← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁)

ဥက္ကဋ္ဌကျေက်နှင့်တွေ့ဆုံခြင်း

“တိုက်ဆိုင်လိုက်တာဗျာ...”

ရွှီပေါ်အန်းက အိုယန်နာကျားကို နှုတ်ဆက်လိုက်လေ၏။

အနီးအနားတွင် ရပ်နေသော ကျွမ်းကျင်စွာ လေ့ကျင့်ထားသည့် အိမ်ရာဝန်ထမ်းများပင်လျှင် အိုယန်နာကျားကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ခိုးကြည့်မိခြင်းမှ မလွန်ဆန်နိုင်အောင် ဖြစ်သွားကြလေသည်။

အိုယန်နာကျားသည် တုန်းကျန်းမြို့၏ လမ်းမများနှင့် လမ်းကြားများတစ်လျှောက် လမ်းလျှောက်သွားလာသော အခါ အလွန်တရာ ဆွဲဆောင်နိုင်လှသည်ဟု ဆိုရမည်သာ ဖြစ်ပေ၏။

၎င်းမှာ သူမ၏ အချိုးစားကျလှသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသော ရုပ်ရည်ကြောင့်သာ မဟုတ်ဘဲ ရုပ်သံမှ လှပသော သတင်းကြေညာသူ တစ်ဦးဟူသည့် သူမ၏ ဂုဏ်ပုဒ်ကလည်း သူမကို လျှို့ဝှက်ဆန်းကြယ်မှု ဇာပုဝါ

တစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်စေသောကြောင့်ပင် ဖြစ်လေသည်။

အိုယန်နာကျားသည် အပြုံးလေးဖြင့် ချဉ်းကပ်လာကာ ပြောလိုက်လေ၏။

“ဟီးဟီး... ဒါကို ရုပ်သံဇာတ်လမ်းလို့ ထင်နေတာလား...။ အဲ့ဒီလောက်ထိတိုက်ဆိုင်လွန်းတဲ့ တိုက်ဆိုင်မှုတွေ ဆိုတာ မရှိပါဘူး... ရှင် ဒီကိုလာမယ်ဆိုတာ သိလို့ ဒီမှာ စောင့်နေတာပါ... ဖုန်းကြည့်နေရင်း နည်းနည်း အာရုံ လွင့်သွားလို့ပါ...”

ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြုံးလျက် ဆိုလေသည်။

“ကောင်းပါပြီ... ထင်တဲ့အတိုင်းပဲ လက်ကိုင်ဖုန်းတွေက အဆွဲဆောင်နိုင်ဆုံး ဖြစ်နေတုန်းပဲကိုး... ခင်ဗျားလည်း ဥက္ကဋ္ဌကျောက်ကို လာတွေ့တာလား...”

“ဟုတ်တယ်...”

အိုယန်နာကျားက ခေါင်းညိတ်ကာ ဆိုလေ၏။

“ဥက္ကဋ္ဌကျောက်က ရှင့်ကိုလည်း လာမယ်လို့ ပြောထားတာနဲ့ ကြုံသွားတာဆိုတော့ ကျွန်မလည်း ရှင့်ကို စောင့်နေ လိုက်တာပါ...”

“ကျေးဇူးတင်ပါတယ်... ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ...”

ရွှီပေါ်အန်းက ပြုံး၍ အိုယန်နာကျားအား ကားပေါ်သို့ အရင်တက်ရန် လက်ဟန်ပြလိုက်လေသည်။

ဤယာဉ်သည် ဂေါက်ရိုက်ရာတွင် အသုံးပြုသော ဂေါက်ကွင်းသုံးကားနှင့် ဆင်တူပြီး တံခါးများ မပါရှိချေ။

အိုယန်နာကျားသည် သူမ၏ စကတ်ကို မ,ကာ ကားပေါ်သို့ တက်လိုက်ပြီး ရွှီပေါ်အန်း ကားပေါ်တက်ရန် အခြား တစ်ဖက်သို့ ပတ်သွားစရာ မလိုစေရန်အတွက် အတွင်းဘက်သို့ အနည်းငယ် တိုးထိုင်လိုက်လေ၏။

