← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) အခြားသူများက ငါးဖမ်းပိုက်ဖြင့် ခပ်ယူနေချိန်တွင် မင်းက ဂုန်နီအိတ်ကြီးကို အသုံးပြု၍ ငါးဖမ်းမည်လော

လုံမင်မြစ်။

ရေခဲပြင်ငါးဖမ်းသမားတစ်စုသည် လီလန်ဖမ်းမိလိုက်သော ဆယ်ကျင်းအရွယ် ရွှေရောင်ငါးကြင်းကြီးကို အသက်အောင့်ကာ ကြည့်ရှုနေကြ၏။

ဆယ်ကျင်းအရွယ် ငါးသည် လက်ခံနိုင်စရာဖြစ်သည်ဟူသော လီလန်၏ စကားကို ကြားလိုက်ရသောအခါ သူတို့က လီလန်ကို လည်ပင်းညှစ်သတ်ချင်စိတ်များပင် ပေါ်ပေါက်သွားကြတော့သည်။

ဤကောင်လေးသည် တကယ့်သရုပ်ဆောင်ကောင်းတစ်ဦးပင် ဖြစ်ပေသည်။ ဆယ်ကျင်းအရွယ် ငါးကြင်းကြီးကိုပင် လက်ခံနိုင်စရာအဆင့်ဟု ပြောထွက်ရက်သည်တကား။

လုံမင်မြစ်တွင် ငါးဖမ်းနေသည်မှာ သုံးလပင် ရှိနေပြီဖြစ်သော်လည်း သုံးကျင်းအရွယ် ငါးကြင်းတစ်ကောင်ကိုမျှ မဖမ်းမိသေးပေ။ မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ခြင်းက မိမိကိုယ်ကို ဆင်းရဲဒုက္ခရောက်စေရုံသာ ရှိမည်ဖြစ်သည်။

လုံမင်မြစ်တွင် လဝက်ကျော်ခန့် အချိန်ဖြုန်းခဲ့သော်လည်း ငါးတစ်ကောင်မျှ မရခဲ့သော လူအုပ်ကြီးမှာ အတော်ပင် များပြားလှသည်။

ရေခဲပြင်ငါးဖမ်းခြင်းသည်လည်း မလွယ်ကူလှဘဲ ငါးဖမ်းစွမ်းရည်နှင့် ကံတရားအပေါ်တွင် မူတည်နေလေသည်။ တံငါသည်များကမူ လီလန်တစ်ယောက် အလွန်ကံကောင်းသွားခြင်း သို့မဟုတ် လူသစ်စတင်သူအတွက် အထူးစွမ်းရည်တစ်ခုခု ရရှိထားခြင်းဖြစ်မည်ဟုသာ မှတ်ယူထားလိုက်ကြတော့သည်။ ဆယ်ကျင်းအရွယ် ငါးကြင်းကြီးကို ဖမ်းမိခြင်းမှာ ကံကောင်းလွန်း၍သာ

ဖြစ်ပေမည်။

"ဟွန့်... ဘာတွေများ အထင်ကြီးစရာရှိလို့လဲ... ဆယ်ကျင်းအရွယ် ငါးကြင်းလောက်ကို... သူ ကံကောင်းသွားတာပါကွာ..."

စွန်းရှန်ရီက လှောင်ပြောင်သရော်လိုက်သည်။

"သခင်လေးစွန်း... အဲ့ငါးကြီးက အနည်းဆုံး ဆယ်ကျင်းလောက်တော့ ရှိတယ်နော်...အဲ့လောကကြီးတဲ့ငါးနဲ့သာ ဟင်းရည်တစ်အိုးလောက် ချက်သောက်ရရင် ဆောင်းတွင်းကြီးမှာ အရမ်းကို နွေးထွေးသွားမှာပဲ..."

"စားမယ် စားမယ်နဲ့... မင်းတို့ခေါင်းထဲမှာ စားဖို့ပဲ ရှိနေတာလား... တစ်နပ်လောက် မစားရရင် သေသွားမှာမို့လို့လား..."

