အခန်း (၅၇၃-၅၇၄)
Vol. 49 Ch. 573-574
အပိုင်း (၅၇၃)
“ဒါပေမဲ့ ဧကရာဇ်ဟောင်း... ရှင် သေတော့မယ်... ရှင် သေတော့မယ်...”
မိဖုရားကြီးသည် လက်ညှိုးဖြင့် ဧကရာဇ်ဟောင်းကို ညွှန်ပြလိုက်ပြီး ထို့နောက် ယွင်ကျုံးဟဲ့ကို ထပ်မံ ညွှန်ပြကာ စူးရှစွာ ရယ်မောလိုက်၏။ “ဧကရာဇ်ဟောင်း... ပြီးတော့ အောက်ယွီ... ပြီးတော့ ရှန်ရှန်း ဆိုတဲ့ ကောင်မလေး... ပြီးတော့ အောက်ရှင်း... မင်းတို့ အားလုံး သေရတော့မယ်... ဟား... ဟား... ဟား...”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၏ မျက်နှာများ လုံးဝ ပြောင်းလဲသွားတော့သည်။
ယနေ့ မြင်ကွင်းသည် တာ့ကျိုးအင်ပါယာ၏ ညီလာခံတွင် နှစ်ပေါင်း ရာချီအတွင်း ယုတ္တိမရှိဆုံး အချိန်အခါ ဖြစ်ပေလိမ့်မည်။
“ကျွန်မ ရှင်တို့ကို ကူးစက်ရောဂါ အဆိပ် ခတ်ထားပြီးပြီ။”
မိဖုရားကြီးက စူးရှစွာ ရယ်မောလိုက်၏။ “ဧကရာဇ်ဟောင်း၊ အောက်ယွီ၊ မင်းသမီး ရှန်းရှန်း၊ အောက်ရှင်းနဲ့ တခြားလူတွေ အားလုံးကို ကျွန်မ ကူးစက်ရောဂါအဆိပ် ခတ်ထားပြီးပြီ။ လွန်ခဲ့တဲ့ သုံးရက်တည်းက ခတ်ထားတာ။ ရှင်တို့ အားလုံး ဒီနေ့ညကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး။
ဟား... ဟား... ဟား... ဒီကူးစက်ရောဂါ ပိုးမွှားတွေက ရှင်တို့ရဲ့ ဦးနှောက်ထဲကို ဝင်ရောက်သွားပြီး သွေးတွေကို စုပ်ယူကာ ဦးနှောက်ကို စားသောက်ကြလိမ့်မယ်။ အဲဒီနောက်မှာ ရှင်တို့ရဲ့ ဦးနှောက်က ပေါက်ကွဲထွက်သွားပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကနေ ထွက်လာကြလိမ့်မယ်။”
မိဖုရားကြီး ပြောဆိုနေသော စကားများသည် အမှန်တကယ်ပင် ကြက်သီးမွေးညင်း ထသွားစေနိုင်သည်။
“ရှင်တို့ သေချာပေါက် သေရတော့မယ်... သေချာပေါက် သေရတော့မယ်... ဟား... ဟား... ဟား... ကျီရွှေ့အဖွဲ့အစည်းရဲ့ ကူးစက်ရောဂါ ပိုးမွှားတွေက လောကမှာ အကောင်းဆုံးပဲ။ ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာ။”
မိဖုရားကြီးက စူးရှစွာ ရယ်မောရင်း ပြောလိုက်၏။ “ဒီကူးစက်ရောဂါ ပိုးမွှားတွေ အားလုံးက ငရဲပြည်ကနေ လာတာဖြစ်ပြီး အသက်တွေကို မျိုချဖို့ သီးသန့် လုပ်ထားတာ။”
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး အလွန် အံ့ဩတုန်လှုပ်နေကြသည်။ ကူးစက်ရောဂါ အဆိပ် ဆိုသည်ကို သူတို့ ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ကြသလို အတည်ပြုနိုင်ခြင်းလည်း မရှိခဲ့ကြချေ။
အချိန်အတော်ကြာပြီးမှသာ မိန်းမစိုးကြီး ဟောက်ကျင့်က ပြောလိုက်သည်။ “မိဖုရားကြီး... ခင်ဗျား ပြောတဲ့ ကျီရွှေ့အဖွဲ့အစည်းက ဝူယောင်ကျစ် က ထွက်သွားပါပြီ။ ပြီးတော့ ခင်ဗျားအတွက် စာတစ်စောင်လည်း ထားခဲ့ပါတယ်။”
မိဖုရားကြီး အနည်းငယ် အံ့ဩသွား၏။
မိန်းမစိုးကြီး ဟောက်ကျင့်သည် စာကို ဖွင့်ကာ ဖတ်ပြလိုက်သည်။ “မိဖုရားကြီး... ခင်ဗျားရဲ့ ငွေသား တစ်သိန်းအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် လက်ခံလိုက်ပါပြီ။ ဒါက ကျုပ်ဘဝမှာ လိမ်ညာရ အလွယ်ကူဆုံး အကြိမ်ပါပဲ။ ဒီကမ္ဘာလောကကြီးမှာ ကူးစက်ရောဂါ ပိုးမွှားတွေ ရှိ၊ မရှိ ကျုပ် မသိပါဘူး။ ဒါပေမဲ့ ကျုပ်က သင့်ကို မျက်လှည့်ပြဇာတ် တစ်ခု ကပြခဲ့တာ သက်သက်ပါပဲ။
ပြီးတော့ ကျုပ်က ဘာ ကျီရွှေ့အဖွဲ့အစည်းကမှ မဟုတ်ပါဘူး။ သာမန် လမ်းဘေး လိမ်ညာသူ တစ်ယောက် သက်သက်ပါပဲ။ ကျုပ် နာမည်ကလည်း ဝူယောင်ကျစ် မဟုတ်ပါဘူး။ ကျုပ်ရဲ့ နာမည်ရင်းက ဝမ်ကုန်းဝါ ပါ။ ကျုပ် ငွေသား တစ်သိန်းယူပြီး ပျော်ပျော်ပါးပါး နေဖို့ သွားပါပြီ။ နောက်ထပ် ပြန်မတွေ့ကြတော့ပါဘူး။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားတော့၏။
