အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) စုန့်ဟွာမြစ်မှ ဟင်းစားများ၊ ကျင်း (၃၀) အလေးချိန်ရှိသော ခေါင်းကြီးငါး
"ထန်ကျန်းကော်... မင်း ဘာတွေ အော်နေတာလဲ..."
စွန်းရှန်ရီသည် မျက်မှောင်ကြုတ်သွားပြီး သူ၏အနောက်ရှိ ပညာတတ်လူငယ် အတန်းဖော်ကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်လေသည်။
သို့သော် လက်ညှိုးထိုးပြနေသည့် ဦးတည်ရာသို့ သူ လိုက်ကြည့်လိုက်သောအခါ သူ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျယ်လာတော့၏။
"ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
သူသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
လီလန်၏ ငါးမျှားတံမှာ ပထမအကြိမ်ကကဲ့သို့ပင် အလွန်ကြီးမားသော လေးကိုင်းသဏ္ဌာန် ကွေးညွတ်သွားသည်ကို တွေ့လိုက်ရလေသည်။
လီလန်သည် နောက်ထပ် ငါးတစ်ကောင် ဖမ်းမိသွားပြန်ပြီ ဖြစ်သည်။
"ဘုရားရေ... အစ်ကိုလန်... ငါးထပ်မိပြန်ပြီ..."
ကျန်းဝေ့ကော်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ခုလေးတင်မှ လီလန်သည် ငါးကို ဂုန်နီအိတ်ထဲ ထည့်ကာ ငါးစာချိတ်၍ ငါးဖမ်းသည့်နေရာသို့ ပစ်ချခဲ့ခြင်း ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် နောက်ထပ်ငါးတစ်ကောင်က ငါးစာကို ဟပ်သွားလေသည်။
မျက်တောင်တစ်ခတ်စာ အချိန်လေးသာ ကြာလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အစ်ကိုလန်က နောက်ထပ် ငါးကြီးတစ်ကောင်ကို ဖမ်းမိသွားခဲ့ပြန်လေပြီ။
ဝေ့ကော်၏ ငယ်ရွယ်မှုကို ကြည့်ပြီး အထင်မသေးလိုက်နှင့်... သူ၏ ကျယ်လောင်သော အသံမှာ အဖွဲ့ခေါင်းဆောင်ကျန်းထံမှ တိုက်ရိုက် အမွေရထားခြင်းဖြစ်ပြီး မွေးရာပါ အသံကျယ်သူ ဖြစ်သည်။
ထိုအော်သံမှာ လုံမင်မြစ် ပတ်လည်ရှိ တံငါသည်များအားလုံးထံသို့ ရောက်ရှိသွားလေသည်။
"ဟိုကောင်လေးပဲ ထပ်ဖြစ်နေပြန်ပြီ... သူက အရမ်းအော်ဟစ်ဆူညံနေတာမို့ ငါ့ငါးတွေတောင် လန့်ပြေးကုန်ပြီ..."
"ဘုရားရေ... ရွှမ်းရွှေရွာက ကောင်လေး နောက်ထပ် ငါးကြီးတစ်ကောင် ဖမ်းမိပြန်ပြီ..."
"ငါးမျှားတံတောင် ကျိုးတော့မယ်... ဒီငါးက အရမ်းကြီးတာပဲ..."
"ဒီ... ဤးဒီအကောင်က ကျင်းဆယ်ဂဏန်းထက်တော့ မပိုနိုင်ဘူးမလား..."
"..."
"ဘာ... လီလန်က နောက်ထပ် ငါးကြီးတစ်ကောင် ဖမ်းမိပြန်ပြီ..."
