းတူ ထိုင်နိုင်မလားဆိုတာ ကြည့်ရအောင်လေ။”

“လောင်းမယ်၊ သတ်မှတ်ချိန်က နှစ်သုံးရာ ”

ထော်ဘကျန်းယုမှာ မည်သို့မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ထိုလောင်းကြေးကို အလွန်အေးဆေးစွာ လက်ခံလိုက်သည်။

ထိုက်ဟောက်ကျန့်မှာမူ ဘေးတွင် ရပ်လျက် နေမင်းခုနစ်ပါး ကတိကဝတ်တစ်ခု တည်မြဲသွားသည်ကို ငေးကြည့်နေမိပြီး၊ စိတ်ထဲတွင်တော့ စိုးရိမ်တကြီး ဖြစ်နေရသည်။

“နှစ်သုံးရာပဲလား”

လော့ကျီကျုံး၏ အမူအရာက ထူးဆန်းသွားသည်။

ယန့်ချန်းယန်နှင့် အခြားသူများမှာလည်း အံ့အားသင့်သွားကြသည်။

လောင်းကြေးထပ်ရမည် ဖြစ်သော်လည်း၊ မိမိကိုယ်ကို ဤမျှအထိ ဆိုးရွားသော အခြေအနေမျိုးသို့ ရောက်အောင် လုပ်စရာ မလိုပေ။

“နှစ်သုံးရာ... ထော်ဘကျန်းယု၊ မင်းက သူ ကောင်းကင်ငါးပါး စစ်တလင်းတိုင်းမှာ အဆင့်ဆယ်ဆင့် တက်နိုင်မယ်၊ ဘယ်တော့မှ ရပ်တန့်မသွားဘူးဆိုတာကို လောင်းနေတာလား။”

တည်ရှိနေသူတစ်ဦးက အံ့ဩတကြီး မေးမြန်းလိုက်သည်။

“မင်း ဒီလောင်းကြေးမှာ သေချာပေါက် ရှုံးလိမ့်မယ်။”

လော့ကျီကျုံး၏ မျက်ဝန်း၌ နောက်ပြောင်လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ထော်ဘကျန်းယုက ပြုံးလျက် -

“အကယ်၍ သူက နှစ်တစ်ရာအတွင်း အဆင့်ဆယ်ဆင့် မတက်နိုင်ရင်၊ သူ့ရဲ့ ပါရမီက အဆင့်ငါးဆယ်ကို ကျော်ဖြတ်ဖို့ မလုံလောက်ဘူးလို့ ဆိုနိုင်တာပဲ။

နှစ်ထောင်၊ နှစ်သောင်း သတ်မှတ်ရင်တောင် အဓိပ္ပာယ် မရှိပါဘူး။

ပြီးတော့၊ ငါက လော့ကျီကျုံးရဲ့ ဒီမျက်နှာကို ကြည့်မရတာ ကြာလှပြီ၊ နှစ်သုံးရာဆိုရင် အဖြေထွက်မှာဆိုတော့ အကောင်းဆုံးပဲ။

ငါပဲ ထွက်သွားရမလား၊ သူပဲ ထွက်သွားရမလားပေါ့။”

“...”

ယန့်ချန်းယန်က ချက်ချင်းပင် ဆိုလိုက်သည်။

“ကောင်းပြီ၊ မင်းလည်း ပြတ်သားတယ်။ ဒါဆိုရင် နှစ်သုံးရာကြာရင် မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ ထွက်သွားရမလဲဆိုတာ စောင့်ကြည့်ရအောင်။”

အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိတော့။ ယခုအကြိမ် ကောင်းကင်ငါးပါး စစ်တလင်းမှာ ဖြည်းဖြည်းချင်း ပြီးဆုံးသွားခဲ့ပြီ။

ထိုက်ဟောက်ကျန့်မှာ လော့ကျီကျုံးနှင့် ထော်ဘကျန်းယုတို့၏ နေမင်းခုနစ်ပါး ကတိကဝတ်ကို စဉ်းစားနေမိစဉ်၊ တစ်စုံတစ်ယောက်က သူ့ကို အံ့ဩတကြီး ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

“ထိုက်ဟောက်ကျန့်၊ မင်းရဲ့ အဆင့်ကို ကြည့်လိုက်ဦး”

“ငါ့အဆင့်လား ရှစ်ဆယ့်တစ် မဟုတ်ဘူးလား၊ ဘာဖြစ်လို့လဲ။”

ထိုက်ဟောက်ကျန့်က စိတ်မရှည်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ၊ ကြည့်လိုက်မိသည့်အခါတွင်မူ အံ့အားသင့်သွားရသည်။

သူ့အဆင့်က ကျဆင်းသွားခြင်း မရှိရုံသာမက၊ တစ်ဆင့်တောင် တက်လာခဲ့ပြီး ခုနစ်ဆယ့်ကိုးအထိ ရောက်ရှိသွားခဲ့သည်။

မူလက ခုနစ်ဆယ့်ကိုးနေရာတွင် ရှိနေရမည့် လန်ဟွန့်ချိုင် မှာမူ ယခုအခါ ရှစ်ဆယ့်တစ်သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။

“အို... ငါ့ရဲ့ နောက်ပိုင်း တိုက်ပွဲတွေမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ အကုန် ရှုံးသွားတယ်...”

