အခန်း ၃၄၉
Vol. 24 Ch. 349
အခန်း-(၃၄၉)
ကျင်းရွှီယန်း တံခါးကို တွန်းဖွင့်လိုက်တာနဲ့ လေအေးတွေက တံခါးပေါက်ကနေ စိမ့်ထွက်လာပြီး အပြင်ကို ပျံ့နှံ့သွားတယ်။ ဒါကို ခံစားမိတော့ ကျိူးလီဇီရဲ့ မျက်လုံးတွေက တောက်ပသွားတယ် "လေက အေးနေသေးတော့ အထဲမှာ သိမ်းထားတဲ့ ဆေးတွေ ပျက်စီးသွားမှာ မဟုတ်ဘူး"လို့ ဝမ်းသာအားရ ပြောလိုက်သည်။
သူမရဲ့ စကားကို ကျင်းရွှီယန်းက ခေါင်းညိတ်ကာတုံ့ပြန်ပြီး အထဲကို လျှောက်ဝင်သွားသည်။ ဂိုဒေါင်က ရိုးရှင်းသော အခန်းတစ်ခန်းဖြစ်ပြီး စတုရန်းမီတာ ၅၀၀ ခန့် ကျယ်ဝန်းကာ စင်များနှင့် သေတ္တာများဖြင့် ပြည့်နေသည်။
သူတို့နှစ်ယောက်စလုံးဟာ သာမန်အသုံးများတဲ့ဆေးဝါးတွေကိုပဲ သိကြပြီး ဒီဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ ဆေးဝါးတွေရဲ့ ရည်ရွယ်ချက်ကို လုံးဝမသိကြပါဘူး။ ဒီလိုဆိုပေမယ့်လည်း ကျိူးလီဇီက အရာအားလုံးကို ယူဆောင်သွားမှာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
စက်ကစ္စည်းတွေရဲ့ လည်ပတ်သံက ထွက်နေတာကိုကြည့်ရရင် မီးစက်ထဲမှာ သိုလှောင်ထားတဲ့ လျှပ်စစ်ဓာတ်အားက ကြာကြာမခံတော့မယ့် ပုံပေါ်ပါတယ်။ သူတို့သာ ဆေးဝါးတွေကို ထားခဲ့မယ်ဆိုရင် အကုန်လုံးကပျက်စီးသွားပြီး အသုံးပြုလို့ ရတော့မှာ မဟုတ်ဘူး။ အကန့်အသတ်နဲ့ရှိတဲ့ အရင်းအမြစ်တွေကို အလဟဿ ဖြုန်းတီးစေမယ့်အစား ယူသွားလိုက်တာကမှ ပိုပြီးတော့ အကျိုးရှိဦးမှာပါ။
အအေးခန်းဂိုဒေါင်ကို ရှင်းလင်းပြီးနောက်တွင် အခြားဂိုဒေါင်များကို ဆက်လက်စစ်ဆေးခဲ့ကြသည်။ ဆေးဝါးများအပြင် ကတ်ကြေး၊ ဇာဂနာနှင့် သာမိုမီတာကဲ့သို့ အခြေခံကိရိယာများပါသည့် အရေးပေါ်ဆေးသေတ္တာများကိုလည်း သူတို့တွေ့ရှိခဲ့ကြသည်။
အနာဂတ်ကြရင် ပင်းကျန်းမြို့မှာ အခြေစိုက်စခန်းတွေ အများကြီးရှိလာမှာမို့ ဒီမြို့ကလူတွေရဲ့ အနာဂတ်ကို ပြောင်းလဲမိသွားမှာစိုးလို့ အရာအားလုံးကို ယူသွားဖို့ မစီစဉ်ထားဘဲ ဆေးဝါးတွေရဲ့ သုံးပုံနှစ်ပုံကို ချန်ထားခဲ့ပါတယ်။ ပြီးသွားတဲ့အခါမှာတော့ ဓာတ်ခွဲခန်းနေရာကို သူတို့နှစ်ယောက် ဆက်သွားခဲ့ကြတယ်။
ဂိုဒေါင်တွေနဲ့ မတူတာကတော့... ဓာတ်ခွဲခန်းထဲမှာ ရှိသမျှ အရာအားလုံးကိုတော့ သူတို့က တစ်ခုမကျန် သိမ်းဆည်းသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။နောက်နှစ်အနည်းငယ်အတွင်းမှာပဲ လူသားတွေက သုတေသနဒေတာရဲ့ အရေးပါမှုကို သဘောပေါက်လာကြပြီး ပိုကြီးတဲ့ အခြေစိုက်စခန်းတွေကလည်း ဒေတာတချို့အတွက် အမြုတေတွေ အများကြီး ပေးဆောင်ဖို့ကို ဆန္ဒရှိလာကြပါလိမ့်မယ်။