"ငါးစားချင်ရင် မင်းဘာသာမင်း သွားဖမ်းလေ..."

စွန်းရှန်ရီက ပြင်းထန်စွာ ဆဲဆိုလိုက်သည်။ ထိုခွေးကောင်သည် အဘယ်ကြောင့် သူ့အနာကို လာဆွနေရသနည်း။ သူ့ကို ရူးသွပ်သွားအောင် လုပ်နေသည်လား။

"သူ ကံကောင်းသွားရုံလေးပါကွာ... မျက်လုံးကန်းနေတဲ့ ကြောင်က ကြွက်သေကို သွားနင်းမိသလိုမျိုးပေါ့... ဘာတွေများ ကြွားလုံးထုတ်စရာ ရှိနေလို့လဲ..."

"ငါးတစ်ကောင်တည်းပါကွာ... တစ်ပြားမှတောင် တန်တာမဟုတ်ဘူး..."

"ငါတို့ငါး ငါတို့ဘာသာဖမ်းကြမယ်... အဲ့ကောင်လေးကို လျစ်လျူရှုထားလိုက်..."

စွန်းရှန်ရီ ဒေါသထွက်နေသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် ပညာတတ်လူငယ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သည့်စကားကိုမျှ ထပ်မပြောရဲတော့ဘဲ လီလန်၏ အမည်ကိုလည်း မဟဝံ့ကြတော့ချေ။

"ဟေး... လီလန်က ဘာလို့ သခင်လေးစွန်းကိုမှ သွားရှုပ်ရတာလဲ... သူက သခင်လေးကိုတောင် ရိုက်နှက်လိုက်သေးတယ်..."

"သခင်လေးစွန်းရဲ့ စရိုက်မျိုးနဲ့ဆိုရင်တော့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးနော်..."

ဤပညာတတ်လူငယ်များသည် စွန်းရှန်ရီနှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေကြပြီး သူ၏ စရိုက်လက္ခဏာများကိုလည်း အကုန်အစင် သိရှိထားကြလေသည်။

စွန်းရှန်ရီသည် ပေကျင်းရှိ သူ၏ မိသားစု အာဏာနှင့် ဩဇာလွှမ်းမိုးမှုအပေါ်တွင် မှီခိုနေသူဖြစ်ပြီး တတိယမျိုးဆက် အခွင့်ထူးခံ အရာရှိမျိုးနွယ်လည်း ဖြစ်ပေသည်။

ပေကျင်းတွင်မူ သူ့ကို ပြဿနာကောင်ဟု သတ်မှတ်ထားကြ၏။ ဝမ်ကျူးဆိုသည်မှာ အကျိုးရှိသော အလုပ်များကို မလုပ်ဘဲ ဂိုဏ်းဖွဲ့ကာ အချိန်ဖြုန်းနေတတ်သည့် လူဆိုးလေးများကို ခေါ်ဆိုခြင်း ဖြစ်သည်။ သူတို့မှာ လမ်းဘေးလူမိုက်များသာ ဖြစ်ကြ၏။ ယဉ်ယဉ်ကျေးကျေး ပြောရမည်ဆိုလျှင်မူ အလိုလိုက်ခံထားရသော ကလေးဆိုးများဟု ခေါ်ဆိုရပေမည်။

စွန်းရှန်ရီတွင် ပေကျင်း၌ အဆက်အသွယ်များ ရှိပေသည်။ သူ့ကို ကျောက်ဘိုင်တောင်တန်းရှိ ကျေးလက်ဒေသသို့ ပို့လွှတ်ခဲ့သော်လည်း သူသည် အလွန်ပင် ဩဇာအာဏာရှိနေဆဲဖြစ်သည်။ ပေကျင်းမှ စာတစ်စောင် ရောက်လာသည့်အခါတိုင်း ပညာတတ်လူငယ်ရုံးမှ တာဝန်ခံမှာ သူ့ကို အစောင့်အရှောက်နတ်မင်းတစ်ပါးကဲ့သို့ ဖူးဖူးမှုတ်ထားကာ ညစ်ပတ်သော အလုပ်များ သို့မဟုတ် ပင်ပန်းသော အလုပ်များကို မခိုင်းရဲတော့ချေ။

