အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) ဆယ်ကျင်းလောက်ရှိတဲ့ ငါးကြင်းကို မဆိုးဘူးလို့ မင်းခေါ်တာလား
အပိုင်းသုံးပိုင်းပါသော ငါးမျှားတံသည် အလေးချိန်ကြောင့် ကွေးညွတ်သွားပြီး ကောင်းကင်ထက်၌ တွဲခိုနေသော လခြမ်းတစ်ခုပမာ ဖြစ်နေလေသည်။
ငါးမျှားကြိုးမှာ တင်းရင်းနေပြီး ရေခဲဖုံးလွှမ်းနေသော ရေပြင်ထက်တွင် ရေလှိုင်းငယ်များစွာ ပြန့်နှံ့သွားတော့သည်။
ရေအောက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ခိုအောင်းနေပုံရလေ၏။
ထိုလခြမ်းပုံစံကို မြင်လိုက်ရသောအခါ ဟူရွှယ်ယန်မှာ အံ့ဩမှင်တက်သွားတော့သည်။
ဤငါးမျှားတံက မည်မျှပင် ကွေးညွတ်နေသည်ကို ကြည့်လိုက်ရုံဖြင့် သိနိုင်လေသည်။
၎င်းမှာ အနည်းဆုံး ဆယ်ကျင်းခန့် အလေးချိန်ရှိသော ငါးကြီးတစ်ကောင် ဖြစ်ရပေမည်။
"ဒါက..."
ဟူရွှယ်ယန်သည် သူ၏လက်ထဲရှိ နှစ်ကျင်းခန့်သာရှိသော ငါးကြင်းကို ငုံ့ကြည့်လိုက်ပြီးနောက် လီလန်၏ ငါးမျှားတံဆီသို့ လှမ်းကြည့်လိုက်လေသည်။
ငါးဖမ်းမိစဉ်က အစဦး ဝမ်းသာပီတိဖြစ်မှုများနှင့် ဘေးနားရှိ တံငါသည်များထံမှ မြှောက်ပင့်ပြောဆိုမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
မိမိဖမ်းမိသော ငါးများမှာ သေးငယ်လွန်းသဖြင့် ပြန်လွှတ်လိုက်ရလေသည်။
အရေးအကြီးဆုံးအချက်မှာ ငါးမျှားနေသူသည် သူထက်ပင် ငယ်ရွယ်နေခြင်း ဖြစ်၏။
အသက် နှစ်ဆယ်ပင် မပြည့်သေးဘဲ ဤမျှကြီးမားသော ငါးကြီးကို ဖမ်းမိခဲ့လေသည်။
တစ်ဖက်တွင်မူ ကျန်းဝေ့ကော်မှာ အလွန်တရာ စိတ်လှုပ်ရှားနေတော့သည်။
ဤလူမှာ တကယ်ကို အံ့မခန်းပင်တည်း။ သူသည် ရေခဲပြင်တွင် အပေါက်ဖောက်၍ ငါးမျှားချိတ်ကို ချလိုက်ရာ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ငါးတစ်ကောင် မိသွားခဲ့လေပြီ။
"အစ်ကိုလန်... အမြန်ဆွဲတင်လိုက်ပါတော့... မြန်မြန်မဆွဲရင် ငါးလွတ်သွားလိမ့်မယ်..."
ဝေ့ကော်က အလောတကြီး တိုက်တွန်းလိုက်လေသည်။
လီလန်က စိတ်အိုက်သွားဟန်ဖြင့် ပြောလိုက်၏။
"ဘာတွေ လောနေတာလဲ... ငါးမျှားတာမှာ နည်းစနစ်ရှိတယ်... ငါးကို နည်းနည်းလောက် အရင်ကစားပေးရတယ်... မဟုတ်ရင် ငါးမျှားကြိုး ပြတ်သွားလိမ့်မယ်..."