ဟူရွှယ်ယန်သည် သူ၏ ငါးဖမ်းနေရာမှ ခုန်ထကာ လှည့်ကြည့်လိုက်ရာ လီလန်၏ ငါးမျှားတံမှာ ကွေးညွတ်နေပြီး ထိုကွေးညွတ်မှုမှာ ပြီးခဲ့သည့်အကြိမ်ကထက်ပင် ပိုမိုကြီးမားနေသည်ကို တွေ့လိုက်ရလေသည်။
ငါးမျှားကြိုးမှာ တင်းမာနေပြီး ရေအောက်ရှိ သားရဲကြီးမှာ ရူးသွပ်စွာ ရုန်းကန်နေကာ ငါမျှားးတံကိုပင် ချိုးဖျက်ပစ်တော့မည့်အလား ဖြစ်နေသည်။
"ဒီငါးကတော့..."
ဤအချိန်တွင်မူ ဟူရွှယ်ယန်၏ မျက်နှာအမူအရာမှာ နောက်ဆုံး၌ ပြောင်းလဲသွားတော့သည်။
သူသည်လည်း ကျွမ်းကျင်သော တံငါသည်တစ်ဦးဖြစ်ပြီး ငါးဖမ်းခြင်းအကြောင်းကို ကောင်းစွာ သိရှိသူ ဖြစ်သည်။ ငါးမျှားတံ၏ ကွေးညွတ်နေမှုကို ကြည့်ရုံမျှဖြင့် လီလန် ဤတစ်ကြိမ် ဖမ်းမိသောငါးမှာ ပထမဆုံးအကြိမ်က ဖမ်းမိခဲ့သည့် ကျင်းဆယ်ဂဏန်းရှိသော ငါးကြင်းထက် သေချာပေါက် ပိုလေးမည်ကို သူ သိလိုက်လေသည်။
သေချာပေါက် ကျင်းဆယ်ဂဏန်းထက် ပိုလေးမှာပဲ။
"ဘယ်လောက်တောင် ကြာသေးလို့လဲ... ငါတို့ နောက်ထပ် ငါးကြီးတစ်ကောင် ထပ်မိနေပြီ..."
လီလန်၏ ပထမဆုံး ငါးကြီးဖမ်းမိခြင်းမှာ ကံကောင်းမှုကြောင့်ဟု ဆိုလျှင်ပင်။
ဒုတိယအကြိမ် ငါးကြီးတစ်ကောင် ထပ်မံဖမ်းမိခြင်းမှာ ကံတရားသက်သက် မဟုတ်နိုင်တော့ပေ။
ဤသည်မှာ အစစ်အမှန် စွမ်းရည်ပင် ဖြစ်သည်။
"ဦးလေးဟူ... လီလန်က ကံကောင်းလို့ ထပ်နိုင်သွားပြန်ပြီ..."
"မင်းတို့ ဘာမှမသိဘူး... အဲဒါက ကျွမ်းကျင်မှုပဲ... ကံတရားနဲ့ ဘာမှမဆိုင်ဘူး..."
ဟူရွှယ်ယန်သည် သူ၏ ငါးမျှားတံကို ချထားလိုက်သည်။ သူ ဘာဆက်ဖြစ်မည်ကို ကြည့်ချင်နေမိ၏။
ဤတစ်ကြိမ်တွင် လီလန်သည် ထိုငါးကြီးကို ရေထဲမှ မည်သို့ ဆွဲထုတ်မည်နည်း။
"ဒီခေတ်ဟောင်း အပိုင်းသုံးပိုင်းဆက် ငါးမျှားတံက ခုလိုငါးကြီးရဲ့ ဆွဲအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
အခြားတစ်ဖက်တွင်မူ လီလန်သည် သူ၏ လက်ကောက်ဝတ်တွင် ကြီးမားသော အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ဖိအားကြောင့် ငါးမျှားတံမှာ ပြင်းထန်စွာ ကွေးညွတ်နေသည်ကို တွေ့လိုက်ရလေသည်။
"ဒီလောက်မြန်မြန် နောက်ထပ် ငါးကြီးတစ်ကောင် ထပ်မိပြန်ပြီလား..."
