အခန်း ၄၈၂
Vol. 45 Ch. 482
အခန်း ၄၈၂ - နေဆယ်စင်းက မလုံလောက်ဘူးလား။ ဒါဆိုရင် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းကွာ...
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကျိယွမ်ကို ကြည့်ရင်း အိပ်မက်တစ်ခုထဲ၌ ပိတ်မိနေသကဲ့သို့ မယုံကြည်နိုင်စွာ ရှိနေသည်။
"ဒါက မူလနတ်ဆိုးကပ်ဘေးလေ"
ကြောက်မက်ဖွယ်ကောင်းသော မူလနတ်ဆိုးကပ်ဘေးကို ကျိယွမ်က အလွယ်တကူ ဖြေရှင်းသွားခဲ့သည်။ သို့သော် ၎င်း၏သက်ရောက်မှုများမှာ အလွန်ပင် နက်နဲလှ၏။
ဒါဆိုရင်... ဒါက ဘာကိုဆိုလိုတာလဲ။
ဆဋ္ဌမကောင်းကင်ဘုံရှိ မဟာမူလသဘောတရားကျင့်ကြံသူများအတွက် အထက်တန်းအရှင်သခင်များမှလွဲ၍ မည်သူမျှ မူလနတ်ဆိုးကပ်ဘေးကို ရင်ဆိုင်ရဲခြင်းမရှိဘဲ အဆိပ်ပြင်းကင်းမြီးကောက်ကဲ့သို့ သဘောထားကြသည်။
အကယ်၍ ကျိယွမ်ကသာ၎င်းကို ခေါက်ဆွဲပြုတ်စားသလို အလွန်လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း သတင်းပျံ့နှံ့သွားပါက... မည်မျှကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်လာမည်ကို မတွေးဝံ့စရာပင်။
"မင်း ဘယ်လိုများ လုပ်လိုက်တာလဲ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်အတွက် စိုးရိမ်စိတ်ဖြင့်မေးလိုက်မိသည်။
သူ့အတွက် ကျိယွမ်က ကြီးမားသောပေးဆပ်မှုမျိုး လုပ်ခဲ့ရမည်ကို သူစိုးရိမ်၏။ အထူးသဖြင့်... မူလနတ်ဆိုးကို မျိုချလိုက်ခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
ရှေးဟောင်းမှတ်တမ်းများအရ မူလနတ်ဆိုးသည် ကြောက်မက်ဖွယ်ရာဖြစ်တည်မှုတစ်ခု ဖြစ်၏။ ၎င်းသည် ဤကမ္ဘာ၌သာမက အခြားစကြဝဠာများဆီသို့လည်း ပျံ့နှံ့နေလေသည်။ အရှင်သခင်များပင်လျှင် မူလနတ်ဆိုးရှေ့တွင် အရေးမပါသကဲ့သို့ ဖြစ်နေနိုင်သည်။
ကျိယွမ်က ပခုံးတွန့်လိုက်သည်။
"ကျုပ်က ဓားကိုပဲ ထုတ်ပြီး မူလနတ်ဘုရားစွမ်းရည်ကို သုံးလိုက်တယ်၊ ပြီးတော့ တိုက်ရိုက်မျိုချလိုက်တာပါပဲ။ စိတ်အေးအေးထားပါ၊ ဘာအန္တရာယ်မှ မရှိပါဘူး"
သူသည် ဘယ်တော့မှ မဆင်မခြင် မလုပ်ဆောင်တတ်ပေ။ သူ၏မျက်ခုံးများကလည်း ကံကောင်းခြင်းနှင့် ကပ်ဘေးကို ကြိုတင်သိမြင်နိုင်သော စွမ်းအားရှိ၏။
မူလနတ်ဆိုးကပ်ဘေးကို ဝါးမျိုလိုက်စဥ်က သူ၏ညာဘက်မျက်ခုံးသည် တုန်ခါခြင်းမရှိခဲ့ပေ။ အခြားအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားကြည့်လျှင် ၎င်းမှာ ဘေးကင်းကြောင်း သူခံစားမိသည်။
မဟာနေမင်းကို အခြားစကြဝဠာဆီ သို့ ပို့ဆောင်ရန် သူ၏အစီအစဥ်ကြီးကို ရေးဆွဲစဉ်ကလည်း မလိုလားအပ်သော ဘေးအန္တရာယ်တစ်ခုမျှ မဖြစ်စေရန် သူ၏ထူးခြားသောစွမ်းရည်ဖြင့် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်၏။
သူသည် ကျူးယန်နှင့် နင်းထောင်ကို မည်သည့်အခါမျှ အန္တရာယ်ကြားပို့ဆောင်မည်မဟုတ်ပေ။မဟာနေမင်းအနေနှင့် ထိုစကြဝဠာထဲတွင် အခွင့်အရေးတစ်ခုခု ရသွားနိုင်မည်ဟူသော အကြံအစည်မှာမူ စိတ်ကူးယဥ်အိပ်မက်သာ ဖြစ်သည်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကျိယွမ်ကို တိတ်ဆိတ်စွာကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
အတန်ကြာမှ သူကစကားစ၏။
"မင်းက မူလသဘောတရားတံခါးကို ထုတ်ပြလိုက်ပြီဆိုတော့ အဲ့ဒီအထက်တန်းအရှင်သခင်တွေကို သတိထားဖို့လိုလိမ့်မယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ စိုးရိမ်မှုမှာ အကြောင်းမဲ့မဟုတ်ပေ။ မူလသဘောတရားတံခါးသည် အထက်တန်းအရှင်သခင်များကိုပင် တပ်မက်စေနိုင်၏။ မည်သူမဆို မည်သည့်အဆင့်ပင်ဖြစ်ပါစေ အသက်ရှင်နေသရွေ့ အလိုဆန္ဒများက ရှိနေဦးမည်သာ။
ထို့ကြောင့် အထက်တန်းအရှင်သခင်တစ်ဦးဦးကသာ လှုပ်ရှားလာပါက ကျိယွမ် ခံနိုင်ရည်ရှိပါ့မလား။
"မဟာနေမင်းကို ဘာလုပ်လိုက်သလဲဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ ငါ့ကိုလည်း မပြောနဲ့။ အရှင်သခင်တွေရဲ့ စွမ်းအားတွေက အလွန်ဆန်းကြယ်တယ်။ ဒီကမ္ဘာမှာ ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်မှန်သမျှ သူတို့ သိနိုင်တယ်"
မူလနတ်ဆိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ပို၍ပင်သန်မာလာသည်။ စွမ်းအားပိုကြီးလာသည်နှင့်အမျှ အထက်တန်းအရှင်သခင်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကိုလည်း ပို၍နားလည်လာသည်။ နတ်ဘုရားနယ်မြေ၏ ဆဋ္ဌမကောင်းကင်ဘုံ၌ အနာဂတ်ဟူ၍ မရှိပေ။ ယန်နတ်ဘုရားအဆင့် နှစ်ဆင့်မှာ ဤနေရာ၏ ကန့်သတ်ချက်ဖြစ်သော်လည်း အထက်တန်းအရှင်သခင်များ၏ ကန့်သတ်ချက် မဟုတ်ပေ။
အထက်တန်းအရှင်သခင်များသည် ယန်နတ်ဘုရား ဒုတိယအဆင့်၌ ရပ်တန့်နေရခြင်းမှာ သူတို့ကြောင့်မဟုတ်ဘဲ ဆဋ္ဌမကောင်းကင်ဘုံ၏ ကန့်သတ်ချက်များကြောင့်သာ ဖြစ်သည်။ အထက်ဘုံသည် သတ္တမ သို့မဟုတ် နဝမကောင်းကင်ဘုံအထိ တိုးချဲ့သွားမှသာ အရှင်သခင်များသည် ၎င်းတို့၏နယ်နိမိတ်ကို ချိုးဖျက်ပြီး ယန်နတ်ဘုရား တတိယအဆင့်သို့ ရောက်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက... လမ်းမရှိပေ။
"စိတ်မပူပါနဲ့၊ ကျုပ် ဘာလုပ်နေလဲဆိုတာ သိပါတယ်"
ကျိယွမ်က သူ၏ဓားကိုသိမ်းကာ ပခုံးတွန့်လိုက်သည်။ အထကတန်းအရှင်သခင်များက သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး အခွင့်အရေးရလျှင် ပြင်းထန်သောရိုက်နှက်မှုဖြင့် တိုက်ခိုက်ရန် စောင့်နေကြကြောင်း သူသိ၏။ သို့သော် မဟာနေမင်း၏ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခြင်းက သူတို့ကို ကြောက်ရွံ့မှုနှင့် တွန့်ဆုတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် ကျိယွမ်၏ အကြည့်များက မဟူရာနတ်ဆိုးချောက်ကမ်းပါးဆီသို့ ရောက်ရှိသွား၏။