ဒါကြောင့်မို့လို့... ဒီအချက်အလက်တွေ ပျက်စီးမသွားဘဲ နဂိုအတိုင်း ရှိနေသေးတဲ့ အချိန်မှာပဲ သူတို့တွေ ရနိုင်သလောက် အများဆုံးကို စုဆောင်းထားဖို့ လိုအပ်ပါတယ်။
သူတို့နှစ်ယောက်ဟာ သော့ခလောက်ကို ဖျက်ဆီးပြီး အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့ကြတယ်။ ဂိုဒေါင်နှင့်မတူဘဲ ဓာတ်ခွဲခန်းတွင်တော့ အပေါ်မှာ အထပ်များစွာရှိရုံသာမက မြေအောက်ထပ်သုံးထပ်လည်း ရှိသေးသည်။
ကံကောင်းထောက်မစွာနဲ့ပဲ ၊ ဓာတ်ခွဲခန်းထဲမှာက နေရောင်ခြည်စွမ်းအင်သုံး မီးစက်ကို တပ်ဆင်ထားပြီး သူတို့က ဓာတ်လှေကားကို အသုံးပြုနိုင်ပါသေးတယ်။ကမ္ဘာပျက်ကပ်က သန်းခေါင်ယံမှာ စတင်ဖြစ်ပျက်ခဲ့တာကြောင့် ဓာတ်ခွဲခန်းထဲမှာတော့ ဇွန်ဘီတွေရဲ့ လက္ခဏာ မတွေ့ရပါဘူး။
သူတို့နှစ်ယောက်ဟာ အပေါ်ထပ်တွေကို အရင်သွားပြီး ရုံးခန်းတွေကို စစ်ဆေးခဲ့ကြပါတယ်။ အပေါ်ထပ်တွေကို သုတေသီတွေ အနားယူဖို့အတွက် ရုံးခန်းတွေနှင့် ဧည့်ခန်းတွေအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဟာ အချက်အလက်တချို့ကိုပဲ တွေ့ရှိခဲ့ကြပါတယ်။
အရာအားလုံးကို ကျိူးလီဇီရဲ့ နေရာလွတ်ထဲမှာ စုဆောင်းဖို့ တစ်နာရီကြာသည်။ မြေအောက်ထပ်ကို ဆင်းဖို့ပြင်လိုက်တဲ့အခါမှာ နေက အနောက်ဘက်ကို စောင်းနေပြီဖြစ်သည်။ နေမဝင်ခင်အထိ သူတို့အတွက် အချိန်သိပ်အများကြီး မကျန်တော့ပါဘူး။
ကျိူးလီဇီက သူမရဲ့ချစ်သူနဲ့ အကြည့်ချင်းဖလှယ်လိုက်ပြီး နှစ်ယောက်သားက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။
"ဒင်"
ဓာတ်လှေကားက မြေအောက်ခန်းပထမထပ်ကို ရောက်သွားပြီး တံခါးက ဖြည်းညှင်းစွာ ပွင့်သွားသည်။
"ဂါးးးး”
တံခါးလုံးဝပွင့်မသွားခင်မှာပဲ ပုပ်နေတဲ့လက်တစ်ဖက်က သူတို့ရှိနေတဲ့ ဓါတ်လှေကားထဲကို အတင်းအကျပ် တိုးဝင်ကာလာခဲ့ပြီး၊ တစ်ပြိုင်နက်တည်းမှာပဲ အော့နှလုံးနာဖွယ် ပုပ်စော်နံလှတဲ့ အနံ့အသက်ဆိုးကြီးကလည်း ထောင်းခနဲ ထွက်ပေါ်လာခဲ့ပါတယ်။ ချွန်ထက်တဲ့လက်သည်းတွေက သူတို့ကို မထိလာခင်မှာပဲ ကျိူးလီဇီက လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါ ရေဓားတစ်ချောင်းက ဇွန်ဘီဆီကို လျင်မြန်တဲ့အမြန်နှုန်းနဲ့ ပျံသန်းသွားတယ်။
"ဂျွတ်"