သူ ကံကောင်းနေသည်ဆိုလျှင်ပင် စနစ်မှ ဆုချထားသော အထူးငါးစာကြောင့် သူ မအံ့သြဘဲ မနေနိုင်တော့ပေ။
"ဒီငါးစာကို မကောင်းဘူးလို့ ဘယ်သူပြောလဲ... ဒီငါးစာက အံ့မခန်းပဲ..."
လီလန်သည် ရေခဲပြင်အောက်ရှိ သတ္တဝါကြီး၏ ရူးသွပ်စွာ ရုန်းကန်နေမှုကို ခံစားနေရပြီး ၎င်း၏ အင်အားမှာ သူ၏ ငါးမျှားတံကို အောက်သို့ ကွေးညွတ်သွားစေရန် အဆက်မပြတ် ဖိအားပေးနေလေသည်။
"ဒီငါးက အတော်လေးကြီးတယ်... ဟိုငါးကြင်းထက်တောင် ပိုကြီးသေးတယ်..."
လီလန်က အလွန် ဝမ်းသာသွားတော့သည်။
ဆယ်ကျင်း ငါးကြင်းပင်လျှင် သူ့ကို အံ့အားသင့်စေရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့ထက် ပိုကြီးသောအကောင် ရောက်လာသဖြင့် သူ အကြီးအကျယ် မြတ်နေလေပြီ။
ကျန်းဝေမင်၏ စက်ရုံတွင် ငါးပြတ်လပ်နေသည်။ ယနေ့ သူ ငါးကြီးဖမ်းမိပါက မည်မျှပင်များပြားစေကာမူ အကုန်လုံးကို သိမ်းထားနိုင်မည် ဖြစ်သည်။
သူ၏ လက်ပေါ်ရှိ ဖိအားများ တိုးလာသည်ကို ခံစားရသောအခါ လီလန်မှာ ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။
ဤငါးက အလွန်ကြီးမားသော်လည်း ဤငါးမျှားတံက တောင့်ခံထားနိုင်ပါ့မလား။
ငါ့အဖေ၏ ငါးမျှားတံမှာ ခေတ်ဟောင်း အပိုင်းသုံးပိုင်းဆက် ငါးမျှားတံ ဖြစ်သည်။ အောင်စအနည်းငယ်သာရှိသော ငါးလေးများကို ဖမ်းရန် အဆင်ပြေသလို ကျင်းဆယ်ဂဏန်းရှိသော ငါးကြင်းကြီးများကို ဖမ်းရန်လည်း အသုံးပြုနိုင်ပါသေးသည်။
အကယ်၍ ကျင်းဆယ်ဂဏန်းကျော်သော ငါးဆိုလျှင်တော့ ဤငါးမျှားတံက... ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ရေထဲရှိ ငါးကြီးသာ ရူးသွပ်စွာ ရုန်းကန်လိုက်ပါက ငါးမျှားတံ ကျိုးသွားလိမ့်မည်။
"မြန်မြန် အဆုံးသတ်မှ ဖြစ်မယ်... အချိန်ဆွဲနေလို့ မရဘူး..."
လီလန်တွင် ဤတံတစ်ချောင်းတည်းသာ ရှိသည်။ အကယ်၍ ကျိုးသွားပါက သူ ဆက်၍ ငါးဖမ်းနိုင်တော့မည် မဟုတ်ပေ။
"ဝေ့ကော်... ငါ့ကို ခက်ရင်းခွ ပေးစမ်း..."
