အခ်းန (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
Chapter 125
မီးသူတော်စင်၏ နိဂုံး
—တကယ်တော့ လေလံပွဲဆိုတာမရှိခဲ့ပါဘူး။ တကယ့်အရောင်းအဝယ်က လွန်ခဲ့တဲ့ဆယ်မိနစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဝယ်တဲ့လူတွေကလည်း မင်းတို့ မျှော်လင့်ထားတဲ့လူတွေ မဟုတ်ကြပါဘူး။
—အရောင်းအဝယ်ကို အွန်လိုင်းကနေပဲ အပြည့်အဝလုပ်ဆောင်ခဲ့တာပါ။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ။ ငါက ကမ္ဘာတစ်ဝှမ်းက မှောင်ခိုဈေးကွက် websiteတွေရဲ့ လက်နက်ရောင်းဝယ်ရေးစာရင်းတွေအောက်မှာ ကျမ်းစာလိပ်ရဲ့ ပထမတွဲနဲ့ ဒုတိယတွဲ မိတ္တူပေါင်း ၁၂၀ကို တင်ထားခဲ့တယ်။ ငါ့ရဲ့ ကုဒ်ဝှက်စနစ်သော့ရှိတဲ့လူတွေပဲ ဝယ်လို့ရမှာပါ။
—ငါ့ရဲ့ ဆရာဖြစ်တဲ့ တာအိုဆရာတျန်ကျန်းက တစ်ခါက ငါတို့ကို သင်ပေးဖူးတယ်။ တိုက်ပွဲမှာ အဆောင်တွေကို သုံးတဲ့အခါ အဓိကသော့ချက်က အစစ်နဲ့အတုကြားက စည်းကို ဝေဝါးသွားအောင် လုပ်ဖို့ပဲတဲ့။ အဆောင်စာရွက်ဆိုတာ အလွယ်တကူဖျက်ဆီးခံရနိုင်လို့ ငါတို့မှာ အမြဲတမ်းအာရုံလွှဲစရာတွေ ရှိနေရမယ်။
—ဒါပေမဲ့ မင်းတို့ကတော့ ဒါကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ တကယ်အရေးကြီးတဲ့အကြောင်းကို ပြောကြရအောင်။ အခုအချိန်အထိ ငါက အခြေခံကျင့်စဥ်မန္တန်ပေါင်း ၉၂ခုကို စုဆောင်းထားပြီးပြီ။ အဲဒီထဲမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ကျင့်စဥ် ၆၄ခု ပါဝင်တယ်။
—အရောင်းအဝယ်ကရတဲ့ ဝင်ငွေတွေကိုတော့ စိတ်ချရတဲ့ မှောင်ခိုဈေးကွက်အကောင့်တွေထဲကို ထည့်ထားပြီးပြီ။ ပြီးတော့ ဒါကို စီမံခန့်ခွဲဖို့ စိတ်တူကိုယ်တူမိတ်ဆွေအချို့ကို အပ်နှံထားခဲ့တယ်။ အခုအချိန်ကစပြီး ဟွာသမ္မတနိုင်ငံအွန်လိုင်းပေါ်မှာ ဒီကျင့်စဉ်တွေကို ပြန့်ပွားအောင်လုပ်ပေးတဲ့ ဘယ်သူမဆို သူတို့ရဲ့ ကူညီမှုအပေါ် မူတည်ပြီး ငွေကြေးဆုလာဘ်တွေ ရရှိကြလိမ့်မယ်။
—မစိုးရိမ်ပါနဲ့။ ငါ ဒါကို သေချာလေ့လာပြီးမှ လုပ်တာပါ။ ငါတို့ ဟွာသမ္မတနိုင်ငံရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စာပေဘာသာစကားက တတ်မြောက်ဖို့ အရမ်းခက်ခဲသလို နိုင်ငံခြားသားတွေက ငါတို့နဲ့ လုံးဝကွဲပြားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေကြတာမို့လို့ အပြင်လူတွေက ဒီကျင့်စဉ်တွေကို အသုံးချနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါ့အပြင် ဒါတွေက သာမန်လူတွေအတွက် အခြေခံကျင့်စဉ်တွေပဲမို့လို့ မင်းတို့ စစ်တပ်ကိုပေးထားတာတွေထက် အများကြီးအားနည်းပါတယ်။
ထိုအချိန်တွင် ကောင်းချန်ရှင်း၏ မျက်နှာအမူအရာက ဘာနောင်တတရားမျှမရှိတော့သည့်အလား ပြေလျော့သွားသည်။
ချီလင်းသည် သူမ၏ ဒေါသကို ထိန်းချုပ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
“ဆိုက်ဘာဌာနကို ဆက်သွယ်… အရေးပေါ် လုပ်ထုံးလုပ်နည်းတွေကို အသက်သွင်းပြီး အင်တာနက်တစ်ခုလုံးကို စောင့်ကြည့်စမ်း”
သူမက ချက်ချင်း အမိန့်ပေးလိုက်သည်။
—အသုံးမဝင်တော့ဘူး အရာရှိကြီး… မင်းတို့ ကျင့်စဉ်အားလုံးကို ဆင်ဆာဖြတ်လို့ မရနိုင်ပါဘူး။ ဒါက 18+ Wbsite တွေကို ပိတ်ဖို့ ကြိုးစားနေတာနဲ့ တူတူပါပဲ။ ဟာကွက်ရှိနေသရွေ့ လူတွေက ဒါတွေကို ပြန့်ပွားအောင် နည်းလမ်းရှာကြမှာပဲ။
ကောင်းချန်ရှင်း၏ နှုတ်ခမ်းထောင့်များက တောက်ပသောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
—မဟာယုက ရေကြီးမှုကို ထိန်းချုပ်ဖို့ တောင်တွေကို ဖြိုခဲ့တာတွေ၊ လီပင်းရဲ့ တုကျန်းယန်ဆည်မြောင်းစနစ်တွေ... ဒီပုံပြင်တွေအားလုံးက ငါတို့ကို သင်ပေးတာက ရေကို ပိတ်ဆို့တာထက် လမ်းကြောင်းပေးရမယ်ဆိုတာပဲ။ ကမ္ဘာမြေပေါ်ကို ကမ္ဘာဦးချီတွေ ပြန်ရောက်လာပြီ။ အခုဆို အားလုံးကျင့်ကြံနိုင်ပြီပဲ... သာမန်လူတွေကရော ဘာလို့မကျင့်ကြံရမှာလဲ။
