အခန်း ၃၅၅
Vol. 24 Ch. 355
အခန်း-(၃၅၅)
မြေအောက်အခန်း တစ်ခုချင်းစီဟာ အလွန်ကျဉ်းပြီး စတုရန်းမီတာ ၂၀ မျှသာ ကျယ်ဝန်းတာ ဖြစ်တာကြောင့် လူတိုင်းသည် အိပ်စက်တဲ့ အခါမျိုးမှာဆို စုပြုံကာ တစ်ယောက်နှင့်တစ်ယောက်က အတင်းတိုးဝှေ့ နေရပါတယ်။ တကယ်လို့ နိုးနေတဲ့ အချိန်မျိုးမှာဆိုရင်လည်း သူတို့ရဲ့နေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေရုံသာတတ်နိုင်သည်။
လေဝင်လေထွက်စနစ် မကောင်းခြင်းနှင့် လူဦးရေထူထပ်ခြင်းတို့ကြောင့် လေထုကစိုထိုင်းနေပြီး အနံ့အသက်မျိုးစုံရောနှောနေကာ အခန်းထဲမှာ လှောင်ပိတ်လို့နေသည်။
ယခုအချိန်တွင် ရေအရင်းအမြစ်က အလွန်အမင်း ရှားပါးနေပြီ ဖြစ်တာကြောင့် ရေချိုးနိုင်ခြင်းမှာ အဆင့်မြင့်ဇိမ်ခံမှုတစ်ခု ဖြစ်လာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ရက်သတ္တပတ်အတော်ကြာအောင်အထိ ရေမချိုးခဲ့ကြသောကြောင့် သူတို့ရဲ့ကိုယ်ခန္ဓာဆီက ထွက်ပေါ်လာတဲ့ အနံ့အသက်ဆိုးတွေဟာ အသက်ရှူရတာ မွန်းကြပ်စေပြီး အော့အန်ချင်စရာ ကောင်းလောက်အောင်ကို ဆိုးရွားလွန်းလှပါတယ်။
နေထိုင်မှုအခြေအနေတွေက ဒီလောက်အထိကို ငရဲခန်းလိုဆိုးရွားနေပေမယ့် နေ့စဉ်နေ့တိုင်းမှာ စခန်းဆီသို့ တိုးဝှေ့ကာရောက်ရှိလာကြတဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကတော့ တစ်စတစ်စ ပိုမိုများပြားလာနေတုန်းပါပဲ။ လူတစ်စုကလည်း အခန်းကျဉ်းလေးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး အတူတကွ စုထိုင်လိုက်ကြတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ၊ သူတို့ရဲ့မိသားစုအားလုံးကို အခန်းတစ်ခုတည်းမှာ နေရာချထားပေးတာကြောင့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရတာက အဆင်ပြေပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်ကို အသေအချာစစ်ဆေးကြည့်လိုက်ပြီး အစောင့်တွေက ကင်းလှည့်မနေဘူးဆိုတာ သေချာအောင်လုပ်ပြီးမှ တိုးတိုးလေး စကားပြောကြပါတယ်။
"အာယွဲ့ ၊ မင်းရဲ့ဒေါသကို ထိန်းချုပ်ထားသင့်တယ်။ အခုချိန်မှာက ငါတို့က တခြားသူတွေရဲ့အရိပ်အောက်မှာ နေထိုင်နေရတော့ သူတို့က ငါတို့အတွက် ခက်ခဲအောင်လုပ်လာရင်တောင် ငါတို့က ခံနိုင်ရည်ရှိရမယ်" လို့ အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ဒါကိုကြားတော့ ရှန်းကျင်းယွဲ့က "အမေ၊ သူတို့က သမီးရဲ့အဖေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဦးလေးတွေကို ဘယ်ဆီခေါ်သွားလဲဆိုတာ သမီးတို့ မသိဘူး။ ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ စောင့်နေတော့မှာလား" လို့ ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်ပြောလိုက်တယ်။
