← Chapters

အခန်း ၄၈၁

Vol. 45 Ch. 481

အခန်း ၄၈၁

Vol. 45 Ch. 481

အခန်း ၄၈၁ - မဟာနေမင်းကြီး ဘယ်ရောက်သွားတာလဲ

ကြယ်တာရာကမ္ဘာတွင် တောက်ပနေသော မဟာနေမင်းကြီးနှင့် ကောင်းကင်ယံတွင် ထွန်းလင်းနေသော နေဆယ်စင်းအား ကျင့်ကြံသူများနှင့် ယန်နတ်ဘုရားများစွာတို့သည် စိုးရိမ်တကြီး ကြည့်ရှုနေကြသည်။

မူလသဘောတရားတံခါးအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ကြပါ။ထို့ကြောင့် ကြယ်တာရာပုံရိပ်ရောင်များကိုသာ မှီခိုအားထားပြီး တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းနေရသည်။

စစ်မှန်မူလအရှင်သည် ဟင်းလင်းပြင်ထဲတွင် ယန်နတ်ဘုရားများ ဝန်းရံလျက် ရပ်နေ၏။ သူသည် လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဒီနေမင်းဆယ်စင်းအရှင်က အရမ်းမာနကြီးတယ်။ အထက်တန်းအရှင်တစ်ယောက်ရဲ့ ကြောက်စရာကောင်းပုံကို လုံးဝမသိဘူး။ ဒီတစ်ခါတော့ မသေမျိုးကမ္ဘာမှာ အကြီးမြတ်ဆုံး ရတနာလက်နက်က ထိုက်ဟွမ်နန်းတော်ပိုင် ဖြစ်လာတော့မယ်"

သူ့စကားအပေါ် ပတ်ဝန်းကျင်မှ အင်အားကြီးပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုမှာ အမျိုးမျိုး ဖြစ်သည်။ အချို့မှာ စိုးရိမ်ပူပန်နေကြပြီး အချို့မှာ အတွေးနယ်ချဲ့နေကြသည်။

ထိုအချိန်တွင် မူလသဘောတရားအသင်းအတွင်း၌....

"သူ့မှာ မူလသဘောတရားပေါင်းစုံတံခါး ရှိနေမှန်း ငါတို့သာ ကြိုသိရင် ကူညီပေးမိမှာပါ။ အခုတော့ မဟာနေမင်းက ဒါကို ရသွားတော့မှာပေါ့"

"မဟာနေမင်းရဲ့ စွမ်းအားနဲ့ မူလသဘောတရားပေါင်းစုံတံခါး ပေါင်းစပ်လိုက်ရင် ဒီကောင်းကင်ဘုံခြောက်ထပ်က... အား... ဒီနေမင်းဆယ်စင်းအရှင်ရဲ့ ဉာဏ်ပညာနည်းပါးမှုကတော့ အံ့ဩစရာပဲ။ အထက်တန်းအရှင်တစ်ယောက်ရဲ့ စွမ်းအားအပေါ် အကြံအစည်ထုတ်ဖို့ ကြိုးစားတာက ဘယ်လောက်ညံ့ဖျင်းလိုက်သလဲ။ ဘယ်လိုအကြံအစည်ကမှ အထက်တန်းအရှင်သခင်တစ်ယောက်ရဲ့ ရှေ့မှာ မတည်မြဲနိုင်ဘူး"

သူတို့ကိုယ်တိုင်လည်း အထက်တန်းအရှင်သခင်များ ဖြစ်ကြသည့်အတွက် ထိုစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်ကြသည်။ အထက်တန်းအရှင်သခင်တစ်ယောက်၏ စွမ်းအားသည် မဟာမူလသဘောတရားကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေ၏။

အထက်တန်းအရှင်သခင်နှစ်ဦးသည် ဆွေးနွေးနေရင်းမှ မဟာနေမင်း ပြန်လာသည့်အခါ ဘာတွေ ဖြစ်လာနိုင်မည်ကို စဉ်းစားနေကြသည်။

အဇူရာဓားသွားကောင်းကင်ဘုံတွင်​...

မိုးကာအင်္ကျီဝတ်ထားသော အဘိုးကြီးတစ်ယောက်သည် အဝေးတစ်နေရာသို့ လှမ်းကြည့်ကာသက်ပြင်းချ၏။

"အောင်ပွဲက ဒီခန်းမတစ်ခုတည်းဆီမှာပဲ ရှိမယ့်ပုံပဲ"

နဂါးဖြူချောက်ကမ်းပါးတွင် ...

နဂါးဖြူချောက်ကမ်းပါးသခင်မ၏ အကြည့်မှာ ရှုပ်ထွေးနေသည်။

"သူက ငါ့ကလေးကို မွေးမပေးချင်တာ မဆန်းပါဘူး။ သူက မူလသဘောတရားပေါင်းစုံတံခါးကို ပိုင်ဆိုင်ထားတာကိုး"

သူမသည် ကြယ်တာရာနယ်မြေရှိ ကြယ်များဆီသို့ မျှော်လင့်ချက်ရိပ်များဖြင့် ငေးကြည့်နေလေသည်။

ယခုအချိန်၌ ယန်နတ်ဘုရားအရှင်များစွာတို့သည် မူလသဘောတရားပေါင်းစုံတံခါးအတွင်း၌ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ဟု ထင်မှတ်နေကြသည်။ အောင်နိုင်သူမှာလည်း မဟာနေမင်း ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်နေကြ၏။

သို့သော် တကယ်တမ်းတွင် သူတို့ အကြီးအကျယ် မှားယွင်းနေကြသည်။

မူလသဘောတရားပေါင်းစုံတံခါးအတွင်း၌ တိုက်ပွဲဟူ၍ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျယ်ပြန့်လှသော ဟင်းလင်းပြင်သည် အလွန်လှပ၏။ ကြယ်များသည် ပုလဲများကဲ့သို့ တောက်ပလျက် အရောင်အသွေးရှိသော ချည်မျှင်များဖြင့် ချိတ်ဆက်ထားရာ ပြောင်းပြန်လှန်ထားသော နဂါးငွေ့တန်းဂလက်ဆီနှင့်ပင် တူနေသည်။

၎င်းမှာ ခမ်းနားထည်ဝါပြီး နယ်နိမိတ်မရှိပေ။

ကျိယွမ်သည် စကြဝဠာ၏ကြီးကျယ်ခမ်းနားမှုထဲတွင် ရပ်နေရင်း ရှုပ်ထွေးသော အမူအရာဖြင့် ရှိနေသည်။ သူသည် ကျယ်ပြောလှသော စကြဝဠာကြီးထဲသို့ အော်ပြောလိုက်၏။

"မဟာနေမင်းရေ မင်းအဖေက ညစာစားဖို့ အိမ်ပြန်ခေါ်နေတယ်"

လေဟာနယ်ထဲတွင် သူ၏ အသံမှာ မိုင်ပေါင်းသန်းချီတိုင်အောင် ပျံ့နှံ့သွားလေသည်။

သို့သော် ပဲ့တင်သံ ပြန်မလာပေ။ ဟင်းလင်းပြင်ထဲတွင် လှိုင်းကြက်ခွပ်ပင် မထလိုက်ပါ။

ကျိယွမ် ပခုံးတွန့်လိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီစကြဝဠာက အရမ်းကျယ်တယ်။ မဟာနေမင်း ဘယ်ကို အပို့ခံလိုက်ရလဲ ဘယ်သူသိမှာလဲ"

