အခန်း (၅၈၁-၅၈၂)
Vol. 49 Ch. 581-582
အပိုင်း (၅၈၁)
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်နေကြပြီး ဧကရာဇ်ဟောင်းကို ကြည့်လိုက်၊ အောက်ယွီကို ကြည့်လိုက် လုပ်နေကြ၏။
ဧကရာဇ်ဟောင်း၏ လေသံမှာ အလွန် တည်ငြိမ်နေသော်လည်း အလွန် သနားဖွယ်ကောင်းပြီး ရဲရင့်ကြမ်းတမ်းနေပုံ ရသည်။
ရေတပ် အင်အား တစ်သောင်း သုံးထောင်ဖြင့် စီးပြန်း၏ ပူးပေါင်း ရေတပ် တစ်သိန်း ခုနစ်သောင်းကို ရင်ဆိုင်ရမှာဖြစ်၏။
အချိုးအစားမှာ တစ် အချိုး ဆယ့်ငါး ဖြစ်၏။ ထို့အပြင် တာ့ကျိုး ရေတပ်၏ တိုက်ခိုက်ရေး စွမ်းရည်သည် စီးပြန်း ရေတပ်လောက် မကောင်းသည်ကို အမြဲတမ်း သိရှိထားကြသည်။
ဤသည်မှာ အရင်က မရှိခဲ့ဖူးသော မမျှတသည့် စစ်ပွဲကြီး ဖြစ်ပေလိမ့်မည်။ မည်သည့်ရှုထောင့်ကနေ ကြည့်ကြည့် ဧကရာဇ်ဟောင်းသည် သေချာပေါက် ရှုံးနိမ့်တော့မှာဖြစ်သည်။ ရှုံးနိမ့်သွားပါက သေရမည် ဆိုသည့် အဓိပ္ပာယ် ဖြစ်၏။
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဧကရာဇ်... အရပ်လေးမျက်နှာက ပြဿနာတွေကို ရပ်တန့် လိုက်ပါတော့။ ငါက အသက်ကြီးနေပြီဆိုတော့ လန့်သွားတတ်တယ်။”
“အောက်ယွီ... ကျုပ်ကို ချန်အန်း နန်းဆောင် ပြန်ပို့ပေးပါအုံး။” ဧကရာဇ်ဟောင်းက ပြောလိုက်၏။
ထိုအချိန်တွင် နိုင်ကော် ဒု-အမတ်ကြီး ကျိုးလျန်သည် ရုတ်တရက် ဒူးထောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကျုပ် ဧကရာဇ်ဟောင်းရဲ့ နောက်ကိုလိုက်ပြီး ပုန်ကန်သူတွေနဲ့ အဆုံးအထိ တိုက်ခိုက်ချင်ပါတယ်။ အဲဒီအချိန်ကျရင် လည်ပင်းလှီးပြီး သေရမယ်ဆိုရင် ကျုပ် တစ်ယောက် အပါအဝင် ဖြစ်ပါရစေ။”
ဆက်လက်၍ ဆူမီယွမ် ဝန်ကြီးသည်လည်း ရုတ်တရက် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်လည်း တစ်ယောက် ပါပါတယ်။”
ထို့နောက် အမတ် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကြတော့သည်။
“ကျုပ်လည်း တစ်ယောက် ပါပါတယ်။”
“ကျုပ်လည်း ပါဝင်ပါ့မယ်။”
နောက်ဆုံးတွင် ညီလာခံသို့ တက်ရောက်လာသော အမတ် ခုနစ်ရာကျော် အနက် အမတ် တစ်ရာခန့်သည် ဒူးထောက်လိုက်ကြပြီး ဧကရာဇ်ဟောင်း နှင့်အတူ အသေခံမည့် သူများ ဖြစ်ကြောင်း ပြသလိုက်ကြ၏။
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်သည်။ “အကယ်၍ ကျုပ်တို့ တာ့ကျိုး မပျက်စီးခဲ့ဘူး ဆိုရင် အနာဂတ်မှာ ခင်ဗျားတို့ကို အားကိုးရတော့မှာပါ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ဘီးတပ်ကုလားထိုင်ကို တွန်းကာ ဧကရာဇ်ဟောင်းနှင့်အတူ ထွက်ခွာ သွားတော့၏။
မကြာမီမှာပဲ ဧကရာဇ်ဟောင်းနှင့်အတူ အသေခံမည်ဟု ပြောဆိုထားသော အမတ် တစ်ရာခန့်သည်လည်း ထွက်ခွာသွားကြပြီး ဧကရာဇ်နှင့် လုံးဝ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံ ပျက်သုဉ်းသွားမည် ဆိုလျှင်တောင်မှ ဧကရာဇ်ဟောင်း၏ နောက်သို့ အဆုံးအထိ လိုက်ပါသွားမည် ဖြစ်ကြောင်း ပြသလိုက်ကြသည်။
အချိန်အတော်ကြာပြီးမှသာ နောက်ထပ် အမတ် တစ်ရာခန့် ထွက်ခွာသွားကြပြန်၏။ ဤလူစုသည် ဧကရာဇ်ဟောင်းနှင့်အတူ အသေခံမည်ဟု မပြသခဲ့သော်လည်း ဧကရာဇ်၏ နောက်သို့လည်း မလိုက်လိုကြချေ။
နောက်ဆုံးတွင် ထိုနေရာ၌ အမတ် လေးရာကျော်ခန့် ကျန်ရှိနေပြီး အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ကျုပ်တို့ အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”
ညီလာခံ တစ်ခုလုံးသည် ယာယီအားဖြင့် ဧကရာဇ် တစ်ဦးတည်း၏ ပိုင်ဆိုင်မှု ပြန်ဖြစ်သွားခဲ့သည်။
တခြားနည်းလမ်းဟူ၍ မရှိတော့ပေ။ ဧကရာဇ်သည် ကြီးမားသော အစီအစဉ်ကြီးများကို အသုံးပြုကာ နိုင်ငံတော်အား မိမိကိုယ်တိုင် ဖျက်ဆီးမည့် နည်းဗျူဟာများကို စတင်ကျင့်သုံးလာခဲ့ပြီဖြစ်၏။