အမေရှန်းက သမီးဖြစ်သူရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ခဏလောက် တိတ်ဆိတ်နေပြီးနောက်မှ "သူတို့က အမေ့တို့ရဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အတွက် အမေတို့က သည်းခံပြီးနေမှရမှာပေါ့။ သမီးရဲ့ အကြီးဆုံးအစ်ကိုက အမေ့တို့ကို လာကယ်တင်လိမ့်မယ်လို့ အမေယုံကြည်တယ်။ အမေတို့လုပ်ရမှာက အသက်ရှင်အောင်နေပြီး သူ့ကိုစောင့်နေရုံပဲ" လို့ မျက်ရည်ဝဲဝဲနဲ့ ဖျောင်းဖျလိုက်တယ်။
အမေရှန်းက ဒီစကားတွေပြောပြီးတဲ့နောက်မှာပဲ တခြားအသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကလည်း ခေါင်းညိတ်ပြီး "ရှောင်ယွဲ့၊ မင်းအမေပြောတာကို နားထောင်လိုက်ပါ။ အဒေါ့်သမီး ရေလှောင်ကန်ကနေ ပြန်လာတဲ့အချိန်ကြရင် အဒေါ်တို့ရဲ့မိသားစုဝင်တွေအကြောင်း အချက်အလက်တချို့ ရနိုင်လိမ့်မယ်" လို့ ပြောလိုက်တယ်။
ရှန်းကျင်းယွဲ့က အသက်လတ်ပိုင်းအမျိုးသမီးကိုကြည့်ပြီး "အဒေါ်ရှောင်၊ ကျွန်မနားလည်ပါတယ်" လို့ပြန်ဖြေလိုက်တယ်။
သူတို့ရဲ့မိသားစုတွေမှာ ရင်းနှီးတဲ့ဆက်ဆံရေးမရှိပေမယ့် သူတို့ရဲ့သားတွေကတော့ အဖွဲ့တစ်ခုတည်းမှာ အလုပ်လုပ်ကြပါတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ သူတို့ဟာ တစ်ခါတစ်ရံပဲ တွေ့ဆုံခဲ့ကြဖူးတာပါ။ ဒါပေမယ့်လည်း ကမ္ဘာပျက်ကပ်ကြီး စတင်တဲ့အချိန်မှာ သူတို့ဟာ ဇွန်ဘီအုပ်ထဲကနေ အတူတူ ထွက်ပြေးလွတ်မြောက်ပြီး ဒီအခြေစိုက်စခန်းကို ရောက်ရှိလာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် အချင်းချင်းမှတ်မိသွားကြတာပါ။
အစောင့်တွေကို လာဘ်ထိုးပြီးတဲ့နောက်တွင်တော့ သူတို့ဟာ ဒီအခန်းကျဥ်းလေး တစ်ခုတည်းမှာပဲ အတူတူနေနိုင်ခဲ့ကြတယ်။ ဒီအခန်းထဲမှာ အခြားသော အပြင်လူအချို့ ရှိနေသေးတယ် ဆိုပေမဲ့လည်း သူတို့ဘက်က လူအင်အား ပိုမိုများပြားတာကြောင့် တခြားသူတွေက သူတို့ကို လာအနိုင်ကျင့်ဖို့ မဝံ့ရရဲကြပါဘူး။
အစပိုင်းမှာတော့ အစောင့်တွေက သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဘာအကြောင်းပြချက်ကြောင့်မှန်း မသိဘဲ အထက်က အရာရှိတွေက သူတို့ကို စတင်ပြီး ဖိနှိပ်ချုပ်ချယ်လာခဲ့ကြပါတော့တယ်။ အခုဆို သူတို့ဟာ တစ်နေ့ကို ၁၀ နာရီကြာ အလုပ်လုပ်ရရုံသာမကဘဲ ရိက္ခာကိုလည်း ထက်ဝက်ကျော် လျှော့ချခံခဲ့ရပါတယ်။တကယ်လို့ ဒီလို အခြေအနေမျိုးနဲ ရေရှည်အထိဆက်သွားနေဦးမယ်ဆိုရင်တော့ သူတို့တွေအားလုံးဟာ အာဟာရပြတ်လပ်ပြီး ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်ပြီးဖြစ်စေ မကြာခင်မှာတင် သေဆုံးကုန်ကြရတော့မှာ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ အစောင့်တစ်ယောက်က ရောက်လာပြီး "အနားယူချိန်က ပြီးပြီ ၊ အားလုံးပဲ အလုပ်ပြန်လုပ်ကြ" လို့ အော်ဟစ်ငေါက်ငမ်း လာပါတယ်။