ရွှီပေါ်အန်းသည် ကားပေါ်သို့တက်၍ ထိုင်လိုက်လေသည်။ လက်အိတ်ဖြူ ဝတ်ဆင်ထားသော ယာဉ်မောင်းသည် လျှပ်စစ်ကားကို ဖြည်းညင်းစွာ စတင်မောင်းနှင်လိုက်လေ၏။

လျှပ်စစ်ကားသည် ကွေ့ကောက်နေသော ကွန်ကရစ်လမ်းတစ်လျှောက် သင့်တင့်သော အမြန်နှုန်းဖြင့် သွားလာနေ ပြီး ညင်သာသော လေပြေလေညင်းက ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားရာ အတော်လေး သာယာဖွယ် ကောင်းလှပေသည်။

အိုယန်နာကျားသည် လေတိုက်ခံရ၍ ဖရိုဖရဲဖြစ်နေသော သူမ၏ နားထင်မှ ဆံနွယ်လေးများကို သပ်တင်လိုက် ပြီး သူမ၏ဘေးတွင် ထိုင်နေသော ရွှီပေါ်အန်းအား မေးလိုက်လေ၏။

“ဒါနဲ့... အဲ့ဒီလူက... ရှင့်ကို ပြဿနာ တစ်ခုခုတော့ ထပ်မရှာဘူးမလား...”

“ဟင်...”

ရွှီပေါ်အန်းမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားကာ အံ့အားသင့်သွားခဲ့လေသည်။

အိုယန်နာကျားက အနေခက်သော လက်ဟန်အမူအရာ လုပ်ပြရင်း တိုးညင်းစွာ ပြောလိုက်လေ၏။

“အဲ့ဒါက... ပြီးခဲ့တဲ့အကြိမ်က ရှင် ကျွန်မကို ကူညီပေးတုန်းက လမ်းပေါ်မှာ ကားနဲ့ လိုက်မောင်းလာတဲ့ လူကို ပြောတာပါ...”

ရွှီပေါ်အန်းသည် ချက်ချင်းပင် သတိရသွားခဲ့လေသည်။ ၎င်းမှာ ပြိုင်ကားကို မောင်းနှင်လာခဲ့သော ထိုသူဌေးသား လေးပင် ဖြစ်လေ၏။

အိုယန်နာကျားက ထိုလူသည် သူမနှင့် ဆယ်နှစ်ကျော်ကြာ တွဲခဲ့သော ချစ်သူဟောင်းဖြစ်ပြီး သူ၏ ဦးလေးမှာ တုန်းကျန်း ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌနှင့် တုန်းကျန်းမြို့ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သော ကျိုက်ချင်းရှန်း ဖြစ်သည်ဟု ပြောခဲ့ဖူးသည်ကို သူ မှတ်မိနေလေသည်။

ရွှီပေါ်အန်းက ခေါင်းခါရင်း ဆိုလေ၏။

“မရှိပါဘူး... ဒီလို အရေးပါတဲ့ လူကြီးက ကျွန်တော့်လို သာမန်လူတစ်ယောက်ကို အလေးအနက်ထားမှာ မဟုတ် ပါဘူးလေ...”

“ရှင်က ကိုယ့်ကိုယ်ကိုယ် သာမန်လူလို့ သတ်မှတ်ထားတာလား... ရှင်က အရမ်းကို နှိမ့်ချလွန်းပါတယ်ရှင်... တကယ်လို့ ရှင်ကသာ အဲ့ဒီလိုပြောမယ်ဆိုရင် ဒီစကားလုံးက ကျွန်မနဲ့ ပိုသင့်တော်ပါတယ်လေ...”