“မဟုတ်ဘူး... မဟုတ်ဘူး... မဖြစ်နိုင်ဘူး။ အဲဒါက သေချာပေါက် ကူးစက်ရောဂါ ပိုးမွှားတွေပါပဲ။ ဧကရာဇ်ဟောင်းနဲ့ အောက်ယွီကို သေစေနိုင်တဲ့ ကူးစက်ရောဂါ ပိုးမွှားတွေ အစစ်ပါ။ အဲဒီ ဝူယောင်ကျစ်က ဒီလောက်တောင် အစွမ်းထက်ပြီး နတ်ဒေဝါတွေလို စွမ်းဆောင်နိုင်တာကို ဘယ်လိုလုပ်ပြီး လိမ်ညာသူ တစ်ယောက် ဖြစ်နိုင်မှာလဲ။”
မိန်းမစိုးကြီး ဟောက်ကျင့်က မေးလိုက်သည်။ “မိဖုရားကြီး... ဒါက ခင်ဗျား ပြောတဲ့ အဲဒီ ကူးစက်ရောဂါ ပိုးမွှားတွေ မဟုတ်လား။
သူသည် ပန်းကန် တစ်လုံးကို ထုတ်ယူလိုက်ရာ အတွင်း၌ ကြောက်စရာကောင်းသော ပိုးမွှားများ ပြည့်နှက်နေပြီး ဝူယောင်ကျစ် ပြောခဲ့သော ငရဲပြည်မှ ကူးစက်ရောဂါ ပိုးမွှားများ ဖြစ်၏။
ယွင်ကျုံးဟဲ့ ရှေ့သို့တက်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်သည်။ “မိဖုရားကြီး... ဒီပိုးမွှားတွေက တကယ်တော့ ကြောက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့က ကူးစက်ရောဂါ ပိုးမွှားတွေ မဟုတ်ပါဘူး။ သူတို့ကို မြေပြန့် ပိုးမွှားတွေလို့ ခေါ်ပါတယ်။ ပြီးတော့ အခုမှ ပေါက်လာတဲ့ အကောင်လေးတွေပါ။ ရေနွေးပူပူတောင် မလိုပါဘူး။ ရေနွေး နည်းနည်းလောက် လောင်းထည့်လိုက်တာနဲ့ အကုန် သေကုန်မှာပါ။”
ပြောဆိုပြီးနောက် ယွင်ကျုံးဟဲ့သည် မိန်းမစိုး တစ်ဦးထံမှ ရေနွေး အနည်းငယ်ကို တောင်းယူကာ တိုက်ရိုက် လောင်းထည့်လိုက်တော့၏။
ထင်သည့်အတိုင်းပင် ပန်းကန် အတွင်းရှိ ငရဲပြည်မှ ကူးစက်ရောဂါ ပိုးမွှားဟု ဆိုသော အရာများ အားလုံး သေဆုံးသွားကြတော့သည်။
ယွင်ကျုံးဟဲ့က ပြုံးလျက် မေးလိုက်၏။ “မိဖုရားကြီး... ခင်ဗျားရဲ့ ငရဲပြည်မှ ကူးစက်ရောဂါပိုးမွှားတွေက အရမ်းကို အားနည်းလွန်းနေပြီ မဟုတ်လား။”
မိဖုရားကြီးသည် အမှန်တကယ်ပင် လုံးဝ ပြိုလဲသွားပြီ ဖြစ်ပြီး ဆက်လက် မတ်တတ်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားတော့၏။ သူမသည် သေရမည်ကို မကြောက်တော့ချေ။
သို့ပေမည့် သူမ သေဆုံးမည့် အချိန်တွင် နောက်ဆုံး ရည်မှန်းချက်မှာ ဧကရာဇ်ဟောင်းကို သတ်ရန်၊ အောက်ယွီကို သတ်ရန် ဖြစ်သည်။ မထင်မှတ်ဘဲ ဤသည်မှာ လှည့်စားမှု တစ်ခု သက်သက်သာ ဖြစ်နေသောကြောင့် သူမ မည်သို့ သည်းခံနိုင်မည်နည်း။
ဧကရာဇ်က အေးစက်စက်ဖြင့် အမိန့်ပေးလိုက်၏။ “လာကြစမ်း... နန်းကျ မိဖုရား နင်ရှီကို ဆွဲထုတ်သွားပြီး အကျယ်ချုပ် ချထားလိုက်။”
“အမိန့်တော်အတိုင်းပါ။” မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး နန်းကျ မိဖုရားကို ဆွဲထုတ်သွားကြတော့သည်။
မိဖုရားကြီးကို ဆွဲထုတ်သွားပြီးနောက် ဧကရာဇ်က ရုတ်တရက် မေးလိုက်၏။ “အောက်ယွီ... ခင်ဗျားရဲ့ ငွေသား ခုနစ်သန်းက ဘယ်ကနေ ရလာတာလဲ ဆိုတာကို အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေကို ရှင်းပြပေးပါလား။”
‘အရှင်မင်းမြတ်... ခင်ဗှားရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တကယ် ကောင်းတာပဲနော်။ ခင်ဗျားရဲ့ မိဖုရားကြီးကို ခုနကမှ ရာထူးကနေ ဖယ်ရှားလိုက်တာကိုတောင် ဒီအကြောင်းကို မေးဖို့ စိတ်ဝင်စားနေသေးတယ်ပေါ့။’
စောစောက မြင်ကွင်းသည် ထိုနေရာတွင် ရှိနေသော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို ကြီးမားသော အံ့ဩတုန်လှုပ်မှုများ ဖြစ်စေခဲ့ပြီး ယခုအချိန်အထိ မပျောက်ကွယ်သေးချေ။
ယခုအခါ ဧကရာဇ်က မေးမြန်းလိုက်သည်ကို ကြားရချိန်မှာတော့ သူတို့လည်း သိချင်စိတ် ဖြစ်လာကြသည်။
‘ဟုတ်တယ်။ ရွှေ ပေါင်သောင်းချီ ဆိုတာ ငွေသား ခုနစ်သန်းနဲ့ ညီမျှတယ်လေ။ အောက်ယွီက အသံတိတ် စုဆောင်းနိုင်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’
ယွင်ကျုံးဟဲ့သည် ရင်ဘတ်ထဲမှ စာအိတ် တစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ အကျိုးဆောင်မှု လုံးဝ မဟုတ်ပါဘူး။ ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမနဲ့ ကျေးဇူးတော်တွေကြောင့်ပါ။ လူတိုင်းမှတ်မိကြအုံးမယ် ထင်ပါတယ်။
