အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) စုန့်ဟွာမြစ်ပေါ်ရှိ ရေခဲပြင်ငါးဖမ်းခြင်း၊ ဆယ်ကျင်းအလေးချိန်ရှိသော ငါးကြင်းကြီးတစ်ကောင်
လီလန်၏ ပါးနှစ်ချက်ရိုက်ခြင်းကို ခံလိုက်ရပြီးနောက် စွန်းရှန်ရီသည် အရှက်ကွဲသွားလေသည်။ သူသည် ခြိမ်းခြောက်စကားဆိုကာ အခြားပညာတတ်လူငယ်များနှင့်အတူ ထွက်ပြေးသွားတော့၏။
"မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့..."
"ဟွန့်... မင်းတို့လို ကောင်လေးတွေက အစ်ကိုလန်ကို ပြဿနာရှာနိုင်မယ် ထင်နေတာလား..."
"ငါ့အစ်ကိုရလန်က မင်းတို့အားလုံးကို လက်တစ်ဖက်တည်းနဲ့တောင် အနိုင်ယူနိုင်တယ်ကွ..."
ကျန်းဝေ့ကော်က ဘေးနားမှနေ၍ အော်ဟစ်လိုက်သည်။
"ဝေ့ကော်... တော်လောက်ပြီ... ဒီလူရွှင်တော်တွေကို လျစ်လျူရှုပြီး အလုပ်ပြန်လုပ်ကြရအောင်..."
စွန်းရှန်ရီနှင့် သူ၏အုပ်စု ထွက်ပြေးသွားသည်ကို ကြည့်ရင်း လီလန်က စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။
မူလက သူသည် လုအန်းနာအပေါ် မည်သည့်ခံစားချက်မျှ မရှိခဲ့သော်လည်း စွန်းရှန်ရီကမူ ပေကျင်းမှ ပညာတတ်လူငယ်တစ်ဦးဟူသော ဂုဏ်ပုဒ်ကို အားကိုးကာ မိမိကိုယ်မိမိ အထက်တန်းကျသည်ဟု မှတ်ယူထားပြီး သူ၏ အဆင့်အတန်းနှင့် ပညာရေးကို အသုံးပြု၍ လီလန်အား ဖိနှိပ်ကာ လုအန်းနာနှင့် ဝေးဝေးနေစေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် လီလန်က မည်သူမည်ဝါဖြစ်ကြောင်းကိုပင် မသိကြလေသလော။
စွန်းရှန်ရီသည် သူ၏ စွမ်းဆောင်နိုင်ရည်ထက် ပိုမိုကြီးမားသောအရာကို အမှန်တကယ်ပင် ရန်စမိသွားပြီဖြစ်သည်။
အင်အားကြီးမားသော နဂါးတစ်ကောင်ပင်လျှင် ဒေသခံ မြွေတစ်ကောင်ကို မဖိနှိပ်နိုင်ပေ။
ထို့အပြင် ရွှမ်းရွှေရွာ၌ လီလန်သည်သာ အစစ်အမှန် နဂါးဖြစ်ပေသည်။
"နာမည်ကလည်း ဆိုးရွားလိုက်တာ... နေမင်းဆီသို့တဲ့... နေမင်းဆီသို့တဲ့... သူက သစ္စာဖောက် ဒါမှမဟုတ် ဂျပန်မိစ္ဆာတွေရဲ့ လက်ပါးစေဖြစ်နေလို့လား... ငါ့အဘိုးခေတ်မှာဆိုရင်တော့ သူက လုံးဝ သစ္စာဖောက်ပဲ..."
ဘေးနားတွင် ကျန်းဝေ့ကော်က ရေခဲဖောက်တံဖြင့် ရေခဲပြင်ကို အပေါက်ဖောက်နေရင်း ညည်းညူနေလေသည်။
လီလန်က ရယ်မောလိုက်သည်။
"ဝေ့ကော်... မြို့ကပညာတတ်လူငယ်တွေအပေါ် ဘက်လိုက်တဲ့ အမြင်မျိုး မထားပါနဲ့... ပညာတတ်တိုင်း စာရိတ္တကောင်းမယ်လို့ မဆိုလိုဘူး... ဒီကမ္ဘာပေါ်မှာ ဟန်ဆောင်ကောင်းတဲ့ သူတွေက ဟေးလုံပေါ်က ခွေးမွေးတွေလောက်တောင် များပြားလှတယ်..."
