← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃)

ကျွန်မက ကျားမကြီးမှ မဟုတ်တာ

ထိုသို့ စိုက်ကြည့်ခံရမှုကြောင့် အိုယန်နာကျားမှာ ရှက်ရွံ့သွားခဲ့သော်လည်း ကြီးကျယ်ခမ်းနားသော ပွဲလမ်းသဘင် အမျိုးမျိုးကို မြင်ဖူးထားသူပီပီ သူမက ချက်ချင်းပင် ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲကာ ပြောလိုက်လေ သည်။

“မစ္စတာရွှီ... ဥက္ကဋ္ဌကျောက်ကို ဘာလက်ဆောင်ပြန်ပေးခဲ့တာလဲ... ကျွန်မ တော်တော်လေး သိချင်နေလို့...”

ရွှီပေါ်အန်းသည် အနေခက်စွာ ပြုံးလိုက်ပြီး သတိပြန်ဝင်လာခဲ့လေ၏။

“ဟီးဟီး... ဥက္ကဋ္ဌကျောက်... ကျွန်တော် တစ်ခုလောက် မေးပါရစေ... ခင်ဗျား အရက်နဲ့ ဓာတ်မတည့်တာမျိုး တော့ မရှိပါဘူးနော်...”

ဥက္ကဋ္ဌကျောက်က နားမလည်နိုင်စွာဖြင့် ခေါင်းခါမ်းပြလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော် ဓာတ်မတည့်တာမျိုး မရှိပါဘူး... ဘာဖြစ်လို့ ဒီအကြောင်းကို ရုတ်တရက်ပြောရတာလဲ... မစ္စတာရွှီ ဆီမှာ ကျွန်တော်နဲ့အတူ သောက်ချင်တဲ့ အရက်ကောင်းကောင်း ရှိနေလို့လား... ကျွန်တော် မစ္စတာရွှီကို စိတ်ပျက် စေရမယ်ဆိုရင်တောင် ကျွန်တော့်ရဲ့ အရက်ခံနိုင်ရည်က အရမ်းနိမ့်တော့ ခင်ဗျား စိတ်ကြိုက် သောက်နိုင်မှာ မဟုတ်မှာကို စိုးရိမ်မိပါတယ်...”

ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေ၏။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒီလိုပါ... ကျွန်တော်က ဆေးပညာ နည်းနည်းပါးပါး သိထားတော့ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဆံပင်ကျွတ်တာကို ရပ်တန့်စေပြီး ဆံပင်ပေါက်ဖို့ အရမ်းထိရောက်တဲ့ ဆေးအရက်အချို့ကို ဖော်စပ်ထားမိလို့ပါ... တကယ်လို့ ဥက္ကဋ္ဌကျောက်သာ သောက်နိုင်မယ်ဆိုရင် ဒါက ခင်ဗျားရဲ့ ကျေးဇူးကို ဆပ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ...”

၎င်းကို ကြားသောအခါ ဥက္ကဋ္ဌကျောက်က ရယ်မောလိုက်ပြီး ပြောလေသည်။

“မစ္စတာရွှီက အရမ်းသဘောကောင်းတာပဲ... ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံ ပါတယ်ဗျာ...”

သူသည် ယဉ်ကျေးစွာ ပြောဆိုခဲ့သော်လည်း ဥက္ကဋ္ဌကျောက်သည် ရွှီပေါ်အန်း၏ စကားများကို အလေးအနက် ထားပုံ မပေါ်ချေ။

မည်သို့ပင်ဆိုစေ သူသည် အတိတ်က သူ၏ ဆံပင်ကျွတ်ခြင်းကို ကုသရန် အချိန်နှင့် ငွေကြေးများစွာ အကုန် အကျခံခဲ့ပြီး ဖြစ်လေသည်။ နာမည်ကြီး ဆရာဝန် အသီးသီးနှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးရုံကြီးများသို့ သွား ရောက်ကာ ရိုးရာကုထုံးများကို ရှာဖွေခဲ့ပြီး နတ်ဘုရားများထံတွင်ပင် ဆုတောင်းခဲ့သော်လည်း မည်သည့် အရာ ကမျှ အလုပ်မဖြစ်ခဲ့ပေ။

