← Chapters

အခန်း (၃၄၃-၃၄၄)

Vol. 35 Ch. 343-344

အခန်း (၃၄၃-၃၄၄)

Vol. 35 Ch. 343-344

အခန်း။ ၃၄၃

စုန်ယန်သည် ကိုင်ထားသော ဓားကို ချလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ငါ သိပါတယ်"

စစ်သူကြီးက “လူကြီးမင်း သိရင်ပြီးတာပါပဲ။ ငါတို့ သိကျွမ်းလာတာလည်း နှစ်တွေမနည်းတော့ဘူး။ တစ်ဦးချင်းအရဆိုရင်တော့ ငါ လူကြီးမင်းကို တကယ်လေးစားပါတယ်။ အခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့လည်း အားလုံး သိက္ခာရှိရှိပဲ ပြီးသွားကြတာပေါ့” ဟု ပြောလိုက်သည်။

စုန်ယန်က သိပ်ဂရုမစိုက်သည့် လေသံဖြင့် “မင်း ဘာလုပ်မလို့လဲ” ဟု မေးရာ စစ်သူကြီးက “အထက်က အမိန့်ကျလာလို့ပါ။ နောက် ခုနစ်ရက်နေရင် အဲဒီစုန်းမနဲ့အတူ ကွပ်မျက်ဖို့ လူကြီးမင်းကို ချင်းယန်မြို့ဆီ ဖမ်းခေါ်သွားရပါမယ်” ဟု ပြောလိုက်သည်။

စုန်ယန်က “ခုနစ်ရက်ပဲလား။ တော်တော်လေး လောနေကြတာပဲ” ဟု ပြောလိုက်သည်။

“ဟုတ်ပါတယ် အခုချက်ချင်းပဲ ထွက်ရမှာပါ” ဟု စစ်သူကြီးက ကူကယ်ရာမဲ့စွာဖြင့် လက်ကာပြရင်း ပြောသည်။

သူ့နောက်မှ စစ်သားတစ်ဦးသည် အရက်ကောင်းတစ်ဘူးကို ယူဆောင်လာခဲ့၏။ စစ်သူကြီးက “ခရီးမထွက်ခင် စိတ်ရဲသွားအောင် သောက်သွားပါဦး” ဟု ကမ်းလှမ်းသော်လည်း စုန်ယန်က လက်ကာပြလိုက်သဖြင့် အတင်းအကျပ် မတိုက်တွန်းတော့ပေ။

စစ်သားက အရက်ဘူးကို ပြန်သိမ်းလိုက်ပြီးနောက် အခြားတစ်ဦးက လက်ထိပ်များကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာရင်း စစ်သူကြီးကို လှမ်းကြည့်သည်။

စစ်သူကြီးက သက်ပြင်းတစ်ချက်ချကာ အချက်ပြလိုက်သည်နှင့် စုန်ယန်၏ လက်ကောက်ဝတ်များတွင် လက်ထိပ်များ အသေအချာ ခတ်နှိပ်ခြင်း ခံလိုက်ရတော့သည်။

စုန်ယန်သည် အကျဉ်းသားလှည်းထဲသို့ ဝင်ထိုင်လိုက်ပြီး လှည်းတိုင်များကို မှီလျက် ကောင်းကင်တွင် တရွေ့ရွေ့လွင့်နေသော တိမ်တိုက်များကို မော့ကြည့်နေမိသည်။ သူသည် တစ်ခုခုကို နက်နက်နဲနဲ တွေးတောဆင်ခြင်နေပုံပင်။

လမ်းဘေးဝဲယာတွင်မူ ပြည်သူများက ငိုယိုကာ ကျိန်ဆဲနေကြသည်။ သူတို့၏ ကောင်းမွန်သော စေတနာများနှင့် ဆိုးယုတ်သော အတွေးအကြံတို့သည် စုန်ယန်၏ ပတ်ပတ်လည်တွင် လှည့်ပတ်ကာ ယှက်နွယ်နေကြသည်။

“ချီယန်ကောင်တီမင်းသမီးက ကောင်းမှုတွေ ပြုခဲ့ပါလျက်နဲ့ ဘာကြောင့် ဆိုးကျိုးကို ပြန်ရရတာလဲ။ ဒါက ကောင်းတဲ့သူက အပြစ်ပေးခံရတဲ့ သဘောလား"

“ငါကိုယ်တိုင်လည်း ကောင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး လူတွေရဲ့ မေတ္တာကို ရခဲ့ပေမဲ့... အခုတော့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်နေရပြီ။ ဒါက ဘာကို ဆိုလိုတာလဲ"

“ဒီစစ်သူကြီးမှာရော ရွေးချယ်စရာ ရှိလို့လား။ ငါ့ကို မဖမ်းရင် သူကိုယ်တိုင် သေရမှာ။ ဒါဆို သူက ဆိုးယုတ်တဲ့ စိတ်တွေနဲ့ မကောင်းမှုကို ကူညီနေတာလား"

အင်း... ဘယ်အရာက အကောင်းလဲ ဘယ်အရာက အဆိုးလဲ။

ကောင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ ရလဒ်က ဆိုးသွားရင်... အဲဒါကို အဆိုးလို့ပဲ ပြောရမလား။ မရည်ရွယ်ဘဲ လုပ်မိတဲ့အဆိုးကလည်း အဆိုးပဲလေ။ ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ စိတ်ရင်းနဲ့မဆိုင်ဘဲ... လောကဓံကြားထဲမှာ ကိုယ်မတတ်နိုင်ခြင်းနဲ့ပဲ ဆိုင်နေတာလား။ ဒါပေမဲ့ မတတ်နိုင်ဘူးဆိုတာကော ကောင်းခြင်း၊ ဆိုးခြင်းအတွက် ဆင်ခြေဖြစ်နိုင်ပါ့မလား။

