အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
Chapter 129
မပုပ်မသိုးသော အမျိုးသမီးအလောင်း
“လူတိုင်းသိကြပြီးဖြစ်တဲ့အတိုင်းပဲ ရေဒီယိုလှိုင်းဆိုင်ရာပိတ်ဆို့မှုကြောင့် လရဲ့တစ်ဖက်ခြမ်းဟာ ကျုပ်တို့ရဲ့မျက်စိရှေ့ကနေ အမြဲတမ်းပုန်းကွယ်နေခဲ့တယ်၊၊ လရဲ့အမှောင်ဘက်ခြမ်းကို ကျုပ်တို့သွားရောက်ရှာဖွေနိုင်ခဲ့တာဟာ ဟွာသမ္မတနိုင်ငံအတွက်တော့ ကြီးမားတဲ့မှတ်တိုင်တစ်ခုပဲ”
“အစပိုင်းမှာတော့ ကျုပ်တို့ရဲ့ နည်းပညာစွမ်းပကားကိုပြသဖို့ ရည်ရွယ်ချက်လည်း တစ်စိတ်တစ်ပိုင်းပါတာပေါ့၊၊ ဒါပေမဲ့ ပထမဆုံးအကြိမ်လပေါ်ဆင်းသက်ပြီး အကြိုစစ်ဆေးမှုတွေလုပ်တဲ့အချိန်မှာ ဗီဒီယိုထဲမှာ မြင်ခဲ့ရတဲ့ ရှေးဟောင်းအမျိုးသမီးကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့တယ်”
“အဲဒီအချိန်ကစပြီး လကမ္ဘာမစ်ရှင်အဆင့်ဆင့်ကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အားလုံးဟာ လရဲ့အမှောင်ဘက်ခြမ်းမှာ ဘယ်လောက်ကြာအောင်ရှိနေမှန်းမသိတဲ့ အဲဒီရှေးဟောင်းအလောင်းကိုပဲ ဗဟိုပြုခဲ့တယ်၊၊ အခု ကျုပ်မှာမေးခွန်းတစ်ခုရှိတယ်၊၊ ကျင့်ကြံခြင်းအဆင့်ဘယ်လောက်မှာ ခန္ဓာကိုယ်တစ်ခုဟာ နှစ်ပေါင်းထောင်ချီ ဒါမှမဟုတ် သောင်းချီတဲ့အထိ မပုပ်မသိုးဘဲ တည်ရှိနေနိုင်မလဲ”
တာအိုဆရာကြီးများ မျက်မှောင်ကြုတ်ပြီး အလေးအနက်စဉ်းစားနေကြစဉ် ဝမ်ရှန်းက ကွဲပြားခြားနားသောမေးခွန်းတစ်ခုကို မေးလိုက်သည်၊၊
“ဒါဟာ အလောင်းတစ်ခုဆိုတာ ခင်ဗျားတို့ ဘယ်လိုသိတာလဲ”
ပရော်ဖက်ဆာမာက ပြုံးလိုက်ပြီး “ဒါက တကယ်ကို မေးခွန်းကောင်းတစ်ခုပဲ တာအိုဆရာဝမ်၊၊ အမျိုးသမီးအလောင်းဆိုတဲ့ ဝေါဟာရက အစပိုင်းမှာ ငါတို့ ခေါ်ဝေါ်ခဲ့တဲ့ နာမည်သက်သက်ပါပဲ၊၊ သူမကို အဓိကထားပြီး လုပ်ဆောင်ခဲ့တဲ့ တတိယအကြိမ်မြောက်လကမ္ဘာမစ်ရှင်မှာ ငါတို့စမ်းသပ်မှုတွေလုပ်ခဲ့ပြီးနောက် သူမ သေဆုံးသွားပြီလို့ ကောက်ချက်ချခဲ့တယ်”
“သူမဟာ မီးတောင်ဝတစ်ခုထဲမှာ နစ်မြုပ်နေတာဖြစ်ပြီး အဲဒီမီးတောင်ဝဟာ သူမ လပေါ်ကို ကျဆင်းရိုက်ခတ်ခဲ့စဉ်ကဖြစ်ပေါ်လာတာလို့ ငါတို့ ယူဆတယ်၊၊ ဘူမိဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်အရ အဲဒီမီးတောင်ဝဟာ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီလို့ ခန့်မှန်းရတယ်၊၊ ဒါကြောင့် အစပိုင်းမှာ သူမကို ‘နှစ်တစ်ထောင် လစန္ဒာအလောင်း’လို့ ခေါ်ခဲ့ကြတယ်”
“ဒီနေရာမှာ ထူးဆန်းတာတစ်ခုရှိတယ်၊၊ လကမ္ဘာမှာ အလွန်ပါးလွှာတဲ့ လေထုပဲရှိပြီး နေ့နဲ့ည အပူချိန်ကွာခြားချက်ကလည်း အရမ်းပြင်းထန်တယ်၊၊ ပြီးတော့ စကြဝဠာဓာတ်ရောင်ခြည်တွေနဲ့လည်း အမြဲတမ်းထိတွေ့နေရတာတောင်မှ သူမရဲ့ ခန္ဓာကိုယ်ကို ဘာတစ်ခုမှ ပျက်စီးအောင်မလုပ်နိုင်ခဲ့ဘူး”
