အခန်း (၅၇၁-၅၇၂)
Vol. 49 Ch. 571-572
အပိုင်း (၅၇၁)
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ်သည် တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ထိုက်ခန်းဟောက် အိမ်တော်ရဲ့ ပြစ်မှုတွေက အရမ်း ကြီးမားလွန်းပါတယ်။ မိဖုရားကြီး နင်ရှီက လောကရဲ့ မိခင်အဖြစ် ဆက်လက် နေထိုင်ဖို့ တကယ် မသင့်တော်တော့ပါဘူး။ ကျုပ် တော်ဝင် တရားရုံး အကြီးအကဲ တစ်ယောက် အနေနဲ့လည်း မိဖုရားကြီး နေရာကို ဖယ်ရှားဖို့ လျှောက်တင်ပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ အောင်ပွဲ၏ ချိန်ခွင်လျှာသည် ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းထံသို့ ယိမ်းယိုင်သွားတော့သည်။
တော်ဝင် တရားရုံး အကြီးအကဲသည် တော်ဝင်မိသားစု၏ ဘိုးဘိုးကြီးဖြစ်ပြီး ဧကရာဇ်ထက် မျိုးဆက် နှစ်ဆက် ပိုမြင့်သောကြောင့် မိဖုရားကြီးကို ဖယ်ရှားမည့် ကိစ္စတွင် သူ့တွင် ကြီးမားသော ပြောဆိုခွင့် ရှိ၏။
“အရူးစကားတွေ လျှောက်ပြောနေတာပဲ။” ရုတ်တရက် အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာတော့သည်။
ထို့နောက် ကျက်သရေ ရှိပြီး ခမ်းနားသော အမျိုးသမီး တစ်ဦး ထွက်ပေါ်လာရာ မယ်တော်မိဖုရားခေါင်ကြီး ဖြစ်လို့နေ၏။
“အနောက်ဆောင်က နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူး လို့ ပြောကြပေမယ့် အခု အမတ်တွေက နောက်ဆောင် ကိစ္စတွေကိုတောင် ဝင်စွက်ဖက်နေကြပြီ ဆိုတော့ ငါလည်း စကားပြောရတော့မှာပေါ့။”
မယ်တော်မိဖုရားခေါင်ကြီးသည် လူတိုင်းကို လုံးဝ ဂရုမစိုက်ဘဲ ညီလာခံ၏ အလယ်သို့ တိုက်ရိုက် လျှောက်သွားကာ အောက်ယွီ၏ အရှေ့သို့ သွား၍ ချွန်ထက်သော လက်သည်းများကို ဆန့်ထုတ်ကာ ပြင်းထန်စွာ ပြောလိုက်၏။ “ဒါတွေ အားလုံးက မင်းကြောင့်ပဲ။ မင်းလို ဘေးဒုက္ခကောင်ကြောင့် ငါတို့ တာ့ကျိုးအင်ပါယာကြီး အေးချမ်းမှု မရှိတော့တာ။”
မယ်တော်မိဖုရားခေါင်ကြီး၏ အကြည့်များမှာ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံးကို ဖြည်းညင်းစွာ ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဧကရာဇ်ဟောင်း၏ မျက်နှာပေါ်သို့ ရောက်ရှိသွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အဘိုးကြီး ထျန်းယန်...”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း ပြင်းထန်စွာ တုန်ယင်သွားကြတော့၏။ ‘မယ်တော် မိဖုရားခေါင်ကြီးက အရမ်းကို ရိုင်းစိုင်းလွန်းနေပြီ။ ဧကရာဇ်ဟောင်းကို ဒီလိုမျိုး ခေါ်ဆိုတာက သူ့ကို လုံးဝ အရှက်ကွဲသွားစေတာပါပဲ။’
“ငါ နားမလည်တာက မိဖုရားကြီးက အနောက်ဆောင်ကို အုပ်ချုပ်တဲ့ နေရာမှာ ဘာပြစ်မှု ကြီးကြီးမားမားတွေ ကျူးလွန်ခဲ့ဖူးလို့လဲ။ ဘာအမှားအယွင်း ကြီးကြီးမားမားတွေ ရှိခဲ့ဖူးလို့လဲ။”
မယ်တော်မိဖုရားခေါင်ကြီးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ထိုက်ခန်းဟောက် အိမ်တော်ရဲ့ ပြစ်မှုတွေက တကယ် ကြီးမားပါတယ်။ ဒါပေမဲ့ အဲဒါက မိဖုရားကြီးနဲ့ ဘာဆိုင်လို့လဲ။ မိန်းမ တစ်ယောက် တော်ဝင်မိသားစုထဲကို လက်ထပ်ဝင်ရောက်လာပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ မိခင်မိသားစုနဲ့ မသက်ဆိုင်တော့ဘူးလေ။
ဒါကြောင့် ထိုက်ခန်း အိမ်တော်ရဲ့ ပြစ်မှုတွေက မိဖုရားကြီးနဲ့ ဘာသက်ဆိုင်မှု ရှိလို့လဲ။
အကယ်၍ ဆက်စပ်မှု ရှိတယ်ဆိုရင် အဘိုးကြီး ထျန်းယန်... ရှင်ကလည်း ထိုက်ခန်းဟောက်ရဲ့ ဆွေမျိုးပဲလေ။ သူတို့ မိသားစုက မျိုးဆက် အားလုံး သတ်ဖြတ်ခံရမယ့် ပြစ်မှုကို ကျူးလွန်ထားတာဆိုတော့ ငါတို့ တော်ဝင်မိသားစုလည်း အသတ်ခံရတော့မှာလား။”
ညီလာခံ တစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားတော့၏။ အကြောင်းမူ မယ်တော် မိဖုရားခေါင်ကြီးသည် အရမ်းကို ရိုင်းစိုင်းလွန်းသောကြောင့် အကြောင်းပြချက် ပေး၍ပင် မရနိုင်တော့ချေ။