ကောင်းရင် ကောင်းကျိုးပေး၊ ဆိုးရင် ဆိုးကျိုးပေးတယ်လို့ ပြောကြပေမဲ့... ကောင်းမှုက ဆိုးကျိုးကို ယူလာနိုင်သလို အဆိုးကလည်း အကောင်းကို ဖြစ်စေနိုင်တာပဲ။ ကောင်းတဲ့အကြောင်းရင်းကနေ ကောင်းတဲ့ရလဒ်ပဲ မျှော်လင့်နေတာက တကယ်တော့ ရယ်စရာ ပြက်လုံးတစ်ခုပါပဲ။

တကယ်တော့...

အကောင်းဆိုတာလည်း စင်ကြယ်သလို အဆိုးဆိုတာလည်း စင်ကြယ်တာပဲ။

စိတ်ရဲ့ လှုပ်ရှားမှုအလိုက် လောကဘုံရဲ့ ဖြစ်တည်မှုက ပြောင်းလဲသွားရတာပဲ။

ကောင်းတဲ့စိတ် ဖြစ်လာရင် ဗုဒ္ဓဖြစ်ပြီး ဆိုးတဲ့စိတ် ဖြစ်လာရင် မိစ္ဆာဖြစ်ရုံပဲ။

ဒါပေမဲ့ ငါ့မျက်နှာကို ဘယ်ပြန်ညာပြန် ကြည့်လိုက်ရင်တော့... တစ်ဖက်က အကောင်း၊ တစ်ဖက်က အဆိုး ဖြစ်နေပြန်တယ်။ ဒါဆို ငါက ဗုဒ္ဓလား မိစ္ဆာလား...

လောကီအာရုံတွေနဲ့ ကိလေသာတရားတွေက အမြဲရှိနေပြီး ကောင်းခြင်း၊ ဆိုးခြင်းက စိတ်အလိုက် တက်လိုက်ကျလိုက် ဖြစ်နေတာ။

ဟင့်အင်း... မဟုတ်သေးဘူး နှစ်ခုလုံး မဟုတ်ဘူး။

ဒါက ငါ့ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှု သက်သက်ပဲ။

မင်းသမီးလေးက စေတနာကောင်းကြောင့် စိတ်လှုပ်ရှားခဲ့ရသလို အဆိုးတွေကြောင့်လည်း ဘေးဒုက္ခရောက်ခဲ့ရတာ။ စစ်သူကြီးကလည်း ကောင်းတဲ့စိတ်နဲ့အတူ ဆိုးတဲ့စိတ်တွေပါ ရောပြွမ်းပေါ်လာခဲ့တာပဲ။ ကောင်းတဲ့စေတနာက အဆိုးကို ယူမလာသလို အဆိုးအဖြစ်လည်း ပြောင်းလဲမသွားခဲ့ဘူး။ ဒါတွေအားလုံးက... လောကကြီးက အမြဲပြောင်းလဲနေပြီး လူ့စိတ်ကို ကြိုမမြင်နိုင်လို့ ဖြစ်ပျက်နေရတာပဲ။

ဟက်... မိုက်မဲလိုက်တာ...

လှည်းထဲရှိ စုန်ယန်သည် ရုတ်ချည်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်းကို မီးမကိုးကွယ်ခိုင်းရုံတင်မကဘဲ အခုတော့ လက်အောက်ငယ်သားတွေကိုပါ တားမြစ်လိုက်တာလား။ မင်းကို ကောင်းတာတွေ အများကြီးလုပ်ဖို့ ပြောခဲ့ပေမဲ့ မကောင်းတာတွေ မလုပ်ဖို့ တားခဲ့လို့လား။ အာဏာကို အသုံးချဖို့ ပြောခဲ့တာကို မင်းက ရန်သူ့လက်ထဲ ပုံအပ်ပြီး ကိုယ့်ကိုကိုယ် ပိတ်လှောင်လိုက်တာပဲ။ ဒါမှမဟုတ်ရင် မင်း ဘယ်လိုလုပ် ဒီလိုနေရာမျိုး ရောက်လာမလဲ"

“တကယ့်ကို… တကယ့်ကို… ဟွန်း ဟွန်း ဟားဟားဟား ဟားဟားဟားဟား”

“အတိုင်းအဆမရှိအောင်ကို မိုက်မဲလွန်းတယ်"

စုန်ယန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏လက်မှ လက်ထိပ်များကို အလွယ်တကူပင် ဆွဲဖြတ်ပစ်လိုက်၏။

အကျဉ်းလှောင်အိမ်ကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့သည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ ဖြူဆွတ်နေသော ဆံပင်များသည် နက်မှောင်သွားပြီး အိုမင်းနေသော မျက်နှာသည်လည်း ပျိုမြစ်နုပျိုသောအရွယ်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ စစ်သားများနှင့် ပြည်သူများ အံ့ဩတုန်လှုပ်နေသော အကြည့်များကြားဝယ် သူသည် စစ်သူကြီးဘက်သို့ လှည့်ကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ရှောင်မင်းရုံက ငါ့ကို ကျောထောက်နောက်ခံ ပေးထားတာ။ အကယ်၍ စစ်သူကြီးအနေနဲ့ သခင်အသစ် ပြောင်းချင်တယ်ဆိုရင်တော့… နောက်ထပ် နည်းနည်းလောက် ထပ်စောင့်လိုက်တာက ပိုကောင်းလိမ့်မယ်"