“ရှေးဟောင်းဂူသင်္ချိုင်းတွေကို ဖွင့်လိုက်တဲ့အခါ သက်ရှိလူသားတွေလိုပဲ နူးညံ့ပျော့ပျောင်းတဲ့အရေပြားနဲ့ လုံးဝမပျက်မစီးဘဲရှိနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရတတ်တယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်တွေရှိတယ်မဟုတ်လား၊၊ ကျုပ်တို့ဆီမှာ အဲဒီလိုဖြစ်ရပ်မျိုးအတွက် အတည်ပြုနိုင်တဲ့ မှတ်တမ်းမရှိပေမဲ့ ဒီအမျိုးသမီးဟာ အဲဒီဒဏ္ဍာရီတွေထဲက အတိုင်းပဲဖြစ်နေတယ်၊၊ ဒါက ကျုပ်တို့ရဲ့ သိပ္ပံပညာဆိုင်ရာစိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပြီး သူမကို ကမ္ဘာမြေပေါ် ပြန်သယ်ဆောင်လာဖို့ နည်းလမ်းတွေကို စတင်ရှာဖွေခဲ့ကြတယ်”
ထိုကြိုးပမ်းမှုအတွက် နက္ခတ္တဗေဒဆိုင်ရာပိုင်းက ငွေကြေးနဲ့ ပစ္စည်းကိရိယာယန္တရားအမြောက်အမြားကို ရင်းနှီးမြှုပ်နှံခဲ့ရကာ နောက်ဆုံးတွင်မူ သူတို့သည် ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်လာနိုင်ခဲ့ကြ၏၊၊ ထို့နောက် ၆လတိုင်တိုင် ကျယ်ပြန့်သောသိပ္ပံနည်းကျသုတေသနများပြုလုပ်ခဲ့ကြသော်လည်း သုတေသီများသည် သူမ၏ ဆံပင်တစ်ပင်ကိုမျှပင် မထိတွေ့နိုင်ခဲ့သဖြင့် စိတ်ပျက်စရာများစွာနှင့် ရင်ဆိုင်ခဲ့ရသည်၊၊
“သူမရဲ့ ဝတ်ရုံပုံသဏ္ဍာန်အတိုင်းကပ်လျက် တည်ရှိနေတဲ့ ထူးခြားတဲ့စွမ်းအင်နယ်ပယ်တစ်ခုရှိနေတယ်၊၊ ကျုပ်တို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတယ်၊၊ အချို့က အဲဒီစွမ်းအင်နယ်ပယ်ကို ဖောက်ထွင်းဖို့ ကြိုးစားကြပြီး အချို့ကတော့ စွမ်းအင်နယ်ပယ်ပျက်စီးသွားရင် အဖိုးမဖြတ်နိုင်တဲ့ ဒီရှာဖွေတွေ့ရှိမှုကို ထိခိုက်မှာစိုးလို့ မပျက်စီးအောင် ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြတယ်”
“၆လခွဲလောက် ဘာတိုးတတ်မှုမရှိပဲ လမ်းစပျောက်လုနီးပါးဖြစ်နေတဲ့အချိန်မှာ နောက်ဆုံးတော့ ကျုပ်တို့ လမ်းစတစ်ခုတွေ့ခဲ့တယ်၊၊ တရုတ်နှစ်သစ်ကူးအကြိုညမှာ သူမဆီကနေ အားနည်းတဲ့ ဦးနှောက်လှိုင်းလှုပ်ရှားမှုကို ကျုပ်တို့ စမ်းသပ်တွေ့ရှိခဲ့တယ်၊၊ အားနည်းပေမဲ့ ရှိနေတာတော့အမှန်ပဲ၊၊ ဒီရှာဖွေတွေ့ရှိချက်က ကျုပ်တို့ရဲ့ အရင်ကောက်ချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ၊၊ ဆိုလိုတာက ဒီအလောင်းဟာ... အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တယ်”
“အဲဒီတရုတ်နှစ်သစ်ကူးအကြိုညဟာ အရေးကြီးတဲ့နေ့တစ်နေ့ပဲ၊၊ လူတိုင်းမှတ်မိကြတယ် မဟုတ်လား၊၊ ကမ္ဘာကြီးမပြောင်းလဲခင်… ချီစွမ်းအင်တွေ ကမ္ဘာမြေပေါ် ပြန်မရောက်လာခင်က နောက်ဆုံးသာမန်နှစ်သစ်ကူးညပေါ့”
ပရော်ဖက်ဆာမာက လွမ်းဆွတ်တမ်းတသောမျက်ဝန်းများဖြင့် သက်ပြင်းချလိုက်သည်၊၊ သို့သော် သူက ဆွေးနွေးပွဲကို ချက်ချင်း ပြန်လည်အာရုံစိုက်လိုက်၏၊၊
“အခု တာအိုဆရာကြီးများထဲက ဘယ်သူက ကျုပ်ရဲ့အရင်မေးခွန်းကိုဖြေပေးနိုင်မလဲ”
ဝမ်ရှန်းက တိတ်ဆိတ်စွာ နေမြဲနေသည်၊၊
လုံဟူရှန်းတောင်မှ တာအိုဆရာကြီးတစ်ဦးက မျက်မှောင်ကြုတ်လိုက်ပြီး “ငါ့ရဲ့ စီနီယာအစ်ကိုဆီ ဖုန်းဆက်လို့ရမလား၊၊ ကောင်းကင်သခင်ဂိုဏ်းမှာ ရှေးဟောင်းကျမ်းစာတွေ အများကြီးရှိပေမဲ့ ဂိုဏ်းချုပ်ကြီးတစ်ယောက်တည်းပဲ အဲဒါတွေကို ဖတ်ရှုခွင့်ရှိတယ်”
“ကျေးဇူးပြုပြီး ဆက်သွယ်လိုက်ပါ”
“ဖုန်းခဏလောက်ငှားလို့ရမလား၊၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့အစားဖုန်းဆက်ပေးရင် ပိုကောင်းမယ်၊၊ ငါ့အစ်ကိုကြီးရဲ့ ဖုန်းနံပါတ်က ၁၃...”