ဧကရာဇ်ဟောင်း အနေဖြင့် ယာယီ ဆုတ်ခွာပေးရုံမှလွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ချေ။ ထိုသို့မဟုတ်ပါက မြောက်ဘက် နယ်စပ်တွင် တာယင်အင်ပါယာနှင့် စစ်ရေး ပဋိပက္ခများ ပိုမို ပြင်းထန်လာမည်ဖြစ်ပြီး တောင်ပိုင်းတွင်လည်း လူရိုင်း များ၏ ပုန်ကန်မှုများ ပိုမို ပြင်းထန်လာမှာဖြစ်သည်။
အနောက်ဘက် နယ်စပ်တွင်လည်း တာ့ရှီး အင်ပါယာ၏ မြင်းစီးတပ်ဖွဲ့များက မဟာတံတိုင်းကို နောက်တစ်ကြိမ် လာရောက် တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဧကရာဇ်ဟောင်းက ထိုပြဿနာများကို ရပ်တန့်ပေးရန်နှင့် အင်ပါယာကို ထပ်ပြီး ဒုက္ခမပေးရန် တောင်းဆိုခဲ့ရခြင်းဖြစ်၏။
အနိုင်ရရန်အတွက် ဧကရာဇ်သည် ရေကြီးရေလျှံ ဖြစ်မည်ကိုပင် ဂရုမစိုက်တော့ချေ။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်က ပြောလိုက်၏။ “ဧကရာဇ်ဟောင်းဟာ အသက်ကြီးနေပြီဆိုတော့ ယာယီ ဒေါသကြောင့်၊ အချစ်တော် အမတ် တစ်ယောက် အတွက်နဲ့ စစ်ပွဲ စတင်ဖို့ ဝန်မလေးခဲ့ဘူး။ ဒါပေမဲ့ ကိုယ်တော် ကတော့ အခြေအနေ တစ်ခုလုံးကို ထည့်သွင်း စဉ်းစားရမယ်။ တောင်ဘက် ကိုလည်း နှစ်သိမ့်ရမယ်၊ မြောက်ဘက် ကိုလည်း နှစ်သိမ့်ရမယ်။
အထူးသဖြင့် ကျိန့်ဟိုင်မြို့စားနဲ့ ဆွေးနွေးပွဲကို ရပ်တန့်လို့ မဖြစ်ဘူး။ ဧကရာဇ်ဟောင်း ဘက်က တိုက်ချင် နေတာကို ကိုယ်တော် တားဆီးလို့ မရဘူး။ ဒါပေမဲ့ ကျုပ်တို့ ဘက်ကတော့ ဆက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရမယ်။ စစ်ပွဲ ပြီးဆုံးသွားတဲ့အခါ အလောတကြီး မဖြစ်ရအောင်လို့ပါ။”
ဧကရာဇ်၏ ဤစကားမှာ အမှန်တကယ်ပင် အရှက်မရှိလွန်းလှသည်။ ဧကရာဇ် အာဏာ ပြန်လုရန်အတွက် အင်ပါယာကို စတေးရန် ဝန်မလေးဘဲ ရန်သူ နိုင်ငံ နှစ်ခုကို တာ့ကျိုးကို လာတိုက်အောင် ဖိတ်ခေါ်ခဲ့သူမှာ သူပင် ဖြစ်သည်။
ယခုအခါ ဧကရာဇ်ဟောင်းက စစ်ပွဲ စတင်သူ ဖြစ်သွားပြီး ဧကရာဇ်က အခြေအနေ တစ်ခုလုံးကို ထည့်သွင်း စဉ်းစားသူ ဖြစ်သွားပြန်ပြီလား။
“နန်းတွင်း စာမေးပွဲ ပထမဆု ရရှိသူ အသစ် အောက်မင်ရော။” ဧကရာဇ်က မေးလိုက်၏။
ဝန်ကြီးချုပ် လင်ကုန်းက ပြန်ဖြေလိုက်သည်။ “အောက်ထင် အတွက် ဝမ်းနည်းပူဆွေးဖို့ အောက်ထင်ရဲ့ သင်္ချိုင်းဘေးမှာ သစ်သားတဲလေး တစ်လုံး ဆောက်ပြီး သုံးနှစ်တိုင်တိုင် ဝမ်းနည်းပူဆွေးဖို့ ပြင်ဆင်နေပါတယ်။”
လူတိုင်း ချက်ချင်းပဲ ချီးကျူးစကားများ ဆိုကြတော့သည်။ အောက်မင်သည် မိဘကျေးဇူး အလွန် သိတတ်သူ ဖြစ်၏။
ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ပြည်သူတွေ ပြောကြတဲ့ နဂါးက သားကိုးယောက် မွေးရင် ကိုးယောက်လုံး မတူကြဘူး ဆိုတဲ့ စကားက တကယ်မှန်တာပဲ။ အောက်ထင် သေသွားတော့ အောက်မင်က ရာထူးတွေ အားလုံးကနေ နုတ်ထွက်ပြီး အဘိုးရဲ့ သင်္ချိုင်းဘေးမှာ သစ်သားတဲလေး ဆောက်ကာ ဝမ်းနည်းပူဆွေးရင်း ဆင်းရဲဒုက္ခတွေ ခံစားနေရတယ်။
ဒါပေမဲ့ အောက်ယွီ ကတော့ မီးတွေ ထွန်းလင်းတောက်ပစွာနဲ့ မင်္ဂလာဆောင်နေတယ်။ ဒီလူနှစ်ယောက်ရဲ့ ကိုယ်ကျင့်တရား အဆင့်အတန်းက တကယ့်ကို ကောင်းကင်နဲ့ မြေကြီး လို ကွာခြားတာပဲ။”
ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံး ထောက်ခံကြတော့၏။
ယခုအချိန်တွင် ဝန်ကြီးချုပ် လင်ကုန်း၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေ၏။ အကယ်၍ အမှန်တရားကို မသိရှိပါက ယခုအချိန်တွင် ဧကရာဇ်သည် အိပ်မက် ယောင်ကာ ပြောနေသည်ဟုပင် ထင်မှတ်သွားနိုင်သည်။
‘အောက်ထင် ဆိုတဲ့ အဘိုးကို အောက်မင် ကိုယ်တိုင် သတ်ပစ်ခဲ့တာလေ။ ဒီအချက်ကို ဧကရာဇ် မင်းမြတ်လည်း သိနေတာပဲ။ ဒီလို လူမျိုးက ကိုယ်ကျင့်တရား စံပြ ပုဂ္ဂိုလ် ဖြစ်သွားရပြန်ပြီလား။ ဒီကမ္ဘာကြီးက တကယ့်ကို ယုတ္တိမရှိတာပါပဲ။’
