အခန်း ၄၈၃
Vol. 45 Ch. 483
အခန်း ၄၈၃ - လျှို့ဝှက်ဆန်းကြယ်သော တစ်ခုတည်းသောနန်းတော်
အထက်တန်းအရှင်သခင်တစ်ပါးပင်လျှင်သတ်ဖြတ်ရန် ရုန်းကန်ရမည့် မူလသဘောတရားအဆင့် (၂) ရှိသော အထက်တန်းအရှင်သခင်နှစ်ပါးသည် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့သည်။
နေတစ်သောင်း၏စွမ်းအားဖြင့် ကျိယွမ်၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် သူတို့သည် တစ်ခဏအတွင်း အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရသည်။
ထိုသို့သော ကြီးမားသည့်စွမ်းအားသည် တိုက်ပွဲကိုကြည့်ရှုနေကြသည့် ယန်နတ်ဘုရားများအား အံ့အားသင့်စေကာ ကြောက်ရွံ့မှုနှင့်အတူ နားမလည်နိုင်အောင်ဖြစ်သွားစေ၏။
“အကြွင်းမဲ့စွမ်းအားနဲ့အတူ နှိုင်းယှဥ်ပြစရာမရှိအောင်ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်း ... ဒါက ... မူလသဘောတရားအဆင့် တစ်မျိုးမျိုးများ ဖြစ်နေမလား”
“ကောင်းကင်ဘုံဆန္ဒမှာ ထွင်းထုထားတဲ့ မူလသဘောတရားတံဆိပ်တောင် ဒီစွမ်းအားအောက်မှာ ချက်ချင်းကွဲကြေသွားတယ် ...”
ယန်နတ်ဘုရားအများအပြားမှာ ကျိယွမ်၏ နောက်ဆုံးတိုက်ခိုက်မှုကြောင့် တုန်လှုပ်ချောက်ချားသွားကြသည်။
၎င်းသည် အလှဆင်ထားခြင်းမရှိသလို အတွင်း၌ မူလသဘောတရားစည်းမျဥ်းများလည်း မပါဝင်သည့် အကြွင်းမဲ့ခွန်အားပင်။
သန့်စင်သော သဘာဝစွမ်းအားသပ်သပ်ဖြစ်၏။
ထိုက်ဟွမ်နန်းတော်အတွင်း၌ စစ်မှန်မူလအရှင်၏ မျက်နှာမှာ မှောင်မိုက်သွားပြီး သူ၏နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
မဟာနေမင်းဘွဲ့ကို ရရှိထားသော်လည်း စစ်မှန်နေမင်းအရှင်မှာ ရှုံးနိမ့်သွားခဲ့လေပြီ။
တံခွန်သခင်နှင့် ချောက်ကမ်းပါးသခင်တို့သည် နေမင်းဆယ်စင်းအရှင် ..မဟုတ်ပါ... "နေတစ်သောင်းအရှင်"၏တိုက်ခိုက်မှုအား တစ်ကြိမ်မျှပင် မယှဉ်နိုင်ခဲ့ပါ။
“မင်းက အထက်တန်းအရှင်သခင်ရဲ့ ဘွဲ့ကို ခိုးယူထားတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စစ်မှန်မူလအရှင်သည် တံခွန်သခင်နှင့် ချောက်ကမ်းပါးသခင်တို့ သေဆုံးခြင်းထက် ... မဟာနေမင်း၏ဘွဲ့ကို သိမ်းပိုက်ခံလိုက်ရခြင်းကိုသာ ပို၍ စိတ်အနှောင့်အယှက်ဖြစ်မိသည်။
ဆိုလိုသည်မှာ မဟာနေမင်းအရှင်သည် ဆဋ္ဌမကောင်းကင်ဘုံသို့ ပြန်ရောက်လာသည့်တိုင် သူ၏ရာဇပလ္လင်မှာ ဆုံးရှုံးသွားလေပြီ။