ကျိယွမ်သည် သူနှင့် မဟာနေမင်းကြားက အင်အားကွာဟချက်ကို ကောင်းကောင်းသိပါသည်။တိုက်ရိုက်တိုက်ခိုက်လျှင် သူ ရှုံးနိမ့်သွားမည်ဖြစ်၏။

ထို့ကြောင့် သူသည် သူ၏ထက်မြတ်သောဉာဏ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

တိုက်ရိုက်ရင်ဆိုင်မည့်အစား သူက ပရိယာယ်တစ်ခုကို စီစဉ်လိုက်၏။ ထိုက်ဟွမ်နန်းတော်၏ ဖိနှိပ်မှုအောက်တွင် သူက အကန့်အသတ်သို့ ရောက်နေသည့်ပုံစံမျိုး ဟန်ဆောင်ကာ မူလသဘောတရားပေါင်းစုံတံခါးကို ထုတ်ပြလိုက်ခြင်းဖြင့် မဟာနေမင်းကို တစ်ဦးချင်းထိပ်တိုက်တွေ့ဆုံရန် ဆွဲဆောင်လိုက်သည်။

သို့သော် မဟာနေမင်းက မူလသဘောတရားပေါင်းစုံတံခါးအတွင်း ဝင်ရောက်လာသည့်အခါ ကျိယွမ်သည် ထိုတံခါးကို သူ့၏ ကြယ်အမြုတေ ရှိရာ စကြဝဠာတစ်ခုဆီသို့ ချက်ချင်း ပို့လိုက်သည်။

ထို့နောက် သူသည် တံခါးကို ချက်ချင်း ပြန်ဆွဲယူလိုက်သည်။

ထို့ကြောင့် မဟာနေမင်း ဖြတ်ကျော်ဝင်ရောက်လာသည့်အခါ သူတွေ့ရသည်မှာ မူလသဘောတရားပေါင်းစုံတံခါး မဟုတ်ဘဲ ကျယ်ပြောလှသော စကြဝဠာတစ်ခုသာ ဖြစ်နေလေသည်။

ထိုစကြဝဠာသည် ကောင်းကင်ဘုံခြောက်ထပ်ထက်ပင် ပိုမိုကြီးမားလှ၏။

ယခုအခါ မဟာနေမင်းသည် ထိုနေရာ၌ ပိတ်မိနေပြီး ကောင်းကင်ဘုံခြောက်ထပ်နှင့် အဆက်ပြတ်သွားပြီ ဖြစ်သည်။

"ကောင်းကင်ဘုံခြောက်ထပ်က အင်အားကြီးပုဂ္ဂိုလ်တွေက တခြားစကြဝဠာထဲ ခြေချမိတာနဲ့ ချက်ချင်း ပျက်စီးသွားတတ်တယ်"

ကျိယွမ်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။၄င်းသည် သူ ကောင်းကင်ဘုံခြောက်ထပ်တွင် ရရှိထားသော အသိပညာဖြစ်၏။

ကောင်းကင်ဘုံခြောက်ထပ်မှ သက်ရှိများသည် ဆန်းကြယ်နယ်မြေများမှတစ်ဆင့် တခြားစကြဝဠာများသို့ ရောက်သွားလျှင် ရှင်သန်နိုင်ကြမည် မဟုတ်ပေ။ သူတို့ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။ ထိုနည်းတူစွာပင် တခြားစကြဝဠာမှ သက်ရှိများသည်လည်း ကောင်းကင်ဘုံခြောက်ထပ်သို့ ဝင်လာပါက မူလနယ်မြေများသို့ ပြန်၍မရဘဲ ပျက်စီးသွားလိမ့်မည်သာ။

"ဒါပေမဲ့... မဟာနေမင်းက အဲ့လောက်နဲ့ လွယ်လွယ်သေမယ့်သူ မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ခံစားနေရတယ်"

ကောင်းကင်ဘုံခြောက်ထပ်တွင် သူချန်ထားခဲ့သော အစီအစဉ်များအရ ဗုဒ္ဓနယ်မြေမှ စိတ်ဝိညာဉ်တစ်ခု၏ အဆိုအရ မဟာနေမင်း၏ ကြယ်တာရာပုံရိပ်ရောင်မှာ ကျန်ရှိနေသေးသည်ဟု သိရသည်။

"ဒါက စကြဝဠာအတုများ ဖြစ်နေတာလား။ ဒါမှမဟုတ်... တခြားအကြောင်းအရင်း ရှိနေတာလား"

"ဒါမှမဟုတ်... ဒီစကြဝဠာမှာ အုပ်ချုပ်သူဆန္ဒ မရှိတာပဲ ဖြစ်ရမယ်"

ဖြစ်နိုင်ချေကို သူ တွေးနေခဲ့သည်။

ဖြစ်နိုင်သည်မှာ အုပ်ချုပ်သူဆန္ဒ မရှိသည့်အတွက် မဟာနေမင်းသည် အထဲဝင်ရောက်ချိန်တွင် ပျက်စီးမသွားခြင်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင်သည် တုန်ခါသွားသည်။

ဝတ်စုံနက်နှင့် နင်းထောင်သည် လိမ္မော်ဝါရောင်စကတ်ဖြင့် ဝတ်ဆင်ထားသော ကျူးယန်နှင့်အတူ ပေါ်လာ၏။ ကျူးယန်သည် သေးငယ်ပြီး ကြော့ရှင်းကာ ဆွဲဆောင်မှုအပြည့်ရှိသည်။

ရောက်ရောက်ချင်းမှာပင် သူတို့ထဲမှ တစ်ဦးသည် ကျိယွမ်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး ကိုအာလာဝက်ဝံကဲ့သို့ သူ၏ခါးကိုခွကာ တွယ်ကပ်ထားလိုက်၏။

နုပျိုသောမိန်းမလှလေး၏ နှုတ်ခမ်းလှလှများက အနမ်းများဆက်တိုက်ပေးလိုက်သဖြင့် မထိန်းချုပ်နိုင်အောင်ပင် ဖြစ်သွားရသည်။

"ငါ နင့်ကို အရမ်းလွမ်းနေတာ"

ကျူးယန်၏ မျက်လုံးများတွင် လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေပြီး သူမ၏ ခံစားချက်များကို ရဲရဲဝံ့ဝံ့ ဖော်ပြလိုက်သည်။

ကျိယွမ်သည် လက်တစ်ဖက်ဖြင့် သူမ၏ ပေါင်များကို ထိန်းပေးထားရင်း တင်ပါးလေးမှ ပွေ့ဖက်ထားလိုက်ရာ သူ့မျက်လုံးများမှာ ဝင်းလက်သွားသည်။

ကျူးယန်၏ ရဲရင့်မှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် နင်းထောင်သည် ပိုမိုအေးစက်ပြီး အိန္ဒြေရှိသည်။ ဝတ်စုံအနက်သည် သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖျော့သော အရေပြားကို ပိုမိုပေါ်လွင်စေ၏။ သူမသည် ပါးလွှာသော ကိုယ်ခန္ဓာနှင့် အေးစက်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး လှပသောမျက်နှာတွင် အပြုံးတစ်ခု ပေါ်နေသည်။

"ကြယ်အမြုတေတွေနားမှာ မဟာနေမင်း ရှိနေတဲ့ အရိပ်အယောင် မရှိဘူး။ သူ တခြားနေရာမှာပဲ ဖြစ်ရမယ်"

"သူ တခြားဟင်းလင်းပြင်တစ်ခုဆီ ပို့ခံလိုက်ရတဲ့ပုံပဲ"