ထိုအစောင့်ရဲ့အော်ဟစ်သံကိုကြားတာနဲ့ လူတွေဟာ တုန်တုန်လှုပ်လှုပ်နဲ့ အိပ်မောကျနေရာကနေ တစ်ယောက်ပြီးတစ်ယောက် လန့်နိုးလာခဲ့ကြပြီး၊အလုပ်ကြမ်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ သတ်မှတ်ထားတဲ့ အလုပ်ခွင် ဧရိယာတွေဆီသို့ ဦးခေါင်းစိုက်ကာ ထွက်ခွာသွားကြရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ၊ နတ်ဆိုးအဖွဲ့ဟာ ပြည်နယ်မြို့တော်ကနေ ထွက်ခွာလာပြီး နယ်စပ်ဒေသမှာရှိတဲ့ လျို့ဝှက်စစ်အခြေစိုက်စခန်းတစ်ခုဆီသို့ကို ရောက်ရှိလာခဲ့ပါတယ်။ ထုံးစံအတိုင်းပါပဲ သူတို့ဟာ စခန်းထဲမဝင်ခင် အရင်ဆုံး အဲဒီဒေသမှာရှိတဲ့ ဇွန်ဘီတွေကို ရှင်းလင်းခဲ့ပါတယ်။ တခြားသော အခြေစိုက်စခန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒီစခန်းဟာ လူနေဖို့ထက် စစ်တပ်ရဲ့ အဆင့်မြင့် လက်နက်တွေနှင့် စစ်သုံးယာဉ်တွေကို သိုလှောင်တဲ့ ဂိုဒေါင်ကြီးအဖြစ် အသုံးပြုခဲ့တဲ့ နေရာဖြစ်ပါတယ်။
သူတို့တွေဟာ စခန်းရဲ့မြေပုံကို သေသေချာချာ စစ်ဆေးကြည့်ပြီးပြီ ဖြစ်ပါတယ်။ ပင်းကျန်းမြို့ရဲ့ အခြေအနေအရဆို မြို့တော်ကို ရောက်ဖို့အတွက် ကားမောင်းပြီးသွားရင် ခြောက်လလောက် ကြာသွားလိမ့်မယ်။ အချိန်ကုန် သက်သာစေဖို့အတွက် သူတို့တွေဟာ ဒီစခန်းကို ဝင်ရောက်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး စစ်သုံးရဟတ်ယာဉ်တွေ ရနိုင်မလားဆိုတာကို ကံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဝိန့်မိုက လေးလံလှတဲ့ သံမဏိတံခါးကြီးကို သူ့ရဲ့စွမ်းရည်ကိုအသုံးပြုကာ ဖွင့်လိုက်ပြီးနောက်တွင် အဖွဲ့ဝင်အားလုံးဟာ သူတို့ရဲ့ လေသေနတ်များကို ကိုင်ဆောင်ကာ အခြေစိုက်စခန်းထဲသို့ တည်ငြိမ်စွာ လျှောက်ဝင်သွားကြသည်။
"ဂရားးးး"
စစ်ယူနီဖောင်းဝတ်ထားတဲ့ ဇွန်ဘီတွေက သူတို့ဆီကို အပြေးအလွှားရောက်လာတာကိုမြင်တော့ အဖွဲ့ဝင်တွေဟာ သူတို့ကို ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်ပြီး တွန့်ဆုတ်သွားကြတယ်။ ဒါပေမယ့် သူတို့ရဲ့ တွန့်ဆုတ်မှုက စက္ကန့်အနည်းငယ်သာကြာခဲ့ပြီး သူတို့ရဲ့ လေသေနတ်တွေကို မြှောက်ပြီး မဆိုင်းမတွဘဲ ခလုတ်တွေကို ဆွဲညှစ်ပစ်လိုက်ကြပါတော့တယ်။
"ပေါက် ပေါက် ပေါက်"
