အခန်း (၅၇၅-၅၇၆)
Vol. 49 Ch. 575-576
အပိုင်း (၅၇၅)
တဖြည်းဖြည်းဖြင့် မင်္ဂလာပွဲသို့ တက်ရောက်လာသော အမတ်များနှင့် မှူးမတ်များ ပို၍ပို၍ များပြားလာတော့သည်။
တတိယအဆင့်အောက် အရာရှိများနှင့် တခြား အောက်အဆင့် အရာရှိများကို ယွင်ကျုံးဟဲ့ ကိုယ်တိုင် သွားရောက် ကြိုဆိုမည် မဟုတ်ချေ။
မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်း၊ တရားလွှတ်တော်ချုပ် ဒု-အကြီးအကဲ မင်ကျင်းယွမ်၊ တော်ဝင် တရားရုံး အကြီးအကဲ ယွီကျန်း နှင့် မြို့တော်၏ မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ထန်ထိုင်ကျင့် တို့သည် နုလန်ဟောက် အိမ်တော် အတွင်း၌ မင်္ဂလာပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးနေကြပြီး ဧည့်သည်များကို ကြိုဆို ဧည့်ခံပေးနေကြသည်။
နန်ဖိန်ဟောက် ထန်ထိုင်မြဲ့မင် ပင်လျှင် ယခုအခါ စိတ်အားထက်သန်စွာဖြင့် အိမ်တော်အတွင်း၌ ကူညီ လုပ်ဆောင်ပေးနေသည်။
ယနေ့ နုလန်ဟောက် အိမ်တော်သည် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီး တကယ့်ကို ပန်းများ ပွင့်လန်းနေကာ မီးတောက်များ ကဲ့သို့ တောက်ပနေ၏။
အိမ်တော်တွင် တာဝန်ယူနေသူ တစ်ဦးချင်းစီတိုင်းသည် တတိယအဆင့်အထက် အမတ်များ၊ သို့မဟုတ် မင်းမျိုးနွယ်များ၊ ဟောက်ဘွဲ့ ရရှိထားသူများသာ ဖြစ်ကြသည်။
အိမ်တော်၏ အနောက်ဆုံး အခန်းအတွင်း၌ လူများ ပြည့်နှက်နေပြီး အားလုံးမှာ ပထမအဆင့် အမတ်ကြီးများ၊ သို့မဟုတ် အထူးအဆင့် အမတ်ကြီးများ ဖြစ်ကြကာ ချင်ဝမ် လေးပါးပင် ပါဝင်နေသည်။ အလွန် ရင်းနှီးသူများ မဟုတ်ပါက ဒုတိယအဆင့် အမတ်များပင်လျှင် ခြံပြင်တွင်သာ နေရာယူရ၏။
နေ့လည်ပိုင်း အချိန်တွင်...
နုလန်ဟောက် အိမ်တော်မှ သတို့သမီး ကြိုဆိုရေး အဖွဲ့သည် နန်းတော်သို့ သွားရောက်ကာ သတို့သမီးကို ကြိုဆိုကြတော့သည်။
မင်းသမီး ရှန်းရှန်း ဝေါယာဉ်ပေါ်သို့ တက်ပြီးနောက် သတို့သမီး ကြိုဆိုရေးအဖွဲ့သည် မြို့တော်၏ အဓိက လမ်းမကြီးပေါ်တွင် တစ်ပတ် ပတ်ခဲ့ကြ၏။
မြို့တော်၏ ပြည်သူ သိန်းချီသည် ပွဲကြည့်ရန် ထွက်လာကြပြီး ပြည်သူအများစုမှာ ဤမင်္ဂလာပွဲကို ကောင်းချီးပေးကြ၏။ ချစ်သူများ ပေါင်းဖက်ခွင့် ရသွားကြပြီ ဖြစ်သည်။
အောက်ယွီသည် ဝဖြိုးပြီး အရုပ်ဆိုးကာ ဘွဲ့အမည်လည်း မရှိ၊ ဩဇာအာဏာလည်း မရှိခဲ့သော်လည်း မင်းသမီး ရှန်းရှန်းသည် တွေ့ဆုံပွဲတွင် တစ်ချက်ကြည့်ရုံဖြင့် အောက်ယွီကို သဘောကျသွားခဲ့သည်မှာ မည်မျှ ကြီးမားသော ရေစက် ဖြစ်သနည်း။
အောက်ယွီသည်လည်း ခက်ခဲကြမ်းတမ်းသော ကြိုးပမ်းအားထုတ်မှုများဖြင့် အလှပဆုံး မိန်းကလေးကို အိမ်သို့ ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အချစ်ဇာတ်လမ်းမျိုးသည် တကယ့် ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့ ဖြစ်နေသောကြောင့် မြို့တော်၏ ပြည်သူများ အနေဖြင့် မည်သို့ စိတ်ဝင်တစား မပြောဆိုဘဲ နေနိုင်မည်နည်း။
အပြင်ဘက်မှ အော်ဟစ်သံများကို ကြားရချိန်မှာတော့ သတို့သမီး မင်းသမီး ရှန်းရှန်းသည် ဆက်လက် မသည်းခံနိုင်တော့ဘဲ ခေါင်းဆောင်းကို ဖယ်ရှားကာ ဝေါယာဉ် လိုက်ကာကို ဖွင့်၍ အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။
ချက်ချင်းပဲ လူအများအပြားသည် သတို့သမီးလေး၏ မျက်နှာကို မြင်တွေ့လိုက်ရပြီး လုံးဝ အံ့ဩ မှင်သက်သွားကြတော့သည်။ စကားပြောဆိုလိုက်တိုင်း အပြုံးလေးများ ထွက်ပေါ်လာပြီး ပန်းများ ပွင့်လန်းသွားသကဲ့သို့ ဖြစ်နေ၏။