စကြဝဠာသည် အလွန်ကျယ်ပြောလှသဖြင့် ယန်နတ်ဘုရားအရှင်တစ်ယောက်ပင် သူ၏ တစ်သက်တာလုံးအတွင်း အပြည့်အဝ ရှာဖွေနိုင်မည် မဟုတ်ပေ။

"သူသာ အာကာသတွင်းနက်ထဲ ကျသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အာကာသတွင်းနက်က သူ့ကို သတ်နိုင်မလား ဆိုတာ ငါသိချင်တယ်"

ကျိယွမ်က အားမလိုအားမရဖြင့် ဆန္ဒကိုထုတ်ဖော်မိသည်။

ထို့နောက် သူသည် နင်းထောင်၏ အေးစက်သော လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်၏။နင်းထောင်က လက်ကို မရုပ်သိမ်းသော်လည်း သူမမျက်နှာတွင် တည်ကြည်သောအကြည့်တစ်ခု ပေါ်လာသည်။

"ယောက်ျား..ရှင်ပြန်သွားပြီးရင် သတိထားရမယ် ၊ အဲဒီမှာ တစ်ရက်ဆိုတာ ဒီမှာ နှစ်တစ်ရာလေ။ သူက စွမ်းအားတွေ မြန်မြန်ဆန်ဆန် ရသွားနိုင်တယ်။ မသေမျိုးလမ်းစဉ်ရဲ့ ဆန္ဒက သူ့ကို ကန့်သတ်မထားတော့တဲ့အတွက် သူက စိတ်ကြိုက်ကြီးထွားလာနိုင်တယ်"

ကျိယွမ်ကတော့ အေးဆေးပင် ရှိနေသည်။

"စွမ်းအားက အဲ့လောက် လွယ်လွယ် မတိုးလာနိုင်ဘူး။ ဒီစကြဝဠာက... ကောင်းကင်ဘုံခြောက်ထပ်က ကျင့်ကြံသူတွေအတွက် မသင့်တော်ဘူးလေ"

သူ့၏ ကြီးမားသော အစီအစဉ်ထဲတွင် မမျှော်လင့်ထားသော ဖြစ်ရပ်များကိုလည်း သူ ထည့်သွင်းစဉ်းစားထားပြီး ဖြစ်သည်။

ယခုစကြဝဠာက ဆန်းကြယ်ပြီး မသေမျိုးဝိညာဉ်စွမ်းအင် လုံးဝမရှိသလောက် နည်းပါး၏။၎င်းသည် ကောင်းကင်ဘုံခြောက်ထပ်၏ အောက်ဘုံများထက်ပင် ပိုမိုဆိုးရွားနေသည်။

မဟာနေမင်းသည် ယခုနေရာတွင် သူ၏ ကျင့်ကြံမှုအဆင့်ကို ထိန်းထားနိုင်ရုံဖြင့်ပင် ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ စွမ်းအားတိုးလာဖို့ဆိုတာ ကတော့ အလွန့်အလွန်ကို ခက်ခဲသည်။

အကယ်၍ မဟာနေမင်းသာ ယခုစကြဝဠာထဲမှာ သူ၏စွမ်းအားကို မြှင့်တင်ပေးနိုင်မည့် ဆန်းကြယ်သော ရတနာတစ်ခုခုကို ကံကောင်းစွာ တွေ့သွားခဲ့လျှင်တော့... ကံကောင်းသောတိုက်ဆိုင်မှု တစ်ခု ဖြစ်လာပါလိမ့်မည်။

ထိုအခြေအနေမျိုးတွင် မဟာနေမင်းသည် ကောင်းကင်ဘုံခြောက်ထပ်အတွင်း၌ တာအိုဘိုးဘေးတစ်ဦးအဖြစ် ပင် ပြန်လည်မွေးဖွားလာနိုင်၏။

"ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံး သတိထားကြ။ မဟာနေမင်းနဲ့ တွေ့ဖို့ အခွင့်အရေးက သန်းတစ်ထောင်မှာ တစ်ခါလောက်ပဲ ရှိပေမဲ့ သူနဲ့တွေ့ရင် ချက်ချင်း ကောင်းကင်ဘုံခြောက်ထပ်ကို ပြန်လာဖို့ အဆင်သင့်ပြင်ထားကြ"

ကျိယွမ်က သတိပေးလိုက်သည်။

"ဟွန့် ...ယောက်ျား ..ရှင်က ကျွန်မကို အထင်သေးနေတာပဲ။ ကျွန်မလည်း ပိုသန်မာလာအောင် ကြိုးစားနေတာပါ"

နင်းထောင် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီ သူမ၏သွယ်လျသော လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ပျံ့နှံ့သွားသည်။

သူတို့ပတ်လည်ရှိ ကြယ်တာရာများပင် ခဏတာ တုန်ခါသွား၏။ကျိယွမ်မှာ သည် အချိန်နှင့်ဟင်းလင်းပြင်တို့ပင် ခဏတာ ရပ်တန့်သွားသည်ကို ခံစားလိုက်ရ၏။

"မဟာမူလသဘောတရားအဆင့်လား"

သူမျက်လုံးပြူးသွားရသည်။

ယခုအချိန်တွင် နင်းထောင်၏ စွမ်းအားမှာ မဟာမူလသဘောတရားကျင့်ကြံသူအဆင့် မရောက်သေးသော်လည်း အလွန်နီးစပ်နေလေပြီ။

သူမသည် သူမကိုယ်သူမ ကျေနပ်နေပုံရသည်။

"ကျွန်မ ကျင့်ကြံထားတဲ့ ကြယ်အမြုတေတိုင်းအတွက် ကျွန်မရဲ့ စွမ်းအားက အများကြီး တိုးလာတယ်။ အဲ့ဒီမဟာနေမင်းသာ ဒီနေရာကို ရောက်လာရဲရင် ကြယ်အမြုတေ တစ်လုံးလောက်သာ ချေးလိုက်၊ သူ ပြန်ဖို့လမ်း မရှိတော့ဘူး"

နင်းထောင် ကျင့်ကြံသည့် ကြယ်အမြုတေတိုင်းအတွက် သူ့ခွန်အားမှာ သိသာစွာ တိုးလာပြီး နင်းထောင်မှာလည်း သူ့နှင့်အတူသန်မာလာခဲ့သည်။

ထို့အပြင် ယခုစကြဝဠာတွင်ရှိနေသော သူ၏ အမြုတေများမှာ ကောင်းကင်ဘုံခြောက်ထပ်၌ အသုံးပြုသော ကြယ်တာရာပုံရိပ်ရောင်များကဲသို့ မဟုတ်ဘဲ တကယ့်နေအစစ်များ ဖြစ်ကြ၏။

သူ၏ ကြယ်အမြုတေများ၏ စွမ်းအားမှာ ယခုအခါ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့လေပြီ ။

ကျိယွမ်သည် ယုံကြည်မှုအပြည့်ဖြင့် နင်းထောင်ကို တင်းကျပ်စွာဖက်လိုက်၏။ ကျူးယန်မှာလည်း သူ့အနားတွင် မခွာတမ်းကပ်နေလေသည်။

ထိုအချိန်မှာပင် နင်းထောင်၏ မျက်မှောင်နက်နက်လေးများ အနည်းငယ် ကြုံ့သွား၏။သူမက ကျိယွမ်၏ ရင်ခွင်ထဲမှ ဆက်ခနဲခွာလိုက်ပြီး သူ့အားမော့ကြည့်သည်။