အနီးအနားတွင် ထိုင်နေသော မုရွှယ်က ထိုနံပါတ်များကို နှုတ်ခမ်းလှုပ်ရုံမျှဖြင့် လိုက်ဆိုကာ ချက်ချင်းပင် အလွတ်မှတ်သားလိုက်သည်၊၊ ဝမ်ရှန်းက သူမကို လှမ်းကြည့်လိုက်သောအခါ သူမက သူ့ကို မျက်စိမှိတ်ပြလိုက်၏၊၊
ဝမ်ရှန်းက သူ့ဖုန်းကို တိတ်တဆိတ်ကမ်းပေးလိုက်သည်၊၊ ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းရှိသောကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ဆက်သွယ်ရန် နည်းလမ်းကို သူကိုယ်တိုင်လည်း အပိုင်ရယူချင်လေသည်၊၊
မကြာမီပင် ဂိုဏ်းချုပ်ကြီးထံမှ တိုတောင်းသောအကြောင်းပြန်ချက်တစ်ခုရရှိခဲ့သည်၊၊
—အဲဒါက ကောင်းကင်ဝတ်ရုံပဲ၊၊ ကောင်းကင်အင်မော်တယ်တွေ သုံးစွဲတဲ့ အမြင့်မြတ်ဆုံးအဆင့်ရတနာပစ္စည်းတစ်ခုပေါ့၊၊
ဆိုလိုရင်းက ရှင်းလင်းလှသည်၊၊ ထိုအမျိုးသမီး၏ ဝတ်ရုံမှာ အင်မော်တယ်များအသုံးပြုသည့် ရတနာဖြစ်ပြီး ဝတ်ဆင်ထားသူကို နှစ်ပေါင်းထောင်ချီကြာအောင် မပျက်မစီးဘဲ ထိန်းသိမ်းပေးနိုင်စွမ်းရှိသည်၊၊ ကောင်းကင်သခင်ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများအရ ကောင်းကင်အင်မော်တယ် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်ရှိသူများသာ ဤကဲ့သို့သော နတ်ဘုရားရတနာကို ပိုင်ဆိုင်နိုင်သည်ဟု ဆိုသည်၊၊
ဆံပင်ဖြူဖြူနှင့် သိပ္ပံပညာရှင်တစ်ဦးက မမေးဘဲ မနေနိုင်တော့ပေ၊၊
“အခု ငါတို့ ကျင့်ကြံခြင်းနဲ့ ထာဝရအသက်ရှင်ခြင်းတွေက တကယ်ရှိတယ်ဆိုတာ နားလည်သွားပါပြီ၊၊ ဒါပေမဲ့ တကယ်လို့ အင်မော်တယ်တွေရှိခဲ့တယ်ဆိုရင် ဘာဖြစ်လို့ ငါတို့ရှာတွေ့ခဲ့တဲ့ တစ်ခုတည်းသောသဲလွန်စက အဲ့ဒီအမျိုးသမီးတစ်ယောက်ပဲဖြစ်နေရတာလဲ”
တာအိုဆရာကြီးတစ်ဦးက သက်ပြင်းချလိုက်သည်၊၊
“သူတို့အားလုံး ထွက်ခွာသွားကြပြီ၊၊ ငါတို့ဂိုဏ်းတွေမှာ လက်ဆင့်ကမ်းလာခဲ့တဲ့ မှတ်တမ်းတွေအရ ပြန်လည်မွေးဖွားခြင်းအဆင့်နဲ့ အဲ့ထက်မြင့်တဲ့အဆင့်ကို ရောက်ရှိသွားတဲ့သူတွေဟာ ထာဝရရှင်သန်ခြင်းကို ရရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ထဲက ကောင်းကင်ဘုံကို တက်လှမ်းသွားခဲ့ကြတယ်၊၊ ကြားရသလောက်တော့ အင်မော်တယ်တွေကြားထဲက စစ်ပွဲတစ်ခုမှာ တိုက်ခိုက်ဖို့ ထွက်ခွာသွားခဲ့ကြပုံပဲ”
မာဇီပင်းက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်၊၊
“အဲဒါကို အသေးစိတ်ထပ်ရှင်းပြပေးလို့ရမလား”
တာအိုဆရာကြီးက ခေါင်းခါလိုက်သည်၊၊
“အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ကိစ္စပဲ၊၊ ဒါ့အပြင် ကမ္ဘာကြီးမှာ နှစ်ပေါင်းရာချီအောင် ချီစွမ်းအင်တွေ မရှိခဲ့ဘူး၊၊ ငါတို့ရဲ့ ရှေ့ဆောင်လမ်းပြတွေက ဒီဇာတ်လမ်းတွေကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တာဆိုတော့ အမှန်တရားတော်တော်များများကတော့ ပျောက်ကွယ်သွားလောက်ပြီ”
အခြားတာအိုဆရာကြီးတစ်ဦးက ရေရွတ်လိုက်၏၊၊ “တရုတ်နှစ်သစ်ကူးအကြိုညမှာ သူမဆီကနေ ဦးနှောက်လှိုင်းလှုပ်ရှားမှု ရှိခဲ့တယ်ဆိုရင် သူမမှာ စိတ်ဝိညာဉ်အသိစိတ်နည်းနည်းကျန်ရှိနေသေးတာ ဖြစ်ရမယ်၊၊ အဲဒါက အမွှေးတိုင်ပူဇော်မှုတွေနဲ့ သက်ဆိုင်နိုင်မလား... အဲဒီညမှာ ဟွာသမ္မတနိုင်ငံက အိမ်ထောင်စုတိုင်းဟာ ကောင်းကင်ဘုံကို ဆုတောင်းကြပြီး နတ်ဘုရားတွေကို ပူဇော်ဆက်သကြတာလေ”
“ငါ့ရဲ့ ဆရာကြီးပြောဖူးတာ မှတ်မိတယ်၊၊ ချင်ခေတ်မတိုင်ခင်က တာအိုကျင့်ကြံခြင်းဟာ ရုတ်တရက်ထွန်းကားလာခဲ့ပြီး ရာစုနှစ်အနည်းငယ်အတွင်းမှာတင် သူတို့ရဲ့ ရွှေခေတ်ကို ရောက်ရှိခဲ့တယ်တဲ့”