"အဲဒီအဆိပ်ပြင်းကင်းမြီးကောက်က ခင်ဗျားကို တိုက်ခိုက်ဖို့ မူလနတ်ဆိုးသွေးကို သုံးရဲတယ်ပေါ့...ငါ့အကာအကွယ်အောက်မှာရှိတဲ့သူကို စော်ကားရဲတာ... သူ့နေရာသူ မေ့နေတဲ့ပုံပဲ"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး သက်ပြင်းချလိုက်သည်။
"သူ ထိုက်ဟွမ်နန်းတော်ကို သွားပြီ"
ကျိယွမ် မူလသဘောတရားတံခါးမှ ထွက်လာကြောင်း သိလိုက်ရသည့်အခါ ဝူမင်အရှင်သည် မဟူရာ နတ်ဆိုးချောက်ကိုပင် ပြန်မသွားတော့ဘဲ ထိုက်ဟွမ်နန်းတော်သို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ ဝူမင်အရှင်အတွက်မူ မဟူရာ နတ်ဆိုးချောက်ဆိုသည်မှာ သူ၏ကိုယ်ပိုင်တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် အမှုန်အမွှားမျှသာ ဖြစ်၏။
"ထိုက်ဟွမ်နန်းတော်လား"
ကျိယွမ်၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး ဆုံးဖြတ်ချက်ချလိုက်သလို အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ကောင်းတယ်...။ အကြွေးဟောင်းတွေကို ရှင်းရမယ့် အချိန်ပဲ"
"မင်း ထိုက်ဟွမ်နန်းတော်ကို သွားမလို့လား"
ခရမ်းရောင်ကံကြမ္မာဘိုးဘေး ထိတ်လန့်သွားသည်။ယနေ့မတိုင်ခင်ကဆိုလျှင် တော့ သူသည် ကျိယွမ်ကို တားဆီးမိပေလိမ့်မည်။ မဟာနေမင်း၏ ခန္ဓာကိုယ် ပျောက်ဆုံးနေသော်လည်း သူ့၏ကြယ်တာရာပုံရိပ်မှာ ကြယ်တာရာကမ္ဘာတွင် ရှိနေဆဲ ဖြစ်၏။ ထို့အပြင် ထိုက်ဟွမ်နန်းတော်တွင် အထက်တန်းအရှင်သခင်များပင် သတိထားရလောက်သည့် စွမ်းအားများ ရှိနေသည် မဟုတ်ပါလား။
သို့သော် ကျိယွမ်၏ စွမ်းဆောင်ချက်ကို မြင်လိုက်ရပြီးနောက် သူသည် သူ့ကို အကြံပေးရန် အရည်အချင်းမရှိတော့ကြောင်း သိလိုက်ရ၏။
၄င်းက ပညာတတ်ရွယ်တူများနှင့် ပြည့်နှက်နေသော ကျောင်းတွင် ထူးချွန်သော ပါရမီရှင်ကလေးအား ပညာတတ်မိဘများက အကြံဉာဏ်ပေးနေခြင်းနှင့် တူ၏။ လူတိုင်းတွင် ကျွမ်းကျင်မှုနယ်ပယ်အသီးသီး ရှိကြသည်။ ကျင့်ကြံခြင်းနယ်ပယ်တွင် ဤမိဘများ၏ အကြံဉာဏ်မှာ ကလေး၏ရှေ့တွင် ရယ်စရာ ဖြစ်လာနိုင်သည်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် အကြံပေးရန် မစဥ်းစားတော့ပါ။ထို အစား ထိုက်ဟွမ်နန်းတော်၏ စွမ်းအားကိုသာ ကျိယွမ်အား ရှင်းပြကာ သတိရှိရန် တိုက်တွန်းလိုက်သည်။
...........
မူလသဘောတရားအသင်းအတွင်း၌...
လျှို့ဝှက်ဆန်းကြယ်သောပုံရိပ်နှစ်ခုသည် မျက်နှာများကို ဖုံးကွယ်လျက် စောင့်ဆိုင်းနေသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ပုံစံတစ်ခု လည်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ပေးစွမ်းနေ၏။
"သူ... ထိုက်ဟွမ်နန်းတော်ကို သွားပြီ"
အထက်တန်းအရှင်သခင်တစ်ဦးက သူ၏လက်ကို သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပုံစံလိုင်းများပေါ်သို့ ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။ ထိုလိုင်းများမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလေ၏။
"ထူးဆန်းတယ်... ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မူလနတ်ဆိုးကပ်ဘေးကို ဘယ်လိုများ ကျော်ဖြတ်နိုင်တာလဲ"
နားလည်နိုင်စွမ်းထက် ကျော်လွန်သော တောင်ကြီးတစ်ခုရှေ့တွင် ရပ်နေသည့် အခြား အထက်တန်းအရှင်သခင်တစ်ဦးက ထိုကိစ္စကိုနားမလည်နိုင်စွာ ဆို၏။ ဤတောင်ကြီးသည် မဟာမူလသဘောတရားကျင့်ကြံသူများ၏ မြှုပ်နှံခြင်းကိုလည်းကောင်း၊ ကြယ်တာရာများ ကြွေကျခြင်းကိုလည်းကောင်း မြင်တွေ့ခဲ့ရပြီး ချိုင့်ဝှမ်းများအတွင်း၌ အလောင်းများ ပိတ်မိနေသည်ကိုလည်း ကြည့်ရှုခဲ့ရသည်။
"သူက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ... သူက တကယ်ပဲ ဒီနယ်မြေပြင်ပကလူလား"
ထိုအဘိုးအိုက နားမလည်နိုင်စွာရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင် သတင်းအချက်အလက်များ ဆက်တိုက်စီးဝင်နေ၏။
"သူက ပြင်ပလောကသားဆိုရင် ထိုက်ဟွမ်နန်းတော်ကို စိန်ခေါ်တာက ကိုယ်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုပဲ။ သူ့ရဲ့ တကယ့်ပြိုင်ဘက်က ထိုက်ဟွမ်နန်းတော် မဟုတ်ဘူး... ကောင်းကင်ဘုံဆန္ဒကိုယ်တိုင်ပဲ"
အရှင်သခင်၏အသံမှာ ခေတ်ကာလများစွာကို ဖြတ်ကျော်လာသကဲ့သို့ အိုမင်းကာ ပဲ့တင်ထပ်နေသည်။
ဤကမ္ဘာတွင် မဟာမူလသဘောတရားကျင့်ကြံသူများသည် နယ်ရုပ်များ ဖြစ်ကြလျှင် အနှိုင်းမဲ့မူလသဘောတရားများကို နားလည်ထားသော အထက်တန်းအရှင်သခင်များသည် ကစားသမားများ ဖြစ်ကြ၏။
သူတို့သည် ကောင်းကင်ဘုံဆန္ဒနှင့် နက်ရှိုင်းစွာ ပေါင်းစပ်ထားသည်မှာ ကြာပြီဖြစ်သည်။ နေမင်းဆယ်စင်းအရှင်မြတ်သည် မူလသဘောတရားတံဆိပ် မရှိသည့်အတွက် သူသည် ဤကမ္ဘာအတွက် အပြင်လူဖြစ်သည်။
"တိမ်တိုက်တွေက ဒီတိုက်ပွဲကို ဖုံးကွယ်ထားတယ်၊ ရလဒ်ကတော့ မသိနိုင်ဘူး ဟုတ်တယ်...မသိနိုင်ဘူး..."
"အင်း....သူ့ရဲ့ ဝှက်ဖဲ၊ သူ့ရဲ့ ဝှက်ဖဲက... ဘာများဖြစ်မလဲ"
ယနေ့တွင် ဆဋ္ဌမကောင်းကင်ဘုံတစ်ခုလုံးသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံနှင့် ထိုနေရာရှိ လူတစ်ဦးတည်းအပေါ် အကြည့်များစွာဖြင့် လှုပ်ခတ်နေသည်။ သူတို့သည် တိုက်ပွဲ၏ ရလဒ်ကို သိချင်နေကြပြီး နေမင်းဆယ်စင်းအရှင်၏ တကယ့်စွမ်းအားကို တိုင်းတာလိုကြသည်။
အကယ်၍ သူကသာ အားနည်းနေပါက...
စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာ၏ ရှေ့တွင် သွေးနီရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဆဋ္ဌမကောင်းကင်ဘုံကို ဖြတ်သန်းကာ ခမ်းနားထည်ဝါသော ထိုက်ဟွမ်နန်းတော်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
လက်တစ်ဖက်တွင် ဧကရာဇ်တံခွန်ကို ဆုပ်ကိုင်ထားပြီး ခေတ်ကာလများစွာမှ ဝိညာဉ်များကို ခေါ်ယူလိုက်၏။တံခွန်မှာ ဟောင်းနွမ်းနေပြီး သွေးစွန်းနေကာ ခေတ်ကာလများစွာကို ဖြတ်သန်းကာ ကမ္ဘာ့အဆုံးသတ်စစ်ပွဲများကို မြင်တွေ့ခဲ့ရသည့်အလားပင်။
အခြားလက်တစ်ဖက်တွင်မူ သူ၏လက်စွဲတော် သွေးနတ်ဆိုးဓားကို ဆုပ်ကိုင်ထား၏။ ၎င်း၏သွေးဆာနေသောအရောင်မှာ သမိုင်းတစ်လျှောက် သက်ရှိများစွာ၏ စိတ်နှလုံးမှ စုဆောင်းထားသော အကုသိုလ်များကဲ့သို့ ကြောက်မက်ဖွယ် စက်ဆုပ်ဖွယ်ကောင်းနေလေသည်။
သွေးဓားသည် ဟင်းလင်းပြင်ကို ဖြတ်တောက်လိုက်ရာ ၎င်း၏အလင်းတန်းမှာ ကောင်းကင်ကို ထွန်းလင်းစေသည်။
ခဏအတွင်းမှာပင် ရွှေရောင်တောက်ပနေသော ထိုက်ဟွမ်နန်းတော်သည် သွေးများဖြင့် စိုရွှဲနေသကဲ့သို့ ဖြစ်လာပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ဆောင်ကြဉ်းလာလေသည်။
၎င်း၏ရှေးဟောင်းဆန်ပြီး ခမ်းနားသေတည်ရှိမှုမှာပင် တုန်ခါသွားသဖြင့် ယန်နတ်ဘုရားများပင် သွားချင်းရိုက်ကုန်၏။
"သူ... ရောက်လာပြီ"
အဘိုးအိုတစ်ဦးက ကြက်သီးများထလျှက်ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
အခြားလူငယ်ကျင့်ကြံသူတစ်ဦး၏ မျက်လုံးများတွင် မျှော်လင့်စောင့်စားခြင်းများ တောက်ပနေသည်။
ထိုက်ဟွမ်နန်းတော်အတွင်း၌ အိပ်မောကျနေသော ဖြစ်တည်မှုများစွာ မှာလည်း ထိုခဏ၌ နိုးထလာကြသည်။
ကမ္ဘာသုံးထောင်လုံးမှ အကြည့်များစွာတို့သည်လည်း ဤတိုက်ပွဲအပေါ် ပေါင်းစည်းလာကြသည်။
သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျိယွမ်သည် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်ရာ ကောင်းကင်ဘုံ တုန်ခါသွားပြီး တိမ်တိုက်များမှာ ခေတ်ကာလများကို ဖြတ်ကျော်လာသကဲ့သို့ ပျံ့လွင့်သွားသည်။
"ဒီနေ့ ထိုက်ဟွမ်နန်းတော် ပျက်စီးရလိမ့်မယ်"
သူ၏အသံမှာ ဓားသွားကဲ့သို့ ထက်မြက်ပြီး ယုံကြည်ချက်ဖြင့် ပြည့်နှက်နေသည်။သူသည် ငရဲဘုံ၏ အနက်ရှိုင်းဆုံးနေရာမှ လာသကဲ့သို့ ကွယ်လွန်သွားသောဖြစ်တည်မှုများစွာ၏ ဝိညာဉ်များကို ခေါ်ယူထား၏။
"နေမင်းဆယ်စင်းအရှင်.. အခုနောက်ဆုတ်ရင် မင်းအတွက် အသက်ရှင်ကျန်ရစ်မှု မျှော်လင့်ချက်လေး ရှိသေးတယ်"
တံခွန်သခင်ဟုခေါ်သော အကြီးအကဲတစ်ဦးက အေးစက်စွာအော်လိုက်သည်။ကျိယွမ်က ဧကရာဇ်တံခွန်ကို လှုပ်ခါလိုက်ရာ ကလဲ့စားချေဝိညာဉ်များစွာ ပေါ်လာ၏။
"တံခွန်သခင် မင်း အိမ်ပြန်ရမယ့် အချိန်ရောက်ပြီ"
သူ၏စကားလုံးများမှာ သံကိုပင် တိုက်စားနိုင်သော အမုန်းတရားများနှင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် စော်ကားမှုများလည်း ဖြစ်သည်။
တံခွန်သခင်၏ အကြည့်တွင် ရှက်ရွံ့နာကြည်းမှုများ ပေါ်လာ၏။သူ့ဘေးတွင်ရပ်နေသော ဝူမင်အရှင်သည် ကျိယွမ်ကို လေးနက်စွာ ကြည့်နေလေသည်။
သူသည် ယနေ့အထိ မူလနတ်ဆိုးကပ်ဘေးအတွက် အဆင်သင့် မရှိသေးပါ။မူလနတ်ဆိုးမှာ ကောင်းကင်ဘုံဆန္ဒထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြစ်၏။
၎င်းသည် ဆဋ္ဌမကောင်းကင်ဘုံအတွင်း၌သာ ရှိသည်မဟုတ်၊ အခြားစကြဝဠာများလည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော ပုံပြင်များကို သိကြသည်။
"ဘာလို့ အဲဒီလောက် ကြိုးစားနေတာလဲ"
သောကနှင့် နောင်တတို့ဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုက်ဟွမ်နန်းတော်အတွင်း၌ ပုံရိပ်တစ်ခု ပေါ်လာ၏။ သူသည် အတိုင်းအဆမဲ့ကောင်းကင်အရှင်ဟု ခေါ်သော ဒုတိယအဆင့် မဟာမူလသဘောတရားကျင့်ကြံသူ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှာ ဤနယ်မြေမှ ဖယ်ထုတ်ထားသကဲ့သို့ ဖြစ်နေသည်။
"ဖန်ဆင်းရှင်ရတနာလက်နက်တွေကို ပိုင်ဆိုင်ထားတဲ့ မဟာမူလသဘောတရားကျင့်ကြံသူလေးတွေလား ၊ မှန်းစမ်း... သုံးယောက်လားမဟုတ်ဘူး... နှစ်ယောက်ပဲ"
ကျိယွမ်၏အသံမှာ အထင်အမြင်သေးမှုများနှင့် အေးစက်နေသည်။
ထိုက်ဟွမ်နန်းတော်အတွင်းရှိ ယန်နတ်ဘုရားများနှင့် ကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြ၏။
"ရိုင်းစိုင်းလိုက်တာ"
"ဘဝင်မြင့်နေတာပဲ"
ဆဋ္ဌမကောင်းကင်ဘုံရှိ ယန်နတ်ဘုရားများစွာတို့သည် သူ၏ ယုံကြည်ချက်ကို ဘယ်ကရသလဲဟု တွေးမိရင်း အံ့ဩနေကြသည်။
လနတ်ဘုရားနန်းတော်တွင်ရှိနေသော လရောင်အရှင်၏ အမူအရာမှာ တည်ကြည်သွား၏။
"အောင်ပွဲပဲဖြစ်ဖြစ် ရှုံးနိမ့်မှုပဲဖြစ်ဖြစ်... နှစ်ခုလုံးက ကပ်ဘေးတွေပဲ"
နဂါးဖြူချောက်ကမ်းပါးတွင်လည်း အရှင်သခင်မ၏ မျက်လုံးများတွင် လောဘများ တောက်ပလာသည်။
"သူ့ကလေးကို မွေးပြီး သူ့ဘေးမှာ အိုမင်းသွားချင်လိုက်တာ"
ကျိယွမ်ကတော့ ထိုက်ဟွမ်နန်းတော်ရှေ့၌ တစ်ဦးတည်း အထီးကျန်စွာရပ်နေ၏။ သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် တံခွန်၊ တစ်ဖက်တွင် ဓားကို ကိုင်ထားသည်။