အခြေအနေ တစ်ခုခုဖြစ်ခဲ့လျှင် အသုံးပြုနိုင်ရန် လီလန်သည် မှိန်းတစ်ချောင်းကိုလည်း ယူဆောင်လာခဲ့သည်။
ခွသုံးချောင်းပါ မှိန်းတွင် သစ်သားလက်ကိုင်နှင့် အလွန်ထက်မြက်သော အဖျားပါသည့် သံခက်ရင်းခွ ပါရှိသည်။ ဤမှိန်းမှာလည်း အဘိုးကျန်းပိုင်ဆိုင်သော အရာဖြစ်သည်။ နွေရာသီတွင် အလုပ်မရှိပါက အဘိုးကျန်းသည် လုံမင်မြစ်သို့လာ၍ မှိန်းဖြင့် ငါးထိုးရသည်ကို အလွန် နှစ်သက်လေသည်။
ဤအဖိုးအိုသည် ဂျပန်ကျူးကျော်သူများကို တိုက်ခိုက်ရာတွင် အလွန်ကျွမ်းကျင်ပြီး မှိန်းဖြင့် ငါးဖမ်းရာတွင်လည်း ဆရာတစ်ဆူ ဖြစ်သည်။
ယေဘုယျအားဖြင့် တံငါသည်တစ်ဦး ငါးကြီးဖမ်းမိသောအခါ ကွန်ချာတစ်ခုကို ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။
ငါးကြီးတစ်ကောင် ဖမ်းမိသည်နှင့် ကြိုးပြတ်မသွားစေရန် ကွန်ချာကို ရေပြင်ဆီသို့ ဆန့်ထုတ်ကာ ငါးကို ကွန်ချာထဲသို့ ဝင်စေပြီးနောက် ချိတ်ယူရမည် ဖြစ်သည်။
ငါးသည် ပိုက်ကွန်ထဲသို့ ရောက်သွားသည်နှင့် လွတ်မသွားရန် သေချာသွားပြီ ဖြစ်သည်။
လီလန်တွင် ပိုက်ကွန်မရှိသဖြင့် အရေးကြုံလျှင် သုံးရန် မှိန်းကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
"ဒီကောင်လေးက မှိန်းကို ပိုက်ကွန်လို သုံးချင်နေတာလား..."
ကျန်းဝေ့ကော်က လီလန်အား မှိန်းကမ်းပေးလိုက်သည်ကို မြင်သောအခါ ဟူရွှယ်ယန်မှာ အံ့အားသင့်သွားတော့သည်။
ပိုက်ကွန်မှာ အသုံးပြုရ အဆင်ပြေသည်။ ရေထဲသို့ နှစ်၍ ခပ်ယူလိုက်ရုံပင် ဖြစ်ပြီး မည်သည့်ကျွမ်းကျင်မှုမှ မလိုအပ်ပေ။
ဤမှိန်းကမူ ကွာခြားသည်။ ၎င်းအတွက် အင်အား၊ တိကျမှု၊ အမြင်အာရုံနှင့် အချိန်ကိုက်လုပ်ဆောင်နိုင်မှု... အားလုံး လိုအပ်သည်။
လုံမင်မြစ်တွင် မကြာခဏ ငါးဖမ်းလေ့ရှိသော အတွေ့အကြုံရှိ တံငါသည်များသာ မှိန်းသုံး၍ ငါးဖမ်းနိုင်သော ကျွမ်းကျင်မှု ရှိကြသည်။
လီလန်သည် အသက် (၂၀) သာ ရှိသေးပြီး တောင်ပေါ်တက်၍ အမဲလိုက်လေ့ရှိသော မုဆိုးတစ်ဦးသာ ဖြစ်သည်။ သူသည် တံငါသည်အိုကြီးများထံမှလည်း သင်ယူလိုသေးသည်။
"ဒီကောင်လေးက အရမ်းကို မာနကြီးလွန်းတယ်... မှိန်းကို ပိုက်ကွန်လို သုံးရဲတယ်ပေါ့... ငါးကို မဖမ်းမိဘဲ လွတ်သွားစေရင် ဘယ်လိုလုပ်မလဲ..."