စနစ်၏ ဆုလာဘ်များကို ရယူပြီးနောက်တွင် လီလန်သည် ယခုအခါ ဆရာသခင်အဆင့် ငါးဖမ်းပညာရပ်များကို ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလေပြီ။
ငါးဖမ်းခြင်းနှင့်ပတ်သက်၍ လုံးဝအတွေ့အကြုံမရှိသော ကျန်းဝေ့ကော်မှာမူ ဘာကိုမျှ နားမလည်ဘဲ ငါးမျှားတံကို ဆွဲတင်ရန်သာ သိသော လူမိုက်တစ်ဦးသာ ဖြစ်နေသည်။
"အော်မနေနဲ့... ငါးတွေ လန့်ပြေးကုန်လိမ့်မယ်... မဟုတ်ရင် မင်းကို သေအောင် ရိုက်ပစ်မယ်..."
လီလန်က ကျန်းဝေ့ကော်ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ကျန်းဝေ့ကော်၏ ဆူညံပွက်လောရိုက်မှုနှင့် အလွန်အကျွံပြုမူမှုများကြောင့် လုံမင်မြစ်ပေါ်ရှိ လူအများ၏ အာရုံစိုက်မှုကို ရရှိသွားပြီး ဘေးနားရှိ လူအများအပြားက သူတို့ရှိရာသို့ လှမ်းကြည့်နေကြသည်။
ငါးမျှားတံမှတစ်ဆင့် ခံစားရသော အင်အားအရ ဤငါးမှာ မသေးငယ်ဘဲ အနည်းဆုံး ဆယ်ကျင်းခန့် အလေးချိန်ရှိမည်ကို လီလန် သိနေလေသည်။
လုံမင်မြစ်အတွင်း ဆယ်ကျင်း သို့မဟုတ် ထို့ထက်ပို၍ အလေးချိန်ရှိသော ငါးတစ်ကောင်ကို ဖမ်းမိရန်ဆိုသည်မှာ မီးအိမ်ထွန်းရှာလျှင်ပင် တွေ့နိုင်ရန် ခဲယဉ်းလှသည်။
ကျွမ်းကျင်သော တံငါသည်အိုကြီးများပင်လျှင် တီကောင်ကို ငါးစာအဖြစ် အသုံးပြု၍ လေးငါးကျင်းခန့်ရှိသော ငါးကြင်းကိုသာ ဖမ်းမိနိုင်ပြီး ထိုမျှဆိုလျှင်ပင် လွန်စွာကျေနပ်နေကြပြီ ဖြစ်၏။
နွေဦးရာသီ ငါးဖမ်းခြင်းနှင့် မတူဘဲ ရေခဲပြင်ငါးဖမ်းခြင်းမှာ ကျွမ်းကျင်မှုအပေါ်တွင် လုံးဝမူတည်နေသည်။ ငါးဖမ်းမိခြင်း ရှိမရှိဆိုသည်မှာ မိမိ၏ ငါးဖမ်းကျွမ်းကျင်မှု မည်မျှကောင်းမွန်သည်နှင့် ငါးဖမ်းရန် နေရာရွေးချယ်ရာတွင် မျက်စိမည်မျှလျင်သည်တို့အပေါ်တွင် မူတည်နေလေသည်။
သေချာသည်မှာ ငါးစာသည်လည်း အဓိကသော့ချက်တစ်ခု ဖြစ်သည်။ ငါးဖမ်းရာတွင် တီကောင်များကို အသုံးပြုခြင်းက ကောင်းမွန်သော်လည်း လီလန်၏ အထူးငါးစာနှင့် နှိုင်းယှဉ်လျှင် များစွာ အလှမ်းဝေးနေသေး၏။
ကျန်းဝေ့ကော် ရေခဲပြင်ကို အပေါက်ဖောက်ပြီးနောက်တွင် လီလန်သည် ထိုအပေါက်အတွင်း၌ ငါးစာချ၍ ငါးများ လာရောက်စားသောက်စေရန် ပြင်ဆင်ခဲ့လေသည်။
စနစ်မှ ပေးအပ်ထားသော ငါးစာမှာ တကယ်ကို ထိပ်တန်းအဆင့်ပင် ဖြစ်သည်။ ငါးဖမ်းမည့်နေရာကို ပြင်ဆင်ပြီးသည်နှင့် ငါးစာတပ်ထားသော ချိတ်ကို ရေထဲသို့ ချလိုက်ရာ ငါးများက ချက်ချင်းပင် လာဟပ်ကြတော့သည်။
"ဒီကောင်လေးက ကျွမ်းကျင်တဲ့သူပဲ..."