တစ်ချိန်က ရေပန်းစားခဲ့သော လျှပ်စစ်ကုထုံး၊ မီးကုထုံးနှင့် အပ်စိုက်ကုထုံးတို့ကိုပင် စမ်းသပ်ခဲ့သော်လည်း မည် သည့်အရာကမျှ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

ရွှီပေါ်အန်းကမူ ဂရုစိုက်ပုံ မပေါ်ခဲ့ပေ။

သူ၏လက်ထဲရှိ မျောက်ဝိုင်သည် ဘွန်ဆိုင်းကမ္ဘာမှ ရရှိသော စစ်မှန်သည့် မျောက်ဝိုင် ဖြစ်လေသည်။ ဦးခေါင်းပြဿနာ အသီးသီးကို ကုသရာတွင် အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိကြောင်းကို ခေါင်ရှန်းရွာမှ လူများထံမှ သူ ကြားခဲ့ရသည်မှာ ကြာပြီဖြစ်၏။

အချို့က ၎င်းကို သုံးရက်ဆက်တိုက် သောက်ပါက ဆံပင်များ ပေါက်လာလိမ့်မည်ဟုပင် ပြောဆိုကြလေသည်။

ဒေါက်တာကျန်း၏ မိသားစုတွင် လက်ဆင့်ကမ်းလာခဲ့သော ဆေးပညာရပ်များကို တတ်မြောက်ပြီးနောက် ရွှီပေါ်အန်းသည် မျောက်ဝိုင်၏ ဆေးဖက်ဝင် ဂုဏ်သတ္တိများစွာကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့လေ၏။

သင့်လျော်သော အရန်ဆေးဝါးများ ထည့်သွင်းခြင်းဖြင့် မျောက်ဝိုင်၏ အစွမ်းသတ္တိသည် ပိုမို တိုးတက် လာမည် ဖြစ်လေသည်။

ထို့ကြောင့် ရွှီပေါ်အန်းမှာ အလွန်တရာ ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်၏။

“ကောင်းပြီ... ဒါဆိုရင် သဘောတူတယ်ပေါ့... ကျွန်တော့်ရဲ့ ဆေးအရက်က ဥက္ကဋ္ဌကျောက်ကို သေချာပေါက် အံ့အားသင့်သွားစေမယ်လို့ ယုံကြည်ပါတယ်...”

ရွှီပေါ်အန်း၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်သောအခါ ဥက္ကဋ္ဌကျောက်သည် ဤအရာကို အနည်းငယ် အလေးအနက်ထားလာခဲ့လေသည်။ သူသည် ရွှီပေါ်အန်းအား မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေ၏။

“ဒီသို့ဆိုရင်တော့ ကျွန်တော် စောင့်ကြည့်ရသေးတာပေါ့...”

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး အိုယန်နာကျားက အချိန်ကိုက်ပင် ဝင်ပြော လိုက်လေသည်။

“လာပါ... လက်ဖက်ရည် သောက်ကြပါဦး... ဒါက ဥက္ကဋ္ဌကျောက် တန်ဖိုးထားသိမ်းဆည်းထားတဲ့ ထိပ်တန်း အဆင့် တာ့ဟုန်ပေါင် လက်ဖက်ရည်ပါ... ကျွန်မကတော့ ဥက္ကဋ္ဌရွှီနဲ့ အတူရှိနေလို့ အခွင့်အရေးရသွားတာပါ...”

ရွှီပေါ်အန်း၏ ရင်ထဲတွင် လှိုင်းငယ်လေးတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး သူ တွေးလိုက်လေ၏။

*ဘွန်ဆိုင်းကမ္ဘာကနေ ရထားတဲ့ တာ့ဟုန်ပေါင် လက်ဖက်ရည်ကို ပြုပြင်ထုတ်လုပ်တာ ပြီးသွားရင် ခင်ဗျားတို့ကို ငါ ရွှီအိုကြီးရဲ့ လက်ဖက်ရည်ကောင်းကို မြည်းစမ်းခွင့်ပေးမယ်...*

သူတို့သုံးဦး ခေတ္တမျှ စကားစမြည်ပြောဆိုနေစဉ် အိမ်အကူတစ်ဦး ရောက်လာပြီး အစားအသောက် ပြင်ဆင်ပြီး စီးကြောင်း လာရောက်မေးမြန်းခဲ့လေသည်။