—ရှင်သန်ခြင်းနဲ့ ကံကြမ္မာကို ဆန့်ကျင်ခြင်းက လူသားတွေရဲ့ ပင်ကိုယ်ဗီဇပဲ။ အားလုံးက ဒါကိုရပိုင်ခွင့်ရှိသင့်တယ်။ သေမှာကို ကြောက်တဲ့ လူတွေရဲ့ စိတ်ကို မင်းတို့ ဖိနှိပ်ထားလို့မရဘူး။ အရေးကြီးဆုံးကတော့ ငါက လမ်းပြသူသက်သက်ပဲ။ တခြားလူတွေလည်း သေချာပေါက်နောက်ကလိုက်လာကြမှာ—
“တော်တော့”
ချီလင်း၏ စူးရှသောအော်ငေါက်သံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသော်လည်း ကောင်းချန်ရှင်းကတော့ ခပ်အေးအေးပင် ပြုံးနေခဲ့သည်။ သူမက နောက်တစ်ကြိမ်အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်မှုကို လျင်မြန်စွာရယူလိုက်သည်။
“အခု ငါ မင်းကို ပြောလိုက်မယ်။ မင်းလုပ်ခဲ့တဲ့အရာအားလုံးက ဆိုးကျိုးတွေကိုပဲ ဖြစ်စေလိမ့်မယ်။ ဘာအဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်မှ မရှိဘူး။ ဟွာသမ္မတနိုင်ငံက အကောင်အထည်ဖော်ထားတာတွေက မင်းမြင်နေရတာထက် အများကြီးပိုကျယ်ပြန့်တယ်။ သူ့ကို ဖမ်းဆီးပြီး တင်းတင်းကျပ်ကျပ်စောင့်ကြည့်ထားကြ”
—အဲဒီလို လုပ်ဖို့ မလိုတော့ပါဘူး။ ငါ့ရဲ့ အချိန်က ရောက်လာပြီ။
ကောင်းချန်ရှင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ စီးကျလာသည်။ သူ၏ မျက်ဝန်းများက ဖြည်းဖြည်းချင်းငြိမ်းသေသွားသော ဖယောင်းတိုင်မီးအလား မှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့သည်။
—ချန်ကျန်း... မင်းအဆင်ပြေရဲ့လား။ အဲဒီအပြာရောင်ငှက်က... အမွှေးတွေမှာ သွေးတွေနဲ့... ငါ့ဆီ ဘာလို့ရောက်လာတာလဲ...
သူ၏ ရေရွတ်သံများ ဖျော့တော့သွားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချိန်အတော်ကြာလှည့်စားခဲ့သော လုံဟူရှန်းတောင်မှ နှင်ထုတ်ခံရသည့် တပည့်ဖြစ်သူ မီးသူတော်စင်သည် သူ၏ မျက်ဝန်းများကို နောက်ဆုံးအကြိမ်အဖြစ် မှိတ်သွားခဲ့တော့သည်။
“သူ့ကို မသေစေနဲ့” စစ်ဘက်အရာရှိတစ်ဦးက ချက်ချင်းထအော်လိုက်သည်။
မျက်နှာပြင်ပေါ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ဆေးတပ်သားများသည် ချက်ချင်းပင် ကုသရန်ကြိုးစားကြတော့သည်။ မကြာမီမှာပင် ၎င်းတို့ထံမှ အစီရင်ခံစာရောက်ရှိလာခဲ့သည်။
“ကပ္ပတိန်… သံသယရှိသူမှာ အသက်စွမ်းအင်အားလုံး ဆုံးရှုံးသွားပါပြီ။ ပဏာမအကဲဖြတ်ချက်အရ သူက ပြင်းထန်တဲ့အဆိပ်ကို သောက်သုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အဆုံးစွန်ထိရောက်နေပါပြီ။ အတွင်းကလီစာတွေအားလုံးပျက်စီးသွားခဲ့ပါပြီ...”
ချီလင်းသည် သူမ၏ ထိုင်ခုံတွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ ဝမ်ရှန်းသည် သက်ပြင်းချလိုက်ပြီး ကောင်းချန်ရှင်း၏ အသက်မဲ့မျက်နှာကို ကြည့်ကာ လက်ချောင်းများကို တင်းကျပ်စွာဆုပ်ထားလိုက်မိသည်။
မီးသူတော်စင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ကျင့်စဉ်များကို ပြန့်ပွားစေမည့်သူများအတွက် သူတည်ဆောက်ထားခဲ့သော ဆုကြေးစနစ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဟက်ကာများအတွက် ကစားကွင်းတစ်ခုဖြစ်လာတော့ပေမည်၊၊ လူအများစုမှာပင် သူ၏ လုပ်ရပ်အပေါ် စာနာမိကြပြီး သူ၏ အမွေအနှစ်ကိုဆက်ခံကာ ပိုမိုကြီးမားသော ရှုပ်ထွေးမှုများကို ဖန်တီးကြပေလိမ့်မည်။
ကောင်းချန်ရှင်းသည် ကမ္ဘာလောကကြီးဆီသို့ အကြီးအကျယ်ပြောင်းလဲလှုပ်ခတ်သွားစေမည့် မီးတောက်တစ်ခုကို အစပျိုးသွားခဲ့ခြင်း ဖြစ်သည်။
“သောက်ရူးကောင်…”
သူမ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ ချီလင်းသည် သူမရှေ့မှ စားပွဲခုံကို ကန်ထုတ်လိုက်သည်။ ထို့နောက် သူမ၏ ထိုင်ခုံနောက်တွင် ရှေ့နောက်လမ်းလျှောက်နေသည်။
ကွပ်ကဲစင်တာအတွင်းရှိ လေထုက ၎င်းတို့ကို ဖိအားပေးနေသည့်အလား လေးလံလွန်းလှသည်။