"ဟေး... အစ်ကိုလန်... အစ်ကိုက ဘယ်အချိန်ကတည်းက ဒီလောက် ပညာတတ်သွားရတာလဲ... အစ်ကိုပြောနေတာတွေကို ကျွန်တော် နားမလည်နိုင်ဘူး..."
"ငါက ပညာတတ်လူငယ်တွေဆီကနေ သင်ယူထားတာလေ... ဆရာမတုံကို မင်းအတွက် ပညာတတ် မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးခိုင်းရမလား..."
"ဟင့်အင်း... မလုပ်ပါနဲ့... မိန်းမတွေက ပြဿနာအရမ်းများတယ်..."
"..."
လုံမင်မြစ်၏ တစ်ဖက်ကမ်း၌။
၎င်းသည် စန်းဟော့ရွာနှင့် နီးကပ်စွာ တည်ရှိသည်။
"ဘာတွေဖြစ်နေတာလဲ... ရွှမ်းရွှေရွာက ပညာတတ်လူငယ်တွေက ဘာလို့ တစ်ယောက်ယောက်နဲ့ ငြင်းခုံနေကြတာလဲ..."
ငွေရောင်ဆံပင်များ အပြည့်ရှိသော အဘိုးအိုတစ်ဦးသည် ငါးမျှားတံကို ကိုင်ဆောင်ထားရင်း စွန်းရှန်ရီနှင့် သူ၏အုပ်စုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေလေသည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ..."
"ကျွတ်ကျွတ်... အဲ့ပညာတတ်လူငယ်တွေ... စွန်းရှန်ရီက ပြဿနာရှာစရာ လူရှားလို့ လီလန်ကိုမှ သွားရန်စရတယ်လို့... ဒီမြို့က ကလေးတွေကတော့ ပျားအုံကိုမှ အမှန်တကယ် သွားထိုးမိကြပြီပဲ..."
"ဟလား... ဘာဖြစ်လို့လဲ..."
ဟူရွှယ်ယန်က စိတ်ဝင်စားသွားလေသည်။
သူသည် စွန်းရှန်ရီကို သိရှိပေသည်။ ထိုလူငယ်မှာ ရွှမ်းရွှေရွာသို့ စေလွှတ်ခံရသော ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး ပေကျင်းမှ လာသည်ဟုလည်း သူ ကြားဖူးထားလေသည်။
စွန်းရှန်ရီ တမင်သက်သက် ရန်စခဲ့သော လူငယ်မှာမူ သူ မမှတ်မိသည့် လူတစ်ဦး ဖြစ်နေသည်။
သူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ အနီးနားရွာမှ မုဆိုးတစ်ဦးဖြစ်ရပေမည်။
ပေကျင်းမှ ကျေးလက်သို့ စေလွှတ်ခံရသော လူငယ်ပညာတတ်တစ်ဦးသည် တောင်ပေါ်ရွာလေးမှ မုဆိုးတစ်ဦးကို ပြဿနာရှာရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး ပျားအုံကို သွားတုတ်မိသကဲ့သို့ ဖြစ်သွားရသနည်း။
ထိုအဘိုးအိုသည် နားမလည်နိုင်သော်လည်း လူငယ်မုဆိုးလေးအကြောင်းကို အလွန် သိချင်နေခဲ့သည်။
"သူ့နာမည်က လီလန်တဲ့... မကြာသေးခင်က ရွှမ်းရွှေရွာမှာ တော်တော်လေး နာမည်ကြီးလာတဲ့သူပေါ့..."
"လီလန်... ငါ အဲ့ဒီနာမည်ကို ကြားဖူးပါတယ်..."
ဟူရွှယ်ယန်က ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သည်။
"အာ... ငါ အခု မှတ်မိပြီ... ယွမ်(၁၀၀) တင်တောင်းစရိတ်ကိစ္စ မဟုတ်လား..."
"ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒါ သူပဲ... စေ့စပ်ထားတာကို လမ်းခွဲခဲ့တဲ့ ကောင်လေးလေ..."