ဆက်လက်၍ မယ်တော်မိဖုရားခေါင်ကြီးသည် အောက်ယွီကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဒီလူပဲ။ အဲဒီတုန်းက ပါးစပ်သရမ်းပြီး စစ်ကတိ ပေးခဲ့တာ။ တစ်လအတွင်းမှာ ငွေသား ခုနစ်သန်း စုဆောင်းမယ် ဆိုပြီးတော့လေ။ အခု ငွေတွေက ဘယ်မှာလဲ။ ဒါက ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု မဟုတ်ဘူးလား။ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှု မဟုတ်ဘူးလား။
ဧကရာဇ်ကို လှည့်စားတဲ့ အမတ်ယုတ်ကို မသတ်ဘဲ အပြစ်ကင်းတဲ့ မိဖုရားကြီးကို ဖယ်ရှားချင်နေကြတယ် ဟုတ်လား။ မင်းတို့ စာတွေ ဖတ်ထားတာ ဘယ်ရောက်ကုန်ပြီလဲ။ ဧကရာဇ်ဟောင်းက အသက်ကြီးပြီး မိုက်မဲနေပြီလား။ အမတ်ယုတ်တွေကို သောင်းကျန်းခွင့် ပေးထားရသလား။”
မယ်တော်မိဖုရားခေါင်ကြီးသည် နောက်တစ်ကြိမ် ခင်ပွန်းဖြစ်သူကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်ပြန် သောကြောင့် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး မျက်နှာ ဖြူရော်သွားကြသော်လည်း မည်သို့မှ မတတ်နိုင်ကြချေ။
ထိုနေရာတွင် မယ်တော်မိဖုရားခေါင်ကြီးကို ပြန်လည် တုံ့ပြန်နိုင်သူမှာ ဧကရာဇ်ဟောင်း တစ်ဦးတည်းသာ ရှိသည်။
သို့ပေမည့် မယ်တော်မိဖုရားခေါင်ကြီးက မျက်နှာပြောင်တိုက်ပြီး ဆဲဆိုနေသောကြောင့် ဧကရာဇ်ဟောင်း အနေဖြင့်လည်း ဆဲဆို၍ မရနိုင်ချေ။
မယ်တော်မိဖုရားခေါင်ကြီးက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “အဘိုးကြီး ထျန်းယန်... ပြီးတော့ နိုင်ကော်ရဲ့ ဝန်ကြီးချုပ်တွေ... နိုင်ကော်ရဲ့ အမတ်ကြီးတွေ... ဒီနေရာမှာ ငါ မေးချင်တာ တစ်ခု ရှိတယ်။ အခု ဒီ ညီလာခံဟာ ငါတို့ တာ့ကျိုးရဲ့ နိုင်ငံတော် ဟုတ်သေးရဲ့လား။ ဘိုးဘေးတွေရဲ့ ဥပဒေကို လိုက်နာသေးရဲ့လား။”
“ဖြေစမ်း... ရှင် ဖြေစမ်း။”
မယ်တော်မိဖုရားခေါင်ကြီးသည် ဧကရာဇ်ဟောင်းကို လက်ညှိုးထိုးကာ ပြင်းထန်စွာ ပြောလိုက်သည်။ “အကယ်၍ ရှင်က မဟုတ်ဘူးလို့ ဖြေရင် ငါတို့ တာ့ကျိုးဟာ ဒီနေ့ပဲ ပျက်စီးသွားပြီလို့ မှတ်ယူရမယ်။ ဘာလို့လဲဆိုတော့ ဧကရာဇ်ဟောင်း ကိုယ်တိုင်က တာ့ကျိုးရဲ့ ဥပဒေကို အသိအမှတ် မပြုတော့လို့ပဲ။”
ဧကရာဇ်ဟောင်းက မတတ်သာစွာဖြင့် ပြန်ပြောလိုက်၏။ “ဒါက သေချာပေါက် တာ့ကျိုးရဲ့ နိုင်ငံတော်ပါ။ ဘိုးဘေးတွေရဲ့ ဥပဒေကိုလည်း သေချာပေါက် လိုက်နာရမှာပေါ့။”
မယ်တော်မိဖုရားခေါင်ကြီးက ထပ်မေးလိုက်သည်။ “ဒါဆို ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုကို ဘယ်လို လုပ်ရမလဲ။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “နိုင်ငံတော် ဥပဒေ အရဆိုရင် ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုဟာ အနည်းဆုံး တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ရမှာ ဖြစ်ပြီး တစ်သက်လုံး အရာရှိအဖြစ် အသုံးမပြုရပါဘူး။”
မယ်တော်မိဖုရားခေါင်ကြီးက ထပ်မေးလိုက်ပြန်သည်။ “ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုအပြင် နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှု ပါ ပေါင်းလိုက်ရင် သေသင့်တယ် မဟုတ်လား။”
ဧကရာဇ်ဟောင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “သေသင့်ပါတယ်။”
မယ်တော်မိဖုရားခေါင်ကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။ “အခု တစ်လ ဆိုတဲ့ အချိန်က ကျော်လွန်သွားပါပြီ။ အောက်ယွီ စုဆောင်းမယ်လို့ ပြောခဲ့တဲ့ ငွေသား ခုနစ်သန်းက ဘယ်မှာလဲ။ ဒါက ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု မဟုတ်ဘူးလား။ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှု မဟုတ်ဘူးလား။ သေသင့်တယ် မဟုတ်လား။”
မယ်တော်မိဖုရားခေါင်ကြီး၏ အကြည့်များမှာ နိုင်ကော်ထံသို့ ရောက်ရှိသွားပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “ဝန်ကြီးချုပ် သုံးယောက်... အောက်ယွီဟာ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုကို ကျူးလွန်ထားတာ သေသင့်တယ် မဟုတ်လား။”
နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ဝူကျစ်မှာ မျက်လုံးနှင့် နှာခေါင်းကိုသာ စိုက်ကြည့်ပြီး သေဟန်ဆောင်နေတော့သည်။
နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ် ထွက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “အရှင်မင်းမြတ် နှစ်ပါး... အောက်ယွီ ဟာ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုကို ကျူးလွန်ထားတဲ့အတွက် တရားဝင် အပြစ်ပေးသင့်ပါတယ်။”
နိုင်ကော်၏ တတိယ ဝန်ကြီးချုပ် လင်ကုန်း ထွက်လာပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “အရှင်မင်းမြတ် နှစ်ပါး... အောက်ယွီဟာ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုကို ကျူးလွန်ထားတဲ့အတွက် တရားဝင် အပြစ်ပေးသင့်ပါတယ်။”
နောက်ဆက်တွဲ အနေဖြင့် နိုင်ကော်မှ အမတ်ကြီး နှစ်ဦးလည်း ဒူးထောက်ကာ ဧကရာဇ်ဟောင်းထံ အောက်ယွီကို ဧကရာဇ်ကို လှည့်စားသည့် ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးသည့် ပြစ်မှုဖြင့် အပြစ်ပေးရန် တောင်းဆိုလိုက်ကြ၏။
နိုင်ကော် နှင့် နိုင်ကော်မှ ခေါင်းဆောင် ခြောက်ဦး အနက် လေးဦးက ထွက်လာပြီး ဧကရာဇ်ဟောင်းနှင့် ဧကရာဇ် တို့ထံ အောက်ယွီကို သတ်ရန် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဧကရာဇ်သည် နေရာမှ ထကာ ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “ခမည်းတော်... အောက်ယွီဟာ ခမည်းတော်ရဲ့ အချစ်တော် အမတ် ဖြစ်ပေမယ့် သူက တကယ်ပဲ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုကို ကျူးလွန်ထားပါတယ်။ နိုင်ငံတော် ဥပဒေက ခွင့်မလွှတ်နိုင်ပါဘူး။ ခမည်းတော် သေချာ စဉ်းစားပေးပါ။”
‘ဒါက ဧကရာဇ်ရဲ့ အဖွဲ့အစည်းရဲ့ နောက်ဆုံး အပြတ်အသတ် တိုက်ခိုက်မှုလား။ ဧကရာဇ် ကိုယ်တိုင်တောင် ထွက်လာပြီး အောက်ယွီကို သတ်ဖို့ တောင်းဆိုနေပြီလေ။ ကြည့်ရတာ လုံးဝ တစ်ဖက်သတ် ဖြစ်နေတဲ့ အနေအထားပဲ။ ဒီနေ့ အောက်ယွီကို မသတ်ဘဲ နေလို့ မရတော့ဘူး။’
ညီလာခံ တစ်ခုလုံး သေမတတ် တိတ်ဆိတ်နေပြီး လူတိုင်းက ဧကရာဇ်ဟောင်း ကိုသာ ကြည့်နေကြသည်။
မိဖုရားကြီးသည် အမှောင်ထဲတွင် ပုန်းနေပြီး အရာအားလုံးကို အေးစက်စက် ကြည့်ရှုနေကာ စိတ်ထဲတွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေ၏။
‘ကြည့်ရတာ ကူးစက်ရောဂါ အဆိပ်တက်တဲ့ အချိန်အထိတောင် စောင့်စရာ မလိုတော့ဘဲ အောက်ယွီ ပြီးဆုံးသွားတော့မှာပဲ။ အောက်ယွီ ဆိုတဲ့ ခွေးကောင်... ရှင် အဲဒီညက စကားတွေကို လွန်လွန်ကဲကဲ ပြောခဲ့လို့ ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ။ ဧကရာဇ်ဟောင်း... ရှင်သာ ကိုယ်ကျိုးအတွက် ကာကွယ်ပေးမယ် ဆိုရင် အာဏာ ပြန်လုပြီး နိုင်ငံတော်ကို အုပ်ချုပ်ဖို့ ဘာအရည်အချင်း ရှိတော့မှာလဲ။’
မယ်တော်မိဖုရားခေါင်ကြီးက ဆက်လက်၍ အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။ “ထျန်းယန် ဧကရာဇ်... ကျွန်မ နားမလည်တာက ယောက္ခမတော် ထိုက်ခန်းဟောက်က ကြီးမားတဲ့ ပြစ်မှုတွေ ကျူးလွန်ထားလို့ မျိုးဆက် အားလုံး သတ်ဖြတ်ခံရမယ်။ ဒါပေမဲ့ အောက်ယွီက ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု၊ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာတောင် ဘာမှ မဖြစ်ဘဲ နေနိုင်တယ်။
ပြီးတော့ ညီလာခံမှာတောင် ဩဇာအာဏာ အပြည့်နဲ့ အမိန့်ပေးနေသေးတယ်။ နေ့တိုင်း သူ့အိမ်ရှေ့မှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပြီး ပန်းတွေလို လှပနေတယ်။ မီးတောက်တွေလို တောက်ပနေတယ်။ သူ့ကို အပြစ်မပေးဘူး ဆိုရင် ကောင်းကင်ဘုံရဲ့ တရားမျှတမှုနဲ့ နိုင်ငံတော် ဥပဒေတွေက ဘယ်မှာလဲ။
ရှင့်မှာ အာဏာ ပြန်လုပြီး နိုင်ငံတော်ကို အုပ်ချုပ်ဖို့ ဘာမျက်နှာ ရှိသေးလို့လဲ။ နောင်လာနောက်သားတွေက သမိုင်းမှတ်တမ်းတွေမှာ ရှင့်ကို ဘယ်လို ရေးကြမလဲ။”