ထောင့်တစ်နေရာတွင် ဒေသခံဆိုက်ဘာရဲဌာနမှ နည်းပညာရှင်အချို့ တီးတိုးတိုင်ပင်နေကြသည်။ ၎င်းတို့ထဲတွင် ဆိုက်ဘာအရာရှိလူငယ်လေးတစ်ဦးလည်း ပါဝင်သည်။ သူသည် သူ၏ စာပွဲခုံတွင် ထိုင်ရင်း ကွန်ပြူတာကို ငေးမောကြည့်နေပြီး မော်နီတာအကြီးကြီးကို လှမ်းမကြည့်ဝံ့ဘဲ ရှိနေခဲ့သည်။
ဒီညပြီးရင် ငါတို့တွေ ဘယ်တော့မှ ပြန်တွေ့ကြမှာ မဟုတ်တော့ဘူး။ အခုအချိန်ကစပြီး မင်းတို့နှစ်ယောက်စလုံး ကိုယ့်ဘဝကို အပြည့်အဝရှင်သန်ကြပါ။ ငါ့မှာ မင်းတို့ကို ပေးစရာ ဆုလာဘ်တွေ၊ ကျင့်စဉ်တွေ ဒါမှမဟုတ် ဆေးလုံးတွေ ဘာမှမရှိဘူး။ ဒါပေမဲ့ ငါ့ရဲ့ နောက်ဆုံးခရီးကို အတူတူလျှောက်လှမ်းပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်…
“အားကျန်း... မင်း ဘာလို့ငိုနေတာလဲ”
“ငိုလို့လား... ငါ မငိုပါဘူး...”လူငယ်အရာရှိလေးက ခပ်ဖွဖွရယ်မောလိုက်ပြီး သူ၏ ဦးထုပ်ကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။ မျက်ရည်များက သူ၏ ပါးပြင်ပေါ်သို့ အထိန်းကွပ်မဲ့စီးကျလာခဲ့သည်။
“အားကျန်း”
“ငါ အဆင်ပြေပါတယ်။ သန့်စင်ခန်း ခဏသွားမလို့။ ငါ့နေရာကို ခဏကြည့်ပေးထားပါဦး”
လူငယ်အရာရှိလေးသည် ဘေးရှိ တံခါးအသေးလေးဆီသို့ လျောက်သွားတော့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များလည်း အချင်းချင်းလှမ်းကြည့်လိုက်ကြသည်။ ၎င်းတို့ စိတ်ရှုပ်ထွေးသွားကြသော်လည်း ဘာမှတော့မပြောကြပေ။
သူက အချိန်ပိုအလုပ်လုပ်ရလွန်းလို့ ပင်ပန်းနေတာလည်း ဖြစ်နိုင်သည်…..
ရဲတပ်ဖွဲ့၏ စပိဘုတ်ပေါင်းများစွာက မြစ်ပြင်ပေါ်တွင် ပြည့်နှက်၍နေသည်။ တာအိုအကြီးအကဲ ၁၀ယောက်ကျော်က ရေပြင်ထက်တွင်လမ်းလျှောက်ရင်း ကျင့်ကြံသူများကို မြစ်ထဲမှဆွဲထုတ်ကာ ကမ်းခြေဆီသို့ ပစ်ချပေးနေကြသည်။ ထို့နောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းတိုးဝင်ကာ မည်သည့်ခုခံမှုမျှ မလုပ်နိုင်စေရန် လျင်မြန်စွာဖိနှိမ်လိုက်ကြသည်။
သို့သော်လည်း မြစ်ထဲရှိ ကျင့်ကြံသူများသည် မကြာမီမှာပင် ပြန်လည်တိုက်ခိုက်လာကြသည်။ ရေအောက်တွင် ငုပ်နေကြသော ကျွမ်းကျင်သူအများအပြားထဲမှ တစ်ဦးက တာအိုအကြီးအကဲတစ်ဦးကို တိုက်ခိုက်လိုက်ရာ ထိုအကြီးအကဲမှာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားရပြီး မြစ်ထဲသို့ကျလုမတတ်ဖြစ်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် မီတာအတော်များများ မြင့်မားပြီး ဆယ်မီတာခန့် ရှည်လျားသော ကြီးမားလှသည့် ရေတံတိုင်းကြီးများသည် မြစ်ပြင်မှနေ၍ ထိုးတက်လာခဲ့သည်။
ရေမျက်နှာပြင်ပေါ်တွင် ဆန်းကြယ်သောအစီအရင်များတောက်ပလာသည်။ မကြာမီမှာပင် သုံးပေခန့် ရှည်လျားသော ရေမြှားများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖုံးလွှမ်းကာ တာအိုအကြီးအကဲများအပေါ်သို့ မိုးရွာချသကဲ့သို့ ကျရောက်လာတော့သည်။
တာအိုအကြီးအကဲများသည် ကျွမ်းကျင်စွာပင် ခုခံကာကွယ်လိုက်ကြသည်။ လုံဟူရှန်းတောင်မှ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး ၎င်းတို့သည် ထိုတိုက်ခိုက်မှုကို ပေါ့ပါးစွာ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
အားနည်းသောလူများမှာမူ ဒဏ်ရာမရရှိစေရန် ကမ်းခြေသို့ ဆုတ်ခွာသွားကြရတော့သည်။
“အဲဒီရေအစီအရင်ကို ဖျက်ဆီးစမ်း”
လုံဟူရှန်းတောင်အကြီးအကဲများသည် ၎င်းတို့၏ ဝတ်ရုံစများကို ခါထုတ်လိုက်ပြီး သာမန်အဆောင်ရွက်အချို့ကို ရေတံတိုင်းများပေါ်သို့ ပစ်ပေါက်လိုက်ရာ ၎င်းတို့မှာ ချက်ချင်း ပြိုလဲသွားတော့သည်။ ရေစက်များနေရာအနှံ့ပန်းထွက်သွားစဉ်မှာပင် မြစ်ထဲမှ နောက်ထပ်ရေတံတိုင်းတစ်ခု ထပ်မံထိုးတက်လာပြန်သည်။ လူသန်ကြီးတစ်ဦးနှင့် သွယ်လျလှပသော အမျိုးသမီးတစ်ဦးတို့သည်လည်း ရေထဲမှ ခုန်ထွက်လာခဲ့ကြသည်။