ဇွန်ဘီတွေရဲ့ ဦးခေါင်းခွံတွေထဲကို သတ္တုကျည်ဆန်တွေ ထိုးဖောက်တဲ့ အသံဟာ ပတ်ဝန်းကျင်မှာ အဆက်မပြတ် ပဲ့တင်ထပ်သွားခဲ့ရပါတယ်။အဖွဲ့ဝင်တွေဟာ စနစ်တကျနဲ့ ဖြည်းဖြည်းချင်း ရှေ့သို့တက်ကာ ရွေ့လျားတိုက်ခိုက်ခဲ့ကြရာ တစ်နာရီခန့် အချိန်ယူပြီးတဲ့နောက်မှာတော့ စခန်းအဝင်က ဇွန်ဘီအားလုံးကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်
တိုက်ပွဲအပြီးမှာတော့ သူတို့ဟာ အမြုတေတွေကိုထုတ်ကာ ဇွန်ဘီတွေရဲ့ အလောင်းတွေကို သတ္တုတုံးတွေအဖြစ် စနစ်တကျ ဖိသိပ်ပြီးတဲ့နောက်မှာတော့ ဖုန်းယွင်က သူ့ရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်သည်။ တိုက်ပွဲကွင်းကို ဒီလိုမျိုး လိုက်လံသန့်ရှင်းရေး လုပ်ရတာက အချိန်ပိုမိုကြာမြင့်ပေမယ့် လောင်စာဆီချွေတာနိုင်ဖို့အတွက် ပိုပြီးအလုပ်လုပ်ဖို့ကို သူတို့ ဆန္ဒရှိကြပါတယ်။
သူတို့တွေ သန့်ရှင်းရေးလုပ်လို့ ပြီးသွားတဲ့ အခါမှာတော့ ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့က ဂိုဒေါင်တွေကို စတင်စစ်ဆေးနေကြပါပြီ။ ဒီစစ်စခန်းနယ်မြေတစ်ခုလုံးမှာက ဂိုဒေါင်စုစုပေါင်း ၁၈ လုံးရှိပြီး အဲဒီထဲက ၈လုံးကတော့ စစ်တပ်ရဲ့ အရေးပေါ် ရိက္ခာခြောက်တွေကို သိုလှောင်ထားတဲ့ နေရာဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ဂိုဒေါင် ၅ လုံးကိုတော့ ဆေးဝါးလိုမျိုး
အရေးပေါ် အသက်ကယ်ပစ္စည်းတွေနှင့် အဝတ်အစား၊ ဆပ်ပြာ စတဲ့ နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းတွေကို စနစ်တကျ သိုလှောင်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ကျန်ရှိနေသေးတဲ့ ဂိုဒေါင် ၅ လုံးကတော့ ဂျုံမှုန့်၊ ဆန်စပါး၊စည်သွပ်ဘူးများ၊ အခြောက်လှန်းထားသောဟင်းသီးဟင်းရွက်များ၊ အသင့်စား အစားအစာများနှင့် ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကို သိုလှောင်ရန်အသုံးပြုခဲ့သည်။
ကျိူလီဇီကတော့ နောက်ထပ်ဧရိယာကို မသွားခင်မှာ ဂိုဒေါင်ထဲရှိအရာအားလုံးကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်သည်။ ဒီဧရိယာမှာတော့ ဇွန်ဘီအရေအတွက်က ပိုများလာပြီး အားလုံးရှင်းလင်းဖို့ အချိန်နှစ်နာရီကြာသွားခဲ့သည်။
အဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားရာနေရာကို ရှင်းလင်းနေချိန်မှာ ကျင်းရွှီယန်းနှင့် သူ့ချစ်သူက ဂိုဒေါင်အသစ်တွေကို သွားစစ်ဆေးကြတယ်။ အရင်ဧရိယာနဲ့ မတူဘဲ ဒီနေရာမှာကတော့ ဂိုဒေါင် ၅လုံးပဲရှိပြီး စစ်တပ်သံချပ်ကာယာဉ်တွေ၊ ပြုပြင်မွမ်းမံထားတဲ့ မော်တော်ဆိုင်ကယ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ အဆင့်မြင့် လက်နက်ခဲယမ်းမီးကျောက်တွေ၊ သေနတ်မျိုးစုံနှင့် ဗုံးတွေ၊ လက်ပစ်ဗုံးတွေပဲဖြစ်ပါတယ်။
