← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

Chapter 127

လေ့လာရေးခရီး

အမြတ်အစွန်းရှိနေသရွေ့ ထိုအခြေအနေကို အသုံးချမည့်သူများ အမြဲရှိနေမည်သာဖြစ်သည်။ ထိုသို့သောလူများသည် ငွေအတွက်ဆိုလျှင် ဘာမဆိုလုပ်ရန်အသင့်ရှိကြသဖြင့် ၎င်းတို့ကို လုံးဝအမြစ်ပြတ်အောင် ချေမှုန်းရန်မှာ မဖြစ်နိုင်ပေ။

ချီလင်းသည်လည်း ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းသိရှိပုံရသည်။ အကြောင်းမှာ သူမ၏ ရည်မှန်းချက်သည် လုံးဝဥဿုံပိတ်ဆို့ထားရန်မဟုတ်ဘဲ ကျင့်ကြံခြင်းနည်းစနစ်များကို ထိန်းချုပ်မရအောင်ပျံ့နှံ့မသွားစေရန် တားဆီးဖို့ဖြစ်ပြီး ဟွာသမ္မတနိုင်ငံအတွက် ပြင်ဆင်ရန်နှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် အချိန်ပိုရစေချင်ရုံသာဖြစ်သည်။

လူဦးရေ သန်း ၁၀၀၀ကျော်ရှိသော နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရသည်မှာ ညတွင်းချင်းလုပ်ဆောင်နိုင်သည့် လွယ်ကူသောအလုပ်မဟုတ်ပေ။ ထို့ကြောင့် ရှေးဟောင်းအိန္ဒိယနိုင်ငံတွင် ရာဇဝတ်မှုနှုန်းများမြင့်တက်လာပြီး ဖရိုဖရဲဖြစ်ခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ဗုဒ္ဓဘာသာ၏ အမြစ်တွယ်ရာမြေဖြစ်သောကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူအရေအတွက်က အလွန်များပြားလှသဖြင့် အစိုးရပိုင်းမှာ လုံးဝရပ်ဆိုင်းလုမတတ်ဖြစ်ခဲ့ရသည်။ သည်းခံခြင်း၊ ဆင်းရဲဒုက္ခနှင့် နောင်ဘဝတွင် ပျော်ရွှင်ရမည်ဟူသော ကတိစကားများကိုဟောကြားသည့် ဆရာတော်ကြီးများသည် နိုင်ငံအပေါ် အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။

မိုးလင်းခါနီးတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့သည် ဖမ်းဆီးရမိထားသော ကျင့်ကြံသူများကို စောင့်ကြပ်ရန် တပ်ဖွဲ့အင်အားအမြောက်အမြားကို ချန်ထားခဲ့ပြီး ပင်မတပ်ဖွဲ့များမှာမူ မြို့ထဲမှထွက်ခွာကာ ၎င်းတို့၏ မူလစခန်းများသို့ ပြန်သွားကြပြီ ဖြစ်သည်။

လုံဟူရှန်းတောင်မှ တပည့်များသည်လည်း မနေ့ညကပင်ထွက်ခွာသွားကြပြီ ဖြစ်သည်။ ၎င်းတို့ဂိုဏ်း၏ ကျင့်စဉ်များပေါက်ကြားသွားခဲ့သဖြင့် ထိုကျင့်စဉ်များကို ဝယ်ယူခဲ့သူများနောက်သို့ လိုက်လံဖမ်းဆီးရန်အတွက် လမ်းခွဲထွက်ခဲ့ကြရသည်။

ကွပ်ကဲမှုဗဟိုဌာနအတွင်းသို့ နံနက်ခင်းအလင်းရောင်များ ကျရောက်လာချိန်တွင် မုရွှယ်သည် အခန်းထောင့်တစ်ခု၌ တရားထိုင်နေသော ဝမ်ရှန်းကို အသာအယာလှုပ်နှိုးလိုက်သည်။ သူမသည် မနက်စာယူဆောင်လာခဲ့ပြီး သူမနှင့် အခြားအမျိုးသမီးများနှင့်အတူ မနက်စာစားရန် သူ့ကို ဖိတ်ခေါ်လိုက်သည်။

ဝမ်ရှန်းက ယဉ်ကျေးစွာငြင်းပယ်လိုက်ပြီး အပြင်ထွက်ကာ လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ ဝှီးချဲကို စတင်ရွှေ့လိုက်စဉ်မှာပင် နောက်မှတစ်စုံတစ်ယောက်က လှမ်းခေါ်သံကိုကြားလိုက်ရသည်။

“ဖေးယွီ... ဘယ်သွားမလို့လဲ” ချီလင်းက လှမ်းမေးလိုက်သည်၊၊ သူမ၏ လေသံတွင် အလွန်အမင်းပင်ပန်းနွမ်းနယ်နေမှုများ ပါဝင်နေသည်။

“ငါ တွန်းပေးမယ်လေ။ သန့်စင်ခန်းသွားမလို့လား”

“ရပါတယ်... ကျွန်တော့်ဘာသာ သွားနိုင်ပါတယ်။ ဆရာကတော် တစ်ညလုံးအလုပ်ရှုပ်ထားတာပဲ။ နားလိုက်ပါဦး ဆရာကတော်”

“ရပါတယ်။ ငါ နောက်ထပ်အစည်းအဝေး တစ်ခု၊ နှစ်ခုလောက်ပဲ ရှိတော့တာ။ ပြီးရင် အိပ်လို့ရပြီ”

ချီလင်းက နွမ်းလျစွာပြုံးလျက် ပြန်ဖြေသည်။ သူမသည် သူ့ဝှီးချဲကို တံခါးဝဆီသို့ တွန်းပေးလိုက်ရာ အမျိုးသမီးဝန်ထမ်းနှစ်ဦးက ရှေ့မှ အပြေးအလွှားသွား၍ တံခါးကို ဖွင့်ပေးကြသည်။