"ယောက်ျား.. ရှင့်ဆီမှာ တခြားအမျိုးသမီးတစ်ယောက်ရဲ့ အနံ့ရနေတယ်"

ကျူးယန်သည်လည်း ကျိယွမ်အား ခါးထစ်ခွထားရင်းမှ နှာခေါင်းရှုံ့လိုက်သည်။

"တော်တော်မွှေးတာပဲ"

"အဲ့ဒါ ကျင်းလီပါ"

ကျိယွမ်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ နင်းထောင်နှင့် ကျူးယန်တို့သည် ကျင်းလီ၏ တည်ရှိမှုကို သိရှိပြီးသားဖြစ်ကြ၏။

"အော်.. ဒါဆို ကျင်းလီက ညီမလေး ဖြစ်ရမယ်"

"အော်...ဒါဆို သူက အစ်မကြီး ကျင်းလီပေါ့"

သူမတို့နှစ်ဦးက ပြိုင်တူပြောမိသွားပြီးမှ မတိုင်ပင်ထားဘဲ အချင်းချင်းကြည့်လိုက်ကြ၏။

ထိုအခိုက်မှာပင် နင်းထောင်သည် သူမ၏အဝတ်အစားကို ဆုပ်ကိုင်ထားရင်း အဝေးတစ်နေရာမှ ကြယ်များဆီသို့ တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် နှမြောတသဖြစ်​နေသော်လည်း ခိုင်မာစွာ ပြောလိုက်သည်။

"ယောက်ျား..ရှင် မြန်မြန်ပြန်သင့်တယ်။ မဟာနေမင်းက မမြင်ကွယ်ရာမှာ ရှိနေပေမဲ့ ထိုက်ဟွမ်နန်းတော်ကတော့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပဲ"

ကျိယွမ် ခေါင်းညိတ်လိုက်ပြီး နင်းထောင်ကိုပါ သူ့လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။

နင်းထောင်၏ အမူအရာမှာ အနည်းငယ် ထိတ်လန့်သွားသည့်ပုံစံ ဖြစ်သွား၏။သူမ၏ ပင်ကိုယ်စရိုက်မှာ အိန္ဒြေရှိသောအမျိုးသမီး တစ်ယောက်ကဲ့သို့ အနည်းငယ် အေးစက်သောအသွင် ရှိသည်။

အိန္ဒြေရှိသော အမျိုးသမီးတစ်ယောက်က အရုပ်တစ်ရုပ်လို အပွေ့ခံရသောအခါ အနည်းငယ်အနေခက်သွားခြင်းပင်။

ကျိယွမ်ထွက်သွားသည်နှင့် ကျူးယန်သည် သူမကို ထိုအကြောင်းနှင့်ပတ်သက်ပြီး ပြောင်လှောင်တော့မည်မှာ သေချာသည်။

ကျိယွမ်သည် နင်းထောင်နှင့် ကျူးယန် နှစ်ဦးစလုံး၏ ပါးကို တစ်လှည့်စီနမ်းလိုက်၏။

"ဒါဆို ငါ အရင်ပြန်တော့မယ်"

နွေးထွေးသောအနမ်းနှစ်ခုနှင့်အတူ သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

ဗလာကျင်းနေသော စကြဝဠာထဲတွင် နင်းထောင်နှင့် ကျူးယန်၏ သေးငယ်သော ပုံရိပ်များသာ ကျန်ရစ်ခဲ့၏။

"ဟူး ..နင့်ရဲ့ အိန္ဒြေစောင့်မှုတွေနဲ့ပဲ ရှုံးသွားပြီပေါ့။ ဒီနေ့ ငါ သူ့ကို နင့်ထက် အကြိမ်ရေ တစ်သောင်းသုံးထောင် ပိုနမ်းလိုက်တယ်"

ကျူးယန်က ဂုဏ်ယူစွာ ကြွားလိုက်သည်။

"ဟွန့် ...နင် အဲဒီလို နမ်းသလောက်သာ ကြယ်အမြုတေတွေကိုသာ မြန်မြန်ကျင့်ကြံလိုက်ရင် ယောက်ျားက ဘယ်သူမှမနိုင်တဲ့သူ ဖြစ်နေလောက်ပြီ"

"မနာလိုဖြစ်နေတာလား။ နင့်ရဲ့ ပိုင်ဆိုင်လိုမှုက နင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်နော်။ ပြောသာပြောတာပါ...နင်က ဒီလောက်အေးစက်ပေမဲ့ အိပ်ရာပေါ်မှာတော့..."

ကျူးယန်က ကြောက်လန့်သလို ပုခုံးတွန့်ပြ၏။

"နင်..."

............

ကောင်းကင်ဘုံခြောက်ထပ်အတွင်း၌ -

မျက်လုံးများစွာတို့သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ အပြင်ဘက်ကိုသာ စူးစိုက်ကြည့်နေကြသည်။

ကျင်းလီသည် သူမ၏ ရင်ထဲတွင် တင်းကျပ်လာသလို ခံစားလိုက်ရပြီး သူမမျက်လုံးများတွင် စိုးရိမ်ရိပ်များပြည့်နှက်နေ၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် လအမှတ်အသားတွင် ကျိယွမ်မှာ ပြင်းထန်စွာ ဒဏ်ရာရကြောင်း မပြသသည့်အတွက် စိတ်သက်သာရာ ရသွားသည်။

စစ်မှန်မူလအရှင်ကတော့ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး တည်ကြည်သောအကြည့်ဖြင့် ကြယ်တာယာပုံရိပ်များကို ကြည်နေ၏။

မဟာနေမင်း၏ ကြယ်တာရာပုံရိပ်ရောင်မှာ ကျန်ရှိနေသေးသော်လည်း နေမင်းဆယ်စင်းအရှင်၏ ကြယ်တာရာအရိပ်များမှာလည်း ရှိနေသေးသည့်အတွက် မဟာနေမင်းက နေမင်းဆယ်စင်းအရှင်ကို မသတ်နိုင်သေးကြောင်း သူသိလေသည်။

ထိုအချက်က သူ၏ စိတ်ထဲတွင် သံသယကို ဖြစ်ပေါ်စေ၏။

အခြားအထက်တန်းအရှင်များနှင့် ယန်နတ်ဘုရားအရှင်များမှာလည်း ထိုသို့ပင် တွေးတောနေကြသည်။

မဟာနေမင်းအရှင်သခင်လို အထက်တန်းအရှင်သခင်တစ်ပါးအနေဖြင့် သွေးဝတ်စုံကိုသတ်ရန် ယခုလောက်ထိ ကြာမနေသင့်ပါ။

ထိုအချိန်တွင် ဟင်းလင်းပြင်တစ်နေရာက တုန်ခါသွားပြီး ပျင်းရိသောအသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

" မဟာနေမင်းအရှင် ဘယ်ရောက်သွားတာလဲ။ ငါ့ကို လမ်းပျောက်အောင် လုပ်ပြီး ဘယ်မှာမှရှာမတွေ့တော့ဘူး"

ကျိယွမ်က ဟင်းလင်းပြင်တွင် ပေါ်လာပြီး နားမလည်သလိုခေါင်းကုတ်နေ၏။

ထို့နောက် သူက မူလစစ်မှန်အရှင်အား ကြည့်လိုက်ပြီး ချက်ချင်းငြင်းတော့သည်။

"ဟေ့....မင်းတို့ရဲ့မဟာနေမင်း ပျောက်သွားတာက ငါနဲ့ဘာမှ မဆိုင်ဘူးနော်။ ပြန်ပေးဆွဲမှုထဲမှာ ငါမပါဘူး ၊ သူ့ဘာသာ ပျောက်သွားတာ"