နောက်တစ်ခဏမှာပင် ၊ ပုပ်ပွနေတဲ့ ခေါင်းဟာ တဒုန်းဒုန်းမြည်သံနဲ့အတူ မြေပြင်ပေါ် လိမ့်ကျသွားပြီး အနက်ရောင်သွေးတွေဟာ ဓာတ်လှေကားတံခါးပေါ် ပက်ဖြန်းသလိုဖြစ်သွားသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက အနက်ရောင်မီးတောက်တစ်ခုကို ဇွန်ဘီဆီပစ်ပြီး မီးရှို့လိုက်တယ်။ အမြုတေကတော့ မကျန်ခဲ့ပါဘူး။ အဲဒါက အဆင့်သုညဇွန်ဘီတစ်ကောင်ပဲဖြစ်ပေမယ့် သူတို့နှစ်ယောက်ကတော့ သူတို့ရဲ့သတိတွေကို မလျှော့ချခဲ့ကြပါဘူး။
အပေါ်ထပ်တွေနဲ့ ယှဉ်လိုက်ရင် မြေအောက်ထပ်မှာတော့ ပြန့်ကျဲနေတဲ့ ဇွန်ဘီတွေ အများကြီးက ဟိုဟိုဒီဒီ လျှောက်သွားနေကြတယ်။ အခန်းတွေကို မစစ်ဆေးခင်မှာ ဇွန်ဘီအားလုံးကို အရင်ဆုံးရှင်းထုတ်လိုက်ကြတယ်။
ဆယ့်ငါးမိနစ်အကြာတွင် ကျိူးလီဇီက ကြီးမားသော မှန်နံရံများကာထားသည့် အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် အပင်များစွာရှိနေပေမယ့် အပင်အားလုံးက အဝါရောင်ပြောင်းကာ သေနေကြပြီး မြေကြီးပေါ်တွင်တော့ ရေညှိကွက်တစ်ခုသာ ကျန်ခဲ့သည်။
စိမ်းစိုတောက်ပနေတဲ့ ရေညှိပင်ကိုမြင်တော့ သူမမှာ စပ်စုချင်စိတ်ပေါ်လာပေမယ့် ပန်းအိုးဆီတော့ မချဉ်းကပ်သွားခဲ့ဘူး။ ရေညှိပင်နဲ့ မီတာအနည်းငယ်အကွာမှာ ရပ်နေရင်း သူမရဲ့ဗီဇက ဒီရေညှိပင်အကွက်ဟာ အဆင့်မြင့်ဇွန်ဘီထက် အများကြီးပိုအန္တရာယ်များတယ်လို့ ပြောနေတယ်။
သူမရဲ့အတိတ်ဘဝတုန်းက ထူးခြားတဲ့ မျိုးရိုးဗီဇပြောင်း အပင်တွေအကြောင်း အချက်အလက်တွေကို ပြန်အမှတ်ရတဲ့အခါ ရေညှိကို သူမရဲ့နေရာလွတ်ထဲမှာ မသိမ်းဆည်းလိုက်ခင် ခဏလောက်တော့ တွန့်ဆုတ်နေခဲ့တယ်။ အရင်က သူမထားခဲ့တဲ့ ဗီဇပြောင်း အပင်ငယ်လေးနဲ့မတူဘဲ၊ ထိုရေညှိကတော့ သူမရဲ့နေရာလွတ်ထဲကို ဝင်ပြီးနောက်တွင်တောင် သာမန်ရေညှိတစ်ပင်လိုမျိုးပဲ ဘာတုံ့ပြန်မှုမှ မပြခဲ့ပေ။
သူမက ရေညှိများကို ကြည့်ရှုနေစဉ်တွင်ပင် ကျင်းရွှီယန်း အထပ်တစ်ခုလုံးကို စစ်ဆေးပြီးလို့ ပြန်လာခဲ့သည်။ သူရဲ့ချစ်သူက မှင်သက်စွာ ရပ်နေသည်ကို မြင်သောအခါ သူက "အာဇီ၊ ဒီမှာ ဘာမှမရှိဘူး" ဟု ပြောလိုက်သည်။
သူ့အသံကိုကြားတော့မှ ကျိူးလီဇီက သတိပြန်ဝင်လာပြီး "ဒါဆိုရင် ကျွန်မပစ္စည်းတွေသိမ်းပြီးတာနဲ့ နောက်တစ်ထပ်ကိုသွားရအောင်" လို့ပြောလိုက်တယ်။
"အိုကေ"
သူတို့နှစ်ယောက်ဟာ နောက်ထပ်မြေအောက်အထပ်တွေကို ဆက်လက်ရှင်းလင်းပြီး စမ်းသပ်ကိရိယာတွေကို ယူဆောင်နေချိန်မှာ ကျန်တဲ့အဖွဲ့သားတွေကတော့ ဆေးရုံရဲ့ တခြားနေရာတွေမှာ ဇွန်ဘီတွေကို ရှင်းလင်းရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။