“ဖြစ်နိုင်တာက တစ်ခါတုန်းက နတ်ဘုရားတွေစုဝေးရာ ကောင်းကင်နန်းတော်တစ်ခုရှိခဲ့ပြီး စကြဝဠာကို ဖြတ်ကျော်တိုက်ခိုက်ရမယ့် စစ်ပွဲအတွက် စစ်သည်အင်အားထပ်လိုတဲ့အခါ ကမ္ဘာမြေကနေ စုဆောင်းသွားခဲ့တာ ဖြစ်နိုင်တယ်”
တာအိုဆရာကြီးများက ယူဆချက်များကို တစ်ယောက်တစ်လှည့်ဆွေးနွေးနေကြစဉ် စားပွဲ၏ အခြားတစ်ဖက်ရှိ သိပ္ပံပညာရှင်များမှာမူ ရှုပ်ထွေးသောအမူယာများဖြင့် အပြန်အလှန်ကြည့်နေကြသည်၊၊
မာဇီပင်းက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်၊၊
“ဆရာကြီးတို့အားလုံးကို ဒီနေရာကို ဖိတ်ကြားခဲ့တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊၊ ကျုပ်တို့ရဲ့ သုတေသနဟာ ဒီလိုအမြင်မျိုးတွေကို အသည်းအသန်လိုအပ်နေတာပါ၊၊ ဖြစ်နိုင်ရင် လေးစားရတဲ့ တာအိုဆရာကြီးအနည်းငယ်ကို ဒီနေရာမှာ အပြီးနေခဲ့ဖို့ ခွင့်ပြုချက်တောင်းခံသင့်တယ်”
တာအိုဆရာကြီးများ ချက်ချင်းပင် တင်းမာသွားကြ၏၊၊ သူတို့သည် ချောင်ပိတ်မိသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ပါးစပ်မဟရဲကြတော့ပေ၊၊ ထာဝရရှင်သန်ခြင်းလမ်းစဥ်ကို လျှောက်လှမ်းနေကြသော ကျင့်ကြံသူများအနေဖြင့် မွန်းကျပ်ဖွယ်လေထုနှင့် လောကီရေးရာများရှုပ်ထွေးနေသော သုတေသနဌာနတစ်ခုအတွင်း နေ့ရက်များကို ကုန်ဆုံးစေရန်မှာ လုံးဝမဖြစ်နိုင်သောအရာပင်၊၊
“ငါတို့ အင်တာနက်ကနေတစ်ဆင့်လည်း အချက်အလက်တွေ ဖလှယ်လို့ရပါတယ်၊၊ ဘယ်သူမှ ဒီမှာ ရေရှည်နေဖို့ မလိုပါဘူး”
သက်ကြီးပိုင်းပရော်ဖက်ဆာတစ်ဦးက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်၊၊ ထိုအခါမှ တာအိုဆရာကြီးများ စိတ်သက်သာရာရသွားပြီး သူတို့၏ အမူအရာများပြန်လည်လန်းဆန်းလာကြသည်၊၊
မာဇီပင်းက ချောင်းတစ်ချက်ဟန့်ကာ စကားဝိုင်းကို မူလလမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်လိုက်သည်၊၊
“ကဲ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူခန့်မှန်းချင်လဲ၊၊ တာအိုဆရာဝမ်… လမင်းကြီးက ကောင်းကင်ရဲ့ တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားတာမျိုး တစ်ခါလောက် မြင်ဖူးလား”
စိတ်ဝင်တစားဖြင့် ဝမ်ရှန်းက အသေအချာနားထောင်နေခဲ့သည်၊၊ ဤကိစ္စရပ်များသည် သူ၏ ကိုယ်ပိုင်ကမ္ဘာနှင့် ဝေးကွာနေသေးသည်မဟုတ်ပါလား၊၊ လက်ရှိတွင် သူသည် စိတ်ထဲ၌ မေးခွန်းအသစ်များဖြင့် ပြည့်နှက်နေသော ကြည့်ရှုသူတစ်ဦးမျှသာဖြစ်သည်၊၊
သူက တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်ပြပြီး “မြင်ဖူးတယ်၊၊ အဲဒီနှစ် မီးထွန်းပွဲတော်တုန်းကပေါ့”
“မှန်တယ်၊၊ နောက်ထပ်ပြသမယ့်ဗီဒီယိုဟာ အမြင့်ဆုံးအဆင့်လျှို့ဝှက်ချက်ပဲ၊၊ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ ကျုပ်တို့ပဲ ဒီရုပ်သံကို ကြည့်ရှုခွင့်ရှိတာပါ၊၊ ကျေးဇူးပြုပြီး သေချာကြည့်ပြီး အာရုံစိုက်နားထောင်ပေးပါ၊၊ ဒါကို အဝေးကြည့်မှန်ဘီလူးသုံးပြီး ရိုက်ကူးထားယ်...”
မာဇီပင်းက ရီမုပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်သည်၊၊ မျက်နှာပြင်မှာ မှောင်မည်းနေဆဲဖြစ်သော်လည်း စပီကာများထဲမှ ထွက်ပေါ်လာသော သံစဉ်ကို ဝမ်ရှန်း ချက်ချင်း မှတ်မိလိုက်သည်၊၊ ၎င်းမှာ ကမ္ဘာကြီးက ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်ကို ပထမဆုံးအကြိမ်စုပ်ယူခဲ့စဉ် လပြည့်ညက သူကြားခဲ့ရသည့်အသံနှင့် အတူတူပင်ဖြစ်သည်၊၊
သို့သော် ဤတစ်ကြိမ်တွင်မူ ၎င်းသည် ဝေဝါးသောသံစဉ်တစ်ခုမျှသာမဟုတ်တော့ပေ၊၊ ထိုသံစဉ်ထဲတွင် ပေါင်းစပ်နေသော ရှေးဟောင်းစကားလုံးများကို သူ ခပ်ရေးရေးခွဲခြားနိုင်ခဲ့သည်၊၊
“ဒီည... နွေဦးရောက်လာပြီ... သူတို့ ပြန်လာကြပြီ...”