သူသည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ မတ်တတ်ရပ်လိုက်ပြီး သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ဝေးကွာလှသော အရပ်ဆီသို့ ဒုန်းစိုင်း ပျံသန်းကာ ကွယ်ပျောက်သွားခဲ့ပါတော့သည်။

ရှီးရှန့်နိုင်ငံတော်တွင်လည်း ကျင့်ကြံသူများနှင့် ဆက်သွယ်ရေးကျောက်တုံးများ ရှိနေသည်မှာ ထင်ရှားသည်။

စုန်ယန်သည် ချင်းယန်မြို့သို့ ရောက်ရှိလာသောအခါ မြို့ပြင်၌ အထူးတပ်ဖွဲ့ဝင် စစ်သည်တော်အမြောက်အမြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့ကို အားကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဝတ်ရုံနက်ဝတ်ဆင်ထားသူများက ဦးဆောင်ထားပြီး ကောင်းကင်ထက်တွင်ပင် တောက်လောင်နေသော မီးလျှံများ ဝန်းရံလျက် ပျံသန်းကာ ဝဲပျံနေကြသည့် ကျင့်ကြံသူများလည်း ရှိနေကြ၏။

နောက်တန်းတွင်မူ မှူးမတ်မျိုးနွယ်စုများသည် ခေါင်းမော့လျက် မိုးကုပ်စက်ဝိုင်းဆီမှ တစ်ကောင်ကြွက် ရောက်ရှိလာသော ထိုလူသားကို ကြည့်ရှုရင်း တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသည်။

သူတို့သည် ကျင့်ကြံသူအနားသို့ မည်သူက ချဉ်းကပ်ရမည်ကို နောက်ဆုံးအဆင့် စီစဉ်နေကြပုံပင်။

ရေအေးမြို့ကလေးတွင် ဆယ်စုနှစ်ပေါင်းများစွာ သောင်တင်နေခဲ့သည့် ဤဝက်သတ်သမားသည် ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ကြချေ။

ဒါပေမဲ့... ကျင့်ကြံသူတစ်ယောက် ဖြစ်နေတော့ကော ဘာတတ်နိုင်ဦးမှာလဲ။

ဘယ်လောက်ပဲ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူ ဖြစ်ပါစေဦးတော့... ဒီနေရာမှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ စစ်တပ်ကြီးရယ်၊ မီးကိုးကွယ်သူတွေရယ်၊ ပြီးတော့... မီးကိုးကွယ်ခြင်းဂိုဏ်းက ကျင့်ကြံသူတွေကိုပါ သေချာပေါက် အန်တုနိုင်မှာ မဟုတ်ဘူး။ အင်အားချင်းက ကွာခြားလွန်းတယ်...

စုန်ယန်သည် ပုရွက်ဆိတ်အုံကဲ့သို့ မည်းမှောင်နေသော လူအုပ်ကြီးကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။

သူသည် စကားရှည်ရှည်ပြောရန် စိတ်မဝင်စားသဖြင့် လက်ညှိုးတစ်ချောင်းကို သာမန်ကာလျှံကာပဲ မြှောက်လိုက်၏။

ထိုလက်ညှိုးသည် အောက်သို့ ဖိနှိပ်ချလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်နှင့် မြေပြင်ကြီးတစ်ခုလုံးပါ အောက်သို့ ဖိနှိပ်ကျလာခဲ့သည်။

သံချပ်ကာဝတ် စစ်သည်တော် ထောင်ပေါင်းများစွာ မီးကိုးကွယ်သူများ၊ မီးလျှံဂိုဏ်း တမန်တော်များနှင့် နောက်ကွယ်က ကြိုးကိုင်သူ မှူးမတ်များအားလုံးက စက္ကန့်ပိုင်းအတွင်းမှာပင် ပုရွက်ဆိတ်များကဲ့သို့ တစ်စစီ ကြေမွကာ ပျက်စီးသွားကြတော့သည်။

သေလိုက်တော့…..

...

...

တစ်လအကြာတွင် ရှီးရှန့်နိုင်ငံတော်သည် သွေးချောင်းစီးမှုများနှင့် ဆူပူအုံကြွမှုများအကြား နစ်မွန်းသွားခဲ့ပြီး မှူးမတ်အမြောက်အမြားမှာ အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ရသည်။ ထို့ကြောင့် သစ်စိမ်းလယ်မြေအတတ်နှင့် ကျွန်စနစ် ဖျက်သိမ်းရေးတို့မှာ နောက်ထပ် မည်သည့် အဟန့်အတားမျှ မရှိတော့ချေ။

ထိုအရာအားလုံးက လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကျင့်ကြံသူတစ်ယောက်ကြောင့်ပဲ ဖြစ်သည်။

ချီယန်ကောင်တီမင်းသမီးသည် ထိုကျင့်ကြံသူ၏ ကူညီစောင်မမှုကြောင့် သေဒဏ်ကျအကျဉ်းသားဘဝမှသည် အမှန်တကယ် ဘိသိက်မခံရသော ဘုရင်မတစ်ပါးအဖြစ်သို့ အာဏာတက်လာခဲ့သည်။