ချန်အန်း နန်းဆောင် အတွင်း၌...
“ကလေး... ဒါကတော့ ငါတို့ သားအဖ နှစ်ယောက် နောက်ဆုံး လောင်းကြေးထပ်ရမယ့် အချိန်ပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “နိုင်ရင် ဧကရာဇ် ရာထူးကနေ ဆင်းရမယ်၊ တာ့ကျိုး နိုင်ငံတော်ကြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ်။ ရှုံးရင် ငါ လူသိရှင်ကြား ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်က ဧကရာဇ်ဟောင်း အစွမ်းထက်တယ်လို့ ပြောရမလား။”
“ဟား... ဟား... ဟား......”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကလေး... မင်းက စကားပြောတာ အရမ်း နောက်ပြောင်တတ်တာပဲ။ ဒါပေမဲ့ ဒီရေတပ်တိုက်ပွဲဟာ ငါတို့ သားအဖ နှစ်ယောက်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာ ဖြစ်သလို တာ့ကျိုးအင်ပါယာ တစ်ခုလုံးရဲ့ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးမှာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါကြောင့် ငါတို့ အစွမ်းကုန် ကြိုးစားရတော့မယ်။ အောက်ယွီ... ဒီစစ်ပွဲမှာ ငါတို့ နိုင်နိုင်မယ်လို့ မင်း ထင်လား။”
ယွင်ကျုံးဟဲ့ စဉ်းစားခန်း ဝင်သွားသည်။ သူသည် အမှတ်(၉) ကွမ်တန်ကို ဤစစ်ပွဲ နိုင်နိုင်မည်လားဟု မေးမြန်းနေခြင်း ဖြစ်၏။
“မနိုင်နိုင်ပါဘူး။” အမှတ်(၉) ကွမ်တန်က တိုက်ရိုက် ပြန်ဖြေလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကြီးမားတဲ့ ဆူနာမီ ဖြစ်ပေါ်နိုင်မယ့် နေရာ တစ်ခုကို ရှာပြီးတော့ ကျုပ်တို့ရဲ့ သင်္ဘောတွေကို ပုန်းကွယ်ထားကာ ဆူနာမီကနေ ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ပူးပေါင်းရေတပ်ကြီးကို အကုန်အစင် ဖျက်ဆီးပစ်အောင် လုပ်လို့ မရဘူးလား။
အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကြီး... ဒီလို ဧရာမ ဆူနာမီကြီးမျိုးက နှစ်အတော်ကြာမှ တစ်ခါ ဖြစ်လေ့ရှိတာပါ။ အနည်းဆုံးတော့ ကျုပ်ရဲ့ တွက်ချက်မှု အရဆိုရင် နောက်ထပ် နှစ်နှစ် အတွင်းမှာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို တိုင်ဖွန်း မုန်တိုင်း၊ ဟာရီကိန်း မုန်တိုင်းလောက်တော့ ရှိမှာပေါ့။
အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “တိုင်ဖွန်းနဲ့ ဟာရီကိန်းတော့ ရှိပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ရေတပ်ကြီးကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ တိုင်ဖွန်း မုန်တိုင်းမျိုးဆိုရင်တော့ နောက်နှစ် နွေရာသီအထိ စောင့်ရပါလိမ့်မယ်။ အခုက ဆောင်းရာသီ ရောက်နေပြီဆိုတော့ အဲဒီလောက် ကြီးမားတဲ့ တိုင်ဖွန်း မုန်တိုင်း မရှိနိုင်ပါဘူး။”
‘ဟုတ်သားပဲ... တိုင်ဖွန်း မုန်တိုင်းတွေက အများအားဖြင့် နွေရာသီမှာပဲ ဖြစ်လေ့ရှိတာကိုး။’
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “တိုင်ဖွန်းလည်း မရှိဘူး၊ ဟာရီကိန်းလည်း မရှိဘူးဆိုရင် ဘာမြူဒါ တြိဂံလို နေရာမျိုးရော ရှိလား။ သင်္ဘောတွေ ဝင်သွားတာနဲ့ ချက်ချင်း အရိပ်အယောင်တောင် မရှိအောင် ပျောက်ကွယ်သွားတဲ့ နေရာမျိုးလေ။”
အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “မရှိပါဘူး။ ပြီးတော့ ရှိရင်တောင် အစောကြီးတည်းက တားမြစ်နယ်မြေ ဖြစ်နေလောက်ပြီဆိုတော့ ဘယ်သင်္ဘောမှ ဝင်မှာ မဟုတ်ပါဘူး။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားးဘက်ကနေ ကြည့်ရင် ဒီစစ်ပွဲကို အနိုင်ရဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့။”
အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ကျုပ်မှာ ကြီးမားတဲ့ တွက်ချက်မှု အားသာချက် ရှိပါတယ်။ အခု လက်ရှိ ရေတပ် တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ လက်နက်တွေက ဧရာမ မြို့သိမ်း ဒူးလေးတွေနဲ့ ကျောက်ခဲပစ်စက် တချို့ပါပဲ။ ဒါပေမဲ့ တိကျမှုက အရမ်း နည်းပါတယ်။
ကျုပ်ရဲ့ တွက်ချက်မှု အောက်မှာဆိုရင် တိကျမှုကို အများကြီး တိုးတက်လာအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ ခင်ဗျားကိုယ်တိုင်ပဲ အသုံးပြုလို့ ရမှာဖြစ်ပြီး သင်္ဘော တစ်စင်းတည်းကိုပဲ ထိန်းချုပ်နိုင်မှာပါ။
ရေတပ်ကြီးတစ်ခုလုံးကို အမိန့်ပေးဖို့ ဆိုရင်တော့ ခင်ဗျားရဲ့ အမိန့်တွေကို လုံးဝ လိုက်နာနိုင်မယ့် အထူး လေ့ကျင့်ထားတဲ့ ရေတပ်ကြီးတစ်ခု လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ရင်တောင်မှ တိကျမှုက ရန်သူထက် နည်းနည်းလေး ပိုကောင်းရုံပဲ ရှိမှာပါ။ ဘာလို့လဲဆိုတော့ အုပ်စုလိုက် အမိန့်ပေးတဲ့ နေရာမှာ အမှားအယွင်းတွေက အများကြီး ပိုကြီးမားသွားနိုင်လို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အချုပ်အားဖြင့် ခင်ဗျားရဲ့ စွမ်းရည်တွေကို အားကိုးပြီး အနိုင်ရဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးပေါ့။”
အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ လုံးဝ မဖြစ်နိုင်ပါဘူး။”
ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်၏။ “ကျုပ်တို့ အနိုင်မရနိုင်ဘူး။ ကျုပ်တို့ရဲ့ သင်္ဘောတွေက နည်းတယ်၊ လူတွေကလည်း နည်းတယ်။ ပြီးတော့ တိုက်ခိုက်ရေး စွမ်းရည်ကလည်း စီးပြန်းရဲ့ ရေတပ်ကို မယှဉ်နိုင်ဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ငါတို့ တာ့ကျိုး ရေတပ်ဟာ မူလတည်းက စီးမိသားစုရဲ့ တစ်ဝက်တောင် မရှိပါဘူး။ ဆူနာမီကြီးကြောင့် အများစု ပျက်စီးသွားပြီး အဲဒီနောက် ပင်လယ်ပြင်က တိုက်ပွဲတွေကြောင့် ထပ်ပြီး ဆုံးရှုံးသွားရပြန်တယ်။ အခု ရန်သူရဲ့ အင်အား ဆယ်ပုံတစ်ပုံ တောင် မရှိတော့တဲ့အတွက် အနိုင်ရဖို့ ဆိုတာ ကောင်းကင်ဘုံကို တက်ရတာထက် ပိုခက်ပါတယ်။”
ဆက်လက်၍ ဧကရာဇ်ဟောင်းက ထပ်မေးလိုက်၏။ “အောက်ယွီ... အခုချိန်မှာ လောက တစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံး ရေတပ်က ဘယ်သူ့ဆီမှာ ရှိလဲ ဆိုတာ မင်း သိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “တာ့ရှီး အင်ပါယာလား။ ဘာလို့လဲဆိုတော့ သူတို့က အနောက်ဘက် နိုင်ငံပေါင်းများစွာရဲ့ ရေတပ်တွေကို သိမ်းပိုက်ထားလို့လေ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “တာ့ရှီး အင်ပါယာရဲ့ နယ်မြေဟာ ကျုပ်တို့ တာ့ကျိုးရဲ့ နှစ်ဆလောက် ရှိပြီး တိုက်ကြီး တစ်ခုလုံးကို ဖြတ်သန်းသွားတဲ့အတွက် သူ့ရဲ့ ရေတပ်က သေချာပေါက် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ တကယ့်ကို အစွမ်းအထက်ဆုံးကတော့ ပိုင်ယွင်မြို့ပဲ။”
“ပိုင်ယွင်မြို့ ဟုတ်လား။”
ဤကဲ့သို့သော စကားမျိုး ယွင်ကျုံးဟဲ့ ကြားဖူးသလိုလို ရှိပေမယ့် မည်သူ ပြောခဲ့သနည်း ဆိုသည်ကိုတော့ မမှတ်မိတော့ချေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပိုင်ယွင်မြို့ ဟုတ်လား။ သူတို့ အားလုံးက တာ့ရှန်း အင်ပါယာ နုဧကရာဇ်ရဲ့ အကြွင်းအကျန်တွေလေ။”
အပိုင်း (၅၈၂)
လွန်ခဲ့သော နှစ်ရာချီကာလအတွင်း ထူးခြားသည့် ကြီးမားသော ပြဿနာများ မရှိခဲ့သော်လည်း၊ လွန်ခဲ့သည့် နှစ်ထောင်ချီကာလကမူ တာ့ရှန်းအင်ပါယာနှင့် နုဧကရာဇ်တို့သည် လောက၏ ဘုံရန်သူများ ဖြစ်ခဲ့ကြသည်။
သူတို့သည် အရှေ့တိုင်းယဉ်ကျေးမှု၏ ရန်သူများအဖြစ် သတ်မှတ်ခံခဲ့ရပြီး အကောင်းနှင့်အဆိုးကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ခြင်း ခံခဲ့ရ၏။