သူ၏စကားကြောင့် ဆဌမကောင်းကောင်းကင်ရှိ ယန်နတ်ဘုရားအရှင်များမှာ မယုံနိုင်စွာ မျက်တောင်ခတ်လိုက်ကြသည်။

"မင်း... မင်း တကယ်ပဲ လွတ်မြောက်လာတာပဲ"

စစ်မှန်မူလအရှင်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ မြင်နေရသည်ကို မယုံနိုင် ဖြစ်နေသည်။

မဟာနေမင်းနှင့် နေမင်းဆယ်စင်းအရှင် နှစ်ဦးစလုံး ပျောက်ကွယ်သွားခဲ့သော်လည်း နေမင်းဆယ်စင်းအရှင်သာ ပြန်ပေါ်လာ၏။

၄င်းကိုမှ မအံ့ဩလျှင် မည်သည့်အရာကိုအံ့သြရမည်နည်း။

အခြေအနေကထူးဆန်းနေပြီး သူ၏စိုးရိမ်မှုများမှာလည်း တိုးပွားလာသည်။

"ဒီ..."

နဂါးဖြူချောက်ကမ်းပါးသခင်မ၏ အမူအရာမှာလည်း ပိုမိုရှုပ်ထွေးလာသည်။ ယခုရက်ပိုင်းအတွင်း သူမ၏ ခံစားချက်များသည် သူမ၏ တစ်သက်တာလုံးထက်ပင် ပိုမိုလှုပ်ခတ်နေရ၏။

ပထမဦးစွာ သွေးဝတ်စုံသည် နေမင်းဆယ်စင်းအရှင် ဖြစ်ကြောင်းသိရ၏။ ထို့အပြင် အနှိုင်းမဲ့မူလသဘောတရားနှစ်ခုကို နားလည်ထားသူဖြစ်ပြီး မူလသဘောတရားပေါင်းစုံတံခါးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည့်အပြင် ယခုအခါ အထက်တန်းအရှင်သခင်ဖြစ်သော မဟာနေမင်းကိုပင် ကျော်လွန်သွားပုံရသည်။

ဖြစ်ရပ်တစ်ခုစီတိုင်းသည် ကောင်းကင်ဘုံကို တုန်လှုပ်စေနိုင်လောက်၏။ သို့သော်လည်း ဤအရာအားလုံးသည် အချိန်တိုလေးအတွင်း လူတစ်ယောက်ဆီမှာပဲ စုပြုံဖြစ်ပျက်နေခြင်းဖြစ်သည်။

နဂါးဖြူချောက်ကမ်းပါးသခင်မသည် သူမ၏အသိဉာဏ်ကပင် လိုက်မမီတော့သလို ခံစားရ၏။

မူလသဘောတရားအသင်းအတွင်း၌ အထက်တန်းအရှင်နှစ်ဦးသည်လည်း သူတို့၏ စိတ်ဝိညာဉ်များပင် တုန်ခါနေသလို ခံစားရသည်။

မဟာနေမင်းအရှင်သည် သူ၏ ကြီးမားသော ခွန်အားကြောင့် နာမည်ကြီးပြီး ကောင်းကင်ဘုံခြောက်ထပ်တွင် အင်အားအကြီးဆုံး ဖြစ်သော်လည်း မူလသဘောတရားတံခါးထဲ ဝင်သွားပြီး ပျောက်ကွယ်သွား၏။

သူတို့သည် ကျိယွမ်ကို ကြည့်လိုက်ရင်းမှ သူတို့၏ အရင်က သနားစိတ်များသည် သတိထားရမည့်စိတ်အဖြစ် ပြောင်းလဲသွားသည်။သူတို့သည် ကျိယွမ်ကို ဂျူနီယာ တစ်ယောက်အဖြစ် မဟုတ်ဘဲ ခြိမ်းခြောက်မှု တစ်ခုအဖြစ် စတင် သဘောထားလာကြသည်။

"မင်း မဟာနေမင်းကို ဘယ်မှာ ဖွက်ထားတာလဲ"

စစ်မှန်မူလအရှင်၏ အသံမှာ ကြောက်ရွံ့မှုနှင့်အတူ ဒေါသတို့ဖြင့် တုန်ယင်နေ၏။

"ငါဘယ်လိုလုပ် သိမှာလဲ။ သူက ကျောက်ကပ်အားနည်းပြီး ကယောင်ကတမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သွားတာ ဖြစ်နိုင်တယ်။ ငါ့ကို လာမစွပ်စွဲနဲ့နော်၊ ငါ အပြစ်မယူချင်ဘူး"

ကျိယွမ်က သူနှင့်မဆိုင်သလိုပခုံးတွန့်လျက် ပယ်ချလိုက်သည်။

"မင်း..."

စစ်မှန်မူလအရှင်၏ မျက်နှာမှာ စိုးရိမ်မှုဖြင့် တင်းမာလာသည်။

ထိုအခိုက် ကျိယွမ်၏ အကြည့်မှာ အေးစက်သွားလေသည်။

"မင်းပဲ ငါ့ကို ထိုက်ဟွမ်နန်းတော်ကို သွားပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုခိုင်းတာ မဟုတ်လား။ ကောင်းပြီ ထိုက်ဟွမ်နန်းတော် ငါလာခဲ့မယ်။ ဒါပေမဲ့ ခွင့်လွှတ်ဖို့ တောင်းဆိုဖို့ မဟုတ်ဘူး၊ တောင်းဆိုစရာ ရှိလို့ ငါလာတာ"

စစ်မှန်မူလအရှင်သည် ဖြူဖျော့သွားပြီး ထိုစကားကြောင့် ခေါင်းများကြီးလာကကြက်သီးတစ်ဖျင်းဖျင်းထသွားလေသည်။ သူ၏နောက်တွင် ရပ်နေသော ယင်နတ်ဘုရားများနှင့် ယန်နတ်ဘုရားများမှာလည်း အခြေအနေ၏ အလေးသာမှုကို သဘောပေါက်သွားကြသည်။

မဟာနေမင်းအရှင်သခင် မရှိတော့သည့်အတွက် ထိုက်ဟွမ်နန်းတော်သည် ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်နေရလေပြီ။

စစ်မှန်မူလအရှင်သည် ချွေးစေးပြန်သွားသော်လည်း သူ၏ သတိကို မြန်မြန် ပြန်စုစည်းလိုက်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်လာသည်။

"ထိုက်ဟွမ်နန်းတော်က မင်း လာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး"

သူသည် ရဲရင့်ဟန်ဆောင်နေသော်လည်း သူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုရိပ်များ မသိမသာပေါ်နေသည်။

ထိုအချိန်တွင် ကျိယွမ်၏ အမူအရာမှာ တစ်စုံတစ်ခုကို ခံစားမိသည့်အလား ပြောင်းလဲသွားပြန်သည်။

သူသည် စစ်မှန်မူလအရှင်ကို ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ပိုမိုစူးရှလာ၏။

"တစ်ရက်အတွင်းမှာပဲ ငါ မင်းတို့ထိုက်ဟွမ်နန်းတော်ကို ဒူးထောက်အောင် လုပ်ပြမယ်"

ထိုသို့ ကြေညာပြီးနောက် ကျိယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

သူ၏ခြိမ်းခြောက်မှုက ယန်နတ်ဘုရားအားလုံးကို တုန်လှုပ်သွားစေ၏။

လက်ရှိအခြေအနေအရ မဟာနေမင်းအရှင်သခင်မှာ နေမင်းဆယ်စင်းအရှင်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး လက်ရှိတွင် မလွတ်မြောက်နိုင်သေးကြောင်း ထင်ရှားသွားလေသည်။