ဤအရာသည် နိုင်ငံရေး၏ သဘောတရား ဖြစ်သည်။ အခြေအနေအရ လိုအပ်ချက် ရှိလာပါက သေးငယ်သော ကိစ္စရပ်များကို ကြီးမားသော ဘေးကျပ်နံကျပ် ပြဿနာများ ဖြစ်လာအောင် ဖန်တီး၍ ရသကဲ့သို့၊ ကြီးမားလှသော ပြဿနာဆိုးကြီးများကိုလည်း ဘာမျှမဟုတ်သည့် အသေးအဖွဲ ကိစ္စမျှသာ ဖြစ်သွားအောင် ဖုံးကွယ်ပစ်လိုက်နိုင်စွမ်း ရှိ၏။
ယခုအခါ ဧကရာဇ်၏ အဖွဲ့အစည်းနှင့် မယ်တော်မိဖုရားခေါင်ကြီးတို့သည် ကိစ္စကို ကြီးကျယ်အောင် လုပ်ကာ အောက်ယွီကို အသေသတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ဧကရာဇ်ဟောင်း၏ အကြည့်များမှာ ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ ရောက်ရှိသွားပြီး မေးလိုက်၏။ “အောက်ယွီ... ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုနဲ့ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုတွေဟာ သေချာပေါက် သေသင့်ပါတယ်။”
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်၏။ “ကြားလား။ ဧကရာဇ်... မင်း အလုပ် လုပ်သင့်ပြီ။ တရား လွှတ်တော်ချုပ် အကြီးအကဲ... လူဖမ်းသင့်ပြီ။ ငါ ကိုယ်တိုင် ဝင်လုပ်ရမှာလား။ အနောက်ဆောင်က နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူးလို့ ပြောပေမယ့် အောက်ယွီကို ဖမ်းပြီး တရားဝင် အပြစ်မပေးသေးဘူးလား။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “တကယ်ကို တိုက်ဆိုင်တာပဲ။ ကျုပ်ရဲ့ အိမ်မှာ ဒီနေ့ ကြက်မ တစ်ကောင်က ကြက်ဖအဖြစ် ပြောင်းသွားတယ်။ အသံပေးရုံသာမက ကြက်ဖအမောက်တောင် ထွက်လာသေးတယ်။ တကယ်ကို ကြက်မက ကြက်ဖလို မနက်ခင်းမှာ အော်နေတာပဲ။”
ယွင်ကျုံးဟဲ့၏ ဤစကား ထွက်ပေါ်လာချိန်မှာတော့ ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ ဤသည်မှာ မယ်တော်မိဖုရားခေါင်ကြီးကို တိုက်ရိုက် လက်ညှိုးထိုးပြီး ဆဲဆိုနေခြင်းဖြစ်၏။
“ရှင် သေချင်နေတာလား...” မယ်တော်မိဖုရားခေါင်ကြီးက ဒေါသတကြီးဖြင့် အော်လိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... ကျုပ် ပြောပြီးပါပြီ။ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှုနဲ့ နိုင်ငံတော်ကို ဒုက္ခပေးတဲ့ ပြစ်မှုက သေသင့်ပါတယ်။ ဒါပေမဲ့ ကျုပ်က ဧကရာဇ်ကို မလှည့်စားခဲ့ဘူး၊ နိုင်ငံတော်ကိုလည်း ဒုက္ခမပေးခဲ့ပါဘူး။”
ထိုအချိန်တွင် အောက်ယွီကို အရင်ဆုံး ပြစ်တင်ဝေဖန်ခဲ့သော ဘယ်ဘက် ဒု-အကြီးအကဲ လင်ကျန်းက အေးစက်စက်ဖြင့် မေးလိုက်သည်။ “အောက်ယွီ... အဲဒီနေ့က ခင်ဗျား တစ်လအတွင်းမှာ ငွေသား ခုနစ်သန်း စုဆောင်းပြီး ဒုက္ခသည်တွေကို ကယ်တင်ကာ လန်ကျိုးကို ပြန်လည် တည်ဆောက်မယ်လို့ ပြောခဲ့တာလေ။ အခု အချိန်က အစောကြီးတည်းက ကျော်လွန်သွားပါပြီ။ ခင်ဗျားရဲ့ ငွေသား ခုနစ်သန်းက ဘယ်မှာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒီငွေသား ခုနစ်သန်းကို အစောကြီးတည်းက ရထားပြီးပြီလေ။ ခင်ဗျား မသိဘူးလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ဆက်လက် မသည်းခံနိုင်တော့ဘဲ ထွက်လာပြီး ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... အောက်ယွီဟာ ပါးစပ်သရမ်းပြီး ညီလာခံမှာတောင် အဖြူအမည်း ပြောင်းပြန်ပြောဆိုကာ လိမ်ညာလှည့်စားနေတာ အရမ်းကို ပြစ်မှု ကြီးမားလှပါတယ်။”
“သတ်သင့်တယ်။”
“သတ်သင့်တယ်။”
အမတ် ရာချီခန့်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြပြီး ဘဏ္ဍာရေး ဝန်ကြီး ထွက်လာကာ ပြောလိုက်၏။ “အောက်ယွီ... ခင်ဗျား အရူးစကားတွေ လျှောက်မပြောနဲ့။ ကျုပ်တို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီငွေသား ခုနစ်သန်းကို တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ ငွေသား ခုနစ်သန်း ဆိုတာ အလွန် များပြားတဲ့ ပမာဏပါ။
ခင်ဗျား အောက်ယွီက မြို့တော်ကနေ တစ်လှမ်းမှ မထွက်ခဲ့ဘူး၊ ငွေစုဆောင်းတာလည်း မလုပ်ခဲ့ဘူး။ ခင်ဗျားက ညီလာခံက အမတ်တွေ အားလုံးကို အရူးတွေ၊ မျက်မမြင်တွေလို့ ထင်နေတာလား။ ခင်ဗျားက ဧကရာဇ်မင်းမြတ် နှစ်ပါးနဲ့ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးကို လှည့်စားနေတာ တကယ်ကို သတ်သင့်ပါတယ်။”