ဤအခိုက်အတန့်မှာ သမိုင်းမှတ်တမ်းတင်ရန် ထိုက်တန်လှပေသည်။
"ဒီတိုက်ပွဲကို ရှောင်လွှဲလို့မရဘူးထင်တယ်"
ထိုက်ဟွမ်နန်းတော်အတွင်း၌ အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားသူ ဖြစ်သည် နေမင်းအရှင်ပေါ်လာခဲ့သည်။ သူ၏အရှိန်အဝါမှာ မဟာမူလသဘောတရားကျင့်ကြံသူများထဲတွင် အထွတ်အထိပ်သို့ ရောက်နေ၏။
သို့သော် သူ၏ခြေလှမ်းတိုင်းတွင် သူ၏အရှိန်အဝါမှာ ရုတ်တရက် အလွန်သိသိသာသာမြင့်တက်လာနေသည်။
"ငါ့ရဲ့ စွမ်းအားနဲ့ မဟာနေမင်းကို တည်ဆောက်မယ်"
အတိုင်းအဆမဲ့ကောင်းကင်အရှင်က အော်ဟစ်လိုက်ရာ ရောင်ခြည်ငါးပါးအလင်းတန်းများမှာ သူ၏ခန္ဓာကိုယ်မှ စီးဆင်းလာပြီး နေမင်းအရှင်ထံသို့ ရောက်ရှိသွားလေသည်။
တံခွန်သခင်၊ ချောက်ကမ်းပါးသခင်နှင့် စစ်မှန်မူလအရှင်တို့အားလုံးကလည်း တညီတညွတ်တည်း အော်ဟစ်ကာ သူတို့၏ နတ်ဘုရားစွမ်းအင်များကို နေမင်းအရှင်ထံ ပေးအပ်လိုက်၏။
"သူတို့က အထက်တန်းအရှင်သခင်တစ်ပါးကို အတုယူပြီး ဖန်တီးနေတာလား"
"သူတို့ ဖန်တီးလို့ မရပါဘူး၊ ဒါပေမဲ့ ဒီအရာနဲ့ဆို... သူ့စွမ်းအားက အထက်တန်းအရှင်သခင်အောက်မှာ ပြိုင်ဘက်မရှိ ဖြစ်လာလိမ့်မယ်"
"ဒါက မဟာမူလသဘောတရားကျင့်ကြံသူ လေးဦး ပေါင်းစပ်ထားတာ၊ သာမန်လူတွေ မဟုတ်ဘူး"
နတ်ဘုရားစွမ်းအင်အလင်းတန်းများမှာ သက်တံများကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာပြီး နေမင်းအရှင်ထံသို့ ဝင်ရောက်သွားလေသည်။
သူ၏ ကြီးမားသောခန္ဓာကိုယ်တည်ဆောက်ပုံမှာ ပိုမိုကြီးမားလာသည်။ သူသည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေပြီး သူ၏အမူအရာမှာ အေးစက်သွားကာ ကြီးမားသောနေမင်းကြီးတစ်ခုကဲ့သို့ ရောင်ခြည်များ ဖြာထွက်နေ၏။
နေမင်းအရှင်၏ စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပြီး သူ၏လှုပ်ရှားမှုတိုင်းမှာ မဟာမူလသဘောတရားကျင့်ကြံသူများကို ထိတ်လန့်စေနိုင်သည်။ သူ၏စွမ်းအားမှာ အထကိတန်းအရှင်သခင်များ၏ အာရုံစိုက်မှုကို ပင် ရရှိလောက်သည်။
ကျိယွမ်ပင်လျှင် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
နေမင်းအရှင်မှာ လုံးဝ ပြောင်းလဲသွားလေသည်။ သူ၏ အရိုးမှသည် ဝိညာဉ်အထိ ပြောင်းလဲသွားပြီး ပြင်ပသက်စောင့်အားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ပြန်လည်အသက်သွင်းပေးထားသကဲ့သို့ ဖြစ်၏။
ဤမြင်ကွင်းသည် ယန်နတ်ဘုရားများကို အံ့ဩစေပြီး အထက်တန်းအရှင်သခင်များကိုပင် အတွေးနယ်ချဲ့စေသည်။
"မဟာနေမင်း...ငါ့ရဲ့ စစ်မှန်ခန္ဓာကိုယ်ကို ဖန်တီးပေးပါ"
ပြန်လည်မွေးဖွားလာသော နေမင်းအရှင်၏အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွား၏။
ထိုအချိန်တွင် ကြယ်တာရာနယ်မြေ တုန်ခါသွားပြီး ကြီးမားသော နေမင်းပုံရိပ်တစ်ခုသည် အပေါ်မှ ဆင်းသက်လာကာ နေမင်းအရှင်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
နေမင်းအရှင်၏ အရှိန်အဝါမှာ မဟာမူလသဘောတရားကျင့်ကြံသူလေးဦး ပေးအပ်ထားသော စွမ်းအားထက်ပင် ပိုမိုမြင့်တက်လာပြန်သည်။
"မဟာနေမင်းက သူ့နဲ့ပေါင်းစပ်လိုက်ပြီ... ဒါက သမုဒ္ဒရာယာဉ်ခန္ဓာကိုယ်ပဲ"
မဟာမူလသဘောတရားကျင့်ကြံသူတစ်ဦးက အံ့ဩစွာ ရေရွတ်သည်။
"သူက မဟာနေမင်းအရှင်သခင်ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ သမုဒ္ဒရာယာဉ်ခန္ဓာကိုယ်ပဲ"
မူလပိုင်ရှင်တစ်ဦးတည်းကသာ ကြယ်တာရာနယ်မြေမှ သူ၏ ကြယ်တာရာပုံရိပ်နှင့် ပေါင်းစပ်နိုင်ကြောင်း လူတိုင်းသိရှိထားသည်။
သို့သော် ယခုအချိန်၌ နေမင်းအရှင်သည် မဟာနေမင်း၏ ကြယ်တာရာပုံရိပ်နှင့် ချောမွေ့စွာ ပေါင်းစပ်နိုင်ခြင်းမှာ...
သူသည် မဟာနေမင်းကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော သမုဒ္ဒရာယာဉ်ခန္ဓာကိုယ် ဖြစ်နေခြင်းကြောင့်ပင်။
အနှိုင်းမဲ့မူလသဘောတရားကို နားလည်ထားသော သမုဒ္ဒရာယာဉ်ခန္ဓာကိုယ်... မည်သူက မအံ့သြဘဲနေမည်နည်း။မည်သူက မထိတ်လန့်ဘဲ ရှိမည်နည်း။
"နေမင်းဆယ်စင်းအရှင်တော့ ကံဆိုးပြီ"
မဟာမူလသဘောတရားကျင့်ကြံသူတစ်ဦးက ကောက်ချက်ချသည်။
"သူ့ရဲ့လက်ရှိပုံစံနဲ့ဆို နေမင်းအရှင်ဟာ အထက်တန်းအရှင်သခင်တွေရဲ့ စွမ်းအားနဲ့ နီးကပ်နေပြီ။ ဖြစ်နိုင်တာက... သူဟာ အရှင်သခင်ကိုတောင် ပြိုင်နိုင်လိမ့်မယ်။ မူလသဘောတရားတံဆိပ် မရှိတဲ့ နေမင်းဆယ်စင်းအရှင်ကတော့ သေချာပေါက် ပျက်စီးတော့မှာပဲ"
"အထက်တန်းအရှင်သခင်တစ်ပါးရဲ့ အရေးပေါ်အစီအစဥ်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"
အခြားတစ်ဦးက မဟာနေမင်း၏ အရံအစီအစဥ်ကိုတွေးမိကာ တုန်လှုပ်နေ၏။
"ဒီတစ်ခါတော့... နေမင်းဆယ်စင်းအရှင် ရှုံးမှာ သေချာတယ်"
သို့သော် မဟာမူလသဘောတရားကျင့်ကြံသူအများစုနှင့် အထက်တန်းအရှင်သခင်များကတော့ ဤတိုက်ပွဲ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရင်း တိတ်ဆိတ်နေကြသည်။
မဟာနေမင်း၏ နတ်ဘုရားစွမ်းအားများဖြင့် နေမင်းအရှင်၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။