ပြောရင်းဆိုရင်းပင် အိုယန်နာကျားက ပြုံးလျက် ခေါင်းခါလိုက်ပြီး သူမ၏ အသံနေအသံထားမှာ မိမိကိုယ်ကိုယ် အနည်းငယ် နှိမ့်ချနေဟန် ရှိလေ၏။

မည်သို့ပင်ဖြစ်စေ ထိုမျှ တန်ဖိုးကြီးမားလှသော အစိမ်းရောင်အင်ပါယာ ကျောက်စိမ်းကို ပေါ့ပေါ့ပါးပါး ပေးကမ်း နိုင်ခြင်းနှင့် ဝမ်တာ့ ဗဟိုဗီလာ ကဲ့သို့သော အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်နိုင်ခြင်းတို့မှာ သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်သည်မှာ သေချာလှပေသည်။

သေချာသည်မှာ အိုယန်နာကျားသည် သူမ၏ မိသားစု အခက်အခဲကို သိရှိနေခြင်းပင် ဖြစ်၏။ သူမသည် လည်း ဗဟိုခြံဝင်း တွင် နေထိုင်သော်ငြားလည်း သူမ၏အိမ်မှာ နိုင်ငံခြားသို့ ထွက်ခွာသွားသော သူငယ်ချင်းတစ်ဦးက သူမအား အပ်နှံထားခဲ့ခြင်းသာ ဖြစ်လေသည်။

ရုပ်သံမှ လှပသော သတင်းကြေညာသူ တစ်ဦးအနေဖြင့် နာမည်ကြီးသော်လည်း သူမတွင် နေ့စဉ်လစာနှင့် ဒေသ တွင်း စီးပွားရေးပွဲများ၊ ဖွင့်ပွဲအခမ်းအနား အချို့သို့ တက်ရောက်ခြင်းမှလွဲ၍ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ရန် ဝင်ငွေများစွာ မရှိလှချေ။

သာမန် တိုက်ခန်းကျယ်ကြီး တစ်ခန်း ဝယ်ယူရန်မှာ အနည်းငယ် ဖြစ်နိုင်ခြေရှိသော်လည်း သန်းပေါင်းဆယ်နှင့်ချီ တန်ဖိုးရှိသော ဗီလာတစ်လုံး ဝယ်ယူရန်မှာ အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ်ခန့် ကြိုးစားပမ်းစား အလုပ် လုပ်ရန် လိုအပ်ဦးမည် ဖြစ်ပေသည်။

ဤအချက် တစ်ချက်တည်းကပင် သူတို့နှစ်ဦးထဲတွင် မည်သူက ပို၍ သာလွန်ကြောင်းကို ရှင်းလင်းပြတ်သားစွာ ပြသနေလေပြီ။

ရွှီပေါ်အန်းက လေးနက်စွာဖြင့် ပြောလိုက်လေ၏။

“မစ္စအိုယန်... ခင်ဗျားက တုန်းကျန်းမြို့မှာ လူသိအများဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပါ... တုန်းကျန်း ရုပ်သံ ရဲ့ လှပတဲ့ သတင်းကြေညာသူလေးလေ... ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေကစလို့ သူငယ်တန်းက ကလေးတွေအထိ တုန်းကျန်းမှာရှိတဲ့ လူတိုင်းက ခင်ဗျားကို သိကြပါတယ်... တကယ်လို့ ခင်ဗျားကသာ သာမန် လူဆိုရင် တုန်းကျန်းမှာ ကိုယ့်ကိုယ်ကိုယ် အရေးပါတဲ့လူလို့ ရဲရဲဝံ့ဝံ့ ခေါ်ရဲတဲ့လူ အလွန်နည်းပါလိမ့်မယ်...”

