အခန်း ၃၅၆
Vol. 24 Ch. 356
အခန်း-(၃၅၆)
နောက်တစ်နေ့မနက်အစောပိုင်းတွင် နတ်ဆိုးအဖွဲ့ဝင်တွေသည် နေမထွက်ခင်နိုးလာခဲ့ကြပြီး သူတို့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်နေစေဖို့အတွက် တစ်နာရီလောက် ပတ်ပြေးရင်းနဲ့ ပတ်ဝန်းကျင်က ဇွန်ဘီတွေကို ရှင်းလင်းပြီးမှ ရေချိုးဖို့ကို ပြန်လာကြပါတယ်။
သူတို့အားလုံးက ယောက်ျားတွေကြီးပဲဖြစ်တဲ့ကြောင့် အတူတူရေချိုးရတာက သူတို့အတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒါကြောင့်မို့လို့ ကျန်းယွမ်က သူ့ရဲ့မြေကြီးစွမ်းရည်ကို အသုံးပြုကာ ရိုးရှင်းတဲ့ ရွှံ့နံရံလေးတွေ ကာရံပေးလိုက်ပြီး ရှောင်ချီကတော့ သူ့ရဲ့နေရာလွတ်ကနေ သတ္တုကန်ကြီးတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ရှန်းကျင်းဇီက ရေနွေးသွားအောင် ရေကို အပူမပေးခင်မှာ ချန်ချန်းဖုန်းက အရင်ဆုံး ကန်ကြီးထဲကို ရေဖြည့်ပေးခဲ့ပါတယ်။
အဖွဲ့ဝင်တွေက အေးအေးလူလူ ရေချိုးနေတုန်းမှာ ကျိူးလီဇီကတော့ သူမရဲ့နေရာလွတ်ထဲကိုဝင်ပြီး ရိုးရှင်းလှတဲ့ မနက်စာ ကို ချက်ပြုတ်ပြင်ဆင်နေပါတယ်။ သူမ ချက်ပြုတ်လို့ပြီးတဲ့နောက်မှာတော့ ဖူကွေ့ကို အမြုတေလက်တစ်ဆုပ်စာ၊ ပန်းသီးငါးလုံးနှင့် ကင်ထားတဲ့ငါး ၅ကောင်ကို ပေးခဲ့သည်။
သူမက အဲဒီထဲမှာ အချိန်အကြာကြီးမနေတော့ဘဲ ဖူကွေ့ကို သွားကြည့်ပြီးတာနဲ့ နေရာလွတ်ထဲကနေ ထွက်လာသည်။ မကြာခင်မှာပဲ ရေချိုးလို့ပြီးသွားတဲ့အဖွဲ့ဝင်တွေဟာ ဂိုဒေါင်ကို ပြန်လာကြပါတယ်။
ဒီနေ့ရဲ့ မနက်စာကတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကြက်သားခေါက်ဆွဲနှစ်အိုး၊ ကြက်ဥကြော်တစ်ဗန်းနှင့် နွားနို့ ပူပူတစ်အိုးပါ။
ပြင်ဆင်ထားတဲ့ မနက်စာကိုမြင်တာနဲ့ အဖွဲ့ဝင်တွေက သူတို့ရဲ့ အသင်းခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး ကပ္ပတိန်နှင့် သူ့ချစ်သူက နွားနို့ကို ဘယ်တုန်းက ထပ်ဖြည့်လိုက်တာလဲလို့ တွေးလိုက်ကြတယ်။ သူတို့တွေရဲ့ ရင်ထဲမှာ စူးစမ်းချင်စိတ် တွေပြင်းပြနေကြတယ် ဆိုပေမဲ့လည်း ဘာမှ ထုတ်မမေးကြတော့ဘဲ အစာစားခြင်းအပေါ်မှာပဲ အာရုံစိုက်ပြီး အားရပါးရစားလိုက်ကြတယ်။
သူတို့တွေစားသောက်လို့ပြီးတဲ့အချိန်တွင်တော့ နေက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှာ ထွက်စပြုနေပြီဖြစ်သည်။ သူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်ပြီးနောင်တွင် ကျင်းရွှီယန်းက "ဒီနေ့တော့ စစ်တပ်ရဟတ်ယာဉ်တွေကိုသုံးပြီး မြို့တော်ကို တိုက်ရိုက်သွားမယ်" ဟု ပြောလိုက်သည်။
