အခန်း ၁၂၁
Vol. 9 Ch. 121
အခန်း (၁၂၁) ပြန်လည်မွေးဖွားခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ၏ စွမ်းဆောင်ရည်နှင့် ထာဝရငါ့၏ ကိုးကွယ်ယုံကြည်သူများ
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက..."
"နတ်ဘုရားတွေလည်း ဒီနေရာကို ရောက်ခဲ့ကြတာပဲ..."
"တကယ်လို့များ ကြယ်တာရာပြာရဲ့ နတ်ဘုရားတွေ၊ ယောင်ကွမ်ဂြိုဟ်ရဲ့ နတ်ဘုရားတွေနဲ့ တခြားနတ်ဘုရားတွေဖြစ်တဲ့ ငါတို့က ဒီနေရာကို ပထမဆုံး ရောက်လာကြတဲ့ နတ်ဘုရားတွေ မဟုတ်ကြဘူးလား..."
လီယွဲ့သည် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
သို့မဟုတ်လျှင်လည်း…
တစ်ဖက်လူ ရည်ညွှန်းနေသည့် နတ်ဘုရားသည် အချို့သော ကမ္ဘာမှ သဘာဝအတိုင်း မွေးဖွားလာခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်ပေလိမ့်မည်။
မဟာကျိုးမင်းဆက်၏ မှတ်တမ်းများတွင် စစ်မှန်သော နတ်ဘုရားများ ပေါ်ထွန်းခဲ့ဖူးခြင်း မရှိသော်လည်း သူ ခံစားမိသည်မှာ စစ်မှန်သော နတ်ဘုရားများ သေချာပေါက် ရှိခဲ့ဖူးရမည် ဖြစ်၏။
အကယ်၍ မဟုတ်ပါက မိစ္ဆာဝိညာဉ်များအတွင်း ပျက်စီးယိုယွင်းနေသော နတ်ဘုရားဆိုင်ရာ နိယာမတရားများက မည်သည့်နေရာမှ ရောက်ရှိလာမည်နည်း။
ထို့အပြင် နေမင်းမဟာနတ်နန်းတော် ရှိ ပစ္စုပ္ပန်မျှော်စင် အတွင်း၌ မိစ္ဆာနတ်ဘုရားများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ရှိမနေပေဘူးလား။
ထို့ထက်မက ထိုမိစ္ဆာနတ်ဘုရားများ၏ စကားအရ အတိတ်ကာလက ထိုကမ္ဘာတွင် ဖြောင့်မတ်သော နတ်ဘုရားများလည်း ရှိခဲ့ဖူးကြောင်း သိရှိနိုင်ပေသည်။
ဖြောင့်မတ်သော နတ်ဘုရားများမှာ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ထွက်ခွာသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားချိန်တွင်မှ မိစ္ဆာနတ်ဘုရားများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း ဖြစ်၏။
"မေးခွန်းတွေက များလွန်းလှတယ်..."
လောစရာမလိုပါဘူး။
"ငါသာ နတ်ဘုရားအဆင့်ကို တက်လှမ်းခြင်း အောင်မြင်သွားရင် မေးခွန်းအားလုံးရဲ့ အဖြေကို ရရှိလိမ့်မယ်..."
"ဆန့်ကျင်ဘက်အနေနဲ့ အခုအချိန်မှာ အများကြီး သိနေတာက ငါ့အတွက် အကျိုးမရှိနိုင်ဘူး..."
ဒီအရာကို တွေးတောရင်း သူသည် စိတ်အားထက်သန်နေသော ဝတ်စုံဖြူဝတ် အမျိုးသားကို လက်သီးဆုပ် အလေးပြုလိုက်ပြီး ပြောဆိုလိုက်သည်။
"မိတ်ဆွေ... နောက်တစ်ခေါက်ကျရင် ကျွန်တော် သေချာပေါက် ပြန်လာဝယ်ပါ့မယ်..."