သူတို့တွေ ဓာတ်ခွဲခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ ကောင်းကင်ကြီးက မှောင်မိုက်သွားပြီး လရောင်ကလည်း ကောင်းကင်မှာ ထွက်ပေါ်နေပါပြီ။ ကျင်းရွှီယန်းက သူ့ရဲ့ ဝေါ်ကီတော်ကီကို ထုတ်ယူပြီး "အားလုံးပဲ ကားပါကင်မှာ စုဝေးကြ" လို့ ညွှန်ကြားလိုက်တယ်။
မကြာခင်မှာပဲ ကျန်းယွမ်က ပြန်လည်အကြောင်းကြားလာတယ် "ကပ္ပတိန် ၊ အရေးပေါ်ခန်းမှာက ဇွန်ဘီအရေအတွက် အရမ်းများလွန်းတယ်။ သူတို့ကို ရှင်းလင်းဖို့ နှစ်နာရီလောက် ကြာနိုင်ပါတယ်"
"အကူအညီ လိုအပ်လား" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
"ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်" ဟု ကျန်းယွမ်က ပြန်ဖြေသည်။
"ကပ္ပတိန် ၊အခု ပါကင်ကို လာနေပါပြီ" ဟု ချင်လူဇီက လည်းလှမ်းပြောသည်။
ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှ "အရေးပေါ်ဌာနကိုသွားပြီး ကျန်းယွမ်ရဲ့အဖွဲ့ကို ကူညီလိုက်ပါ" လို့ ညွှန်ကြားလိုက်တယ်။
"ဟုတ်ကဲ့"
သူ့ရဲ့ ဝေါ်ကီတော်ကီကို အိတ်ကပ်ထဲ ပြန်ထည့်ပြီးတဲ့နောက်မှာ သူ့ချစ်သူဘက်ကိုလှည့်ပြီး "အာဇီ ၊ ကျန်းယွမ်ကို အရင်သွားကူရအောင်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ကန့်ကွက်မှုမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ”
နတ်ဆိုးအဖွဲ့က ပြည်နယ်မြို့တော်ဆေးရုံတွင် ဇွန်ဘီများကို ရှင်းလင်းနေစဉ်တွင် လင်အန်း အခြေစိုက်စခန်းမှာတော့ လူသစ်စုဆောင်းမှုအကြောင်းကို သိရှိပြီးနောက် ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများဖြင့် ပြည့်နှက်နေသည်။
ပုံမှန်အားဖြင့်ဆိုရင် စခန်းရဲ့ဂိတ်တံခါးများကို နေဝင်ချိန်မတိုင်မီ နာရီဝက်အလိုတွင် ပိတ်လေ့ရှိပါသည်။ သို့သော် ယနေ့တွင်တော့ ကောင်းကင်မှာ လနီနီ ထွက်ပေါ်လာပြီးနောက်မှာပင် စစ်သားများသည် အသက်ရှင်ကျန်ရစ်သူများရဲ့ မှတ်ပုံတင်ခြင်းနှင့် ကိုယ်ခန္ဓာကိုစစ်ဆေးခြင်းများဖြင့် အလုပ်များနေကြသောကြောင့် ဂိတ်တံခါးများကို ဖွင့်ထားဆဲဖြစ်သည်။
လူတိုင်းရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် အခြေစိုက်စခန်းက စခန်းရဲ့ အဝင်ပတ်ပတ်လည်ကို စောင့်ကြပ်ဖို့ အစောင့် ၅၀ ကို စေလွှတ်ခဲ့ပါတယ်။ လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေကိုတွေ့ရင်လည်း သူတို့က ချက်ချင်းရှင်းလင်းပစ်လိုက်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေအတွက်လည်း ကြက်ဥပြုတ်အိုးတွေနှင့် သောက်ရေတိုင်ကီတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။