ဤအရာသည် မည်သို့သောအကျိုးဆက်ကို ဆောင်ကြဉ်းလာမည်ကို စစ်မှန်မူလအရှင် စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
“မင်းမှာ အပြစ်ရှိတယ်”
စစ်မှန်မူလအရှင်အား နှုတ်ဆက်လိုက်သည့်စကားမှာ ကျိယွမ်၏ စီရင်ချက်ပင် ဖြစ်သည်။
“ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေရဲ့အပြင်ဘက်မှာ မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးဖြစ်တဲ့ မင်းက သိက္ခာမဲ့စွာနဲ့ ဆဲရေးတိုင်းထွာမှုတွေကို ပြုလုပ်ခဲ့တယ်”
“စကားတစ်ခွန်းထဲမှာတင် ကျိန်ဆဲမှုတွေက ခုနစ်ခု မဟုတ်ဘူး ၊ ရှစ်ခုအထိပါတယ်”
“မင်းက ကျင့်ကြံခြင်းလောကရဲ့ ကိုယ်ကျင့်တရား ပျက်စီးယိုယွင်းမှုအတွက် တာဝန်ရှိတယ်”
“မင်းဆီကနေစပြီး ကျင့်ကြံခြင်းလောကရဲ့ သီလတရားကို ပြန်လည်ထိန်းသိမ်းရမယ့်အချိန်ပဲ"
ထိုသို့ပြောဆိုရင်း ကျိယွမ်သည် စစ်မှန်မူလအရှင်အား လက်သီးဖြင့် အားပါးတရ ထိုးချလိုက်သည်။
တစ်ခဏချင်းတွင် ကောင်းကင်တစ်ခုလုံး ကြယ်တာရာများဖြင့် ပြည့်နှက်သွားပြီး တောက်ပသောအလင်းရောင်များ လေးဖက်လေးတန်မှ ဖြာထွက်လာ၏။
စစ်မှန်မူလအရှင်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းသွားလေသည်။
“ကယ်ကြပါ”
အသည်းပေါက်မတတ် ကျယ်လောင်စွာအော်ဟစ်လိုက်သော်လည်း
မည်သည့်တုန့်ပြန်မှုမှ ရှိမလာခဲ့ပါ။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် စစ်မှန်မူလအရှင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
သူ၏နတ်ဘုရားစွမ်းအင်များမှာ ရူးသွပ်စွာ တိုးထွက်လာပြီး မူလသဘောတရားအဆင့်ကို ထုတ်လွှတ်လိုက်ရာ ဟင်လင်းပြင်နေရာလပ်များပင် လိမ်ကျိုးကာ အထပ်ထပ်ဆင့်သွားကုန်၏။
မူလသဘောတရားအဆင့်၏ သက်ရောက်မှုကြောင့် သူနှင့် ကျိယွမ်ကြားရှိ နေရာအကွာအဝေးမှာ မိုင်ပေါင်းသန်းချီ၍ ဝေးကွာသွားသယောင် ရှိသည်။
၎င်းသည် မူလသဘောတရားအဆင့်၏ စွမ်းအားဖြစ်ရာ သာမန်ယန်နတ်ဘုရားများပင် စစ်မှန်မူလအရှင်၏ ပုံစံမျိုးကို ချဉ်းကပ်နိုင်မည်မဟုတ်ပေ။
သို့သော် ထိုအရာအားလုံးကို ကျော်လွန်၍ ထိုလက်သီးချက်မှာ ကရုဏာတရားကင်းမဲ့စွာ ကျရောက်လာ၏။
ကျယ်ပြန့်သော ဟင်လင်းပြင်နေရာလပ်များမှာ ဖန်ကွဲသကဲ့သို့ ပြိုလဲသွားပြီး အကြွင်းမဲ့စွမ်းအားအောက်တွင် တစ်ခုတည်းသော အစုအဝေးအဖြစ် ချေမှုန်းခံလိုက်ရသည်။
နေရာလပ်များ ကွဲကြေသွားသည်နှင့်အတူ တုနှိုင်းမရသော လက်သီးချက်သည် စစ်မှန်မူလအရှင်၏ ခန္ဓာကိုယ်ပေါ်သို့ တည့်မတ်စွာကျရောက်သွားလေသည်။