ပြောပြီးသည်နှင့် သူသည် ချက်ချင်း ထွက်ခွာသွားခဲ့၏။ ဝတ်စုံဖြူဝတ် အမျိုးသားက မည်မျှပင် အော်ဟစ်ခေါ်ဆိုနေပါစေ သူသည် လှည့်မကြည့်ခဲ့ချေ။
ခေတ္တမျှကြာချိန်တွင် လီယွဲ့သည် ဒုတိယမြောက် သက်ရှိတစ်ဦးကို မြင်တွေ့လိုက်ရသည်။
ဤသူကား အဆောက်အအုံမြင့်ကြီးတစ်ခု၏ ထိပ်တွင် ရပ်နေသည့် အတုမရှိ အလှတရား ပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဖြူစင်အေးမြသော ဝတ်စုံရှည်ကို ဆင်မြန်းကာ ခံစားချက်ကင်းမဲ့သော မျက်ဝန်းများဖြင့် အရာအားလုံးကို အကဲခတ်နေ၏။
သူမသည် လီယွဲ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဂရုမစိုက်ခဲ့ပေ။ သူမ၏ လက်ဖဝါးပေါ်တွင် သေးငယ်သော မြစ်တစ်စင်း အမြဲတစေ လွင့်မျောနေသည်။
ထိုမြစ်ငယ်လေးသည် ဟာလာဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး အခြားတစ်ဖက်ရှိ ဟာလာဟင်းလင်းပြင်ထဲသို့ စီးဝင်သွားပေ၏။
လီယွဲ့သည် ဤမြစ်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤမြစ်အတွင်း၌ ရေတွက်၍မရနိုင်သော သက်ရှိပေါင်းများစွာကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။
မဟာကျိုးမင်းဆက်၏ ကြီးပွားကျဆုံးမှုများ၊ ရှင်ဘုရင်များ၏ ငိုကြွေးမြည်တမ်းသံများနှင့် မဟာကျိုးမင်းဆက်၏ မင်းသမီး ကျိကုန်းယွီ ပိတ်လှောင်ခံထားရမှုတို့ကိုပင် ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်...
ဤအရာအားလုံးသည် မြစ်အတွင်းရှိ သေးငယ်သော လှိုင်းကြက်ခွပ်ကလေးတစ်ခုမျှသာ ဖြစ်ပြီး ရေပြင်ကျယ်ထဲသို့ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွား၏။
လီယွဲ့သည် သူ၏အကြည့်ကို လွှဲလိုက်သည်။ သူသည်သာ ဤမြစ်ကို ဆက်လက်စိုက်ကြည့်နေပါက သူကိုယ်တိုင်ပင် မြစ်ထဲသို့ ကျဆင်းသွားနိုင်သည်ဟု ခံစားလိုက်ရ၏။
ဤသည်က မည်သို့သော မြစ်မျိုးပါလိမ့်။
"ဝေဝါးနေခဲ့ပေမဲ့ ငါ မြင်လိုက်ရတာက မဟာကျိုးမင်းဆက် တစ်ခုလုံးရဲ့ ဖြစ်တည်မှု သမိုင်းကြောင်းလို့ ခံစားရတယ်..."