‘မင်းသမီး ရှန်းရှန်းက ဒီလောက်တောင် လှပနိုင်တယ် ဟုတ်လား။ လကို ပုန်းကွယ်စေပြီး ပန်းတွေကို ရှက်ရွံ့စေတယ်ဆိုတဲ့ စကားက တကယ် ရှိတာပဲ။’
“မင်းသမီး ရှန်းရှန်း... ပျော်ရွှင်ပါစေ။”
“မင်းသမီး ရှန်းရှန်း... ပျော်ရွှင်ပါစေ။”
“သားသမီးတွေ အများကြီး မွေးပြီး အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေ။”
မြို့တော်၏ ပြည်သူ တစ်ယောက်က ဦးဆောင်ပြီး အော်ဟစ်လိုက်ရာ လူသောင်းချီ၊ သိန်းချီက လိုက်လံ အော်ဟစ်ကြတော့သည်။
တစ်ချိန်တည်းမှာပဲ သတို့သမီး ကြိုဆိုရေး အဖွဲ့က မရေမတွက်နိုင်သော သကြားလုံးများကို မိုးရွာသကဲ့သို့ ပစ်ချပေးလိုက်ရာ အပြင်ဘက်တွင် ကလေးငယ်များ၏ ပျော်ရွှင်နေသည့် အော်ဟစ်သံများ ဆူညံသွားတော့၏။
ဤအချိန်တွင် ပျော်ရွှင်ချိုမြိန်သော ခံစားချက်များသည် စိတ်နှလုံးထဲသို့ ဝင်ရောက်လာတော့၏။ အမှန်တကယ်တော့ မင်းသမီး ရှန်းရှန်းသည် ဤကာလအတွင်း လုံးဝ မပျော်ရွှင်ခဲ့ချေ။
အရင်ဆုံး မိဖုရားကြီးက သူမအား ရန်သူတစ်ဦးပမာ သတ်မှတ်ခဲ့သည်။ ထို့နောက် ဖခမည်းတော်ကလည်း သူမအား စွန့်ခွာသွားပြန်ပြီး၊ နောက်ဆုံးတွင်မူ မယ်တော်မိဖုရားခေါင်ကြီးကပါ သူမကို ကျောခိုင်းသွားခဲ့သည်။
မူလက မယ်တော်မိဖုရားခေါင်ကြီးသည် သူမအား အချစ်ဆုံးမြေးမလေးအဖြစ် သတ်မှတ်ကာ အသည်းအသက်ဟု ခေါ်ဆို၍ ချစ်ခင်မြတ်နိုးခဲ့ဖူး၏။
သို့သော်လည်း ယနေ့တွင် မင်းသမီး ရှန်းရှန်းသည် အလှပြင်ဆင်ပြီးစီးသည်နှင့် မယ်တော် မိဖုရားခေါင်ကြီးအား နှုတ်ဆက်ရန် သွားရောက်ခဲ့ရာ အခန်းတံခါးမှာ တင်းကျပ်စွာ ပိတ်လျက်ရှိပြီး အသံမှာလည်း အေးစက်ခက်ထန်နေသည်။
“ဒီနေ့ကစပြီး ငါ့မှာ မင်းလို မြေးမလေးမျိုး မရှိတော့ဘူး။” ထိုစကားမှာ မယ်တော်မိဖုရားခေါင်ကြီး ကိုယ်တိုင် ပြောလိုက်ခြင်း ဖြစ်၏။
မိသားစုဝင်များ တစ်ဦးပြီးတစ်ဦး သူမ၏ ဘဝမှ ထွက်ခွာသွားကြ၏။ အထူးသဖြင့် မယ်တော် မိဖုရားခေါင်ကြီး၏ နောက်ဆုံးစကားလုံးမှာ သူမ၏ နှလုံးသားကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ နာကျင် ကြေကွဲဖွယ် ဖြစ်ခဲ့သည်။
မင်းသမီး ရှန်းရှန်းသည် မည်သည့်အမှား လုပ်မိခဲ့သနည်း။ မည်သည့်အမှားမှ မရှိခဲ့ပေ။ သူမသည် အစမှအဆုံးတိုင် မည်သူ့ကိုမှ ဒုက္ခမပေးခဲ့သလို၊ မည်သည့်အပြုအမူမှားမှ ပြုလုပ်ခဲ့ခြင်း မရှိချေ။
သို့သော်လည်း မင်းသမီး ရှန်းရှန်းမှာ ဉာဏ်ပညာရှိသော မိန်းကလေးတစ်ယောက် ဖြစ်သည့်အလျောက် ဝမ်းနည်းကြေကွဲမှုများကို ရင်ထဲတွင် မြုပ်နှံ၍ မည်သို့ဖုံးကွယ်ရမည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။
ထို့ကြောင့် သူမက ချက်ချင်းပဲ လှပတဲ့ အပြုံးလေး ပြောင်းလဲလိုက်ပြီး ပျော်ရွှင်မှုတွေထဲမှာ လုံးဝ နစ်မြုပ်သွားတော့၏။
‘ဆွေမျိုးတွေရဲ့ ကောင်းချီးပေးမှုကို ရရှိဖို့အတွက် ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ။ ဒီရက်ပိုင်းတွေမှာ သူမဟာ မယ်တော်မိဖုရားခေါင်ကြီးဖြစ်တဲ့ အဘွားကို အဖော်ပြုပေးပြီး သူမရဲ့ စိတ်နှလုံးထဲက ဒဏ်ရာတွေကို ကုစားပေးဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်နိုင်သမျှ အားလုံး လုပ်ခဲ့ပါတယ်။
မယ်တော်မိဖုရားခေါင်ကြီး အကြိုက်ဆုံး အစားအစာတွေ လုပ်ပေးတယ်၊ မယ်တော်မိဖုရားခေါင်ကြီးအတွက် ပန်းတွေ စိုက်ပေးတယ်၊ မယ်တော်မိဖုရားခေါင်ကြီးအတွက် သီချင်းတွေ ဆိုပြတယ်၊ မယ်တော် မိဖုရားခေါင်ကြီးအတွက် စောင်းတီးပြတယ်။ ဒါပေမဲ့ နောက်ဆုံးအထိ မယ်တော်မိဖုရားခေါင်ကြီးရဲ့ ကောင်းချီးပေးမှုကို မရရှိခဲ့ဘူး။