ဝမ်ရှန်းက ပြုံးပြီး ၎င်းတို့ကို ကျေးဇူးတင်လိုက်သည်။ ဗဟိုကွပ်ကဲမှုအခန်းအတွင်းရှိ လူပေါင်းဒါဇင်ကျော်၏ အားကျသောအကြည့်များအောက်တွင် ချီလင်းသည် သူ့ကို နေရောင်ခြည်လင်းထိန်နေသော စင်္ကြံလမ်းဆီသို့ ဝှီးချဲကို တွန်းထုတ်သွားခဲ့သည်၊၊

ချီလင်းက လက်ပိုက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ပန်းခင်းများကို ငေးကြည့်နေမိသည်။

“ဝမ်လေးက မင်းကို ဒုက္ခပေးသေးလား”

“မပေးပါဘူး... ကျွန်တော်တို့ ဂျူနီယာညီမလေးက လိမ္မာပါတယ်။ ဒါပေမယ့် တောင်ပေါ်ဘဝက ခက်ခဲတယ်လေ” ဝမ်ရှန်းက ပြောလိုက်သည်။

“သူမက လောလောဆယ် ကျုံးနန်တောင်ပေါ်မှာ ကျွန်တော့်ရဲ့ စီနီယာအစ်မနဲ့အတူ နေနေပါတယ်။ ကျွန်တော်တို့ဆရာ ကျင့်ကြံခြင်းကထွက်လာတာကို စောင့်နေတာပါ”

“ငါ သိပါတယ်”

ချီလင်းက ညည်းတွားသလို သက်ပြင်းချလိုက်သည်။

“ငါ... မင်းဆရာကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိဘူး ဖြစ်နေတယ်”

ဝမ်ရှန်း မျက်တောင်ခတ်လိုက်မိသည်။

“ဆရာက ဆရာကတော်နဲ့ သူ့သမီးအပေါ် အများကြီးအပြစ်မကင်းသလို ခံစားနေရတာပါ”

“ငါ သူ့ရဲ့ အပြစ်မကင်းတဲ့စိတ်ကို မလိုချင်ဘူး”

ချီလင်းက ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် ခေါင်းကိုခါယမ်းကာ အနည်းငယ်စိတ်မသက်မသာဖြစ်နေသော ဝမ်ရှန်းကို ကြည့်ပြီး ပြုံးလိုက်သည်။

“ငါ မင်းကို ဒါတွေ မပြောသင့်ပါဘူး။ ဒါနဲ့... မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မင်းဘယ်လိုထင်လဲ”

ဝမ်ရှန်းသည် စကားလုံးများကို သေချာစွာ ရွေးချယ်လိုက်သည်။

“ဒါက ကျင့်ကြံခြင်းလောကကို ပြင်းထန်တဲ့ သတိပေးချက်တစ်ခုပေးလိုက်တာပဲ။ အထူးစစ်ဆင်ရေးတပ်ဖွဲ့က တိုးတက်လာနေပြီ။ မကြာခင်မှာ သူတို့က နိုင်ငံကို ကာကွယ်နိုင်မယ့် စွမ်းအားတွေရှိလာလိမ့်မယ်”

“မင်းက ကျင့်ကြံသူတစ်ယောက်ပဲ ဖေးယွီ။ ငါက ကျင့်ကြံသူတစ်ယောက်ရဲ့အမြင်ကို ကြားချင်တာ”

“ကျင့်ကြံသူတွေက အစိုးရရဲ့ အစွမ်းအစကို ကြောက်ရွံ့ကြလိမ့်မယ်။ ဒါပေမဲ့ အချို့ကလည်း ဆန့်ကျင်ကြလိမ့်မယ်။ ဆရာကတော်တို့ စစ်တမ်းတစ်ခုကောက်ယူသင့်တယ်”

ချီလင်းက ခပ်တိုးတိုးရယ်မောလိုက်သည်။ သူမ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “အများပြည်သူတွေ ကျင့်ကြံနိုင်ဖို့အတွက် တည်ငြိမ်တဲ့လူ့အဖွဲ့အစည်းတစ်ခုလိုအပ်သလို ကျင့်ကြံခြင်းနည်းလမ်းတွေကလည်း ပိုပြီး ကောင်းမွန်အောင် လုပ်ရဦးမယ်။ ဒါတွေက ဘာမှ မလွယ်ကူဘူး...”

ဝမ်ရှန်းက ခေါင်းညိတ်လိုက်သည်၊၊

“မင်းက ငါ့ကို ဆရာကတော်လို့ပဲ ဆက်ခေါ်နေတော့ ငါက မင်းကို ဂရုမစိုက်ပဲ မနေတတ်တော့ဘူး၊၊ ဒီနေ့မွန်းလွဲပိုင်းမှာ ကျင့်ကြံခြင်းသုတေသနဌာနက ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူအနည်းငယ်အတွက် သီးသန့်လေ့လာရေးခရီးစဉ်တစ်ခုလုပ်ပေးဖို့ ရှိတယ်”

ချီလင်းက သူ့ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်သည်။

“မင်းနဲ့ မုရွှယ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တက်ရောက်လိုက်ပါ။ ငါအားလုံးစီစဉ်ထားပြီးပြီ။ အဲဒီမှာ မင်းရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူပြုမယ့်အရာတွေ အများကြီးရှိတယ်”

သူမသည် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ရင်း “တကယ်လို့ မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေ ဘာကြောင့် ပြန်လည်နိုးထလာလဲဆိုတာသိချင်ရင် အဲဒီမှာအဖြေရလိမ့်မယ်”