သူ အတော်ပင် အံ့အားသင့်သွားခဲ့၏။
ယခင်က တွေ့ခဲ့ရသော ဝတ်စုံဖြူဝတ် အမျိုးသား၏ အမည်မှာ ယွမ် ဖြစ်ပြီး သူသည် သတ်ဖြတ်ခြင်းစာရင်း၏ အဆင့်ငါးနေရာတွင် ရှိသော ဧကရာဇ် ယွမ် ဖြစ်နိုင်သည်ဟု သံသယရှိရသည်။
ယခုမူ လက်ထဲတွင် ခန့်မှန်းရခက်သော မြစ်တစ်စင်းကို ကိုင်ဆောင်ထားသည့် ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရပြန်ပြီ ဖြစ်၏။
ထိုသက်ရှိနှစ်ဦးကို မြင်တွေ့ရရုံမျှဖြင့် သူသည် ကြီးမားလှသော ထိတ်လန့်ခြောက်ခြားမှုကို ခံစားလိုက်ရသည်။
မကြာမီတွင်ပင် သူသည် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက် သက်ရှိများကိုပါ ဆက်တိုက် မြင်တွေ့ခဲ့ရသည်။ ဤနေရာသည် ထာဝရနတ်ဘုရားမြို့တော် ၏ ဗဟိုချက်ဒေသသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သက်ရှိများနှင့် ဆက်တိုက်ဆိုသလို ဆုံတွေ့နေရခြင်း ဖြစ်၏။
တတိယမြောက် သက်ရှိမှာ စစ်တုရင်ကလပ်တစ်ခုကို ဖွင့်လှစ်ထားသည့် အဖိုးအိုတစ်ဦး ဖြစ်ပြီး သူနှင့် စစ်တုရင်တစ်ပွဲ ကစားရန်အတွက် နတ်ဘုရားစွမ်းအား ပမာဏ တစ်သန်း ပေးဆောင်ရမည်ဟု ဆိုသည်။
စတုတ္ထမြောက် သက်ရှိမှာ စိမ်းစိုသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လွတ်လပ်ပေါ့ပါးသော ဟန်ပန်ရှိသည့် လူငယ်တစ်ဦး ဖြစ်၏။ သူသည် ငါးဖမ်းစားသောက်ဆိုင် တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး နတ်ဘုရားစွမ်းအား ပမာဏ တစ်သန်းဖြင့် တစ်ကြိမ် ငါးဖမ်းခွင့်ပြုသည်။
ပဉ္စမမြောက် သက်ရှိမှာ ထူးဆန်းသော အိမ်မွေးတိရစ္ဆာန် အများအပြားကို မွေးမြူထားသည့် ချစ်စဖွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။ သူမက နတ်ဘုရားစွမ်းအား ပမာဏ တစ်သန်း ပေးဆောင်ပါက ဒီနေရာမှ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကို ဝယ်ယူနိုင်ကြောင်း ပြောပြခဲ့သည်။
လီယွဲ့သည် ထာဝရနတ်ဘုရားမြို့တော် အတွင်း၌ ဤသက်ရှိငါးဦးနှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်၏။
"သတ်ဖြတ်ခြင်းစာရင်းမှာ အမည်ငါးခုပဲ ရှိတာ..."
"တကယ်လို့များ သူတို့က..."
လီယွဲ့ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
သို့သော်လည်း ဒီသက်ရှိငါးဦးသည် သတ်ဖြတ်ခြင်းစာရင်းမှ လူငါးဦး ဟုတ်မဟုတ် ဆိုသည်မှာ သူနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ ယခုအချိန်တွင် သူသည် ပြန်လည်မွေးဖွားခြင်း သံသရာ၏ အစွန်းတွင် ရပ်နေပြီ ဖြစ်၏။
ထာဝရမြို့တော်၏ ဗဟိုတည့်တည့်တွင် အဆုံးမရှိ နက်ရှိုင်းလှသော ချောက်နက်ကြီးတစ်ခု ရှိနေသည်။ ထိုဧရာမ ချောက်နက်ကြီး၏ အောက်ခြေတွင်မူ ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေသော ပြန်လည်မွေးဖွားခြင်း နယ်မြေ ရှိနေပေသည်။
"ပြန်လည်မွေးဖွားခြင်း သံသရာ..."