ဥက္ကဋ္ဌကျောက်က ဖိတ်ကြားခဲ့ပြီး ရွှီပေါ်အန်းကလည်း လက်ခံလိုက်သဖြင့် သူတို့သုံးဦး အတူတကွ ညစာစား ခဲ့ကြလေ၏။

ဥက္ကဋ္ဌကျောက် အိမ်ရှိ ထမင်းစားခန်းသည် ဇိမ်ကျကျ ခမ်းနားရုံသာမက အလွန်တရာ ကျယ်ဝန်းလှပေသည်။

ဤအစားအသောက်သည် တော်ဝင်မင်းဆက်ဟိုတယ်ရှိ အခမ်းနားဆုံး သီးသန့်ခန်း သို့မဟုတ် အမြင့်ဆုံးအဆင့် ညစာစားပွဲထက် မည်သည့်နည်းနှင့်မျှ နိမ့်ကျခြင်း မရှိခဲ့ချေ။

ညစာစားပြီးနောက် ဧည့်သည်များနှင့် အိမ်ရှင်များအားလုံး စိတ်ကြည်နူးပျော်ရွှင်နေကြပြီး ရွှီပေါ်အန်းနှင့် အိုယန်နာကျားတို့သည် အတူတကွ ထွက်ခွာသွားခဲ့ကြလေသည်။

“ရှင်နဲ့အတူ ကားကြုံလိုက်ခဲ့လို့ ရမလား...”

အိုယန်နာကျားသည် ရွှီပေါ်အန်း၏ ကားဘေးတွင် ရပ်နေရင်း ပြုံးကာ မေးလိုက်လေ၏။

“ရတာပေါ့... ခင်ဗျားကား ဒီမှာ ရပ်ထားတာလား...”

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေသည်။

“ဒီကားက ကျွန်မကား မဟုတ်ပါဘူး... အဲဒီလူက ကျွန်မကို ပေးထားတာပါ... ဥက္ကဋ္ဌကျောက်က သူ့မိသားစုနဲ့ ရင်းနှီးတယ်လေ... အဲဒီကားကို သူ့ဆီ ပြန်ပေးဖို့ ဥက္ကဋ္ဌကျောက်ကို အကူအညီတောင်းပြီးသွားပြီ...”

အိုယန်နာကျားက ခေါင်းခါပြလိုက်ပြီး ပြောလေ၏။

အိုယန်နာကျား ရည်ညွှန်းနေသည့် သူ ဆိုသည်မှာ သူမ၏ ချစ်သူဟောင်းဖြစ်ကြောင်း ရွှီပေါ်အန်း နားလည်လိုက် လေသည်။ သူမသည် သိက္ခာရှိသူတစ်ဦး ဖြစ်ပေသည်။

ရွှီပေါ်အန်း ကားစက်နှိုးလိုက်ပြီး သူတို့နှစ်ဦး အာလာပသလ္လာပ စကားပြောနေကြသော်လည်း နှစ်ဦးစလုံးမှာ စိတ်လွတ်နေပုံပေါ်လေ၏။

အိုယန်နာကျားသည် အနာဂတ်ရှိ သူမ၏ ဘဝသစ်အကြောင်းကို တွေးတောနေခဲ့လေသည်။

ရွှီပေါ်အန်းကမူ ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း က ဟောကိန်းထုတ်ထားသည့် ကိစ္စက အတိ အကျ ဘာလဲဆိုသည်ကို တွေးတောနေခဲ့ခြင်း ဖြစ်လေသည်။

မကြာမီ ကားသည် အိုယန်နာကျား၏ နေအိမ်အပြင်ဘက် ရင်းနှီးနေသော နေရာတစ်ခုဖြစ်သည့် ဗဟိုခြံဝင်း တွင် ရပ်တန့်သွားခဲ့လေ၏။

“ကျေးဇူးတင်ပါတယ်... တာ့တာ...”

အိုယန်နာကျားက ရွှီပေါ်အန်းအား ပြုံး၍ လက်ဝှေ့ယမ်းပြကာ ပြောလိုက်လေသည်။

“တာ့တာ... စောစောအိပ်တော့နော်...”