သူသည် ထိုက်ဟွမ်နန်းတော်မှ ထွက်လာပြီး သူ၏တည်ရှိမှုမှာ နတ်ဘုရားဖြစ်တည်မှုတစ်ခုကဲ့သို့ပင် ။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ခြည်များသည် ကောင်းကင်ကို ထွန်းလင်းစေပြီး ဆဋ္ဌမကောင်းကင်ဘုံရှိ ဖြစ်တည်မှုအားလုံးကပင် လှမ်း မြင်နိုင်စေသည်။
"နေမင်းဆယ်စင်းအရှင်..မင်း ငါ့ကို ဘယ်လိုများ တိုက်ခိုက်မလို့လဲ"
နေမင်းအရှင်သည် အေးစက်စွာ ပြောလိုက်ပြီး သူ၏အရှိန်အဝါက ဟင်းလင်းပြင်ကိုထိုးဖောက်ကာ ရောင်ခြည်တန်းများ ပေါ်လာသည်။ ရောင်ခြည်တန်းတစ်ခုချင်းစီမှာ ယန်နတ်ဘုရားတစ်ပါးကိုပင် အမြစ်ပြတ်ချေမှုန်းနိုင်လောအောင် စွမ်းအားပြင်းထန်၏။
ကျိယွမ်ကတော့ တည်ငြိမ်နေဆဲဖြစ်ကာ ထိုဖိအားကြီးကို နောက်မဆုတ်တမ်းရင်ဆိုင်လိုက်သည်။
သူက ဧကရာဇ်တံခွန်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အမုန်းတရားများဖြင့် ကျယ်ပြန့်သွားသည်။ စွမ်းအားအပြည့်ဖြင့် မဟာနေမင်း၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
သို့သော် ရန်သူ၏တိုက်ခိုက်မှုမှာ လွှမ်းမိုးနိုင်သောအင်အားနှင့် ပြည့်နှက်နေပြီး ရင်ဆိုင်ရန် မဖြစ်နိုင်လောက်အောင် ပြင်းထန်လှ၏။
ပထမဆုံးအကြိမ်အဖြစ် ကျိယွမ်သည် အလွန်ကြီးမားသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။ ကမ္ဘာလောကတစ်ခုလုံးသည် ထိုနေမင်းကြီး၏ ရှေ့တွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။
ဧကရာဇ်တံခွန် တုန်ခါသွားပြီး သူ၏လက်ထဲမှ သွေးဓားမှာ ပြင်းထန်စွာ အော်ဟစ်သံပြုလိုက်သည်။
သူ၏စွမ်းအားအပြည့်ကိုထုတ်ထားသော်လည်း ကျိယွမ်သည် ရိုက်ခတ်မှုကြောင့် သူ၏ခန္ဓာကိုယ် အက်ကွဲလာသည်ကို ခံစားလိုက်ရ၏။
"ဒါဆို... ဒါက အထက်တန်းအရှင်သခင်ရဲ့ စွမ်းအားလား"
ကျိယွန်က နှုတ်ခမ်းမှ သွေးများ စီးကျလာသော်လည်း တည်ငြိမ်စွာ ပြောလိုက်သည်။သူ ထိခိုက်ဒဏ်ရာရတာ ကြာပြီ ဖြစ်၏။ သို့သော် နေမင်းအရှင်နှင့် ထိပ်တိုက်တွေ့ဆုံမှုတွင်ပထမဆုံးအကြိမ်မှာပင် ဒဏ်ရာရသွားလေပြီ။
သာမန်အားဖြင့် တံခွန်သခင်တို့ကဲ့သို့ လူမျိုးများကို သူ အလွယ်တကူ အနိုင်ယူနိုင်သည်။သို့သော် ယခုနေရာမှာတော့ နေမင်းအရှင်က တစ်ချက်တည်း သာ ရိုက်ရသေး၏။သူ ဒဏ်ရာရသွားလေပြီ။
"ပိုးစုန်းကြူးတစ်ကောင်က နေမင်းကြီးကို လာပြိုင်ရဲတာလား"
နေမင်းအရှင်က အထင်အမြင်သေးစွာ ရယ်မောလိုက်သည်။
"မင်းရှေ့မှာ ဘယ်သူ ရပ်နေလဲဆိုတာ မင်းသိရဲ့လား"
ဝိညာဉ်သစ်တစ်ခု ပိုင်ဆိုင်ထားသဖြင့် နေမင်းအရှင်၏ အသံမှာ ပိုမိုထက်မြက်ပြီး ခံစားချက်မဲ့နေသည်။
"မင်း ရင်ဆိုင်နေရတာက မဟာမူလသဘောတရားကျင့်ကြံသူ တစ်ဦးတင် မဟုတ်ဘူး... မင်း ရင်ဆိုင်နေရတာက ကောင်းကင်ဘုံဆန္ဒကိုယ်တိုင်ပဲ"
"မင်း ငါ့ကို တိုက်ခိုက်နေတာ မဟုတ်ဘူး၊ မင်း တိုက်ခိုက်နေတာက ဆဋ္ဌမကောင်းကင်ဘုံကနေ ပေါ်လာတဲ့ ကောင်းကင်ဘုံဆန္ဒကိုပဲ"
"သာမန်ကျင့်ကြံသူတစ်ဦးက ကောင်းကင်ဘုံကို စိန်ခေါ်ရဲတယ်ပေါ့"
"ဒီတိုက်ပွဲကို... မင်း မနိုင်ဘူး"
သာမန် မဟာမူလသဘောတရားကျင့်ကြံသူများသည် ကောင်းကင်ဘုံဆန္ဒ၏ အသွင်ကူးပြောင်းရာလမ်းကြောင်းများသာ ဖြစ်ကြသည်။ အထက်တန်းအရှင်သခင်များမှာမူ ကွဲပြားသည်။ သူတို့သည် ကောင်းကင်ဘုံဆန္ဒနှင့် တက်ကြွစွာ ပေါင်းစပ်ထားပြီး ၎င်း၏စွမ်းအားကို အလိုရှိလျှင် ဆွဲယူနိုင်သည်။
ထိုအချိန်တွင် နေမင်းအရှင်၏ အရှိန်အဝါမှာ အဆုံးမရှိ ပျံ့နှံ့နေပြီး အတိတ်နှင့်အနာဂတ်ကို ပေါင်းစပ်ထားသည့် တစ်ခုတည်းသော စစ်မှန်သောနေမင်း ဖြစ်သည်။
ယန်နတ်ဘုရားအားလုံး တုန်လှုပ်သွားကြ၏။သူတို့သည် ကျိယွမ်က တံခွန်သခင်ကို ဖိနှိပ်သည်ကို မြင်ခဲ့ရသည်။
သို့သော် ယခု ကျိယွမ်မှာ နေမင်းအရှင်၏ ရှေ့တွင် အရိပ်လေးတစ်ခုမျှသာ ဖြစ်နေသည်။
ဒါက တကယ်ပဲ အထက်တန်းအရှင်သခင်တစ်ပါးရဲ့ စွမ်းအားလား။
"မင်း ထိုက်ဟွမ်နန်းတော်ကို စိန်ခေါ်ဖို့ သတ္တိကို ဘယ်ကရတာလဲ"
"ကမ္ဘာသုံးထောင်က ယန်နတ်ဘုရား လေးထောင်ကြောင့်လား"
"ဒါမှမဟုတ် နေဆယ်စင်းကောင်းကင်ကို ဖြတ်ကျော်တုန်းက ပေါ်လာတဲ့ ကြယ်တာရာပုံရိပ်တွေကြောင့်လား"
"နေဆယ်စင်း ကောင်းကင်ကို ဖြတ်ကျော်ပြီး ကမ္ဘာအားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တာကတော့.. အင်း...ခမ်းနားသောပြသမှုလေးတစ်ခုပါပဲ"
"ဒါပေမဲ့ ကောင်းကင်ဘုံက နေတစ်စင်းကိုပဲ ခွင့်ပြုတယ်ဆိုတာ မင်း မသိဘူး၊ မင်းရဲ့ နေဆယ်စင်းက စစ်မှန်တဲ့ မဟာနေမင်းနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူးကွ"
"စစ်မှန်တဲ့ မဟာနေမင်း တစ်ပါးပဲ ရှိတယ်၊ အရေအတွက်တွေက... အရေးမပါဘူး"
နေမင်းအရှင်၏အသံမှာ ထက်မြက်ပြီး အထင်အမြင်သေးနေသည်။ သူသည် ကျိယွမ်ကို လူသေတစ်ဦးကဲ့သို့ ကြည့်နေ၏။
ဒုတိယအဆင့် မဟာမူလသဘောတရားကျင့်ကြံသူနှင့် ရင်ဆိုင်ရာတွင် ကျိယွမ်သည် လွတ်မြောက်ရန် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ ခုန်ဝင်နိုင်ခဲ့သည်။
သို့သော် ဤမျှကြီးမားသော တိုက်ပွဲထဲတွင်တော့ ထိုသို့ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပါ။
