အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
Chapter 123
အထူးစစ်ဆင်ရေးတပ်ဖွဲ့ ချီတက်လာခြင်း
ဆုတ်ခွာရန် အမိန့်ပေးခံရသည်နှင့်တပြိုင်နက် ထိုအမျိုးသမီးသည် ၎င်းတို့၏ခေါင်းဆောင် သခင်လေးဆိုသူထံသို့ အပြေးအလွှားရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးသည် ဆေးရုံအဆောက်အအုံဆီသို့ လျင်မြန်စွာဆုတ်ခွာသွားကြတော့သည်။
၎င်းတို့သည် ရှီချန်ကျန်းကို ပြင်းထန်စွာဒဏ်ရာရစေခဲ့ပြီးဖြစ်သလို အရေးကြီးဆုံးမိနစ်အနည်းငယ်ကိုလည်း အချိန်ဆွဲထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဆေးရုံမှနေ၍ မီးသူတော်စင်ရှိရာသို့ ရောက်ရှိရန် အချိန်အတန်ကြာပေးရမည်ကို ထည့်တွက်လျှင် မီးသူတော်စင်၏လေလံပွဲကို မည်သူမျှတားဆီးနိုင်တော့မည်မဟုတ်ပေ။
“ဓားကျွန် ပြန်လာခဲ့” ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
သို့သော်လည်း ဓားကျွန်သည် အမိန့်ကိုမနာခံဘဲ စိတ်ရူးပေါက်နေသည့်အလား ဝမ်ရှန်းကိုသာဆက်လက်တိုက်ခိုက်နေခဲ့သည်။
လေထဲမှ ပလွေသံကပိုစိပ်လာသည်။ ခေါင်းဆောင်က ချက်ချင်းလှည့်ပြီး အဆောက်အအုံထဲသို့ ပြေးဝင်သွားကာ သူ့၏ ဓားကျွန်ကို စွန့်ပစ်ခဲ့လေသည်၊၊
နောက်ဆုံးတွင် ပလွေသံသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
ဝမ်ရှန်းသည် ပို၍သတိကြီးစွာထားလိုက်သည်။ သူသည် ဓားကျွန်ကိုအရှင်ဖမ်းဆီးကာ ၎င်းအားအသုံးချ၍ မိစ္ဆာတာအိုအဖွဲ့အစည်းများထဲတွင် အမှန်တကယ်အင်အားတောင့်တင်းလှသည့် ယင်ယန်ဂိုဏ်းအကြောင်းကို အာဏာပိုင်များသတိပြုမိလာစေရန် မျှော်လင့်ထားခြင်းဖြစ်သည်။
သို့သော်လည်း ၎င်းတို့က ဓားကျွန်ကို ဒီအတိုင်းစွန့်ပစ်သွားခဲ့ခြင်းကို ကြည့်လျှင် ဤလူသည် ထိပ်တန်းလက်နက်မဟုတ်ကြောင်းနှင့် ၎င်း၌ အရေးကြီးသောအချက်အလက်များမရှိကြောင်း ထင်ရှားနေသည်။ သို့မဟုတ်ပါက ထိုအမျိုးသမီးသည် သူ့ကို သတ်ပစ်သွားခဲ့လိမ့်မည်သာ… သူမ၏ လျင်မြန်မှုဖြင့်ဆိုလျှင် စက္ကန့်အနည်းငယ်မျှသာလိုပေမည်၊၊
ပြင်းထန်သောတိုက်ပွဲကြားမှ ဝမ်ရှန်းသည် အဝေးတွင်လဲလျောင်းနေသော ရှီချန်ကျန်းကို လှမ်းကြည့်လိုက်သည်။ သူသည် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ တုန်တက်နေပြီး တုန်လှုပ်ဖွယ်သာယာမှုတစ်မျိုးကို ခံစားနေရသည့်ပုံစံဖြစ်နေသည်။
ဝမ်ရှန်းသည် ခါးသီးစွာ ရယ်မောလိုက်မိသည်။ ရှီချန်ကျန်း၏ စရိုက်ကိုထည့်တွက်လျှင် သူ့ပခုံးတွင် ဒဏ်ရာရသွားသည်မှာ တန်ရဲ့လားပင် မသေချာတော့ပေ။
၎င်းတို့နှစ်ဦး ဆုတ်ခွာသွားပြီး မိနစ်ဝက်ခန့်အကြာတွင် ဆေးရုံတံတိုင်းအပြင်ဘက်မှ စည်းချက်ညီသောခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။ ဝမ်ရှန်း အံ့အားသင့်သွားရသည်မှာ မကြာမီမှာပင် လူတစ်ရာကျော်သည် ဆေးရုံတံတိုင်းကို ကျော်ဖြတ်ဝင်ရောက်လာကြခြင်းကြောင့် ဖြစ်သည်။ လင်းထိန်နေသော မီးရောင်အောက်တွင် ၎င်းတို့သည် စစ်စိမ်းရောင်လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူရှိရာနေရာသို့ တည့်တည့်ဦးတည်လာကြသည်။
တစ်ယောက်ချင်းစီ၏ ပေါင်အပြင်ဘက်တွင် မြန်နှုန်းမြှင့်အဆောင်များကို ချည်နှောင်ထားပြီး စစ်ဘက်ဆိုင်ရာအသုံးအဆောင်များကဲ့သို့ သံကြိုးများကိုလည်း ပတ်ထားကြသည်။ ၎င်းတို့၏ ကျောပြင်တွင် ဓားရှည် သို့မဟုတ် ဓားမော့များကို လွယ်ထားကြပြီး ပခုံးများတွင်မူ ရိုင်ဖယ်များနှင့် စက်သေနတ်တိုများကို စောင်းလွယ်ထားကြသည်။