လန်ဟွန့်ချိုင်က သက်ပြင်းချလိုက်သည်။

ထိုက်ဟောက်ကျန့်က သူမကို ကြက်သေသေလျက် ကြည့်နေမိပြီး မျက်ဝန်းတွင် မယုံနိုင်စရာ အရိပ်အယောင်များ ပေါ်လာကာ နောက်ဆုံးတွင် ဒေါသအဖြစ် ပြောင်းလဲသွားသည်။

“ကောင်းကောင်း မကစားနိုင်ဘူး အကုန် ရှုံးတယ် မင်းက အဆင့်ကို ထိန်းချုပ်နေတာပဲ၊ မင်းက ဖန့်ချန်နဲ့ မတွေ့ချင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမလား ”

“ထိုက်ဟောက်ကျန့်၊ စကားပြောရင် သတိထား။ ငါက အဲဒီလိုမျိုး လုပ်စရာလား ရှုံးတာက ရှုံးတာပဲ။ ဒါပေမဲ့ နင် ခုနစ်ဆယ့်ကိုးကို တက်နိုင်တာက နင့်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတာပါပဲ။

နောက်တစ်ခါ နင် ဖန့်ချန်နဲ့ ထပ်တွေ့ရင်၊ ဒီတစ်ခါ အကွက်တစ်ထောင်နဲ့ ရှုံးခဲ့ပေမဲ့ နောက်တစ်ခါမှာ ကြိုးစားပြီး သူ့ကို အဆင့်ရှစ်ဆယ်မှာ ထိန်းထားလိုက်လေ။”

လန်ဟွန့်ချိုင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

“ငါ...”

ထိုက်ဟောက်ကျန့်၏ စိတ်ထဲတွင် ဆဲဆိုစကားပေါင်း တစ်သောင်းမျှ လည်ပတ်နေပြီး လန်ဟွန့်ချိုင်၏ ခေါင်းပေါ်သို့ ပုံချချင်စိတ် ပေါက်နေမိသည်။

သို့သော်လည်း သူ ဆဲဆိုလိုက်နိုင်ခြင်း မရှိခင်မှာပင်၊ လူအားလုံးမှာ ကောင်းကင်ငါးပါး စစ်တလင်းမှ ပြန်လည် ပို့ဆောင်ခြင်း ခံလိုက်ရသည်။

ရွှေဟွေးကျောင်း ၊ လူသားမျိုးနွယ်စု ကျောင်း၊ ကောင်းကင်ငါးပါးနန်းတော်။

နေရာအသီးသီးမှ ကွာကွယ်သူများ၊ တောင်အသီးသီးမှ ဆရာများသည်လည်း ကြိုတင်ရောက်ရှိနေနှင့်ကြပြီ။

ကျောင်းသားများ ကောင်းကင်ငါးပါး နန်းတော်မှ မထွက်လာခင်မှာပင် ကောင်းကင်ယံ၌ ကြီးမားသော မျက်နှာပြင်တစ်ခု ကျဆင်းလာခဲ့ရာ၊ ယခုအကြိမ် ကောင်းကင်ငါးပါးစစ်တလင်း၏ စွမ်းဆောင်ရည်များကို မြင်တွေ့နိုင်ခဲ့သည်။

ဖန့်ချန်၏ ဆယ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့် ထူးချွန်လှသော စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ လူတိုင်း ခဏတာ ငြိမ်သက်သွားခဲ့ကြသည်။

“ဟားဟားဟား၊ ဖန့်ချန် ညီလေးက ငါထင်တဲ့အတိုင်းပဲ၊ တကယ့်ကို လောကမှာ ရှားရှားပါးပါး ပေါ်ပေါက်တဲ့ ပါရမီရှင်ပဲ ”

အောက်ဝူဖား က သူ၏ အတွင်းကမ္ဘာနယ်မြေကို စီးနင်းကာ ရောက်ရှိလာပြီး၊ ချင်ဂွေ့ တို့အဖွဲ့ကို ရယ်မောပြောဆိုလိုက်သည်။