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များကလည်း တညီတညွတ်တည်း ပြန်ဖြေကြသည်။
သူတို့ရဲ့ ပစ္စည်းတွေ ထုပ်ပိုးပြီးတဲ့အခါမှာပဲ ကျိူးလီဇီက စစ်ရဟတ်ယာဉ်တစ်စီးကို သူမရဲ့ နေရာလွတ်မှထုတ်ယူလိုက်ပြီး လူတိုင်းကလည်း ယာဉ်အပေါ်တက်ခဲ့ကြသည်။ သူတို့အသုံးပြုတဲ့ ရဟတ်ယာဉ်က လူဆယ်ယောက်ကနေ အယောက်နှစ်ဆယ်အထိ တင်ဆောင်နိုင်တဲ့ ပေါ့ပါးသွက်လက်လှတဲ့ ဘက်စုံသုံး စစ်ယာဉ်အမျိုးအစားဖြစ်ပါတယ်။ လက်ရှိအချိန်မှာက သူတို့အဖွဲ့မှာ စုစုပေါင်း လူဆယ့်ရှစ်ယောက်ရှိတာကြောင့် ရဟတ်ယာဉ်တစ်စီးတည်းနဲ့ တင်ဆောင်နိုင်ပါတယ်။
မိနစ် ၃၀ ခန့် ကြာပြီးတဲ့နောက်တွင် ထိုစစ်စခန်းမှ စတင်ထွက်ခွာသွားသည်နှင့် ရဟတ်ယာဉ်ရဲ့ ပန်ကာလည်တဲ့အသံဟာ ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။
ရဟတ်ယာဉ်ရဲ့ ပြတင်းပေါက်ကနေတဆင့် ကျိူးလီဇီသည် အောက်ဖက်ကအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ လမ်းအများစုမှာ ဇွန်ဘီတွေနဲ့ ပြည့်နေပြီး တစ်ခါတစ်ရံမှသာ ရိက္ခာရှာဖွေနေတဲ့ လူအုပ်စုအနည်းငယ်ကို မြင်ရပါတယ်။
ရဟတ်ယာဉ် ဖြတ်ပျံသွားတဲ့အခါ ထွက်ပေါ်လာတဲ့အသံက ဇွန်ဘီတွေကို ဆွဲဆောင်မိသွားတယ်။ ဒါပေမယ့်လည်း ဇွန်ဘီတွေ တုံ့ပြန်ခြင်းမပြုနိုင်ခင်မှာပဲ ရဟတ်ယာဉ်က အဝေးကို ရောက်သွားပြီးသားဖြစ်လို့ ဇွန်ဘီတွေဟာ တောင့်တင်းခက်ခဲလှတဲ့ ပုံစံအတိုင်းပဲ လမ်းမတွေပေါ်မှာ တရွတ်တိုက် ဆက်လက်လျှောက်လှမ်းနေကြပါတယ်။
ဇွန်ဘီတွေက တုံ့ပြန်မှုသိပ်မပြပေမယ့် အဆောက်အအုံတွေထဲမှာ ပုန်းအောင်းနေတဲ့ ဒါမှမဟုတ် ရိက္ခာရှာနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ ရဟတ်ယာဉ်ထဲက လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။
ကံမကောင်းစွာနဲ့ပဲ ၊ သူတို့တွေ ဘယ်လောက်ပဲကြိုးစားပါစေ နတ်ဆိုးအဖွဲ့မှာ သူတို့နဲ့အတူ လူအပိုတွေခေါ်သွားဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ သူတို့ဟာ အန္တရာယ်များတဲ့နေရာကို သွားရမှာဖြစ်လို့ သူစိမ်းတွေကိုလည်း လိုက်ပါဝင်ခွင့်ပြုလိုက်ဖို့လည်း မဖြစ်နိုင်ပါဘူး။