ဧကရာဇ်ဟောင်း နန်းတက်ပြီး သိပ်မကြာခင်မှာ ရှီးလျန်နိုင်ငံရဲ့ မြင်းစီးတပ်ဖွဲ့တွေ မြို့တော် အရှေ့အထိ ရောက်လာတော့ ရှီးလျန်တပ်တွေ ဆုတ်ခွာသွားအောင် မင်းသမီး လန်ရှီးကို ရှီးလျန် ဘုရင်ဆီ ကိုယ်လုပ်တော် အဖြစ် လက်ထပ်ပေးခဲ့ရပြီး ရှီးလျန် နိုင်ငံကို နှစ်စဉ် ငွေသား တစ်သန်းခွဲ ပေးဆက်ခဲ့ရပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ မျက်နှာများ အလွန် ထူးဆန်းသွားတော့သည်။ ဤသည်မှာ သမိုင်းဝင် အရှက်တကွဲ ကိစ္စကြီး တစ်ခု ဖြစ်၏။
အောက်ယွီက ဤကဲ့သို့ လူသိရှင်ကြား ပြောဆိုရဲခြင်းမှာ ဧကရာဇ်ဟောင်း အပြစ်ပေးမည်ကို မကြောက်ဘူးလား။
သို့ပေမည့် ဧကရာဇ်ဟောင်းသည် အပြုံးလေးဖြင့် နားထောင်နေဆဲဖြစ်ပြီး မည်သည့် မကျေနပ်မှုမှ မပြသခဲ့ချေ။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “အဲဒီနောက်မှာ ဘာဖြစ်သွားလဲဆိုတာ လူတိုင်း သိကြပါတယ်။ ဧကရာဇ်ဟောင်းဟာ တောင်ပိုင်းကို သိမ်းပိုက်ခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခဲ့လို့ တာ့ကျိုးအင်ပါယာဟာ ပြန်လည် အားကောင်းလာခဲ့ပါတယ်။
ရှီးလျန်နိုင်ငံ ကလည်း အနောက်ဘက်ကို တိုက်ခိုက်တဲ့ စစ်ရေးဗျူဟာတွေကို စတင်ခဲ့ပြီး နိုင်ငံပေါင်းများစွာကို ဖျက်ဆီးပစ်ကာ အခုဆိုရင် တာ့ရှီး အင်ပါယာအဖြစ် ပြောင်းလဲသွားပြီး လောကရဲ့ အင်ပါယာကြီး လေးခု ထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ တာ့ရှီးဧကရာဇ်ဟာ အဲဒီတုန်းက သူ့ရဲ့ ရိုင်းစိုင်းမှုတွေအတွက် အမြဲတမ်း နောင်တရနေခဲ့ပါတယ်။ ဧကရာဇ်ဟောင်း အာဏာ ပြန်လုလိုက်တယ် ဆိုတာကို သိသွားတဲ့အခါ တာ့ရှီးဧကရာဇ်ဟာ အရမ်းကို ဝမ်းသာသွားပြီး ရွှေ ပေါင်သောင်းချီကို အထူး ပို့ဆောင်ပေးခဲ့တာပါ။
ပထမအချက် ကတော့ ဧကရာဇ်ဟောင်း အာဏာ ပြန်လုတာကို ဂုဏ်ပြုဖို့ ဖြစ်ပြီး ဒုတိယ အချက်ကတော့ အဲဒီတုန်းက ကျုပ်တို့က ရှီးလျန် နိုင်ငံကို ပေးဆက်ခဲ့ရတဲ့ အခွန်ငွေတွေကို ပြန်ပေးဖို့ပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အံ့ဩသွားကြပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွား ကြတော့၏။
‘ကျုပ်တို့ ယုံမယ်များ ထင်နေလား။ တာ့ရှီး ဧကရာဇ်ရဲ့ အာဏာရှင်ဆန်မှုနဲ့ လောဘကြီးမှုကို ဘယ်သူက မသိလို့လဲ။ သူ မျိုချထားတဲ့ အသားကို ဘယ်လိုလုပ် ပြန်ထွေးထုတ်ပေးနိုင်မှာလဲ။ အရင်တုန်းက ပေးဆက်ခဲ့တဲ့ ငွေကြေးတွေကို ဘယ်လိုလုပ် ပြန်ပေးနိုင်မှာလဲ။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း.. ဒါက တာ့ရှီး ဧကရာဇ်က အရှင့်ထံ ပေးပို့လာတဲ့ နိုင်ငံတော် သဝဏ်လွှာပါ။ အရှင့်ရဲ့ အာဏာ ပြန်လုတာကို ဂုဏ်ပြုပြီး လျော်ကြေးငွေ ငွေသား ခုနစ်သန်းခွဲကို ပြန်ပေးလိုက်ပါတယ်။ လက်ခံပေးတော်မူပါ။”
ဧကရာဇ်ဟောင်းက လက်ဆန့်ထုတ်လိုက်ရာ မိန်းမစိုးကြီး ဟောက်ချန် ရှေ့သို့တက်၍ နိုင်ငံတော် သဝဏ်လွှာကို လက်ခံရယူလိုက်၏။ ထို့နောက် ဧကရာဇ်ဟောင်းထံ ဆက်သလိုက်သည်။
ဧကရာဇ်ဟောင်းက ဖတ်ရှုပြီးနောက် ဧကရာဇ်ထံသို့ ကမ်းပေးလိုက်သည်။ ဧကရာဇ်က တစ်ချက် ကြည့်လိုက်ရုံဖြင့် နိုင်ငံတော် သဝဏ်လွှာမှာ အစစ်အမှန် ဖြစ်ကြောင်း သိရှိလိုက်၏။
သို့ပေမည့် မည်သို့ဖြစ်နိုင်မည်နည်း။ တာ့ရှီးဧကရာဇ်သည် ယခင်ကနှင့် လုံးဝမတူတော့ပေ။ သူသည် အနောက်ဘက်ဒေသရှိ နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ထားပြီးဖြစ်သည်။
နယ်မြေအကျယ်အဝန်းမှာ တာ့ကျိုးအင်ပါယာ၏ နှစ်ဆခန့်ရှိနေပြီး ဘုရင်များ၏ဘုရင်ဟုပင် ခေါ်ဆိုခံနေရသူ ဖြစ်သည်။ ယခင်က ရှီးလျန်ဘုရင်ဘဝ၌ပင် မောက်မာရိုင်းစိုင်းစွာဖြင့် တာ့ကျိုးမြို့တော်၏ အရှေ့ဘက်အထိ တိုက်ခိုက်လာနိုင်ခဲ့သူ ဖြစ်၏။