သူမ၏ တန်ခိုးအာဏာကို မည်သူမျှ မတားဆီးနိုင်တော့ဘဲ စကားတစ်လုံးတည်းဖြင့် ရှင်ခြင်း၊ သေခြင်းကို ဆုံးဖြတ်နိုင်စွမ်း ရှိလာခဲ့၏။

သို့သော်လည်း ဘုရင်မတစ်ပါးကဲ့သို့ ဖြစ်နေသော ထိုမင်းသမီးလေးမှာမူ စိတ်လွင့်မျောနေရှာသည်။

သူမသည် အသက် ၃၉ နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကိုယ့်ကိုကိုယ် သေချာထိန်းသိမ်းထားသဖြင့် မြင်သူငေးလောက်အောင် လှပဆဲ မိန်းမလှတစ်ဦးပင်။

သို့သော် ထိုမိန်းမလှလေးက အရှေ့မှာရှိနေသည့် လူငယ်လေးကို ငေးကြည့်ရင်းနှင့် နောက်ဆုံး၌ တိုးတိုးလေး ခေါ်လိုက်မိသည်။

“အဖေ…”

အမှန်တော့ သူမသည် သူ့ကို ဤသို့ပင် အကြိမ်ကြိမ် ခေါ်ခဲ့ဖူးသည်။

သို့သော်လည်း ခေါ်လိုက်သည့် အကြိမ်တိုင်းတွင် ဆွံ့အသွားမိပြီး သူမကိုယ်တိုင် သူ့ခြေထောက်များကို အကြိမ်ကြိမ် ဆေးကြောပေးခဲ့ပုံများနှင့် အတူတူ ဆိတ်ငြိမ်စွာ နေထိုင်ခဲ့ရသည့် အတိတ်များကို ပြန်လည်အမှတ်ရလာကာ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နှက်သွားရစမြဲ ဖြစ်၏။

စုန်ယန်က “ဒါ ငါ့ရဲ့ ရုပ်သွင်အမှန် မဟုတ်ဘူး” ဟု ပြောလိုက်သည်။

ချီယန်ကောင်တီမင်းသမီးသည် နောက်တစ်ကြိမ် မှင်တက်သွားရပြန်ပြီး တိုးညင်းသော လေသံဖြင့် မေးရှာသည်။

“ဒါဆို... အဖေ့ရဲ့ တကယ့်ရုပ်သွင်အမှန်က ဘယ်လိုမျိုးလဲဟင်"

စုန်ယန်က “သမီးသာ မြင်တွေ့ပြီး သိသွားခဲ့ရင် ကြီးမားလှတဲ့ ကံကြမ္မာအကျိုးအကြောင်းတရားတွေကြားထဲ ပိတ်မိသွားလိမ့်မယ်။ အဲဒီအခါကျရင် ရှီးရှန့်နိုင်ငံတော်ကြီးပါ တစ်နေ့နေ့မှာ အပြီးတိုင် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ပြောလိုက်သည်။

မင်းသမီးလေးသည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးနောက် “သမီး နားလည်ပါပြီ နောက် ဘာမှ ထပ်မမေးတော့ပါဘူး အဖေ” ဟု ပြောလိုက်သည်။

စုန်ယန်က “ငါ ဒီကိုလာတာ တရားဓမ္မအသိကို ရှာဖွေဖို့ပဲ။ အခုတော့ ငါ အဲဒါကို ရရှိသွားပြီ။ သမီးကလည်း နိုင်ငံတော်ကို ပြန်လည်ထူထောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တဲ့ ဆန္ဒလည်း ပြည့်ဝသွားပြီဆိုတော့... အားလုံး အဆင်ပြေသွားကြတာပေါ့။ ငါတို့ရဲ့ သံယောဇဉ်ကြိုးကတော့ ဒီမှာတင် ပြီးဆုံးရလိမ့်မယ်” ဟု ပြောလိုက်သည်။

မင်းသမီးလေးသည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။

“သမီး အဖေ့နောက်ကို လိုက်ချင်တယ်”*

သူမရင်ထဲရှိ စကားကို အသည်းအသန် ပြောချင်နေမိသော်လည်း ရှီးရှန့်နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများမှာ သူမ၏ ဦးဆောင်မှုကို လိုအပ်နေဆဲပင်။

မှူးမတ်ဟောင်းများလည်း ပြိုလဲသွားခဲ့ပြီ ဖြစ်ရာ အနာဂတ်တစ်ခုလုံးက သူမ၏ လက်ထဲတွင်သာ ရှိနေတော့သည်။

အကယ်၍ သူမသာ ထွက်ခွာသွားပါက နိုင်ငံတော်သည် ပိုမိုကြီးမားသော ပရမ်းပတာဖြစ်မှုများထဲသို့ မလွဲမသွေ ကျရောက်သွားပေလိမ့်မည်။

သူမ ထွက်မသွားနိုင်ချေ။

“အဖေ”

ချီယန်ကောင်တီမင်းသမီးသည် ရုတ်ချည်းပင် ထိုလူငယ်လေး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဖက်ထားလိုက်မိတော့သည်။

သူမ၏ ပါးပြင်ကို သူ၏ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ကပ်ထားရင်း မျက်ဝန်းများကို မှိတ်ထားမိစဉ်မှာပင် မျက်ရည်များက အလိုအလျောက် စီးကျလာခဲ့လေတော့သည်။