ထိုစကားများက ဝမ်ရှန်းကို အလွန်တတ်ကြွသွားစေလေသည်၊၊

…

ဆေးရုံဘေးရှိ သစ်ပင်ရိပ်ကောင်းသော လမ်းကလေးတွင် ကျင်းယွမ်သည် ဝမ်ရှန်း၏ ဝှီးချဲကို တွန်းပေးရင်း လျှောက်လာနေသည်။ သူမ၏ နက်ပြာရောင်တာအိုဝတ်စုံသည် ကောင်းကင်ပြာကြီးထံမှ တိုက်ရိုက်ဆိုးဆွဲထားသည့်အလား ထင်မှတ်ရ၏။ သူမ၏ ဆံနွယ်ရှည်များသည် ကျောပြင်ထက်တွင် စီးကျနေပြီး အပြစ်ဆိုဖွယ်မရှိသော အသားအရေက နေရောင်အောက်တွင် တောက်ပနေသည်။ သို့သော်လည်း သူမ၏ သွယ်လျသောမျက်ခုံးတန်းလေးများက အနည်းငယ်တွန့်ကွေးနေပြီး မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များပေါ်လွင်နေသည်။

ခဏကြာပြီးနောက် သူမက နောက်ဆုံးတွင် မေးလိုက်သည်။ “ဖေးယွီ... မင်း ခြေထောက်ကို ဘာလို့ ဆရာဝန်တွေကို ကျောက်ပတ်တီးစီးခွင့်မပေးတာလဲ”

“စိတ်မပူပါနဲ့ ဆရာဒေါ်လေး။ ကျွန်တော် အတော်လေးပြန်ကောင်းနေပါပြီ”

ဝမ်ရှန်းက သူ့ခြေထောက်၏ ဓာတ်မှန်ပုံကို ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ သူ၏ ကျိုးသွားသော အရိုးများမှာ အတော်အသင့်ပြန်ဆက်နေပြီ ဖြစ်သည်။

“ကိုယ်ကိုယ်ကိုယ် သိပ်အပင်ပန်းမခံပါနဲ့။ ဒီမှာပဲ နေပြီး အနာဂတ်အတွက် အနားယူဖို့ပဲအာရုံစိုက်ပါ။ အရိုးတွေ လုံးဝပြန်မဆက်မချင်း ဟိုဟိုဒီဒီမသွားသင့်သေးဘူး။ အကယ်၍ မင်းက ငါ့အနားမှာနေရတာ အနေခက်တယ်ဆိုရင် ငါ ကျုံးနန်တောင်ကို ပြန်လိုက်မယ်။ ပြီးမှ မင်းရဲ့ စီနီယာအစ်မနဲ့ ညီမလေးကို လာပြုစုခိုင်းလိုက်မယ်”

“အဲဒါတော့ မလိုပါဘူး”

ဝမ်ရှန်းက ပြန်ဖြေလိုက်ပြီး လျင်မြန်စွာပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဆရာဒေါ်လေး... ကျွန်တော့်ဆရာက အဆင့်တတ်တာအောင်မြင်သွားပြီပဲကို ဘာလို့အခုထိကျင့်ကြံခြင်းကနေ မထွက်လာသေးတာလဲ”

“အဆင့်တက်လှမ်းတာတွေက အရေးကြီးတဲ့ အသိအမြင်တွေနဲ့အတူ ရောက်လာတတ်တာမျိုးပဲ။ အခု သူက ရွှေအမြုတေအဆင့်ကို ရောက်သွားပြီဆိုတော့ ကျင့်ကြံခြင်းကနေ ထွက်လာဖို့ ၃နှစ်ကနေ ၅နှစ်လောက်တောင်ကြာနိုင်တယ်။ အဓိကကတော့ သူက လောလောဆယ်အချိန်တွေကုန်သွားတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး”

ကျင်းယွမ်က အသာအယာသက်ပြင်းချလိုက်သည်။

“ဒါ့အပြင် သက်တမ်းနှစ် ၈၀၀ ရှိသွားပြီဆိုတော့ သူက လူ့လောကကနေ လွန်မြောက်ဖို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်နိုင်ပြီလေ။ ငါတောင် သူ့နောက်ကို မှီပါ့မလား မသိတော့ဘူး”

သူမ၏ သက်ပြင်းချသံထဲတွင် ကျင့်ကြံသူတစ်ဦး၏ သိမ်မွေ့သောစိုးရိမ်ပူပန်မှုများနှင့် အမျိုးသမီးတစ်ဦး၏ တိတ်ဆိတ်သောဝမ်းနည်းမှုများ ကပ်ပါလာသည်။

“ဆရာဒေါ်လေးက ကျွန်တော်မြင်ဖူးသမျှထဲမှာ အလှပဆုံးနဲ့ အဆန်းကြယ်ဆုံးအမျိုးသမီးကျင့်ကြံသူပါ။ အကယ်၍ ဆရာဒေါ်လေးတောင်မှ အင်မော်တယ်အဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင် ဒီလောကမှာ ဘယ်သူမှတက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”

“မင်းက စကားချိုချိုလေးတွေ ပြောတတ်သားပဲ” ကျင်းယွမ်က ညင်သာစွာ ရယ်မောလိုက်သည်။

“တောင်ပေါ်မှာတုန်းကတော့ အချိန်တွေကုန်လွန်သွားတာကို ငါ သိပ်သတိမထားမိခဲ့ဘူး။ သူ့ကို သတိရတဲ့အချိန်တိုင်း သူ ငါ့ဆီလာပြီး တာအိုအကြောင်း ဆွေးနွေးမှာကိုပဲ စောင့်နေခဲ့တာ…”

ဝမ်ရှန်း တိတ်ဆိတ်သွားသည်။ မိမိ၏ ဆရာ၊ ဆရာဒေါ်လေးနှင့် ဆရာကတော်တို့ကြားက ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အခြေအနေကို ပိုမိုဆိုးရွားသွားစေမည့်စကားမျိုးကို မပြောမိအောင် သူသတိထားရသည်။ သူ့ဆရာ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှ အမှန်တကယ်မသိနိုင်သလို၊ တပည့်တစ်ယောက်အနေဖြင့်လည်း ဆရာ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။