ဘယ်ဘက်ရှိ နုပျိုလှပသော အမျိုးသမီးမှာမူ တာအိုအကြီးအကဲများကို ဟန့်တားရန် မန္တန်များကို ထုတ်ဖော်နေသူဖြစ်သည်။
ဒရုန်းဗီဒီယိုမှာ အနည်းငယ်ဝေဝါးနေသဖြင့် သူမ၏ တိကျသော အသက်အရွယ်ကို ပြောရန် ခက်ခဲလှသည်။ သူမသည် လက်ဟန်များကို လျင်မြန်စွာဖွဲ့စည်းလိုက်သည်။ မကြာမီမှာပင် သူမ၏ ရှေးဟောင်းဝတ်ရုံသည် အစိမ်းရောင်အလင်းများတောက်ပလာပြီး မြစ်ထဲမှ ရေနဂါးပေါင်းများစွာ ထိုးထွက်လာတော့သည်။
ကွပ်ကဲစင်တာအတွင်းမှ တစ်ယောက်က ချက်ချင်း အော်လိုက်သည်၊၊
“အဲ့ဒီနှစ်ယောက်က နတ်ဘုရားငါးပါးဂိုဏ်းရဲ့ ရေနတ်ဘုရားနဲ့ သံမဏိနတ်ဘုရားပဲ”
ရေနဂါးများသည် ဟိန်းဟောက်ကာ တာအိုအကြီးအကဲအချို့ကို ချက်ချင်းဝါးမြိုပစ်လိုက်သည်။ သို့သော်လည်း တာအိုအကြီးအကဲများသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ကြသူများဖြစ်သလို လောကအနှံ့ခရီးဆန့်ခဲ့ကြသူများလည်းဖြစ်သဖြင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိပ်တန်းအဆင့်တွင်ရှိသည်၊၊
မော်နီတာကြီးပေါ်က ရုပ်သံထဲတွင် အဆောင်များမှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး နတ်ဘုရားအလင်းများတောက်ပလျက်ရှိကာ လေဆင်နှာမောင်းများသည် မြစ်ပြင်ကို ဖြတ်သန်းတိုက်ခိုက်နေသည်။ အနီရောင်ခြေသည်းများရှိသည့် ကြိုးကြာငှက်ဝိညာဉ်အနည်းငယ်သည် ပျံသန်းရင်း ရေနဂါးများကို ဆွဲဖြဲပစ်လိုက်ကြသည်။ ထို့အပြင် ကမ်းခြေသို့ ဆုတ်ခွာသွားခဲ့ကြသော တာအိုအကြီးအကဲများသည်လည်း တိုက်ပွဲထဲသို့ ပြန်လည်ဝင်ရောက်လာကြပြီး ရေနတ်ဘုရားကို ဦးတည်တိုက်ခိုက်လိုက်ကြသည်။
ဝမ်ရှန်းသည် စောင့်ကြည့်မျက်နှာပြင်တွင် ကျင်းယွမ်ကိုလည်း လှမ်းမြင်လိုက်ရသည်။ သူမသည် ပျံသန်းနေသော နတ်ဘုရားမတစ်ပါးကဲ့သို့ လှပလွန်းလှသည်။ သူ ချွေးအေးများ ထွက်လာခဲ့မိသော်လည်း သူမ ထုတ်ဖော်လိုက်သော ပညာရပ်များက သူ့ကို အံ့အားလေးစားစေခဲ့သည်။
ဒါက ကျင်းယွမ်အတွက် ဒုတိယအကြိမ်မြောက်တိုက်ပွဲဖြစ်နိုင်သော်လည်း သူမ၏ ကနဦးအတွေ့အကြုံမရှိမှုများနှင့် နှိုင်းယှဉ်လျှင် ယခုအခါ သူမသည် လုံးဝပေါ့ပေါးစွာ လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။ ကျင်းယွမ်က ကျောက်စိမ်းမိန်းမပျိုဓားသိုင်း၏ နည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်ရာ တောက်ပသောအဖြူရောင်ဓားချီအလင်းတန်းများသည် လေထုကို ဖြတ်သန်းသွားသည်။ ၎င်းတို့သည် ရေတံတိုင်းကို ပြင်းထန်သောစွမ်းအားဖြင့် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီး ရေနတ်ဘုရားရှိရာသို့ တည့်တည့်ပျံသန်းသွားခဲ့သည်။
ထိုစဉ် ရေနတ်ဘုရား၏ဘေးရှိ ရှစ်ပေခန့်မြင့်မားသော လူသန်ကြီးက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်များတောက်ပလာပြီး ရှေ့သို့တိုးကာ ရေနတ်ဘုရား၏ ရှေ့တွင် သံမဏိရောင် ချီအကာအကွယ်တစ်ခုဖြင့် ဓားချီများကို တားဆီးလိုက်သည်၊၊
Chapter 126
ပိုက်ကွန်ဆွဲတင်ခြင်း
ဝမ်ရှန်းသည် မြစ်ပြင်ကျယ်ပေါ်တွင် အကြိတ်အနယ်တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို အားမလိုအားမရဖြစ်စွာငေးကြည့်နေမိ၏။ အကယ်၍ သူ့လက်ထဲတွင် ဓားရှည်တစ်လက်ရှိပြီး အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကိုသာရောက်ရှိထားပါက ထိုသူများနှင့် သူ၏ဓားလမ်းစဉ်ကို စမ်းသပ်ယှဉ်ပြိုင်ကြည့်ချင်လှသည်။ သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ လောလောဆယ်တွင် သူ့၏ကျင့်ကြံခြင်းအဆင့်က နိမ့်ကျနေသေးသည့်အပြင် ခြေထောက်ကလည်းကျိုးနေပြီး သင့်တော်သည့်လက်နက်တစ်ခုပင် လက်ထဲတွင်မရှိသေးချေ။