လီလန်သည် ငါးကို အလျင်စလို ဆွဲမတင်ဘဲ ငါးမျှားတံကို နှိမ့်ချကာ ငါးကို အတန်ကြာ ကစားနေသည်ကို မြင်လိုက်ရသောအခါ ဟူရွှယ်ယန်မှာ အထပ်ထပ် အံ့ဩနေမိတော့သည်။
ငါးဖမ်းခြင်းနှင့်ပတ်သက်၍ သိစရာများစွာ ရှိလေသည်။
အောင်စအနည်းငယ်သာရှိသော ငါးဖြူလေးများနှင့် ငါးသိုင်းများကဲ့သို့သော ငါးငယ်လေးများကို ဖမ်းရာတွင်မူ ငါးမျှားတံကို ကိုင်၍ အလွယ်တကူ ဆွဲတင်နိုင်ပေသည်။
ငါးက ချိတ်ကို ဟပ်လိုက်သည်နှင့် ငါးမျှားတံကို မြှောက်လိုက်ရုံဖြင့် လွတ်မသွားနိုင်ကြောင်း သေချာလေသည်။
သို့သော် ငါးကျင်းထက်ကျော်လွန်သော ကျိယွီငါးကြင်းကြီးများ သို့မဟုတ် ဆယ်ကျင်းခန့်ရှိသော ငါးကြင်းကြီးများကို ဖမ်းရာတွင်မူ ကိစ္စမသေးလှချေ။
အလျင်လိုလျှင် အမှားပါတတ်စမြဲပင်။
ငါးမျှားကြိုးမှာ တင်းရင်းနေပြီ ဖြစ်သည်။ ငါးကြင်းကြီးတစ်ကောင် ချိတ်ကို ဟပ်မိသောအခါ ငါးမျှားတံကို အားကုန်ဆွဲလိုက်ပါက ထိုငါးသည် သေချာပေါက် အသေအလဲ ရုန်းကန်မည်မှာ အသေအချာပင် ဖြစ်၏။
လုံမင်မြစ်အတွင်းရှိ ဤငါးများမှာ အလေးချိန် အနည်းငယ်သာ ရှိသည်ဟု ထင်ရသော်လည်း ရေအောက်တွင်မူ အလွန်ကြမ်းတမ်းကြပြီး ရေ၏ ခုခံအားကလည်း ၎င်းတို့၏ ကြမ်းတမ်းမှုကို ပိုမိုတိုးပွားစေလေသည်။
ငါးကြီးတစ်ကောင်ကို ဆွဲတင်ရန်အတွက် ခွေးတစ်ကောင်ကို လမ်းလျှောက်ခိုင်းသကဲ့သို့ ငါးကို အားကုန်သွားသည်အထိ ကူးခတ်ခွင့်ပြုရမည်ဖြစ်ပြီး ထိုအခါမှသာ အလွယ်တကူ ဆွဲတင်နိုင်မည် ဖြစ်သည်။
လီလန်၏ ငါးကို ကစားနေသော လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် သူသည် ငါးဖမ်းကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ဟူရွှယ်ယန် လုံးဝယုံကြည်သွားတော့သည်။
အသက် (၂၀) အရွယ်တွင် သူသည် မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျွမ်းကျင်သော တံငါသည်တစ်ဦးလည်း ဖြစ်သည်။ သူ၏ အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်း စွမ်းရည်များမှာ ထိပ်တန်းအဆင့်တွင် ရှိနေလေသည်။ ဤကောင်လေးမှာ တကယ့်ကို အထင်ကြီးလောက်စရာပင်။
အဘိုးဟူသည် လီလန်အား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလေသည်။
"ဦးလေးဟူ... ဒီငါးကို မြန်မြန်ချလိုက်ပါတော့..."
"ဘာတွေ လောနေတာလဲ..."