အိုယန်နာကျားသည် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်လေ၏။

“ရုပ်သံရုံကြောင့်သာ ကျွန်မ နာမည် နည်းနည်းရလာတယ်ဆိုတာကို သိပေမယ့် ရှင့်စကားကို ကြားရတော့မှ ကျွန်မ နည်းနည်းတောင် ခေါင်းမူးသွားသလို ခံစားရတယ်... ကျွန်မ ဝိတ်ချနေတာ အောင်မြင် သွားပုံပဲ... ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ကျွန်မလုပ်ခဲ့တဲ့ ယောဂလေ့ကျင့်ခန်းတွေက အလကား မဖြစ်သွားဘူးပေါ့...”

ရွှီပေါ်အန်းက အိုယန်နာကျားအား အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီးနောက် ဆိုလေသည်။

“မစ္စအိုယန်က တော်တော်လေး စည်းကမ်းကြီးတာပဲ... သေချာတာပေါ့လေ... ဘယ်သူမှ ကိုယ့်ကိုယ်လုံး ကိုယ်ပေါက်ကို လွယ်လွယ်ကူကူ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူးလေ...”

အိုယန်နာကျားက ရယ်မောလိုက်ပြီး ရွှီပေါ်အန်း၏ ပခုံးကို ညင်သာစွာ ထိုးလိုက်ရင်း ဆိုလေ၏။

“ရှင်က ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေသလို ခံစားရတယ်... ရှင့်လို ချမ်းသာတဲ့လူ တစ်ယောက်က ဒီလို ကိုယ်လုံး ကိုယ်ပေါက်မျိုး ထိန်းသိမ်းထားနိုင်တာ တော်တော်ရှားရှားပဲလေ...”

ယခုခေတ်တွင် ချမ်းသာသူ အများစု၊ အထူးသဖြင့် အမျိုးသားများသည် အဝလွန်ကာ ဗိုက်ရွှဲနေတတ်ကြသည်။ ကျန်ရှိသော တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းသော သူများမှာလည်း ထိပ်ပြောင်နေတတ်ကြပေရာ ထို အချက် နှစ်ချက်တည်းကပင် လူအုပ်ကြားထဲတွင် ပေါ်လွင်ထင်ရှားစေရန် လုံလောက်နေပြီ ဖြစ်ပေသည်။

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ချက်ချင်းပင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေ၏။

သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သူ၏ ကိုယ်ပိုင် စည်းကမ်းကြီးမှုကြောင့် ထိန်းသိမ်းထားနိုင်ခြင်း မဟုတ်ပေ။ ၎င်း မှာ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု ဟူသော "ရွှေလက်ချောင်း" ၏ ကျေးဇူးကြောင့်သာ ဤအခြေ အနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

သူ၏ ကြီးမားသော ဘီယာဗိုက်မှာ သူ၏ ငယ်ရွယ်စဉ်ကာလ ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင် ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ခဲ့ရခြင်း၏ ရလဒ်ပင် ဖြစ်လေ၏။

ရွှီပေါ်အန်းက ရယ်မောလျက် ပြောလိုက်လေသည်။

“ဒီလောက်နဲ့ပဲ အပြန်အလှန် မြှောက်ပင့်နေတာတွေကို ရပ်လိုက်ကြရအောင်ပါဗျာ... ကျွန်တော်တို့ ဥက္ကဋ္ဌ ကျောက်ရဲ့ အိမ်ကို ရောက်တော့မယ်...တကယ်လို့ သူသာ ကြားသွားရင် တစ်ခုခုကို အထင်လွဲသွားနိုင်တယ်...”

ဥက္ကဋ္ဌကျောက်တွင် မြေထဲပင်လယ်စတိုင် ဆံပင်ပုံစံရှိပြီး လုံးဝကို ထိပ်ပြောင်နေခဲ့ခြင်း ဖြစ်လေသည်။

အိုယန်နာကျားသည် သူမ၏ နောက်ပြောင်လိုသော အမူအရာကို ပြသလျက် လျှာလေးကို အနည်းငယ် ထုတ် ပြလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းကိုကိုက်ကာ ပြောလေ၏။

“တကယ်တော့... ဒီနေ့ ကျွန်မလာတာ ဥက္ကဋ္ဌကျောက်ကို နှုတ်ဆက်ဖို့ပါ... ပြီးတော့ ရှင့်ကိုလည်း နှုတ်ဆက်ဖို့နဲ့ အရင်တုန်းက ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ဖို့ လာခဲ့တာပါ...”

