အခန်း ၃၅၈
Vol. 24 Ch. 358
အခန်း-(၃၅၈)
ဒုဗိုလ်မှူးရဲ့ စကားတွေကို ကြားလိုက်တဲ့အခါမှာ ကျန်းမီက ဒေါသထွက်သွားပေမယ့် ဒေါသကိုထိန်းချုပ်ဖို့အတွက် ခဏလောက်လက်သီးကို ဆုပ်ထားလိုက်ပြီးမှ "ဒုဗိုလ်မှူး ၊ ဧရိယာD က အန္တရာယ်အရှိဆုံး ဧရိယာပါ။ ကျွန်မတို့မှာရှိတဲ့ စစ်သားအားလုံးကို စုစည်းထားရင်တောင် အဲဒီဧရိယာက ဇွန်ဘီတွေကို ရှင်းလင်းပစ်ဖို့က မဖြစ်နိုင်ပါဘူး" လို့ ပြောလိုက်တယ်။
"ကျွန်မရဲ့အဖွဲ့မှာက စုစုပေါင်း လူခုနစ်ယောက်ပဲရှိပါတယ်။ ဒီလောက် လူအင်အားနည်းနည်းလေးနဲ့ ကျွန်မတို့အဖွဲ့ကို အဲဒီအန္တရယ်များတဲ့ဆေးရုံဆီကို သွားခိုင်းတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ " ဟု သူမက မကျေမနပ်နဲ့ထောက်ပြသည်။
ဒါကိုကြားတော့ ဒုဗိုလ်မှူးက သက်ပြင်းကိုချပြီး "ဒီမစ်ရှင်က ဘယ်လောက်အထိ ခက်ခဲပြီး မဖြစ်နိုင်ဘူးဆိုတာ ငါလည်း ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမယ့် မင်းတို့အဖွဲ့ရဲ့ စွမ်းရည်ကို ငါ အပြည့်အဝယုံကြည်ပါတယ်" လို့ ပြောလိုက်တယ်။
"ဒုဗိုလ်မှူး ၊ ဒါ... "
သူမရဲ့စကားမဆုံးခင်မှာပဲ ဒုဗိုလ်မှူးက သူရဲ့လက်ကိုမြှောက်ပြီး သူမစကားကိုဖြတ်ကာ "ဒုဗိုလ်ကြီး ကျန်း၊ ဒါက အမိန့်ပဲ။မထွက်ခွာခင်မှာ ပြင်ဆင်ဖို့အတွက် မနက်ဖြန်တစ်ရက်အချိန်ရတယ်" ပြတ်သားစွာ အမိန့်ပေးလိုက်တော့တယ်။
ဒီကိစ္စက ပြီးသွားပြီဆိုတာနှင့် ဘယ်လိုမှ ပြောင်းလဲလို့ မရတော့တဲ့ အဆုံးအဖြတ် ဖြစ်သွားမှန်း သိလိုက်ရတာကြောင့် ကျန်းမီက ဒုဗိုလ်မှူးကို အေးစက်လှတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်မှ ရုံးခန်းထဲကနေ လေးလံတဲ့ခြေလှမ်းတွေနဲ့ လှည့်ထွက်လာခဲ့သည်။
ရုံးခန်းကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းမီသည် သူမ နေထိုင်ရာအခန်းဆီသို့ ပြန်လာပြီး သူမရဲ့အခန်းဖော်များဖြစ်တဲ့ စစ်သားများကလည်း မစ်ရှင်မှ ပြန်ရောက်လာကြတာကို တွေ့လိုက်ရသည်။ သူမရဲ့အခန်းဖော်နှစ်ဦးသာ ပြန်လာတာကို မြင်တော့ သူမက ဘာမှမပြောဘဲ သူမရဲ့အိပ်ရာသို့သာ ဝင်သွားလ်ိုက်သည်။
အသက်ရှင်ကျန်ရစ်သူများနှင့်မတူဘဲ ၊ အစောင့်များနှင့် စစ်သားများကိုတော့ နှစ်ထပ်ကုတင်များပါသော အခန်းများတွင် နေရာချပေးထားသည်။ အခန်းတစ်ခန်းစီတွင် လူရှစ်ဦးဆံ့သော နှစ်ထပ်ကုတင်လေးလုံးပါရှိသည်။