မြစ်ရေထဲတွင် အနည်းဆုံး ကျင့်ကြံသူ ၂၀၀၊ ၃၀၀ခန့်ရှိနေပြီး အားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်း သို့မဟုတ် ထိုထက်မြင့်သော အဆင့်များဖြစ်ကြသည်။ မြစ်ပြင်ပေါ်မှ ရုန်းရင်းဆန်ခတ်တိုက်ပွဲက ပိုမိုပြင်းထန်လာသဖြင့် ကောင်းကင်သခင်လျှို့ဝှက်ကျမ်းစာ ပထမတွဲနှင့် ဒုတိယတွဲတို့သည် ထိုနေရာတွင် တကယ်ပင် ဝှက်ထားသည်ဟု ကျင့်ကြံသူများလည်း ပို၍ယုံကြည်သွားကြသည်။
ကောင်းချန်ရှင်းက သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း အာဏာပိုင်များအနေဖြင့် သူချန်ထားခဲ့သည့်ရှုပ်ထွေးမှုများကို ရှင်းလင်းရဦးမည်ဖြစ်သည်။
ကျင့်ကြံခြင်းလောကအပေါ် ထားရှိသည့် လက်ရှိအစိုးရ၏မူဝါဒမှာ အဓိကအားဖြင့် လိုက်လျောညီထွေစွာသည်းခံခြင်းဖြစ်သည်ဟု ဝမ်ရှန်း အကြမ်းဖျင်းခန့်မှန်းမိသည်။ ထို့ပြင် ဟန့်တားအကျပ်ကိုင်ခြင်း၊ လမ်းမှန်တာအိုကျင့်ကြံသူများကိုစည်းရုံးခြင်းနှင့် မိစ္ဆာကျင့်ကြံသူများကိုနှိမ်နင်းခြင်းတို့ဖြင့်လည်း ဖြည့်စွက်ထားသည်။
“ငါတို့ ရဟတ်ယာဉ်တွေကို မြစ်ပေါ်ကနေ ‘မီးတောက်သူတော်စင် သေပြီ။ လေလံပွဲက အလိမ်အညာပဲ’ ဆိုပြီး အလှည့်ကျကြေညာခိုင်းလိုက်ပါ”
ချီလင်းက အမိန့်ပေးလိုက်ရာ ဝမ်ရှန်း၏ အတွေးအတော်များများကို အတည်ပြုပေးသလိုဖြစ်သွားသည်။
“ကမ်းပါးနှစ်ဖက်လုံးမှာရှိတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကိုလည်း ကျင့်ကြံသူအားလုံးကို ဖမ်းဆီးဖို့ အကြောင်းကြားလိုက်… သူတို့က လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ဂရုစိုက်နေစရာမလိုတော့ဘူး”
“မြို့ထဲက ကျင့်ကြံသူတွေကိုလည်း စောင့်ကြည့်ခိုင်းထား… ရန်ဖြစ်တာ ဒါမှမဟုတ် ဆူပူသောင်းကျန်းတာတွေ့ရင် လိုအပ်သလိုဖမ်းဆီးချုပ်နှောင်ထားလိုက်…. အားလုံးပဲ... ငါတို့ Plan C ကို စတင်ပါပြီ။ အထူးခုံရုံးအဖွဲ့ကို ညတွင်းချင်းဖွဲ့စည်းပေးဖို့ တရားရေးဌာနကို တောင်းဆိုလိုက်ပါ။ ဒီညလူသတ်တဲ့ ဒါမှမဟုတ် လူကိုဒဏ်ရာရအောင်လုပ်တဲ့ ဘယ်ကျင့်ကြံသူမဆို တရားဥပဒေလက်လှမ်းမမီဘဲ ထွက်ပြေးလို့ရမှာမဟုတ်ဘူး”
ချီလင်း၏အမိန့်များကို လျင်မြန်စွာအကောင်အထည်ဖော်လိုက်ကြသည်။ တစ်မိနစ်၊ နှစ်မိနစ်အတွင်းမှာပင် တာ့ကျန်းမြစ်ပေါ်တွင် ဝဲပျံနေသော ရဟတ်ယာဉ်များက “မီးတောက်သူတော်စင် သေဆုံးသွားပါပြီ။ လေလံပွဲက အလိမ်အညာဖြစ်ပါတယ်” ဟု စတင်ကြေညာတော့သည်။
အကြိတ်အနယ်တိုက်ခိုက်နေကြသည့် လမ်းမှန်ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် တိုက်ပွဲကိုရပ်ကာ နောက်ဆုတ်သွားကြသည်။
လုံဟူရှန်းတောင်မှ အကြီးအကဲများက ဇဝေဇဝါဖြစ်နေကြသော်လည်း နတ်ဘုရားငါးပါးဂိုဏ်းမှ နတ်ဘုရားနှစ်ပါးအပါအဝင် မိစ္ဆာတာအိုပညာရှင်များသည် မြစ်ထဲသို့ လျင်မြန်စွာ ပြန်လည်ငုပ်လျှိုးသွားကြသည်။
“တာအိုရောင်းရင်းတို့... လောလောဆယ် ကမ်းပေါ်ကို ပြန်ဆုတ်ကြရအောင်။ ဘာတွေဖြစ်နေလဲဆိုတာ ငါစုံစမ်းကြည့်ပါရစေဦး”
လုံဟူရှန်းတောင်မှ အကြီးအကဲတစ်ဦးက ညွှန်ကြားလိုက်သည်။
ကျင်းယွမ်နှင့် တာအိုအကြီးအကဲ တစ်ဒါဇင်ကျော်တို့သည် ရေပြင်ပေါ်တွင် အထင်ကြီးဖွယ်လမ်းလျှောက်လျက် ကမ်းခြေသို့ ဦးတည်လာကြသည်။ ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများသည် ပျံသန်းနိုင်ခြင်းမရှိသေးသော်လည်း ရေပေါ်လမ်းလျှောက်ခြင်း သို့မဟုတ် လေထဲတွင် ခဏတာပျံခြင်းတို့ကိုမူ အလွယ်တကူပြုလုပ်နိုင်ကြသည်။
မြစ်ပြင်ပေါ်မှ တိုက်ပွဲရပ်တန့်သွားသည်နှင့် ရေထဲမှ ရုန်းရင်းဆန်းခတ်မှုများကလည်း ပြောင်းလဲသွားသည်။ အချို့ကျင့်ကြံသူများ သတိဝင်လာပြီး နောက်ဆုတ်ရန်ပြင်ကြသော်လည်း ကမ်းပေါ်သို့ ပထမဆုံးပြေးတက်လာသည့် လူသုံးဆယ်ခန့်ရှိသောအုပ်စုသည် ရှုပ်ယှက်နေသောသံကြိုးများဖြင့် ချက်ချင်းဖမ်းဆီးခြင်းခံလိုက်ရသည်။
ကမ်းပေါ်သို့ တက်လုဆဲဆဲဖြစ်နေသော ကျင့်ကြံသူများသည် ခြေလှမ်းများကို လျင်မြန်စွာနောက်ဆုတ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေကြသည်။