လီယွဲ့သည် အရောင်အသွေး စုံလင်စွာ ဖုံးလွှမ်းနေသော ချောက်နက်ကြီး အောက်ခြေမှ ပြန်လည်မွေးဖွားခြင်း နယ်မြေကို ငုံ့ကြည့်လိုက်သည်။
သူသည် ပြန်လည်မွေးဖွားခြင်း စွမ်းအား၏ အစအနတစ်ခုကို နားလည်သဘောပေါက်ထားပြီး ဖြစ်သဖြင့် ထိုရောင်စုံအလင်းတန်းများမှာ သူ၏ အမြင်အာရုံကို လုံးလုံးလျားလျား မပိတ်ဆို့နိုင်ခဲ့ချေ။
သူ မြင်တွေ့လိုက်ရသည်မှာ လူသားဝိညာဉ် အမြောက်အမြားသည် ဟာလာဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်သွားကြခြင်း ဖြစ်၏။
ထိုအနက်ရှိုင်းဆုံး အပိုင်းတွင်မူ ပြန်လည်မွေးဖွားခြင်း သံသရာကို ဖြစ်ပေါ်စေသည့် အဆုံးမရှိသော ရောင်စုံရေကန်ကြီးတစ်ခု ရှိနေသည်။ အလင်းတန်းများသည် ထိုရေကန်ထဲသို့ စီးဝင်သွားပြီးနောက် သဘာဝအလျောက် သံသရာလည်ပတ်မှု ဖြစ်ပေါ်စေသည်။
"အခုအချိန်ကစပြီး…"
"ငါက လူသားဝိညာဉ်တွေကို ပြန်လည်မွေးဖွားခြင်း ရေကန်ထဲသို့ တိုက်ရိုက် ထည့်သွင်းနိုင်ရုံတင်မကဘဲ သူတို့ ဘယ်နေရာမှာ ပြန်လည်မွေးဖွားရမလဲ… လူအဖြစ် မွေးဖွားမလား ဒါမှမဟုတ် တိရစ္ဆာန်အဖြစ် မွေးဖွားမလားဆိုတာကိုပါ စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီ..."
"ဒါပေမဲ့…"
"ဒီနေရာက ပြန်လည်မွေးဖွားခြင်း သံသရာက မပြည့်စုံသေးဘူး"
"ဒါက လူသားတွေအတွက်ပဲ သံသရာလည်ပတ်မှု ဖြစ်တယ်"
"တခြား မိစ္ဆာတွေ၊ သားရဲတွေနဲ့ တခြားမျိုးနွယ်စုတွေရဲ့ ပြန်လည်မွေးဖွားခြင်းက ဒီနေရာမှာ ဖြစ်ပေါ်တာ မဟုတ်ဘူး"
"ပြန်လည်မွေးဖွားခြင်း အာဏာရဲ့ ဒီအစအနလေးက ငါ့ရဲ့ အုပ်ချုပ်မှုနယ်မြေ အတွင်းမှာရှိတဲ့ လူသားတွေကို သူတို့ရဲ့ နောက်ဘဝအတွက် ဆုပေးဒဏ်ပေး လုပ်နိုင်တဲ့ စွမ်းရည်ကို ပေးအပ်တာပဲ..."
လီယွဲ့သည် စိတ်ကျေနပ်သွားခဲ့၏။
ထို့ပြင် သူတို့သည် သူ့ကို ကိုးကွယ်ယုံကြည်နေသရွေ့ သူ့ ပိုင်နက်နယ်မြေ အတွင်း၌ပင် ဘဝပေါင်းများစွာ အဖန်ဖန် ပြန်လည်မွေးဖွားနိုင်မည်ဖြစ်ပြီး ထာဝရ သူ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေမည် ဖြစ်သည်။
လက်ရှိတွင် ကိုးကွယ်ယုံကြည်သူ အရေအတွက်မှာ နည်းပါးနေသေးသည်။ သူသည် သေဆုံးသွားသော အချို့ ကိုးကွယ်ယုံကြည်သူများကို တစ္ဆေစေတမန်များအဖြစ် သဘာဝကျကျ ခန့်အပ်နိုင်ခဲ့သည်။
သို့သော် အနာဂတ်တွင်မူ မည်သို့ဖြစ်မည်နည်း။
သူ့ကို ကိုးကွယ်ယုံကြည်သူ အရေအတွက် တိုးပွားလာချိန်တွင် သူသည် ထိုမျှလောက်များပြားသော တစ္ဆေစေမန်များကို လိုအပ်မည် မဟုတ်ချေ။