၎င်းတို့သည် အရှိန်အပြည့်ဖြင့် ရှေ့သို့ပြေးဝင်လာကြရာ ၎င်းတို့၏ အရှိန်အဝါသည် ပြင်းထန်စွာလှိုင်းထ၍နေသည်။ ဝမ်ရှန်းက သူ၏ ဝိညာဉ်အသိစိတ်ဖြင့် လှမ်း၍ အာရုံခံကြည့်လိုက်သောအခါ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အလွန်အမင်းပြင်းထန်လှသည့်အော်ရာနှင့် ကောင်းကင်ယံအထိထိုးတက်နေသော သတ်ဖြတ်လိုစိတ်တို့ကြောင့် တုန်လှုပ်သွားရသည်။
ယင်ယန်ဂိုဏ်း၏ အလွန်အမင်းသတိကြီးမှုက ယနေ့ညတွင် ၎င်းတို့ကို ကယ်တင်သွားခဲ့ခြင်းဖြစ်သည်။
“လက်နက်တွေကို ချပြီး… သွေးကြောတွေကို ချက်ချင်းပိတ်ဆို့လိုက်… ခေါင်းမာပြီး ခုခံမယ်ဆိုရင် မင်းတို့ရဲ့ အသက်အန္တရာယ်ကို ငါတို့ တာဝန်မယူဘူး” ၎င်းတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
ဝမ်ရှန်းကလည်း ပြန်အော်လိုက်သည်၊၊
“ကျွန်တော်က ဝူတန်းတောင်က ဝမ်ရှန်းပါ၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပေးပါ။ ဒီလူကိုဖြစ်နိုင်ရင် အရှင်ဖမ်းပေးကြပါ… မိစ္ဆာကျင့်ကြံသူနှစ်ယောက်ကတော့ အဆောက်အအုံထဲကို ထွက်ပြေးသွားပြီ”
“တာအိုဆရာဝမ်ရှန်းကို ကာကွယ်ကြ… အယ်လ်ဖာတပ်စု… ဆေးရုံရဲ့ အဝင်အထွက်အားလုံးကို ပိတ်ဆို့လိုက်… ဘရာဗို.. စံပြတိုက်ခိုက်ရေးစီမံချက် (၆) ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်… ပစ်မှတ်ကို အရှင်ဖမ်းဆီးရမယ်။ ချာလီ… နေရာတစ်ခုလုံးကို ပိုက်စိတ်တိုက်ရှာဖွေကြ… ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ တွေ့ရင် ချက်ချင်းဖမ်းဆီးပါ… ခုခံရင် အသေသတ်ပိုင်ခွင့်ရှိတယ်”
သံမဏိကဲ့သို့ စည်းကမ်းပြည့်ဝလှသော စစ်သား ၁၀၀ကျော်သည် တညီတညွတ်တည်းပြန်ပြောလိုက်ကြသည်၊၊
“Yes,Sir”
၎င်းတို့၏ ခန့်ညားထည်ဝါသော အော်ရာနှင့်အတူ လေထုထဲတွင်သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်သွားစေပြီး အရာအားလုံးကိုဖိနှိပ်ထားတော့သည်။ သွေးထွက်လွန်နေသော ရှီချန်ကျန်းပင်လျှင် မသိစိတ်ကြောင့် ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ခေါင်းကိုအုပ်ပြီး တုန်ရင်နေခဲ့ရသည်။
ထိုလူများသည် တပ်ဖွဲ့ သုံးဖွဲ့အဖြစ် လျင်မြန်စွာခွဲထွက်သွားကြပြီး အဖွဲ့တိုင်းသည် တိကျပြတ်သားစွာလှုပ်ရှားနေကြသည်။
လူသုံးဆယ်ခန့်ရှိသော အဖွဲ့တစ်ခုသည် ဝမ်ရှန်းရှိရာသို့ ပြေးဝင်လာသည်။ ဆယ်မီတာခန့်အကွာတွင် စစ်သား ၁၈ယောက်သည် လေထဲသို့ တစ်ပြိုင်နက်တည်း ခုန်တက်လိုက်ကြပြီး ၎င်းတို့၏ ဓားရှည်များကို ဆွဲထုတ်ကာ ၁၈ ယောက်သုံး ဓားအစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။
ဝမ်ရှန်းသည် ကျိုးနေသော သူ၏ဓားကိုအသာခါယမ်းလိုက်ရာ ထွက်ပေါ်လာသောတုန်ခါမှုလှိုင်းကြောင့် ဓားကျွန်သည် ခြေနှစ်လှမ်းခန့်နောက်ဆုတ်သွားရပြီး ဓားအစီအရင်ထဲသို့ ကွက်တိကျရောက်သွားတော့သည်။
ပုံရိပ်များသည် တရိပ်ရိပ်ဖြင့် ဓားကျွန်၏ ပတ်ပတ်လည်တွင် မျဉ်းဖြောင့်အရှိန်နှုန်းဖြင့် စည်းချက်ညီညီလှုပ်ရှားနေကြသည်။ စစ်သားတစ်ယောက်ချင်းစီက တစ်ချက်စီသာ တိုက်ခိုက်သော်လည်း ၎င်းတို့၏ စုပေါင်းတိုက်ခိုက်မှုသည် ဓားကျွန်၏ ခန္ဓာကိုယ်မှ အဓိကအစိတ်ပိုင်းများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