တောင်းဆိုလို့ မရနိုင်ရင်လည်း အတင်းအကျပ် မတောင်းဆိုတော့ပါဘူး။ သေချာပေါက် အပြစ်လည်း မတင်ပါဘူး။’
ပျော်ရွှင်သောသူတစ်ယောက်သည် အထီးကျန်ခြင်းကို မည်သို့ရင်ဆိုင်ရမည်ကို ကောင်းစွာ သိရှိ နားလည်ထား၏။ ထိုနည်းတူစွာ မင်းသမီးရှန်းရှန်းသည်လည်း အထီးကျန်မှု၏ အရသာကို ခံစားရင်း အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နေထိုင်တတ်သူတစ်ဦး ဖြစ်သည်။
ယခုအခါ သူမသည် တစ်ယောက်တည်း မဟုတ်တော့ပေ။ အဖော်မွန်အဖြစ် သူမဘေးတွင် ဝက်ဝံကြီးတစ်ကောင် ရှိနေခဲ့ပြီဖြစ်၏။
‘အဖေ ကလည်း အဖေ မဟုတ်တော့ဘူး၊ အမေ ကလည်း အမေ မဟုတ်တော့ဘူး။ ဝက်ဝံကြီး... ကျွန်မ အတွက် ရှင် တစ်ယောက်တည်း ရှိရင် လုံလောက်ပါပြီ။ မြန်မြန် ဝက်ဝံလေး တစ်ကောင် မွေးပြီးရင် ကျွန်မတို့တွေ ပျော်ရွှင်တဲ့ မိသားစုလေး တစ်ခု ဖြစ်သွားပြီပေါ့။’
ဤသို့ တွေးတောမိလိုက်သောအခါ မင်းသမီး ရှန်းရှန်း၏ လှပသော နှုတ်ခမ်းလွှာတို့မှာ ပြုံးယောင် သန်းသွားခဲ့သည်။
ညဘက် အချိန်တွင် နုလန်ဟောက် အိမ်တော်၌ မီးရောင်များ ထွန်းလင်းတောက်ပနေပြီး ဧကရာဇ်ဟောင်း၊ ဧကရာဇ်နှင့် မိဖုရား အချို့ ရောက်ရှိလာကြ၏။
မင်္ဂလာပွဲကို ကြီးကြပ်ပေးသူမှာ တော်ဝင် တရားရုံး အကြီးအကဲ၊ တာ့ကျိုး တော်ဝင်မိသားစု၏ ဘိုးဘိုးကြီး၊ လျန်ချင်ဝမ် ဖြစ်သည်။
“အောက်ယွီ... ကျုပ် ကြားတာတော့ ရှန်ရှန်းက ခင်ဗျားကို ဝက်ဝံကြီးလို့ ခေါ်တယ် ဆိုပဲ။ ဒါဆို ကျုပ် ခင်ဗျားကို ပြောပြမယ်။ ကျုပ်က ခင်ဗျားဘက်မှာ ရပ်တည်ပေးတာရဲ့ အဓိက အကြောင်းရင်းက ရှန်ရှန်း ဆိုတဲ့ ကောင်မလေးကြောင့်ပဲ။
ကျုပ်တို့ တာ့ကျိုး တော်ဝင်မိသားစုမှာ လူဆိုးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ရှန်ရှန်း တစ်ယောက်တည်း ကပဲ ကျုပ်တို့ တာ့ကျိုး တော်ဝင်မိသားစုရဲ့ ကိုယ်ကျင့်တရား အဆင့်အတန်းကို အများကြီး မြင့်တက် သွားစေတာပါ။
ကျုပ်တို့ရဲ့ ရှန်ရှန်းလေး... ကျုပ်တို့ရဲ့ ပုလဲရတနာလေး... မင်းက ဘယ်လိုလုပ်ပြီး ဝက်ဝံကြီး တစ်ကောင်ကို သဘောကျသွားရတာလဲ။ လူတွေ ပြောကြတဲ့ ဂေါ်ဖီထုပ် ကောင်းကောင်းကို ဝက်က စားသွားတယ် ဆိုတဲ့ စကားက အခု ကြည့်ရတာ အရမ်းမှန်နေပါလား။”
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ်သည် စကားများကို ဆက်တိုက် ပြောဆိုနေပြီး ထိုနေရာတွင် ရှိနေသော တော်ဝင်မိသားစုဝင်များ၏ မျက်နှာထားကို လုံးဝ ဂရုမစိုက်သလို ယခင်က တော်ဝင် မင်္ဂလာပွဲများ၏ တင်းမာမှုမျိုးလည်း လုံးဝ မရှိဘဲ အလွန် ပျော်ရွှင်နေ၏။
‘ဒီအဘိုးကြီးက တကယ်ကို ဟာသဉာဏ် ရှိတာပဲ။’
ဧကရာဇ်ဟောင်းကလည်း လုံးဝ ဂရုမစိုက်ဘဲ အစမှ အဆုံးတိုင် အဆက်မပြတ် ပြုံးရယ်နေတော့သည်။
“ဒီလေထုက ကျုပ်ကြောင့် နည်းနည်း လမ်းလွဲသွားပြီထင်တယ်။ ပျော်ရွှင်စရာ ကောင်းပေမယ့် တင်းမာမှုတော့ နည်းသွားပြီ။”
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ်က ပြောလိုက်၏။ “လာ... လာ... လာ... ဝန်ကြီးချုပ် ဝူကျစ်... ခင်ဗျားက လေထုကို နည်းနည်း တင်းမာသွားအောင် လုပ်ပေးလိုက်ပါအုံး။ ကျုပ်လိုလူက ပညာ မတတ်တော့ အရမ်း လှပတဲ့ စကားတွေ မပြောတတ်ဘူး။”