ယခုအခါ တာ့ရှီးအင်ပါယာသည် ဤမျှအင်အားကြီးမားနေသော်လည်း တာ့ကျိုးကို အလျှော့ပေး လိုက်လျောခြင်း ဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။ သို့သော်လည်း ဤရွှေတုံးများနှင့် နိုင်ငံတော် သဝဏ်လွှာမှာ အတုအယောင် ဖြစ်နိုင်စရာ အကြောင်း မရှိပေ။
ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ တာ့ရှီးဧကရာဇ်သည် ဧကရာဇ်ဟောင်းနှင့် အသက်အရွယ်တူညီပြီး အသက်ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သည်။
သူ၏အောင်မြင်မှုများမှာလည်း ဧကရာဇ်ဟောင်းထက် မနိမ့်ကျသည့်အပြင် ဘုရင်များ၏ဘုရင်ဟုပင် ဖြစ်လာခဲ့၏။
ဘဝ၏ အမြင့်ဆုံးအောင်မြင်မှုကို ရရှိထားသည့် တာ့ရှီးဧကရာဇ်သည် သေဆုံးခြင်းကို လိုလားမည် မဟုတ်ပေ။ သို့သော်လည်း အသက်ရှင်ရန် အချိန်မှာ သိပ်မကျန်တော့ချေ။
ထို့ကြောင့် သူသည် ဧကရာဇ်ဟောင်းနှင့် တူညီသည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး အသက်ရှည်နုပျိုစေသည့် ဆေးကို သောက်သုံးခဲ့သည်။
တာ့ရှီးဧကရာဇ်သည် ဧကရာဇ်ဟောင်းထက်ပင် ပိုမို၍ သေရမည်ကို ကြောက်ရွံ့သလို၊ ပိုမို၍လည်း အသက်ရှည်လိုသူ ဖြစ်သည်။ ထို့ကြောင့် စွန့်စားရမည်ကိုလည်း ဝန်မလေးခဲ့ပေ။
ရလဒ်အနေဖြင့် အဆိုပါ အသက်ရှည်နုပျိုစေသည့်ဆေးကို သောက်သုံးပြီးနောက် သူသည် လေဖြတ်သွားကာ လည်ပင်းအောက်ပိုင်း လုံးဝမလှုပ်ရှားနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွား၏။ သို့သော်လည်း သူသည် နန်းမစွန့်ဘဲ ထီးနန်းကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။
သို့ပေမည့် အိမ်ရှေ့စံမင်းသား လီကျိုးက ပိုမိုမောက်မာလာသည့်အတွက် တာ့ရှီးဧကရာဇ်သည် သူအချစ်ဆုံး မင်းသမီးကို ရာထူးတိုးမြှင့်ပေးလိုက်ပြီး အုပ်ချုပ်ရေးတွင် ကူညီမည့် ဘုရင်မအဖြစ် ခန့်အပ်လိုက်၏။
အရှေ့တိုင်းအင်ပါယာများတွင် အမျိုးသမီးများ ဘုရင်ဖြစ်ခွင့် မရှိသော်လည်း အနောက်တိုင်း အင်ပါယာများ တွင်မူ ထိုသို့သော ဖြစ်ရပ်များစွာ ရှိသည်။
ဤတာ့ရှီးအင်ပါယာ၏ မင်းသမီးမှာ မိခင်မည်သူဖြစ်ကြောင်း အတိအကျ မသိရသော်လည်း အနောက်တိုင်းသူ တစ်ဦး ဖြစ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကပြားတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သူမသည် ငယ်စဉ်ကတည်းက မင်းသမီး လန်ရှီး၏ လက်အောက်တွင် ကြီးပြင်းလာခဲ့ပြီး မင်းသမီး လန်ရှီးကို မိခင်အဖြစ် သတ်မှတ်ကာ တရုတ်နာမည်ကိုလည်း မိခင်၏နာမည်အတိုင်း လီလန်ရှီးဟု အသုံးပြုထား၏။
သို့သော်လည်း ယခုအချိန်တွင် မည်သူမှ ဤမင်းသမီးကို လီလန်ရှီးဟု မခေါ်ဆိုကြတော့ပေ။ အားလုံးက သူမကို သွေးစွန်းဘုရင်မ ဟုသာ ခေါ်ဆိုကြသည်။
တာ့ရှီးဧကရာဇ် လေဖြတ်သွားပြီးနောက်တွင် သူမသည် ဧကရာဇ်ကိုယ်စား ပြည်တွင်းရေးရာများကို စီမံခန့်ခွဲပေးခဲ့၏။
တာ့ရှီးအင်ပါယာသည် အနောက်ဘက်ဒေသရှိ နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ထား၏။ အထူးသဖြင့် နှစ်ထောင်ချီ သက်တမ်းရှိသည့် အင်ပါယာကြီးတစ်ခုကိုပါ ဖျက်ဆီးထားခဲ့သောကြောင့် ပုန်ကန်မှုများမှာ နေရာတိုင်းတွင် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ အုပ်ချုပ်ရေးကို ကူညီမည့် ဘုရင်မ တက်လာပြီးနောက်တွင်မူ သွေးထွက်သံယို မူဝါဒကို ချက်ချင်း ကျင့်သုံးခဲ့၏။
နေရာတိုင်းရှိ ပုန်ကန်မှုများကို ရင်ဆိုင်ရာတွင် သူမကျင့်သုံးသည့် မူဝါဒမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ လူမျိုးတုံးသတ်ဖြတ်ခြင်းပင် ဖြစ်သည်။
မည်သည့်မြို့တွင် ပုန်ကန်မှုဖြစ်ပွားပါစေ၊ ထိုမြို့ရှိ လူတစ်ယောက်မှ မကျန်အောင် သတ်ဖြတ်ပစ်လိုက်သည်။ ထို့နောက်တွင်မူ ထိုမြို့၏ နယ်မြေများကို ပုန်ကန်မှု နှိမ်နင်းသည့် စစ်တပ်မိသားစုများထံ ခွဲဝေ ပေးအပ်လိုက်၏။