ဟူရွှယ်ယန်က ခေါင်းခါလိုက်လေသည်။
သို့သော် သူ မှားယွင်းကြောင်း အလျင်အမြန်ပင် သက်သေပြခံလိုက်ရသည်။
ဤတစ်ကြိမ်တွင် လီလန်သည် ငါးကို ကစားရန် မကြိုးစားတော့ဘဲ ရေအောက်ရှိ သတ္တဝါကြီးကို ရင်ဆိုင်ရန် သူ၏ ကြမ်းတမ်းသော ခွန်အားကိုသာ အသုံးပြုလိုက်လေသည်။
ငါးမျှားကြိုးမှာ ဖြောင့်တန်းတင်းမာနေပြီး ငါးမျှားတံမှာ လပြည့်ဝန်းပုံသဏ္ဌာန် ကွေးညွတ်နေတော့သည်။
ရေခဲပြင်ပေါ်တွင် ရေများ ပွက်ပွက်ဆူနေပြီး လီလန်က သူ၏ လက်ပေါ်ရှိ ဖိအားကို တိုးမြှင့်လိုက်သည်နှင့်အမျှ ရေခဲပြင်အောက်မှ ချဉ်းကပ်လာသော ဧရာမသတ္တဝါကြီးကို မပီဝိုးတဝါး မြင်တွေ့လိုက်ရလေသည်။
လီလန်သည် အံကို တင်းတင်းကြိတ်ကာ ငါးကြီးနှင့် လက်တန်းယှဉ်ပြိုင်လိုက်သည်။ ငါးဖမ်းရာနေရာအနီးရှိ ရေခဲပြင်ပေါ်တွင် မတ်တတ်ရပ်နေရင်း ရေအောက်ရှိငါးက မည်မျှပင် ရူးသွပ်စွာ ရုန်းကန်နေပါစေ သူ လုံးဝ မတုန်လှုပ်ခဲ့ပေ။
သူ၏ ခြေထောက်များမှာ ရေခဲပြင်ပေါ်တွင် စိုက်ထူထားသည့်အလား တည်ငြိမ်နေလေသည်။
ဤမြင်ကွင်းက ဟူရွှယ်ယန်ကို မှင်သက်သွားစေတော့သည်။
သာမန်လူတစ်ယောက်ဆိုလျှင် ဤမျှကြီးမားသော ငါးကို ဆွဲယူရာတွင် ခြေထောက်များ ယိုင်နဲ့သွားမည်ဖြစ်ပြီး ဤမျှကြီးမားသော ငါး၏ ဆွဲအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ရေအောက်ရှိ ခုခံမှုများကို ဆိုဖွယ်ရာပင် မရှိတော့ပေ။
ငါးကြီးတစ်ကောင် ရေအောက်တွင် ရုန်းကန်လေလေ လူတစ်ယောက်အတွက် ငါးမျှားတံကို ကိုင်ထားရန် ပိုခက်ခဲလေလေပင် ဖြစ်သည်။
ငါးမျှားတံကို ကိုင်ထားနိုင်စွမ်း မရှိပါက ငါး၏ ခေါ်ဆောင်သွားခြင်းကို ခံရပေမည်။
သို့မဟုတ်ပါက ငါးကြီးက ကြိုးကို ဖြတ်တောက်သွားမည်ဖြစ်ပြီး ကြိုးစားမှုအားလုံးမှာ အလဟဿ ဖြစ်သွားမည်သာ ဖြစ်သည်။
"ဒီကောင်လေးက ကိုယ်ခံပညာ လေ့ကျင့်ထားတာလား..."