သူတို့တွေ ဒီစစ်စခန်းကို စရောက်လာတုန်းကဆို သူမရဲ့အခန်းထဲမှာ လူအပြည့်ရှိနေခဲ့တာပါ။ဒါပေမဲ့ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာတာနဲ့အမျှ မစ်ရှင်တွေကနေ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြတဲ့ အခန်းဖော် အရေအတွက်ကလည်း နည်းသထက် နည်းလာခဲ့သည်။ မနေ့ကဆို ဒီအခန်းထဲမှာ လူငါးယောက် ရှိသေးတယ်။ အခုချိန်မှာတော့ သုံးယောက်ပဲ ကျန်ပါတော့တယ်။
သူတို့အားလုံးဟာ သူတို့ရဲ့အဖွဲ့ဝင်တွေကို ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေပါ။ သူမရဲ့အခန်းဖော်တွေရဲ့ ညှိုးငယ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာအမူအရာတွေကို ကြည့်လိုက်ရုံနဲ့တင်သူတို့ရဲ့တာဝန်ဟာ သူမရဲ့တာဝန်လောက် ချောမွေ့ခဲ့မှာမဟုတ်ဘူးဆိုတာကို ကျန်းမီ နားလည်လိုက်တယ်။
သူမပြန်ယူလာတဲ့ပစ္စည်းတွေကို စစ်ဆေးနေတုန်းမှာပဲ သူမတို့ရဲ့အခန်းတံခါးပွင့်သွားပြီး အစောင့်နှစ်ယောက်ဝင်လာခဲ့တယ်။ သူတို့က ကုတင်အလွတ်တွေဆီက ပစ္စည်းတွေကိုထုပ်ပိုးဖို့သွားပြီး သေတ္တာတွေနဲ့ ကျောပိုးအိတ်တွေအားလုံးကို ယူထုတ်သွားခဲ့သည်။
အိပ်ရာတွေကို သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုတော့ မကြာခင်မှာပဲ အခန်းဖော်အသစ်တွေ ထပ်ရောက်လာနိုင်တယ်။ စခန်းရဲ့ဗိုလ်မှူးဆီက ရတဲ့ အမိန့်ကို စဉ်းစားကြည့်လိုက်ရင် သူမရဲ့ အိပ်ရာကိုလည်း မကြာခင်မှာပဲ အစောင့်အသစ်တစ်ယောက်ဆီ ပေးရတော့မယ့်ပုံဖြစ်နေခဲ့တယ်။
ကျန်းမီက သူမရဲ့ပစ္စည်းများကို စီစဉ်နေစဉ်တွင် အခြေစိုက်စခန်းရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နေရာတွင်တော့ လူအုပ်ကြီးတစ်အုပ်က ဆူပူအုံကြွနေကြသည်။
ခန်းမကျယ်ကြီးထဲမှာ ရပ်နေတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်က အော်ဟစ်လိုက်တယ် "ဗိုလ်မှူးကဘယ်မှာလဲ ၊ ငါတို့တွေ မင်းတို့အတွက် အလုပ်လုပ်နေသရွေ့ အစားအစာနဲ့ရေပေးမယ်လို့ မင်းတို့ကတိပေးထားလေ။ ဒါပေမယ့် အခု ငါတို့က ဒီလောက်ကြာကြာ အလုပ်လုပ်ပြီးတာတောင် မင်းတို့က ငါတို့ကို ဘာရိက္ခာပစ္စည်းမှ မပေးရုံသာမက ငါတို့ကဲ့မိသားစုနဲ့တောင် ဆက်သွယ်ခွင့်မပေးဘူး"
သူဒီလိုပြောလိုက်ပြီးတာနဲ့ တခြားအသက်ရှင်ကျန်ရစ်သူတစ်ယောက်ကလည်း "ငါ့တို့ကို မလွှတ်ပေးရင် ဒီစက်တွေကို ဖျက်ဆီးပစ်မယ်" လို့ အော်ပြောလိုက်တယ်။
ထိုစကားများကိုကြားသောအခါတွင် အစောင့်စစ်သားများက အကြည့်ချင်းဖလှယ်ကြသော်လည်း ဘာမှမပြောကြပေ။