“ငါလည်း ပြန်ချင်ပြီ။ လူ့လောကထဲက ချီစွမ်းအင်တွေက အညစ်အကြေးတွေသိပ်များလွန်းတယ်။ ပြီးတော့ ဒီခရီးစဉ်က ငါ့ရဲ့ အားနည်းချက်အများကြီးကိုသိစေခဲ့တယ်”

ကျင်းယွမ်က ပြောလိုက်သည်။

“ခြုံငုံကြည့်ရရင် အခြေအနေကတည်ငြိမ်နေသေးတယ်ဆိုပေမဲ့ ဒုက္ခပေးနေတဲ့လူဆိုးတွေကတော့ အများကြီးပဲ။ ငါလည်း တိုက်ခိုက်ရေးနည်းစနစ်အချို့ကို စပြီးသင်ယူရတော့မယ်”

“ဒါကို စိတ်ထဲအများကြီးမထားပါနဲ့ ဆရာဒေါ်လေး။ ဆရာဒေါ်လေးက လမ်းမှန်ပေါ်မှာ ရှိနေတာပဲလေ” ဝမ်ရှန်းက ပြုံးလိုက်သည်။

“ကျင့်ကြံခြင်းဆိုတာ တာအိုကို ရှာဖွေတာမဟုတ်လား… နည်းစနစ်တွေကိုပဲ လေ့ကျင့်နေတာမဟုတ်ပါဘူး”

ကျင်းယွမ်က ခပ်တိုးတိုးရယ်လိုက်သည်။

“ငါ့ကို နှစ်သိမ့်ပေးနေဖို့ မလိုပါဘူး။ မနေ့ညက နတ်ဘုရားငါးပါးဂိုဏ်းသားနှစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တုန်းက တာအိုကို ကာကွယ်ဖို့အတွက် နည်းစနစ်တွေက ဘယ်လောက်အရေးကြီးလဲဆိုတာ ငါ နားလည်သွားခဲ့တယ်။ ငါက တံခါးပိတ်ကျင့်ကြံတာနဲ့တင် အချိန်တွေအများကြီးကုန်လွန်စေခဲ့ပြီး ဒီအပိုင်းကို လျစ်လျူရှုခဲ့မိတယ်”

မကြာမီမှာပင် ကျင်းယွမ်သည် မွန်းလွဲပိုင်း၌ ကျုံးနန်တောင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် သုတေသနဌာန၏ နှီးနှောဖလှယ်ပွဲကို စိတ်ဝင်စားမှုသိပ်မရှိချေ။

နှမြောစရာကောင်းသည်မှာ သုတေသနဌာန၏ နှီးနှောဖလှယ်ပွဲကို မွန်းလွဲပိုင်းတွင် ပြုလုပ်ရန် သတ်မှတ်ထားသောကြောင့် သူ၏ စီနီယာအစ်မက အချိန်မီရောက်လာနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက ဝမ်ရှန်းအနေဖြင့် သူမနှင့်အတူတက်ရောက်ပြီး သူမကိုပါ ဗဟုသုတများရစေချင်လေ၏၊၊

ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်က ဘယ်လိုနည်းနဲ့ ပြန်လည်နိုးထလာတာလဲ…။

သူ့စိတ်ထဲတွင် အခွင့်အလမ်းအမျိုးမျိုးကို တွေးတောမိနေသည်—ဟွာသမ္မတနိုင်ငံ၏ လကမ္ဘာခရီးစဉ်၊ ကောလာဟလထွက်နေသော အင်မော်တယ်တစ်ဦး၏ ရုပ်အလောင်းနှင့် ကောင်းကင်တာအိုပညာရပ်များပါဝင်သည်ဟုဆိုကြသော ကျောက်ပြားချပ်များ။

သူသည် ဒီနေ့တွင် ကြီးမားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်မဟုတ်သော်လည်း ထိုလျှို့ဝှက်ချက်များနှင့်အနီးစပ်ဆုံးနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မွန်းတည့်ချိန်တွင် တစ်မနက်လုံး အနားယူထားသော မုရွှယ်သည် မျက်ကွင်းညိုများနှင့်အတူ ၎င်းတို့ထံသို့ အပြေးအလွှားရောက်လာသည်။ ထို့နောက် ကျင်းယွမ်၏ ခရီးစဉ်များကို စီစဉ်ပေးပြီးနောက် ဝမ်ရှန်း၏ ဝှီးချဲကို ယာယီစခန်းရှေ့ရှိ ကွင်းပြင်ဖြစ်သော တွေ့ဆုံမည့်နေရာဆီသို့ လျင်မြန်စွာ တွန်းပေးခဲ့သည်။

သူမသည် အရာအားလုံးကို သေချာစွာစဉ်းစားထားခဲ့သည်။ ဝမ်ရှန်းက အခုထိတပည့်တစ်ယောက်သာဖြစ်သေးသောကြောင့် စောစောရောက်နှင့်နေရမည်။ တာအိုဆရာကြီးများကို စောင့်ခိုင်းထားရခြင်းက မသင့်တော်ပေ။

Chapter 128

လျှို့ဝှက်ချက်များနှင့် ပထမဆုံးအကြိမ် ထိတွေ့ခြင်း

မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် ဂျစ်ကားတန်းကြီးတစ်ခုပေါ်မှ ဆံပင်ဖြူဖွေးနေသော သက်ကြီးပိုင်းအမျိုးသား ၇ဦး ဆင်းလာကြသည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် မနေ့ညကအခြေအနေကို ကူညီထိန်းကျောင်းပေးရန် ၎င်းတို့ထဲမှ ၄ဦးကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ မတူညီသော မြင့်မြတ်တောင်တန်းများမှ လာကြသူများဖြစ်ပြီး ၎င်းတို့သည် တာအိုမျိုးဆက်တစ်ခုစီကို ကိုယ်စားပြုကြသည်။ ယခုနှီးနှောဖလှယ်ပွဲသည် ၎င်းတို့အပေါ် ကျေးဇူးတုံ့ပြန်သည့် သဘောလည်း ဖြစ်သည်။