စွန်းရှန်ရီသည် ကျေးလက်သို့ အပို့ခံရသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ အားလပ်ရက် အပန်းဖြေခရီး ထွက်လာခြင်းသာ ဖြစ်ပေသည်။ သူသည် နှစ်အနည်းငယ်မျှ နေထိုင်ပြီးနောက် သူ၏ မိဘများက အကြောင်းပြချက်တစ်ခုခုရှာ၍ မြို့သို့ ပြန်ခေါ်ကာ အလုပ်တစ်ခု စီစဉ်ပေးရန် ရည်ရွယ်ထား၏။ ကျေးလက်သို့ လူများ ပို့လွှတ်ခြင်းဆိုသည်မှာ လုပ်ထုံးလုပ်နည်းတစ်ခုမျှသာ ဖြစ်လေသည်။

ပေကျင်းမှ ရောက်လာသော ထိုလူမိုက်အား ပညာတတ်လူငယ်များက သွားရောက် မရှုပ်ရဲကြဘဲ အားလုံးက သူ့ကို ရိုသေလေးစားစွာ ဆက်ဆံကြရသည်။ သို့သော် လီလန်ကမူ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ စွန်းရှန်ရီ၏ မျက်နှာကို ပါးနှစ်ချက် ဆက်တိုက်ရိုက်ချလိုက်ရာ သူ၏ ခေါင်းမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်သွားတော့သည်။ ဤသည်မှာ အလွန်ကြီးမားသော နာကြည်းမှုကြီးပင် ဖြစ်လေသည်။

"ဒါက သခင်လေးစွန်း သဘောကျနေတဲ့ အမျိုးသမီးပညာတတ်လူငယ်လေးက လီလန်ကို စိတ်ဝင်စားနေလို့လေ..."

"လုအန်းနာကို ပြောတာလား... လုအန်းနာက တုံယွီရှုနဲ့အတူ ရယ်မောစကားပြောပြီး ပြန်လာတာကို ငါကြားလိုက်တယ်... နောက်နေ့ကျတော့ ပညာတတ်လူငယ်ရုံးမှာ စာသင်ခန်းတစ်ခုတောင် ဖွင့်လိုက်ပြီး လီလန်ရဲ့ ညီမလေးနှစ်ယောက်ကို စာသင်ပေးချင်တယ်လို့ ပြောနေတယ်..."

"လီလန်က လုအန်းနာကို ဘယ်လို ပြုစားလိုက်လဲတော့ မသိပါဘူး... သူမကို အရမ်းကို ရူးသွပ်သွားစေတာပဲ..."

"ရှူး... အသံတိုးတိုးလုပ်စမ်းပါ... သခင်လေးစွန်းက မင်းကို ထပ်အော်နေဦးမယ်..."

"..."

"ဒီကောင်လေးက တကယ်ကြီး ဆယ်ကျင်းအရွယ် ငါးကြင်းကို ဖမ်းမိသွားတာပဲ..."

ဟူရွှယ်ယန်သည် ရွှေရောင်ငါးကြင်းကြီးကို မြင်လိုက်ရသောအခါ အံ့ဩသွားသော အမူအရာ ပေါ်လွင်သွား၏။

အခြားသူများကမူ လီလန်သည် ဆယ်ကျင်းအရွယ် ငါးကြင်းကို ဖမ်းမိလောက်အောင် ကံကောင်းသည်ဟု ထင်မြင်နေကြသည်။ သူကမူ ထိုသို့ မတွေးပေ။ ကံတရားဆိုသည်မှာ ငါးဖမ်းမိသည့်အချိန်အထိသာ တည်မြဲလေသည်။ ငါးကို မည်သို့ ဆွဲတင်ရမည်ဆိုသည်မှာ တံငါသည်တစ်ဦး၏ စွမ်းရည်ကို အကောင်းဆုံး ညွှန်ပြနေခြင်းပင် ဖြစ်သည်။