ဒဏ်ရာများမှ သွေးများပန်းမထွက်ရသေးမီမှာပင် အစစ်မှန်ချီများထည့်သွင်းထားသည့် သံကြိုးများသည် နောက်ဘက်မှပျံသန်းလာပြီး သူ့ကို မုန့်ဖက်ထုပ်သဖွယ် ရစ်ပတ်လိုက်ကြသည်။ ထို့နောက် နောက်ထပ်စစ်သားခုနစ်ယောက်သည် ပြောင်းလဲနေသော ခုနှစ်စင်ကြယ်ပုံစံဖြင့် ရှေ့သို့ တိုးလာကြသည်။ ၎င်းတို့သည် အချိတ်အဆက်မိမိ အလှည့်ကျလှုပ်ရှားရင်း ဓားကျွန်ကို အဆောင်များ၊ သံချွန်များဖြင့် တရစပ်တိုက်ခိုက်လာသည်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအယောက် ၃၀သည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အကုန်ထုတ်ဖော်ကာ ဓားကျွန်အပေါ် နည်းလမ်းမျိုးစုံသုံးစွဲလိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် လုံးဝလှုပ်ရှားနိုင်စွမ်းမရှိတော့ပေ။
၎င်းတို့၏ ဓားအစီအရင်၏ ရိုးရှင်းပြီးထိရောက်မှုရှိပုံသည် ဝမ်ရှန်းကို အာရုံစိုက်သွားစေသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အနည်းဆုံးနှစ်အနည်းငယ်မျှ ပြင်းထန်သောလေ့ကျင့်မှုကို ခံယူထားရမည်ဖြစ်သည်။
ဝမ်ရှန်းသည် စိတ်ထဲမှနေ၍ ‘ငါ့ခြေထောက်သာ ဒဏ်ရာမရခဲ့ဘဲ လက်ထဲမှာလည်း နတ်ဓားတစ်လက် ရှိနေမယ်ဆိုရင် ဒီအဖွဲ့ကို ငါနိုင်ပါ့မလား’ ဟု မတွေးဘဲ မနေနိုင်ဖြစ်မိသွားသည်။
စိတ်ထဲတွင် အကြမ်းဖျင်းတွက်ချက်ကြည့်ပြီးနောက် သူသည် တိုင်းပြည်ရန်သူဖြစ်လာစေမည့် မည်သည့်အရာကိုမှ မလုပ်သင့်ကြောင်း ကောက်ချက်ချလိုက်သည်။
၎င်းတို့သည် အမှန်တကယ်ပင် ဟာသလုပ်စရာမဟုတ်ပေ။
ချလွမ်။
ယခုအခါ သံကြိုးများဖြင့် ရစ်ပတ်ခံထားရသော ဓားကျွန်သည် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရချိန်တွင် သတိလစ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် သူ၏ နဖူးနှင့် ခန္ဓာကိုယ်ပေါ်တွင် အဝါရောင်အဆောင်များကို ကပ်လိုက်ကြပြီးနောက် သူ၏ သွေးကြောဆုံမှတ်အများအပြားထဲသို့ ချိတ်ပိတ်သံချွန်များကို ရိုက်သွင်းလိုက်ကြသည်။
အထူးဝတ်စုံများ ဝတ်ဆင်ထားသော စစ်သားများသည် တန်းစီ၍ နှစ်တန်းရပ်လိုက်ကြပြီး ရင်ကော့ကာ ရပ်နေကြသည်။ ၎င်းတို့၏ မျက်ဝန်းများသည် စူးရှနေပြီး သွေးများဆူပွက်နေသော်လည်း ရှေ့တည့်တည့်သို့သာအာရုံစိုက်ထားကြသည်။
မကြာမီမှာပင် အသားညိုသောအရာရှိတစ်ဦးသည် ၎င်းတို့၏ နောက်ကွယ်မှ ထွက်လာခဲ့သည်။ သူသည် ဝမ်ရှန်းကို အလေးပြုလိုက်ပြီး မေးလာသည်၊၊
“တာအိုဆရာဝမ်ရှန်း ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်လား”
ဝမ်ရှန်းသည် ရှီချန်ကျန်းရှိရာသို့ ညွှန်ပြလိုက်သည်။ စစ်သာအနည်းငယ်သည် သူ၏အနားတွင် မတ်တတ်ရပ်နေကြပြီး ၎င်းတို့၏ ဓားရှည်များကို သူ၏ အသက်သွေးကြောနေရာများသို့ ချိန်ရွယ်ထားကြသည်။
“ကျွန်တော့်ဒဏ်ရာက မပြင်းထန်ပါဘူး။ ဟိုလူက လုံဟူရှန်းတောင်ရဲ့ ထိပ်တန်းတပည့် ရှီချန်ကျန်းပဲ”
ဝမ်ရှန်းက ဆက်ပြောသည်၊၊
“သူက ကောင်းချန်ရှင်းကို ဘယ်လိုရှာရမလဲဆိုတာ သိတယ်။ သူ့ကို ကယ်တင်ဖို့အချိန်မီသေးတယ်”
အသားညိုသောအရာရှိ၏ မျက်နှာအမူအရာသည် ထက်ရှသွားသည်။ သူသည် ချက်ချင်း လှည့်ကာ ဟိန်းဟောက်လိုက်သည်၊၊
“ဒီလူကို အင်မော်တယ်ဆေးရည်တိုက်လိုက်ကြ… အခုချက်ချင်း”
“အင်မော်တယ်ဆေးရည်” ဆိုသည်မှာ ကုသခြင်းအဆောင်ထည့်သွင်းထားသော ရေကို စစ်ဆင်ရေးတပ်ဖွဲ့က ပေးထားသည် နာမည်ပြောင်ဖြစ်သည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၎င်းတို့၏ ထိရောက်မှုကြောင့် လူသိများလျှင် အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ၎င်းတို့၏ အမိန့်နာခံဆောင်ရွက်မှုကြောင့် ထင်ရှားသည်။ စစ်သားနှစ်ဦးသည် ရှီချန်ကျန်း၏ ဘေးတွင် ချက်ချင်းဒူးထောက်ထိုင်လိုက်ကြပြီး စံပြဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးကြသည်။ တစ်ယောက်က ရှီချန်ကျန်း၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးထည့်ပေးလိုက်ပြီး နောက်တစ်ယောက်ကမူ သံဘူးထဲမှ ထူးဆန်းသောအရည်များကို တိုက်လိုက်သည်။