ကြီးမားသောစွမ်းအား၊ စိတ်ကူးမယဉ်နိုင်သော နာကျင်မှု၊ အမှုန့်ခြေဖျက်ဆီးခြင်း...မည်သို့မှ ခုခံနိုင်စွမ်းမရှိတော့ပါ။
တစ်ခဏအတွင်မှာပင် စစ်မှန်မူလအရှင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ကွဲကြေသွားသည်။
သာမန်လက်သီးတစ်ချက်ဖြင့် မူလသဘောတရားအဆင့်မှာ ပြိုလဲသွားသည်။
စစ်မှန်မူလအရှင်၏ ပျက်စီးသွားသော ခန္ဓာကိုယ်ကို ကျိယွမ်သည် သူ၏အင်္ကျီလက်ဖြင့် သိမ်းယူလိုက်ပြီး မြေအောက်ကမ္ဘာတွင် မြေဩဇာအဖြစ် သိမ်းဆည်းလိုက်၏။
ထို့နောက် သူသည် ထိုက်ဟွမ်နန်းတော်၏ ကျန်ရှိနေသော အဖွဲ့ဝင်များဘက်သို့ ကြည့်လိုက်ပြီး သူ၏အကြည့်များက သတ်ဖြတ်လိုစိတ်များ တောက်ပနေသည်။
လက်ရှိတွင် သူသည် အလွန်သန်မာနေ၏။သို့သော် ဤစွမ်းအားမျိုးမှာ ... ကြာရှည်ခံမည်မဟုတ်ကြောင်း သူသိသည်။
သူ၏ခန္ဓာကိုယ်မှာ ခရမ်းရောင်နန်းတော်အဆင့်သာ ရှိသေးပြီး မဟာမိတ်များ၏ ပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင်ထားသော်လည်း ကြယ်အမြုတေပေါင်း သောင်းနှင့်ချီသော စွမ်းအားကို ခံနိုင်ရည်ရှိရန်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်စေသည်။
“ ငါကတော့ သနားကြင်နာတတ်လွန်းနေပြီ” ဟု ကျိယွမ်သည် မိမိကိုယ်ကို တွေးလိုက်သည်။
ကြယ်တာရာပေါင်း သောင်းနှင့်ချီသော စွမ်းအားကို သယ်ဆောင်ထားရခြင်းမှာ သူက ကြွားဝါချင်ရုံသက်သက်မဟုတ်ဘဲ ကရုဏာတရားကြောင့် ဖြစ်၏။
မဟုတ်ပါက သူသည် ကြယ်တာရာပုံရိပ်များကို ဆင့်ခေါ်ပြီး အောက်သို့ တစ်လုံးပြီးတစ်လုံး မရပ်မနား ပစ်ချလိုက်ရုံနှင့် ပြီးစီးနိုင်သည်။
ထိုသို့သော တိုက်ခိုက်မှု၏ နောက်ဆက်တွဲအကျိုးဆက်မှာ ပို၍ပင် ကြီးမားသွားနိုင်သည်။
သို့သော် ထိုတိုက်ခိုက်မှုသည် ထိန်းချုပ်၍မရနိုင်ဘဲ အပြစ်မဲ့သူများကို အလွယ်တကူ ထိခိုက်စေနိုင်၏။
ဥပဒေနှင့်အညီ နေထိုင်ပြီး သနားကြင်နာတတ်သူအနေဖြင့် တိုက်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်များက သာမန်လူများကို ထိခိုက်စေခြင်းကို လက်ခံမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ကြယ်များကို မိမိကိုယ်ပေါ်တွင်သာ သယ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါစွာဖြင့် အနီရောင်နှင့် မျက်စိကျိန်းလောက်အောင် ဖြူသောအလင်းရောင်များဖြင့် တောက်ပနေသည်။
“သတ်...”