ဤသို့ဖြင့် တာ့ရှီးအင်ပါယာ၏ စစ်တပ်များသည် လှောင်အိမ်ထဲမှ လွတ်လာသည့် သားရဲတိရစ္ဆာန်များကဲ့သို့ ဖြစ်သွားကြ၏။ ၎င်းတို့သည် ပုန်ကန်မှုများကို မကြောက်ရွံ့ကြတော့သည့်အပြင် မည်သည့်နေရာတွင် ပုန်ကန်မှု ဖြစ်ပွားသည်ဟု ကြားသိရသည်နှင့် စိတ်လှုပ်ရှားကာ ဝမ်းသာအားရ ဖြစ်နေကြတော့သည်။
အပိုင်း (၅၇၄)
ထိုကဲ့သို့ အုပ်ချုပ်ရေး ကူညီမည့် ဘုရင်မ၏ သွေးထွက်သံယို နည်းလမ်းများအောက်တွင် အနောက်ဘက် ဒေသ၌ ဖြစ်ပေါ်နေသည့် ပုန်ကန်မှုအားလုံးမှာ အမြစ်ပြတ် နှိမ်နင်းခြင်း ခံလိုက်ရ၏။
သို့သော်လည်း အနောက်ဘက်ဒေသရှိ နိုင်ငံပေါင်းများစွာမှ လူဦးရေ အမြောက်အမြားမှာလည်း သတ်ဖြတ်ခြင်း ခံလိုက်ရသောကြောင့် လူတိုင်းက သူမကို သွေးစွန်းဘုရင်မဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
အချိန်အတော်ကြာသည့်တိုင် အိမ်ရှေ့စံမင်းသား လီကျိုးသည် တာ့ရှီးအင်ပါယာ၏ အရှေ့ဘက်ခြမ်းကို အုပ်ချုပ်ခဲ့ပြီး ထိုနေရာကို ဘိုးဘေးများ၏ နယ်မြေဟု သတ်မှတ်ကြသည်။ သွေးစွန်းဘုရင်မကမူ အနောက်ဘက်ခြမ်းကို အုပ်ချုပ်ပြီး ထိုနေရာမှာမူ အုပ်ချုပ်ခံ နယ်မြေသစ်များသာ ဖြစ်၏။
လူနှစ်ဦး ထီးနန်းလုသည့် တိုက်ပွဲမှာ အလွန် ပြင်းထန်လှ၏။ သို့သော်လည်း တာ့ရှီးအင်ပါယာ၏ ညီလာခံမှ အမတ်အများစုမှာ ရှီးလျန်ခေတ်က အမတ်ဟောင်းများ ဖြစ်ကြသည်။
သူတို့သည် မိမိကိုယ်ကိုယ် အရှေ့တိုင်းအင်ပါယာ၊ ယခင်က ထွန်းလင်းတောက်ပခဲ့သည့် တာ့ယန်အင်ပါယာ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ခိုင်မာစွာ သတ်မှတ်ထားကြသောကြောင့် သွေးစွန်းဘုရင်မ၏ ရက်စက်သည့် နည်းလမ်းများကို လုံးဝမနှစ်သက်ကြပေ။
ထို့အပြင် သူမသည် အရှေ့နှင့်အနောက် ကပြားတစ်ဦး ဖြစ်သလို အမျိုးသမီးတစ်ဦးလည်း ဖြစ်နေသောကြောင့် ဧကရာဇ် ဖြစ်လာနိုင်မှာ မဟုတ်ပေ။ သေချာပေါက် အိမ်ရှေ့စံမင်းသား လီကျိုးသာ ဧကရာဇ် ဖြစ်လာသင့်သည်ဟု ယူဆကြသည်။
သို့သော်လည်း သွေးစွန်းဘုရင်မဘက်တွင်လည်း သူမကို ထောက်ခံသူများ ရှိနေသေးသည်။ ထိုသူများမှာ အကျိုးအမြတ် ရရှိသူများ ဖြစ်သည်။ သူမ၏ လူမျိုးတုံးသတ်ဖြတ်သည့် မူဝါဒကြောင့် လူအများအပြားမှာ မှူးမတ်အသစ်များ၊ မြေရှင်အသစ်များ ဖြစ်လာခဲ့ကြသောကြောင့် သူမကို အခိုင်အမာ ထောက်ခံ နေကြခြင်းဖြစ်၏။
လွန်ခဲ့သည့် လအနည်းငယ်က ရိုလန်မြို့၌ ယွင်ကျုံးဟဲ့သည် လီကျိုး၏ တပ်တော်သုံးသိန်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့သောကြောင့် လီကျိုး၏ နာမည်ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်စေခဲ့၏။ ထိုဖြစ်ရပ်သည် သွယ်ဝိုက်သောနည်းဖြင့် သွေးစွန်းဘုရင်မကို ကူညီပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော်လည်း သွေးစွန်းဘုရင်မကဲ့သို့ သဘာဝတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သူ တစ်ဦးအနေဖြင့် ယွင်ကျုံးဟဲ့ကို ကျေးဇူးတင်၍ ငွေသားခုနစ်သန်း ပေးအပ်လိမ့်မည်ဟူသည်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။ ထိုမိန်းမတွင် ကျော်ကြားသော စကားတစ်ခွန်းရှိ၏။
“ကျွန်မဟာက ကျွန်မဟာပဲ၊ ရှင့်ဟာကလည်း ကျွန်မဟာပဲ။ ဒီကမ္ဘာကြီးပေါ်က အရာတွေအားလုံး ကျွန်မ မြင်လိုက်ရပြီဆိုတာနဲ့ ကျွန်မဟာပဲ။”
ထို့ကြောင့် ဤငွေသားခုနစ်သန်းမှာ ယွင်ကျုံးဟဲ့ ဆေးရောင်းချ၍ ရရှိလာခြင်း ဖြစ်၏။ ထိုဆေးမှာ မီတျဲချိုင့်ဝှမ်းမှ ပေးလိုက်သည့် နတ်ဆေးတစ်ခွက်ဖြစ်ပြီး ဧကရာဇ်ဟောင်း၏ အသက်ကို ကယ်တင် ပေးခဲ့သည့် ဆေးဖြစ်သည်။
ထိုစဉ်က ယွင်ကျုံးဟဲ့သည် ဆေးနှစ်ခွက် တောင်းခံခဲ့ခြင်းမှာ တာ့ရှီးအင်ပါယာဆီမှ အခွင့်ကောင်းယူကာ ငွေညှစ်ရန်အတွက် ဖြစ်၏။
ထိုအချိန်က မင်းသမီး ဝူရွှမ်းသည် ရိုလန်မြို့ကို ကယ်တင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် တာ့ရှီးဧကရာဇ်ထံ လက်ထပ်ခြင်းဖြင့် ပေးအပ်ရန် ကြိုးပမ်းခဲ့ပြီးနောက် ဧကရာဇ်၏ ယောက်ျားတစ်ယောက်အဖြစ် စွမ်းဆောင်ရည်များ ဆုံးရှုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အကြောင်းမှာ တာ့ရှီးဧကရာဇ်သည် လည်ပင်းအောက်ပိုင်း တစ်ကိုယ်လုံး လေဖြတ်နေသောကြောင့် ထိုကိစ္စကို မည်သို့မှ မဆောင်ရွက်နိုင်တော့သောကြောင့်ပင်။