ရွှီပေါ်အန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလေ၏။

“နှုတ်ဆက်ပါတယ်ရှင်... နောက်တစ်ကြိမ် ကျွန်မတို့ တွေ့ရမယ့်အချိန်က တစ်နှစ်လောက်ကြာမှ ဖြစ်နိုင်တယ်... ကျွန်မ အိပ်မငိုက်သေးပါဘူး... ဒီနေ့ ရှင် ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်... လက်ဖက်ရည်တစ်ခွက် လောက် ဝင်သောက်သွားပါလား...”

အိုယန်နာကျားက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

*လက်ဖက်ရည် သောက်မလား...*

ရွှီပေါ်အန်း ချက်ချင်းပင် သံသရာလည်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

ဤအရာအားလုံးက အလွန်ကို ရင်းနှီးနေခဲ့ပေ၏။ ပြီးခဲ့သည့်အကြိမ်က ဤနေရာ၌ပင် တူညီသော ဖိတ်ခေါ်မှုမျိုး ဖြစ်လေသည်။ သူက တိုက်ရိုက်ပင် ငြင်းပယ်ခဲ့၏။

ဤတစ်ကြိမ်တွင်မူ သူ ထပ်မံ၍ စိတ်လိုက်မာန်ပါ မလုပ်နိုင်တော့ချေ။

“ကောင်းပြီလေ... ဒါဆိုရင် အနှောင့်အယှက်ပေးပါရစေ...”

ရွှီပေါ်အန်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရင်း ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း ၏ အံ့ဖွယ်အစွမ်းကို အံ့ဩချီးကျူးကာ ခိုင်မာစွာ ခေါင်းညိတ်လိုက်လေသည်။

သို့သော် တစ်နာရီကြာပြီးနောက်တွင်မူ ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း ၏ ယုံကြည်စိတ်ချရ မှုအပေါ် ရွှီပေါ်အန်းတွင် သံသယအသစ်များ ပေါ်လာခဲ့လေ၏။

...

ရွှီပေါ်အန်း နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

အချိန်က ဤမျှ နောက်ကျနေပြီဖြစ်သော်လည်း မည်သည့် ထူးခြားသည့်အရိပ်အယောင်မျှ မရှိသေးချေ။

ဤ ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း က ယုံကြည်ရပါရဲ့လား။ ရွှီပေါ်အန်းက သူ့ဘာသာသူ မတွေးဘဲ မနေနိုင်အောင် ဖြစ်လာခဲ့လေသည်။

*ဒါက ငါနဲ့ ပတ်သက်နေလို့ အလုပ်မလုပ်တာများလား...*

သို့သော် သူသည် ရိုးရှင်းသော ကောက်ချက်ချမှုနှင့် တွက်ချက်မှုကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အိုယန်နာကျား သည် သူ့အား ပါဝင်ပတ်သက်စေခြင်း မရှိခဲ့ပေ။

သို့သော် ခါးသီးသော အမှန်တရားမှာ ထိုတစ်နာရီအတွင်း သူတို့သည် လက်ဖက်ရည်ကိုသာ သောက်ခဲ့ကြပြီး အခြားမည်သည့်အရာမျှ ဖြစ်မလာခဲ့ခြင်းပင် ဖြစ်လေသည်။

လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်စိမ်း၊ ပန်းလက်ဖက်ရည်၊ အူလုံလက်ဖက်ရည် စသည့် လက်ဖက်ရည် အမျိုး အစား အသီးသီးကြောင့် ရွှီပေါ်အန်းမှာ လုံးဝကို အမောဆို့နေခဲ့လေပြီ။

*ဒီမိန်းကလေးက တစ်နှစ်လောက် ထွက်သွားရင် လက်ဖက်ရည်တွေ သက်တမ်းကုန်သွားမှာကို စိုးရိမ်နေတာ များလား…ဒါကြောင့် ဧည့်ခံဖို့ ဒါတွေကို ထုတ်လာတာ ဖြစ်ရမယ်…*

ရွှီပေါ်အန်း စိုးရိမ်ပူပန်ပြီး ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အိုယန်နာကျား၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့လေ၏။