လူတိုင်း၏ ရယ်မောသံများ ကြားတွင် နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ဝူကျစ် ရှေ့သို့တက်လာပြီး လှပသော ကဗျာ တစ်ပုဒ်ကို ရွတ်ဆို၍ မင်္ဂလာပွဲကို ချီးကျူးဂုဏ်ပြုလိုက်သောကြောင့် မင်္ဂလာပွဲ၏ လေထုကို အနည်းငယ် တင်းမာပြီး ခမ်းနားသွားအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။
ဆက်လက်၍ ဧကရာဇ်က စကားပြောဆိုရာ အလွန် ချိုသာနေသလို ခမ်းနားကြီးကျယ်ပြီး ရင်းနှီး ဖော်ရွေမှုလည်းရှိ၏။
နောက်ဆုံးတွင် ဧကရာဇ်ဟောင်းက စကားပြောဆိုရာ သူ၏ စကားများမှာ အလွန် ရိုးရှင်းပြီး သာမန် အဘိုးအို တစ်ဦးကဲ့သို့ပင် ပျော်ရွှင်ကျန်းမာပါစေ၊ သားသမီးများ မြန်မြန် ရရှိပါစေ စသည်ဖြင့် ပြောဆိုကာ တော်ဝင်မိသားစု၏ မာန မျိုး လုံးဝ မရှိချေ။
“ရှန်ရှန်း... အဘိုးက မင်းကို အားနာပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ မင်းရဲ့ ပျော်ရွှင်မှုတွေကို မြင်တွေ့ရလို့ အဘိုး အရမ်း ဝမ်းသာပါတယ်။”
ဧကရာဇ်ဟောင်း စကားပြောဆိုပြီးနောက် မင်္ဂလာပွဲ၏ အခမ်းအနားများ စတင်တော့၏။
နိုင်ကော်၏ ဝန်ကြီးချုပ် ဝူကျစ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ပထမ - ကောင်းကင်နဲ့ မြေကြီးကို ကန်တော့မယ်။”
“ဒုတိယ - မိဘများကို ကန်တော့မယ်။”
“တတိယ - အချင်းချင်း အရိုအသေပေးမယ်။”
“အခမ်းအနား ပြီးဆုံးပြီ... မင်္ဂလာခန်းကို ပို့ဆောင်ကြ...”
တစ်ချိန်တည်းမှာပဲ နန်းတော်၏ ယွီပင်း နန်းဆောင် အတွင်း၌...
ဤနေရာသည် စွန့်ပစ်ခံထားရသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး နေရာတိုင်းတွင် ပုပ်သိုးနေသော အနံ့အသက်များ ပြည့်နှက်နေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေ၏။ ယခင်က ဥက္ကာပျံ ကျခဲ့မှုကြောင့် ပေါက်ပြဲသွားခဲ့သည့် ကြီးမားသော အပေါက်ကြီးမှာ ယခုအချိန်အထိ ပြုပြင်ခြင်း မရှိသေးဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
ဆောင်းရာသီသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် ထိုနေရာတွင် ရှိနေသူတို့၏ ကိုယ်ခန္ဓာကို တုန်ယင် သွားစေလောက်အောင် အေးစက်လို့နေ၏။
ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော နန်းကျ မိဖုရား နင်ရှီသည် အေးစက်သော နန်းဆောင် အတွင်း၌ နေထိုင် နေရသည်။
သူမသည် ယခုအခါ အမှန်တကယ် ရူးသွပ်နေပြီ ဖြစ်၏။ စားပွဲခုံပေါ်တွင် ဧကရာဇ်ဟောင်းနှင့် အောက်ယွီတို့၏ ရုပ်ပုံများကို ကျောက်ခဲချွန်ချွန်ဖြင့် ရေးဆွဲနေပြီး ထိုသူတို့၏ မွေးသက္ကရာဇ်များကိုပါ ထည့်သွင်း မှတ်သားနေ၏။
“ရှင့်ကို ထိုးသတ်မယ်... ရှင့်ကို ထိုးသတ်မယ်။”
“အဘိုးကြီး... ရှင် သေပြီ... သေပြီ။”
“ဟား... ဟား... ဟား... ဟား.. ဟား...”
ထို့နောက် သူမသည် ဇီးကွက် တစ်ကောင်ကဲ့သို့ စူးရှစွာ ရယ်မောလိုက်ရာ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထသွားတော့သည်။
မိန်းမစိုးကြီး ဟောက်ချင့် ဝင်ရောက်လာပြီး ဦးညွတ်လျက် ပြောလိုက်၏။ “မိဖုရားကြီး... ကျုပ်က ခင်ဗျားကို လမ်းခရီး ပို့ပေးဖို့ လာတာပါ။”
နန်းကျ မိဖုရားသည် လုံးဝ ဂရုမစိုက်ဘဲ ဧကရာဇ်ဟောင်း၏ ပုံတူကိုသာ အဆက်မပြတ် ထိုးနှက် နေတော့သည်။ “ရှင် သေပြီ... ရှင် သေပြီ... ဟား... ဟား... ဟား...”
ဧကရာဇ်၏ လူယုံတော် မိန်းမစိုးကြီး ဟောက်ချင့် ရှေ့သို့တက်လာပြီး ပိုးကြိုးဖြူ တစ်ချောင်းကို ထုတ်ယူကာ မိဖုရားကြီး၏ လည်ပင်းတွင် စွပ်လိုက်ပြီး ဒူးဖြင့် ထောက်ကာ အရှင်လတ်လတ် လည်ပင်းညှစ်သတ်ရန် ပြင်လိုက်တော့၏။
“အား...”