ဟူရွှယ်ယန်က မျက်လုံးလှန်ပြလိုက်၏။
"ငါတို့က ငါးသေးသေးလေးတွေပဲ ဖမ်းနေတာလေ... တခြားလူတွေ ငါးကြီးကြီး ဖမ်းမိတာကို ကြည့်ရသလောက်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး..."
အဘိုးအိုဟူက မျက်တောင်မခတ်ဘဲ ပြောလိုက်လေသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် လုံမင်မြစ်ပေါ်တွင် ရေခဲပြင်ငါးဖမ်းခြင်းကို ပြုလုပ်ခဲ့သော်လည်း သူ၏ ကံကြမ္မာမှာ သိပ်မကောင်းလှချေ။ ငါးဖြူငယ်လေးများနှင့် ကျိယွီငါးကြင်းများမှလွဲ၍ ယနေ့ သူဖမ်းမိသော အကြီးဆုံးငါးကြင်းမှာ ဤတစ်ကောင်တည်းသာ ဖြစ်သည်။
သုံးကျင်း…
သုံးကျင်းသာရှိသော ငါးကြင်းတစ်ကောင်မှာ အလွန်ရှက်စရာကောင်းပြီး မည်သူ့အတွက်မဆို သိက္ခာကျစရာပင်ဖြစ်သည်။ အဘိုးအိုဟူသည် ထိုငါးကို ရွာသို့ ပြန်သယ်သွားရန်ပင် ရှက်ရွံ့နေခဲ့လေသည်။
သေချာသည်မှာ ဆယ်ကျင်း သို့မဟုတ် နှစ်ဆယ်ကျင်း မဟုတ်လျှင်တောင်မှ ခုနစ်ကျင်း ရှစ်ကျင်းခန့်ရှိသော ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါက အိမ်သို့ သယ်ဆောင်သွားချိန်တွင် ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ဖြစ်လာပေမည်။
သို့သော် ခုနစ်ကျင်း ရှစ်ကျင်းခန့် အလေးချိန်ရှိသော ငါးတစ်ကောင်ကို ဖမ်းမိရန်ဆိုသည်မှာ မည်မျှလွယ်ကူပါမည်နည်း။
ထို့ကြောင့် ငါးကြီးတစ်ကောင် ဖမ်းမိလိုသော အဘိုးဟူသည် လီလန်က ဆယ်ကျင်းခန့်ရှိသော ငါးကြီးကို ဖမ်းမိသွားသည်ကို မြင်လိုက်ရသောအခါ အလွန်တရာ မနာလို ဖြစ်သွားတော့သည်။
မနာလိုစိတ်ဖြင့် မျက်လုံးများပင် နီရဲလာတော့၏။
"ဟိုကောင်လေး ကံကောင်းသွားတယ်... ငါးကြီးတစ်ကောင် ဖမ်းမိသွားပြီ..."
"အဲဒါ ရွှမ်းရွှေရွာက လီလန် မဟုတ်ဘူးလား... မီးနဂါးမုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင်လေ..."
"ဘုရားရေ... ဒီငါးက အကြီးကြီးပဲ... လီလန်က ငါးကြီးဖမ်းမိသွားပြီ..."
"အသံတိုးတိုးလုပ်ပါ... အဘိုးဟူက တခြားလူတွေ သူထက်ပိုကြီးတဲ့ငါး ဖမ်းမိတာကို မုန်းတယ်... အဘိုးဟူသာ ကြားသွားရင်တော့..."
ထိုလူက စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟူရွှယ်ယန်က သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် လန့်ဖြန့်သွားကာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
"..."