ထိုနတ်ဆေးကို သောက်သုံးပြီးနောက် ထျန်းယန်ဧကရာဇ်ဟောင်း၏ လေဖြတ်သည့်ရောဂါများ သိသိသာသာ သက်သာသွားပြီး စိတ်ဓာတ်များလည်း တက်ကြွလာကာ ဆယ်နှစ်ခန့် နုပျိုသွားသည့်သတင်းမှာ တာ့ရှီး ဧကရာဇ်၏ နားသို့ ရောက်ရှိသွားသောအခါ သူသည် ထိုနတ်ဆေးကို အလွန်အမင်း လိုချင်တပ်မက်သွား ခဲ့သည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ “အရှင်မင်းမြတ် လာခဲ့ပါ... ကျုပ်ဆီမှာ နောက်ထပ် နတ်ဆေးတစ်ခွက် ရှိသေးတယ်။”
ထျန်းယန်ဧကရာဇ်ဟောင်းဆိုသည့် အသက်ရှင်လျက်ရှိသော သက်သေရှိနေသောကြောင့် တာ့ရှီး ဧကရာဇ်သည် ယွင်ကျုံးဟဲ့ လက်ထဲမှ နတ်ဆေးတစ်ခွက်ကို မရ ရအောင် ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် မီတျဲချိုင့်ဝှမ်းထံမှလည်း တောင်းခံနိုင်သော်လည်း ဤနတ်ဆေးမှာ ငရဲပြည်မှ မိစ္ဆာမကဲ့သို့သော အဆိပ်မျိုး မဟုတ်ဘဲ တန်ဖိုးမှာ အဆမတန် ကြီးမားလှသောကြောင့် ရွှေငွေဖြင့် ဖြေရှင်းနိုင်သည့် ကိစ္စ မဟုတ်ပေ။
တာ့ရှီးအင်ပါယာအနေဖြင့် မီတျဲချိုင့်ဝှမ်းဆီမှ နတ်ဆေးတစ်ခွက်ရရှိရန် မည်မျှကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည်ကို မည်သူမှ မသိနိုင်ကြပေ။ သို့သော်ငြား ယွင်ကျုံးဟဲ့ထံတွင်မူ ငွေဖြင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။
တာ့ရှီးဧကရာဇ်သည် ဤကမ္ဘာလောကတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဟု ပြောဆိုနိုင်သည်။ အကြောင်းမှာ အနောက်ဘက်ဒေသကို သိမ်းပိုက်သည့် လုပ်ငန်းစဉ်မှာ ရူးရူးမူးမူး လုယက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ရွှေတောင် ငွေတောင်ဖြင့် တည်ဆောက်ထားသည့် အင်ပါယာဖြစ်သောကြောင့်ပင်။
တာ့ရှီးဧကရာဇ်မှာ မည်မျှချမ်းသာသနည်းဆိုလျှင် ရွှေ များလွန်းသောကြောင့် သုံးမကုန်ဖြစ်ကာ မိမိကိုယ်ပိုင် ရုပ်တုတစ်ခု ပြုလုပ်ရန်အတွက်ပင် ရွှေပေါင်သောင်းချီ အသုံးပြုခဲ့သည်။
ဘိုးဘေးတို့၏ နှင်းတောင်ဘုရားကျောင်း ဟောင်းနွမ်းနေသောကြောင့် ခေါင်မိုးကို ပြင်ဆင်ရာ၌လည်း ရွှေပေါင်သောင်းချီ ကုန်ကျပြန်၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့က ဤနတ်ဆေးကို ငွေသားခုနစ်သန်းတန်ဖိုးရှိ ရွှေများနှင့် လဲလှယ်ရန် တောင်းဆို လိုက်ချိန်မှာတော့ တာ့ရှီးဧကရာဇ်က မည်သို့မှ တွန့်ဆုတ်မနေဘဲ သဘောတူလိုက်ကာ ယွင်ကျုံးဟဲ့၏ တောင်းဆိုချက်အတိုင်း နိုင်ငံတော်သဝဏ်လွှာတစ်စောင်ကိုပါ ရေးပေးလိုက်သည်။
ရွှေများ ရောက်ရှိလာချိန်မှာတော့ ယွင်ကျုံးဟဲ့ တွေ့ရှိရသည်မှာ သတ်မှတ်ထားသည်ထက် ဆယ်ရာခိုင်နှုန်း ပိုမိုများပြားနေခြင်း ဖြစ်သည်။ အကြောင်းမှာ အနောက်ဘက်ဒေသတွင် ရွှေနှင့် ငွေလဲလှယ်နှုန်းမှာ ပိုမိုနိမ့်ကျနေခြင်းကြောင့် ဖြစ်၏။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ ငွေရှာနည်းပင် ဖြစ်သည်။ သူသည် လုံးဝအပင်ပန်းမခံဘဲ ဧကရာဇ်ဟောင်းအတွက် ကြီးမားသည့် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
“ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမက မိုင်သောင်းချီ အထိ ပြန့်နှံ့နေပါတယ်။”
“ဧကရာဇ်ဟောင်းကို ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။”
ညီလာခံ သိမ်းပြီးနောက် မိဖုရားကြီး၏ လူယုံတော် မိန်းမစိုးကြီး ဟောက်ကျင့်သည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ဒူးထောက်နေ၏။ “အမတ်မင်း အောက်ယွီ... ကျုပ်ကို ကယ်ပါအုံး... ကျုပ်ကို ကယ်ပါအုံး... အခု ခင်ဗျား တစ်ယောက်တည်းမှာပဲ နတ်ဆေး ရှိတာပါ။ ခင်ဗျား တစ်ယောက်တည်းကပဲ ကျုပ်ကို ကယ်တင်နိုင်မှာပါ။ အမတ်မင်း အောက်ယွီ... မိဖုရားကြီးကို ချောက်ချဖို့ ကူညီပေးရင် ကျုပ်ကို ကယ်တင်မယ်လို့ ခင်ဗျား ကျုပ်ကို ကတိပေးထားတယ်လေ။”