သေဆုံးခြင်းမှာ ရှောင်လွဲမရနိုင်သော အမှန်တရားဖြစ်လာခဲ့လေပြီ။
ပတ်ဝန်းကျင်ရှိ မဟာမူလသဘောတရားကျင့်ကြံသူများမှာလည်း ထိုသို့ပင် ကောက်ချက်ချကြ၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ယောက်ယက်ခပ်နေသည်။
ကျိယွမ်မှာ အံ့ဖွယ်ရာများကို ပြုလုပ်နိုင်ကြောင်း သူသိသော်လည်း ဤမျှကြီးမားသော စွမ်းအားရှေ့တွင် အံ့ဖွယ်ရာများက အလုပ်ထပ်ဖြစ်လာနိုင်ပါ့မလား။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံတွင် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် ပျက်စီးနေသောကောင်းကင်ရှိ ပုံရိပ်ကို စိုးရိမ်တကြီး ကြည့်နေသည်။
အကယ်၍သာ သွေးဝတ်စုံသည် နေမင်းအရှင်ကို တကယ်သတ်နိုင်လျှင် သူ့၏မယားငယ် ဖြစ်လာရန် ကတိပြုထားသည်မဟုတ်ပါလား။
ကျိယွမ်က နေမင်းအရှင်ကို ကြည့်ရင်းသူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။
"ဒါဆို... ဒါက အထက်တန်းအရှင်သခင်ရဲ့ စွမ်းအားလား"
"ဒါမှမဟုတ်အရှင်သခင်အဆင့်နဲ့ နီးကပ်နေတာလား"
"တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။ ငါလို ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဒါကိုအနိုင်ယူဖို့ မလွယ်ဘူး"
"ဒါပေမဲ့... ငါက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတင် မဟုတ်ဘူး၊ ကြယ်အမြုတေကို ပိုင်ဆိုင်ထားတဲ့ အမြုတေအဆင့်ကျင့်ကြံသူလည်း ဖြစ်နေတယ်ဆိုတာတော့ မင်းတို့မမေ့သင့်ဘူး"
"နေဆယ်စင်းက မလုံလောက်ဘူးပေါ့"
သူက ကောင်းကင်ဘုံကိုပင် ဖောက်ထွင်းသွားမည့်အသံမျိုးဖြင့် ကြေညာလိုက်သည်။
"ဒါဆိုရင် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းလောက်ဆိုရင်ရော"
အေးစက်ပြီး စူးရှိအသံမှာ ကမ္ဘာတစ်လွှား ပဲ့တင်ထပ်သွား၏။
အကြောင်းရင်းမသိရသော်လည်း ကျိယွမ်၏အသံကို ကြားရသူတိုင်း၏ ရင်ထဲတွင် တုန်ခါသွားလေသည်။
သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာတော့မည့်အလားပင်။
မူလသဘောတရားအသင်းအတွင်းမှ အရှင်သခင်နှစ်ဦးမှာလည်း တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ မသက်မသာ ဖြစ်သွားကြသည်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကြယ်တာရာနယ်မြေဆီသို့ရောက်ရှိသွား၏ ။ထိုမှတစ်ဆင့် နေဆယ်စင်းဆီသို့ ကြည့်လိုက်သည်။
မဟူရာ နတ်ဆိုးချောက်တွင် နှင်းခဲဓားသည် ဝေဝါးစွာ ကြည့်နေသည်။
"ဘာလို့... ရုတ်တရက် ပိုနွေးလာသလို ခံစားရတာလဲ"
ဆဌမကောင်းကင်ဘုံမှ မျက်လုံးပေါင်းများစွာကလည်း ကြယ်တာရာနယ်မြေဆီသို့ မော့ကြည့်လိုက်ကြကုန်၏။
ကြယ်တာရာနယ်မြေကြီးမှာ ကျယ်ပြောနက်နဲကာ ကြယ်များဖြင့် ပြည့်နှက်နေသည်။
၄င်းသည် ဆဋ္ဌမကောင်းကင်ဘုံ၏ အထွတ်အထိပ်ဖြစ်ပြီး နဝမကောင်းကင်ဘုံထက်ပင် ကျော်လွန်သည်။
ဒဏ္ဍာရီတစ်ခု ရှိ၏။ အကယ်၍သာ နဝမကောင်းကင်ဘုံကို ဖန်တီးခဲ့ပါက ထိုနေရာတွင် ရပ်နေသော ကျင့်ကြံသူသည် ကြယ်တာရာနယ်မြေရှိ ကြယ်တာရာပုံရိပ်များကို ဆုပ်ကိုင်နိုင်ပြီး ပုံရိပ်ယောင်များကို အမှန်တရားအဖြစ် ပြောင်းလဲကာ အနာဂတ်ကို ကြည့်ရှုနိုင်သည်ဟူ၏။
ထိုအခိုက်အတန့်တွင် အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု ပေါ်လာမည့်အလား ကြယ်တာရာနယ်မြေကြီးတစ်ခုလုံး တုန်ခါသွားသည်။
စိတ်ဝိညာဉ်ပုံရိပ်များပင် သူတို့၏စွမ်းအားများ တုန်ခါလာသည်ကို ခံစားလိုက်ရ၏။နေမင်းအရှင်၏ မောက်မာသောအမူအရာမှာ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုများ ပေါ်လာသည်။
ထိုမြင်ကွင်းသည် စောင့်ကြည့်နေသူများအတွက် ရင်းနှီးနေသည် မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်းများစွာက နေဆယ်စင်း ထွန်းတောက်လာစဉ်က ကြယ်တာရာနယ်မြေ တုန်ခါခဲ့ပြီး ယန်နတ်ဘုရားတိုင်းက ၎င်း၏တုန်ခါမှုကို ခံစားခဲ့ရသည်။
ယနေ့တွင်လည်း ကြယ်တာရာနယ်မြေကြီးတစ်ခုလုံး ထပ်မံတုန်ခါနေပြန်သည်။
သို့သော် ယခုတစ်ခါ၏ ပြင်းအားမှာ ယခင်ကထက် ဆယ်ဆ၊ အဆတစ်ရာခန့် ပိုပြင်းထန်နေသည့်အလားပင်။
"ကြီးမားတဲ့ နေမင်းကြီးတစ်ခု ထွက်ပေါ်လာတော့မယ့်အတိုင်းပဲ"
မဟာမူလသဘောတရားကျင့်ကြံသူတစ်ဦးက တုန်ယင်စွာ အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး... ငါ့ရဲ့ နတ်ဘုရားစွမ်းအားက..ဘာမှအသုံးမဝင်တော့သလိုပဲ၊ လုပ်ကြပါဦး"
"နေမင်းဆယ်စင်းအရှင်မြတ်မှာ ကြယ်တာရာပုံရိပ်တွေ ပိုရှိသေးတာလား"
"နေဆယ်စင်းက သူ့ကန့်သတ်ချက် မဟုတ်ဘူးလား ... ၁၂ စင်း၊ အစင်း ၂၀ လောက် ဖြစ်နိုင်မလား"
ယန်နတ်ဘုရားတစ်ဦးက ကောင်းကင်သို့ကြည့်နေရင် ခန့်မှန်းသည်။
ပုံရိပ်တစ်ခုစီတိုင်းသည် နေဆယ်စင်းအရှင်၏ စွမ်းအားကို တိုးမြှင့်ပေးလိမ့်မည်။
အကယ်၍သာ သူသည် ဤတိုက်ပွဲအတွက် နောက်ထပ်နေမင်းများကို သိမ်းဆည်းထားခဲ့လျှင်...
သို့သော် သူတို့ ထပ်မံခန့်မှန်းခွင့် မရခင်မှာပင် ကောင်းကင်ဘုံတစ်ခုလုံးကို အံ့ဩစေမည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။
"ဒါက..."
"ဒါက တကယ်ပဲ..."
အလင်းရောင်များ...