နောက်ထပ် ကြီးမားသော လက်သီးချက်တစ်ခုသည် မရပ်တန့်နိုင်သော စွမ်းအားဖြင့် ကျရောက်လာသည်။
ကျိယွမ်သည် ထိုက်ဟွမ်နန်းတော်၏ ယန်နတ်ဘုရားများအပေါ် ကရုဏာမထားခဲ့ပါ။
နန်းတော်အတွင်း၌ ကျန်ရှိနေသော ယန်နတ်ဘုရားများသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ကြောက်လန့်သွားကြသည်။
စစ်မှန်နေမင်းအရှင်သည် ကျိယွမ်၏ ခမ်းနားသော ပုံစံကို ကြည့်ရှုရင်း လေးကန်စွာ သက်ပြင်းချလိုက်သည်။
ယခုပဲသေသည်ဖြစ်စေ၊ နောက်မှသေသည်ဖြစ်စေ အတူတူပင် ဖြစ်၏။
သို့သော် ထိုအချိန်တွင် ထိုက်ဟွမ်နန်းတော်အတွင်း၌ ရုတ်တရက် အကြမ်းတမ်းဆုံး တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ကျယ်ပြန့်ပြီး ဖြောင့်မတ်သောအရှိန်အဝါတစ်ခုက သတ္တမကောင်းကင်ဘုံမှ ဆင်းသက်လာ၏။
၎င်းသည် ချက်ချင်းလိုလိုထိုက်ဟွမ်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။အသံတစ်ခုမှာလည်း ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံအားလုံးအတွက် အရှင်သခင် တစ်ပါးတည်းသာရှိ၏၊ ထာဝရ စည်းလုံးညီညွတ်စေ”
“ထိုက်ဟွမ်ကို ကာကွယ်လော့”
ထိုက်ဟွမ်နန်းတော်တွင် ကျန်ရှိနေသော မူလသဘောတရားအဆင့်ရှိသူ တစ်ဦးက အော်ဟစ်လိုက်သည်။
သူသည် မဟာနေမင်း၏နောက်တွင် ထိုက်ဟွမ်နန်းတော်၌ ဒုတိယအမြင့်ဆုံး မူလသဘောတရားအဆင့်ရှိသူဖြစ်သည်။
သူ့အပေါ်တွင် တံဆိပ်တစ်ခု ပေါ်လာ၏။၎င်းတွင် “တစ်ခုတည်းသော” ဟူသော စာလုံးများ ထွင်းထုထားသည်။
“ဒါက ... တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ပဲ”
ပွဲကြည့်နေသူများထဲမှ မူလသဘောတရားအဆင့်ရှိသူ တစ်ဦးက အော်ဟစ်လိုက်သည်။
“ဒါက တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ပဲ ၊ ထိုက်ဟွမ်နန်းတော်က တစ်ခုတည်းသောနန်းတော်ရဲ့ အထောက်အပံ့ကို ရရှိထားပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို လက်ခံကျင်းပသူ ဖြစ်လာတာ မဆန်းပါဘူး”
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်သည် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ဖန်ဆင်းရှင်ရတနာလက်နက်ထက်ပင် သာလွန်နေလေသည်။
“ဒါက တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ပဲ.. ကျိယွမ်၊ မင်းက တစ်ခုတည်းသောနန်းတော်ကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံဆန္ဒကို ဆန့်ကျင်ရဲတာလား”
မူလသဘောတရားအဆင့်ရှိသူ၏အသံမှာ ဆဋ္ဌမကောင်းကင်ဘုံတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်သည် တစ်ခုတည်းသောနန်းတော်၏ အမှတ်အသားဖြစ်ပြီး တစ်ခုတည်းသောနန်းတော်၏ အထက်တန်းအာဏာနှင့်ဆန္ဒကို ကိုယ်စားပြုသည်။
အထက်တန်းအရှင်သခင်တစ်ပါးပင်လျှင် ၎င်းအား အကြီးမားဆုံးသော လေးစားမှုဖြင့် ဆက်ဆံရလိမ့်မည်။
ထိုက်ဟွမ်နန်းတော်၏ ယန်နတ်ဘုရားများသည် သူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားပုံရ၏။
ထိုက်ဟွမ်နန်းတော်သည် တစ်ခုတည်းသောနန်းတော်၏ ကာကွယ်မှုဖြင့် လင်းယာအသွင်ပြောင်းလဲခြင်းကို လက်ခံကျင်းပသူဖြစ်ရာ ကျိယွမ်မည်မျှပင် သန်မာပါစေ၊ တစ်ခုတည်းသောနန်းတော်ကို တကယ်ပင် ဆန့်ကျင်ရဲပါမည်လော။
ဤအရာသည် ကောင်းကင်ဘုံကို ပုန်ကန်ခြင်းသာဖြစ်သွားပေလိမ့်မည်။
“ချိုးဖျက်စမ်း.."