တိမ်ကင်းစင်ကာ ကြည်လင်လှတဲ့ ကောင်းကင်ကြီးအောက်တွင် ရဟတ်ယာဉ်က တစ်နာရီခွဲကြာ ခရီးနှင်လာပြီးနောက်တွင်တော့ အဝေးဆီက မြို့တော်ရဲ့ ပုံရိပ်ကို စတင် မြင်တွေ့လိုက်ရပါတယ်။
သူတို့တွေ မြို့တော်ရဲ့နယ်နမိတ်ထဲကို ဝင်သွားလိုက်ပြီးတာနဲ့ ချင်လူဇီက "ကပ္ပတိန် ၊ ဇွန်ဘီအရေအတွက်က ကျွန်တော်တို့ မျှော်လင့်ထားတာထက်ကို ပိုများနေတယ်။ အခြေအနေကတော့ ခေါင်းဆောင်ရွှီဆီက ကျွန်တော်တို့ရခဲ့တဲ့ အချက်အလက်တွေထက် ပိုပြီးအန္တရာယ်များပုံရတယ်" လို့ လေးနက်စွာ ပြောလိုက်သည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းကလည်း အောက်ဖက်ကအခြေအနေတွေကို စစ်ဆေးလိုက်ပြီး ခဏလောက်စဉ်းစားပြီးခါမှ "စစ်စခန်းတွေကို အရင်သွားစစ်ဆေးကြရအောင်"လို့ ညွှန်ကြားလိုက်တယ်။
ကျန်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြောလိုက်တယ်။
နာရီဝက်ကြာပြီးနောက်တွင် နယ်စပ်မှာရှိတဲ့ စစ်စခန်းတစ်ခုဆီ သူတို့ရောက်သွားကြတယ်။ ပင်ကျန်းမြို့က စစ်စခန်းနဲ့မတူဘဲ ဒီစခန်းရဲ့အခြေအနေကတော့ တကယ့်ကို ငရဲခန်းတစ်ခုလို ဖြစ်နေခဲ့တာပါ။
အခြေစိုက်စခန်းမှာ ဇွန်ဘီတွေနဲ့ ပြည့်နှက်နေပြီး နေရာအတော်များများဟာလည်း ပျက်စီးသွားခဲ့ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေရဲ့ အရိပ်အယောင်များကို နေရာတိုင်းမှာ မြင်တွေ့နေရပါတယ်။
"အဘိုးကြီးချင်၊ အထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလား" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
ချင်လူဇီက သူ့ရဲ့ စွမ်းရည်နဲ့ ပတ်ဝန်းကျင်ရဲ့နယ်မြေတစ်ခုလုံးကို သေသေချာချာ အချိန်ယူ စစ်ဆေးကြည့်လိုက်ပြီးနောက်မှ စိတ်မကောင်းစွာနဲ့ ခေါင်းခါပြလိုက်ရင်းဖြင့် "ကပ္ပတိန် ၊ အသက်ရှင်ကျန်ရစ်သူ မရှိဘူး"လို့ သတင်းပို့လိုက်သည်။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ "အဘိုးကြီးကျန်း၊ တခြားစစ်စခန်းတွေကို သွားစစ်ဆေးကြရအောင်" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။
သူတို့ရဲ့ စကားပြောဆိုမှုကို ကြားပေမယ့် အဖွဲ့ဝင်တွေက ဘာမှ ဝင်မပြောကြဘူး။ မြို့တော်ရဲ့ အခြေအနေကို မမြင်ခင်ကတော့ သူတို့မိသားစုတွေ အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုတဲ့ မျှော်လင့်ချက်တချို့ ရှိခဲ့ကြတယ်။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကို မြင်ပြီးတဲ့နောက်မှာတော့ အဆိုးဆုံးအခြေအနေအတွက်ပဲ သူတို့စိတ်ကို ပြင်ဆင်နိုင်ခဲ့ကြတယ်။