ဤဒေသရှိ ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ အလွန်နီးကပ်ကြပြီး အပြန်အလှန် ဆက်သွယ်မှု သမိုင်းကြောင်းများလည်းရှိကြသည်။ သူတို့မှာ အများအားဖြင့် ဆွေမျိုးများဖြစ်ကြပြီး သတင်းများကိုလည်း မျှဝေတတ်ကြ၏။
ကျေးရွာတစ်ရွာတွင် ကြီးမားသည့် ကိစ္စရပ်တစ်ခုခု ဖြစ်ပွားပါက သို့မဟုတ် အတင်းအဖျင်း တစ်ခုခုရှိပါက ၎င်းသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဆီသို့ အချိန်တိုအတွင်း ပျံ့နှံ့သွားလေ့ရှိသည်။
"ဒီလူငယ်လေးက တော်တော်လေး ကောင်းပါတယ်... သူက စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ဦးဆောင်ရဲတယ်... ပြီးတော့ သူက နှိမ့်ချလွန်းတာမျိုး မရှိသလို မာနကြီးလွန်းတာမျိုးလည်း မရှိဘူး..."
ဟူရွှယ်ယန်က ခေါင်းညိတ်လိုက်သည်။
ရွာတွင် ယခုအခါ ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်နေပြီး လူတိုင်း ရုန်းကန်နေရသည်။ မိသားစုတစ်စု အိမ်ထောင်ပြုမည့်အချိန်တွင် သူတို့က ယွမ် (၁၀၀)ကို ချက်ချင်း တောင်းဆိုနေကြခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအရာက သူတစ်ပါး၏ အခက်အခဲကို အခွင့်ကောင်းယူနေခြင်းပင် ဖြစ်ပေသည်။
အကယ်၍ အမျိုးသားဖြစ်သူက တကယ်ပဲ စကားနားထောင်ပြီး ထိုယွမ်(၁၀၀)ကို တင်တောင်းစရိတ်အဖြစ် ပေးလိုက်မည်ဆိုပါက သူ့ကို ဦးနှောက်မရှိသူ သို့မဟုတ် အရူးတစ်ယောက်အဖြစ်သာ သတ်မှတ်နိုင်ပေမည်။
သို့သော် သူက ငြင်းဆန်ကာ တောင်းရမ်းလက်ဖွဲ့များကို ပြန်လည်ရယူပြီး စေ့စပ်ထားခြင်းကို ဖျက်သိမ်းလိုက်မည်ဆိုပါက သူသည် ဉာဏ်ရည်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းကာ ပြတ်သားသည့် အစစ်အမှန် ယောကျ်ားကောင်းတစ်ယောက် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ချမ်းသာခြင်းနှင့် အရူးဖြစ်ခြင်းဆိုသည်မှာ မတူညီသော အရာနှစ်ခုသာ ဖြစ်သည်။
ဟူရွှယ်ယန်သည် စန်းဟော့ရွာတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။ နှစ်ကာလများတစ်လျှောက် သူသည် နိုင်ငံအနှံ့ ခရီးလှည့်လည်ကာ နိုင်ငံခြား ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ကြီးမားသော စည်းစိမ်ချမ်းသာများကို စုဆောင်းနိုင်ခဲ့လေသည်။
သူ၏ထံတွင် တင်တောင်းစရိတ်အတွက် ယွမ်(၁၀၀) မကလို့ ထိုကျိန်စာသင့်နေသည့် "အဝိုင်းသုံးမျိုး အသံတစ်မျိုး" ကိုလည်း သူ တတ်နိုင်ပေသည်။ သို့သော် သူ၏သားဖြစ်သူက ထိုမိန်းမ၏ စကားကို နားထောင်ကာ တင်တောင်းစရိတ်အဖြစ် ယွမ်(၁၀၀) ထုတ်ပေးလိုက်မည်ဆိုပါက သူ့အနေဖြင့် အလကားပေးလိုက်သကဲ့သို့သာ ဖြစ်သွားပေမည်။
ဟူရွှယ်ယန်သည် သူ၏လူများကို သားဖြစ်သူ၏ ခြေထောက်များအား ရိုက်ချိုးပစ်ရန် ချက်ချင်း အမိန့်ပေးလိုက်ပေမည်။
သူသည် ငွေကြေးပြတ်လပ်နေသူ မဟုတ်ပေ။ မသန်စွမ်းဖြစ်နေသော သားတစ်ယောက်ကို တစ်သက်လုံး ထောက်ပံ့ပေးထားနိုင်စွမ်း ရှိသည်။
သို့သော် သူသည် ဤကဲ့သို့ မျက်နှာအပျက်ခံ၍တော့ မရနိုင်ပေ။
"ပြီးတော့ရော..."