“ဒါက ဘာမှမဟုတ်ပါဘူး... အကူအညီ သေးသေးလေးတစ်ခုပါ... ခင်ဗျား တုန်းကျန်း ကနေ ထွက်သွားတော့ မလို့လား...”

ရွှီပေါ်အန်းက လှည့်လိုက်ပြီး အိုယန်နာကျားအား သေချာစွာ အကဲခတ်ကြည့်လိုက်လေသည်။

ရွှီပေါ်အန်းသည် သူ၏ရှေ့မှ လှပသော အမျိုးသမီး သတင်းကြေညာသူလေး စိတ်ဓာတ်ကျကာ ဝမ်းနည်းနေချိန် တွင် သူမ၏အိမ်သို့ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သော ထိုညကို ရုတ်တရက် သတိရသွားခဲ့လေသည်။

*တကယ်လို့ အဲ့ဒီအချိန်တုန်းက ငါ သွားခဲ့မယ်ဆိုရင် ငါ ထွက်ခွာဖို့ ခက်ခဲနေမလား...။*

ခေတ္တမျှ ရွှီပေါ်အန်းမှာ သူ၏ရှေ့မှ အလှတရားနှင့် ခွဲခွာရမည်ကို နှမြောတသ ဖြစ်နေသလား သို့မဟုတ် ထိုနေ့က သူ၏ ယဉ်ကျေးစွာ ငြင်းဆန်ခဲ့မှုကို နှမြောတသ ဖြစ်နေသလားဆိုသည်ကိုပင် မသိနိုင်တော့ဘဲ အနည်းငယ် နှမြောတသ ဖြစ်မိခြင်းမှ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေတော့သည်။

အိုယန်နာကျားက ခေါင်းညိတ်ကာ တိုးညင်းစွာဖြင့် ဆိုလေ၏။

“ရုပ်သံရုံမှာ တစ်နှစ် နိုင်ငံခြားသွားပြီး ပညာသင်ဖို့ အခွင့်အရေးရလာလို့ လေ... ဒါက အနားယူဖို့ နည်းလမ်းတစ်ခု ပါပဲရှင်... ဒီနှစ်တွေအတွင်း မငြိမ်မသက်ဖြစ်နေတာတွေကို အဆုံးသတ်ပြီးတော့ အနာဂတ်မှာ ပိုကောင်းတဲ့ တိုးတက်မှုတွေ ရနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင်လို့ပါ...”

ရွှီပေါ်အန်းက ပြုံးနေသော်လည်း ပြန်လည် ဖြေချင်းတော့မရှိခဲ့ချေ။ ထို့ကြောင့် ကားထဲရှိ လေထုမှာ တစ်ခဏမျှ အနည်းငယ် လေးလံသွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် အချိန်ခဏအကြာတွင် လျှပ်စစ်ကား ရပ်တန့်သွားခဲ့လေ၏။

ကားရပ်တန့်သွားသောအခါ သူတို့၏ရှေ့တွင် မြင့်မားသော နံရံများနှင့် ကြေးနီသံမှိုများ တပ်ဆင်ထားသည့် ရှေးဟောင်းစတိုင် သစ်သားတံခါးကြီး တစ်ခုရှိနေလေသည်။

တောင်ခြေတွင် ဤနေရာသည် စိမ်းလန်းစိုပြည်သော သစ်ပင်များနှင့် တောင်တန်းများ၏ ပုံသဏ္ဌာန်များကြောင့် တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ခံထားရပြီး ဝိုးတဝါးဖြစ်ကာ ခြံဝင်းနံရံတစ်ခုနှင့် ခပ်ဆင်ဆင် တူနေသော်လည်း မြင်ကွင်းမှာ မရှင်းလင်းလှဘဲ ငြိမ်းချမ်းမှုနှင့် ဆိတ်ငြိမ်မှု အငွေ့အသက်ကိုသာ ခံစားရစေသည်။