ကျန်ရှိသော သုံးဦးမှာမူ ကြီးမြတ်သော အဆောင်ဂိုဏ်း ၃ဂိုဏ်းမှ ဆရာကြီးများ ဖြစ်ကြသည်—လုံဟူရှန်းတောင်မှ ကောင်းကင်သခင်ဂိုဏ်း၊ မော်ရှန်းတောင်မှ ရှန်ချင်းဂိုဏ်းနှင့် ကော်ကျောက်တောင်မှ လင်ပေါင်ဂိုဏ်းတို့ဖြစ်ကြသည်။

ဝမ်ရှန်းသည် ဂျူနီယာတစ်ယောက်အနေဖြင့် တာအိုဆရာကြီးများကို အကြိမ်ကြိမ်ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ၎င်းတို့အားလုံးမှာ ကြင်နာတတ်ပြီး ချဉ်းကပ်ရလွယ်ကူသူများဖြစ်ကြကာ တစ်ဦးဆိုလျှင် သူ့ခြေထောက် ဘယ်လိုကျိုးသွားလဲဆိုတာကိုပင် စိတ်ပူတကြီးမေးမြန်းခဲ့သည်။

သို့သော်လည်း ဝမ်ရှန်းသည် ကောင်းကင်ပျံသန်းခြင်းဓားကွက်ကို သုံးလိုက်မိပြီး ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်ဟု တိုက်ရိုက်မပြောရဲချေ။ အကယ်၍ ၎င်းတို့က အတည်မှတ်ပြီး ခြေထောက်ကို ချက်ချင်းကုသပေးလိုက်ပြီး ထိုဓားကွက်ကို ပြသခိုင်းနိုင်သဖြင့် ဒုက္ခလှလှတွေ့ရလိမ့်မည်။ ထို့ကြောင့် သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ရက်အနည်းငယ်အနားယူလျှင် ပြန်ကောင်းသွားလိမ့်မည်ဟုသာ ပြောလိုက်သည်။

ဝတ်စုံဖြူဝတ်ဆင်ထားပြီး တက်ကြွလန်းဆန်းနေသော ဆရာကြီးတစ်ဦးက ရှေ့သို့ တက်လာပြီး သူ့အင်္ကျီလက်ထဲမှ ဝါးကျည်တောက်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းနောက် ပြုံးလျက် ပြောလိုက်သည်။

“ဒီဆေးဆီက ဆေးနတ်ဘုရားချိုင့်ဝှမ်းက လာတာပဲ။ မင်းဒဏ်ရာကို တစ်ရက် ၃ကြိမ် လိမ်းပေးပါ၊၊ ဒါက တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် ပိုပြီး မြန်မြန်သက်သာစေလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ဝမ်ရှန်းက ပြောလိုက်သည်။ သူသည် ဝါးကျည်တောက်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေလက်ခံလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ်အပြစ်မကင်းသလိုခံစားလိုက်ရသည်။ အကြောင်းမှာ ဆေးနတ်ဘုရားကျမ်းစာသုံးစောင် မိတ္တူတစ်ခုသည် သူ့ခေါင်းအုံးအောက်တွင် ဝှက်ထားဆဲဖြစ်သောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ရဟတ်ယာဉ်နှစ်စင်း ဆင်းသက်လာပြီး ၎င်းတို့၏ ပန်ကာများက ဆရာကြီးများ၏ ဆံပင်ဖြူဖြူများပင် ဖရိုဖရဲဖြစ်လုမတတ်ပင်၊၊ ဒဏ်ရာရထားသောကြောင့် ဝမ်ရှန်းနှင့် မုရွှယ်တို့ကို အရင်ဆုံးတက်ခွင့်ပြုခဲ့သည်။

သုတေသနဌာနဆိုသည်မှာ ထိုအဖွဲ့အစည်း၏ အတိုကောက်နာမည်မျှသာဖြစ်သည်။ ဝမ်ရှန်းအနေဖြင့် ၎င်း၏ အမည်အပြည့်အစုံကို လုံးဝသေချာမသိချေ၊ လောလောဆယ်တွင် အနီးနားရှိ ဌာနခွဲတစ်ခုသို့ ဦးတည်နေခြင်းဖြစ်သည်ကိုသာ သိထားသည်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကျင့်ကြံသူများနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုများကို ကိုင်တွယ်ပြီး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးပိုင်းကို ကိုင်တွယ်ကာ၊ သုတေသနဌာနကတော့ အမည်အတိုင်းပင် သိပ္ပံနည်းကျနည်းလမ်းများ (ခွဲစိတ်စမ်းသပ်မှုများအပါအဝင်) ဖြင့် ကျင့်ကြံသူများကို လေ့လာခြင်း ဖြစ်သည်။

ရဟတ်ယာဉ်သည် မြို့ပြင်သို့ ပျံသန်းလာခဲ့ပြီး ရေကာတာတစ်ခုကို ဖြတ်ကျော်ကာ ထူထပ်သော တောအုပ်တစ်ခုဆီသို့ ဦးတည်သွားသည်။

အပေါ်စီးမှကြည့်လျှင် တောအုပ်အတွင်း၌ ကင်းစခန်းအများအပြားပျံ့နှံ့နေသည်ကို ဝမ်ရှန်း သတိပြုမိလိုက်သည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့က ဤနေရာတွင် တပ်စွဲထားပုံရသည်။