အခန်း။ ၃၄၄

စုန်ယန်သည် မိုးထဲရေထဲတွင် လဲကျလျက် သူမ၏မောင်လေးကို ခေါင်းဖြင့် အုပ်မိုးကာ ကာကွယ်ပေးခဲ့ဖူးသော ထိုစဉ်က မိန်းကလေးငယ်ကို ကြင်နာခဲ့သကဲ့သို့ပင် သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။

“သမီး အဖေ့ကို ခွဲမသွားနိုင်ဘူး”

ချီယန်ကောင်တီမင်းသမီးက ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။

သူမ ငိုကြွေးနေမိသော်လည်း ဤစကားလုံးများက သူ့အား အတင်းအကျပ် ဆွဲထိုးထားရန် ပြောဆိုခြင်းမဟုတ်သည်ကို သိနေသည်။

သူမ၏ မွေးစားအဖေသည် သေချာပေါက် ထွက်ခွာသွားတော့မည်ကို သူမ သိထားသလို သူမကိုယ်တိုင်လည်း လိုက်မသွားနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သူမသည် ရင်ထဲတွင် ခံစားချက်များ လျှံတက်လာရုံသက်သက်သာ ဖြစ်၏။

“ဒီလောကမှာ မခွဲရတဲ့ အသင်းအပင်းရယ်လို့ ရှိလို့လား။ အနှေးနဲ့အမြန် ကွာတာပဲ ရှိတာပါ။ အခုလို ခွဲခွာရတာကပဲ အဆင်ပြေဆုံးပေါ့။ လိမ္မာတဲ့ ကလေးမလေး... မငိုပါနဲ့တော့"

စုန်ယန်သည် သူမအား မေတ္တာတရားအပြည့်ဖြင့် ပွတ်သပ်ကာ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

ချီယန်ကောင်တီမင်းသမီးသည် ဖက်ထားသော လက်များကို လွှတ်လိုက်ပြီး မျက်ရည်များကို သုတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။

နောက်တစ်စက္ကန့်တွင်မူ သူမ၏ မျက်နှာအမူအရာသည် အေးစက်ခက်ထန်သွားပြီး အထက်လူကြီးတစ်ဦး၏ ခန့်ညားထည်ဝါသော အရှိန်အဝါကို ပြန်လည်ရရှိသွားခဲ့၏။

သူမသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ရင်း ပြောလိုက်သည်။

“အဖေ... ဂရုစိုက်ပါဦး"

ထိုခဏ၌ပင် သူမ၏ရှေ့ရှိ လူငယ်လေးသည် လင်းလက်သော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဝေးကွာလှသော အရပ်ဆီသို့ ကွယ်ပျောက်သွားခဲ့လေတော့သည်။

ချီယန်ကောင်တီမင်းသမီးသည် မျက်ဝန်းများကို မှိတ်လျက် အတန်ကြာအောင် မတ်တတ်ရပ်နေမိပြီးမှ ကျောက်စိမ်းနက်ကျောက်ဖြင့် အသက်သွင်းထားသော စွမ်းအင်ကာကွယ်ရေးအတားအဆီး ဖုံးလွှမ်းထားသည့် ထိုခြံဝန်းငယ်လေးထဲမှ လှည့်ထွက်ခဲ့သည်။

ခြံဝန်း၏ အပြင်ဘက်တွင်မူ သေမင်းတမန် စစ်သည်တော်များ တန်းစီလျက် စောင့်ဆိုင်းနေကြပြီး တစ်ဦးချင်းစီ၏ ကိုယ်ပေါ်တွင် မီးလျှံများ တောက်လောင်နေကာ အမူအရာများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

“မင်းသမီး”

“မင်းသမီး”

သေမင်းတမန် စစ်သည်တော်များက ဦးညွှတ်အရိုအသေပေးကြရာ ချီယန်ကောင်တီမင်းသမီးက လက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်ရင်း အမိန့်ပေးလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်တဲ့ အကြွင်းအကျန်တွေအားလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်စမ်း။ တွေ့တာနဲ့ အညှာတာမရှိ သတ်ပစ်လိုက်။ ဒီနေ့ကစပြီး ငါဟာ မီးကိုးကွယ်ခြင်းဂိုဏ်းရဲ့ သန့်ရှင်းမွန်မြတ်တဲ့ သူတော်စင်မင်းသမီးပဲ။ မီးကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး စည်းကမ်းမဲ့ အဓိပ္ပယ်မရှိ စကားဆိုတဲ့သူမှန်သမျှ အသေခံရမယ်”

“အမိန့်အတိုင်းပါ”

သေမင်းတမန် စစ်သည်တော်များသည် အရပ်မျက်နှာအနှံ့သို့ တမဟုတ်ချင်း လူစုခွဲထွက်ခွာသွားကြတော့သည်။

နံနက်ခင်း၏ နေရောင်ခြည်သည် သွေးချောင်းစီးပွဲကြီး ဆင်နွှဲခဲ့ရသော ဤမြို့တော်ကြီးပေါ်သို့ နောက်ဆုံးတွင် ကျရောက်လာခဲ့သည်။

အိုဟောင်းသောအရာများ ပျက်စီးမှသာ အသစ်သောအရာများ ရောက်ရှိလာနိုင်မည်ပင်။

ချင်းယန်မြို့ကြီးသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဆီးကြိုပိုင်ဆိုင်ရတော့မည် ဖြစ်သည်။

...

