အခန်း ၃၄၇
Vol. 24 Ch. 347
အခန်း-(၃၄၇)
အသက်ရှင်ကျန်ရစ်သူတွေက အခြေစိုက်စခန်းကြီးဆီသို့ သွားရောက်ပူးပေါင်းဖို့ အလွန်အမင်းစိတ်လှုပ်ရှားနေကြပေမယ့် ပြဿနာက အာဟာရချို့တဲ့မှုနှင့် အစားအစာမရှိတာကြောင့် အားနည်းလွန်းနေတာပါ။ သာမန်ဇွန်ဘီတစ်ကောင်ကို သတ်ဖို့တောင် အတော်လေး ကြိုးစားအားထုတ်ရပါတယ်။ လမ်းမှာသာ အဆင့်မြင့်ဇွန်ဘီတစ်ကောင်နဲ့ ဆုံရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး သူတို့တွေစိုးရိမ်နေကြတာပါ။
သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို သတိပြုမိတဲ့ ဝမ်ဟဲက "လင်အန်းအခြေစိုက်စခန်းကိုဝင်ဖို့ စိတ်ဝင်စားရင် ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပါ။ အခြေစိုက်စခန်းကို ပြန်လိုက်ပို့ပေးပါမယ်" လို့ ပြောလိုက်တယ်။
သူက ဒီလိုပြောလိုက်တာနဲ့တစ်ပြိုင်နက်တည်းမှာပဲ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြားထဲမှာ ဝမ်းသာအားရနဲ့ တိုးတိုးတိတ်တိတ် အော်ဟစ်အောင်ပွဲခံသံတွေ ဆူညံသွားခဲ့ရတော့တယ်။
ဒါကိုမြင်တော့ ဝမ်ဟဲက ပြုံးလိုက်ပြီး "ကျွန်တော်တို့က မိနစ်သုံးဆယ်အတွင်း ထွက်ခွာပါမယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တဲ့သူတိုင်းက ဝင်ပေါက်မှာ စုဝေးနိုင်ပါတယ်။ ကျွန်တော့်တို့အဖွဲ့က ဘတ်စ်ကားတွေကို ပြင်ဆင်ပေးပါမယ်" လို့ ပြောလိုက်တယ်။
သူဒီလိုပြောပြီးတဲ့နောက်မှာပဲ သူ့အဖွဲ့နဲ့အတူ ကွင်းပြင်ကနေ ထွက်သွားခဲ့တယ်။ ဒီတစ်ခေါက်ခရီးမှာတော့ သူ စစ်သား ၃၀ ကို ခေါ်လာခဲ့သည်။
သူက အဖွဲ့ကို အဖွဲ့သုံးဖွဲ့ခွဲပြီး ဘတ်စ်ကားအတော်များများကို ရှာခိုင်းလိုက်တယ်။ လမ်းတွေပေါ်မှာ စွန့်ပစ်ထားတဲ့ ကားတွေ အများကြီးရှိတယ်။ တကယ်လို့ ဘတ်စ်ကားတွေ ရှာမတွေ့ရင်တောင်မှ သာမန်ကားတွေကို ယူလာခဲ့ရင်လည်း အဆင်ပြေပါတယ်။
စက်သုံးဆီ အတွက်ကတော့... သူတို့က သုံးလို့မရတော့တဲ့ ကားတွေထဲကနေ ဆီတွေကို စုပ်ထုတ်ပြီး ၊ သူတို့အသုံးပြုမယ့် ဘတ်စ်ကားတွေနှင့် ကားတွေထဲသို့ ပြန်လည်ဖြည့်တင်းကြမှာ ဖြစ်ပါတယ်။ စစ်သားတွေက မြန်မြန်ဆန်ဆန်ပဲ အလုပ်လုပ်ကြပြီး မိနစ်နှစ်ဆယ်အတွင်းမှာပဲ စီးပွားဖြစ်ဘတ်စ်ကားတစ်စီး၊ ထရပ်ကားငယ်သုံးစီးနှင့် ထရပ်ကားအလတ်တစ်စီးကို မောင်းနှင်ပြီး ပြန်ရောက်ရှိလာခဲ့တယ်။
ဒါကိုမြင်တော့ ဝမ်ဟဲက "တစ်ဖွဲ့ကို ငါးယောက်စီပါတဲ့ အဖွဲ့ငါးဖွဲ့ခွဲပါ။ ယာဉ်တစ်စီးစီကို အဖွဲ့တစ်ဖွဲ့စီကစောင့်ကြပ်ရမယ်။ ကျန်တဲ့သူတွေကတော့ ငါတို့ရဲ့ကားတွေကို ပြန်မောင်းသွားရမယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု စစ်သားများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