အသံထွက်မှာ ခေတ်ပေါ်စကားပြောများနှင့် ကွဲပြားသော်လည်း ဝမ်ရှန်းတွင် ရှေးဟောင်းကဗျာများကို ၎င်းတို့၏ မူလအသံထွက်အတိုင်း ရွတ်ဆိုပြဖူးသည့် ဗဟုသုတကြွယ်ဝသောဆရာတစ်ဦးရှိခဲ့ဖူးသည်၊၊
ထိုအသံတွင် ဝမ်းနည်းခြင်း သို့မဟုတ် ပူဆွေးခြင်းများမပါဝင်ဘဲ တိတ်ဆိတ်သော လွမ်းဆွတ်တမ်းတမှုတစ်ခုသာပါဝင်နေ၏၊၊
မျက်နှာပြင်က ပွင့်လာသည်၊၊ ကြီးမားပြီး တောက်ပသော လပြည့်ဝန်းကြီးက ကောင်းကင်တွင် ချိတ်ဆွဲထားသကဲ့သို့ မိုးကုပ်စက်ဝိုင်းကို စိုးမိုးထားသည်၊၊ ၎င်း၏အောက်တွင် တစ်ကိုယ်တည်းဖြစ်သော ခန့်ညားသည့် ပုံရိပ်တစ်ခုက ငြိမ်သက်စွာ ရပ်နေ၏၊၊ ကင်မရာထောင့်က သူမကို အောက်မှနေ၍ အပေါ်သို့ မော့ကြည့်သည့်အတိုင်း ရိုက်ကူးထားခြင်း ဖြစ်သည်၊၊
Chapter 130
လမင်းနှင့် ချီစွမ်းအင်၏ မြစ်ဖျားခံရာ
ကောင်းကင်နှင့် မြေကြီး၏ အထက်မြင့်မားသောနေရာတွင် လွင့်မျောလျက် သူမသည် လပြည့်ဝန်းကို မျက်နှာမူကာ တိတ်ဆိတ်စွာ သီချင်းဆိုနေသည်၊၊
သူမသည် တစ်စုံတစ်ခုကို တမ်းတနေတာလား၊၊ တစ်စုံတစ်ယောက်ကို လှမ်းခေါ်နေတာလား…၊၊
လရောင်လင်းသော ကောင်းကင်မှ နူးညံ့သောလေပြေတစ်ခုတိုက်ခတ်လာပြီး သူမ၏ ဆံပင်ရှည်များကို လှုပ်ခတ်သွားစေကာ ကောင်းကင်ဝတ်ရုံ၏ လွင့်မျောနေသော ဖဲကြိုးများကို အနည်းငယ်ယိမ်းနွဲ့သွားစေသည်၊၊
ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံးသော အသက်ရှုသံ၊၊
“လူသားတွေဟာ... အဆုံးမရှိဘူး...”
ထိုသီချင်းသံမှာ အိပ်မက်ဆန်လှသည်၊၊ ဝမ်ရှန်းသည် သူကိုယ်တိုင်လည်း ထိုတောက်ပသောလမင်းအောက်တွင် ရပ်နေပြီး ထိုအမျိုးသမီးကို မော့ကြည့်နေသကဲ့သို့ စိတ်ထဲတွင် နစ်မျောသွားရသည်၊၊
သူမသည် တကယ့် အင်မော်တယ်တစ်ဦးဖြစ်သည်၊၊ သူမတွင် ဘာဇာတ်လမ်းတွေ ရှိခဲ့လဲ၊၊ ဘယ်လိုဘဝမျိုးကို ဖြတ်သန်းခဲ့ရလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ၊၊
သူတို့သိထားသမျှမှာ သူမသည် အေးစက်ပြီးအထီးကျန်သောလကမ္ဘာထဲတွင် နှစ်ပေါင်းထောင်ချီကြာအောင် လှဲလျောင်းနေခဲ့သည်ဟူ၍သာ ဖြစ်သည်၊၊ သူမသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေတာလား၊၊ တစ်စုံတစ်ခုကို မျှော်လင့်နေတာလား၊၊
တကယ်လို့ သူမ သေဆုံးသွားပြီဆိုရင် ဘာဖြစ်လို့ရှိနေသေးတာလဲ၊၊
ဝမ်ရှန်းက ဖြည်းညှင်းစွာ မျက်စိမှိတ်လိုက်သည်၊၊ သံစဉ်က ပိုမိုရှင်းလင်းလာသည်နှင့်အမျှ သူ၏ စိတ်ကူးထဲတွင် ပုံရိပ်တစ်ခုပေါ်လာ၏၊၊ လွင့်မျောနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်မိမယ်တစ်ပါးကို သူမြင်လိုက်ရသည်၊၊ လက်ထဲတွင် ဓားတစ်စင်းကို ကိုင်ဆောင်လျက် သူမသည် လရောင်အောက်တွင် ကပြနေ၏၊၊
၎င်းက ဝေးကွာနေသကဲ့သို့ ခံစားရသော်လည်း ထင်ရှားလှသည်၊၊ မရှိနိုင်သကဲ့သို့ ဖြစ်သော်လည်း ငြင်းပယ်၍မရပေ၊၊ သူမသည် ဓားကို ကိုင်ဆောင်မထားသော်လည်း ဝမ်ရှန်းကမူ သူမ ကိုင်ထားသကဲ့သို့ ခံစားရသည်၊၊ သူမက မလှုပ်ရှားသော်လည်း သူ၏နှလုံးသားထဲတွင်မူ သူမသည် နွဲ့နှောင်းစွာကပြနေ၏၊၊
၎င်းမှာ သူမသည် သူ့ဘေးနားတွင် ချက်ချင်း ပေါ်လာပြီး သူ့ကို လှည့်ပတ်၍ ကပြကာ သူမ၏ ဓားမှတစ်ဆင့် သူ့ကို စကားပြောနေသကဲ့သို့ပင်။
ဤအချိန်မှာ ထိုအမျိုးသမီးသည် ဝမ်ရှန်း၏ စိတ်ကို လုံးဝဖမ်းစားသွားခဲ့သည်၊၊ သူ့ကိုယ်အတွင်းရှိ ဓားဆန္ဒနှစ်ခုသည် ကြိုးမျှင်နှစ်ခုလို ညင်သာစွာယိမ်းနွဲ့နေသော်လည်း ၎င်းတို့ မည်မျှပင်တုန်ခါနေပါစေ သူ့ကိုနိုးထလာအောင် မလုပ်နိုင်ခဲ့ကြပေ၊၊