လီလန်၏ ငါးဆွဲတင်သည့် စွမ်းရည်ကို ကြည့်ရုံမျှဖြင့် ဟူရွှယ်ယန်သည် အသစ်ခန့်အပ်ခံရသော မီးနဂါးမုဆိုးအဖွဲ့၏ ခေါင်းဆောင်မှာ ငါးဖမ်းကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သိရှိနိုင်လေသည်။

"ရွှမ်းရွှေရွာကနေ ဘယ်အချိန်တုန်းက ဒီလိုလူမျိုး ပေါ်ထွက်လာရတာလဲ..."

ဟူရွှယ်ယန်က တွေးတောနေမိသည်။

ကျင်း (၆၀၀) အလေးချိန်ရှိသော တောဝက်ကြီးနှင့် ဆယ်ကျင်း အလေးချိန်ရှိသော ငါးကြင်းကြီးတို့ကို ကြည့်ခြင်းအားဖြင့် ဤမျှ အစွမ်းထက်သောသူမှာ မည်သို့လျှင် လူမသိသူမသိ ဖြစ်နေနိုင်မည်နည်း။

"ဦးလေးဟူ... အဲ့ကောင်လေးက တကယ့်ကို အံ့ဩစရာကောင်းတာပဲ... သူက တစ်ခါတည်းနဲ့ ဆယ်ကျင်းအရွယ် ငါးကြင်းကြီးကို ဖမ်းမိသွားတာ... ကျွန်တော်တော့ တကယ်အားကျမိတယ်..."

"ဆယ်ကျင်းဆိုတော့လည်း မဆိုးပါဘူး... သာမန်ပါပဲ..."

ဟူရွှယ်ယန်က တည်ကြည်သော မျက်နှာထားဖြင့် ဂရုမစိုက်သလို ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း အဘိုးဟူ လုံမင်မြစ်ထဲမှာ အလေးချိန် (၂၅)ကျင်း အပြည့်ရှိတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သေးတယ်လို့ ကျွန်တော် မှတ်မိနေတယ်..."

"ဟုတ်တယ်... အဲဒါ မြက်ငါးကြင်းလေ..."

(၂၅)ကျင်းအရွယ် မြက်ငါးကြင်းကြီးမှာ ဟူရွှယ်ယန် ဖမ်းဖူးသမျှထဲတွင် အကြီးဆုံးငါးဖြစ်ပြီး လုံမင်မြစ်တစ်ဝိုက်ရှိ ကျေးရွာများစွာအတွက် စံချိန်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

လီလန် ဖမ်းမိခဲ့သော ဆယ်ကျင်းအရွယ် ငါးကြင်းကြီးမှာ သူ့ကို အထင်ကြီးသွားစေသော်လည်း တကယ်တမ်းတွင်မူ များစွာ အံ့ဩစရာတော့ မဟုတ်ပေ။

"ဝါး... ဒီကောင်လေးက တကယ့်ကို ရဲတင်းတာပဲ... သူက ဂုန်နီအိတ်ကြီးတောင် ယူလာခဲ့တာလား..."