သူ အဖွဲ့ကိုစီစဉ်ပြီးသွားတဲ့အခါတွင် အသက်ရှင်ကျန်ရစ်သူတွေနှင့် လူငယ်လေးရဲ့အဖွဲ့က ဝင်ပေါက်မှာ စုဝေးနေကြပါပြီ။
ဝမ်ဟဲက သူ့ရဲ့နာရီကို ကြည့်လိုက်ပြီး "အားလုံးပဲ၊ အခုပဲ စ ထွက်ကြရအောင် ဒါမှ မမှောင်ခင် ဓာတ်ဆီဆိုင်ကို ရောက်မှာ" လို့ ပြောလိုက်တယ်။
စစ်သားများရဲ့ စနစ်တကျ စီစဉ်ပေးမှုအောက်မှာပဲ လူတိုင်းက ယာဉ်များပေါ်သို့တက်ကြပြီး မိနစ်နှစ်ဆယ်အကြာတွင် ယာဉ်တန်းကြီးက စတင်ထွက်ခွာခဲ့သည်။
လင်အန်းမြို့လယ်အနီးရှိ အသက်ရှင်ကျန်ရစ်သူစခန်းအများအပြားတွင်လည်း အလားတူအခြေအနေ ဖြစ်ပွားခဲ့သည်။ လင်အန်းအခြေစိုက်စခန်းမှ ဝေးကွာသောနေရာရှိ အသက်ရှင်ကျန်ရစ်သူစခန်းများအတွက်တော့ လူစုဆောင်းရန် စေလွှတ်ခံရသောအဖွဲ့များကတော့ သူတို့ရဲ့ခရီးစဉ်အတွင်းတွင် ရှိနေဆဲဖြစ်သည်။
နောက်ထပ်နှစ်ရက်တာကာလအတွင်းတွင် စေလွှတ်ထားတဲ့အဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်သူများ တစ်စုပြီးတစ်စုကို အခြေစိုက်စခန်းဆီသို့ ခေါ်ဆောင်ပြီး အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ကြတယ်။စခန်းထဲမှာ လူဦးရေပိုများလာသည်နှင့်အမျှ အလုပ်သမားအရေအတွက်ကလည်း တိုးလာပြီး တံတိုင်းတည်ဆောက်မှုက သိသိသာသာ ပိုမိုမြန်ဆန်လာခဲ့ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ဇန်ဇီရေကန်အနီး ပြည်နယ်မြို့တော်ရှိ ဓာတ်ဆီဆိုင်မှာ ကျင်းရွှီယန်းက အဆင့်တက်မှုလုပ်ငန်းစဉ်ကို လုပ်ဆောင်နေဆဲဖြစ်တဲ့ အဖွဲ့ဝင်တွေကို ကန်ရေတိုက်ကျွေးနေပြီး ကျိူးလီဇီ ကတော့ နိုးလာတဲ့ အဖွဲ့ဝင်တွေရဲ့ အခြေအနေကို စစ်ဆေးနေပါတယ်။
နှစ်ရက်ကြာပြီးနောက်တွင် ဖုန်းယွင်နှင့် ယင်းယွီရှန်းတို့သာ နိုးမလာသေးပေ။
သတိရလာတဲ့ အဖွဲ့သားတွေဟာ သူတို့ရဲ့ အစားအသောက်တွေကို စားသောက်ပြီးတဲ့နောက်တော့ မိမိတို့ရဲ့ စွမ်းအင်တွေက အရင်ကထက် ဘာတွေ ကွာခြားသွားသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် စွမ်းအင်တွေကို စမ်းသပ်ထုတ်ဖော်ကြည့်ခဲ့ကြတယ်။ သူတို့ရဲ့ စွမ်းအင်ပမာဏ သိုလှောင်ကန်က ပိုမိုကြီးမားလာတာကလွဲရင် ကျန်တဲ့အချက်တွေကတော့ အရင်အတိုင်းပါပဲ။
မွန်းတည့်ချိန် ရောက်တဲ့အခါမှပဲ ဖုန်းယွင်နှင့် ယင်းယွီရှန်းတို့ နှစ်ယောက်သားက သတိပြန်လည်လာခဲ့ကြတော့တယ်။ မျက်လုံးဖွင့်လိုက်သောအခါတွင် မှင်သက်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ ယခင်နှင့် နှိုင်းယှဉ်ပါက သူတို့ရဲ့အာရုံငါးပါးက တိုးတက်လာပြီမို့ အနံ့ဆိုးများက သူတို့ရဲ့နှာခေါင်းပေါက်များထဲကို ချက်ချင်းပဲ တိုးဝင်လာသည်။