ချင်ဝူဆန့် မှာလည်း လူအုပ်ကြားထဲတွင် ထိုထူးချွန်လှသည့် စွမ်းဆောင်ရည်ကို ကြည့်ရှုရင်း မျက်ဝန်း၌ လေးနက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

သူကိုယ်တိုင်ကပင် ဟော်ဆွေ့ မျိုးနွယ်စုမှ တိုက်ရိုက်မျိုးဆက် ဖြစ်ပြီး၊ ယနေ့ခေတ် ချင်မျိုးနွယ်စု၏ ငယ်ရွယ်သော ခေါင်းဆောင် ဖြစ်ပါသော်လည်း၊ ငယ်စဉ်အခါက ဤမျှ ထူးချွန်လှသော စွမ်းဆောင်ရည်မျိုး မရှိခဲ့ဖူးပေ။

ကောင်းကင်ငါးပါး စစ်တလင်း နှစ်ကြိမ်၊ နှစ်ဆယ်ပွဲ ဆက်တိုက် အနိုင်

အခွင့်အရေး ရစပြုလာသည့် လူသစ်တစ်ယောက်အနေဖြင့် နေမင်းခုနစ်ပါး ခန်းမတွင် အဆင့်ရှစ်ဆယ်အထိ ရောက်ရှိသွားခြင်းလော။

ဝေကွမ်းရှောင် နှင့် ဝေလျန့်ယွမ် ညီအစ်ကိုနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြရာ၊ တစ်ဦးနှင့်တစ်ဦး၏ မျက်ဝန်းနက်ထဲတွင် လေးနက်သည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။

ကရုဏာတောင်တွင် ပေါ်ထွက်လာသည့် ဤဖန့်ချန်သည်၊ ၎င်းတို့၏ ကျိုကျိ တောင်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီ။

သို့သော်လည်း ကံကောင်းသည်မှာ၊ ထိုကဲ့သို့သော တည်ရှိမှုမျိုးသည် နောင်အခါတွင် ကြီးမားသော သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် ဤနေရာတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်မည် မဟုတ်ဘဲ၊ ပို၍ အရေးကြီးသော ရာထူးနေရာများတွင် တာဝန်ပေးအပ်ခြင်း ခံရမည် ဖြစ်သည်။

ထိုအချိန်တွင် သူ သင်တန်းကျောင်း၌ မရှိပါက၊ ကျိုကျိ တောင် ၏ အဆင့်အတန်းမှာ ကျောင်းတော်၏ အကြီးဆုံးအဖြစ် ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

ထိုအခိုက်တွင်၊ လူအတော်များများမှာ ထျန်းလန် နှင့်အတူ ရပ်နေသည့် ဖန့်ကျစ်ရွှယ်ကို လှမ်းကြည့်လိုက်ကြသည်။

မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။

သူမမှာ စစ်ဆေးမှုကို အောင်မြင်ပြီး ခုနစ်ရောင်ခြည် ကျောင်းသား ဖြစ်လာခဲ့သော်လည်း၊ ယခုအကြိမ် ကောင်းကင်ငါးပါးစစ်တလင်း ခရီးကိုမူ စောစီးစွာ အဆုံးသတ်ခဲ့ရသည်။

နေမင်းခုနစ်ပါး ခန်းမအတွင်း သူမ၏ စွမ်းဆောင်ရည်ကို ကြည့်ရှုလိုလျှင်မူ၊ နောက်တစ်ကြိမ် ကောင်းကင်ငါးပါးစစ်တလင်း စတင်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

“ထျန်းလန် ဆရာကြီး၊ ဖန့် အစ်ကိုကြီးက တကယ်ကို အရမ်းတော်တာပဲ ”

ဖန့်ကျစ်ရွှယ်က အံ့ဩတကြီး ပြောဆိုလိုက်သည်။

ထျန်းလန် ဆရာကြီးက အထင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

“နင် သူ့ကို မနာလို မဖြစ်ပါနဲ့၊ အခြေခံအုတ်မြစ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် နင်က သူ့ထက် အများကြီး ပိုသာပါတယ်။”

ထိုအချိန်တွင် ကောင်းကင်ငါးပါး နန်းတော်ထဲမှ ကျောင်းသားများ ထွက်လာကြပြီဖြစ်ရာ၊ ဖန့်ကျစ်ရွယ်က ထိုအထဲတွင် ဖန့်ချန်၏ ပုံရိပ်ကို ရှာဖွေနေရင်း ထျန်းလန် ဆရာ၏ စကားကို ပြန်မဖြေဘဲ နေလိုက်တော့သည်။

All Chapters