သူတို့သည် ပြန်လည်မွေးဖွားခြင်း စွမ်းအား၏ ဤအစအနကို နားလည်သဘောပေါက်ထားပြီး ဖြစ်ရာ ဤ ကိုးကွယ်ယုံကြည်သူများသည် သူ၏ အုပ်ချုပ်မှုနယ်မြေ အတွင်း ပြန်လည်မွေးဖွားနိုင်မည် ဖြစ်ပြီး ပြန်လည်မွေးဖွားချိန်တွင် ၎င်းတို့၏ အတိတ်ဘဝ မှတ်ဉာဏ်အချို့ သို့မဟုတ် အားလုံးကိုပင် ဆက်လက်ထိန်းသိမ်းထားရန် သူ ခွင့်ပြုနိုင်ပေသည်။
ထိုအချိန်ကျလျှင် သူ၏ ကိုးကွယ်ယုံကြည်သူများသည် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာဖျားခြင်းနှင့် သေဆုံးခြင်းတို့ကြောင့် လျော့နည်းပျောက်ကွယ်သွားမည် မဟုတ်ဘဲ တိုးပွားလာရုံသာ ရှိပေလိမ့်မည်။
"ဒါက ပြန်လည်မွေးဖွားခြင်း စွမ်းအားရဲ့ အစအနလေးတစ်ခုရဲ့ စွမ်းဆောင်ရည်ပဲ..."
"ကြယ်တာရာပြာ နတ်ဘုရားတွေ၊ ယောင်ကွမ်ဂြိုဟ် နတ်ဘုရားတွေနဲ့ တခြားသူတွေထဲက ဘယ်နှစ်ယောက်လောက်က ပြန်လည်မွေးဖွားခြင်း စွမ်းအားရဲ့ ဒီအစအနကို ရရှိကြမလဲဆိုတာ မသိနိုင်ဘူး..."
သူသည် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ လုပ်ပိုင်ခွင့်အာဏာ အားလုံးတွင် ကန့်သတ်ချက် ရှိပေသည်။ ကြယ်တာရာပြာနှင့် ယောင်ကွမ်ဂြိုဟ်မှ နတ်ဘုရားများအားလုံး ဤပြန်လည်မွေးဖွားခြင်း စွမ်းအား၏ အစအနကို ရရှိနိုင်မည်ဟု သူ သေချာပေါက် မယုံကြည်ချေ။
ခန့်မှန်းရသည်မှာ ထာဝရနတ်ဘုရားမြို့တော် သို့ ပထမဆုံး ရောက်ရှိလာသည့် ကြယ်တာရာပြာ နတ်ဘုရားများနှင့် ယောင်ကွမ်ဂြိုဟ် နတ်ဘုရားများသာ ဒီပြန်လည်မွေးဖွားခြင်း စွမ်းအား၏ အစအနကို ရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ထက်မက ဖြစ်နိုင်ခြေရှိသည်မှာ နောက်မှ ရောက်ရှိလာသူများအတွက် ဆန်းသစ်မွမ်းမံထားသည့် [ကိုယ်ပိုင်လုပ်ငန်းတာဝန် - ၁၄] ၏ ဆုလာဘ်များမှာ ပြန်လည်မွေးဖွားခြင်း စွမ်းအား၏ အစအန ဖြစ်တော့မည် မဟုတ်ချေ။
ဟူး...
သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ထာဝရမြို့တော်နှင့် မရဏကမ္ဘာမှ ထွက်ခွာခဲ့၏။ သူ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် ယွမ် ဟု အမည်ရသည့် ဝတ်စုံဖြူဝတ် အမျိုးသား၊ အတုမရှိ လှပသော အမျိုးသမီး၊ စစ်တုရင်ကစားနေသည့် အဖိုးအို၊ လွတ်လပ်ပေါ့ပါးစွာ ငါးဖမ်းနေသည့် လူငယ်နှင့် အလွန်တရာ ချစ်စဖွယ်ကောင်းသော မိန်းကလေးငယ်တို့ အားလုံးသည် သူ့ကို တစ်ချက် ကြည့်လိုက်ကြလေသည်။
"ဒီစစ်တုရင်ပွဲက ပိုပိုပြီး ကစားရခက်လာပြီပဲ..."