အပိုင်း (၅၇၂)
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားတို့ကို အမှန်တရားတွေ ပြောပြနေတာကို ခင်ဗျားတို့က မယုံကြဘူး။ ငွေသား ခုနစ်သန်း ဆိုတာ ဘာများလို့လဲ။ ဘာအားစိုက်ထုတ်မှုမှ မလိုပါဘူး။ လုံးဝ အပင်ပန်းမခံဘဲ ရလာတာပါ။ ဆင်းရဲမွဲတေမှုက ခင်ဗျားတို့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို တကယ်ပဲ ကန့်သတ် ထားတာပဲ။”
ဆက်လက်၍ ယွင်ကျုံးဟဲ့က ဦးညွတ်လျက် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်ကို ငွေသား ခုနစ်သန်း ညီလာခံထဲ သယ်လာခွင့် ပြုပါအုံး။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “ခွင့်ပြုတယ်။”
ယွင်ကျုံးဟဲ့သည် ညီလာခံမှ ထွက်သွားပြီး နန်းတော် အပြင်ဘက်သို့ ရောက်ချိန်မှာတော့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ရွှေတွေ သယ်လာခဲ့။”
လူတိုင်း မျက်လုံးများကို ပြူးကျယ်ထားပြီး အောက်ယွီ၏ ရူးသွပ်သော ပြဇာတ်ကို ကြည့်ရှုနေကြသည်။
‘ခင်ဗျားက တစ်လအတွင်းမှာ ငွေသား ခုနစ်သန်းကို အသံတိတ် စုဆောင်းနိုင်လိမ့်မယ်လို့ ကျုပ်တို့ လုံးဝ မယုံကြည်ဘူး။ အခု တာ့ကျိုးအင်ပါယာ တစ်ခုလုံးမှာ ငွေသား ခုနစ်သန်း ထုတ်ပေးနိုင်တဲ့ သူတွေတောင် ခင်ဗျား အောက်ယွီကို ငွေတစ်ပြားမှ ပေးမှာ မဟုတ်ဘူး။
နန်ဖိန်ဟောက် ထန်ထိုင်မြဲ့မင်ဟာ ခင်ဗျားကို သစ္စာခံခဲ့တယ် ဆိုပေမယ့် သူ ပိုင်ရှင်မဲ့နယ်မြေကနေ ထွက်ပြေး လာတုန်းက အရမ်း အလောတကြီး ဖြစ်ခဲ့လို့ ပါလာတဲ့ ငွေက အလွန်ဆုံး တစ်သန်းကျော်လောက်ပဲ ရှိမှာပါ။ ပြီးတော့ အဲဒီငွေတွေကိုလည်း အဖွဲ့အစည်း အသီးသီးက ငွေညှစ်ယူသွားလို့ အများစု ကုန်နေလောက်ပြီး။ ခင်ဗျားက ငွေသား ခုနစ်သန်း ရအောင် လုပ်မယ်ဆိုတာ လုံးဝ စိတ်ကူးယဉ် အိပ်မက် မက်နေတာပဲ။’
သို့ပေမည့် နောက်ဆက်တွဲ မြင်ကွင်းသည် လူတိုင်းကို လုံးဝ အံ့ဩမှင်သက်သွားစေခဲ့သည်။ အကြောင်းမူ သေတ္တာများ တစ်လုံးပြီး တစ်လုံး သယ်ဆောင်လာပြီး ညီလာခံ တစ်ခုလုံးတွင် သေတ္တာ ရာချီခန့် တောင်လို ပုံနေသောကြောင့်ပင်။
“ဖွင့်လိုက်...” ယွင်ကျုံးဟဲ့၏ အမိန့်ပေးသံနှင့်အတူ ရာချီခန့်ရှိနေသည့် သေတ္တာအားလုံး ပွင့်သွားပြီး လူတိုင်း၏ မျက်လုံးများကို ချက်ချင်း လင်းလက်သွားစေခဲ့သည်။
နေရာအနှံ့တွင် ရွှေတုံးရွှေခဲများ တောင်ပုံရာပုံဖြင့် စုပုံလျက် ရှိနေသည်။ ဤနေရာ၌ ရွှေပေါင်သောင်းချီ ရှိနေသည့်အပြင် ၎င်းတို့၏တန်ဖိုးမှာ ငွေသား ခုနစ်သန်းကျော်ပင် ကျော်လွန်နေ၏။
ချက်ချင်းပဲ လူအချို့က ရှေ့သို့တိုး၍ စစ်ဆေးကြည့်ရှုကြသည်။ အကြောင်းမှာ အောက်ယွီအနေဖြင့် ကြေးဝါများကို အသုံးပြု၍ အပေါ်ယံတွင် ရွှေရောင်ဆေးသုတ်ထားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
"ဓားနဲ့ဖြတ်ကြည့်ပြီး မီးနဲ့ရှို့ကြည့်လိုက်ကြစမ်း။"
စစ်ဆေးကြည့်ရှုပြီးနောက်တွင်မူ အားလုံး ရွှေအစစ်များဖြစ်ပြီး အရည်အသွေး အလွန်မြင့်မားသည့် ရွှေများ ဖြစ်ကြောင်း သိလိုက်ရ၏။
လူတိုင်း မိမိတို့၏ မျက်လုံးများကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ ‘ဒါ... ဒါက ဘယ်လို လုပ်လိုက်တာလဲ။ တစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ အောက်ယွီက ဘယ်လိုလုပ်ပြီး ငွေသား ခုနစ်သန်းကို အသံတိတ် စုဆောင်းနိုင်ခဲ့တာလဲ။ ပြီးတော့ အရင်က မထုတ်ပြဘဲ အခု အချိန်ကျမှ မျက်နှာကို ဖြတ်ရိုက်ဖို့ ထုတ်ပြလာတာလား။’
ဟုတ်ပေသည်။ ငွေသား ခုနစ်သန်းတိတိပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့သည် ဤမျှများပြားသော ငွေကြေး ပမာဏကို မည်သို့နည်းလမ်းဖြင့် ရှာဖွေခဲ့သနည်း။ စဉ်းစား၍ပင် မရနိုင်အောင် အံ့အားသင့်စရာ ကောင်းလှ၏။
ဤငွေကြေးများသည် ထန်ထိုင်မြဲ့မင် ဆက်သထားခြင်းလည်း မဟုတ်၊ ကျင်းကျုံးယွဲ့ ပေးအပ်ခြင်းလည်း မဟုတ်ပေ။ ကျိုးလီက ထိုက်ခန်းအိမ်တော်ကို ဝင်စီး၍ ရလာခြင်းလည်း မဟုတ်သလို၊ ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းဘာသာရေးဂိုဏ်းမှ စုဆောင်းထားခြင်းလည်း မဟုတ်ချေ။ ထို့အတူ တာယင်အင်ပါယာ၏ အကူအညီဖြင့် ရရှိလာခြင်းမျိုးလည်း မဟုတ်ပေ။