“အစိုးရတပ်ဖွဲ့တွေ အနားမှာ ရှိနေတယ်”
“ဒါ ရဲတွေရဲ့ အကွက်ချထောင်ချောက်ဆင်ထားတာပဲ။ ငါတို့အားလုံးကို တစ်ပြိုင်နက်တည်းဖမ်းဖို့ ဒီကိုမျှားခေါ်လာတာဟ”
အခြေအနေမဟန်မှန်းသိလိုက်ရသဖြင့် ကျင့်ကြံသူအများအပြားသည် လာရာလမ်းအတိုင်း ပြန်ရန် မြစ်ညာဘက်သို့ ဆုတ်ခွာသွားကြသည်။ သို့သော်လည်း မြစ်ကြောင်းကို ပိတ်ဆို့ထားသည့် အမြန်ရေယာဉ်များကို မကြာမီတွေ့လိုက်ရပြီး ထိုလှေများပေါ်တွင် သံမဏိမျှော်စင်ကြီးများကဲ့သို့ လူသန်ကြီးများရှိနေကြ၏။ ကျင့်ကြံသူများက အတင်းတိုးဝှေ့ဖြတ်သန်းရန် ကြိုးစားသော်လည်း လေးလံသောသံကြိုးကြီးများဖြင့် ရေထဲသို့ လျင်မြန်စွာ ပစ်ချခံလိုက်ရသဖြင့် ဖောက်ထွက်ရန်ခက်ခဲသောအစီအရင်တစ်ခုဖြစ်သွားတော့သည်။
“မြစ်အောက်ဘက်ကို သွားကြရအောင်။ ဒီည ငါတို့ ဘာမှလည်းမရခဲ့ဘူး။ အဖမ်းတော့မခံနိုင်ဘူး”
ထိုအတောအတွင်း ချီလင်းသည် စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထိန်းလိုက်ပြီး ဖရိုဖရဲဖြစ်နေသည့်ကြားမှ အမိန့်များကို တည်ငြိမ်စွာထုတ်ပြန်နေသည်၊၊ တဖြည်းဖြည်းနှင့် တိုက်ပွဲမြေပြင်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြစ်ကြောင်းကိုလည်း လွတ်မြောက်ရန်လမ်းမရှိသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ပိတ်ဆို့လိုက်နိုင်သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ထိုဧရိယာကို လုံးဝဝိုင်းရံထားပြီးဖြစ်သည်။ ထွက်ပြေးရန်ကြိုးစားနေသည့် လမ်းမှန်ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများကို ချက်ချင်းဖမ်းဆီးလိုက်ကြသည်။
သို့သော်လည်း ဝမ်ရှန်း၏ မျက်နှာအမူအရာက ပိုမိုလေးနက်လာသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လုံခြုံရေးအတွက် သူ မစိုးရိမ်ဘဲမနေနိုင်ခဲ့ချေ။ ၎င်းတို့၏ ပျမ်းမျှကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မျှသာဖြစ်ပြီး ၎င်းမှာ တာအိုဂိုဏ်းများ၏ တတိယမျိုးဆက်တပည့်များကြားတွင် အလယ်အလတ်အဆင့်သာရှိသည်။
အစီအရင်များနှင့် သံကြိုးများကိုအားကိုးခြင်းဖြင့် သာမန်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများကို အလွယ်တကူကိုင်တွယ်နိုင်သော်လည်း အစွမ်းထက်သောမိစ္ဆာကျင့်ကြံသူအနည်းငယ်သည် ရေထဲတွင်ရှိနေဆဲဖြစ်ပြီး ထိုအထဲတွင် ပုံရိပ်ယောင်အမြုတေအဆင့် ၂ ဦး သို့မဟုတ် ၃ ဦးခန့် ပါဝင်နိုင်သည်။ အကယ်၍ ထိုသူများက ကမ်းပေါ်သို့ အတင်းဖောက်ထွက်ရန်ကြိုးစားပါက အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တားဆီးနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါက သေကြေဒဏ်ရာရမှုများ သေချာပေါက်ရှိလာလိမ့်မည်။
ဝမ်ရှန်းလည်း ချီလင်းကို လှမ်းကြည့်လိုက်ရာ သူမသည် ဓာတ်ခွဲခန်းဝတ်စုံအဖြူရောင်ဝတ်ဆင်ထားသော သက်ကြီးပိုင်းအမျိုးသားနှစ်ဦးနှင့် စကားပြောနေသည်ကို တွေ့ရသည်။ သူ့၏ ဝိညာဥ်အသိစိတ်ကို ဖြန့်ကျက်ပြီး ၎င်းတို့၏ စကားဝိုင်းကို ခိုးနားထောင်လိုက်သည်။
“စက်တွေကို ချိန်ညှိပြီးပြီလား။ ယန္တရားရဲ့ ပြင်းအားကို ထိန်းချုပ်လို့ရလား” ချီလင်းက မေးလိုက်သည်။
“အဆင်သင့်ပဲ။ ဒီကျင့်ကြံသူတွေကို သင်ခန်းစာတစ်ခုပေးရမယ့်အချိန် ရောက်ပြီ” လူကြီးတစ်ဦးက ပြန်ဖြေသည်။
“ကောင်းပြီ။ ရှင့်လူတွေကို အသင့်အနေအထားမှာ ရှိနေစေချင်တယ်။ ကျွန်မတို့ရဲ့ မူဝါဒက အရင်ဖမ်းဆီးပြီးမှ နောက်မှ တရားစီရင်ဖို့ပဲ။ ဒါပေမဲ့ တိုက်ပွဲထဲမှာတော့ အထိအခိုက်ရှိတာကတော့ ရှောင်လွှဲလို့မရဘူး”
“နားလည်ပါပြီ။ မြစ်အောက်ဘက်က စစ်သည်တွေကို အရင်ဆုတ်ခွာခိုင်းလိုက်ပါမယ်။ သက်ရောက်မှုရှိမယ့် ဧရိယာက အနည်းဆုံး ၃ကီလိုမီတာကနေ ၄ကီလိုမီတာလောက်ရှိလိမ့်မယ်”