...

တစ်လအကြာတွင်...

ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ နယ်မြေအတွင်းရှိ ထူးကဲချီစွမ်းအင်များ ပြည့်နှက်နေသော အရပ်ဒေသတစ်ခုဝယ်။

ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုမှ လူငယ်တစ်ဦးအပါအဝင် ရွေးချယ်ခံထားရသော ထူးချွန်ထက်မြက်သည့် ပါရမီရှင် သုံးဦးစလုံး၏ မျက်နှာတွင် စိတ်ပျက်အားလျော့မှု အမူအရာများ ပြည့်နှက်နေခဲ့သည်။

“မဖြစ်နိုင်တာ ဒါက တကယ်ကို မဖြစ်နိုင်ဘူး”

“သင်ယူလို့ မရဘူး ဒီမှော်အတတ်က... တကယ်ကို သင်ယူဖို့ မဖြစ်နိုင်တာပဲ အခုဆို နှစ်ပေါင်းသုံးဆယ် ရှိသွားပြီ ဘာတိုးတက်မှုမှကို မရှိဘူး”

“အရင်တုန်းက ငါ ကျော်တက်နိုင်ခဲ့တဲ့ ဂျူနီယာ မောင်နှမတွေတောင် အခုဆို ကြက်သွေးရောင်နန်းတော်အဆင့်ကို ချိုးဖျက်ရောက်ရှိသွားကြပြီ။ တချို့ သွက်တဲ့သူတွေဆို ကြက်သွေးရောင်နန်းတော် အလယ်အလတ်အဆင့်ကိုတောင် ရောက်ခါနီးနေပြီ။ ငါကတော့ ငါ့ဘဝရဲ့ ဆယ်စုနှစ်ပေါင်းများစွာကို ဒီမှာတင် အလဟဿ ဖြုန်းတီးလိုက်ရပြီ”

ထန်ရှောင်ဖျင်သည် မလှမ်းမကမ်းရှိ ပါရမီရှင် လေးဦးကို ကြည့်ရင်း မျက်မှောင်ကုတ်နေမိသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း သူသည် ရှိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး မရေမတွက်နိုင်သော ရင်းမြစ်များကို ပုံအောကာ စိတ်ရှည်လက်ရှည် မနားမနေ သင်ကြားပေးခဲ့သော်လည်း ဤပါရမီရှင် လေးဦးမှာမူ ထိုအတတ်ပညာကို စိုးစဉ်းမျှ သင်ယူနိုင်ခြင်း မရှိခဲ့ကြချေ။

တိုးတက်မှု လုံးဝမရှိသည်တော့ မဟုတ်ပေ။

သို့သော် ထိုတိုးတက်မှုနှုန်းမှာ အလွန်တရာ နှေးကွေးလွန်းလှသည်။

ဤပါရမီရှင် လေးဦးသည် နှစ်ပေါင်းသုံးဆယ် တိုင်တိုင် အချိန်ကုန်ခံခဲ့ပြီးမှသာ ဆန်းကြယ်တောင်စဉ် သုံးဆင့်ကျင့်စဉ်၏ အစပြုလှုပ်ရှားမှုကိုသာ တတ်မြောက်ခဲ့ကြပြီး သုံးဆင့်လှိုင်းအနက် တစ်ဆင့်စာကိုသာ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။

ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် နှစ်ပေါင်းသုံးဆယ် အချိန်ပေးပါက သေချာပေါက် တတ်မြောက်နိုင်မည် ဖြစ်၏။

သို့သော် ထိုအချိန်ကျမှ တတ်မြောက်လျှင်ကော ဘာအဓိပ္ပာယ် ရှိတော့မည်မဟုတ်ပေ။

ဤမှော်အတတ်ကို မတတ်မြောက်ခင်မှာပင် သူတို့၏ သက်တမ်းက ကုန်ဆုံးသွားပေလိမ့်မည်။

ထိုအရာက တကယ့်ကို အချိန်ကုန်လူပန်း ဖြစ်ရုံသက်သက်ပင်။

မလှမ်းမကမ်းဆီမှ ထန်ရှောင်ခုန်းက “စတုတ္ထညီလေး... မင်းရဲ့ ကောင်းကင်ဆန့်ကျင်တဲ့ ဒီလမ်းစဉ်က နောက်ဆုံးတော့ လှည့်ကွက်ဆန်းတစ်ခုပဲ ဖြစ်သွားတာပါပဲ” ဟု ပြောလိုက်သည်။

ထန်ရှောင်ဖျင်သည် သက်ပြင်းအော်ကြီးချလျက် “တတိယအစ်ကို... ဒါက လှည့်ကွက်ဆန်း မဟုတ်ပါဘူး ဉာဏ်အမြင် လိုအပ်နေလို့ပါ” ဟု ငြင်းပြောလိုက်သည်။

ထန်ရှောင်ခုန်းက တဟားဟား ရယ်မောရင်း “ဒါဆို ရှေးခေတ်ကျင့်ကြံသူတွေက ဉာဏ်အမြင် အရမ်းထက်မြက်ခဲ့ကြလို့လား။ ဒါက မင်းလိုပဲ အလုပ်မရှိ အားနေတဲ့ ရှေးခေတ်ကျင့်ကြံသူတစ်ယောက်ယောက်က ဒီအတတ်ကို သုတေသနလုပ်ခဲ့တာ နေမှာပါ။ အစွမ်းထက်ချင် ထက်

လိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သိပ်ပြီး အထင်ကြီးစရာ မရှိပါဘူး။ အချိန်တွေ ဒီလောက်ပေးရမယ့်အစား ကြက်သွေးရောင်နန်းတော်ထဲက ဘယ်နန်းဆောင်ရဲ့ သွေးမျိုးဆက်ကျင့်စဉ်ကိုမဆို အာရုံစိုက်ပြီး ကျင့်ကြံတာကမှ ပိုကောင်းဦးမယ်” ဟု ပြောသည်။

ထန်ရှောင်ဖျင်က ရုတ်ချည်းပင် “ဒါဆို ဟန်အာကျတော့ကော” ဟု မေးလိုက်ရာ ထန်ရှောင်ခုန်းက “ဟန်အာကတော့ အတုခိုးတာလေ” ဟု ပြန်ဖြေသည်။

ထန်ရှောင်ဖျင်က “အစ်ကိုက တကယ်ပဲ အတုခိုးတာလို့ ထင်နေတာလား” ဟု မေးပြန်၏။

ထန်ရှောင်ခုန်းသည် အတန်ကြာ နှုတ်ဆိတ်သွားပြီးမှ “သူ့ရဲ့ အတုခိုးမှုက အစစ်ထက်တောင် ပိုပြီး အစစ်ဆန်တယ်လို့ ပြောရမလားပဲ” ဟု ပြောလိုက်သည်။

ထန်ရှောင်ဖျင်က “သူက အတုခိုးနေတာ မဟုတ်ဘူး။ အစကတည်းက တတ်နေတာ။ အချို့က အမွှေးတိုင်တစ်တိုင် ကုန်တဲ့အချိန်အတွင်းမှာတင် ဉာဏ်ပွင့်သွားနိုင်ကြပြီး အချို့ကတော့ နှစ်ပေါင်းသုံးဆယ် ကြာရင်တောင် သဘောမပေါက်နိုင်ကြဘူး။ ကောင်းကင်ဘုံက လူသားတွေအပေါ် ပေးသနားထားတဲ့ ဉာဏ်အမြင်ချင်းက တကယ်ကို ကွာခြားလွန်းလှတယ်။ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာပဲ” ဟု ပြောသည်။

အဘိုးအိုသည် အတိုင်းအဆမရှိ ခံစားချက်များ ပြည့်နှက်နေလျက် သက်ပြင်းသာ ချလိုက်မိတော့သည်။

“ဆန်းကြယ်တောင်စဉ် သုံးဆင့်ကျင့်စဉ်၊ ချန်ကန်းတောင်စဉ်အတတ်နဲ့ ကောင်းကင်ဘုံဆီ သုံးလှမ်းလှမ်းခြင်းတို့လို ကောင်းကင်ဆန့်ကျင်တဲ့ လမ်းစဉ်တွေကို ရှောင်ဟန်က ကျင့်ကြံနိုင်တယ်၊ ရှေးခေတ် ကျင့်ကြံသူတွေလည်း ကျင့်ကြံနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ပါရမီရှင်တွေကျမှ ဘာလို့ မကျင့်ကြံနိုင်ရတာလဲ။ ဒါက ဘယ်လိုကျိုးကြောင်းဆီလျော်မှုမျိုးလဲ"

ဤသို့ တွေးတောရင်း ထန်ရှောင်ဖျင်က “ရှောင်ဟန် လောလောဆယ် ဘာလုပ်နေလဲ။ ဂူရှာတောင်မှာ ကျင့်ကြံနေတာလား” ဟု ရုတ်တရက် မေးမြန်းလိုက်သည်။

သူသည် စုန်ယန်၏ သွားလာလှုပ်ရှားမှုများကို တကယ်တမ်း စုံစမ်းလိုခြင်း မဟုတ်ဘဲ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးသည် နေ့စဉ်ဘဝတွင် ဘာများလုပ်နေတတ်သလဲဆိုသည်ကို အလွန်အမင်း သိချင်စိတ်ပြင်းပြနေခြင်းပင်။

ထန်ရှောင်ခုန်းက ထူးဆန်းသော အမူအရာဖြင့် “သူက... သူက သာမန်လူသားတွေရဲ့ တိုင်းပြည်ငယ်လေးတစ်ခုမှာ ဝက်သတ်သမား လုပ်နေတယ်” ဟု ပြောလိုက်သည်။

ထန်ရှောင်ဖျင်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် အမြီးနင်းမိသည့် ကြောင်တစ်ကောင်ကဲ့သို့ ဒေါသတကြီးဖြင့် “နှမြောစရာကောင်းလိုက်တာ တကယ့်ကို နှမြောစရာကောင်းလိုက်တာ တတိယအစ်ကို... အစ်ကိုက ဒါကို ဘာမှမဖြစ်သလို ကြည့်နေနိုင်တာလား။ ဒီလောက် ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး...” ဟု အော်ဟစ်တော့မည့်ဟန် ပြုသည်။

အဘိုးအို၏ စကားမဆုံးခင်မှာပင် ထန်ရှောင်ခုန်းက ကြားဖြတ်၍ တားမြစ်လိုက်၏။

“စတုတ္ထညီလေး... သာမန်လူသားတွေရဲ့ တိုင်းပြည်ငယ်လေးမှာ ဝက်သတ်သမား လုပ်နေတာက ငါတို့ရဲ့ ကျင့်စဉ်အဆင့် ချိုးဖျက်တဲ့ ဖြစ်စဉ်ထဲက အဆင့်တစ်ခုနဲ့ အနည်းငယ် တူမနေဘူးလို့ မင်း မထင်ဘူးလား"