နောက်ပိုင်း နှစ်ရာချီကာလအတွင်း အင်ပါယာကြီးများသည် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နုဧကရာဇ်၏ အကြွင်းအကျန်များ ကုန်းမြေပေါ်သို့ တက်ရောက်လာနိုင်ခြင်း မရှိစေရန် စနစ်တကျ တားဆီးထားခဲ့ကြ၏။ ထိုသို့ တားဆီးခံထားရမှုကြောင့် ဤအစွမ်းထက်လှသည့် အင်အားစုကြီးမှာ ပင်လယ်ရပ်ခြားတွင်သာ အမြဲတမ်း နေထိုင်ခဲ့ရသည်။
နုဧကရာဇ်၏ အကြွင်းအကျန်များသည် မကောင်းဆိုးဝါး လမ်းစဉ်များကို ကျွမ်းကျင်ပိုင်နိုင်ကြသောကြောင့် သိုင်းပညာရပ်များ အလွန်မြင့်မားကြ၏။
ထို့အတူ သံရည်ကျိုနည်းပညာနှင့် လက်နက်ထုတ်လုပ်ရေး နည်းပညာရပ်များတွင်လည်း အရှေ့တိုင်း အင်ပါယာများထက် အများအပြား သာလွန်တိုးတက်နေသည်ဟု ကြားသိရ၏။ နုဧကရာဇ်၏ ဂူသင်္ချိုင်းတော်ကို ကြည့်ရှုရုံဖြင့်ပင် ထိုအချက်ကို ကောင်းစွာ သက်သေပြလျက် ရှိနေသည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မှန်ပါတယ်။ နုဧကရာဇ်ဟာ လောကရဲ့ ဘုံရန်သူပါ။ ကျုပ်တို့ အရှေ့တိုင်း အင်ပါယာတွေမှာ နားလည်မှု တစ်ခု ရှိကြပါတယ်။ အဲဒါကတော့ နုဧကရာဇ်ရဲ့ အကြွင်းအကျန်တွေကို အရှေ့တိုင်း ကုန်းမြေပေါ် မတက်လာနိုင်အောင် အမြဲတမ်း တားဆီးထားပြီး ပင်လယ်ရပ်ခြားမှာပဲ ပိတ်လှောင်ထားဖို့ပါ။”
ဤအချက်ကို ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့ထံမှ အကြိမ်ကြိမ် ကြားဖူးခဲ့ပြီး ဖြစ်သည်။
“ဒါပေမဲ့ လီဟွာမေ ဆိုတဲ့ သူကို မင်း သိလား။” ဧကရာဇ်ဟောင်းက မေးလိုက်၏။
ယွင်ကျုံးဟဲ့ ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ “မသိပါဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သူမက အရင်က ပိုင်ယွင်မြို့ရဲ့ မင်းသမီး တစ်ပါး ဖြစ်ခဲ့ဖူးပြီး နုဧကရာဇ်ရဲ့ တိုက်ရိုက် မျိုးဆက်ပါ။ ပိုင်ယွင်မြို့က တာ့ရှန်း အင်ပါယာရဲ့ မျိုးဆက်တွေ အားလုံးက တစ်နေ့နေ့ကျရင် အရှေ့တိုင်း လောကကို ပြန်သွားပြီး တာ့ရှန်း အင်ပါယာရဲ့ ဂုဏ်ကျက်သရေတွေကို ပြန်လည် ရယူကာ တာ့ယန် တော်ဝင်မိသားစုရဲ့ ယဉ်ကျေးမှု စနစ်ကြီးကို လုံးဝ ဖျက်ဆီးပစ်ဖို့ စဉ်းစားနေကြတာပါ။
ငါတို့ အားလုံးက တာ့ယန် အင်ပါယာရဲ့ အစိတ်အပိုင်းတွေချည်းပါပဲ။ ငါတို့ အင်ပါယာ လေးခုလုံးဟာ အရင်က တာ့ယန်ရဲ့ တော်ဝင်မိသားစုတွေနဲ့ နယ်စားတွေ ဖြစ်ခဲ့ဖူးတယ်လေ။”
ဤအချက်ကိုတော့ ယွင်ကျုံးဟဲ့ သေချာပေါက် သိရှိထားသည်။
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ လီဟွာမေရဲ့ ရည်မှန်းချက်က ပိုင်ယွင်မြို့နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ သူက အရှေ့တိုင်း လောကကို ပြန်မသွားချင်ဘဲ မသိရသေးတဲ့ နယ်မြေတွေကို သွားပြီး သိမ်းပိုက်ချင်နေတာပါ။ သူ့ရဲ့ ရည်မှန်းချက်က အရှေ့ဘက်ကို ဆက်သွားပြီး အရှေ့ဘက်ကို ဆက်သွားကာ ကုန်းမြေ အသစ်တွေကို ရှာဖွေပြီး တာ့ရှန်း အင်ပါယာအသစ်ကို တည်ထောင်ဖို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဲဒီနောက်ကော...”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “လီဟွာမေက အရမ်း အစွမ်းထက်ပြီး သူမက ပိုင်ယွင်မြို့ရဲ့ ရေတပ် စစ်သေနာပတိချုပ်ပါ။ သူမရဲ့ လမ်းစဉ်က ပိုင်ယွင်မြို့စားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ပြီးတော့ သူမက ပိုင်ယွင်မြို့စားရဲ့ ညီမလည်း ဖြစ်နေတယ်။
ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားပြီးတဲ့နောက်မှာ လီဟွာမေဟာ ရေတပ် တစ်စိတ်တစ်ပိုင်းကို ဦးဆောင်ပြီး ပိုင်ယွင်မြို့ ကနေ ခွဲထွက်လာကာ အရှေ့ဘက်ကို ဆက်သွားပြီး ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ထောင်ခဲ့တယ်။ ငါ့ရဲ့ စင်ပေါ်က မြေပုံကို ယူလိုက်စမ်းပါ။”