လီလန်သည် ဂုန်နီအိတ်တစ်လုံးကို ထုတ်ယူကာ ငါးကို ချိတ်မှဖြုတ်၍ အထဲသို့ ထည့်လိုက်သည်ကို မြင်လိုက်ရသောအခါ ဟူရွှယ်ယန်မှာ အံ့သြမှင်တက်သွားတော့သည်။

ကျောက်ဘိုင်တောင်တန်းတွင် ဆောင်းရာသီ၌ နှင်းများ ထူထပ်စွာ ကျဆင်းလေ့ရှိပြီး အပူချိန်မှာလည်း အလွန်နိမ့်ကျကာ သုညအောက် ဒီဂရီဆယ်ဂဏန်းအထိ ရှိတတ်သည်။ ရေခဲပြင်ငါးဖမ်းရာတွင် ငါးတစ်ကောင်ကို ဖမ်းမိ၍ ရေထဲမှ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကလီစာများမှာ အုတ်ခဲများကဲ့သို့ အေးခဲမာတောင့်သွားတော့သည်။

ထို့ကြောင့် လတ်ဆတ်၍ အသက်ရှင်နေသော ငါးကို စားသုံးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သံပုံးတစ်ပုံးကို အပေါ်မှတင်၍ အောက်မှ ထင်းများပုံကာ မီးမွှေးပေးမည်ဆိုလျှင်မူ ငါးမှာ အသက်ရှင်နေနိုင်သေးသည်။ သို့သော် ဤကိစ္စမှာ အလွန်ပင် ရှုပ်ထွေးလှသည်။ သေသွားသော ငါးမှာ သေသွားသော ငါးသာ ဖြစ်သည်။ ၎င်းတို့ကို ထိုနေ့တွင်ပင် ချက်ပြုတ်စားသောက်မည်ဆိုပါက အလွန်လတ်ဆတ်နေဦးမည် ဖြစ်သည်။

"ဘုရားရေ... ဒီလောက်ကြီးတဲ့အိတ်ကြီးကို... ဒီကောင်လေး ရူးသွားတာလား..."

အဘိုးဟူ၏ ဘေးတွင်ရှိသော အဘိုးအိုတစ်ဦးက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။

လီလန် ယူလာသော ထိုဂုန်နီအိတ်ကြီး၏ အဝမှာ ကျင်း(၂၀၀) အရွယ် ဝက်ဝကြီးတစ်ကောင်ပင် ဝင်ဆံ့နိုင်လောက်လေသည်။ သူသည် ဤမျှကြီးမားသော ဂုန်နီအိတ်ကြီးဖြင့် တကယ်ပင် ငါးလာဖမ်းခြင်းလော။ ဤကောင်လေးသည် တစ်ကြိမ်တည်းဖြင့် ငါးအလေးချိန် ရာနှင့်ချီ၍ ဖမ်းရန် ကြိုးစားနေခြင်းလော။

"ဦးလေးဟူ... လီလန်က... မဟုတ်မှလွဲရော လုံမင်မြစ်ထဲမှာ ငါးအလေးချိန် ရာနဲ့ချီပြီး တကယ်ဖမ်းချင်နေတာလား..."

ငါးကြင်းတစ်ကောင်မှာ ဆယ်ကျင်း အလေးချိန်ရှိရာ ရာနှင့်ချီသော ငါးများဆိုလျှင် ကြီးမားသော ငါးကြင်းကြီး ဒါဇင်ပေါင်းများစွာ ဖြစ်ပေလိမ့်မည်။

မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ လုံးဝ မဖြစ်နိုင်ပေ။ နွေဦးရာသီ ရောက်ရှိ၍ ရေခဲများ အရည်ပျော်သွားပြီးနောက်တွင်ပင် အနီးအနားရှိ ကျေးရွာများမှ တံငါသည်များ လုံမင်မြစ်အတွင်း ပိုက်ချသည့်တိုင် ဤမျှများပြားသော ငါးများကို မဖမ်းမိနိုင်ကြချေ။

"ငါက ဘယ်လိုလုပ် သိမှာလဲ... အဲ့ကောင်လေးက နည်းနည်းတော့ ထူးဆန်းတယ်..."