နန်းကျ မိဖုရား၏ လည်ချောင်း အောက်ခြေမှ စူးရှသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး မျက်လုံးများ ပြူးထွက်လာကာ လျှာ ထွက်လာတော့သည်။
.......................
အပိုင်း (၅၇၆)
မင်္ဂလာခန်း အပြင်ဘက်တွင် ယွင်ကျုံးဟဲ့သည် စိတ်နှလုံးများ ရှုပ်ထွေးနေပြီး ဟိုဟိုဒီဒီ လျှောက်သွား နေတော့၏။
‘ဘယ်လို လုပ်ရမလဲ။ မကြာခင် မင်္ဂလာဦးည ရောက်တော့မယ်... ဘယ်လို လုပ်ရမလဲ။ အစ်ကို အောက်ယွီက လောကကြီးမှာ မရှိတော့ဘူး ဆိုပေမယ့် ဒါက သိပ်မကောင်းဘူးလေ။’
“ဝက်ဝံကြီး... အပြင်မှာ ဘာလုပ်နေတာလဲ။ မြန်မြန် ဝင်လာခဲ့လေ။” အတွင်းမှ မင်းသမီး ရှန်းရှန်း၏ အသံ ထွက်ပေါ်လာသည်။
ယွင်ကျုံးဟဲ့ ဝင်ရောက်သွားချိန်မှာတော့ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝ အံ့ဩမှင်သက်သွားတော့၏။
အကြောင်းမူ မင်းသမီး ရှန်းရှန်းသည် အဝတ်အစားများ ချွတ်ထားပြီးဖြစ်ကာ မြေပြင် တစ်ခုလုံးတွင် သူမ၏ မင်္ဂလာဝတ်စုံများ ပြန့်ကျဲနေသောကြောင့် ဖြစ်သည်။
‘မင်းက ဒီလို မင်းသမီးမျိုး ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့ ပုံစံလေးက ဘယ်ရောက်သွားပြီလဲ။ မင်းက တာ့ကျိုးအင်ပါယာရဲ့ ပုလဲရတနာလေး၊ ဖြူစင်အပြစ်ကင်းတဲ့၊ ရေခဲလို အေးစက်ပြီး ကျောက်စိမ်းလို ဖြူစင်တဲ့ မင်းသမီး ရှန်းရှန်း လေ။’
သို့ပေမည့် မင်းသမီး ရှန်းရှန်း၏ ရဲတင်းမှုသည် စက္ကန့်ဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး ချက်ချင်းပဲ တစ်ကိုယ်လုံး စောင်ထဲသို့ ဝင်ရောက်သွားကာ ရှက်ရွံ့မှု နှင့် သိချင်စိတ် ရောထွေးနေသော ရယ်မောသံများ ထွက်ပေါ်လာတော့၏။
သို့ပေမည့် စောစောက မျက်စိတစ်မှိတ် အတွင်း၌ နှင်းပွင့်များဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းရုပ်လေး တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေ၏။ အခန်းတစ်ခုလုံး မွှေးပျံ့သော အနံ့များဖြင့် ပြည့်နှက်နေသည်။
ယွင်ကျုံးဟဲ့သည် မူလနေရာတွင် မတ်မတ် ရပ်နေဆဲဖြစ်ပြီး အလွန် ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ပြုလုပ်နေရ၏။
အစ်ကို ဖြစ်သူ အောက်ယွီသည် လောကကြီးတွင် မရှိတော့သော်လည်း ရှန်ရှန်း၏ စိတ်နှလုံးထဲတွင် ရှိနေသူမှာ အောက်ယွီ သာ ဖြစ်သည်။ အကယ်၍ လူနှစ်ဦး တကယ်ပဲ လင်မယား ဖြစ်သွားမည်ဆိုလျှင် အနာဂတ်တွင် ယွင်ကျုံးဟဲ့က သူ၏ အစစ်အမှန် အဆင့်အတန်းကို ပြန်လည် ရယူလိုက်သည့်အခါ ရှန်ရှန်း ဘာဆက်လုပ်မည်နည်း။ ဤသည်မှာ သူမအပေါ် မည်မျှလောက် ကြီးမားသော ထိခိုက်မှု ဖြစ်စေမည်နည်း။
ယွင်ကျုံးဟဲ့က အရင်ဆုံး တွေးကြည့်လိုက်သည်။ အကယ်၍ လူနှစ်ဦး မပတ်သက်ဘူး ဆိုလျှင် အနာဂတ်တွင် ယွင်ကျုံးဟဲ့က အစစ်အမှန် အဆင့်အတန်းကို ပြန်လည် ရယူလိုက်သည့်အခါ မင်းသမီး ရှန်းရှန်း၏ ကံကြမ္မာမှာ တစ်သက်လုံး အထီးကျန်စွာ နေထိုင်သွားရမည်မှာ သေချာသလောက်ပင်။
အကယ်၍ လူနှစ်ဦး ပတ်သက်မိသွားလျှင် အနာဂတ်တွင် ယွင်ကျုံးဟဲ့က အစစ်အမှန် အဆင့်အတန်းကို ပြန်လည် ရယူလိုက်သည့်အခါ မင်းသမီး ရှန်းရှန်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်သည်။ ဤရလဒ် နှစ်ခုစလုံးမှာ ယွင်ကျုံးဟဲ့ အလိုရှိသော ရလဒ်များ မဟုတ်ချေ။
အကယ်၍ အစ်ကိုသာ အသက်ရှင်နေသေးပါက ယွင်ကျုံးဟဲ့၏ ရွေးချယ်မှုမှာ အလွန် ရိုးရှင်းလှသည်။ ရှန်ရှန်းကို တိုက်ရိုက် ပြောပြလိုက်ရုံသာ ဖြစ်၏။ သို့ပေမည့် အစ်ကို အောက်ယွီသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုသို့ဆိုလျှင် မိန်းမ တစ်ယောက်ကို မသေစေချင်လျှင် မည်သည့် နည်းလမ်း ရှိသနည်း။ တကယ်တမ်း၌ အရမ်း ရိုးရှင်းသည်။ သူမကို ကလေး တစ်ယောက် ပေးလိုက်ရုံသာ ဖြစ်၏။