အကယ်၍ ထိုအတိုင်းဆက်သွားမည်ဆိုရင် ဝမ်ရှန်းသည် နတ်ဘုရားတစ်ပါး၏ တာအိုနယ်ပယ်သဲလွန်စအချို့ကို ဖမ်းဆုပ်နိုင်သွားမိလိမ့်မည်၊၊ သို့သော် အမြုတေဖွဲ့စည်းခြင်းအဆင့်မှာတင် နတ်ဘုရားတစ်ပါး၏ နယ်ပယ်ကို နားလည်ရန် ကြိုးစားခြင်းသည် သေချာပေါက်တန်ဖိုးတစ်ခုပေးဆပ်ရပေလိမ့်မယ်၊၊ ထိုတန်ဖိုးက သူ နားလည်ထားပြီးသားဖြစ်တဲ့ ဓားဆန္ဒများ လုံးဝပျက်စီးသွားတာမျိုးလည်းဖြစ်နိုင်လေ၏၊၊
ဖြည်းဖြည်းချင်းဖြင့် ဝမ်ရှန်းသည် သတိမထားမိဘဲ သံစဉ်အတိုင်းလိုက်၍ ညည်းတွားမိသွားသည်၊၊ တစ်ခဏအတွင်းမှာပင် ခန်းမအတွင်းရှိ မျက်လုံးအားလုံးက သူ့ထံသို့ လှည့်လာကြ၏၊၊
မုရွှယ်က နားထောင်နေရုံဖြင့် လုံလောက်ကြောင်း သူ့ကိုသတိပေးရန် ရည်ရွယ်ချက်ဖြင့် သူ့အင်္ကျီလက်စကို ဆွဲလိုက်သည်၊၊ လိုက်၍ ညည်းတွားနေစရာမလိုဘူးလေ… ။အထူးသဖြင့် သူတို့သည် အဆက်အသွယ်အားသာချက်ကြောင့်သာ ဤနေရာသို့ရောက်ရှိနေခြင်းဖြစ်လေသည်၊၊
ဝမ်ရှန်းက မျက်လုံးဖွင့်လိုက်ပြီး ခေတ္တမျှကြောင်အမ်းသွားသည်၊၊ ထို့နောက် သူ၏ တာအိုနှလုံးသားက အနည်းငယ်တုန်ခါသွားပြီး သူ့ကို ထိုထင်ယောင်ထင်မှားဖြစ်မှုထဲမှ ဆွဲထုတ်လိုက်၏၊၊
ခုနကတင် သူသည် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားခဲ့ရသော်လည်း သူ၏ စိတ်ထဲမှပုံရိပ်များသည် လျင်မြန်တိတ်ဆိတ်စွာ မှေးမှိန်သွားခဲ့သည်၊၊ သူ ရရှိခဲ့သော နားလည်မှုများသည် ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားစဉ် ဓားမြည်သံနှစ်ချက်က သူ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏၊၊
ခဏအကြာတွင် ဝမ်ရှန်း နားလည်သွားသည်၊၊ သူ၏ ဓားတာအိုသည် နတ်မိမယ်၏ ညည်းတွားသံနှင့် အနည်းငယ်တုန်ခါမှုချင်း ထပ်တူကျသွားခြင်းဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်ကွာခြားချက်က ကြီးမားလွန်းလှသည်၊၊ သူ၏ နားလည်မှုများကို မထိန်းသိမ်းနိုင်ခဲ့ရုံသာမက ခုနက ၎င်းတို့သည် သူ၏ တာအိုနယ်ပယ်ကိုပင် အစိတ်စိတ်အမွှာမွှာဖြစ်လုနီးပါးဖြစ်စေခဲ့သည်၊၊
တာအိုဆရာကြီးတစ်ဦးက မုရွှယ်ကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်ကာ “မင်းက အခုပဲ ဒီကောင်လေးရဲ့ ကံအခွင့်အလမ်းကို ဖျက်ဆီးပစ်လိုက်မိပြီ မိန်းကလေး”
မုရွှယ်၏ မျက်နှာဖြူလျော်သွား၏၊၊ သူမက နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ဝမ်ရှန်းကို နက်ရှိုင်းသော အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်၊၊
ဝမ်ရှန်းက မုရွှယ်၏မျက်လုံးများကိုကြည့်ကာ ညင်သာစွာပြုံးပြလိုက်သည်၊၊
“အဆင်ပြေပါတယ်၊၊ ငါ့ရဲ့ တာအိုနယ်ပယ်က သိပ်မခိုင်မာသေးဘူး၊၊ အဲဒါက ငါ့ကို ဆွဲဆောင်သွားပေမဲ့ ငါ့ကို ကြီးမားတဲ့ အန္တရာယ်ထဲလည်းတွန်းပို့ခဲ့တယ်၊၊ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပါ”
“အင်း… အဲဒါလည်းလုံးဝမမှားပါဘူး”
တာအိုဆရာကြီးအချို့က မှတ်ချက်ချကြပြီး ယခုအခါ ဝမ်ရှန်းကို အသိအမှတ်ပြုသောမျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်၊၊
ဗီဒီယိုက ဆက်လက်ပြသနေပြီး သီချင်းညည်းသံကလည်း ပြတ်တောက်မသွားပေ၊၊ ဝမ်ရှန်းသည် ထိုနက်နဲသော အခြေအနေထဲသို့ ထပ်မံမကျဆင်းစေရန်အတွက် ၎င်း၏ လမ်းညွှန်မှုနောက်သို့ မလိုက်ဘဲ တမင်တကာရှောင်ရှားလိုက်သည်၊၊
မုရွှယ်၏ မျက်ဝန်းထဲတွင် အပြစ်ရှိစိတ်များကျန်ရှိနေသေးသည်ကို သတိပြုမိသဖြင့် သူမကို ထပ်မံနှစ်သိမ့်ပေးချင်သော်လည်း ယခုက စကားပြောရန် သင့်တော်သောအချိန်မဟုတ်ပေ၊၊ သူမဘာသာ စိတ်သက်သာရာရအောင် လုပ်ရပေလိမ့်မည်၊၊