ယွင်ကျုံးဟဲ့သည် ဤမြေပုံကို ယူကာ ဖွင့်ကြည့်လိုက်ရာ အရင်က တစ်ခါမှ မမြင်ဖူးခဲ့သော မြေပုံ တစ်ခု ဖြစ်ပြီး ပင်လယ်ပြင် မြေပုံတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
“မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ နေရာက ဘာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“အဲဒါက ပိုင်ယွင်မြို့ပဲ။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “ပိုင်ယွင်မြို့က ဘယ်သင်္ဘောမှ အနားကပ်ခွင့် မပြုထားလို့ ဒီဧရိယာကို မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ပုံစံမျိုး ဆွဲထားတာပါ။ ဘယ်လို ပုံစံ ရှိတယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။”
ယွင်ကျုံးဟဲ့သည် ယခုအခါတွင်မှ ပိုင်ယွင်မြို့သည် တာ့ကျိုးအင်ပါယာနှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးကြောင်း တွေ့ရှိလိုက်ရ၏။ သေချာပေါက် တာယင်အင်ပါယာနှင့်လည်း မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
“လီဟွာမေရဲ့ အင်အားစုက ဒီနေရာမှာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သူက ဧရာမ ကျွန်းကြီးကို သိမ်းပိုက်ထားပြီး ကိုယ့်ကိုယ်ကိုယ် မီးလျှံ ဘုရင်မလို့ ကြေညာထားပါတယ်။ သူ့ရဲ့ သင်္ဘော ရွက်လွှင့်စတွေပေါ်မှာ မီးမှုတ်နေတဲ့ ခေါင်းကိုးလုံးမြွေပုံ ဆွဲထားတယ်။
ကလေး... ငါက ပင်လယ်ပြင်ကို အရမ်း အလေးထားတယ်။ ပြီးတော့ တာယင်အင်ပါယာရော၊ တာ့ရှ အင်ပါယာပါ ငါ့ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပြီး ပင်လယ်ပြင်ကို အလေးထားလာကာ ရေတပ်တွေကို ဖွဲ့စည်းလာကြတယ်။”
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “ငါတို့ အင်ပါယာ လေးခုလုံးဟာ အခုချိန်ထိ စည်းလုံး ညီညွတ်စွာနဲ့ နုဧကရာဇ်ရဲ့ အကြွင်းအကျန်တွေကို အရှေ့တိုင်းလောကကို ပြန်မလာနိုင်အောင် တားဆီးနေကြတုန်းပါပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဧကရာဇ်ဟောင်း... အရှင့်ရဲ့ အဓိပ္ပာယ်က ကျုပ်တို့က ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ရေတပ် တစ်သိန်းကျော်ကို အနိုင်ယူချင်ရင် လီဟွာမေ ဆီကနေ ရေတပ် ငှားရမယ်လို့ ပြောချင်တာလား။”
ဧကရာဇ်ဟောင်းက ဖြေလိုက်သည်။ “ဟုတ်တယ်။ ငါတို့က ပိုင်ယွင်မြို့ကို လုံးဝ ပိတ်ဆို့ထားရမှာ ဖြစ်ပေမယ့် လီဟွာမေ ဆီကနေတော့ ရေတပ် ငှားလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ သူမက အရှေ့တိုင်းကို ရန်သူလို့ သတ်မှတ်ထားပြီး မသိရသေးတဲ့ ကုန်းမြေတွေကိုပဲ သွားပြီး သိမ်းပိုက်ချင်နေလို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မီးလျှံဘုရင်မက ကျုပ်တို့ အရှေ့တိုင်း အင်ပါယာတွေကို ရန်သူလို့ သတ်မှတ်ထားတာလား။”
“အရမ်းကို ရန်သူလို့ သတ်မှတ်ထားပါတယ်။ သူမက ဧရာမ တာ့ရစ်ကျွန်းကြီးကို သိမ်းပိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မီးလျှံဘုရင်မ လို့ ကြေညာထားတဲ့အပြင် ဘယ်အရှေ့တိုင်း အင်ပါယာရဲ့ သင်္ဘောကိုမှ ဒီ ရေကြောင်းလိုင်းကို ဖြတ်ကျော်ခွင့် မပြုထားပါဘူး။ အကယ်၍ ဖြတ်ကျော်လာရင် ချက်ချင်း နှစ်မြှုပ်ပစ်ပြီး သင်္ဘောပေါ်က လူတွေ အားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒီ ပိုင်ယွင်မြို့ မင်းသမီးဟာ အရမ်းကို အစွန်းရောက်တဲ့ အကျင့်စရိုက် ရှိတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို သူ့ဆီကနေ ရေတပ် ငှားဖို့ ဆိုတာ လုံးဝ စိတ်ကူးယဉ်နေတာပဲ မဟုတ်ဘူးလား။”
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “ဒါကြောင့် အပေးအယူ လုပ်ရမှာပေါ့။ ငါတို့က သူ အရမ်း လိုချင်နေတဲ့ ပစ္စည်း တစ်ခုကို ပေးရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလဲ။