ရှီချန်ကျန်းသည် မကြာမီမှာပင် သတိပြန်လည်လာပြီး အနည်းငယ်ချောင်းဆိုးသွားသည်။ တွန့်ဆုတ်မနေဘဲ သူသည် သူ၏ ဝတ်ရုံအိတ်ကပ်ထဲမှ အဝါရောင်အဆောင်တစ်ရွက်ကို ချက်ချင်းဆွဲထုတ်လိုက်ကာ သူ၏ သွေးအချို့ကို ၎င်းပေါ်သို့စီးကျစေလိုက်သည်။ သူအံကြိတ်ကာ ရေရွတ်လိုက်သည်၊၊
“ဟူး... ချန်ရှင်း... ငါတောင်းပန်ပါတယ်။ နောက်ဘဝကျရင် ဘဲတွေ၊ ကြက်တွေ ဖြစ်နေရပါစေဦးတော့... ငါ မင်းကို ပြန်ပေးဆပ်ပါ့မယ်”
ဘန်း၊၊
အဝါရောင်အဆောင်က ပေါက်ကွဲသွားပြီး သွေးစွန်းနေသော အမွှေးအတောင်များရှိသည့် အပြာရောင်ငှက်တစ်ကောင် ပေါ်ထွက်လာသည်။ ၎င်းသည် အတောင်ပံများကို ခတ်ကာ ရှီချန်ကျန်း၏ အထက်တွင် နှစ်ပတ်ခန့် ဝဲပျံပြီးနောက် အနောက်တောင်ဘက်သို့ ပျံသန်းသွားတော့သည်။
အသားညိုသောအရာရှိက အမိန့်ပေးလိုက်သည်၊၊
“အယ်လ်ဖာ... ဒီမှာပဲ နေခဲ့ပြီး တာအိုဆရာတွေကို ကာကွယ်ကြ။ ကျန်တဲ့လူတွေအားလုံး ဘယ်လိုနည်းလမ်းနဲ့မဆို အဲဒီငှက်နောက်ကိုလိုက်ကြ… ပြီးတော့ ဌာနချုပ်ကို ချက်ချင်းအကြောင်းကြား”
တပ်ဖွဲ့များသည် ငှက်နောက်သို့ အပြေးအလွှားလိုက်သွားကြစဉ် ဆက်သွယ်ရေးအရာရှိနှစ်ဦးသည် ၎င်းတို့၏ အုတ်ခဲကဲ့သို့ ကိရိယာများကို ကိုင်ဆောင်ကာ ဌာနချုပ်သို့ အမိန့်များကို လက်ဆင့်ကမ်းလွှဲပြောင်းပေးလိုက်ကြသည်။
ရှီချန်ကျန်းသည် သူ၏ လက်မောင်းဖြင့် မျက်လုံးများကိုအုပ်ကာ ထိန်းမနိုင်သိမ်းမရငိုကြွေးနေတော့သည်။
အဲ့ဒီမျက်ရည်တွေရဲ့ အနည်းဆုံးတစ်ဝက်လောက်က ဒဏ်ရာတွေကလာတဲ့ ပြင်းထန်တဲ့ နာကျင်မှုကြောင့်ပဲဖြစ်ရမယ်…၊၊
ဝမ်ရှန်းသည် မြေပြင်ပေါ်တွင် လှုပ်ရှား၍မရဘဲ လဲလျောင်းနေသော ဓားကျွန်ကိုညွှန်ပြကာသတိပေးလိုက်သည်၊၊
“သူ့နားထဲမှာ ကူပိုးကောင်တွေ ရှိနေနိုင်တယ်”
တပ်ဖွဲ့ခေါင်းဆောင်က ချက်ချင်း လှည့်ကာ “ဆေးတပ်သား။ သူ့ရဲ့ နားတွေကို ရှင်းလင်းလိုက်စမ်း”
အမိန့်များကို အော်ဟစ်စေခိုင်းခြင်းသည် စစ်တပ်၏ ရိုးရာအစဉ်အလာတစ်ခုဖြစ်ပုံရသည်။
“ဖေးယွီ” ကျင်းယွမ်က အဝေးမှ လှမ်းခေါ်လိုက်သည်။ ပဲ့တင်သံပင်မဆုံးသေးမီမှာပင် သူမသည် ဝမ်ရှန်း၏ အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူမ၏ အေးစက်သော မျက်နှာအမူအရာသည် သူ၏ ဒဏ်ရာများကို မြင်လိုက်ရသောအခါ ပိုမိုအေးစက်သွားသည်။ ဘာမှမပြောဘဲ သူမသည် ရှေ့သို့ တိုးလာပြီး သူ၏ ဒဏ်ရာရနေသော ပခုံးပေါ်သို့ လက်ဖဝါးဖြင့် ဖိကပ်လိုက်သည်။ နူးညံ့သော ချီစွမ်းအင်တစ်လှိုင်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ဒဏ်ရာဆီသို့ ဖြည်းညှင်းစွာ ပြန့်နှံ့သွားတော့သည်။
“နတ်ဘုရားငါးပါးဂိုဏ်းလား” သူမက မေးလိုက်သည်။
“မဟုတ်ဘူး... နောက်ထပ်မိစ္ဆာကျင့်ကြံသူအဖွဲ့တစ်ခုပဲ။ ဟိုမှာရှိတဲ့ ဓားသမားက ကျွန်တော်နဲ့ တက္ကသိုလ်မှာ တိုက်ခိုက်ခဲ့တဲ့လူပဲ။ သူတို့အားလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ယင်ယန်စက်ဝိုင်းတက်တူးထိုးထားကြတယ်”
“ယင်ယန်စက်ဝိုင်းလား”
ကျင်းယွမ် ခဏမျှ စဉ်းစားလိုက်သော်လည်း ဘာမှ ပေါ်မလာပေ။
သူမက သတ်ဖြတ်လိုစိတ်အနည်းငယ်ပါဝင်သော လေသံဖြင့် “သူတို့ ဘယ်မှာပုန်းနေလဲဆိုတာရှာလို့ရလား”
ဝမ်ရှန်းက ခေါင်းခါပြလိုက်သည်။ နောက်ဆုံးတွင် ကျင်းယွမ်၏ မျက်ဝန်းများသည် တဖြည်းဖြည်းနူးညံ့သွားတော့သည်။