သို့သော် ကျိယွမ်သည် နောက်ဆုတ်ခြင်းမရှိပါ ။ သူက တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ကို ကြောက်ရွံ့ခြင်းလည်း မရှိပေ။
အကြွင်းမဲ့စွမ်းအားဖြင့် တိုက်ခိုက်မှုသည် တစ်ခုတည်းသောအမိန့်ပေးတံဆိပ်မှ ထွက်ပေါ်လာသော အလင်းရောင်နှင့် တိုက်မိသွားသည်။
ဘုန်း....
ပြင်းထန်သောတိုက်ခိုက်မှုသည် ပတ်ဝန်းကျင်ရှိ ဟင်လင်းပြင်များကို ကွဲကြေသွားစေ၏။ထိုက်ဟွမ်နန်းတော်မှာလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ကို ကိုင်ဆောင်ထားသော မူလသဘောတရားအဆင့်ရှိသူမှာ ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူ၏ပုံစံမှာ မတည်မငြိမ်ဖြစ်ကာ ကွဲအက်တော့မည့် အခြေအနေသို့ ရောက်သွားသည်။
“မင်း ... ရဲတင်းလှချည်လား”
ကျိယွမ်သည် တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ကိုပင် တိုက်ခိုက်ရဲမည်ဟု မယုံကြည်နိုင်ဘဲ အံ့အားသင့်သွားသည်။
“ငါ့လမ်းမှာ ရပ်နေတဲ့သူတိုင်းက ငါ့ရန်သူပဲ”
ကျိယွမ်က တစ်လုံးချင်းပီသစွာ ပြောလိုက်သည်။
သို့သော် သူကိုယ်တိုင်လည်း အနည်းငယ်တော့ အံ့အားသင့်မိသည်။
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်မှာ ခိုငိမာလှပြီး သူ၏တိုက်ခိုက်မှု တစ်ဝက်ကိုပင် ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။
“မင်းက တစ်ခုတည်းသောနန်းတော်ကို ဆန့်ကျင်ပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားတာလား”
မူလသဘောတရားအဆင့်ရှိသူက ပါးစပ်မှသွေးများကိုသုတ်၏။
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်၏ ကာကွယ်မှု ရှိသော်လည်း ကျိယွမ်၏ ထိုးနှက်ချက်မှာ အလွန်ပြင်းထန်လှသဖြင့် သူ ဒဏ်ရာရသွားခဲ့ရသည်။
“တစ်ခုတည်းသောနန်းတော် ဒါမှမဟုတ် လင်းယာအသွင်ပြောင်းလဲခြင်းနဲ့ ငါ့ကို မခြိမ်းခြောက်နဲ့”
ကျိယွမ်က တုန်လှုပ်ခြင်းမရှိပါ။
ခရမ်းရောင်နန်းတော်အဆင့်သာရှိသော သူသည် လင်းယာအသွင်ပြောင်းလဲခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ခြိမ်းခြောက်မှုများကို ဂရုမစိုက်သည့်အပြင် သူက လက်သီးကို တင်းတင်ဆုပ်ကာ နောက်တစ်ချက် အားပါးတရ ထပ်မံထိုးထည့်လိုက်သည်။