မင်းသမီး ရှန်းရှန်းသည် စောင်ထဲမှ ထွက်လာပြီး ကြီးမားသော မျက်လုံးလေးများကို မှိတ်ချည်ဖွင့်ချည် လုပ်ကာ ယွင်ကျုံးဟဲ့ကို ကြည့်ရင်း မေးလိုက်သည်။ “ဝက်ဝံကြီး... ဘာစောင့်နေတာလဲ။”
ယွင်ကျုံးဟဲ့က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်၏။ “ကျုပ် ဧကရာဇ်ဟောင်းတို့နဲ့ သွားပြီး အရက် သောက်ဖို့ လိုသေးလား။”
မင်းသမီး ရှန်းရှန်း၏ လှပသော မျက်နှာလေးတွင် သံသယ အရိပ်အယောင်များ ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “ရှင် ကြောက်နေတာလား။ ရှင် ဘာကို ကြောက်နေတာလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ငါလည်း ဘာကို ကြောက်နေလဲ ဆိုတာ မသိဘူး။”
မင်းသမီး ရှန်းရှန်းသည် ကိုယ်လုံးလေးကို မတ်လိုက်ပြီး စောင်ဖြင့် ဖြူဖွေးသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားကာ ယွင်ကျုံးဟဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေတော့၏။ ထိုကျောက်မျက်ရတနာကဲ့သို့ လှပသော မျက်လုံးကြီးများသည် ယွင်ကျုံးဟဲ့၏ ဝိညာဉ်ကိုပင် ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ဖြစ်နေသည်။
“ရှင်က ကျွန်မကို ထိခိုက်စေမှာကို ကြောက်နေတာလား။” မင်းသမီး ရှန်းရှန်းက ထပ်မေးလိုက်၏။
‘ကောင်းကင်ဘုံ... ဒီကောင်မလေးက တကယ်ပဲ စိတ်ကို ဖတ်နိုင်တဲ့ အတတ်ပညာ ရှိနေတာလား။’
မင်းသမီး ရှန်းရှန်းက ပြောလိုက်သည်။ “ဒါဆိုရင်တော့ အရမ်း ထူးဆန်းသွားပြီ။ ရှင်က ဘာလို့ ကျွန်မကို ထိခိုက်စေမှာကို ကြောက်နေရတာလဲ။ အကယ်၍ အနာဂတ်မှာ ရှင်နဲ့ အဘိုး တို့ ရှုံးနိမ့်သွားမယ် ဆိုရင်တောင် အလွန်ဆုံး အတူတူ သေရုံပဲ ရှိတာပဲလေ။ ကျွန်မတို့က တစ်ခါ သေဖူးတဲ့ သူတွေပဲ။ ဘာကြောက်စရာ ရှိသေးလို့လဲ။ အဲဒီ အကြောင်းပြချက်ကြောင့် မဟုတ်ဘူး မလား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ငါက မင်းအတွက် မတရားဘူးလို့ ထင်လို့ပါ။ ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင်တောင် ငါ့ကို တကယ် ချစ်တာလား၊ ငါဆိုတဲ့ လူကို ချစ်တာလား ဆိုတာကို မသိသေးဘူးလို့ ထင်လို့ပါ။”
မင်းသမီး ရှန်းရှန်းက မေးလိုက်သည်။ “ရှင် ဆိုလိုတာက ရှင်က အရင်က အောက်ယွီ မဟုတ်တော့ဘူးလို့ ပြောချင်တာလား။”
‘ကောင်မလေး... မင်း... မင်း ဒီလောက် ဉာဏ်မကောင်းလို့ မရဘူးလား။ မင်းပြောတဲ့ စကား တစ်ခွန်းချင်းစီတိုင်းက ကျုပ်ကို ရင်တထိတ်ထိတ် ဖြစ်စေတယ်။’
မင်းသမီး ရှန်းရှန်းသည် လက်ယပ်ခေါ်ကာ ပြောလိုက်၏။ “ရှင် ဒီကို လာခဲ့။”
ယွင်ကျုံးဟဲ့ အနားသို့ တိုးသွားရာ မင်းသမီး ရှန်းရှန်းသည် သူနှင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားပြီး အကွာအဝေးမှာ ခြောက်လက်မပင် မရှိတော့ချေ။
“ဝက်ဝံကြီး... ရှင် ကိုယ်တိုင် ပြောင်းလဲသွားပြီလို့ ထင်နေတာလား။”
မင်းသမီး ရှန်းရှန်းက မေးလိုက်၏။ “အရင်တုန်းက ရှင်က အရမ်း ကြင်နာတတ်တယ်၊ တက်ကြွတယ်၊ ရိုးသားတယ်။ ဒါပေမဲ့ အခု ရှင်က အရမ်း ရက်စက်တယ်၊ ယုတ်မာတယ်လို့ ထင်နေတာလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။