ရဟတ်ယာဉ်သည် တောင်တန်းများထဲသို့ဝင်ရောက်လာပြီး လမ်းပျောက်နေသည့်အလားရည်ရွယ်ချက်မရှိဘဲ အကြိမ်ကြိမ်ကွေ့ဝိုက်ပျံသန်းနေခဲ့သည်။ အတန်ကြာပြီးနောက် မြေအောက်ကွန်ကရစ်တိုက်ကဲ့သို့သောနေရာတစ်ခု၏ရှေ့တွင် တည်ငြိမ်စွာဆင်းသက်လိုက်တော့သည်။

တောင်စောင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံထားခြင်းဖြစ်သည်။ ဝမ်ရှန်း ဝိညာဥ်အသိစိတ်ကို ဖြန့်ကျက်ကြည့်လိုက်ရာ ထိုနေရာတွင် မြှုပ်နှံထားသော လျှို့ဝှက်လက်နက်အမြောက်အမြားကို ခံစားမိလိုက်သည်။

သုတေသနဌာန၏ အဝင်ဝတွင် ဝတ်စုံပြည့် သို့မဟုတ် ဓာတ်ခွဲခန်းဝတ်စုံအဖြူရောင်ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးများသည် တာအိုဆရာကြီးများကို ကြိုဆိုရန် တန်းစီစောင့်ဆိုင်းနေကြသည်။ အချို့မှာ ငယ်ရွယ်ကြပြီး အချို့မှာမူ အတော်လေးအသက်ကြီးနေကြပြီ ဖြစ်သည်။

ဆံပင်ဖြူနှင့် သက်ကြီးပိုင်းအမျိုးသားအချို့သည် ထိုဌာနခွဲ၏ ခေါင်းဆောင်များဖြစ်ပုံရပြီး ရှေ့သို့ထွက်ကာ တာအိုဆရာကြီးများကို တစ်ဦးချင်းစီ လက်ဆွဲနှုတ်ဆက်ကြသည်။ ၎င်းတို့သည် ယဉ်ကျေးပျူငှာသော စကားလုံးတစ်လုံးတစ်လေမျှ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အလား အပြန်အလှန်နှုတ်ဆက်စကားများကို အဆုံးမရှိ ပြောဆိုနေကြသည်။

“ကျွန်တော်တို့ ဆရာကြီးတို့ကို အားကျနေခဲ့တာ ကြာပါပြီ”

“ကျွန်တော်တို့ရဲ့ အလုပ်တွေကို လမ်းညွှန်ပြသပေးဖို့ ကြွရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် ထိပ်ပြောင်ပြောင်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ဝမ်ရှန်းထံသို့ ပြုံးပြုံးကြီး ချဉ်းကပ်လာသည်။

“မင်းက ဝမ်လေးဖြစ်ရမယ်။ ခြေထောက်က ဘယ်လိုလဲ။ ကပ္ပတိန်ချီလင်းက ငါတို့ကို အကြောင်းကြားထားပြီးသားပါ။ ခဏနေရင် မင်းကို စိတ်ဝင်စားစရာတစ်ခုပြပေးမယ်”

ဝမ်ရှန်း ခေတ္တမျှ ဆွံ့အသွားသည်။ သူ အနည်းငယ်စိတ်မသက်မသာဖြစ်နေသော်လည်း ယဉ်ကျေးပျူငှာသော အပြုံးကို မြင်လိုက်ရသဖြင့် မုရွှယ်သည် ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသည်။

ထိုအမျိုးသားသည် အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပုံရပြီး အလုပ်လုပ်နိုင်စွမ်းအရှိဆုံးအရွယ်ဖြစ်သော်လည်း သူ၏ ဆံပင်မှာမူ အချိန်ကာလထံသို့ အရှုံးပေးထားပြီးဖြစ်သည်။ သူ့ရင်ဘတ်ရှိ အမည်ကတ်တွင် “မာဇီပင်း၊ တွဲဖက်ပရော်ဖက်ဆာ” ဟု ရေးသားထားသည်။

ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်လာသည်နှင့် တွဲနှစ်တွဲပါသော မြေအောက်လျှပ်စစ်ရထားပေါ်သို့ တက်လိုက်ကြသည်။ ၎င်းက တောင်တွင်းပိုင်းဆီသို့ တဖြည်းဖြည်းခေါ်ဆောင်သွားပြီး မြေမျက်နှာသွင်ပြင်အလိုက် မြေအောက်သုတေသနဌာနတစ်ခုလုံးက အောက်သို့ နိမ့်ဆင်းသွားသည်။ ၎င်း၏ အတိုင်းအတာအတိအကျကို မည်သူမျှမသိသော်လည်း ထိုစီမံကိန်း၏ ကြီးမားကျယ်ပြန့်မှုက ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲထားသည့် အရိပ်အယောင်ကို ပေးစွမ်းနေသည်။

ဗဟုသုတများစွာရှိသော တာအိုဆရာကြီးများပင်လျှင် ထိုကဲ့သို့သောနေရာမျိုးကို တစ်ခါမျှမမြင်ဖူးကြချေ။ ၎င်းတို့၏ တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားကြသော်လည်း ပတ်ဝန်းကျင်ကိုတော့ စူးစမ်းစွာဖြင့်မကြည့်ဘဲမနေနိုင်ကြချေ။

ဝမ်ရှန်းကတော့ ပိုပြီး စိတ်အေးလက်အေးရှိနေသည်။ သူသည် ဖြတ်သန်းသွားသော အခန်းများကို စိတ်ဝင်စားတကြီးကြည့်ရှုနေပြီး ဝိညဥ်အသိစိတ်ကိုအသုံးပြု၍ အတွင်းပိုင်းအထိလွတ်လပ်စွာစူးစမ်းနေခဲ့သည်။

မကြာမီမှာပင် ဆံပင်ဖြူဖြူနှင့် ပရော်ဖက်ဆာတစ်ဦးက မိုက်ခရိုဖုန်းကိုကိုင်ကာ အကျဉ်းချုပ်မိတ်ဆက်ပေးသည်။

“ကျွန်တော်တို့ရဲ့ သုတေသနကတော့ အဓိကအားဖြင့် ကျင့်ကြံသူတွေရဲ့ မတူညီတဲ့ ကျင့်ကြံခြင်းအဆင့်တွေမှာ ကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို အဓိကထားပါတယ်။ ဒီပြောင်းလဲမှုတွေကို သိပ္ပံနည်းကျနည်းလမ်းတွေနဲ့ ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒီဌာနခွဲက ကမ္ဘာဦးချီစွမ်းအင်ရဲ့ တည်ဆောက်ပုံ၊ ဖိနှိမ်မှုနဲ့ ပျံ့နှံ့မှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ အဓိကစီမံကိန်းတွေကိုလည်း ဦးဆောင်နေပါတယ်...”