ယင်းယွီရှန်းက နှာခေါင်းကို လက်နဲ့အုပ်ပြီး အက်ကွဲကွဲအသံနဲ့ "ဒီပုပ်ပွနေတဲ့ အနံ့က ဘာဖြစ်တာလဲ" လို့ မေးလိုက်တယ်။
သူ့အသံကိုကြားတော့ ရှောင်ချီက သူတို့ကို သွားကြည့်ဖို့ အမြန်လျှောက်လာတယ်။ သူတို့နှစ်ယောက် နိုးလာတာကိုမြင်တော့ "အစ်ကိုယွင် ၊ အစ်ကိုယွီရှန်း မင်းတို့နှစ်ယောက်စလုံး နိုးလာကြပြီ" လို့ ပြောလိုက်တယ်။
သူ့ခေါင်းကို ကိုင်ထားရင်း ဖုန်းယွင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ် "ငါ ဘယ်လောက်ကြာကြာ သတိလစ်နေတာလဲ"
"ဒီနေ့က တတိယမြောက်နေ့ပါ" ဟု ကျိူးလီဇီက ကန်ရေတစ်ဗူးကို ပေးရင်း ပြောလိုက်သည်။
အဆင့်တက်ပြီးနောက်တွင် စွမ်းရည်အသုံးပြုသူများက ဗိုက်ဆာပြီး ရေငတ်လာကြလိမ့်မည်။ ထို့ကြောင့် သူမသည် သူတို့အတွက် အလိုအလျောက်အပူပေးသည့် အစားအစာများစွာကို ယူဆောင်လာခဲ့ပြီး "မင်းတို့နှစ်ယောက် အရင်စားသင့်တယ်" ဟု ထပ်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ မရီး" ဟု ယင်းယွီရှန်းက ပြောလိုက်သည်။
အခုဆို အဖွဲ့ဝင်တွေအားလုံးက အဆင့်တစ်ကို ရောက်သွားပြီဆိုတော့ ကျင်းရွှီယန်းက ပြောလိုက်သည် "အားလုံးပဲ ၊ ဒီနေ့ကတော့ အနားယူပြီး မနက်ဖြန်ကြမှ ထွက်ခွာကြမယ်။ ဒီအချိန်ကိုယူပြီး ကိုယ့်စွမ်းရည်နဲ့ ရင်းနှီးအောင် လုပ်ကြတာပေါ့"
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။
သူတို့ ထမင်းစားသောက်ပြီးနောက်တွင် ဖုန်းယွင်က သူ့ရဲ့နေရာလွတ်ကို စစ်ဆေးလိုက်သည်။ သူ့ နေရာလွတ်ရဲ့ အရွယ်အစားကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူခမျာ မှင်သက်ကာအံ့အားသင့်သွားရသည်။
သူ့ရဲ့ထူးဆန်းတဲ့အပြုအမူကို သတိထားမိတဲ့ ရှောင်ချီက "အစ်ကိုယွင် ၊ အခုဆို အစ်ကိုရဲ့နေရာလွတ်က ဘယ်လောက်ကြီးလဲ။ကျွန်တော် အဆင့်တက်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့နေရာလွတ်က ၂၀၀၀ စတုရန်းမီတာနဲ့ ၂၀ မီတာမြင့်လာတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ဖုန်းယွင်က ခဏလောက် တိတ်ဆိတ်သွားပြီးမှ "ငါ့နေရာရဲ့ အကျယ်အဝန်းကို ငါ အတိအကျ မသိပေမယ့် စတုရန်းမီတာ ၄၂၀၀ လောက်နဲ့ အမြင့် မီတာ ၃၀ လောက် ရှိလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒီစကားကိုကြားတာနဲ့ ရှောင်ချီက သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ဝမ်းနည်းစွာပြောလိုက်တယ် "ဘာလို့လဲ။ မင်းရဲ့နေရာလွတ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိကျယ်ရတာလဲ"