သူတို့အဖွဲ့က စစ်စခန်းအတော်များများကို သွားခဲ့ကြပေမယ့် ဘာရလဒ် တစ်စုံတစ်ရာကိုမှ မရခဲ့ပါဘူး။ ကျန်းယွမ်က အောက်ဖက်က များပြားလွန်းတဲ့ ဇွန်ဘီအုပ်ကြီးကို ကြည့်ပြီး "ကပ္ပတိန် ၊ ဒါက နောက်ဆုံးစစ်စခန်းပဲ" လို့ ပြောလိုက်တယ်။
ကျန်းယွမ်က ဒီလိုပြောလိုက်တဲ့အခါမှာတော့ တစ်ဖွဲ့လုံးက တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်အနေထားကလည်း တင်းမာသွားခဲ့သည်။ ခဏအကြာမှာမှ ကျင်းရွှီယန်းက "အဘိုးကြီးကျန်း၊ အနောက်တောင်နားမှာ မြေအောက်စစ်စခန်းတစ်ခု ရှိနေသေးတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး ရဟတ်ယာဉ်ရဲ့ ဦးတည်ရာကို ပြောင်းလိုက်တယ်။ အနောက်တောင်ဖက်ကို ခရီးဆက်နေချိန်မှာတော့ လူတိုင်းဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အတွေးကမ္ဘာတွေထဲမှာပဲ အသီးသီး နစ်မျောနေခဲ့ကြပါတယ်။
ဆယ့်ငါးမိနစ်အကြာတွင်မှ ချင်လူဇီက ရုတ်တရက်ကြီး စကားထပြောလိုက်သည်"ကပ္ပတိန် ၊ ဒီနေရာမှာ လူအုပ်ကြီးတစ်အုပ်ရှိတယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး "သူတို့က အဲဒီအခြေစိုက်စခန်းမှာ နေနေကြတာဖြစ်ရမယ်။ အဘိုးကြီးကျန်း၊ ဆင်းသက်ဖို့နေရာရှာပါ" လို့ အမိန့်ပေးလိုက်တယ်။
"ဟုတ်ကဲ့"
သူတို့သည် အနောက်တောင်နဲ့ မဝေးတဲ့ ကွင်းပြင်တစ်ခုထဲကို ရဟတ်ယာဉ် မဆင်းသက်ခင် မိနစ်အနည်းငယ်လောက် ပျံသန်းခဲ့ကြသည်။ ကျန်းယွမ်က အင်ဂျင်ကို ပိတ်လိုက်ပြီးနောက်တွင် အဖွဲ့ဝင်တွေက ရဟတ်ယာဉ်ပေါ်က ဖျတ်လတ်စွာဆင်းသွားကာ ကျိူးလီဇီကတော့ သူမရဲ့နေရာလွတ်မှာ ရဟတ်ယာဉ်ကိုသိမ်းဆည်းလိုက်သည်။
သူတို့တွေရဲ့ ခရီးဆောင်ကျောပိုးအိတ်တွေကိုယ်စီ လွယ်ပိုးထားကြရင်းနဲ့ပဲ လူတိုင်းက လေသေနတ်တွေကို ထုတ်ယူကာ အသင့်အနေအထားနဲ့နေလိုက်ကြသည်။ သူတို့တွေ မီတာ ရာဂဏန်းမျှသာ လှမ်းလျှောက်ပြီးခါစမှာပဲ ချင်လူဇီက ရုတ်တရက်ကြီး လှမ်းပြီးသတိပေးလိုက်တယ် "အရှေ့မှာ ဇွန်ဘီတွေ အများကြီးရှိတယ်"
ဒါကိုကြားတော့ ကျင်းရွှီယန်းက ညွှန်ကြားလိုက်တယ်"ဇွန်ဘီတွေကို ရှင်းလင်းပြီးရင် မြေအောက်စခန်းဆီကို ဆက်သွားကြမယ်"
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များကလည်း တညီတညွတ်တည်း ပြန်ဖြေကြသည်။