ဒါကိုမြင်တော့ ကျိူးလီဇီရဲ့မျက်လုံးတွေ တောက်ပသွားပြီး "အစ်ကိုယန်း ၊ နောက်ဆုံးတော့ ကျွန်မတို့ သူတို့ကိုရှာတွေ့ပြီ" လို့ ဝမ်းသာအားရ ပြောလိုက်သည်။
ကျင်းရွှီယန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "ဒီရဟတ်ယာဉ်တွေနဲ့ဆိုရင် မြို့တော်ကို ပိုမြန်မြန်ရောက်နိုင်တယ်" လို့ ပြောလိုက်တယ်။
အဖွဲ့သားတွေဟာ စခန်းတစ်ခုလုံးကို ဆက်လက်ရှာဖွေခဲ့ကြပြီး ဇွန်ဘီတွေကို အပြတ်ရှင်းလင်းခဲ့ကြတယ်။ နေမင်းကြီးက အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ် နစ်မြုပ်သွားတဲ့ နေဝင်ချိန်တွင် ဇွန်ဘီအားလုံးကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်။
နောက်ဆုံးဧရိယာရဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာတော့ အလွန်ကြီးမားလှတဲ့ လောင်စာဆီတိုင်ကီကြီးတွေ အများကြီးကို သူတို့ တွေ့ရှိခဲ့သည်။ ကျိူးလီဇီကတော့ တစ်ချက်ကလေးတောင် တွန့်ဆုတ်ခြင်းမရှိဘဲ သူမရဲ့နေရာလွန်မှာပဲ အရာအားလုံးကို တိုက်ရိုက်သိမ်းဆည်းလိုက်သည်။ ဒီတိုင်ကီကြီးတွေထဲမှာ သိုလှောင်ထားတဲ့ ဆီပမာဏဟာ ရဟတ်ယာဉ်တွေကို အချိန်အကြာကြီး အသုံးပြုနိုင်ဖို့အထိ လုံလောက်ပါတယ်။
စစ်ဘက်ရဟတ်ယာဉ်များအတွက် အသုံးပြုသော လောင်စာဆီသည် ပုံမှန်အရပ်သုံး လောင်စာဆီများနှင့် မတူဘဲ စစ်ဘက်ဆိုင်ရာ သတ်မှတ်ချက်တွေအရ အထူး ဓာတုပစ္စည်းတွေနဲ့ စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အဆင့်မြင့်ဆီ ဖြစ်ပါတယ်။ ထို့ကြောင့်ပဲ နောင်အနာဂတ်တွင် ထိုဆီမျိုးပိုမိုရရှိရန်က ခက်ခဲနိုင်သောကြောင့် အခုအချိန်မှာ အတတ်နိုင်ဆုံး အများကြီး သိမ်းဆည်းသွားဖို့က အလွန်အမင်း အရေးကြီးလှတာ ဖြစ်ပါတယ်။
အရာအားလုံး ပြီးမြောက်သွားတဲ့ အခါမှာတော့ ကျင်းရွှီယန်းက သူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်ပြီး "ဒီညတော့ ဒီစခန်းပဲစခန်းချပြီး အနားယူကြတာပေါ့" ဟု ဆုံးဖြတ်ချက်ချလိုက်တယ်။
အဖွဲ့ဝင်တွေအားလုံးက သဘောတူဟန်ပြကာ ခေါင်းညိတ်လိုက်ပြီး တည်းခိုဖို့အတွက် သန့်ရှင်းတဲ့ဂိုဒေါင်တစ်ခုကို ရွေးချယ်လိုက်ကြတယ်။ သူတို့ဟာ ညစာအတွက် ကြက်သားဟင်းရည်ခေါက်ဆွဲအိုးတွေနှင့် ဖက်ထုပ်တွေ အများကြီးဖြင့် ချက်ပြုတ်ကာ ရိုးရိုးရှင်းရှင်းပဲ စားသောက်လိုက်ကြသည်။ ညစာစားပြီးတဲ့နောက်မှာတော့ သူတို့ဟာ ပတ်ဝန်းကျင်ကို အလှည့်ကျ ကင်းလှည့်ကာ အလှည့်ကျ အိပ်စက်ကြသည်။