အခြားတစ်ဖက်တွင်လည်း စွန်းရှန်ရီနှင့် ရွှမ်းရွှေရွာမှ အခြားပညာတတ်လူငယ်အချို့သည် ရေခဲအပေါက်တစ်ခုအနီးတွင် ငါးမျှားနေကြလေသည်။
သူတို့သည် ပညာတတ်လူငယ်ရုံးမှ ထောက်ပံ့ပေးသော တောရိုင်းဟင်းရွက်များနှင့် ပြောင်းဖူးယာဂုတို့ကို စားရသည်ကို ငြီးငွေ့နေကြပြီဖြစ်ရာ ယနေ့တွင် သူတို့၏ အစားအစာများကို ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်ချက်ဖြင့် လုံမင်မြစ်သို့ စွန်းရှန်ရီနှင့်အတူ ငါးလာမျှားကြခြင်း ဖြစ်သည်။
ဤပညာတတ်လူငယ်များအားလုံးမှာ မြို့ကြီးပြကြီးများမှ လာကြသူများ ဖြစ်သည်။ ဥပမာအားဖြင့် စွန်းရှန်ရီသည် ပေကျင်းမှ လာခြင်းဖြစ်သည်။ စွန်းရှန်ရီအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့သော နောက်လိုက်မှာ ထန်ကျန်းကော်ဟု အမည်ရပြီး သူသည် ချန်ရှန်းမှ ကျောက်ကျီလုံကဲ့သို့ပင် ရှီကျားကျွမ်းမှ လာခြင်းဖြစ်လေသည်။
ဤလူများသည် တစ်နည်းနည်းဖြင့် ငါးမျှားတံ၊ ချိတ်များနှင့် ကြိုးများကို ရယူနိုင်ခဲ့ကြပြီး လုံမင်မြစ်ဆီသို့ ထွက်လာခဲ့ကြသည်။ သူတို့သည် ဒေသခံ တံငါသည်များထံမှ သင်ယူကာ သူတို့၏ နည်းလမ်းများကို အတုယူ၍ ရေခဲပြင်တွင် အပေါက်ဖောက်ကာ ငါးစတင်မျှားကြလေသည်။
ရလဒ်အနေဖြင့် တစ်မနက်ခင်းလုံး အအေးဒဏ်ကို ခံခဲ့ရသော်လည်း ငါးပေါက်လေးတစ်ကောင်မျှပင် မဖမ်းမိခဲ့ကြချေ။
လီလန် ငါးဖမ်းမိသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ ဒေါသထွက်ကာ မနာလို ဖြစ်သွားကြတော့သည်။
"သခင်လေးစွန်း... ကြည့်ပါဦး... ဟိုကောင်လေး ငါးကြီးတစ်ကောင် ဖမ်းမိသွားတယ်..."
"တောက်... အဲ့ကောင်လေးက အရမ်းကို ကံကောင်းနေတာပဲ... ငါတို့ ဒီနေရာမှာ ထိုင်နေတာ ကြာလှပြီ ဘာမှမမိသေးဘူး... သူကတော့ ရောက်ရောက်ချင်းပဲ မိသွားတာလား..."
"အနည်းဆုံး ဆယ်ကျင်းလောက်တော့ ရှိမှာပဲ... အဲဒါနဲ့သာ ငါးစွပ်ပြုတ်တစ်အိုးလောက ချက်လိုက်ရင် အရသာကတော့ ရှယ်ပဲနေမှာ..."
"..."
ပညာတတ်လူငယ်တစ်စုသည် လီလန်၏ ငါးမျှားတံကို လောဘတကြီး စိုက်ကြည့်နေကြပြီး မနာလိုဝန်တိုမှုများဖြင့် ငေးမောနေကြလေသည်။
"ဟွန့်... ငါးတစ်ကောင်တည်းပါပဲ... ဘာတွေများ အရေးကြီးနေလို့လဲ... ငါလည်း ငါးဖမ်းနိုင်တာပဲ..."
စွန်းရှန်ရီက လီလန်၏ ပါးနှစ်ချက်ရိုက်ခြင်းကို ခံခဲ့ရပြီးနောက် သူ၏ လုပ်ဖော်ကိုင်ဖက် ပညာတတ်လူငယ်များရှေ့တွင် မျက်နှာပျက်ခဲ့ရသဖြင့် ဒေါသတကြီး ဖြစ်နေခဲ့လေပြီ။
မိမိ၏ ကျောင်းနေဖက်သူငယ်ချင်းများ မြင်သွားလျှင်ပင် ကိစ္စမရှိသော်လည်း အပြန်လမ်းတွင် လုအန်းနာသာ မြင်သွားပါက မည်သို့ဖြစ်မည်နည်း။
သူ၏ မျက်နှာမှာ ရောင်ရမ်းနေပြီး သွေးစွန်းနေသည်ကို မြင်လိုက်ရခြင်းက သူ့ကို သတ်ပစ်လိုက်သည်ထက်ပင် ပိုဆိုးသွားပေမည်။
"ဆက်မျှားနေလိုက်ပါဦး... မင်းအပြန်ကျရင် မင်းရဲ့ငါးကို ဂုန်နီအိတ်စွပ်ပြီး ငါလုယူပစ်မယ်..."