သို့သော်လည်း ထိုက်ဟွမ်နန်းတော်၏ အမွေအနှစ်နှင့် စွမ်းအားကတော့ ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်၏။

နေမင်းဆယ်စင်းအရှင်က အဲဒီနေရာကို တကယ်ပဲ စိန်ခေါ်ရဲပါ့မလား။

သူ့မှာ ဝှက်ဖဲတွေထပ်ရှိနေတာလား။

သို့သော် အကြွင်းမဲ့ စွမ်းအားရှေ့တွင် လှည့်ကွက်များက မည်မျှအသုံးဝင်မည်နည်း။

ထိုကာလလေးအတွင်း၌ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေလေသည်။

အစပိုင်းတွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် ဝူမင်အရှင်တို့ တိုက်ခိုက်နေချိန်တွင် ဘိုးဘေးသည် အခြေအနေမလှသော်လည်း ကြီးမားသောအန္တရာယ် မရှိခဲ့ပေ။

သို့သော် တစ်မိနစ်အကြာတွင် ဝူမင်အရှင်သည် မူလနတ်ဆိုးသွေး တစ်စက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မူလနတ်ဆိုးကပ်ဘေးကို ချက်ချင်း ဖြစ်ပေါ်သွားစေတော့သည်။

မူလနတ်ဆိုးကပ်ဘေးမှာ ဒီကမ္ဘာရှိ ကျင့်ကြံသူများ၊ အထူးသဖြင့် မဟာမူလသဘေားတရားအဆင့်များအတွက် ကြောက်မက်ဖွယ်ရာ ဖြစ်၏။

သူတို့အဆင့်သည် ထာဝရမသေမျိုးများဟုပင် ဆိုနိုင်သော်လည်း ကျဆုံးသွားသော ယန်နတ်ဘုရားများ၏ သုံးပုံနှစ်ပုံမှာ မူလနတ်ဆိုးကပ်ဘေးကြောင့်ပင် ။

ထို့ကြောင့် ယန်နတ်ဘုရားများသည် စွမ်းအားကို လိုချင်သော်လည်း မူလနတ်ဆိုးကပ်ဘေးကို ကြောက်ရွံ့မှုကြောင့် သူတို့၏ တိုးတက်မှုကို ရပ်တန့်ထားကြသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် လည်း ကပ်ဘေးကို ဆွဲဆန့်ရန် သူ၏ ကျင့်ကြံမှုကို နှစ်ပေါင်းများစွာ တမင်တကာ ထိန်းထားခဲ့၏။

မူလနတ်ဆိုးကပ်ဘေးက သူ့ကို အဆုံးသတ်သွားစေမည်ကို သူသိလေသည်။

မူလနတ်ဆိုးကပ်ဘေးမှာ သူတို့၏ ခေါင်းပေါ်တွင် ချိတ်ထားသော ဓားသွားကဲ့သို့ ဖြစ်သည်။

အကယ်၍သာ မူလနတ်ဆိုးကပ်ဘေးကို လွတ်မြောက်နိုင်လျှင် သူတို့သည် စွမ်းအားကို ဆက်လက် ကြီးထွားစေပြီး အထက်တန်းအရှင် အဆင့်သို့ပင် နီးကပ်လာနိုင်၏။

လက်ရှိတွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ မူလနတ်ဆိုးကပ်ဘေးအတွင်း ပိတ်မိနေလေပြီ။

သူကံကောင်းသွားခဲ့သည်မှာ နေမင်းဆယ်စင်းအရှင် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှ ထွက်လာသည်ကို သိလိုက်ရသောအခါ ဝူမင်အရှင်က ချက်ချင်းထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်၏ အတွင်းပိုင်တွင် ခရမ်းရောင်ကံကြမ္မာတန်ထုသည် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေသည်။

"ဘိုးဘေး... သူ မူလနတ်ဆိုးကပ်ဘေးထဲမှာ ပိတ်မိနေပြီ..."

ခရမ်းရောင်ကံကြမ္မာကောင်းကင်ရှိ အဆင့်မြင့်ကျင့်ကြံသူအနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် သူသည် ဘိုးဘေးမှာ ကပ်ဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း နားလည်ထားသည်။

အကယ်၍ ဘိုးဘေးသာ ကျဆုံးသွားလျှင် ခရမ်းရောင်ကံကြမ္မာကောင်းကင်သည် ​ဆဌမကောင်းကင်ဘုံရှိ မိမိတို့၏နေရာကို ဆုံးရှုံးသွားပြီး ပျက်စီးသွားနိုင်သည်။ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်အပါအဝင် ယန်နတ်ဘုရားများစွာတို့မှာ လည်း စိုးရိမ်မှုများ ပြည့်နှက်နေသည်။

ဘိုးဘေးမှာ သူတို့၏ အားကိုးရာနှင့် အားအကောင်းဆုံး ကာကွယ်စောင့်ရှောက်သူ ဖြစ်၏။ယခုအခါမှာတော့ ဟင်းလင်းပြင်အတွင်း၌ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ကိုယ်ခန္ဓာမှာ တစ်ဝက်ခြောက်သွေ့ပြီး တစ်ဝက်မှာ အသက်ဝင်နေကာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားတွင် ရှိနေလေပြီ။

မူလနတ်ဆိုးကပ်ဘေးမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဆက်လက်စားသုံးနေသည်။

တစ်ခါတစ်ရံ သူ၏ မျက်လုံးများမှာ ဝေဝါးမှုများကြားမှ ကြည်လင်သွားသည်။

"ဟူး ဒါက ငါ့ရဲ့ ကပ်ဘေးပဲ။ ငါ့အတွက် ဝမ်းနည်းဖို့ မလိုပါဘူး"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကြေကွဲစွာပြောလိုက်သည်။

သူ၏ အဆုံးသတ်နီးကပ်လာသည်ကို ခံစားမိနေပြီ သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။

"အနည်းဆုံးတော့... မသေခင်မှာ သွေးဝတ်စုံ မူလသဘောတရားတံခါးကနေ ထွက်လာတာကို မြင်လိုက်ရတာ ကံကောင်းတာပဲ"

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြင့် ရေရွတ်လိုက်သည်။

"မသေခင်လေးမှာ ဒါကို မြင်လိုက်ရတာ နဲ့တင်လုံလောက်ပါပြီ"

သွေးဝတ်စုံအကြောင်းတွေးမိသောအခါ သူ၏မျက်လုံးများထဲ၌ မကျေနပ်ရိပ်အနည်းငယ်ပေါ်လာ၏။

အဲ့ဒီငရှုပ် သွေးဝတ်စုံသာ ငါ့ရဲ့ အခြေအနေကို မြင်ရင်လှောင်ပြောင်တော့မှာ အသေအချာပဲ။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ရှိ ယန်နတ်ဘုရားများနှင့် ပါရမီရှင်များမှာ သူတို့ဘိုးဘေး၏ သေဆုံးချိန်အား ဝမ်းနည်းကြေကွဲစွာ ကြည့်နေကြသည်။

နှုတ်ဆက်ပါတယ် ဘိုးဘေး..။

ထိုအချိန်တွင် ငြိမ်းချမ်းသောအသံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်ကျော်လာ၏။

"ဘာလို့ ဒီလောက် ဝမ်းနည်းနေကြတာလဲ။ အားလုံး ပွဲခံဖို့ ပြင်နေကြတာလို့တောင် ထင်လိုက်မိတယ်"