အခန်းထောင့်တစ်ခုတွင် မုရွှယ်သည် ဝမ်ရှန်းဘေး၌ ထိုင်ရင်း တိုးတိုးလေးပြောလိုက်သည်။

“တာအိုဆရာဝမ်... ရှင်ကတော့ ကျွန်မရဲ့ ကံကောင်းခြင်းကြယ်ပွင့်ပဲ”

“အမ်... ဘာလို့လဲ”

“ဒီလေ့လာရေးခရီးစဉ်က ဒီလထဲမှာ ကျွန်မရမယ့်တစ်ခုတည်းသော အနားယူချိန်ဖြစ်လိမ့်မယ်...” သူမ သက်ပြင်းချလိုက်သည်။

“ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း ဘယ်တော့မှ ရှင်းလင်းနိုင်မလဲဆိုတာ မသိတော့ဘူး”

ဝမ်ရှန်း ခဏမျှ တွေးတောမိသွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

“ဆရာဒေါ်လေး ကျင်းယွမ်မှာ အခုထိတပည့်မရှိသေးဘူး။ မုရွှယ် ခဗျားစဉ်းစားကြည့်ချင်လား”

မုရွှယ် မျက်တောင်ခတ်လိုက်မိပြီး သူ့စကားကို အတည်မှတ်လုနီးပါးဖြစ်သွားသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်မှ အနည်းငယ်ပြုံးစိစိဖြစ်နေသည်ကို သတိပြုမိသွားကာ မျက်စောင်းထိုးကြည့်လိုက်လေသည်။

“လာနောက်မနေပါနဲ့ တာအိုဆရာဝမ်ရယ်။ ကျွန်မနဲ့ ဘူဒိုဇာက အရည်အချင်း မပြည့်မီလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကနေ ဖယ်ထုတ်ခံခဲ့ရတာပါ။ အခု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရောက်လာတာတင်ပဲ ကံကောင်းလှပြီ”

ဝမ်ရှန်း ရယ်မောလိုက်သော်လည်း ထိုအကြောင်းအရာကို ဆက်၍ မမေးတော့ပေ။

သို့သော်လည်း မုရွှယ်က တစ်ဖန် သက်ပြင်းချလိုက်ပြန်သည်။

“ကျွန်မ ဒီအဖွဲ့မှာ ဘယ်လောက်ကြာကြာခံမလဲ မသိဘူး။ မိဘတွေကလည်း အခြေကျပြီး အိမ်ထောင်ပြုဖို့ အတင်းတိုက်တွန်းနေကြတယ်။ ဒီအလုပ်က ပင်ပန်းပေမဲ့ ကျွန်မ တကယ်ပဲ အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုကိုလုပ်နေရတယ်လို့ ခံစားရတယ်။ မထွက်ချင်သေးဘူး”

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ အရည်အချင်းရှိတဲ့လူငယ်တွေ အများကြီးရှိတာပဲမဟုတ်လား။ ခဗျားက ဘာလို့ အခုထိတစ်ယောက်မှ ရှာမတွေ့သေးတာလဲ” ဝမ်ရှန်းက မေးလိုက်သည်။

“နိုင်ငံတော်က အရပ်ရှည်ရှည်နဲ့ ချောချောလှလှတွေကို အကုန်ယူသွားပြီလေ။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ထဲမှာ ရုပ်ချောတဲ့သူတွေ အပြည့်ပဲ။ နှမြောစရာကောင်းတာက ကျွန်မက ဖယ်ထုတ်ခံလိုက်ရတယ်လေ”

“အကယ်၍ အချိန်ရရင် ဝူတန်းတောင်ကို လာလည်ပါဦး။ ကျွန်တော် ဓားကျင့်ကြံသူအချို့နဲ့ မိတ်ဆက်ပေးမယ်။ ကျွန်တော်တို့ တောင်ပေါ်မှာလည်း ကျား၊ မ အချိုးအစားမမျှတတဲ့ ပြဿနာရှိနေတာပဲ”

“မဖြစ်နိုင်တာ။ ကျွန်မက အိုမင်းသွားချိန်မှာ သူတို့ကတော့ နုပျိုလန်းဆန်းနေဦးမှာပဲဥစ္စာ။ အဲဒါကို ကျွန်မက ဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ”

ဝမ်ရှန်း ရုတ်တရက် စကားလုံးများပျောက်ရှသွားသည်၊၊ မိန်းကလေးတွေက ရည်းစားရှာတဲ့နေရာမှာ ဘာလို့ ဒီလောက်တောင် ဂျီးများရတာလဲ။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ချစ်ရေးချစ်ရာကိစ္စရပ်များသည် အလွန်ပင် စိတ်ပင်ပန်းစရာကောင်းလှသည်။ တောင်ပေါ်တွင် စိတ်အေးလက်အေးကျင့်ကြံနေထိုင်ရသည့်ဘဝက ပို၍ဆွဲဆောင်မှုရှိပေသည်။