ရှေးဟောင်းသံစဉ်ကို ဆယ်မိနစ်ကျော်နားထောင်ပြီးနောက် ရုပ်သံမှတ်တမ်းက တုန်ခါသွားသည်၊၊
“နောက်တစ်ခုကတော့ စက္ကန့်ပိုင်းလောက်ပဲကြာတဲ့ ဒရုန်းရိုက်ကူးချက်ပဲ၊၊ ကျုပ်တို့ရဲ့ ဒရုန်းက သူမနားကို အရမ်းကပ်သွားတဲ့အခါတိုင်း ထိန်းချုပ်မှုလွတ်သွားတတ်တယ်”
သူ စကားပင်မဆုံးသေးမီ မျက်နှာပြင်က အရှေ့တည့်တည့်မြင်ကွင်းသို့ ပြောင်းလဲသွားသည်၊၊ ဒရုန်းက ထိုအမျိုးသမီး၏ အနားသို့ တည့်တည့်ပျံသန်းသွားပြီး သူမ၏ မှင်သက်ဖွယ်ကောင်းလှသော မျက်နှာ၊ ပြည့်စုံလုနီးပါးရှိသော ခန္ဓာကိုယ်ကောက်ကြောင်းနှင့် သူမ၏ အရေပြားမှ ထွက်ပေါ်နေသော နူးညံ့ပြီး တောက်ပသည့် အလင်းရောင်တို့ကို အလွန်ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားသည်၊၊
တာအိုဆရာကြီးများသည် မျက်နှာပြင်ပေါ်သို့ မျက်လုံးများမခွာတမ်းစိုက်ကြည့်နေကြစဉ် ထောင့်တစ်နေရာမှ အသံတစ်ခုကို ကြားလိုက်ရသည်၊၊ သူတို့အားလုံး တစ်ပြိုင်နက်တည်း ဝမ်ရှန်းထံသို့ လှည့်ကြည့်လိုက်ကြ၏၊၊
သူ၏ ဘီးတပ်ကုလားထိုင်မှာ စားပွဲဆီသို့ နောက်ပြန်တွန်းပို့ခြင်းခံထားရပြီး ယခုအခါ သူသည် မျက်လုံးများ ပြူးကျယ်လျက် လက်မောင်းနှစ်ဖက်ဖြင့် ကိုယ်ကိုထောက်ကန်ကာ မတ်တပ်ရပ်နေသည်၊၊ အစောပိုင်းက သူပြသခဲ့သောတည်ငြိမ်မှုများမှာ လုံးဝပျေက်ကွယ်သွားခဲ့ပြီ ဖြစ်သည်၊၊
စီနီယာအစ်မလား...၊၊ မဟုတ်ဘူး... မတူဘူး ထင်တယ်၊၊ သူတို့ရဲ့ မျက်ခုံးတွေကပဲ နည်းနည်း ဆင်တူတာ...၊၊
ဝမ်ရှန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်၊၊ အနီးကပ်သေချာကြည့်လိုက်သောအခါ ထိုအမျိုးသမီးနှင့် သူ၏ စီနီယာအစ်မက ရုပ်ချင်းထပ်တူမကျကြောင်း သူသတိပြုမိသွားသည်၊၊ ၎င်းမှာ သူတို့ ပေးစွမ်းသည့် အရှိန်အဝါချင်းဆင်တူနေခြင်းသာဖြစ်၏၊၊
“ဖေးယွီ… မင်း ဘာဖြစ်လို့လဲ”
“မင်း ခြေထောက်ဒဏ်ရာရထားတာလေ ကောင်လေး… ဘာလို့ထိုင်မနေတာလဲ”
“ဗီဒီယိုထဲက လူကို မင်း မြင်ဖူးလို့လား”
ထိုအမျိုးသမီးအလောင်းကို သူ၏ စီနီယာအစ်မဟု လူမှားသွားသဖြင့် ဝမ်ရှန်းမှာ အလွန်အမင်းလန့်ဖျပ်သွားပြီး စားပွဲပေါ်သို့ပင် ခုန်တက်မိလုနီးပါးဖြစ်သွားခဲ့သည်၊၊
ကံကောင်းထောက်မစွာဖြင့် ကျိုးနေသောခြေထောက်ကြောင့် သူ ဇွတ်အတင်းမလှုပ်ရှားမိဘဲ ထိန်းလိုက်နိုင်၏၊၊
“တောင်းပန်ပါတယ်၊၊ ကျွန်တော် နတ်မိမယ်ရဲ့ အလှကို ငေးမောပြီးစိတ်လွတ်သွားလို့ပါ”
စားပွဲရှိ အထူးပုဂ္ဂိုလ်ကြီးများအုပ်စုလည်း ချက်ချင်းပင် နားလည်မှုရှိစွာ ပြုံးလိုက်ကြသည်၊၊
သူက အခြေအမြစ်မရှိဘဲ လူမှားမိခြင်းဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် သူ၏ စီနီယာအစ်မအကြောင်းကိုထုတ်ပြော၍မရသည်မှာ သဘာဝပင်ဖြစ်သည်၊၊ သူမကို သုတေသနဌာနကမလိုအပ်ဘဲ အာရုံစိုက်လာမည့်ကိစ္စမျိုး သူမလိုလားပေ၊၊
မုရွှယ်က သူ့ဘီးတပ်ကုလားထိုင်ကို တည့်မတ်ပေးပြီးဖြစ်သဖြင့် ဝမ်ရှန်းက အားနာသလိုပြုံးပြလိုက်ပြီး နောက်ထပ်ရုန်းရင်းဆန်ခတ်မဖြစ်အောင် သတိထားရင်းပြန်ထိုင်လိုက်သည်၊၊
သို့သော်လည်း သူသည် ဖုန်းကိုထုတ်ကာ စီနီယာအစ်မအတွက် သီးသန့်ထားသည့် အထူးဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ပြီး ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသည့် သူမ၏ပုံနှင့် နတ်မိမယ်အလောင်း၏မျက်နှာကို မနှိုင်းယှဉ်ဘဲ မနေနိုင်ခဲ့ပေ၊၊
ပထမဆုံးတစ်ချက်ကြည့်လိုက်စဉ်က လူမှားလွယ်သော်လည်း အနီးကပ်သေချာစစ်ဆေးကြည့်သောအခါ တဖြည်းဖြည်းနှင့် တူညီမှုမရှိတော့ကြောင်းတွေ့ရသည်၊၊