မင်းသမီး ရှန်းရှန်းက မေးလိုက်၏။ “ဒါဆိုရင် ကျွန်မရဲ့ စိတ်နှလုံးကရော ဘယ်လိုအခြေအနေ ရှိတယ်လို့ ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မင်းက ဒီလောကမှာ အချစ်စရာကောင်းဆုံး၊ အဖြူစင်ဆုံးနဲ့ အကြင်နာတတ်ဆုံး သူတစ်ယောက်ပါ။”
မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “ဒီနေ့ အိမ်ကနေ ထွက်လာတုန်းက မယ်တော်မိဖုရားခေါင်ကြီးကို သွားနှုတ်ဆက်တော့ သူက ဒီနေ့ကစပြီး ကျုပ်မှာ မင်းလို မြေးမလေးမျိုး မရှိတော့ဘူးလို့ ပြောခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်း ဝမ်းနည်းပြီး ရင်ကွဲနာကျ ဖြစ်နေရမယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
မင်းသမီး ရှန်းရှန်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မ မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတာ ရှင် သိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ မင်းရဲ့ စိတ်ထဲမှာ ချိန်ခွင်တစ်ခု ရှိနေလို့ပါ။ ချစ်ခြင်းမေတ္တာကို ချိန်တွယ်တဲ့ ချိန်ခွင်ပေါ့။”
မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “လူတိုင်းက ကျွန်မကို အင်ပါယာရဲ့ ပုလဲရတနာလို့ ပြောကြတယ်။ ဒီစကားက နည်းနည်းလေးမှ မမှားပါဘူး။ ဝက်ဝံကြီး... ဒါဆို ပုလဲရတနာ ဆိုတာ ဘာလဲ ဆိုတာ ရှင် သိလား။ ကစားစရာ တစ်ခု၊ အဖိုးတန် ရတနာ တစ်ခုပဲ ဖြစ်ပြီး သူက လူတစ်ယောက်တော့ မဟုတ်ပါဘူး။
တခြားလူတွေက ကျွန်မအပေါ် ချစ်ခင်မြတ်နိုးတယ် ဆိုတာကို ကျွန်မ သံသယ မဝင်ပါဘူး။ မယ်တော် မိဖုရားခေါင်ကြီးက ကျွန်မအပေါ် ချစ်ခင်မြတ်နိုးတယ် ဆိုတာကိုလည်း သံသယ မဝင်ပါဘူး။
သာမန် လူတစ်ယောက်က လမ်းပေါ်မှာ အရမ်း ချစ်စရာကောင်းတဲ့ ခွေးလေး တစ်ကောင်ကို တွေ့တာပဲ ဖြစ်ဖြစ်၊ အရမ်း လှပတဲ့ ကလေးလေး တစ်ယောက်ကို တွေ့တာပဲ ဖြစ်ဖြစ် ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးသွားပြီး ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာသလိုမျိုးပါပဲ။ ဒါပေမဲ့ အဲဒါက တကယ့် အချစ်စစ် မဟုတ်ဘူး။ ရှင့်မိဘတွေက ချစ်တဲ့ အချစ်မျိုးနဲ့ မတူဘူး။”
မင်းသမီး ရှန်းရှန်းက ဆက်ပြောလိုက်သည်။ “ရှင့်မိဘတွေက ရှင့််အတွက်ဆိုရင် အသက်ကိုတောင် စတေးနိုင်တယ်။ ရှင်ကလည်း ရှင့်မိဘတွေကို ကယ်တင်ဖို့အတွက် အသက်ကိုတောင် စတေးပြီး အကြိမ်ကြိမ် စွန့်စားနိုင်တယ်။ ဒါကမှ တကယ့် အချစ်စစ်ပါပဲ။”
မင်းသမီး ရှန်းရှန်းက ဆက်ပြောလိုက်၏။ “အဘွားရော၊ ဖခမည်းတော်ရော ကျွန်မအပေါ် အရမ်း ချစ်ခင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အဲဒါက ချစ်ခင်ယုယမှု သက်သက်ပါပဲ။ လိုအပ်လာရင် သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝဖို့အတွက် ကျွန်မကို စတေးဖို့ကိုလည်း လုံးဝ ဝန်လေးမှာ မဟုတ်ပါဘူး။
မယ်တော်မိဖုရားခေါင်ကြီးက ကျွန်မကို စီးကွမ်နဲ့ လက်ထပ်ပေးဖို့ အသေအလဲ ကြိုးစားခဲ့တာ သူမက တကယ်ပဲ စီးကွမ်ရဲ့ လှည့်စားမှုကို ခံခဲ့ရလို့လား။ သူ့ရဲ့ ယုတ်မာတဲ့ အကျင့်စရိုက်ကို တကယ်ပဲ မသိခဲ့လို့လား။ မယ်တော်မိဖုရားခေါင်ကြီး သိပါတယ်။ သူမ သိတာက ကျွန်မကို စီးကွမ်နဲ့ လက်ထပ်ပေးတာက အကျိုးရှိမယ် ဆိုတာပါပဲ။”
မင်းသမီး ရှန်းရှန်းသည် ယွင်ကျုံးဟဲ့ကို ကြီးမားသော မျက်လုံးလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဝက်ဝံကြီး... သူတို့ရဲ့ အရှေ့မှာ ကျွန်မက ဘယ်တော့မှ မကျေမနပ် မဖြစ်ဘူး၊ ဘယ်တော့မှ မငြီးတွားဘူး။ ဘာလို့လဲဆိုတော့ တကယ် ချစ်တဲ့သူဆိုရင် ရှင့်ရဲ့ မျက်လုံးကို တစ်ချက် ကြည့်လိုက်ရုံနဲ့ ရှင် ဝမ်းနည်းနေလား၊ မကျေမနပ် ဖြစ်နေလား ဆိုတာကို သိနိုင်လို့ပါ။