အဆုံးမဲ့ အလင်းရောင်များ ။
အမှောင်ထုထဲတွင် အနီရင့်ရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး ကြယ်တာရာနယ်မြေရှိ ကြယ်တာရာပုံရိပ်များစွာတို့မှာ သွေးနီရောင်များ ဖြစ်သွားကြလေသည်။
ထို့နောက် ကြီးမားကျယ်ပြန့်သော၊ ဖော်ပြမရနိုင်သော ကြယ်တာရာပုံရိပ်တစ်ခု ပေါ်လာရာ ကြောက်မက်ဖွယ်ကောင်းပြီး ယန်နတ်ဘုရားတိုင်းကို တုန်ခါသွားစေ၏။
"ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ ကြယ်တာရာပုံရိပ် ရှိနိုင်တာလဲ"
တစ်ဦးက တုန်ယင်စွာ အော်ဟစ်လိုက်သည်။
"ဒါက... ကြယ်မှ ဟုတ်ရဲ့လား"
ကြည့်ရှုနေသူအားလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။သွေးနီရောင် ကြယ်တာရာပုံရိပ်မှာ အလွန်ကြီးမားလွန်းသဖြင့် သာမန်ကြယ်ပုံရိပ်များသည် ပိုးစုန်းကြူးများကဲ့သို့ ဖြစ်သွားကြရသည်။
ကမ္ဘာတစ်ခုလုံးကိုပင် မျိုချနိုင်သော မဟာမူလသဘောတရားကျင့်ကြံသူများပင် ထိုကြယ်ကြီး၏ ကြီးမားမှုကြောင့် အံ့ဩနေကြ၏။
အထက်တန်းအရှင်သခင်များသည် ကြယ်များကို လက်ထဲတွင် ကိုင်ထားနိုင်ပြီး အနည်းငယ် ဝှေ့ယမ်းရုံဖြင့် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးနိုင်သည်။ သို့သော် ယခုအခါက... သွေးနီရောင်ကြယ်မှာ အလွန်ကြီးမားလွန်းနေသည်။
"ဒါ... ငါ့ရဲ့စွမ်းအားအကောင်းဆုံး ကြယ်အမြုတေပဲ"
ကျိယွမ်ပေါ်သို့ အနီရင့်ရောင်အလင်းတန်းများ ကျရောက်လာ၏။
"ငါ ဒါကို... ဧရာမကြယ်နီကြီးလို့ ခေါ်တယ်"
ဧရာမကြယ်နီကြီးသည် အပြာရောင်ဂြိုဟ်၏နေထက် ဒါဇင်ပေါင်းများစွာ ပိုမိုကြီးမားပြီး အဆသန်းတစ်ထောင်ပိုမိုကြီးမားသော ထုထည်ကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ကျူးယန်နှင့် နင်းထောင်တို့၏ နတ်ဘုရားနည်းစနစ်များကို စုပ်ယူထားပြီး ကြယ်အမြုတေအဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
နေမင်းအရှင်၏ အမူအရာမှာ တင်းမာသွားသည်။
"အရွယ်အစားက အရာရာတိုင်းကို မဆုံးဖြတ်နိုင်ဘူး"
ထိုကြယ်တာရာပုံရိပ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း နေမင်းအရှင်မှာ တည်ငြိမ်နေဆဲပင်ရှိသည်။ ဧရာမကြယ်နီကြီးမှာ သူ့၏လုပ်ဆောင်နိုင်စွမ်းအတွင်း၌ပင် ရှိနေသည်ဟု ယုံကြည်၏။
ကျိယွမ်က နေမင်းအရှင်အား စိတ်ပျက်သလိုကြည့်လိုက်သည်။
"ငါက ဒီကြယ်ကြီးတစ်လုံးတည်ပဲ ပိုင်တယ်လို့ မင်းကထင်နေတာလား"
သူ၏၏အသံက ပေါ့ပေါ့ပါးပါးရှိသော်လည်း ကြားလိုက်ရသောယန်နတ်ဘုရားများအတွက် မိုးကြိုးသံကဲ့သို့ ဖြစ်သွားဆလသည်။
သူ့မှာ ဒါမျိုး ထပ်ရှိသေးတာလား။
ယန်နတ်ဘုရားများ၏ နှလုံးသားထဲတွင် မဖော်ပြတတ်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။ ဤမျှကြီးမားသောပုံရိပ်မှာပင် နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်ရာ သူ၌ ထပ်ရှိနေသေးလျှင်...
ကျိယွမ်က ထိတ်လန့်နေသူများကို တစ်ချက်ဝေ့ကာ ကြည့်လိုက်၏။
"စိတ်ပျက်စရာကောင်းတာက..ငါ့မှာဒါမျိုးက တစ်လုံးပဲရှိတာ"
ဧရာမကြယ်နီကြီးများမှာ အလွန်ရှားပါးလှသည်။ နင်းထောင်ခမျာ အမြဲကြိုးစားနေသော်လည်း တစ်ခုသာ ရရှိပြီး ၎င်းကို ကြယ်အမြုတေအဖြစ် ပေါင်းစပ်ထားနိုင်ခဲ့သည်။
သူ၏စကားကို ကြားရသောအခါမှ အခြားယန်နတ်ဘုရားများ စိတ်သက်သာရာ ရသွားသည်။
တစ်ခုတည်းမှာပင် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်ရာ ထပ်ရှိနေလျှင် မတွေးဝံ့စရာပင်။
အကယ်၍သာ ကျိယွမ်သည် ဤတိုက်ပွဲမှ အသက်ရှင်ကျန်ရစ်ခဲ့လျှင် ဤမျှကြီးမားသောပုံရိပ်မှာ ကြယ်တာရာနယ်မြေတွင် ဆက်ရှိနေမည်ဖြစ်ပြီး ယန်နတ်ဘုရားများအတွက် အိပ်မက်ဆိုးတစ်ခုပင် ဖြစ်လာနိုင်မည်။
သူတို့က သိမ်ငယ်လွန်း၍ သူတို့၏ ကြယ်တာရာပုံရိပ်များကိုပင် ပြန်ကြည့်ချင်တော့မည် မဟုတ်ပါ။
သို့သော် သူတို့စိတ်သက်သာရာရသွားသည်က စောလွန်းသွားလေသည်။
"အရွယ်အစားတော့ မကြီးပေမဲ့...ပိုသေးတဲ့ ဟာတွေဆိုရင်တော့... ငါ့မှာ အများကြီးရှိတယ်"
"ငါ့ရဲ့ ကြယ်အမြုတေတွေ ..ထွက်ခဲ့စမ်း"
"ကောင်းကင်ကို အလင်းပေးကြ"
ကျိယွမ်၏အမိန့်သံနှင့်အတူ ကျယ်ပြောလှသော ကြယ်တာရာနယ်မြေမှာ အမှောင်ထုထဲသို့ ကျရောက်သွားသကဲ့သို့ ကြယ်များအားလုံး၏အလင်းရောင်မှာ ခိုးယူခံလိုက်ရသည်။
စိတ်အေးသွားသော ယန်နတ်ဘုရားများမှာ ကြောက်ရွံ့မှုများ ပြန်လည် တိုးပွားလာကြပြီး ဤခံစားချက်မှာ ဧရာမကြယ်နီကြီး ပေါ်လာစဉ်ကထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေ၏။
သူတို့သည် အမှောင်ထုကြီးထဲသို့ ကြည့်လိုက်ကြသည်။
ရုတ်တရက်—
ကောင်းကင်မှာ မီးထွန်းလိုက်သလိုပြန်လည် ထွန်းလင်းလာ၏။
အဆုံးမဲ့ တောက်ပမှုများဖြင့် ကြယ်များစွာက စတင် ထွန်းတောက်လာကြသည်။
တစ်စင်း..
နှစ်စင်း...
သုံးစင်း...
၎င်းမှာ တစ်စင်း နှစ်စင်းလည်း မဟုတ်သလို၊ တစ်ရာ သို့မဟုတ် တစ်ထောင်လည်း မဟုတ်ပါ။
သောင်းနှင့်ချီသော တောက်ပနေသည့်အလင်းလုံးကြီးများ ပေါ်လာကာ ကောင်းကင်များသာမက မြေကမ္ဘာအားလုံးမှာလည်း တောက်ပမှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထိုခဏအတွင်းမှာပင် ကြယ်တာရာပုံရိပ်များက သောင်းနှင့်ချီ၍ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွား၏။
"ဒါဆို... လုံလောက်ပြီလား"
"ဧရာမကြယ်နီကြီးက နှစ်စင်းမရှိနိုင်ရင် ရိုးရိုးနေမင်း အစင်းတစ်သောင်းလောက်ဆိုရင်ရော"
သွေးနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျိယွမ်၏ပုံရိပ်မှာ မျက်စိကျိန်းအောင်တောက်ပနေပြီး သောင်းနှင့်ချီသော ကြယ်တာရာများကာ သူ့ကို ထွန်းလင်းပေးနေသည်။
သူသည် စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး ပုံရိပ်တစ်ခုစီမှာ သူ၏ချပ်ဝတ်တန်ဆာပေါ်ရှိ တန်ဆာဆင်မှုများ ဖြစ်ကြသည်။
ကြယ်အမြုတေများ၏ ရှေ့တွင် အခြားပုံရိပ်များမှာ အရေးမပါတော့ဘဲ ထိုကြယ်ကြီးများ၏ ကြီးမားမှုအောက်တွင် အရိပ်ကလေးများသာ ဖြစ်သွားကြကုန်၏။
ဤနတ်ဘုရားစွမ်းအင်အားလုံးကို စုစည်းလိုက်သောအခါ ကျိယွမ်မှာ အကြွင်းမဲ့စွမ်းအားကို ပိုင်ဆိုင်သွားသည့် အလားပင်။
၄င်းမှာ ကျင့်ကြံခြင်းလောကအားလုံးတွင် မည်သူမှ မကြားစဖူးကုန်သော တော်လှန်ပြောင်းလဲမှုကြီးတစ်ခုပင် မဟုတ်ပါလား။
မျက်လုံးပေါင်းများစွာတို့သည် ကျိယွမ်ကို စူးစိုက်ကြည့်နေကြပြီး အံ့ဩကြည်ညိုမှုနှင့်အတူ မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
"နေတစ်သောင်းအရှင်မြတ်... သူက... နေတစ်သောင်းအရှင်မြတ်ကြီးပဲ"
"နေတစ်သောင်း" ဟူသောဘွဲ့မှာ နတ်ဘုရားဖြစ်တည်မှုတစ်ခုအတွက် သင့်တော်သော်လည်း အစစ်အမှန် နေအလုံးပေါင်းသောင်းနှင့်ချီ၍ အုပ်ချုပ်နိုင်သူအတွက်မူ လုံးဝကွဲပြားခြားနားလေသည်။
အထက်တန်းအရှင်သခင်များပင်လျှင် ထိုကြယ်တာရာပုံရိပ်အားလုံးမှာ လူတစ်ယောက်တည်း ပိုင်ဆိုင်ကြောင်း မတွေးဝံ့ပေ။ ၎င်းမှာ မူလသဘောတရားတံခါး ပေါ်လာသည်ထက်ပင် ပိုမိုအံ့ဩစရာ ကောင်းလှသည်။
"ကောင်းကင်ဘုံရဲ့ ကြယ်လေးတွေ၊ ငါ့ဆီကို စုဝေးကြ..."