ချီလင်းက အသာအယာခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးတွင် စောင့်ဆိုင်းနေသော အမျိုးသမီးငယ်နှစ်ဦးဘက်သို့ လှည့်ကာ “အဲဒီပညာရှင်တွေကို အစွမ်းထက်တဲ့ မိစ္ဆာကျင့်ကြံသူတွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ပြောလိုက်ပါ။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိစေနဲ့”
ဝမ်ရှန်းလည်း သူတို့ပြောနေသော စက်ပစ္စည်းအကြောင်းကို စူးစမ်းချင်စိတ် ဖြစ်ဘဲမနေနိုင်ခဲ့ပေ။
“အဲဒီလူတွေက သုတေသနအဖွဲ့က သုတေသီတွေလေ” မုရွှယ်က ခပ်တိုးတိုးပြောလိုက်သည်။
ဝမ်ရှန်းလည်း မော်နီတာကိုကြည့်ရင်း ခေါင်းညိတ်လိုက်ရင်း မကြာမီမှာပင် အဖြေကို သိလိုက်ရသည်။
ကင်းလှည့်ယာဥ်နှစ်စင်းသည် မြစ်ပြင်ပေါ်ရှိသတ်မှတ်နေရာသို့ ရောက်ရှိလာပြီး စည်ပိုင်းကဲ့သို့ကြီးမားသော စက်ပစ္စည်းနှစ်ခုကို ရေထဲသို့ ချလိုက်ကြသည်။
ဆိုနာလား။
မြစ်အောက်ဘက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည် ကမ်းပေါ်သို့ လျင်မြန်စွာဆုတ်ခွာပြီး နည်းဗျူဟာမြောက်ဟဲလ်မက်များကို ဆောင်းလိုက်ကြသည်။ မြစ်ပေါ်တွင် ဝဲပျံနေသော ရဟတ်ယာဉ်များလည်း နောက်ဆုတ်သွားကြသည်။
ကမ်းပါးနှစ်ဖက်လုံးမှ အစိမ်းရောင်အချက်ပြမီးကျည်များတက်လာသည်နှင့် ကင်းလှည့်ယာဥ်ပေါ်ရှိ သုတေသီများသည် ရေအောက်စက်ပစ္စည်းများကို စတင် အသက်သွင်းလိုက်ကြသည်။ မြစ်ရေများသည် တုန်ခါသွားပြီး ဗဟိုချက်တစ်ခုတည်းမှ လှိုင်းဝိုင်းများကဲ့သို့ ရိုက်ခတ်သွားတော့သည်။
ကွပ်ကဲမှုဗဟိုဌာနအတွင်း၌ ရေအောက်အသံဖမ်းစက်မှတစ်ဆင့် ပြန်လည်ကြားရသောအသံမှာ အလွန်ပင်စူးရှလှသဖြင့် ဝန်ထမ်းအများအပြားသည် ရင်ဘတ်ကိုဖိကာ အော့အန်လုမတတ် ဖြစ်သွားကြသည်။
ဒီအသံက... ပဲထိန်းကြိမ်နှုန်းနိမ့်အသံလှိုင်းလက်နက်လား။
ဝမ်ရှန်း၏ တာအိုနှလုံးသားပင်လျှင် အနည်းငယ်တုန်လှုပ်သွားရသည်။
ဝန်ထမ်းများသည် အသံလိုင်းကို လျင်မြန်စွာ ဖြတ်တောက်လိုက်ကြသည်။ ထို့နောက်တွင်တော့ အဓိကမျက်နှာပြင်ပေါ်ရှိ မြင်ကွင်းသည် ဝရုန်းသုန်းကားဖြစ်သွားတော့သည်။
ရေထဲမှ လူရိပ်များသည် ရုတ်တရက်ပေါ်ထွက်လာပြီး ကမ်းခြေဆီသို့ အလုအယက်ပြေးတက်လာကြ၏။ ကုန်းပေါ်တွင် သံကြိုးများက စောင့်ကြိုနေမည်ဖြစ်သော်လည်း ရေနစ်သေရသည်ထက်စာလျှင် ပို၍ သာလွန်ပေသည်။
ကျင့်ကြံသူအများအပြားသည် ရေပေါ်သို့ ပေါ်လာချိန်တွင် ဒွာရခုနစ်ပေါက်မှ သွေးများထွက်နေပြီး ခြေပစ်လက်ပစ်ဖြစ်ကာ ကမ်းခြေပေါ်သို့လဲကျသွားကြသည်။ အချို့မှာ ရေထဲမှပင် မထွက်နိုင်တော့ဘဲ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မြစ်အောက်ခြေသို့ ပို၍နစ်မြုပ်သွားကြသည်။
မိစ္ဆာကျင့်ကြံသူများသည် ကုန်းပေါ်သို့ရောက်သည်နှင့် အဖမ်းခံရပါက ဆိုးရွားသောကံကြမ္မာနှင့်ရင်ဆိုင်ရမည်ကိုသိသဖြင့် အသေအလဲတိုက်ခိုက်ကြသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပထမကာကွယ်ရေးလိုင်းကို ဖောက်ထွက်နိုင်ခဲ့လျှင်ပင် ပို၍ထူထပ်သော ဓားအစီအရင်အထပ်ထပ်က စောင့်ကြိုနေဆဲဖြစ်သည်။ ထိုအပြင်ဘက်တွင်လည်း တပ်ဆင်ထားသော ပြင်းအားမြင့်စနိုက်ပါရိုင်ဖယ်များနှင့် ရဲအရာရှိများက အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။
ဝမ်ရှန်း ဝှီးချဲပေါ်တွင်ထိုင်ရင်း မော်နီတာပေါ်မှ ရုန်းရင်းဆန်းခတ်မှုများကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ တစ်စုံတစ်ခုသောအကြောင်းပြချက်ကြောင့် သူ၏ခြေထောက်များကျိုးနေခြင်းကပင် သူ့အား ထူးဆန်းသောလုံခြုံမှုမျိုးကို ပေးစွမ်းနေသကဲ့သို့ခံစားရသည်။