ထန်ရှောင်ဖျင်သည် အံ့အားသင့်သွားပြီးမှ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ “မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်တာ သူက...” ဟု ပြောလိုက်သည်။

ထန်ရှောင်ခုန်းက “နင်ရှင်းရဲ့ ရှေးဘိုးဘေးကြီးက သူ့ရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ငါတို့ကို မှာကြားခဲ့တယ်။ ဒါတင်ပဲ အများကြီး သက်သေပြနေပြီ မဟုတ်လား” ဟု ပြောသည်။

ထန်ရှောင်ဖျင်က “ဝိညာဉ်ဝင်စားပြီး ပြန်လည်မွေးဖွားလာတာလား။ ဒါမှမဟုတ် ရှေးဘိုးဘေးကြီးကိုယ်တိုင်လား ဖုန်းချိန်းကျိလား ဒါမှမဟုတ် ဝါးခြောက်အဘိုးအိုလား ဒါမှမဟုတ်... အဘွားကြီး ဟန်ရှင်းများ ဖြစ်နေမလား” ဟု မေးသည်။

ထန်ရှောင်ခုန်းက “တကယ်လို့ အဲဒီလိုသာဆိုရင် သူ ငါ့ကိုဖြစ်ဖြစ် ဘယ်သူ့ကိုဖြစ်ဖြစ် တိုက်ရိုက် ပြောပြလိုက်ရုံပဲဥစ္စာ...” ဟု ပြောရာ ထန်ရှောင်ဖျင်က “ဖုန်းချိန်းကျိ ဖြစ်ဖြစ် ဝါးခြောက်အဘိုးအို ဖြစ်ဖြစ်၊ ဟန်ရှင်း ဖြစ်ဖြစ် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့ကြတာ သူတို့ရဲ့ ကြုံတွေ့ခဲ့ရမှုတွေကို ငါတို့ နားမလည်နိုင်ဘူး။ ပြီးတော့ မင်းလည်း ဝိညာဉ်တံခါးခုံရဲ့ အခြေအနေကို သိတာပဲ။ ငါတို့ ကြုံတွေ့ခဲ့ရတဲ့အရာပဲလေ။ ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နယ်ပယ်တွေထဲမှာ ကိုယ့်ရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်ဆိုရင်တောင် ဒါက အံ့သြစရာ မဟုတ်ပါဘူး” ဟု ပြန်ပြောလိုက်သည်။

ထန်ရှောင်ခုန်းက “တကယ်လို့ အဲဒီလိုသာ အစစ်အမှန်ဆိုရင်တော့... ဒါက တကယ့်ကို မြင့်မားတဲ့ အဆင့်အတန်းပဲ။ နောက်တစ်ကြိမ် အစည်းအဝေးကျရင် သူ့အတွက် ဘယ်သူ့ကို အဖော်အဖြစ် ရှာပေးရမလဲ” ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြသည်။

ထိုစဉ်မှာပင် ထန်ရှောင်ခုန်းသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး သက်ပြင်းချကာ “သူ ဂူရှာတောင်ကို ပြန်ရောက်လာပြီး ဆန်းကြယ်နှလုံးသားဆီမှာ ထိုင်နေပြီ... ဒါတင်မကသေးဘူး။ သူ ငါ့ကို သတိပေးသွားသေးတယ်။ ယဇ်ပူဇော်တဲ့ မီးလျှံက ပိုပြီး အန္တရာယ်ကြီးလာသလို ပိုပြီးတော့လည်း ကျယ်ပြန့်လာတယ်လို့ ပြောတယ်” ဟု ပြောလိုက်သည်။

ထန်ရှောင်ဖျင် : .....

...

...

ခေတ္တမျှအတွင်း စိတ်အာရုံချင်း ဆက်သွယ်လိုက်ကြရာ...

ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင် ထန်ရှောင်ရွှမ်းသည် စုန်ယန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို နောက်တစ်ကြိမ် ပြန်လည်ရရှိခဲ့သည်။

ထန်ရှောင်ခုန်းက “မျိုးနွယ်စုခေါင်းဆောင်... ငါတို့ နှင်းပြည်သူပြည်သားတွေရဲ့ တိုင်းပြည်ဆီ သွားပြီး သွားကြည့်သင့်လား” ဟု မေးမြန်းရာ ထန်ရှောင်ရွှမ်းက ဂရုမစိုက်ဟန်ဖြင့် “ဒါက ယဇ်ပူဇော်မယ့် မိစ္ဆာရင်သွေး ကိစ္စမလား။ ဒုက္ခဝေဒနာပင်လယ်ရဲ့ မိစ္ဆာရင်သွေးဆိုတာ မင်းတို့ သာမန်အချိန်တွေမှာ ရှာချင်ရင်တောင် တွေ့နိုင်တဲ့အရာ မဟုတ်ဘူး။ ငါကတော့ အဲဒီကောင် မွေးဖွားလာမယ့်အချိန်ကိုပဲ စောင့်နေတာ အဲဒီကောင်ကို သတ်ပြီး ငါ့ရဲ့ လက်နက်ဆန်းတွေကို သွေးပူတိုက်ပွဲဝင်ခိုင်းရမယ်” ဟု အေးစက်စွာ ပြောလိုက်တော့သည်။

All Chapters