မကြာခင်မှာပဲ သူတို့တွေဟာ လမ်းမကြီးပေါ်သို့ ဆိုက်ရောက်သွားခဲ့ကြပြီး ဇွန်ဘီအုပ်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါတော့တယ်။ သူတို့ရှိနေတာကို သိလိုက်ရတဲ့အခါမှာပဲ ဇွန်ဘီတွေက တစ်ပြိုင်နက်တည်းလှည့်ကြည့်လာကြပြီး သူတို့ရှိရာဆီသို့ အလုအယက် ပြေးဝင်လာခဲ့ကြတော့တယ်။
"ဂရားးးး"
အစပိုင်းမှာတော့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လေသေနတ်တွေကိုပဲသုံးပြီး ဇွန်ဘီတွေကိုသတ်ဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် ဇွန်ဘီတွေရဲ့အရေအတွက်ကိုမြင်ပြီးနောက်မှာတော့ သူတို့စိတ်ပြောင်းသွားကြပါတယ်။ သူတို့ရဲ့ လေသေနတ်တွေကိုပဲ သုံးမယ်ဆိုရင် မြေအောက်စခန်းကိုရောက်ဖို့ ရက်အတော်ကြာသွားနိုင်ပါတယ်။
အရှေ့ဆုံးမှာရပ်နေတဲ့ ကျင်းရွှီယန်းက ဒူးကိုကွေးကာ သူ့ရဲ့ဓားရှည်ကြီးကို ဓားအိမ်ထဲကနေ ဆွဲထုတ်ပြီး ဇွန်ဘီအုပ်ကြီးရှိရာဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားခဲ့ပါတော့တယ်။
" ဘုန်းးး"
လခြမ်းပုံသဏ္ဍာန်ရှိသော အနက်ရောင်မီးတောက်ဓားတစ်ချောင်းက ဇွန်ဘီတွေရှိရာဆီသို့ အရှိန်မြင့်မြင့်ဖြင့် ပျံသန်းသွားပြီး ထိမှန်သွားသည်နှင့်တစ်ပြိုင်နက်တည်းမှာပဲ ပေါက်ကွဲထွက်သွားပြီး ဇွန်ဘီအုပ်ကြီးတစ်အုပ်ကို မျက်တောင်တစ်ခတ်အတွင်းမှာတင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်တော့တယ်။
ဒါကိုမြင်တော့ ကျိူးလီဇီကလည်း သူမရဲ့ ဓားမြှောင်ကို ဆွဲထုတ်လိုက်ရာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဓားမြှောင်ငယ်လေးက ရေခဲတံစဉ်ကြီးတစ်ချောင်း(အရိုးရှည် ဓါးကောက်တံစဥ်) အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ လေထဲကို ခုန်တက်ပြီး ထိုရေခဲတံစဉ်ကို စက်ဝိုင်းတစ်ဝက်ပုံစံဖြင့် အရှိန်အဟုန်ပြင်းစွာ လွှဲယမ်းခုတ်ပိုင်းပစ်လိုက်တယ်။
"ဝှစ်~ဒုန်းးးး"
ရေဓားကြီးတစ်ချောင်းက ဇွန်ဘီတွေဆီကို မြန်ဆန်တဲ့အမြန်နှုန်းနဲ့ ပျံသန်းသွားပြီး သူတို့ရဲ့ခေါင်းတွေကို ချောမွေ့စွာ ဖြတ်တောက်ပစ်လိုက်သည်။ ရေဓားကရပ်တန့်မသွားဘဲ အရှေ့ကိုဘဲဆက်သွားနေပြီး အနောက်တန်းက ဇွန်ဘီတွေရဲ့ခေါင်းတွေကိုပါ ဖြတ်တောက်ပစ်လိုက်သည်။
တစ်မိနစ်တောင်မပြည့်သေးခင်မှာပဲ အနက်ရောင်သွေးတွေက လမ်းမတစ်ခုလုံးပေါ်မှာ ဖုံးလွှမ်းသွားပြီး ပြတ်တောက်သွားတဲ့ ဇွန်ဘီတွေရဲ့ ဦးခေါင်းခွံတွေကလည်း မြေပြင်ပေါ်မှာ ဖရိုဖရဲ လိမ့်ဆင်းသွားခဲ့ရပါတော့တယ်။