ငါးမျှားတံကို ကိုင်ထားရသဖြင့် လက်မောင်းညောင်းလာသောအခါ ဟူရွှယ်ယန်သည် လက်တစ်ဖက် ပြောင်းကိုင်လိုက်လေသည်။
စေ့စပ်ထားခြင်းကို ဖျက်သိမ်းလိုက်သည်ဟူသော အချက်သက်သက်က ဟူရွှယ်ယန်ကို ထိုမျှလောက် အံ့ဩသွားစေမည် မဟုတ်ပေ။ အလွန်ဆုံး လီလန်အပေါ် အနည်းငယ် အထင်ကြီးလေးစားမှု ဖြစ်ပေါ်သွားရုံသာ ရှိပေမည်။
"ဦးလေးဟူ... မကြာသေးခင်က ရွှမ်းရွှေရွာမှာ မုဆိုးအဖွဲ့သစ်တစ်ခု ဖွဲ့စည်းလိုက်တာကို ခင်ဗျား သိလား..."
"ငါ သိတယ်..."
ဟူရွှယ်ယန်က ခေါင်းညိတ်ပြလိုက်သည်။
သူ ငယ်ရွယ်စဉ်က သားကောင်ရေခွံများ ဝယ်ယူရန် အနီးနားရှိ ကျေးရွာများစွာသို့ မကြာခဏ သွားရောက်ခဲ့ဖူးသည်။ သူသည် ထိုမုဆိုးအဖွဲ့များနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပြီး မုဆိုးအဖွဲ့ခေါင်းဆောင်များမှာ သားရေခွံများ ရောင်းချနိုင်ရန်အတွက် သူ့ကို မကြာခဏ ကျွေးမွေးဧည့်ခံလေ့ ရှိကြသည်။
"ရွှမ်းရွှေရွာမှာ စုစုပေါင်း မုဆိုးအဖွဲ့ ကိုးဖွဲ့ရှိတယ်လို့ ငါ မှတ်မိတယ်... မဟုတ်ဘူးလား..."
"ဟုတ်တယ်... အခု ၁၀ ဖွဲ့ ဖြစ်သွားပြီ..."
"အသစ်ဖွဲ့လိုက်တဲ့အဖွဲ့ကို မီးနဂါးမုဆိုးအဖွဲ့လို့ ခေါ်တယ်... ပြီးတော့ အဖွဲ့ခေါင်းဆောင်က အဲ့ကောင်လေးပဲ..."
"လီလန်လား..."
ဟူရွှယ်ယန်က အနည်းငယ် အံ့ဩသွားလေသည်။
သူသည် လူကဲခတ်ကောင်းသူ တစ်ယောက်ဖြစ်သည်။ ထိုကောင်လေး လီလန်မှာ အလွန်ဆုံးမှ အသက် (၂၀) အောက်သာ ရှိဦးမည်ဖြစ်သည်။ အသက် (၂၀) အောက်နှင့်ပင် မုဆိုးအဖွဲ့၏ ခေါင်းဆောင် ဖြစ်နေပြီလော။
"သူ့အသက်အရွယ်မှာဆိုရင် ငါတို့ရွာက မုဆိုးအဖွဲ့ခေါင်းဆောင်တွေတောင် ခေါင်းဆောင် မဖြစ်ကြသေးဘူး မဟုတ်လား..."