စွန်းရှန်ရီက မှုန်ကုပ်နေသော မျက်နှာထားနှင့် ရက်စက်သော အကြည့်တို့ဖြင့် ပြောလိုက်လေသည်။
တစ်ဖက်တွင်မူ ထိုငါးကြင်းကြီးမှာ အချိန်အတော်ကြာ ကစားခံလိုက်ရပြီးနောက် ရေအောက်တွင် အားအင်ကုန်ခမ်းသွားကာ လီလန်၏ သနားညှာတာမှုအောက်တွင်သာ ကျရောက်သွားတော့သည်။
"တင်လိုက်တော့..."
လီလန်သည် အားအနည်းငယ်သုံး၍ ငါးမျှားတံကို ဆွဲတင်လိုက်လေသည်။
ရေပက်သံတစ်ခုကိုသာ ကြားလိုက်ရတော့၏။
သူသည် ရွှေရောင်လွှမ်းနေသော ငါးကြင်းကြီးတစ်ကောင်ကို အပေါ်သို့ ဆွဲတင်လိုက်လေသည်။
"ဝါး... ကြည့်ပါဦး အစ်ကိုလန်... ရွှေရောင်အလင်းတန်းကြီးပဲ..."
ထိုငါးကြင်း၏ အမြီးတွင် ရွှေရောင်မျဉ်းတစ်ကြောင်း ပါရှိနေပြီး ၎င်းမှာ တောက်ပစွာ လင်းလက်နေကာ နေရောင်အောက်တွင် ရွှေရောင်အဆင်းနှင့် ရောယှက်နေပုံရလေသည်။
"ဆယ်ကျင်းလောက်တော့ ရှိမယ်... မဆိုးပါဘူး..."
လီလန်က ငါးချိတ်ကို ဖြုတ်၍ ငါးကို လက်ဖြင့်မကာ အလေးချိန်ကို ခန့်မှန်းကြည့်လိုက်လေသည်။ ယုန်များနှင့် မိုးပျံနဂါးများကို ဖမ်းခဲ့ဖူးသော သူ၏ အတွေ့အကြုံများအရ ၎င်းမှာ ဆယ်ကျင်းတိတိ အလေးချိန်ရှိနေ၏။
"သူ ခုနက ဘာပြောလိုက်တာလဲ..."
လီလန်၏ အသံမှာ မကျယ်လောင်သော်လည်း ကျယ်ပြောပြီး တိတ်ဆိတ်နေသော လုံမင်မြစ်ပေါ်တွင်မူ အသံချဲ့စက် တပ်ဆင်ထားသကဲ့သို့ အဆပေါင်းများစွာ ကျယ်လောင်စွာ ထွက်ပေါ်သွားလေသည်။
ဟူရွှယ်ယန်နှင့် စွန်းရှန်ရီတို့ အပါအဝင် ရေခဲပြင်ငါးဖမ်းရန် လာရောက်ကြသူ ဒါဇင်ပေါင်းများစွာမှာ ထိုအသံကို ကြားလိုက်ရလေသည်။
"ကျစ်... ဒီကောင်လေးကို ဓားနဲ့ ထိုးပစ်ချင်စရာပဲ..."
"ကိုယ့်ကိုယ်ကိုယ် တခြားလူတွေနဲ့ နှိုင်းယှဉ်နေတာက သောကရောက်ဖို့ သက်သက်ပဲ..."
"ဆယ်ကျင်းလောက်ရှိတဲ့ ငါးကြင်းကို မဆိုးဘူးလို့ မင်းခေါ်တာလား..."