ယွင်ကျုံးဟဲ့သည် နှာခေါင်းကို အုပ်ကာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ နည်းနည်း ဝေးဝေး နေစမ်း။ ခင်ဗျားက မိန်းမစိုး တစ်ယောက် ဖြစ်နေရက်နဲ့ ကာလသား ရောဂါ ဖြစ်ရတယ်လို့၊ တကယ်ကို ထူးဆန်းတဲ့ သတင်းပဲ။”
မိန်းမစိုးကြီး ဟောက်ကျင့်က ငိုကြွေးလျက် ပြောလိုက်၏။ “ကျုပ်ရဲ့ ယောက်ျားမှာ ညစ်ပတ်တဲ့ ရောဂါ ရှိနေမယ် ဆိုတာကို ဘယ်သူက သိမှာလဲ။ ကျုပ် တကယ်ကို ကံဆိုးလွန်းလို့ပါ။ အမတ်မင်း အောက်ယွီ... သနားညှာတာပြီး ကျုပ်ကို ကယ်တင်ပါအုံး။”
ယွင်ကျုံးဟဲ့သည် အင်္ကျီလက်ထဲမှ ပင်နီဆီလင် အထုပ်သေးလေး တစ်ထုပ်ကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “ဆေးကို ယူပြီးရင် မြန်မြန် ထွက်ပြေးတော့။ ဧကရာဇ်က အခု ခင်ဗျားကို သတ်ပစ်ချင်လွန်းလို့ ရူးနေပြီ။”
မိန်းမစိုးကြီး ဟောက်ကျင့်က အဆက်မပြတ် ဦးညွတ်ကာ ပြောလိုက်၏။ “အမတ်မင်း အောက်ယွီကို ကျေးဇူးတင်ပါတယ်။ နောက်ဘဝကျရင် ခင်ဗျားအတွက် နွားတစ်ကောင်၊ မြင်းတစ်ကောင် ဖြစ်လာပြီး ကျေးဇူးဆပ်ပါ့မယ်။”
ထို့နောက် သူသည် ပင်နီဆီလင် အထုပ်သေးလေးကို ကောက်ယူကာ ချက်ချင်း ထွက်ပြေးသွားတော့သည်။
ဧကရာဇ်ဟောင်း၏ ချန်အန်း နန်းဆောင် အတွင်း၌...
“ကလေး... ကျုပ်တို့နဲ့ ဧကရာဇ်ရဲ့ အဆုံးအဖြတ် တိုက်ပွဲကြီး ရောက်လာတော့မယ်။” ဧကရာဇ်ဟောင်းက ပြောလိုက်၏။
မိဖုရားကြီးကို ဖယ်ရှားလိုက်ခြင်းသည် ဧကရာဇ်၏ နောက်ဆုံး သည်းခံနိုင်စွမ်းကို ထိခိုက်သွားစေခဲ့ပြီဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် ပို၍ ပြင်းထန်သော သေရေးရှင်ရေး တိုက်ပွဲကြီး ဖြစ်ပေါ်လာတော့မှာဖြစ်သည်။
သို့မဟုတ် ဤတစ်လကျော် ကာလအတွင်း ဧကရာဇ်သည် အမြဲတမ်း ကြိုတင် ပြင်ဆင်နေပြီး ဧကရာဇ်ဟောင်းကို အသက်အန္တရာယ် ရှိလောက်သော ထိုးနှက်ချက်ပေးရန် စောင့်ဆိုင်းနေခြင်း ဖြစ်၏။
အမှန်တကယ်၌ ရှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့ညက ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းသည် အောင်ပွဲ တစ်ခု ဖြစ်သော်လည်း အပေးအယူ တစ်ခုလည်း ဖြစ်၏။ ဧကရာဇ်နှင့် ဧကရာဇ်ဟောင်း တို့သည် အပေါ်ယံ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားခဲ့ကြခြင်း ဖြစ်သည်။
သို့ပေမည့် နောက်ဆက်တွဲ အဆုံးအဖြတ် တိုက်ပွဲ တွင်မူ အပေးအယူ ဆိုသည်မှာ ရှိတော့မည် မဟုတ်ချေ။ ဧကရာဇ်ဟောင်း လုံးဝ ပျက်စီးသွားပြီး အောက်ယွီ တစ်မိသားစုလုံး သတ်ဖြတ်ခံရမည်။ သို့မဟုတ် ဧကရာဇ် လုံးဝ နန်းစွန့်ရပြီး အသက်အန္တရာယ်ပင် ရှိလာနိုင်၏။
“မင်းနဲ့ ရှန်ရှန်း တို့အတွက် အကောင်းဆုံး အချိန်ကောင်း နေ့ကောင်းကို ရွေးချယ်ဖို့ စဉ်းစားထားခဲ့ပေမယ့် အခု ကြည့်ရတာ စောင့်လို့ မရတော့ဘူး။ ချက်ချင်း မင်္ဂလာဆောင် ရတော့မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မဟုတ်လို့ အချိန်ဆွဲနေလိုက်ရင် အနည်းဆုံး နှစ်အတော်ကြာ သွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အဓိပ္ပာယ်ကို နားလည်သည်။ မိဖုရားကြီးကို ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး သူမသည် မင်းသမီး ရှန်းရှန်းကို ဒုက္ခပေးခဲ့ဖူးသော်လည်း မည်သို့ပင်ဆိုစေ မင်းသမီး ရှန်းရှန်း၏ မိထွေး ဖြစ်ခဲ့ဖူး၏။
အကယ်၍ မိဖုရားကြီး သေဆုံးသွားပါက မင်းသမီး ရှန်းရှန်း အနေဖြင့် သူမအတွက် သုံးနှစ်တိုင်တိုင် ဝမ်းနည်း ပူဆွေးရမည် မဟုတ်လျှင်တောင် သေချာပေါက် နှောင့်နှေးသွားမှာဖြစ်သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပြီးတော့ နောက်ဆက်တွဲ ဧကရာဇ်နဲ့ ဖြစ်မယ့် အဆုံးအဖြတ် တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာမှာ ဆိုတော့ မင်းလည်း အချိန်မရ ဖြစ်သွားနိုင်တယ်။ မင်္ဂလာပွဲကို အမြန်ဆုံး ပြီးစီးအောင် လုပ်လိုက်တာက ငါနဲ့ မင်းရဲ့ မိဘတွေ အတွက်လည်း စိတ်အေးသွားစေတာပေါ့။”