လျှပ်စစ်ရထားသည် တဖြည်းဖြည်းနှင့် ရပ်တန့်သွားသည်။ ယခုအခါတွင် ၎င်းတို့သည် မြေအောက် မီတာ ၇၀၊ ၈၀ခန့်အထိ နိမ့်ဆင်းလာခဲ့ပြီ ဖြစ်သည်။ ရထားတံခါးအပြင်ဘက်တွင် မီတာ နှစ်ဆယ်ကျော် မြင့်သော မျက်နှာကြက်ရှိသည့် လင်းထိန်နေသော မြေအောက်ကွင်းပြင်ကျယ်ကြီးတစ်ခုရှိနေသည်။

ကွင်းပြင်ကြီး၏ အဆုံးတွင် ကျောက်တံတိုင်းထဲ၌ မြှုပ်နှံထားသော ခုနစ်ထပ်အဆောက်အအုံတစ်ခုရှိသည်။ ၎င်း၏ ရှေ့တွင် သုတေသီဒါဇင်ပေါင်းများစွာ စုဝေးနေကြပြီး တာအိုဆရာကြီးများကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။

၎င်းတို့၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများက ဝမ်ရှန်းကို စိတ်မသက်မသာဖြစ်စေသည်။ ၎င်းမှာ နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းထားသော ရုပ်အလောင်းများကိုသာ လေ့လာခဲ့ရပြီးနောက် အသက်ရှင်နေသောကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုက်ရသည့်အလားပင်၊၊

တိုတောင်းသော်လည်း စိတ်အားထက်သန်သောကြိုဆိုပွဲအခမ်းအနားအပြီးတွင် သုတေသနဌာန၏ ခေါင်းဆောင်များနှင့် အဆင့်မြင့်သုတေသီဒါဇင်ကျော်တို့သည် တာအိုဆရာကြီးများနှင့် ဝမ်ရှန်းတို့ကို အစည်းအဝေးခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းနောက် ရှည်လျားလှသော အဖွင့်အမှာစကားပြောကြားခြင်း၊ သုတေသနရည်မှန်းချက်များနှင့် အလားအလာများကို ရှင်းလင်းခြင်းတို့ ပြုလုပ်ခဲ့သည်။ ဝမ်ရှန်းအနေဖြင့် မငိုက်အောင်အတင်းအောင့်ထားရသည်။

သူ ခေါင်းငိုက်မကျမီမှာပင် မာဇီပင်းသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး လည်ချောင်းကိုရှင်းကာ လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

“နောက်တစ်ခုကတော့ ဆရာကြီးတို့ ကြည့်ရှုဖို့အတွက် လျှို့ဝှက်ဗီဒီယိုမှတ်တမ်းရှိပါတယ်။ ဆရာကြီးတို့ရဲ့ ဂိုဏ်းတွေကို ပြန်တဲ့အခါမှာ ဒါကို အခြားဂိုဏ်းသားတွေကို အသိမပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာကြီးတို့ရဲ့အမြင်တွေကို အဓိကကြားချင်တာပါ”

ခဏမျှ အနားယူပြီးနောက် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ အစည်းအဝေးခန်းမရှေ့ရှိ မော်နီတာကြီးသည် လင်းထိန်လာပြီး အသံမပါသော စောင့်ကြည့်ကင်မရာဗီဒီယိုမှတ်တမ်းတစ်ခုပွင့်လာသည်၊၊၎င်းသည် တိကျသောစက်ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည့် ကြီးမားသောဓာတ်ခွဲခန်းတစ်ခုအတွင်း၌ ရိုက်ကူးထားခြင်းဖြစ်သည်။

ဗီဒီယိုထဲတွင် စောင့်ကြည့်ရေးကိရိယာမျိုးစုံဖြင့် ဝိုင်းရံထားသော ပိတ်ဆို့ထားသည့် သိုလှောင်ခန်းတစ်ခုရှိနေသည်။ မကြာမီမှာပင် စက်ပစ္စည်းအချို့တွင် အချက်ပေးမီးများ စတင်တုန်ခါလာသဖြင့် သုတေသီအချို့သည် ထိုင်နေရာမှထရပ်ကာ အလုအယက်အော်ဟစ်ကြတော့သည်။ ဓာတ်ခွဲခန်းအတွင်းရှိ လူများဖရိုဖရဲဖြစ်နေကြစဉ် သက်ကြီးပိုင်းသိပ္ပံပညာရှင်အချို့သည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ သိုလှောင်ခန်းဆီသို့ အပြေးအလွှားသွားကြသည်။

စက္ကန့်အနည်းငယ်အကြာတွင် သိုလှောင်ခန်းသည် ရုတ်တရက် ပွင့်ထွက်သွားပြီး ထူထပ်သော အငွေ့ဖြူကြီးများ ထွက်ပေါ်လာသည်။ လှည့်ပတ်နေသော မြူခိုးများကြားမှ ဖြူဖျော့ဖျော့လူရိပ်တစ်ခုသည် လှဲလျောင်းနေသောနေရာမှ တဖြည်းဖြည်းထရပ်လာပြီး လေထဲတွင် ဝဲပျံလာတော့သည်။ ၎င်း၏ ရှည်လျားပြီး နက်မှောင်သော ဆံနွယ်များသည် လေထဲတွင် လွင့်မျောနေခဲ့သည်။

ဝမ်ရှန်းသည် မော်နီတာကို စိုက်ကြည့်ရင်း ခဏမျှ အသက်ရှူဖို့ပင် မေ့သွားခဲ့သည်။

ဖျတ်။

ဗီဒီယိုသည် ရုတ်တရက် ရပ်တန့်သွားသည်။

မာဇီပင်း၏ မျက်နှာအမူအရာက လေးနက်သွားသည်။ “ဒုတိယဗီဒီယိုကိုမသွားခင်မှာ ကျွန်တော် စကားအနည်းငယ်ပြောပါရစေဦး”

All Chapters