ဟူရွှယ်ယန်သည် လီလန်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေပြီး သူ၏ အကြည့်များမှာ လီလန်၏ လက်ထဲရှိ ဂုန်နီအိတ်ကြီးအပေါ်သို့ ကျရောက်သွားလေသည်။

ယေဘုယျအားဖြင့်ဆိုရလျှင် ဤငါးဖမ်းသမားများသည် ငါးတစ်ကောင် ဖမ်းမိပါက ၎င်းကို လက်ဖြင့်သာ အိမ်သို့ သယ်ဆောင်သွားလေ့ရှိကြသည်။ သို့မဟုတ်ပါက အနီးအနားရှိ သစ်ကိုင်းများ သို့မဟုတ် နွယ်ပင်များကို ရှာဖွေ၍ ငါးများကို တစ်ကောင်ချင်းစီ သီကုံးသွားတတ်ကြသည်။ လီလန်ကဲ့သို့ ငါးထည့်ရန် ဂုန်နီအိတ်ကြီး ယူလာသူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အခြားတစ်ဖက်တွင်မူ စွန်းရှန်ရီနှင့် သူ၏ အဖွဲ့မှာလည်း လီလန်သည် ငါးထည့်ရန် ဂုန်နီအိတ်ကြီး ယူလာကြောင်းကို သတိပြုမိသွားကြလေသည်။

"သခင်လေးစွန်း... ကြည့်ပါဦး... ဟိုကောင်လေးက အိတ်ကြီးတစ်လုံးကို သယ်လာတယ်... သူ... သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."

"သောက်ကျိုးနည်း... ဟိုကောင်လေးက ဆယ်ကျင်းအရွယ် ငါးကြင်းကြီးကို အိတ်ထဲ ထိုးထည့်လိုက်တယ်... သူက..."

"သူက အိတ်ကြီးကို သုံးပြီး ငါးတွေကို သယ်သွားဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်... ဒါက သိပ်ကို လွန်ကျူးလွန်းနေပြီ..."

"..."

စွန်းရှန်ရီသည် ခေါင်းကို လှည့်လိုက်ရာ လီလန်၏ ဂုန်နီအိတ်ကြီးကို ကြည့်နေသော သူ၏ မျက်နှာမှာ မည်းမှောင်နေလေသည်။ ဤအချိန်တွင် သူသည် အလွန်ပင် မပျော်မရွှင် ဖြစ်နေတော့သည်။

လီလန်ဆိုသော ထိုကောင်လေးသည် လုံမင်မြစ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကြွားလုံးထုတ်ရန် စတင်နေလေပြီ။ သူ တစ်ဖက်လူကို ရိုက်နှက်လိုက်ခြင်း မဟုတ်လျှင် ဆယ်ကျင်းအရွယ် ငါးကြင်းတစ်ကောင်ကို ဖမ်းမိခြင်းပင် ဖြစ်သည်။

ယခုအခါတွင် ငါးများကို ထည့်ရန်အတွက် ဂုန်နီအိတ်ကြီးတစ်လုံးကိုပင် ထုတ်ယူလာလေရာ သူသည် တကယ်ကို အထာပေးနေခြင်းပင် ဖြစ်သည်။

"ဒီကောင်လေးက တကယ့်ကို ကြွားတတ်တာပဲ..."

စွန်းရှန်ရီက လှောင်ပြောင်လိုက်သည်။

"အဲ့ကောင်လေးက မကြာခင်မှာ မိုးကြိုးပစ်ခံရတော့မှာပဲ..."

စွန်းရှန်ရီက ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။

"ဒီလောက် မောက်မာနေတာ မိုးကြိုးပစ်ခံရမှာ အသေအချာပဲ..."

"သခင်လေးစွန်း... သခင်လေးစွန်း... ဟိုမှာ ကြည့်ပါဦး... ကြည့်ပါဦး..."

ထိုစဉ်မှာပင် ပညာတတ်လူငယ်တစ်ဦးက လီလန်ရှိရာဘက်သို့ လက်ညိုးထိုးကာ ထိတ်လန့်တကြား မျက်နှာထားဖြင့် အော်ဟစ်လိုက်လေတော့သည်။

All Chapters