သူဒီလိုပြောပြီးတာနဲ့ ကျိူးလီဇီက "အာကာသအမျိုးအစား စွမ်းရည်သုံးသူတွေရဲ့ အာကာသ အရွယ်အစားက သူတို့ရဲ့စိတ်စွမ်းအားပေါ်မှာ မူတည်တယ်။ သူတို့ရဲ့စိတ်စွမ်းအား ပိုအားကောင်းလေ သူတို့ရဲ့အာကာသက ပိုကြီးလေပဲ" လို့ ပြန်ဖြေလိုက်တယ်။
"မရီး ၊ ကျွန်တော့်တို့ရဲ့ စိတ်စွမ်းအားကို ဘယ်လိုလေ့ကျင့်ရမှာလဲ" ရှောင်ချီက စပ်စုစွာ မေးလိုက်သည်။
ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေလိုက်တယ်။ "သာမန်စွမ်းအင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် စိတ်ပိုင်းဆိုင်ရာစွမ်းအားက လေ့ကျင့်ဖို့ ပိုခက်တယ်။ ငါသိသလောက်တော့ လူတိုင်းမှာက စိတ်ပိုင်းဆိုင်ရာအခြေအနေ မတူညီကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာစွမ်းအားကို လေ့ကျင့်ဖို့ ပုံသေနည်းလမ်း မရှိဘူး"
"ဒါပေမယ့် ကံကောင်းတဲ့သူတွေကတော့ သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့နှလုံးသားရဲ့နတ်ဆိုးကို ဖြေရှင်းပြီးတဲ့နောက်မှာ သူတို့ရဲ့စိတ်စွမ်းအားကို မြှင့်တင်နိုင်တယ်"
"နှလုံးသားနတ်ဆိုးဆိုတဲ့ အသုံးအနှုန်းကို စိတ်ကူးယဉ်ဇာတ်လမ်းတွေမှာ စာရေးဆရာတွေက အများဆုံးအသုံးပြုကြပေမယ့် တကယ့်ဘဝအခြေအနေတွေမှာတော့ မင်းတို့လိုချင်တဲ့အရာ၊ မင်းတို့ရဲ့စွဲလမ်းမှုအဖြစ် အမျိုးအစားခွဲခြားနိုင်ပါတယ်။ ဥပမာ၊ လက်စားချေတာ။ မင်းရဲ့ရန်သူကို သတ်ပြီး လက်စားချေပြီးတဲ့နောက်မှာ ကံကောင်းရင်တော့ မင်းရဲ့စိတ်စွမ်းအားကို မြှင့်တင်နိုင်ပါလိမ့်မယ်" ဟု ကျိူးလီဇီက ရှင်းပြလိုက်သည်။
"ဒါ့အပြင် တခြားနည်းလမ်း မရှိဘူးလား" ရှောင်ချီ မေးလိုက်သည်။
"ငါလည်း မသိဘူး။ မင်းရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ တချို့အရာတွေကြောင့် ဉာဏ်အလင်းရတဲ့အခါမှာ မင်းရဲ့ စိတ်စွမ်းအားကို မြှင့်တင်နိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ စိတ်စွမ်းအားက အင်းရဲ့ စိတ်အခြေအနေနဲ့ ဆက်စပ်နေတယ်" ဟု ကျိူးလီဇီက ပြုံးရင်း ပြောလိုက်သည်။
သူမရဲ့ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် နတ်ဆိုးအဖွဲ့ဝင်တွေက ခေါင်းညိတ်ကြပြီး တချို့ကတော့ နက်နက်နဲနဲစဉ်းစားနေကြတယ်။
လူတိုင်းက သူတို့ရဲ့စွမ်းရည်တွေရဲ့ အကန့်အသတ်ကို စမ်းသပ်ချင်ကြတာကြောင့် ဓာတ်ဆီဆိုင်ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဇွန်ဘီတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြပြီး ကျိူးလီဇီကတော့ ဖုန်းယွင်နှင့် ယင်းယွီရှန်းကို ကာကွယ်ဖို့ အနောက်မှာ ကျန်နေခဲ့ပါတယ်။