သူမသည် ချီလင်းက ဝမ်ရှန်းကို ကာကွယ်ရန် လူအလုံအလောက် မခွဲဝေပေးခဲ့ခြင်းအပေါ် စိတ်ပျက်မိသော်လည်း သူမတွင်အပြစ်တင်ပိုင်ခွင့်မရှိပေ။ အမှန်စင်စစ် သူမသည်လည်း ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် မိစ္ဆာကျင့်ကြံသူများက ဝမ်ရှန်းကို ပစ်မှတ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ထမင်းအိုးက ရေနွေးအိုးကို မည်းသည်ဟု ပြောခြင်းနဲ့ မကွာလှပေ၊၊
Chapter 124
လေလံပွဲ
ဝမ်ရှန်းကို တစ်ခုခုသာဖြစ်ခဲ့ပါက သူမနှင့် ချီလင်းသည် ချင်ယန်ဇီကို မျက်နှာပြရဲကြမည်မဟုတ်ပေ။ ထို့ကြောင့် သန်းခေါင်ယံအချိန်ရောက်ရန် မိနစ်အနည်းငယ်သာလိုတော့သဖြင့် ကျင်းယွမ်သည် ဘာပဲဖြစ်လာလာ ဝမ်ရှန်း၏ အနားမှမခွာရန်ဆုံးဖြတ်လိုက်သည်။
ဆေးရုံအဆောက်အအုံအတွင်းတွင် လှုပ်ရှားမှုများဖြင့် ဆူညံ၍နေသည်။ သို့သော်လည်း ဝမ်ရှန်းခန့်မှန်းထားသည့်အတိုင်း ယင်ယန်ဂိုဏ်းသားများသည် မည်သည့်သဲလွန်စမျှမချန်ဘဲ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် လေထုထဲသို့ အရည်ပျော်ဝင်သွားသည့်အလားပင်။
မုရွှယ်နှင့် ဘူဒိုဇာတို့သည် အန္တရာယ်မရှိတော့ပေ။ မုရွှယ်သည် လမ်းလျှောက်နိုင်သည်အထိ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ဘူဒိုဇာမှာမူ ဆေးရုံတက်ရတော့မည်ဖြစ်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ရှန်းနှင့် တစ်ခန်းတည်းဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ရှီချန်ကျန်းကို အရေးပေါ်အခန်းသို့ ခေါ်ဆောင်သွားကြသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် သွေးထွက်လွန်ပါကသေဆုံးနိုင်ပေသည်။ အပြာရောင်ငှက်ကို လွှတ်တင်ပြီးနောက် သူ၏ အသက်ရှင်သန်ခြင်းသည် ယနေ့ည၏ အဖြစ်အပျက်များအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိတော့ပေ၊၊
ဝမ်ရှန်းသည် သူ၏ ဝှီးချဲကို ဆက်သွယ်ရေးအရာရှိတစ်ဦးရှိရာသို့ တွန်းသွားပြီး လေလံပွဲမှ သတင်းများကို တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။
ည ၁၂နာရီတိတိတွင် အရာရှိ၏ အုတ်ခဲကဲ့သို့ ကိရိယာမှတစ်ဆင့် အမိန့်တစ်ခုရောက်ရှိလာသည်။ မြို့အနှံ့တွင် ပျံ့နှံ့နေသော အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ထက်ဝက်နီးပါးသည် မြစ်ကူးတံတားကြီးတစ်ခုဆီသို့ စုရုံးသွားကြသည်၊၊ ထိုနေရာသည် မီးသူတော်စင် ကြေညာထားသော လေလံပွဲကျင်းပမည့်နေရာဖြစ်သည်။ ၎င်းသည် အာရုံလွှဲခြင်းသက်သက်ဖြစ်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့သည် မြို့၏ ထောင့်အသီးသီးကို အချိန်မရွေးကာကွယ်နိုင်ရန် နေရာတိုင်းတွင် အင်အားအလုံအလောက်ချန်ထားခဲ့ကြသည်။
နောက်ဆုံးတွင် သန်းခေါင်ယံကျော်ပြီး တစ်မိနစ်အကြာ၌ တာ့ကျန်းမြစ်အထက်တွင် ပြင်းထန်သောပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့သည်။ မီးတောက်များသည် ကောင်းကင်ထက်ဝက်ခန့်ကို လင်းထိန်သွားစေသည်။
၎င်းသည် အချက်ပြမှုတစ်ခုဖြစ်သည်။ မြို့အနှံ့တွင် ပုန်းအောင်းနေကြသော ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်းထွက်ပေါ်လာကြသည်။ မီးသူတော်စင်ထံမှ ကြိုတင်အကြောင်းကြားစာရရှိထားကြသူများသည် တံတားပေါ်သို့ ပြေးတက်ကာ မြစ်ထဲသို့ တန်းစီ၍ ခုန်ချကြတော့သည်။
ကြိုတင်အကြောင်းကြားစာရရှိခြင်း ရှိ၊မရှိဆိုသည်မှာ ၎င်းတို့က မီးသူတော်စင်ထံသို့ ကိုယ်ရေးအချက်အလက် မည်မျှပေးထားသည်အပေါ် မူတည်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လျှို့ဝှက်အေးဂျင့်များတွင်မူ ထိုကဲ့သို့သော အခွင့်အရေးမျိုးမရှိခဲ့ပေ။