အားလုံးက အသံကြားရာသို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် ထိတ်လန့်အံ့သြမှုများ ပေါ်လာသည်။

"သွေးဝတ်စုံ"

ညှိုးခြောက်လာနေသော ဘိုးဘေး၏ အကြည့်ကလည်း သွေးဝတ်စုံဆီသို့ ရောက်သွားပြီး သူ၏ နှုတ်ခမ်းတွင် ပြုံးစစ ဖြစ်သွားသည်။

"နောက်ဆုံးအချိန်ထိတောင် မင်းက ငါ့ကို အေးအေးချမ်းချမ်း မထားပေးဘူးနော်"

"နောက်ဆုံးအချိန် ဘာနောက်ဆုံးအချိန်လဲ"

ကျိယွမ်က ဘိုးဘေးကို ကြည့်ရင်း မသိသလို ပြန်မေးသည်။

"ခင်ဗျား ကျုပ်မျက်စိရှေ့မှာ သေမှာ မဟုတ်ဘူး။ ကျုပ်ရှိနေသရွေ့ ခင်ဗျား သေဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ဘိုးဘေးက ကျိယွမ်၏စကားကြောင့် ဝမ်းသာသလိုဖြစ်သွားသော်လည်း

သူအခြေအနေကို သူသိပါသည်။

"ငါ မူလနတ်ဆိုးကပ်ဘေးကို ကျော်ဖြတ်နိုင်မယ် မထင်ဘူး"

မူလနတ်ဆိုးကပ်ဘေးနှင့် လင်းယာအသွင်ပြောင်းလဲခြင်းမှာ မသေမျိုးနယ်မြေရှိ ကျင့်ကြံသူများအတွက် အကြီးမားဆုံး အတားအဆီးကြီး နှစ်ခု ဖြစ်၏။

"ဒါက သေးသေးလေးပါ။ ကျုပ်က ဆေးပညာ နည်းနည်းပါးပါးတတ်တယ်။ ခင်ဗျားကို ကျုပ်ကုပေးမယ်"

သူ၏စကားက အားတတ်ဖွယ်ဖြစ်သော်လည်း သူပြောနေသည့်ပုံစံက အလွန်ပျင်းရိနေပြီး အရေးမကြီးသောကိစ္စတစ်ခုလိုပင် ။ သူက ခရမ်း​ရောင်ကံကြမ္မာဘိုးဘေးအား ခြေဆုံးခေါင်းဆုံးကြည့်၏။

ထို့နောက်သူက တိကျသောဆေးချက်ကို ကွက်တိချလိုက်သည်။

"ခင်ဗျား မူလနတ်ဆိုးကပ်ဘေး ဖြစ်နေတာ ကျောက်ကပ်အားနည်းနေလို့ပဲ ၊ ကြည့်ပါလား အကုန်ညှိုးခြောက်ပြီး ကျုံ့ဝင်နေပြီ "

အောက်မှလူများမှာ ဆွံ့အသွားကြ၏။

မူလနတ်ဆိုးကပ်ဘေးနှင့် ကျောက်ကပ်အားနည်းခြင်းက မည်သို့သက်ဆိုင်သနည်း။

"သူပြောတာ ဖြစ်နိုင်လား "

တပည့်တစ်ယောက်က အနီးအနားမှအဖော်အား တိုးတိုးလေးကပ်မေးလိုက်၏။

"ဖြစ်စရာလားကွာ .. ဘိုးဘေးက ညှိုးနေပေမဲ့ သူပြောသလိုညှိုးနေတာမှ မဟုတ်တာ "

"ဒါပေမဲ့..သူ့ဟာကညှိုးနေတာမဟုတ်ဘူးလား"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို စိုက်ကြည့်လိုက်၏။

"မင်း...လူဆိုးလေး မသေခင်တောင် ငါ့ကို သိက္ခာမစောင့်ထိန်းပေးဘူး။ ငါ့မှာ အမျိုးသားတစ်ထောင်ရဲ့ ကျောက်ကပ်အားတွေတောင် ရှိတယ်ကွ "

"အကြီးအကဲတွေက အသက်အရွယ်ကို လက်ခံရမယ်။ ခင်ဗျားရဲ့ ကျောက်ကပ်တွေက အားနည်းနေရင် အားနည်းတယ်ပေါ့ ၊ ဝန်ခံလိုက်စမ်းပါ"

ကျိယွမ်က ပျင်းရိစွာ သမ်းဝေလိုက်သည်။

တကယ်တော့ သူ ဆေးပညာကို ဘာမှမသိပေ။သို့သော် သူက ကျောက်ကပ်အားနည်းသည်ဟုပြောလျှင် ကျောက်ကပ်အားနည်းနေ၍သာဖြစ်သည်။

"လာ..ခင်ဗျားရဲ့ မူလနတ်ဆိုးကပ်ဘေးထဲကို ဝင်ပြီး ခင်ဗျားရဲ့ ကျောက်ကပ်တွေကို ပြုပြင်ပေးမယ်"

ထိုသို့ပြောပြီး ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ကပ်ဘေးဆီသို့ ရွေ့လျားသွားလေသည်။

ဘိုးဘေးက အံ့ဩသွားပြီး ထူးဆန်းသောနွေးထွေးမှုကို ခံစားလိုက်ရ၏။

"ကောင်လေး မူလနတ်ဆိုးကပ်ဘေးကို ဘယ်သူမှ မကူညီနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကျေးဇူးတင်ပါတယ်"

ထို့နောက် သူက တည်ကြည်သောအသံဖြင့် သတိပေးလိုက်၏။

"မင်းရဲ့ မဟာမူလသဘောတရားတံဆိပ်ကို မဖွဲ့စည်းနိုင်ခင် ထိုက်ဟွမ်နန်းတော်ကို မသွားနဲ့။ မင်း မဟာနေမင်းကို ဘယ်နေရာပို့လိုက်လဲ မသိပေမဲ့ သူ့ရဲ့ ကြယ်တာရာခန္ဓာကိုယ်က ကြယ်တာရာနယ်မြေမှာ ရှိနေသေးတာဆိုတော့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တယ်"

"မူလနတ်ဆိုးကပ်ဘေးတဲ့လား.. ဒါက ဘာမှမဟုတ်ပါဘူး။ ကျုပ် မူလနတ်ဆိုးပင်လယ်ကြီးကိုတောင် မြင်ဖူးတယ်။ အဘိုးကြီး ကျုပ်ဒါကို ဘယ်လိုရှင်းမလဲဆိုတာ သေချာကြည့်ထားလိုက်"

နောက်ထပ် စကားမပြောတော့ဘဲ ကျိယွမ်သည် ယန်နတ်ဘုရားများနှင့် ပါရမီရှင်များ၏ ထိတ်လန့်နေသောအကြည့်များအောက်မှာပင် ဟီးဟီးထနေသော မူလနတ်ဆိုးကပ်ဘေးထဲသို့ ခုန်ဝင်သွားတော့သည်။

"သွေးဝတ်စုံ"

"သူ မူလနတ်ဆိုးကပ်ဘေးထဲ ဝင်သွားပြီ"

"သူ သေချင်နေတာလား"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးအလွန် အံ့ဩသွား၏။ ကျိယွမ်သည် မူလနတ်ဆိုးကပ်ဘေးထဲသို့ ယခုလိုကြီး ဝင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ကောင်လေး အပြင်ထွက်ခဲ့ ..မူလနတ်ဆိုးကပ်ဘေးက ဟာသမဟုတ်ဘူး။ ဒါက..."