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောပဲ။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားတော့၏။ ‘နုဧကရာဇ်မှာ မြေအောက် ဂူသင်္ချိုင်း ရှိရုံသာမက နစ်မြုပ်နေတဲ့ သင်္ဘောလည်း ရှိသေးတယ် ဟုတ်လား။’
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “အဲဒီတုန်းက နုဧကရာဇ်ဟာ သူ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူး ဆိုတာကို သိလို့ ဧရာမ မြေအောက် ဂူသင်္ချိုင်းကြီးကို တည်ဆောက်ခဲ့ရုံသာမက ဧရာမ ပင်လယ်ကူး သင်္ဘောကြီး တချို့ကိုပါ ပင်လယ်ရပ်ခြားကို လွှတ်ခဲ့တယ်။
ဒါပေမဲ့ ရာစုနှစ် တစ်ခုမှာ တစ်ခါမှ မကြုံဖူးတဲ့ ဧရာမ မုန်တိုင်းကြီးနဲ့ ကြုံတွေ့ခဲ့ရလို့ ဧရာမ ပင်လယ်ကူး သင်္ဘောကြီးတွေ အားလုံး နစ်မြုပ်သွားခဲ့ရတယ်။ အဲဒီ သင်္ဘောတွေပေါ်မှာ ရေတွက်လို့ မရနိုင်တဲ့ ရတနာတွေ ပါလာတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်။
သေချာပေါက် ရတနာတွေ ဆိုတာက ရွှေ၊ ငွေ၊ ကျောက်မျက်တွေ မဟုတ်ဘဲ တာ့ရှန်း အင်ပါယာ အင်အားကြီးမားရတဲ့ လျှို့ဝှက်ချက်တွေပါ။ နာမည်ကြီးပြီး အစွမ်းထက်တဲ့ လက်နက်တွေ ဖြစ်နိုင်သလို၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ဒါမှမဟုတ် သန့်စင်သော ကျောင်းတော်ရဲ့ လျှို့ဝှက်ချက်တွေတောင် ဖြစ်နိုင်ပါတယ်။”
သန့်စင်သော ကျောင်းတော်... ဤနေရာသည် လောကတစ်ခုလုံး အလိုချင်ဆုံးသော အရာပင်ဖြစ်သည်။ နုဧကရာဇ်သည် တာ့ရှန်းအင်ပါယာကို တည်ထောင်နိုင်ခဲ့ပြီး လောကတွင် ပြိုင်ဘက်ကင်းဖြစ်ကာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့ရခြင်းမှာ သန့်စင်သော ကျောင်းတော်သို့ ရောက်ရှိဖူးသောကြောင့်ဖြစ်သည်ဟူ၍ ကောလာဟလများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့၏။
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ပိုင်ယွင်မြို့ ဖြစ်စေ၊ လီဟွာမေ ဖြစ်စေ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောတွေရဲ့ အတိအကျ နေရာကို ရှာချင်နေကြတာပါ။ ဒါကြောင့် လီဟွာမေက လောက တစ်ခုလုံးကို ဆုကြေး ထုတ်ထားပါတယ်။ နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ ပဟေဠိကို ဖြေရှင်းပေးနိုင်တဲ့ သူဆိုရင် ဘယ်လို တောင်းဆိုချက်ကိုမဆို တစ်ခု သဘောတူပေးမယ်တဲ့။ ဘယ်လို တောင်းဆိုချက်မျိုးမဆို ဆိုတော့ ရေတပ် ငှားဖို့ ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။”
“ပဟေဠိကို ဖြေရှင်းရမယ် ဟုတ်လား။”
ယွင်ကျုံးဟဲ့က အံ့ဩစွာဖြင့် မေးလိုက်၏။ “နုဧကရာဇ်ရဲ့ နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ လျှို့ဝှက်ချက်က ပဟေဠိ တစ်ခုလား။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ခက်ခဲတဲ့ ပဟေဠိ တစ်ခုပါ။ ရာစုနှစ်ချီ ကြာတဲ့အထိ ဘယ်သူမှ မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိ တစ်ခုပါ။ မင်းကတော့ ငါ မြင်ဖူးသမျှ ဉာဏ်အကောင်းဆုံး လူတစ်ယောက်ပါပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်က ဉာဏ်ကောင်းတယ် ဆိုရင်တောင် လောက တစ်ခုလုံး ထက်တော့ ပိုပြီး ဉာဏ်မကောင်းနိုင်ပါဘူး။ ကျုပ်က ပဟေဠိကို ဖြေရှင်းနိုင်မယ်လို့ ခင်ဗျားက ဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲ။ ပြီးတော့ မျှော်လင့်ချက်တွေ အားလုံးကိုပါ ပုံအပ်ထားသေးတယ်။”