အသက် (၂၀)အရွယ်တွင် သူသည် အတွေ့အကြုံမရှိသေးသော မုဆိုးပေါက်စ၊ သေနတ်ကိုပင် ကောင်းကောင်း မကိုင်တွယ်ဖူးသေးသော လူသစ်တစ်ဦးသာ ဖြစ်ခဲ့သည်။ တောင်ပေါ်တွင် တောယုန်အနည်းငယ်နှင့် မိုးပျံနဂါး အနည်းငယ်ကို ဖမ်းမိလျှင်ပင် သူ ကံကောင်းနေပြီ ဖြစ်သည်။
*ခေါင်းဆောင်တဲ့လား... ဘာတွေ တွေးနေတာလဲ... အဲ့ဒါဖြစ်ဖို့အတွက် ဆယ်စုနှစ်တစ်ခုကျော် မုဆိုးအတွေ့အကြုံ ရှိဖို့ လိုအပ်တယ်လေ…*
အကယ်၍ စွမ်းဆောင်ရည် ရှိနေလျှင်ပင် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် မလွယ်ကူပေ။ ခေါင်းဆောင်မှုစွမ်းရည်၊ သေနတ်ပစ်စွမ်းရည်၊ အမဲလိုက်သည့် အတွေ့အကြုံ စသည်ဖြင့် ကဏ္ဍတိုင်းတွင် အကောင်းဆုံးဖြစ်ရန် လိုအပ်ပေသည်။
အသက် (၂၀) အရွယ်တွင် မုဆိုးအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေခြင်းမှာ အံ့မခန်းပင် ဖြစ်သည်။
"မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်..."
ဟူရွှယ်ယန်သည် အရာများစွာကို တွေ့မြင်ခဲ့ဖူးသူ တစ်ဦးဖြစ်သော်လည်း ယခုကဲ့သို့သော ကိစ္စမျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
"ကျွန်တော် ဦးလေးဟူကို မလိမ်ရဲပါဘူး..."
"ဒီကောင်လေးက တော်တော်ပြတ်သားတဲ့လူပဲ... သူ အဖွဲ့ခေါင်းဆောင် ဖြစ်ခါစမှာပဲ သူတို့ရွာက တစ်ယောက် တောင်ပေါ်တက်ပြီး ပျောက်သွားခဲ့တယ်... သူက လူတွေကို ဦးဆောင်ပြီး တောင်ပေါ်တက်သွားရုံတင်မကဘဲ လူကိုလည်း ပြန်ရှာတွေ့ခဲ့သလို အလေးချိန် (၆၀၀)ကျင်းရှိတဲ့ သင်းကွဲတောဝက်ကြီးကိုလည်း ပစ်သတ်နိုင်ခဲ့တယ်..."
"ဘာ..."
ဤတစ်ကြိမ်တွင်မူ ဟူရွှယ်ယန်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားတော့သည်။
အလေးချိန် ကျင်း (၆၀၀)ကျော်ရှိသော သင်းကွဲတောဝက်ကြီးဆိုသည်မှာ တောဝက်ဘုရင်ကြီးတစ်ကောင်သာ ယှဉ်နိုင်မည့်အရာဖြစ်သည်။ စန်းဟော့ရွာရှိ အကျွမ်းကျင်ဆုံး မုဆိုးပင်လျှင် ၎င်းကို ဖမ်းဆီးနိုင်ရန်အတွက် လူတစ်ဒါဇင်နှင့် အမဲလိုက်ခွေး တစ်ဒါဇင်ခန့် လိုအပ်ပေမည်။
"ဒီကောင်လေးက တကယ်ပဲ အဲ့ဒီလောက် အံ့မခန်းဖြစ်နေတာလား..."
ဟူရွှယ်ယန်သည် ခေါင်းလှည့်ကာ ငါးမျှားတံကို တပ်ဆင်၍ ငါးစာတပ်နေသော လီလန်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း အမြန်ပင် အကြည့်လွှဲလိုက်လေသည်။
"အဲ့ငါးမျှားတံက မဆိုးပါဘူး... အခြေအနေက လက်ခံနိုင်စရာပဲ... ဒါပေမဲ့ အဲ့ဒါ သူ့ဟာ ဖြစ်ပုံမရဘူး..."