ယွင်ကျုံးဟဲ့သည် ဤငွေကြေးများကို ကိုယ်တိုင် ရှာဖွေရရှိခဲ့ရုံသာမက တာ့ကျိုးအင်ပါယာအတွက်လည်း ကြီးမားသည့် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
ယွင်ကျုံးဟဲ့သည် မယ်တော်မိဖုရားခေါင်ကြီးကို စိုက်ကြည့်ကာ မေးလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... ငွေသား ခုနစ်သန်း ဒီမှာ ရှိနေပါပြီ။ ကျုပ်မှာ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု ရှိသေးလား။”
မယ်တော်မိဖုရားခေါင်ကြီး၏ မျက်နှာ ဖြူရော်သွားပြီး ယိမ်းယိုင်သွားကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
ယွင်ကျုံးဟဲ့က တင်းမာသည့် လေသံဖြင့် ပြောလိုက်၏။ “အနောက်ဆောင်က နိုင်ငံရေးကို ဝင်မစွက်ဖက်ရဘူး။ မယ်တော်မိဖုရားခေါင်ကြီး ကိုယ့်ကိုယ်ကိုယ် သိပါစေ။”
ဤစကား ထွက်ပေါ်လာခြင်းမှာ မယ်တော်မိဖုရားခေါင်ကြီး၏ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဆက်လက်၍ ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်းနှင့် ဧကရာဇ် တို့ကို လှည့်ကြည့်ကာ မေးလိုက်၏။ “ကျုပ်ရဲ့ ဧကရာဇ်ကို လှည့်စားတဲ့ပြစ်မှု ပြီးသွားပြီဆိုတော့ မိဖုရားကြီးကို ဖယ်ရှားမယ့်ကိစ္စ ဆက်ပြီး ဆွေးနွေးကြမလား။”
မယ်တော်မိဖုရားခေါင်ကြီးက ပြန်မေးလိုက်၏။ “အောက်ယွီ... ရှင့်မှာ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု မရှိဘူး ဆိုတိုင်း မိဖုရားကြီးမှာ ပြစ်မှု ရှိတယ်လို့ ဆိုလိုတာလား။ ဒါက ဧကရာဇ်မင်းမြတ်ရဲ့ မိသားစု ကိစ္စလေ။ ရှင်က အမတ် တစ်ယောက် ဖြစ်နေရက်နဲ့ ဘာအခွင့်အရေး ရှိလို့ ဝင်ပါနေရတာလဲ။”
နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်ကို လျှောက်တင် ပါတယ်။ ထိုက်ခန်းဟောက်မှာ ပြစ်မှု ရှိပေမယ့် မိဖုရားကြီးမှာ ပြစ်မှု ရှိတယ်လို့ မဆိုလိုပါဘူး။ အပြစ်မရှိဘဲ ဖယ်ရှားလိုက်ရင် နိုင်ငံတော် မတည်မငြိမ် ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။”
လင်ကုန်းလည်း ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “မိဖုရားကြီးမှာ အပြစ်မရှိပါဘူး။”
“မိဖုရားကြီးမှာ အပြစ်မရှိပါဘူး။” ထိုနေရာတွင် ရှိနေသော အမတ် ရာချီခန့်သည် အားလုံး သပ်သပ်ရပ်ရပ် ဒူးထောက်လိုက်ကြသည်။
ညီလာခံရှိ အမတ် ခြောက်ဆယ် ရာခိုင်နှုန်းခန့်က မိဖုရားကြီးတွင် အပြစ်မရှိကြောင်း အသံကျယ်ကျယ်ဖြင့် အော်လိုက်ကြ၏။
သို့ပေမည့် ထိုအချိန်တွင်ပင် မိန်းမစိုးကြီး ဟောက်ကျင့်သည် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် သတင်းပို့လိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်မှာ ပုန်ကန်မှုနဲ့ သက်ဆိုင်တဲ့ အရမ်း ကြီးမားတဲ့ ကိစ္စတစ်ခုကို လျှောက်တင်စရာ ရှိပါတယ်။”
‘ဟောက်ကျင့်... သူက မိဖုရားကြီးရဲ့ လူယုံတော် မိန်းမစိုး မဟုတ်ဘူးလား။’
ဧကရာဇ်ဟောင်း မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်၏။ “သူ့ကို ဝင်လာခိုင်းလိုက်။”
မိန်းမစိုးကြီး ဟောက်ကျင့်သည် အပြေးအလွှား ဝင်ရောက်လာပြီး ဒူးထောက်ကာ သေတ္တာ တစ်လုံးကို အမြင့်သို့ မြှောက်ပြလျက် ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ် တိုင်ကြားချင်တာကတော့ မိဖုရားကြီးဟာ ဧကရာဇ်ဟောင်းကို ပြုစားတဲ့ မှော်ပညာတွေ အသုံးပြုပြီး ဒုက္ခပေးနေပါတယ်။”
ထို့နောက် မိန်းမစိုးကြီး ဟောက်ကျင့်သည် သေတ္တာကို ဖွင့်ပြလိုက်ပြီး ပြောလိုက်၏။ “ဒါက မိဖုရားကြီး ကိုယ်တိုင် ဖန်တီးထားတဲ့ အရုပ်လေးတွေပါ။ အပေါ်မှာ ဧကရာဇ်ဟောင်းရဲ့ မွေးသက္ကရာဇ်နဲ့ ဧကရာဇ်ဟောင်းရဲ့ နာမည်တွေ ရေးထားပါတယ်။ နေ့တိုင်း မိဖုရားကြီးဟာ ဒီအရုပ်လေးတွေကို အဆိပ်လူးထားတဲ့ အပ်တွေနဲ့ ထိုးနှက်နေပါတယ်။”