အိုယန်နာကျားက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လွန်ခဲ့သော စက္ကန့်ပိုင်းကမှ နွေးထွေးသော အပြုံး တစ်ခု ဆင်မြန်းထားသည့် သူမ၏ မျက်နှာသည် ချက်ချင်းပင် အေးခဲသွားကာ အလွန်တရာ အေးစက်သွားခဲ့ပြီး သူမ၏ လက်ထဲရှိ လက်ဖက်ရည်ပစ္စည်းများကို ကိုင်တွယ်နေခြင်းကို ရပ်တန့်လိုက်လေသည်။

ဖုန်းသည် ဆယ်စက္ကန့်ကျော်ကြာ မြည်နေပြီးနောက် အိုယန်နာကျားသည် နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်ပြီး ရွှီပေါ်အန်းအား တိုးညှင်းစွာ ပြောလိုက်လေ၏။

“ခွင့်ပြုပါဦး... ကျွန်မ ဒီဖုန်းကို ဖြေဖို့ လိုလို့ပါ...”

ထို့နောက် သူမသည် ဖုန်းကို ယူကာ ဝရန်တာဆီသို့ လျှောက်သွားလေတော့သည်။

ရွှီပေါ်အန်းက ယဉ်ကျေးစွာဖြင့် ပြောရန် ပြင်လိုက်သော်လည်း သူ မပြောရသေးမီမှာပင် အိုယန်နာကျားသည် ဝရန်တာသို့ အမြန်လျှောက်သွားပြီး လေးလံသော မှန်တံခါးကို ဆွဲပိတ်လိုက်သည်ကို မြင်လိုက်ရလေသည်။

ဖုန်း၏ တစ်ဖက်စွန်းမှ အလောတကြီး ပြောနေသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာလေ၏။

“မင်း နောက်ဆုံးတော့ ငါ့ဖုန်းကို ကိုင်ပြီပဲ ကျားအာ... ငါ မှားသွားပါတယ်... ငါ မင်းကို မဖောက်ပြန်သင့်ဘူး... ပြီး တော့ မင်းကိုလည်း မရိုက်သင့်ဘူး... တကယ်လို့ မင်း ငါ့ကို ခွင့်လွှတ်မယ်ဆိုရင် အဲဒီကတ်ကို ငါ ပြန်ဖွင့်ပေးမယ် လေ... နော်... အာ... မဟုတ်ဘူး... ပိုမြင့်တဲ့ ကန့်သတ်ချက်ပါတဲ့ နောက်တစ်ကတ်ကို မင်းကို ပေးမယ်...”

အိုယန်နာကျား၏ မျက်နှာသည် အေးစက်နေပြီး သူမ၏ လေသံမှာလည်း ပို၍ပင် အေးစက်နေကာ ပြောလိုက် လေသည်။

“မလိုပါဘူး... ရှင်ရဲ့ဖုန်းကို ကျွန်မ ဖြေရတဲ့ အကြောင်းရင်းက ကျွန်မ စွန့်လွှတ်လိုက်ပြီဆိုတာကို ရှင့်ကို ပြောချင် လို့ပါ... သူတို့ဘဝမှာ အမှားမလုပ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ... ကျွန်မ အခု အဆင်ပြေနေပါပြီ... အခုက စပြီး ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ ပတ်သက်စရာ မရှိတော့ဘူး... ပြီးတော့ ရှင့်ရဲ့ ဖုန်းတွေကို လည်း ကျွန်မ ဖြေတော့မှာ မဟုတ်ဘူး... ထာဝရ နှုတ်ဆက်ပါတယ်...”

“အိုယန်နာကျား... မင်း နောင်တရလိမ့်မယ်...”

ဖုန်းတစ်ဖက်စွန်းရှိ အမျိုးသားက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ လက်မခံချင်ကြောင်း သိသာထင်ရှားနေ လေ၏။

“ဖုန်းချလိုက်ပြီ...”