ဒီနေရာကို စောင့်ကြပ်ဖို့အတွက် တာဝန်ရှိတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ် "ဒီနေရာက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မင်းတို့သိပါတယ်။ ဒီစက်တွေထဲက တစ်လုံးကို မင်းတို့ဖျက်ဆီးလိုက်ရင် ဇွန်ဘီတွေဆီကနေ မင်းတို့ရဲ့မိသားစုကိုကာကွယ်ဖို့ ခုခံပေးထားမယ့်အရာက ဘာမှမရှိတော့ဘူး"
သူဒီလိုပြောလိုက်တာနဲ့ အသက်ရှင်ကျန်ရစ်သူတွေ တွန့်ဆုတ်သွားကြတယ်။ သူတို့တွေဟာ အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးစနစ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နားမလည်ကြပေမယ့် လျှပ်စစ်သာမရှိရင် အခြေစိုက်စခန်းက ကာကွယ်ရေးစွမ်းအားတွေ အများကြီး ဆုံးရှုံးသွားမယ်ဆိုတာတော့ သူတို့သိကြပါတယ်။
အခြေစိုက်စခန်းကို ဝန်းရံထားတဲ့ လျှပ်စစ်နံရံကို ထည့်မပြောပါနဲ့ ၊ လျှပ်စစ်သာမရှိရင် အခြေစိုက်စခန်းရဲ့ ပတ်ပတ်လည်ကို စောင့်ကြည့်ဖို့ တပ်ဆင်ထားတဲ့ကင်မရာတွေ ဒါမှမဟုတ် လေဆာစွမ်းအင်သုံး လက်နက်တွေကို အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။
အပြင်ဘက်မှာက ဇွန်ဘီတွေ အရမ်းများနေတာကြောင့် ဒီခုခံကာကွယ်မှု စနစ်တွေသာမရှိရင် အခြေစိုက်စခန်း ပြိုလဲသွားဖို့က အချိန်သိပ်ကြာမှာမဟုတ်လောက်ဘူး။
သူတို့ရဲ့ တွန့်ဆုတ်နေမှုကို သတိထားမိတဲ့အခါမှာ ခေါင်းဆောင်ဖြစ်သူက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။ "အားလုံးပဲ၊ စခန်းမှာရှိတဲ့ ရိက္ခာတွေက ကုန်တော့မယ်၊း။ ဒါပေမယ့် ရိက္ခာတွေရှာဖို့အတွက် စစ်သားတွေ ထပ်လွှတ်နေပါတယ်။ ရိက္ခာတွေသာရရင် မင်းတို့အားလုံးအတွက် ထိုက်တန်တဲ့ လုပ်ခလစာတွေပေးပါ့မယ်"
"ဒါပေမယ့် အဲဒီ့မတိုင်ခင်တော့ ဘယ်သူကမှ ဒီနေရာကနေ ထွက်သွားလို့ မရဘူး။ မင်းတို့ရဲ့ အလုပ်ကိုလည်း ဆက်လုပ်ရလိမ့်မယ်။ မဟုတ်ရင်တော့ အခြေစိုက်စခန်းကို ဇွန်ဘီတွေ ချိုးဖောက်ဝင်ရောက်လာပြီး ငါတို့အားလုံး သေရလိမ့်မယ်"
အသက်ရှင်ကျန်ရစ်သူများသည် လည်ပတ်နေသောစက်များနှင့် ချိတ်ဆက်ထားသော စက်များကို ကြည့်ပြီး တိတ်ဆိတ်သွားကြသည်။ သူတို့တွေ ဒီကိုရောက်လာကြတာ တစ်လနီးပါးရှိပါပြီ။အလုပ်သမား တွေအဖြစ် အခြေစိုက်စခန်းက သူတို့ကို အဓမ္မစုဆောင်းပြီးနောက်တွင်တော့ အနည်းဆုံး နှစ်နာရီ ဆက်တိုက် ပြေးလွှားကာ စက်မောင်းနှင်ပေးကြရတာဖြစ်ပြီး ၊ သူတို့တွေဟာ တစ်နေ့ကို ၈ နာရီတိတိ အလုပ်ကြမ်း လုပ်ကိုင်ရပါတယ်။