လူတိုင်းသည် မိန်းမစိုးကြီး ဟောက်ကျင့်၏ လက်ထဲရှိ အရုပ်လေးကို ကြည့်လိုက်ရာ အပေါ်တွင် အဆိပ်လူးထားသော အပ်များ အပြည့်အနှက် စူးဝင်နေသည်ကို တွေ့ရှိရသောကြောင့် ကြက်သီးမွေးညင်း များပင် ထသွားကြသည်။
ညီလာခံ တစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားတော့၏။ ‘အရမ်းကို ရက်စက်လွန်းတယ်... အရမ်းကို ရက်စက်လွန်းတာပဲ။’
ဤစကားမှာ မိဖုရားကြီးကို ရည်ရွယ်ပြောဆိုခြင်း မဟုတ်ဘဲ အောက်ယွီ၏ အဖွဲ့အစည်းအား ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။ အကြောင်းမူ သူတို့တွင် သက်သေအထောက်အထားများ ရှိနေပါလျက်နှင့် ယခင်က ထုတ်ဖော်ပြသခြင်းမရှိဘဲ ယခုအချိန်တွင်မှ တမင်တကာ ထုတ်ဖော်ပြသလာခြင်းကြောင့် ဖြစ်သည်။
ဧကရာဇ်၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာ ဖြူရော်သွားကာ အချိန်အတော်ကြာပြီးမှသာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “အရမ်းကို ရက်စက်တဲ့ အမျိုးသမီးပါလား။ လူရဲ့ မျက်နှာကို သိရပေမယ့် စိတ်ကိုတော့ မသိနိုင်ဘူးပဲ။ ငါကိုယ်တော်တိုင်တောင် သူမရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်။ လာကြစမ်း... နန်းကျ မိဖုရား နင်ရှီကို သွားဖမ်းလာခဲ့။”
ဧကရာဇ်၏ ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အလန့်တကြား ဖြစ်သွားကြတော့သည်။ ‘ဒါ... ဒါက အရမ်း မြန်လွန်းနေပြီ မဟုတ်လား။ ခုနကမှ မိဖုရားကြီးကို အစွမ်းကုန် ကာကွယ်ပေးမယ်လို့ ပြောခဲ့ပြီးတော့ အခု ဒီလောက်တောင် လွယ်လွယ်လေး လက်လွှတ်လိုက်တာလား။
ဒီအဆိပ်လူးထားတဲ့အပ်တွေ စိုက်ထားတဲ့ အရုပ်လေးတွေက အတုလား အစစ်လား ဆိုတာကိုတောင် မစစ်ဆေးတော့ဘူးလား။ ပြီးတော့ ပါးစပ်က ထွက်လာတာနဲ့ မိဖုရားကြီးကို ဖယ်ရှားမယ်လို့ ပြောတာလား။ ဒီလို တစ်ခဏလေး အတွင်းမှာပဲ မိဖုရားကြီး နေရာကနေ ဖယ်ရှားခံလိုက်ရပြီလား။’
ခဏအကြာတွင် မိဖုရားကြီးသည် ညီလာခံ အတွင်းသို့ ရောက်ရှိလာတော့၏။
မကြာသေးမီက ဆက်တိုက် ဖြစ်ပေါ်လာသော သတင်းဆိုးများကြောင့် မိဖုရားကြီး၏ စိတ်ဓာတ်များ အလွန်အမင်း ထိခိုက်ခံစားခဲ့ရပုံ ပေါ်သည်။
ယခုအခါ သူမသည် ယခင်ကကဲ့သို့ တည်ငြိမ်ပြီး လှပသော ပုံစံမျိုး မရှိတော့ဘဲ အနည်းငယ် ရူးသွပ်နေသည့် အသွင်အပြင် ရှိနေကာ မျက်လုံးများတွင်လည်း ရူးသွပ်မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။
ဧကရာဇ်က ပြောလိုက်သည်။ “နင်ရှီ... မင်းက တိုင်းပြည်ရဲ့ အမေ တစ်ယောက် အနေနဲ့ မေတ္တာတရားနဲ့ မိဘကျေးဇူးကို သိတတ်သင့်တာပေါ့။ မထင်မှတ်ဘဲ ဒီလောက်တောင် ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အလုပ်မျိုးကို လုပ်ရက်တာ။ ပြုစားတဲ့ မှော်ပညာနဲ့ ကျိန်စာတိုက်တဲ့ အတတ်ပညာတွေကိုတောင် အသုံးပြုရဲသေးတယ်။ မင်းမှာ အနောက်ဆောင်ကို ဆက်အုပ်ချုပ်ဖို့ ဘာမျက်နှာ ရှိသေးလို့လဲ။ အခုကစပြီး မင်းရဲ့ မိဖုရားကြီး နေရာကို တရားဝင် ဖယ်ရှားလိုက်ပြီး ယွီပင်း နန်းဆောင်ထဲမှာ အကျယ်ချုပ် ချထားလိုက်တယ်။”
မိဖုရားကြီး၏ အကြည့်များမှာ ဧကရာဇ်ထံမှ မယ်တော်မိဖုရားခေါင်ကြီးထံသို့، ထိုမှတစ်ဆင့် ဧကရာဇ်ဟောင်း ထံသို့၊ နောက်ဆုံးတွင် အောက်ယွီ၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။
“ဟား... ဟား.... ဟား... ဟား...”
ထို့နောက် မိဖုရားကြီးသည် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး မိဖုရား သရဖူကို ပြင်းထန်စွာ ဆွဲချွတ်လိုက်ရာ ဆံပင်များ ဖရိုဖရဲ ဖြစ်သွားသည်။
ပြီးနောက် နန်းဆောင်အတွင်း၌ ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ဧကရာဇ်ဟောင်း...”
ဧကရာဇ်သည် ဤ နန်းကျ မိဖုရားကို ဆွဲထုတ်သွားရန် အမိန့်ပေးတော့မည် ဖြစ်သော်လည်း သူမ၏ ဤစကားကို ကြားလိုက်ရသောကြောင့် အနည်းငယ် တုန့်ဆိုင်းသွားတော့၏။
ယခုအခါ မိဖုရားကြီးသည် တစ်ဝက် ရူးသွပ်နေပြီဖြစ်ရာ ဧကရာဇ်ဟောင်းကို ပြစ်တင်ဝေဖန်မည့် စကားများ ပြောဆိုလာပါကလည်း ကောင်းသည်။
“ဧကရာဇ်ဟောင်း...”