မျက်ခုံးတင်မကဘဲ နှုတ်ခမ်းပုံသဏ္ဍာန်နှင့် နားရွက်ကောက်ကြောင်းများကပါ ကွဲပြားနေခြင်းဖြစ်၏၊၊ သို့သော်လည်း ထိုရုပ်သွင်များ စုစည်းသွားသည့်အခါ သူတို့နှစ်ဦးစလုံးတွင် တူညီသောအော်ရာ၊ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တူညီသော နတ်သမီးဆန်သည့် အရှိန်အဝါမျိုးရှိနေကြသည်၊၊
ဖြစ်နိုင်သည်မှာ အင်မော်တယ်များအားလုံးတွင် တစ်ဦးနှင့်တစ်ဦးတူညီသော အမူအရာစရိုက်လက္ခဏာမျိုးရှိနေကြခြင်းဖြစ်လိမ့်မည်၊၊
သေချာစွာနှိုင်းယှဉ်ပြီးနောက် ထိုအမျိုးသမီးအလောင်းသည် သူ၏ စီနီယာအစ်မနှင့် ဘာမှမပတ်သက်ကြောင်း ဝမ်ရှန်း ကောက်ချက်ချလိုက်သည်၊၊ သူက ထိုအခိုက်အတန့်တွင် စိတ်ခံစားချက်လွန်ကဲသွားခဲ့ခြင်းသာဖြစ်၏၊၊
“တာအိုဆရာဝမ်” မုရွှယ်က တိုးတိုးလေး မေးလာသည်၊၊
“အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်”
ဝမ်ရှန်းက သူမကို တိတ်တိတ်နေရန်အချက်ပြလိုက်သည်၊၊ မုရွှယ်က မျက်တောင်ခတ်ပြပြီးနောက် သူမ၏ ဒေါင့်စွန်းနေရာတွင် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်၏၊၊
ဗီဒီယိုနှင့် ပရော်ဖက်ဆာမာ၏ ရှင်းလင်းချက်ကြောင့် ချီစွမ်းအင်များအဘယ်ကြောင့်ပြန်လည်ရောက်ရှိလာရသနည်းဟူသော အကြောင်းရင်းကို ဝမ်ရှန်း နောက်ဆုံးတွင်သိရှိသွားခဲ့ရသည်၊၊ ထိုအမျိုးသမီးအလောင်းက လကမ္ဘာမှနေ၍ ချီစွမ်းအင်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်၏၊၊
မီးထွန်းပွဲတော်ညတွင် ထိုအလောင်းသည် ပိတ်လှောင်ထားသော အခန်းထဲမှ ရုန်းထွက်ကာ မြေအောက်မီတာရာချီအနက်ရှိသောမြေထုကို အားစိုက်စရာမလိုဘဲ ဖောက်ထွင်းပြီး ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်၊၊ သူမက လမင်းကြီးကို မျက်နှာမူကာ သီချင်းဆိုခဲ့ပြီး လမင်းကြီးထံမှ ချီစွမ်းအင်များ တဟုန်ထိုးထွက်ပေါ်လာကာ ကမ္ဘာမြေ၏ ထောင့်စွန်းနေရာတိုင်းသို့ စီးဆင်းသွားခဲ့ခြင်း ဖြစ်သည်၊၊
သို့သော်လည်း လပေါ်တွင် အတိအကျဘာရှိနေသနည်း၊၊ ထိုအမျိုးသမီးအလောင်းက ချီစွမ်းအင်ကို ဘယ်လိုဆင့်ခေါ်နိုင်တာလဲ၊၊ ချီစွမ်းအင်က လကမ္ဘာမှ ကမ္ဘာမြေသို့ ကီလိုမီတာသိန်းချီအကွာအဝေးကို ဘယ်လိုဖြတ်ကျော်လာသနည်း၊၊ ဒါဟာ ဒြပ်ဆွဲအားသက်သက်ကြောင့်ပဲလားဆိုသည်ကိုမူ ပရော်ဖက်ဆာမာက ဖြေကြားခြင်းမရှိခဲ့ပေ၊၊ ထိုသို့သောအကြောင်းအရာများကိုရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိဖြင့် သူက အင်မော်တယ်အလောင်း၏ သုတေသနရှာဖွေတွေ့ရှိချက်များကိုသာ ဆက်လက်ဆွေးနွေးခဲ့သည်၊၊
မေးခွန်းတစ်ခုကို ဖြေကြားပြီးသွားသော်လည်း အခြားမေးခွန်းသစ်အမြောက်အမြားပေါ်ထွက်လာပြန်သည်၊၊ ဝမ်ရှန်း ခါးသီးစွာ ပြုံးလိုက်မိ၏၊၊ လက်ရှိတွင် သူသည် စူးစမ်းလိုစိတ်ကို ဖိနှိပ်ထားပြီး သူ့၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရမည် ဖြစ်သည်၊၊ တကယ်လို့ သူ၏ စွမ်းရည်က ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားပါက တစ်နေ့တွင် ထိုအဖြေများကို သူကိုယ်တိုင်ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်၊၊
ဆွေးနွေးပွဲတစ်လျှောက်တွင် သုတေသနဌာန၏ ခေါင်းဆောင်များထဲမှ မည်သူမျှ အရေးကြီးသောအချက်အလက်တစ်ခုဖြစ်သည့် ထိုအမျိုးသမီးအလောင်း၏ လက်ရှိတည်နေရာကို ထည့်သွင်းပြောကြားခြင်းမရှိခဲ့ကြပေ၊၊ တာအိုဆရာကြီးတစ်ဦးက ထိုအကြောင်းကို တိုက်ရိုက်မေးမြန်းခဲ့သော်လည်း ပရော်ဖက်ဆာမာက “အဲဒီအချက်အလက်က လျှို့ဝှက်ချက်ပါ၊၊ ကျုပ်တို့က ဌာနခွဲတစ်ခုသက်သက်ပဲဆိုတော့ အဲဒါကိုသိခွင့်မရှိပါဘူး”
Paid Group စုံစမ်းလိုပါက- @Jun31z