တံတားအောက်ရှိ မြစ်ရေပြင်ပေါ်မှ ပြင်းထန်သော မီးတောက်များကြားတွင် စပိဘုတ်တစ်စီးသည် ဘယ်ကမှန်းမသိ ရောက်ရှိလာခဲ့သည်။ ၎င်းသည် သံသေတ္တာများကို တစ်လုံးပြီးတစ်လုံး ရေထဲသို့ ချပစ်လိုက်ရာ လေလံပွဲသည် ရေအောက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထင်ရှားစေသည်။ သို့သော်လည်း တိကျသောနေရာကိုမူ မသိရသေးပေ။
ငါးအုပ်ကြီးများကဲ့သို့ ကျင့်ကြံသူများသည် လှေပေါ်မှ ပစ်ချလိုက်သော သေတ္တာများကိုအမှီပြု၍ ရေစုံအတိုင်း အလုအယက်ကူးခတ်သွားကြတော့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်ရှိမည်သူမဆို နောက်တွင်ကျန်ရစ်ခဲ့ရန်သာ ကံပါပေတော့သည်။
တောင်ပေါ်မှ ဆင်းလာကတည်းက တိုက်ပွဲအတွေ့အကြုံမရှိသော်လည်း ကျင်းယွမ်သည် အားကောင်းလှသော ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေဆဲပင်။
ထို့ကြောင့် သူမကို စိုးရိမ်မနေစေရန်နှင့် အခြေအနေကိုကူညီဖြေရှင်းရာတွင် အနှောင့်အယှက်မဖြစ်စေရန် ဝမ်ရှန်းသည် မုရွှယ်အား သူ့ကို ချီလင်း၏ ယာယီအခြေစိုက်စခန်းသို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြံပေးတစ်ဦးအနေဖြင့် သူသည် အကန့်အသတ်မရှိဝင်ထွက်ပိုင်ခွင့်ရှိပေသည်။
မုရွှယ်နှင့် ဝမ်ရှန်းတို့သည် နံနက် ၁၂ နာရီ ၂၃ မိနစ်တွင် ကွပ်ကဲစင်တာသို့ ရောက်ရှိခဲ့ကြသည်။ ဝမ်ရှန်း ဘေးကင်းစွာအတွင်းသို့ရောက်ရှိသွားကြောင်းသေချာစေပြီးနောက် ကျင်းယွမ်သည် လှည့်ပြန်ကာ မြစ်ရှိရာသို့ အပြေးအလွှားထွက်ခွာသွားတော့သည်။
ကွပ်ကဲစင်တာရှိ ကြီးမားသော မော်နီတာအများအပြားတွင် မြင်ကွင်းမျိုးစုံကို တစ်ပြိုင်နက်တည်း ပြသနေသည်။ ၎င်းတို့ထဲမှ တစ်ခုတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့က တံတားကို ထိန်းချုပ်လိုက်ပုံကို ပြသနေသည်။ ကံမကောင်းစွာဖြင့် လေလံပွဲတက်ရောက်သူအများစုမှာ ရေထဲသို့ ခုန်ချသွားခဲ့ကြပြီဖြစ်သည်။
နောက်ထပ်မော်နီတာတစ်ခုတွင်မူ မြစ်ပြင်ပေါ်တွင် ရုပ်အလောင်းများ မျောပါနေပုံကို ပြသနေပြီး ဟယ်လီကော်ပတာများသည် အထက်မှနေ၍ ရှာဖွေရေးမီးများဖြင့် နေရာအနှံ့ပြသနေကြသည်။ မြစ်ပြင်အနှံ့တွင်လည်း ရေတိုင်လုံးကြီးများ တရစပ်ပေါက်ကွဲထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင် ကျင့်ကြံသူတစ်ဦး သို့မဟုတ် နှစ်ဦးသည် ရေပြင်ထက်သို့ ခုန်တက်လာကြပြီး ခဏအကြာတွင် ရေထဲသို့ ပြန်လည်ငုပ်လျှိုးသွားကြပြန်သည်။
မြစ်ကမ်းပါးတွင်မူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည် တင်းကျပ်သောစည်းကမ်းဖွဲ့စည်းပုံဖြင့် ရှေသို့ တိုးလာကြပြီး ရေအောက်ရှိ ကျင့်ကြံသူများကို စောင့်ကြည့်နေကြသည်။ တာအိုဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ရာကျော်သည်လည်း ကမ်းခြေတွင် ကင်းလှည့်နေကြပြီး အများစုမှာ လုံဟူရှန်းတောင်တပည့်များဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့ထဲမှ မည်သူမျှ ရေထဲသို့ မဆင်းကြပေ။
ဝမ်ရှန်းသည် သူ၏ ဝှီးချဲကို ထောင့်တစ်နေရာသို့ တွန်းသွားပြီး မော်နီတာများကို အာရုံစိုက်၍ လေ့လာနေလိုက်သည်။ ဖြူဖျော့နေသော မုရွှယ်သည်လည်း အနားယူရန် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ မည်သူမျှ ၎င်းတို့ကို သိပ်ပြီး သတိမထားမိကြပေ။
မုရွှယ် ထိုင်ခုံတွင် နေရာတကျဖြစ်သွားသည်နှင့်တပြိုင်နက် ကွပ်ကဲစင်တာအတွင်း၌ အော်ဟစ်သံတစ်ခုပဲ့တင်ထပ်သွားခဲ့သည်။
“ကပ္ပတိန်… ကျွန်တော်တို့ ကောင်းချန်ရှင်းကို ဖမ်းမိပါပြီ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
..