"အပြောင်းအလဲတွေက များလွန်းလှတယ်..."
"သူက ဘယ်လိုမျိုး သက်ရှိ ဖြစ်မလဲဆိုတာ တကယ်ပဲ သိချင်မိတယ်..."
စစ်တုရင်ကစားနေသည့် အဖိုးအိုက တိုးညှင်းစွာ ပြောဆိုလိုက်ပြီးနောက် သူ၏အသံသည် တဖြည်းဖြည်း တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့၏။
...
နတ်ဘုရားနယ်မြေ အတွင်း၌...
လီယွဲ့သည် ဟာလာဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူ၏ မရဏကမ္ဘာရီးစဉ်မှာ အချိန်အကြာကြီး မကြာမြင့်ခဲ့ချေ။ သို့သော်လည်း သူသည် ဗဟုသုတနှင့် အတွေ့အကြုံ အများအပြားကို ပိုမိုရရှိခဲ့သည်ဟု ခံစားလိုက်ရ၏။
"ရှေ့ဆက်ရမယ့် လမ်းက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းဦးမှာပဲ..."
"အဋ္ဌမအဆင့် နတ်ဘုရားအဆင့်ဆိုတာ ဘာမှ ထူးခြားထင်ရှားတာ မဟုတ်သေးဘူး..."
သူသည် မိမိကိုယ်မိမိ ရေရွတ်လိုက်ရင်း သူ၏မျက်နှာပေးမှာ ပြန်လည်တည်ငြိမ်သွားခဲ့၏။
ထို့နောက်တွင် သူ၏ အကြည့်သည် လေးပြင်ကျယ်မြို့၏ အရပ်လေးမျက်နှာလုံးသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။
လေးပြင်ကျယ်မြို့၏ အရပ်လေးမျက်နှာစီမှ မိုင်ခြောက်ဆယ်ခန့်အကွာတွင် ကြီးမားသော ရွာကြီးလေးရွာကို တည်ဆောက်ထားပြီး ဖြစ်သည်။ နှစ်ဦးပထမဆုံး မဟာပူဇော်ပွဲကြီး အပြီးတွင် သူသည် ဤရွာကြီးလေးရွာကို တည်ဆောက်ရန် လီယူမင်အား နတ်ဘုရားအမိန့်တော် ထုတ်ပြန် ညွှန်ကြားခဲ့ခြင်း ဖြစ်၏။
ဤအရာကို ရွာဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင်မူ ဆန်မုမြို့ထက် ပိုမိုကြီးမားပြီး သန့်ရှင်းသပ်ရပ်ပေသည်။ ယခုအချိန်တွင်မူ ကိုးကွယ်ယုံကြည်သူ အများအပြားသည် ဒီရွာကြီးလေးရွာသို့ ပြောင်းရွှေ့အခြေချခဲ့ကြပြီ ဖြစ်၏။
"ရွာကြီးလေးရွာက အခုတော့ အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီ..."
"ရွာကြီးလေးရွာအတွက် မြေယာတွေ ချီးမြှင့်ပေးရမယ့် အချိန်ရောက်ပြီ..."
"ဒါပေမဲ့…"
"ဘယ်လေးယောက်ကို ရွာရဲ့မြေပိုင်ရှင်တွေအဖြစ် ခန့်အပ်ရမလဲ..."
လီယွဲ့သည် ကိုးကွယ်ယုံကြည်သူများကို ကြည့်ရှုရင်း စိတ်ထဲမှ တွေးတောဆင်ခြင်နေမိတော့သည်။