မကျေမနပ် ဖြစ်တာတွေ၊ ငြီးတွားတာတွေဟာ ချွဲနွဲ့တာ တစ်မျိုး သက်သက်ပါပဲ။ တကယ် မချစ်နိုင်တဲ့ သူတွေ အတွက်တော့ ငြီးတွားနေလည်း အလကားပါပဲ။ ဒါကြောင့် ကျွန်မက အမြဲတမ်း လိမ္မာရေးခြား ရှိတဲ့ မင်းသမီး ရှန်းရှန်းလေး ဖြစ်နေခဲ့တာပါ။
ဝက်ဝံကြီး... ကျွန်မ လိုချင်တဲ့ အဲဒီလို အချစ်မျိုးကို မရနိုင်တဲ့အခါ ကျွန်မ နည်းနည်းတော့ စိတ်ပျက်မိပေမယ့် အရမ်းကြီးတော့ ဝမ်းမနည်းပါဘူး။ ဒါကြောင့် ဒီနေ့ မယ်တော်မိဖုရားခေါင်ကြီးက ဒီနေ့ကစပြီး ကျွန်မဟာ သူမရဲ့ မြေးမလေး မဟုတ်တော့ဘူး လို့ ပြောတဲ့အခါ ကျွန်မ ဝမ်းနည်းပေမယ့် ရင်ကွဲနာကျ တော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သူမရဲ့ အချစ်အပေါ်မှာ ကျွန်မက အရမ်းကြီး မျှော်လင့်ချက် မထားခဲ့လို့ပါ။
ဝက်ဝံကြီး... ရှင်က ကိုယ့်ကိုယ်ကိုယ် ရက်စက်တဲ့ သူတစ်ယောက်လို့ ပြောတယ်။ ဒါပေမဲ့ တခြားလူတွေ အတွက် အသက်အန္တရာယ်ကိုတောင် စတေးရဲတဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ရက်စက်တဲ့သူ ဖြစ်နိုင်မှာလဲ။”
မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “ကျွန်မရဲ့ ကမ္ဘာကြီးက အေးစက်နေတာ အရမ်း ကြာနေပါပြီ။ ကျွန်မ လိုချင်တဲ့ ဘဝက နွေးထွေးမှုရှိတဲ့ ဘဝလေး တစ်ခု သက်သက်ပါပဲ။ ကျွန်မက ရေခဲတိုက်ထဲမှာ အချိန် အကြာကြီး နေခဲ့ရလို့ ရှင့်ဘေးနားမှာ အနွေးဓာတ် ယူချင်တာပါ။ ရှင့်အိမ်က အရမ်း ကောင်းပြီး အရမ်း နွေးထွေးတယ်လို့ ထင်ပါတယ်။”
မင်းသမီးရှန်းရှန်းက သမင်မျက်လုံးများဖြင့် ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်လိုက်သည်။
“လူအများကြီးက မင်းသမီး ရှန်းရှန်းကို ပြီးပြည့်စုံတဲ့ သူတစ်ယောက်၊ အပြစ်ကင်းစင်တဲ့ သူတစ်ယောက်လို့ ပြောကြတယ်။
မင်းသမီး ရှန်းရှန်းက ပြောလိုက်၏။ “ဒီလောကမှာ ပြီးပြည့်စုံတယ် ဆိုတာ တစ်မျိုးတည်းပဲ ရှိပါတယ်။ အဲဒါကတော့ ကျောက်စိမ်းနဲ့ ထုဆစ်ထားတဲ့ ရုပ်တု၊ နှင်းပွင့်နဲ့ ပြုလုပ်ထားတဲ့ လူရုပ်တွေပါပဲ။ တကယ့် လူသား စစ်စစ်ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ အခု ကျွန်မက တကယ့် လူသား စစ်စစ် တစ်ယောက် ဖြစ်ချင်နေပြီမို့ ဝက်ဝံလေး တစ်ကောင် အမြန်ဆုံး မွေးချင်နေပါပြီ။”
မင်းသမီး ရှန်းရှန်း၏ လှပသော မျက်နှာလေးသည် အလွန် တည်ကြည်နေပြီး ဆက်ပြောလိုက်သည်။ “အနာဂတ် ကိစ္စတွေကိုတော့ အနာဂတ်ကျမှပဲ စဉ်းစားကြတာပေါ့... ဟုတ်လား။”
ယွင်ကျုံးဟဲ့သည် မျက်စိရှေ့ရှိ ကျောက်စိမ်းရုပ်လေး ကဲ့သို့ လှပသော ကောင်မလေးကို ကြည့်နေမိ၏။
သူမသည် အမှန်တကယ် မှန်ဗီရို ထဲတွင် ပြသထားသော ဖန်ရုပ်လေး၊ အရုပ် မင်းသမီးလေး ကဲ့သို့ ဖြစ်နေပြီး အနည်းဆုံးတော့ လူအများအပြား၏ အမြင်တွင် သူမသည် ဤကဲ့သို့သော ဇာတ်ကောင်မျိုးကို သရုပ်ဆောင်နေရခြင်း ဖြစ်သည်။
သို့ပေမည့် သူမသည် မည်မျှ ဉာဏ်ကောင်းသနည်း။ သူမ အရာအားလုံးကို မြင်တွေ့နိုင်ပြီး အရာအားလုံးကို နားလည်သော်လည်း ထုတ်မပြောခြင်း သက်သက်သာ ဖြစ်၏။
ထို့အပြင် သူမ ယခု ပြောဆိုလိုက်သော စကားများမှတစ်ဆင့် ယွင်ကျုံးဟဲ့သည် အရာများစွာကို နားလည် သွားခဲ့ပြီး ယခင်က မသိရှိခဲ့ရသော အမှန်တရား အချို့ကိုပင် နားလည်သွားခဲ့သည်။
“အခု ကျွန်မ အမိန့်ပေးမယ်... စောင်ထဲ ဝင်ခဲ့... ကျွန်မ ကိုယ်လုံးလေး နွေးသွားအောင် လုပ်ပေး။” မင်းသမီး ရှန်းရှန်းသည် မောက်မာသော ဟန်ပန်ဖြင့် ပြောလိုက်၏။