ဒါဖြင့် ဒီလူကပဲ အရှုပ်ထုပ်အားလုံးကို ဖန်တီးခဲ့တဲ့ တရားခံပေါ့လေ…
ချိုင့်ဝင်နေသော မျက်ဝန်းများနှင့် ခြောက်ကပ်နေသော မျက်နှာရှိသည့် ပိန်ချုံးနေသော လူငယ်ကျင့်ကြံသူကို ကြည့်ရင်း ဝမ်ရှန်းသည်အခြားသူများနည်းတူ ဖြစ်ရပ်မှန်နှင့်ကွဲလွဲနေသည့် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။
ဤမျှအသက်ငင်နေပြီး အားနည်းပုံရသောလူတစ်ယောက်က အမှန်တကယ်ပဲ ၎င်းတို့၏ရန်သူဖြစ်နေခဲ့သည်လား။
“တာအိုဆရာဝမ်...”
မုရွှယ်က ဘေးမှနေ၍ တိုးတိုးလေး ခေါ်လိုက်သည်၊၊
“ရှင့်ကိုယ်လုံးက အတော်လေးတာပဲ။ ပိုပြီး ကောင်းကောင်းမြင်ရမယ့်နေရာကို ကျွန်မတွန်းပေးမယ်”
“အာ… ကျေးဇူးပါပဲ”
မတ်တတ်ရပ်နိုင်ရန် ဘယ်လက်ဖြင့် မုရွှယ်၏ ပခုံးကို ဖိကိုင်ထားသော ဝမ်ရှန်းသည် တည်ငြိမ်စွာပင် လက်ကိုလွှတ်လိုက်ပြီး ဝှီးချဲပေါ်သို့ ပြန်ထိုင်လိုက်သည်။
မုရွှယ်သည် ချီလင်းနှင့် နီးကပ်သော ထောင့်တစ်နေရာသို့ သူ့ကို လျင်မြန်စွာတွန်းပို့ပေးလိုက်သဖြင့် မြင်ကွင်းက ပိုမိုရှင်းလင်းသွားသည်။ ယခု သူသည် မော်နီတာအားလုံးကို မြင်တွေ့နေရပြီဖြစ်ရာ ၎င်းတို့ထဲမှ တစ်ခုတွင် သိုလှောင်ခန်းအသေးလေးတစ်ခုကို ပြသနေသည်။
ထိုအခန်းထဲတွင် ကောင်းချန်ရှင်းသည် ရှုပ်ပွနေသော အိပ်ရာခင်းဖြူဖြင့် ခုတင်တစ်လုံးပေါ်၌ လဲလျောင်းနေသည်။ သူ့တွင် မျှော်လင့်ထားသလို အဆင့်မြင့်အီလက်ထရွန်နစ်ကိရိယာများ သို့မဟုတ် မည်သည့်အကာအကွယ်အဆောင်မျှ ရှိမနေပေ။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားနှစ်ဦးက အနားသို့ တိုးသွားပြီး သွေးကြောများကိုပိတ်ဆို့နိုင်သည့်အထူးချုပ်နှောင်မှုများဖြင့် သူ့ကိုဖမ်းဆီးလိုက်ချိန်တွင်ပင် သူသည် လုံးဝလှုပ်ရှားခြင်းမရှိဘဲငြိမ်သက်နေခဲ့သည်။
ကွပ်ကဲစင်တာအတွင်း၌ သက်လတ်ပိုင်းအရာရှိတစ်ဦးက ချီလင်းဘက်သို့ လှည့်ကာ မေးလာသည်၊၊
“ကပ္ပတိန်… သူ့ကို ဒီကိုပဲခေါ်လာရမလား ဒါမှမဟုတ် အဲဒီနေရာမှာတင် စစ်မေးရမလား”
“အဲဒီနေရာမှာတင် ချက်ချင်းစစ်မေးပြီး သူ့ရဲ့ အစီအစဥ်တစ်ခုလုံးကို ဖြောင့်ချက်ပေးခိုင်းလိုက်… ဒီည လူထုကို မထိတ်လန့်စေနဲ့… ကျန်တဲ့တပ်ဖွဲ့တွေအားလုံး မြစ်ထဲက ကျင့်ကြံသူတွေကိုပဲ ဆက်ပြီး အာရုံစိုက်ထားပါစေ”
“စစ်မေးဖို့ ပြင်ဆင်ကြ။ မသက်ဆိုင်တဲ့လူတွေကို ဖယ်ရှားလိုက်”
မိနစ်ဝက်မျှအတွင်းမှာပင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် အယောက် ၃၀ကျော်သည် သိုလှောင်ခန်းအပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် လူသားတံတိုင်းကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ကောင်းချန်ရှင်းကို ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ခိုင်းထားပြီး တည်ကြည်လေးနက်သောမျက်နှာရှိသည့် စစ်သားနှစ်ဦးက လက်ဖဝါးချင်း ပူးကပ်ကာ ကျမ်းစာများကို စတင်ရွတ်ဖတ်လိုက်ကြရာ ထိုနေရာတစ်ခုလုံး ဗုဒ္ဓဘာသာဂါထာသံများဖြင့် ပြည့်နှက်သွားသည်။ စပီကာများမှတစ်ဆင့် ထွက်ပေါ်လာသော ထိုအသံကြောင့် ကျင့်ကြံခြင်းအဆင့်မရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အချို့မှာ ခေါင်းမူးဝေခြင်းကို ခံစားလိုက်ရသည်။
ထိုနှစ်ဦးသည် ဝိညာဉ်အသိစိတ်ကို နှောင့်ယှက်နိုင်သော ဗုဒ္ဓကျင့်စဉ်ပညာရပ်တစ်ခုကို ထုတ်ဖော်နေခြင်း ဖြစ်သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လေ့ကျင့်မှုများတွင် ယခုကဲ့သို့သောနည်းလမ်းများပါဝင်နေခြင်းကို ကြည့်လျှင် ၎င်းတို့အဖွဲ့ကို ကျွမ်းကျင်မှုမျိုးစုံဖြင့် ဖွဲ့စည်းထားကြောင်းသိသာလှပေသည်။