ယွင်ကျုံးဟဲ့ ဦးညွတ်လျက် ပြောလိုက်သည်။ “ကောင်းပါပြီ။ ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”
အိမ်သို့ ပြန်ရောက်ပြီးနောက် ယွင်ကျုံးဟဲ့၏ စိတ်နှလုံးမှာ အနည်းငယ် ရှုပ်ထွေးလို့နေသည်။ မင်းသမီး ရှန်းရှန်းသည် ဖြူစင်ပြီး အပြစ်ကင်းကာ လှပလွန်းသောကြောင့် သူ သေချာပေါက် ကာကွယ်ပေးလို၏။
သို့ပေမည့် ရှန်ရှန်း၏ စိတ်ထဲရှိ ဝက်ဝံကြီးမှာ အစ်ကို ဖြစ်သူ အောက်ယွီ ဖြစ်ပြီး သူ ယွင်ကျုံးဟဲ့ မဟုတ်ချေ။ သို့ပေမည့် ယခုအခါ အစ်ကို ဖြစ်သူ အောက်ယွီသည် လောကကြီးတွင် မရှိတော့ချေ။
အကယ်၍ ယွင်ကျုံးဟဲ့သည် တစ်သက်လုံး အစ်ကိုဖြစ်သူ အောက်ယွီ၏ ပုံစံဖြင့်သာ ဟန်ဆောင် နေထိုင်သွားမည် ဆိုပါက အနည်းငယ် သက်သာသေးသည်။
သို့ပေမည့် အနာဂတ်တွင် ယွင်ကျုံးဟဲ့သည် သူ၏ အစစ်အမှန် အဆင့်အတန်းကို ပြန်လည် ရယူရမည်ဖြစ်ရာ ထိုအချိန်ကျလျှင် မင်းသမီး ရှန်းရှန်းကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။
သို့ပေမည့် မင်္ဂလာ မဆောင်ဘဲ နေမည်လား။ မဖြစ်နိုင်ချေ။ မင်းသမီး ရှန်းရှန်းသည် တာ့ကျိုးအင်ပါယာ၏ နံပါတ်တစ် အလှပဆုံး မိန်းကလေး ဖြစ်ပြီး မည်မျှ များပြားသော လူများက သူမကို တပ်မက်နေကြသနည်း။
တစ်ခဏအတွင်းမှာပဲ ယွင်ကျုံးဟဲ့၏ စိတ်နှလုံးမှာ အမှန်တကယ် ရှုပ်ထွေးနေတော့၏။
သို့ပေမည့် ယွင်ကျုံးဟဲ့ မည်ကဲ့သို့ပင် တွေးတောစေကာမူ သူနှင့် မင်းသမီး ရှန်းရှန်းတို့၏ မင်္ဂလာပွဲသည် သုံးရက်အကြာတွင် ရောက်ရှိလာခဲ့သည်။
ဤမင်္ဂလာပွဲကို လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ မြို့တော်ရှိ မှူးမတ်များ အားလုံးနှင့် သတ္တမအဆင့်အထက် အရာရှိများ အားလုံး တက်ရောက်ခဲ့ကြ၏။
မူလက မင်းသမီး နှင့် ဖူးမာ (မင်းသမီး၏ ခင်ပွန်း)တို့၏ မင်္ဂလာပွဲမှာ အလွန် ရှုပ်ထွေးလှ၏။ အရင်ဆုံး နန်းတော် အပြင်ဘက်တွင် မင်းသမီး အိမ်တော်တစ်ခု တည်ဆောက်ရပြီးနောက် ဖူးမာက မင်းသမီး အိမ်တော်သို့ ဝင်ရောက် နေထိုင်ရခြင်း ဖြစ်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်းက အမိန့်တော် ထုတ်ပြန်ကာ မင်္ဂလာပွဲကို နုလန်ဟောက် အိမ်တော်တွင် ကျင်းပစေခဲ့သောကြောင့် အောက်ယွီကို အလွန် မြင့်မားသော ဂုဏ်သိက္ခာ ပေးအပ်လိုက်ခြင်း ဖြစ်၏။
မင်းသမီး ရှန်းရှန်းက အောက်ယွီကို လာရောက် လက်ထပ်ခြင်း ဖြစ်ပြီး အောက်ယွီက တော်ဝင်မိသားစုထံသို့ ဝင်ရောက် နေထိုင်ခြင်း မဟုတ်ချေ။
“နုလန်ဟောက်ကို ဂုဏ်ပြုပါတယ်။”
“နုလန်ဟောက်ကို ဂုဏ်ပြုပါတယ်။”
“ကျုပ် ချန်းနျူဝေ့စစ်သူကြီး ရှုဝမ်လျန်... နုလန်ဟောက်ကို ဂုဏ်ပြုပါတယ်။” ယဉ်ကျေးသိမ်မွေ့သော စစ်သူကြီး တစ်ဦးသည် ယွင်ကျုံးဟဲ့၏ အရှေ့သို့ လာရောက်ကာ ဦးညွတ် အရိုအသေပေးလိုက်သည်။
ယွင်ကျုံးဟဲ့ အလျင်အမြန် တားဆီးကာ ပြောလိုက်၏။ “မလုပ်ပါနဲ့... မလုပ်ပါနဲ့။ ကျုပ်က ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက်ပါ။ ခင်ဗျားက ချန်းနျူဝေ့ စစ်သူကြီး တစ်ယောက် ဖြစ်နေတာကို ကျုပ်ကို ဘယ်လိုလုပ်ပြီး အရိုအသေ ပေးလို့ ရမှာလဲ။”
ယွင်ကျုံးဟဲ့သည် ရှုဝမ်လျန်ကို တစ်ချက်မျှသာ ကြည့်လိုက်သော်လည်း သူ၏ မျက်နှာကို စိတ်ထဲတွင် သေချာစွာ မှတ်သားထားလိုက်သည်။
ချန်းနျူဝေ့ စစ်သူကြီး ဆိုသည်မှာ အလွန် အစွမ်းထက်သော်လည်း ယခုအခါ အောက်ယွီသည် နန်းတွင်း၏ အာဏာရှင် တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဘုရင်ခံ တစ်ဦး လာလျှင်တောင် သူက အထင်ကြီးမည် မဟုတ်ချေ။ သို့ပေမည့် ရှုဝမ်လျန်မှာမူ အလွန် ထူးခြားသူ တစ်ဦး ဖြစ်၏။