အနီးကပ် လေ့လာကြည့်သောအခါမှသာ အဆောက်အအုံ၏ ကြီးမားခမ်းနားလှသော အနေအထားကို တွေ့ရှိ ရပြီး လျှို့ဝှက်ဆန်းကြယ်မှုနှင့် မထင်မှတ်ထားသော ရှာဖွေတွေ့ရှိမှု ခံစားချက်ကို ဖြစ်ပေါ်စေလေ၏။

အိုယန်နာကျားသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးသူ မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။ သူမ သည် တံခါး၏ ညာဘက်ခြမ်းရှိ ခလုတ်တစ်ခုကို ညင်သာစွာ နှိပ်လိုက်ရာ အဖုံးပွင့်လာပြီး အိုယန်နာကျားက စကားဝှက် အနည်းငယ်ကို ရိုက်ထည့်လိုက်သောအခါ တံခါးက ညင်သာစွာ ပွင့်သွားလေတော့သည်။

မြင့်မားသော ခြံတံခါးကြီးအတွင်းသို့ ဝင်ရောက်လိုက်သောအခါ ခြံဝင်းတစ်ခုလုံးသည် တောင်စောင်းငယ်လေး တစ်ခုတွင် တည်ရှိနေပြီး ခြံဝင်း၏ အပြင်အဆင်ကို အထက်နှင့် အောက် ခြံဝင်း ဒီဇိုင်းတစ်ခုအဖြစ် ပြီးပြည့်စုံစွာ စီစဉ်ထားသဖြင့် ခြံဝင်းအတွင်း၌ ၎င်း၏ ကိုယ်ပိုင် ထူးခြားသော ဆောင်းရာသီ လေထုကိုလည်း တွေ့ရှိရလေ သည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ တောင်တန်းများအတွင်း၌ တောင်တန်းများ ရှိနေသကဲ့သို့ ခံစားရလေ၏။

ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဥက္ကဋ္ဌကျောက်၏ ကိုယ်ပိုင် ခြံဝင်းထဲတွင် တောင်ငယ်လေး တစ်လုံး ရှိနေ သကဲ့သို့ပင် ဖြစ်လေသည်။

ဤသည်မှာ ဗီလာ တစ်လုံး ဖြစ်သင့်သည့်ပုံစံပင် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ခံစားစံစားမှုပင် ဖြစ်ပေ၏။

နှိုင်းယှဉ်ကြည့်လိုက်သောအခါ ရွှီပေါ်အန်းသည် ဗဟိုခြံဝင်း ရှိ သူ၏ ဗီလာဟုခေါ်သော အရာမှာ အကောင်းဆုံး ဆိုလျှင် သုံးထပ် ဗီလာ တစ်လုံးမျှသာ ဖြစ်သည်ဟု ခံစားလိုက်ရလေသည်။

မူလက သင့်တင့်လျောက်ပတ်သော စိမ်းလန်းစိုပြည်မှုနှင့် ကောင်းမွန်သော ပတ်ဝန်းကျင် ရှိသည်ဟု သူ ထင်မှတ် ထားခဲ့သော ဗဟိုခြံဝင်း သည် ၎င်း၏ ယေဘုယျ ခံစားချက်အရ ချက်ချင်းပင် လုံးဝ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ ပျက်စီးသွားခဲ့ရလေပြီဖြစ်၏။