ထိုငါးမျှားတံမှာ အနည်းငယ် ခေတ်နောက်ကျနေပြီး လူငယ်များ ကြိုက်နှစ်သက်မည့် ပုံစံမျိုး မဟုတ်ပေ။
ဟူရွှယ်ယန်သည် အလွန်အမင်း အလေးအနက် မထားတော့ဘဲ လီလန်အနေဖြင့် အသစ်အဆန်းတစ်ခုခုကို ရှာဖွေလို၍သာ လုံမင်မြစ်သို့ ငါးလာဖမ်းခြင်းဖြစ်မည်ဟု ယူဆလိုက်လေသည်။
သို့သော် လုံမင်မြစ်အတွင်း ငါးဖမ်းရန်မှာ ထိုမျှ မလွယ်ကူပေ။
ယနေ့ လုံမင်မြစ်ရှိ ဤရေခဲပြင်ငါးဖမ်းခရီးစဉ်တွင် လူဒါဇင်ပေါင်းများစွာအနက် အဘိုးအိုဟူ တစ်ယောက်သာ နှစ်ကျင်း အလေးချိန်ရှိသော ကျိယွီငါးကြင်းတစ်ကောင်ကို ကံကောင်းထောက်မစွာ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ သူ၏ အလွန်ကောင်းမွန်သော ငါးဖမ်းစွမ်းရည်ကြောင့်သာဖြစ်ပြီး အကယ်၍ အခြားလူတစ်ယောက်သာဆိုပါက မည်သို့ဖြစ်မည်ကို ပြောရန် ခက်ခဲပေသည်။
"ဦးလေးဟူ... ငါးမိပြီ... ငါးတစ်ကောင် ငါးစာကို ဟပ်သွားပြီ..."
ဟူရွှယ်ယန်သည် လီလန်ထံမှ အကြည့်လွှဲလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ငါးမျှားတံပေါ်တွင် ဆွဲအားတစ်ခုကို ခံစားလိုက်ရပြီး ငါးမျှားကြိုးမှာလည်း တင်းမာသွားတော့သည်။
"ငါးမိသွားပြီပဲ..."
အဘိုးအိုသည် သူ၏ ငါးမျှားတံကို မတင်လိုက်ရာ သုံးကျင်းအလေးချိန်ရှိသော ငါးကြင်းတစ်ကောင်ကို ဖမ်းမိသွားလေသည်။
"အို... ဦးလေးဟူပဲဖြစ်ရမယ်... သူ နောက်ထပ် ငါးတစ်ကောင် ဖမ်းမိပြန်ပြီ..."
"ဘုရားရေ... ဒီငါးက အကြီးကြီးပဲ... အနည်းဆုံး သုံးကျင်းလောက်တော့ လေးရမယ်..."
"ငါးဖမ်းတဲ့ကိစ္စနဲ့ ပတ်သက်လာရင် စန်းဟော့ရွာက အဘိုးဟူကိုပဲ အားကိုးရတော့မယ်..."
"..."
သူ၏ ဘေးပတ်ဝန်းကျင်ရှိ ငါးဖမ်းသမားများထံမှ ချီးကျူးစကားများကို ကြားလိုက်ရသောအခါ အဘိုးဟူက ဝမ်းသာအားရ ပြုံးရွှင်သွားလေသည်။
ငါးဖမ်းသမားများအတွက်မူ ငါးဖမ်းမိခြင်းအပြင် ဤအရာက သူတို့ကို အမှန်တကယ် ပျော်ရွှင်စေသော အရာပင်ဖြစ်သည်။
အဘိုးအိုသည် ငါးမျှားချိတ်မှ ငါးကို ဖြုတ်ရန် ပြင်လိုက်စဉ်မှာပင်။
လုံမင်မြစ်၏ အခြားတစ်ဖက်ကမ်းမှနေ၍ ကျန်းဝေ့ကော်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"အစ်ကိုလန်... ငါးတစ်ကောင် ငါးစာကို ဟပ်သွားပြီ... ငါးတစ်ကောင် ဖမ်းမိပြီ..."
"ဆွဲလိုက်... ဆွဲလိုက်..."
အဘိုးဟူသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ငါးမျှားတံမှာ လခြမ်းပုံသဏ္ဌာန် ကွေးညွတ်သွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
"ဒီ... ဒီငါးက..."
"အနည်းဆုံး ဆယ်ကျင်းလောက်တော့ လေးရမယ်..."