ဘိုးဘေး၏အသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများမှာ မယုံနိုင်စွာ ပြူးကျယ်သွားသည်။

ကပ်ဘေးအတွင်း၌ အမှောင်ထုနှင့် ရှုပ်ထွေးနေသော ကမ္ဘာကြီးမှာ အရောင်စုံချည်မျှင်များ ပေါက်ကွဲနေသကဲ့သို့ ရှုပ်ထွေးနေ၏။

မြင်ကွင်းတစ်ခုလုံးမှာ ရှုပ်ထွေးနေသောချည်မျှင်များ၏ အစုအဝေးကဲ့သို့ ဖြစ်နေပြီး ၎င်းတို့အားလုံးက တင်းကြပ်နေသည်။ အမှောင်နှင့် မကောင်းဆိုးဝါးဆန်သော ချည်မျှင်တိုင်းမှာ လောဘနှင့် သွေးဆာမှုတို့ဖြင့် စီးကျနေသော မကောင်းဆိုးဝါးအနှစ်သာရများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘိုးဘေးကို ကပ်ပါးကောင်များကဲ့သို့ ဖက်တွယ်ထားပြီး သူ၏ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို စားသုံးနေကြ၏။

သို့သော် ကျိယွမ်ဝင်လာခြင်းက ကပ်ဘေးကို လုံးဝ ပြောင်းလဲသွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသော မူလနတ်ဆိုးများသည် ကျိယွမ် ဖြတ်လျှောက်သွားစဉ်တွင် နာခံမှုရှိသော ချည်မျှင်များကဲ့သို့ ဖြစ်သွားသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးအတွက်တော့ ထိုမြင်ကွင်းမှာ သူ၏နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေ၏။

"ကောင်လေး ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ မူလနတ်ဆိုးတွေက မင်းရဲ့ ဆွေမျိုးတွေလား"

သူ လုံးဝနားမလည်နိုင်ပေ။

သွေးဝတ်စုံ၏ မျိုးဆက်မှာ မဟူရာ နတ်ဆိုးချောက်တွင် စတင်ထားခြင်းဖြစ်ပြီး မူလနတ်ဆိုးများနှင့် မသက်ဆိုင်ပေ။

အကယ်၍ မူလနတ်ဆိုးများနှင့်သာ သက်ဆိုင်နေပါက သူသည်လည်း ယခုမူလနတ်ဆိုးကပ်ဘေး၏ ပြင်းထန်သောဝေဒနာကို ခံစားရလိမ့်မည် မဟုတ်ပေ။

"သူတို့က ကျုပ်ဆွေမျိုးတွေ မဟုတ်ပါဘူး... ဒါပေမဲ့ သူတို့က ငါ့ရဲ့ မူလနတ်ဘုရားစွမ်းအားနဲ့ တူတယ်"

ကျိယွမ်ကထိုသို့ ဟင်းလင်ပြင်ဧကရာဇ်နှလုံးသားနတ်ဆိုးစွမ်းရည်ကို အသက်သွင်းလိုက်၏။ချက်ချင်းဆိုသလို သူ့ထံမှ ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခု ပျံ့နှံ့လာသည်။

၎င်းမှာ လောဘ၊ ရာဂ၊ အစားကြူးခြင်းတို့၏စွမ်းအားများဖြစ်ပြီး သေမျိုးသဘာဝနှင့် ချိတ်ဆက်ထားသော ဒုစရိုက်အပြစ်ဆိုးများပင်။

ထိုအရှိန်အဝါကိုသေချာသတိထားကြည့်လျှင် လူသားဧကရာဇ်ခန်းမတမန်တော်နှင့် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ အပြင်ဘက်တွင် တွေ့ဆုံစဉ်က အနံ့နှင့် အလွန်တူလှ၏။

ဘိုးဘေးမှာ ထိုစွမ်းအင်မှာ မူလနတ်ဆိုးများနှင့် အလွန်ရင်းနှီးကြောင်း သိလိုက်ရသောအခါ ထိတ်လန့်သွားသည်။

"ဒါ... မင်းရဲ့ မူလနတ်ဘုရားစွမ်းအားလား"

ဘိုးဘေးက မယုံနိုင်စွာ ကြည့်လိုက်သည်။

မူလနတ်ဘုရားစွမ်းအားများမှာ ရှားပါးပြီး ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်သော အရာဖြစ်သည်။

"အကုန်ဝါးမျိုလိုက်"

ကျိယွမ်က သူ၏သွေးနီရောင်ဓားကို ဝှေ့ယမ်းလိုက်၏။အစားရှောင်သန့်စင်မယ်တော်ထံမှ ရရှိထားသော သူ၏ ကမ္ဘာဦးဝါးမျိုးခန္ဓာမှာ တောက်လောင်လာသည်။

ချက်ချင်းပင် သွေးနီရောင်ဓားသွားပေါ်တွင် ပွင့်နေသောပါးစပ်ကြီးတစ်ခု ပေါ်လာ၏။ ထိုပါးစပ်ကြီးက တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းလှပါသည်ဆိုသော မူလနတ်ဆိုးများကို ဆန်ခေါက်ဆွဲများကဲ့သို့ မျိုချလေတော့သည်။

ဘိုးဘေးမှာ စကားပင် မပြောနိုင်တော့ပေ။

မူလနတ်ဆိုးများ ပျောက်ကွယ်သွားခြင်းမှာ ထင်ယောင်ထင်မှား မဟုတ်ဘဲ သူတို့၏ အမှောင်ထုကြီး၏တည်ရှိမှုမှာ လည်း ပျောက်ကွယ်သွားပြီး သူ၏ စွမ်းအင်မှာ တည်ငြိမ်သွားကာ အသက်စွမ်းအားများ ပြန်လည် ရရှိလာသည်။

ကျိယွမ်ကို မယုံနိုင်သလို စိုက်ကြည့်ရင်း ဘိုးဘေးသည် လေးစားမှုနှင့်အတူ အံ့သြမှုကို ခံစားလိုက်ရ၏။

"ဒီအချိန်မှာသာ မင်းဟာ ကောင်းကင်ဘုံစိတ်ဆန္ဒရဲ့အဖေလို့ ပြောရင်တောင် ငါယုံမိတော့မယ် "

သွေးဝတ်စုံတွင် သာမန်ဟူသောအရာ တစ်ခုမှမရှိတာကို သိလိုက်ရသည်။

သူသည် နှစ်ပေါင်းများစွာတိုင်အောင် မဟာမူလသဘောတရားကျင့်ကြံသူအဖြစ်ရပ်တည်ခဲ့သော်လည်း ယခုလို အံ့ဖွယ်ရာများကို မြင်ဖူးသည်ကတော့ ပထမဆုံးပင်။

မူလနတ်ဆိုးကပ်ဘေးကြီး ပျောကွယ်သွားပြီးနောက် ကျိယွမ်သည် သူ၏ သွေးနီရောင်ဓားကို ပြန်သိမ်းလိုက်၏။ယခုအခါ ဓားပေါ်တွင် မူလနတ်ဆိုးများနှင့်တူသော ချည်မျှင်သဏ္ဍာန်အစင်းကြောင်းများစွာ ပေါ်နေသည်။

"တွေ့လား... ကျုပ်က ထိပ်တန်းဆေးဆရာပါဆို ၊ ခင်ဗျားရဲ့ ကျောက်ကပ်ပြန်ကောင်းသွားပြီ"

--------

All Chapters