အိုယန်နာကျားသည် ချက်ချင်းပင် ဖုန်းကို ချလိုက်ပြီးနောက် လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်လေ သည်။

အိုယန်နာကျား၏ ဖုန်းပြောသံကို မတော်တဆ ကြားလိုက်ရသဖြင့် ရွှီပေါ်အန်းမှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက် ရလေ၏။

သူမသည် အလွန်ဝေးကွာသော နေရာသို့ လျှောက်သွားခဲ့ပြီး ဝရန်တာရှိ လျှောတံခါးကိုပင် ပိတ်ထားခဲ့သည်။ သူမ၏ ဖုန်းပြောဆိုမှုများနှင့် ပတ်သက်၍ သူမ၏ ကိုယ်ရေးကိုယ်တာကို ကာကွယ်လိုကြောင်း ရှင်းလင်းနေလေ သည်။

သို့သော် ရွှီပေါ်အန်း၏ ထူးခြားသော အကြားအာရုံကမူ ၎င်းကို ကြားနိုင်စွမ်း ရှိနေခဲ့ဆဲပင်။

*တကယ့် အပြစ်တစ်ခုပါပဲလား…။*

အိုယန်နာကျား ဝရန်တာမှ ပြန်လာသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် အနည်းငယ် အနေခက်စွာဖြင့် မတ် တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။

“ခင်ဗျားလည်း အလုပ်ရှုပ်နေတယ်... အချိန်လည်း နောက်ကျနေပြီဆိုတော့ ကျွန်တော် အရင် ပြန်လိုက်ပါ တော့မယ်...”

“မသွားပါနဲ့ဦး... ကျွန်မနဲ့အတူ ခဏလောက် ထပ်ထိုင်ပါဦး... ခဏလေးပါပဲ...”

အိုယန်နာကျား၏ အသံမှာ သူမ၏ နှာခေါင်း ပိတ်နေသကဲ့သို့ အနည်းငယ် အက်ကွဲနေခဲ့လေ၏။

ထို့နောက် အိုယန်နာကျား၏ မျက်လုံးများ နီရဲနေသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေသည်။

ရွှီပေါ်အန်းသည် မျက်ရည်များ ပြည့်လုနီးပါးဖြစ်နေသော အိုယန်နာကျား၏ မျက်လုံးများကို ကြည့်လိုက်ရာ သူမ ၏ ရှည်လျားသော မျက်တောင်များမှာ အနည်းငယ် တုန်ယင်နေပြီး ရုတ်တရက် အထီးကျန်ဆန်သွားမည်ကို ကြောက်ရွံ့နေသည့်အလား သူမ၏ မျက်နှာမှာ တင်းမာနေခဲ့လေသည်။

သူမ၏ သိမ်မွေ့လှပသော မျက်နှာသွင်ပြင်တွင် ယခုအခါ စိုးရိမ်ပူပန်မှုနှင့် အကူအညီမဲ့နေသည့် အမူအရာများ ပေါ်လွင်နေပြီး ၎င်းက ရွှီပေါ်အန်းကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သနားကြင်နာစိတ်များ ဖြစ်ပေါ်သွားစေခဲ့၏။

ရွှီပေါ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

“ကောင်းပါပြီ... ကျွန်တော့်မှာလည်း တခြား လုပ်စရာ ဘာမှမရှိပါဘူး... ဒါက ခင်ဗျားကို အဖော်ပြုပေးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်...”

ရွှီပေါ်အန်း၏ စကားကြောင့် အိုယန်နာကျား ရုတ်တရက် ရယ်ချင်သွားခဲ့လေသည်။ သူမက နောက်ပြောင်စွာ နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်လေ၏။

“ရှင်ပြောတဲ့စကားကိုလည်း ကြည့်ပါဦး... ကျွန်မက ကျားမကြီးမှ မဟုတ်တာ... ရှင်က ကျွန်မနဲ့အတူ ရှိနေဖို့ အသက်စွန့်ရမှာလား... ကျွန်မကို ရှင် စားပစ်မှာ ကြောက်နေတယ်လို့များ ထင်နေလား...”

ရွှီပေါ်အန်းက ခေါင်းခရမ်းပြလိုက်ပြီး ပြောလေသည်။

“လူတွေက ပျိုနီပန်းအောက်မှာ သေရတာက ရိုမန်းတစ်ဆန်တဲ့ သေခြင်းတရားလို့ ပြောကြတယ်... လှပတဲ့ ကျားမကြီးတစ်ကောင်အတွက်လည်း အတူတူပါပဲ...”

All Chapters