ကံကောင်းထောက်မစွာဖြင့် အလုပ်သမားတွေက အများကြီးရှိပြီး အများစုက လူငယ်တွေပါ။ ဒါကြောင့်ပဲ သူတို့တွေဟာ အလှည့်ကျ အလုပ်လုပ်နိုင်ခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ဘယ်သူကမှ မသေဆုံးသေးပါဘူး။ သူတို့မှာ တစ်ရက်ကလေးမျှပင် နားရက်မရှိကြဘဲ စခန်းကို စတင်ရောက်ရှိလာကတည်းက ဒီလျှပ်စစ်နယ်မြေထဲကနေ အပြင်လောကဆီသို့ လုံးဝ ထွက်ခွာခွင့် မရရှိခဲ့ကြရှာပါဘူး။
သူတို့ဟာ ဒီအလုပ်ရဲ့အရေးပါမှုကို နားလည်တဲ့အတွက် အလုပ်ကိုရပ်ဖို့ မစီစဉ်ထားပေမယ့် မိသားစုတွေကို လွမ်းဆွတ်တာကြောင့် သူတို့ကို သွားကြည့်ချင်ကြပါတယ်။ အစောင့်တွေက သူတို့ကို ထွက်သွားခွင့်မပေးဘဲ အပြင်ကလာတဲ့ သတင်းတွေကို ပိတ်ဆို့ထားတာကြောင့် စိုးရိမ်စိတ်တွေ ဝင်လာပြီး ဆူပူမှုတွေ ဖြစ်သွားကြတာပါ။
အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင်မှ လူတစ်ယောက်က ပြတ်ပြတ်သားသားပြောလိုက်သည် "ဒီနေရာကနေ ထွက်သွားခွင့်မရှိတဲ့အတွက် အနည်းဆုံးတော့ ငါတို့ရဲ့ မိသားစုဝင်တွေကို လာလည်ခွင့်ပြုသင့်တယ်။ မိသားစုတွေနဲ့ တွေ့ဆုံခွင့်မပေးမချင်း ငါတို့တွေက အလုပ်မလုပ်ဘူး"
သူ ဒီစကားတွေကို ပြောလိုက်တာနဲ့ တခြား အသက်ရှင်ကျန်ရစ်သူတွေကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
ခေါင်းဆောင်ဖြစ်သူက ခဏလောက် စဉ်းစားလိုက်ပြီး "ဒီကိစ္စကို ဗိုလ်မှူးဆီ အကြောင်းကြားလိုက်ပါ့မယ်။ အခုချိန်မှာတော့ ခင်ဗျားတို့အားလုံးက အလုပ်ပြန်လုပ်သင့်ပြီ" လို့ ပြောလိုက်တယ်။
ဒီနေရာကနေ ထွက်သွားနိုင်ဖို့ နည်းလမ်းမရှိတဲ့အတွက် အသက်ရှင်ကျန်ရစ်သူတွေဟာ နောက်ဆုံးမှာတော့ အလုပ်ပြန်လုပ်ဖို့ကို သဘောတူလိုက်ကြပါတယ်။
အလုပ်သမားအုပ်စုက ငြိမ်သက်သွားပြီဆိုခါမှ ခေါင်းဆောင်ဖြစ်သူဟာ နဖူးပေါ်ရှိ ချွေးများကို သုတ်ပစ်လိုက်တယ်။ပြီးတာနဲ့ သူ့ရဲ့အဖွဲ့ဝင်စစ်သားများဘက်ကိုလှည့်ပြီး "သူတို့ကို သေသေချာချာ စောင့်ကြည့်ထား ငါ ဗိုလ်မှူးဆီ သွားသတင်းပို့အုံးမယ်" ဟု ညွှန်ကြားလိုက်သည်။
"နားလည်ပါပြီ"
လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နေရာမှ ထွက်လာတဲ့ ခေါင်းဆောင်ဖြစ်သူဟာ ဒုဗိုလ်မှူးရဲ့ရုံးခန်းဆီသို့ တန်းကာသွားလိုက်သည်။ နာရီဝက်ကြာပြီးနောက်အချိန်တွင် ခေါင်းဆောင်ဖြစ်သူက ရုံးခန်းတံခါးကို ခေါက်လိုက်ရာ ဗိုလ်မှူးရဲ့ "အထဲဝင်ခဲ့ပါ" ဟူသော အသံကို ကြားလိုက်ရသည်။