လီလန် မြင်းစီးဟန် ရပ်တည်နေသည်ကို မြင်သောအခါ ဟူရွှယ်ယန်မှာ အံ့အားသင့်သွားတော့သည်။
သူသည် ခရီးအများအပြား သွားရောက်ခဲ့ဖူးပြီး အရာများစွာကို တွေ့ကြုံဖူးသည်။ သူ၏ ငယ်ရွယ်စဉ်က ဟဲနန်ရှိ စုန့်တောင်သို့ပင် သွားရောက်ခဲ့ဖူးပြီး ရှောင်လင်ဘုန်းတော်ကြီးများ နံနက်ခင်း ကိုယ်ခံပညာ လေ့ကျင့်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးလေသည်။
လီလန်၏ မြင်းစီးဟန်မှာ အလွန် တည်ငြိမ်လှပြီး သူ၏ ယခင် ဘုန်းတော်ကြီးဆရာကိုပင် ပြန်လည် အမှတ်ရစေသည်။
ဟူရွှယ်ယန်သည် လီလန်ကို ကြည့်ကာ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရှားပါးလှသော အသိအမှတ်ပြုမှုတစ်ရပ် ပေါ်ထွက်လာလေသည်။
ကျောက်ဘိုင်တောင်ခြေရှိ ပတ်ဝန်းကျင် ကျေးရွာများတွင် ဟူရွှယ်ယန် လေးစားရသူ အလွန်နည်းပါးလှသည်။
ဟူရွှယ်ယန်သည် မြို့ကြီးပြကြီးများမှ ပညာတတ်လူငယ် အားလုံးကို အထင်အမြင်သေးလေ့ ရှိသည်။ အလွန်ဆုံးမှ သူသည် စာရိတ္တကောင်းမွန်ပြီး ဗဟုသုတကြွယ်ဝသော လူတစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်ကိုသာ ထည့်သွင်းစဉ်းစားလေ့ ရှိသည်။
"ဒီကောင်လေးက ထူးခြားတဲ့ စွမ်းရည်တွေ ရှိပြီး သူ့ရှေ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေတယ်... ဒါပေမဲ့ သူ့ရဲ့ စရိုက်က ဘယ်လိုမျိုးလဲဆိုတာတော့ ငါ သိချင်မိတယ်..."
ဟူရွှယ်ယန်၏ ကယောင်ကတမ်း စိတ်ကူးယဉ်မှုများထဲတွင် နောက်ဆုံး၌ လီလန်၏ ဘက်မှ လှုပ်ရှားမှုအချို့ ထွက်ပေါ်လာတော့သည်။
လီလန်သည် သူ၏ အစွမ်းကုန် အင်အားကိုသုံး၍ ငါးမျှားတံကို မ,တင်လိုက်လေသည်။
"ငါ မြင်ရပြီ..."
ရေခဲပြင်အောက်မှ ဧရာမ ငါးကြီးမှာ ကိုယ်ထင်ပြလာတော့သည်။
ရုတ်တရက် သူ အော်ဟစ်လိုက်လေသည်။
သူသည် မှိန်းကို အမြင့်သို့ မြှောက်ကာ သူ၏ အင်အားအားလုံးကို စုစည်း၍ ရေခဲပြင်ထဲသို့ အားကုန် ထိုးစိုက်ချလိုက်လေသည်။
"ထိုးချလိုက်တာလား... ထိသွားပြီလား..."
ကျန်းဝေ့ကော်သည် ရေခဲပြင်ကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ရေခဲပြင်မျက်နှာပြင်မှာ ရေများ ပွက်ပွက်ဆူနေပြီး မီးတောင်ရေပူစမ်းတစ်ခု ဆူပွက်နေသည်နှင့် တူနေလေသည်။
မကြာမီမှာပင် တစ်ချိန်က ကြည်လင်နေသော မြစ်ရေမှာ တောက်ပသော အနီရောင် သွေးအစုအဝေးများကို ပန်းထုတ်လာပြီးနောက် အပြင်ဘက်သို့ ပျံ့နှံ့သွားလေသည်။
"ငါ မိပြီ..."
လီလန်က အလွန် ဝမ်းသာသွားတော့သည်။
"ဝေ့ကော်... ပစ္စည်းတွေ အဆင်သင့် ပြင်ထား..."
မှိန်းကို အနည်းငယ် ဆွဲတင်လိုက်သည်နှင့် အနက်ရောင်အစက်အပြောက်များ ဖုံးလွှမ်းနေသော ငါးကြီးတစ်ကောင်ကို ရေထဲမှ ဆွဲထုတ်လိုက်လေသည်။
ထိုငါးတွင် ကြီးမားလှသော ခေါင်းကြီးတစ်ခုရှိပြီး ၎င်း၏ တစ်ကိုယ်လုံးထက်ပင် ပိုကြီးနေသေးသည်။