"တောက်ပတဲ့အလင်းရောင်လေးတွေ.. ကောင်းကင်ဘုံကိုးထပ်လုံးကို ထွန်းလင်းကြ"
ကျိယွမ်၏ကြေညာချက်နှင့်အတူ အဆုံးမဲ့ကြယ်တာရာပုံရိပ်များမှာ သူ၏ခန္ဓာကိုယ်ဆီသို့ ကျရောက်လာ၏။ချက်ချင်းပင် သူ၏စွမ်းအားမှာ မယုံနိုင်လောက်အောင် မြင့်တက်သွားသည်။
"အခု... ငါ မဟာနေမင်းဆိုတဲ့ဘွဲ့ကို ရဖို့ အရည်အချင်းရှိပြီလား"
သူက နေမင်းအရှင်အား ကြည့်ကာ မေးလိုက်သည်။
"ကြီးမားတာက အလှတရားပဲ၊ အများအပြားရှိခြင်းက စွမ်းအားပဲ"
"ငါ့ရဲ့ ကြယ်အမြုတေတွေကို ကြည့်ထား... ထွက်လာကြစမ်း.. မင်းတို့ရဲ့ ကိုယ်ပိုင်အရာတွေကို ပြန်ယူကြ"
သူ၏အသံမှာ ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးမားသည့် လက်တစ်ဖက်မှာ နေမင်းအရှင်ဆီသို့ ဆန့်တန်းသွားလေသည်။
ကြယ်တာရာနယ်မြေအတွင်းမှာတော့ သောင်းနှင့်ချီသော ကြယ်အမြုတေများသည် နတ်ဘုရားစစ်သည်တော်များကဲ့သို့ စီတန်းသွားပြီး နေမင်းအရှင်၏ ကြယ်တာရာပုံရိပ်ဆီသို့ စက်သေနတ်ပစ်သလို ထိုးနှက်လိုက်ကြ၏။
"သေစမ်း"
ဤရိုက်ခတ်မှုတွင် အနှိုင်းမဲ့မူလသဘောတရား၏ စည်းမျဥ်းနိယာမများ မပါဝင်ပါ။
၄င်းမှာ စွမ်းအားတစ်ခု၏ ပကတိအမှန်တရားကို ပြသခြင်းပင်။
မည်သည့်စည်းမျဉ်း သို့မဟုတ် အနှိုင်းမဲ့မူလသဘောတရားမျှ ဤစွမ်းအားကို မတားဆီးနိုင်ပေ။
အထက်တန်းအရှင်သခင်၏စွမ်းအားနှင့် ညီမျှသော နေမင်းအရှင်မှာ ဤတိုက်ခိုက်မှုအောက်တွင် အလွန်သေးငယ်သွားတော့သည်။
ခရပ်....
ကြယ်တာရာကမ္ဘာအတွင်း၌ နေမင်းအရှင်၏ကြယ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏။နေမင်းအရှင်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။
"ဒီဆဋ္ဌမကောင်းကင်ဘုံမှာ ငါတစ်ယောက်တည်းပဲ စစ်မှန်တဲ့ မဟာနေမင်းပဲ"
ဝုန်း....။
မဟာနေမင်းပုံရိပ်မှာ ပျက်စီးသွားတော့သည်။
တစ်ခုတည်းသော မဟာနေမင်းဟူသောဘွဲ့မှာလည်း ပျောက်ကွယ်သွားပြီး ကျိယွမ်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။
နေမင်းအရှင်၏ခန္ဓာကိုယ်မှာ အက်ကွဲသွားပြီး သူ၏အေးစက်သောအမူအရာမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် အစားထိုးသွားသည်။
"ဘယ်လိုများ... ဖြစ်နိုင်မှာလဲ..."
သူက ဝေဝါးစွာ ရေရွတ်လိုက်၏။
"သတ်..."
ကျိယွမ်က ထပ်မံရိုက်ခတ်လိုက်ပြီး တံခွန်သခင်ကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။
တံခွန်သခင်၏အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ မျက်နှာမှာလွး ပြာနှမ်းသွားလေ၏။
"ငါ့မှာမူလသဘောတရားတံဆိပ် ရှိတယ်... ငါ မသေနိုင်ဘူး"
သူက အသည်းအသန်အော်ဟစ်လိုက်သည်။
သို့သော် ထိုရိုက်ခတ်မှုမှာ မည်သည့်အကြောင်းပြချက်ကိုမျှ ဂရုမစိုက်ပေ။ ၎င်း၏အစွမ်းမှာ ပြင်းထန်လွန်းသဖြင့် ကောင်းကင်ဘုံဆန္ဒနှင့် ပေါင်းစပ်ထားသော တံခွန်သခင်၏ တံဆိပ်မှာအက်ကွဲလာသည်။
တစ်ချက်တည်းဖြင့် တံခွန်သခင် ကျဆုံးသွားတော့သည်။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။
ထိုသူမှာ မူလသဘောတရားတံဆိပ်ဖြင့် ကာကွယ်ထားသော ဒုတိယအဆင့် မဟာမူလသဘောတရားကျင့်ကြံသူ ဖြစ်သည်။ကောင်းကင်ဘုံဆန္ဒ၏အောက်တွင် အထက်တန်းအရှင်သခင်များပင်လျှင် သူ့ကို အလွယ်တကူ မသတ်နိုင်ပေ။
သို့သော်...ကျိယွမ်က သူ့ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။
ယခုအချိန်၌ မဟာမူလသဘောတရားကျင့်ကြံသူများသည် ကျိယွမ်ကို ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြ၏။
အထက်တန်းအရှင်သခင်များပင်လျှင်စတင် သတိထားလာကြသည်။
ကျိယွမ်၏အကြည့်မှာ ဝူမင်အရှင်ဆီသို့ ရောက်ရှိသွား၏။
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ငါ့အတွက် မင်းဆီမှာကို သုံးကြိမ်တိုင်တိုင် တောင်းပန်ခဲ့ရတယ်။ ဒီနေ့တော့ မင်းကို ငါက သုံးချက်တည်းနဲ့ အဆုံးသတ်မယ်"
ကျိယွမ်၏ စကားသံအဆုံးတွင် တောက်ပသောအလင်းရောင်တစ်ချက်ပေါ်ထွက်လာသည်။
"ပထမတစ်ချက်၊ မင်းရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးမယ်"
လက်ဝါးချက်တစ်ချက်ဖြင့် ဝူမင်အရှင်၏ခန္ဓာကိုယ် ပျက်စီးသွားသည်။
"ဒုတိယတစ်ချက်၊ မင်းရဲ့ဝိညာဉ်ကို ငြိမ်းသတ်မယ်"
နောက်ထပ် လက်ဝါးချက်တစ်ခုဖြင့် ဝူမင်အရှင်၏ဝိညာဉ်မှာ အမြစ်ပြတ်ချေမှုန်းခံလိုက်ရသည်။
"တတိယတစ်ချက်၊ မင်းရဲ့ မူလသဘောတရားတံဆိပ်ကို ရိုက်ချိုးမယ်"
တတိယမြောက်ရိုက်ချက်က ကောင်းကင်ဘုံဆန္ဒအတွင်း၌ မြုပ်နှံထားသော မူလသဘောတရားတံဆိပ်ကို ကြမ်းတမ်းစွာရိုက်ချိုးပစ်လေသည်။
ကောင်းကင်ဘုံကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
---------