မီးသူတော်စင်ကို ကိုင်တွယ်ရန်အတွက် စစ်မေးခြင်းကို တာဝန်ယူထားသူများသည် အစွမ်းကုန်သတိကြီးစွာထားနေကြသည်။ ဗုဒ္ဓဘာသာဂါထာများ၊ တာအိုကျင့်စဉ်များ၊ အဆောင်များ၊ ဆေးလုံးများနှင့် ခေတ်မှီကိရိယာများအားလုံးကို တစ်ပြိုင်နက်တည်းအသုံးချလိုက်ကြသည်။
သို့သော်လည်း ကောင်းချန်ရှင်းသည် တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် လုံးဝတုံ့ပြန်ခုခံခြင်းမရှိဘဲ ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည့်အလား အဆုံးသတ်ကိုသာစောင့်ဆိုင်းနေခဲ့သည်။
“ဒီလောက်ဒုက္ခခံနေဖို့ မလိုပါဘူး” ကောင်းချန်ရှင်းက အားနည်းသော လေသံဖြင့် ပြောလိုက်သည်၊၊
“သိချင်တာ မေးပါ။ ငါ့မှာ အချိန်အများကြီးမကျန်တော့ဘူး၊၊ မင်းတို့ရဲ့ စွမ်းအားတွေကို ငါ့အပေါ်မှာ ဖြုန်းတီးမနေကြပါနဲ့”
ကွပ်ကဲစင်တာအတွင်းရှိ မျက်လုံးအားလုံးသည် ချီလင်းဆီသို့ ရောက်ရှိသွားကြသည်။
“သူ့ကို ငါကိုယ်တိုင် စကားပြောမယ်” ချီလင်းက အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် သူမသည် ကောင်းချန်ရှင်း၏ ရှေ့မှောက်ရှိ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ သူမသည် အရင်ကဲ့သို့ပင် တည်ငြိမ်လျက်ရှိသည်။ အမှန်စင်စစ် သူမ၏ ရာထူးနေရာအရ စိတ်ခံစားချက်ကို အလွယ်တကူထုတ်ပြ၍မရပေ။
သူမက အေးစက်စွာ မေးလိုက်သည်၊၊
“လေလံပွဲ လုပ်ငန်းစဉ်အကြောင်း ငါ့ကို ပြောပြပါ”
ကောင်းချန်ရှင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
—လေလံပွဲ ဟုတ်လား။ ဘာလေလံပွဲလဲ။
ချီလင်း၏ လေသံက ပို၍စူးရှသွားသည်၊၊
“ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာလေလံပွဲလေ… အချိန်ဆွဲမနေနဲ့”
ထိုအခါ ကော်ချန်ရှင်းက သရော်ပြုံး ပြုံးလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။
—မင်းတို့ဆီမှာ စီးကရက် ရှိလား။ ငါ့စိတ်နည်းနည်းရှင်းသွားအောင်လုပ်ပြီးရင် အကုန်လုံးကို ပြောပြပါ့မယ်။
“သူ့ကို တစ်လိပ်ပေးလိုက်”
ချီလင်း၏ လည်ပင်းမှသွေးကြောများ အနည်းငယ်ဖောင်းတက်လာသည်ကို ဝမ်ရှန်း သတိပြုမိလိုက်သည်။
မျက်နှာပြင်ပေါ်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက စီးကရက်တစ်လိပ်ကို မီးညှိပေးလိုက်သည်။ ထို့နောက် ကောင်းချန်ရှင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏မျက်ဝန်းများ အဝေးသို့ငေးမောသွားပြီးနောက် အရေးမပါသောကိစ္စတစ်ခုကို ပြန်လည်အမှတ်ရမိသည့်အလား ဖြည်းညှင်းစွာဖြောင့်ချက်ပေးလာသည်။
—ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာအရောင်းအဝယ်က လွန်ခဲ့တဲ့ ငါးမိနစ်ကတင် ပြီးဆုံးသွားခဲ့ပါပြီ။ လေလံပွဲဆိုတာ အာရုံလွှဲဖို့သက်သက်ပါပဲ။ ငါက လုံဟူရှန်းတောင်က နှင်ထုတ်ခံရတဲ့ တပည့်တစ်ယောက်ဖြစ်ပေမဲ့ ဒါက ငါ့အပြစ်နဲ့ ငါပဲမို့လို့ ဂိုဏ်းကို အပြစ်မတင်ပါဘူး။ ဂိုဏ်းက ငါ့အပေါ် ဘာမှမမှားခဲ့ဘူး... ကျမ်းစာကို ငါးစာအဖြစ်သုံးတဲ့ ငါကပဲ ဂိုဏ်းကို သစ္စာဖောက်ခဲ့မိတာပါ။
—မြစ်ထဲမှာ ရှိနေတဲ့ ဖြောင့်မတ်တဲ့ ကျင့်ကြံသူအများစုကတော့ စာအုပ်အစစ်ကို မဝယ်နိုင်ကြတဲ့ သနားစရာ တာအိုဆရာတွေပါပဲ။ ပိုက်ဆံပေးထားတဲ့ မိစ္ဆာကျင့်ကြံသူတွေကတော့... ကောင်းပြီလေ... သူတို့က ဒီပရဟိတစီမံကိန်းအတွက် ရက်ရက်ရောရောလှူဒါန်းလိုက်ကြတာလို့ပဲ သဘောထားလိုက်ကြပါစို့... အဟွတ် ဟွတ်၊၊
ကောင်းချန်ရှင်းက ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။
ကွပ်ကဲစင်တာတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားတော့သည်။