မနက်အစောပိုင်း ၂နာရီခန့်တွင် မြို့ကြီးသည် တိတ်ဆိတ်သွားပြီး ပုံမှန်ထက်ပင် ပိုမိုငြိမ်သက်သွားခဲ့သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် မြစ်ကမ်းဘေးတစ်လျှောက်တွင် ကျင့်ကြံသူ ၆၀၀ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ချီစုစည်းခြင်းအဆင့် ၁၅ ဦး၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ၃၂၁ ဦးနှင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂၉၇ ဦး ဖြစ်ကြသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ၂၀ခန့်မှာမူ လွတ်မြောက်သွားခဲ့သည်။ ပုံရိပ်ယောင်အမြုတေအဆင့်များထဲမှလည်း တစ်ဦးမျှ အဖမ်းမခံခဲ့ရပေ။ ထိုအဆင့်ရှိသူများသည် ပဲ့ထိန်းကြိမ်နှုန်းနိမ့်အသံလှိုင်းလက်နက်ကို ခုခံနိုင်သည့်နည်းလမ်းများရှိနေကြပြီဖြစ်သဖြင့် မြစ်ညာဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိခဲ့ချေ။ ၎င်းမှာ တစ်ဖက်သတ်နှိမ်နင်းမှုတစ်ခုပင်ဖြစ်သည်။ ကျင့်ကြံသူများထံမှ အကြီးအကျယ်ခုခံမှုကို မရင်ဆိုင်ခဲ့ရသော်လည်း ဤညသည် စနစ်တကျဖွဲ့စည်းထားသော ကျင့်ကြံသူစစ်တပ်၏ အစောပိုင်းဟန့်တားနိုင်စွမ်းကို သက်သေပြနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူ ၆၀၀ ထဲတွင် ငါးပုံတစ်ပုံခန့်မှာ ဆိုးသွမ်းသူများဖြစ်ကြသည်။ အချို့ဆိုလျှင် ကြီးလေးသော ရာဇဝတ်မှုမှတ်တမ်းများပင်ရှိကြသည်။ အများစုမှာ ဂိုဏ်းဂဏမရှိသည့် လေလွင့်ကျင့်ကြံသူများဖြစ်ကြသော်လည်း တာအိုဂိုဏ်းများမှ တပည့်အရေအတွက်မှာလည်း မနည်းလှပေ။
ဟွာသမ္မတနိုင်ငံ၏ ကျယ်ပြောလှသော မြေပြင်နှင့်အရင်းအမြစ်များကြားတွင် စည်းမဲ့ကမ်းမဲ့ဖြစ်နေသော မိစ္ဆာကျင့်ကြံသူများသောင်းကျန်းနေသော်လည်း ယခုည၏ ရလဒ်မှာမူ အထင်ကြီးလောက်စရာအောင်ပွဲတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အလုပ်များတကယ်မစတင်မီ နာရီအနည်းငယ်မျှသာအနားယူခွင့်ရခဲ့သည်။ ၎င်းတို့တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်ရှိပြီး အင်တာနက်ပေါ်တွင် ကျင့်ကြံခြင်းနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့မသွားစေရန် အရေးပေါ်အစီအမံများကို ချမှတ်ရဦးမည်ဖြစ်သည်။
မီးသူတော်စင် မသေဆုံးမီကပင် ဟွာသမ္မတနိုင်ငံ၏ အင်တာနက်ပေါ်တွင် ကျင့်စဥ်များပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အများပြည်သူသုံးလူမှုကွန်ရက်စာမျက်နှာများ၌ ပေါ်လာသည်နှင့် သုံးမိနစ်အတွင်း ထိုစာမျက်နှာများကို ဖြုတ်ချလိုက်ကြသည်။
တစ်နိုင်ငံလုံးရှိ ဥပဒေစိုးမိုးရေးအေဂျင်စီများသည် အခြေအနေကို စောင့်ကြည့်ထိန်းချုပ်ရန် အထူးအဖွဲ့များကို လျင်မြန်စွာဖွဲ့စည်းခဲ့ကြပြီး ဒစ်ဂျစ်တယ်ရေကာတာတစ်ခု တည်ဆောက်ရန် ညတွင်းချင်းအလုပ်လုပ်ခဲ့ကြသည်။ ယခုအချိန်တွင် မိစ္ဆာကျင့်ကြံသူများက အကြီးအကျယ်ပေါက်ကြားအောင်လုပ်ရန်ကြိုးစားလျှင်ပင် အေဂျင်စီများက ၎င်းကို ပိတ်ဆို့ရန် အစွမ်းကုန်ပြင်ဆင်ထားကြပြီ ဖြစ်သည်။
သို့သော်လည်း အင်တာနက်သည် ကျယ်ပြောလှပြီး ၎င်းတို့ ချက်ချင်းမထိန်းချုပ်နိုင်သည့် လျှို့ဝှက်ဟာကွက်များရှိနေဆဲဖြစ်သည်။ တိုက်ပွဲဗီဒီယိုများပျံ့နှံ့သွားသည်နှင့်အမျှ အခွင့်အရေးသမားများသည် အာရုံစိုက်မှုရရန် ထိုအခြေအနေကို စတင်အသုံးချနေကြပြီဖြစ်သည်။
မီးသူတော်စင်၏ ရန်ပုံငွေများသည် ထာဝရတည်တံ့မည်မဟုတ်သော်လည်း သူကြဲပက်ခဲ့သည့် မီးလျှံမျိုးစေ့များကတော့ ဆက်လက်ရှင်သန်နေဦးမည်ဖြစ်သည်။ တစ်စေ့မျှ ကျန်ရှိနေသရွေ့ အာဏာပိုင်များဘက်မှ ပေါ့လျော့လိုက်သည်နှင့် ၎င်းတို့သည် တစ်ဖန်ပြန်၍ ပြန့်ပွားလာလိမ့်မည်။
ဝမ်ရှန်းသည် ထိုအကြောင်းကို အခြားသူများထက် ပိုမိုနားလည်သည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း တစ်ချိန်က အသက်၃၀ကျော်အရွယ်အထိ အင်တာနက်ပေါ်မှ ကျင့်စဉ်များကိုဝယ်ယူကာ ကျင့်ကြံခြင်းကို အားကိုးခဲ့ရပြီး သူ၏ နည်းပါးလှသောဝင်ငွေများမှာ ထိုနေရာတွင်အများဆုံးကုန်ဆုံးခဲ့ပေသည်၊၊