ဧကရာဇ်ဟောင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ရင်ဘတ်ထဲမှ ပိုးအိတ်လေး တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ “မင်း ဒီပိုးအိတ်လေးကို ယူပြီး ရစ်ယွဲ့ကျွန်းကို သွားပါ။မှတ်ထား... လုံးဝ မဖွင့်ကြည့်ပါနဲ့။ လီဟွာမေနဲ့ တွေ့တဲ့ အချိန်ကျမှ ပိုးအိတ်လေးကို လီဟွာမေ ဆီ ပေးလိုက်ပါ။ မင်း ကိုယ်တိုင် မကြည့်ပါနဲ့။”
ယွင်ကျုံးဟဲ့ အံ့ဩသွားတော့၏။ ‘ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်အောင် လုပ်ထားတာလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လီဟွာမေရဲ့ ရေတပ်ကို ငှားနိုင်ပြီဆိုတာနဲ့ ကျုပ်တို့ ကြီးမားတဲ့ အောင်ပွဲ ရနိုင်ပြီလား။”
“ဟုတ်တယ်။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “လီဟွာမေဟာ နုဧကရာဇ်ရဲ့ တိုက်ရိုက် မျိုးဆက်ဖြစ်ပြီး အရမ်းကို အစွမ်းထက်ပါတယ်။ သူ့ရဲ့ ရေတပ်ဟာ အမြဲတမ်း ပင်လယ်ရပ်ခြားမှာ တိုက်ခိုက်နေတာပါ။ သူဟာ ငါတို့ တာ့ကျိုးနဲ့ အဝေးကြီးမှာ ရှိနေပေမယ့် အဲဒီ ပင်လယ်ပြင်ရဲ့ ပြိုင်ဘက်ကင်း အရှင်သခင်မပါပဲ။ သူ့ရဲ့ ရေတပ်ဟာ ငါတို့ တာ့ကျိုးရဲ့ ရေတပ်နဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကောင်းပြီ။ ကျုပ် သွားပါ့မယ်။”
ဧကရာဇ်ဟောင်းသည် ခေတ္တ တွေဝေနေပြီးနောက် ပြောလိုက်၏။ “စကားတစ်ခွန်းတော့ ငါ ပြောရလိမ့်မယ်။ လီဟွာမေဟာ အံ့ဩစရာကောင်းလောက်အောင် လှပပြီး ဆွဲဆောင်မှု ရှိပါတယ်။ လူတွေရဲ့ ဝိညာဉ်ကိုတောင် ဖမ်းစားနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အသက် မငယ်တော့သလို အရမ်းလည်း ရက်စက်ပါတယ်။ မင်းမှာ ဇနီး ရှိနေပြီပဲ၊ လျှောက်မလုပ်နဲ့နော်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... ဘာတွေ ပြောနေတာလဲ။ ကျုပ်က အဲဒီလို လူမျိုးလား။ ပြီးတော့ ကျုပ်ရဲ့ ဆွဲဆောင်မှုကို အရှင်က အထင်ကြီးလွန်းနေပါပြီ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မင်းအတွက် သင်္ဘော ပြင်ဆင်ထားပြီးပါပြီ။ ခဏနေရင် မင်းကို ပင်လယ်ပြင်ဆီ ခေါ်သွားမယ့်သူ ရှိလာလိမ့်မယ်။ သေချာမှတ်ထားနော်။ ပိုးအိတ်လေးကို လုံးဝ မဖွင့်ကြည့်ပါနဲ့။ အထဲက အကြောင်းအရာတွေကိုလည်း မကြည့်ပါနဲ့။ လီဟွာမေနဲ့ တွေ့တာနဲ့ ပထမဆုံး အနေနဲ့ ပိုးအိတ်လေးကို သူ့ဆီ ပေးလိုက်ပါ။ ကြားလား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ ဧကရာဇ်ဟောင်း။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သွားတော့... အချိန် အရမ်း ကျပ်တည်းနေတယ်။ အခုပဲ ထွက်သွားတော့။ မိသားစုတွေကို နှုတ်ဆက်မနေနဲ့တော့။ အမြန်ဆုံး ပြန်လာခဲ့။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “နှုတ်မဆက်ရဘူးလား။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “မင်းသာ မိသားစုတွေကို နှုတ်ဆက်ရင် မင်းအဖေက သေချာပေါက် မင်းနဲ့အတူ လိုက်လာလိမ့်မယ်။ အဲဒီနေရာကို မင်းအဖေ သွားရင် အန္တရာယ် ရှိတယ်။ ငါ့ရဲ့ ပိုးအိတ်လေးက မင်း တစ်ယောက်တည်းရဲ့ အသက်ကိုပဲ ကာကွယ်ပေးနိုင်မှာပါ။ ပြီးတော့ သွားရမယ့် အချိန်ကလည်း စောလို့ မရသလို၊ နောက်ကျလို့လည်း မရဘူး။ ဒီရက်ပိုင်းအတွင်း သွားတာ အကောင်းဆုံး အချိန်ပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ် နားလည်ပါပြီ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် အပြင်သို့ ထွက်သွားတော့၏။ “ဧကရာဇ်ဟောင်း... အရှင်နဲ့ မင်းသား ကျိုးလီတို့ ကျုပ် ပြန်လာမယ့် အချိန်ကို စောင့်နေပါ။ ကျုပ်တို့ သေချာပေါက် ကြီးမားတဲ့ အောင်ပွဲရပြီး ဧကရာဇ်ကို ဖျက်ဆီးပစ်ရမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် မိသားစုများကို နှုတ်မဆက်တော့ဘဲ အမည်းရောင် ဝတ်စုံဝတ် လူတစ်စု၏ လမ်းပြမှုဖြင့် မြို့တော်မှ လျှို့ဝှက်စွာ ထွက်ခွာသွားတော့သည်။
..............................