မိဖုရားကြီးက စူးရှစွာ ပြောလိုက်ပြီးနောက် ခါးကို ကိုင်း၍ အရိုအသေပေးကာ ဆွဲဆောင်မှုရှိသော အသံဖြင့် ဆက်ပြောလိုက်၏။ “ရှင်က တကယ်ကို အစွမ်းထက်ပါတယ်။ ကျွန်မတို့ တာ့ကျိုးဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီ။ အရမ်းကို ဟောင်းနွမ်းနေပြီး မင်းဆက် အသစ် ပြောင်းတော့မယ့် အခြေအနေကို ရောက်နေပြီ။
ဒါပေမဲ့ ရှင်က သူ့ကို အသက်ဆက်ပေးခဲ့တယ်။ တောင်ပိုင်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တယ်၊ ပင်လယ ်ရေကြောင်း ကုန်သွယ်ရေးတွေ လုပ်ပြီး တာ့ကျိုးအင်ပါယာရဲ့ အကျင့်ပျက် ခြစားတဲ့ အဖွဲ့အစည်းကြီးကို အသက်ဆက်နိုင်အောင် လုပ်ပေးခဲ့တယ်။”
ဧကရာဇ် မျက်မှောင်ကြုတ်သွားတော့သည်။ ‘ဒီနန်းကျမိဖုရားက ဘာပြောချင်နေတာလဲ။’
မိဖုရားကြီးက ရယ်မောကာ ဆက်ပြောလိုက်၏။ “ဒါပေမဲ့ တာ့ကျိုးအင်ပါယာဟာ အစောကြီးတည်းက ရောဂါကျွမ်းနေပြီ။ ကယ်တင်လို့ မရတော့ဘူး... ကယ်တင်လို့ မရတော့ဘူး။ ကျွန်မရဲ့ မိသားစုက ဒီတစ်ကြိမ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆန်တွေကို အကျင့်ပျက် ခြစားပြီး ငွေသား တစ်သန်းကျော် ရခဲ့တယ်။ ဒီနှစ်တွေ အတွင်းမှာ ပင်လယ်ပြင်ကနေ မှောင်ခို ရောင်းချပြီး ငွေသား ဆယ်သန်းကျော် ရခဲ့တယ်။
ဒါပေမဲ့ ကျွန်မမိသားစု တစ်ခုတည်းပဲလား။ တာ့ကျိုးရဲ့ ညီလာခံပေါ်က မှူးမတ်တွေထဲမှာ ဘယ်သူက အကျင့်ပျက် ခြစားမှု မရှိဘူးလဲ။ ဘယ်အမတ်က အကျင့်ပျက် ခြစားမှု မရှိဘူးလဲ။ ဘယ်အရာရှိက အကျင့်ပျက် ခြစားမှု မရှိဘူးလဲ။
အောက်ရှင်းနဲ့ ယွီကျန်း လိုမျိုး သန့်ရှင်းတဲ့ အမတ်တွေ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ တာ့ကျိုးအင်ပါယာရဲ့ စစ်သူကြီးတွေကို ကြည့်လိုက်ပါအုံး။ တတိယအဆင့် အထက်က စစ်သူကြီးတွေ အားလုံးက မှူးမတ်တွေချည်းပဲ။ တတိယအဆင့် အထက်က စစ်ဖက်ဆိုင်ရာ မှူးမတ်တွေထဲမှာ ဘယ်သူက အကျင့်ပျက် ခြစားမှု မရှိဘူးလဲ။
ဧကရာဇ်ဟောင်း... ရှင်က အဲဒီတုန်းက ရှီးလျန်နိုင်ငံရဲ့ မြင်းစီးတပ်ဖွဲ့ကို အသုံးချပြီး အနောက်ဘက် နယ်စပ်က စစ်တပ်ခေါင်းဆောင်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီအထဲမှာ မယ်တော်မိဖုရားခေါင်ကြီးရဲ့ မိသားစုလည်း ပါတယ်။ ဒါပေမဲ့ အခု ကြည့်လိုက်ပါအုံး။ တောင်ပိုင်းက ဖူယန်ထူ၊ အနောက်ပိုင်းက အောက်တုန်း... ဘယ်သူက စစ်တပ်ကို အားကိုးပြီး မောက်မာ မနေဘူးလဲ။ ဧကရာဇ်မင်းမြတ်က ရှင့်လောက် အစွမ်းမထက်ပေမယ့် တာ့ကျိုးအင်ပါယာဟာ အခုလို အခြေအနေမျိုး ရောက်နေရတာရဲ့ အဓိက အကြောင်းရင်းက ရှင် မသေသေးလို့ပဲ။
ဧကရာဇ်ဟောင်း... အကယ်၍ ရှင်သာ စောစော သေသွားမယ်ဆိုရင် တာ့ကျိုးအင်ပါယာမှာ ဒီလောက် ပြဿနာတွေ များလာမှာ မဟုတ်ဘူး။ ကောင်းကင်မှာ နေနှစ်စင်း မရှိသလို၊ ပြည်သူတွေမှာလည်း အရှင်သခင် နှစ်ယောက် မရှိပါဘူး။ ရှင့်ရဲ့ တည်ရှိနေမှုကပဲ အမတ်တွေ အများကြီးကို စိတ်ကူးယဉ် အိပ်မက်တွေ မက်စေခဲ့တာ။ ပြီးတော့ အမတ်တွေ အများကြီးက ဧကရာဇ်နဲ့ ဈေးဆစ်နိုင်အောင် လုပ်ပေးခဲ့တာ။ ဧကရာဇ် ကလည်း အမတ်တွေ အများကြီးကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားစေခဲ့တာ။
ဧကရာဇ်ဟောင်း... ရှင်က အစောကြီးတည်းက သေသင့်နေပြီ။ အကယ်၍ ရှင် သေသွားရင် ကျွန်မတို့ တာ့ကျိုးအင်ပါယာဟာ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်လောက် အသက်ဆက်နိုင်ပါသေးတယ်။ အခုတော့ ရှင်က မသေသေးဘဲ ဧကရာဇ်မင်းမြတ်နဲ့ ဆက်ပြီး ပြည်တွင်းရေး အားပြိုင်မှုတွေ လုပ်နေဦးမယ်ဆိုရင် ကျွန်မတို့ တာ့ကျိုးအင်ပါယာဟာ နောက်ထပ် ဆယ်နှစ်တောင် မခံဘဲ ပျက်စီးသွားလိမ့်မယ်။ ဟား... ဟား... ဟား... ဟား...”
မိဖုရားကြီးသည် အမှန်တကယ်ပင် ရူးသွပ်နေပြီ ဖြစ်သည်။ အရူး မဟုတ်ပါက မည်သူက အတွင်းစိတ်ထဲမှ စကားများကို ပြောဆိုဝံ့မည်နည်း။
ဧကရာဇ်ကလည်း မတားဆီးခဲ့သလို ဧကရာဇ်ဟောင်းကလည်း မတားဆီးခဲ့ဘဲ သူမကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပြုထားခဲ့သည်။