၎င်း၏ ကောင်းမွန်သော တည်နေရာမှလွဲ၍ အခြား မည်သည့် အားသာချက်မှ ရှိမည်မဟုတ်ချေ။

အထက်ခြံဝင်း၏ ပလက်ဖောင်းပေါ်တွင် ဥက္ကဋ္ဌကျောက်သည် သစ်သားလက်ရန်းကို မှီကာ အောက်သို့ ငုံ့ကြည့် နေခဲ့လေသည်။ ရွှီပေါ်အန်း ဝင်လာသည်ကို သူ မြင်သောအခါ ယဉ်ကျေးစွာ နှုတ်ဆက်ရန် လက်ကို မြှောက်ပြ လိုက်လေ၏။ ရွှီပေါ်အန်းက ပြုံး၍ ပြန်လည် လက်ဝှေ့ယမ်းပြလိုက်လေသည်။

ဧည့်သည် ဝင်လာသည်နှင့် ဥက္ကဋ္ဌကျောက်သည် နှုတ်ဆက်ရန် ဖြည်းညင်းစွာ ဆင်းလာခဲ့လေသည်။ သူ၏ ခြေလှမ်းများကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားပြီး ရွှီပေါ်အန်း အပေါ်ထပ် ပလက်ဖောင်းသို့ ခြေချလိုက်ချိန်တွင် ဥက္ကဋ္ဌကျောက်သည် စက်လှေကားထံသို့ ရောက်ရှိလာခဲ့လေ၏။

“မစ္စတာရွှီ... ဒီကို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

ဥက္ကဋ္ဌကျောက်က လက်ကမ်းပေးကာ ရွှီပေါ်အန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

ရွှီပေါ်အန်းက ရယ်မောလျက် ပြောလိုက်လေ၏။

“ဥက္ကဋ္ဌကျောက်က အရမ်း သဘောကောင်းလွန်းပါတယ်... ကျွန်တော်ကသာ ခင်ဗျားကို ဒုက္ခပေးနေတဲ့သူပါ... ဒါ ပေမယ့် ဒီခရီးက ကျွန်တော့်ကို တကယ်ပဲ အမြင်ကျယ်စေခဲ့ပါတယ်... တုန်းကျန်း မှာ ဒီလို ပရဒိသုဘုံလို နေရာ မျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး... တကယ်ကို အားကျစရာ ကောင်းလှပါတယ်...”

ဥက္ကဋ္ဌကျောက်က အားရပါးရ ရယ်မောကာ ဆိုလေသည်။

“ဟားဟား... မစ္စတာရွှီ... ခင်ဗျား ကျွန်တော့်ကို မြှောက်နေပြန်ပါပြီ... အဲ့ဒီတုန်းက ဒါက ခေတ်စားနေတဲ့ အရာ တစ်ခုပါပဲ... ဒီနေရာက တောင်တွေကို နောက်ခံပြုထားပြီး ဘေးဘက်မှာ ရေရှိတယ်လို့ လူတွေ ပြောကြတာ ကြားဖူးတော့ ဖုန်းရွှေ ကောင်းတယ်ပေါ့ဗျာ... ကျွန်တော့်မှာလည်း ပိုလျှံနေတဲ့ ငွေလေး နည်းနည်းရှိနေတာနဲ့ သူငယ်ချင်းကောင်း အချို့က တူတူဝယ်ဖို့ တိုက်တွန်းခဲ့လို့ပါ...”

ရွှီပေါ်အန်းသည် သူ၏ လျှာကို အကြိမ်ကြိမ် သပ်လိုက်မိလေ၏။ သေချာသည်မှာ အရေးပါသော လူကြီးများ၏ အသိုင်းအဝိုင်းမှ သူငယ်ချင်းများမှာ ကွဲပြားခြားနားလှပေသည်။

ဗီလာများကို အစုလိုက်အပြုံလိုက် ဝယ်ယူခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အရာတစ်ခုပင် ဖြစ်လေ သည်။

*ဘုရားရေ... ငါက မိန်တွမ် နဲ့ ဖင်းတောတော ပေါ်မှာပဲ အုပ်စုလိုက် ဝယ်တာမျိုး လုပ်ဖူးတာဆိုတော့ နှိုင်းယှဉ် လို့ကို မရနိုင်ပါဘူးလေ...။*

All Chapters