ထိုက်ဟွမ်နန်းတော်အတွင်းရှိ မူလသဘောတရားအဆင့်ရှိသူမှာ မျက်နှာပျက်သွားလေ၏။
တစ်ခုတည်းသောအမိန့်ပေးတံဆိပ်၏ ကာကွယ်မှု ရှိသော်လည်း သူသည် ကြာရှည်မခံနိုင်တော့ဘဲ မကြာမီ ချေမှုန်းခံရတော့မည် ဖြစ်သည်။
“ကောင်းကင်ဘုံတစ်ခွင်က ယန်နတ်ဘုရားတွေနဲ့ အထက်တန်းအရှင်သခင်တွေ၊ ဒီပြင်ပလူက ထိုက်ဟွမ်နန်းတော်ကို ဖျက်ဆီးနေတာကို ဒီအတိုင်း ကြည့်နေကြမှာလား”
မူလသဘောတရားအဆင့်ရှိသူက အော်ဟစ်လိုက်သည်။
သို့သော် မည်သူမျှ ပြန်မဖြေဘဲ အားလုံး တိတ်ဆိတ်နေကြ၏။
ထိုအရာကို မြင်လိုက်ရသောအခါ မူလသဘောတရားအဆင့်ရှိသူမှာ စိတ်ပျက်အားငယ်သွားလေသည်။
နောက်ဆုံးတွင် သူသည် ကျိယွမ်ကို မုန်းတီးသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“လင်းယာအသွင်ပြောင်းလဲခြင်းကို လက်ခံကျင်းပသူအနေနဲ့ ဒီကပ်ဘေးကို ရှောင်ရှားဖို့ သတ္တမကောင်းကင်ဘုံကို ဖွင့်ပေးဖို့ တစ်ခုတည်းသောနန်းတော်ကို တောင်းဆိုပါတယ်”
သူအော်ဟစ်လိုက်သည်နှင့် ကျယ်ပြန့်ပြီး ခမ်းနားသောအရှိန်အဝါတစ်ခုသည် အထက်မှ ဆင်းသက်လာသည်။
ထိုက်ဟွမ်နန်းတော်ရှိ ယန်နတ်ဘုရားများနှင့် တပည့်များမှာ အနည်းငယ်စိတ်ပျက်သွားပြီး ထိုအရှိန်အဝါကို ဆန့်ကျင်ချင်စိတ်များ ဖြစ်ပေါ်လာ၏။။
ထိုသူသည် တစ်ခုတည်းသောအမိန့်ပေးတံဆိပ်ကို အသုံးပြု၍ ထိုက်ဟွမ်နန်းတော်ကို သတ္တမကောင်းကင်ဘုံသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
သတ္တမကောင်းကင်ဘုံတွင် တစ်ခုတည်းသောနန်းတော်နှင့် လင်းယာအသွင်ပြောင်းလဲခြင်းပြီးနောက် ဖြစ်ပေါ်လာသော ထူးခြားသောဖြစ်တည်မှုများသာ ရှိလေသည်။
ထိုကောင်းကင်ဘုံသည် နတ်ဘုရားစွမ်းအင်နှင့် ဝိညာဉ်စွမ်းအား နှစ်မျိုးစလုံး ကင်းမဲ့နေသဖြင့် ကျင့်ကြံသူများ နေထိုင်၍မရနိုင်ပေ။
သတ္တမကောင်းကင်ဘုံသို့ ရောက်သွားပြီးနောက် သူတို့သည် ကျင့်ကြံနိုင်မည်မဟုတ်တော့ဘဲ စွမ်းအင်များကိုလည်း ပြန်လည်မဖြည့်တင်းနိုင်သဖြင့် မှော်ဂါထာများကိုလည်း အသုံးပြုနိုင်မည်မဟုတ်တော့ပေ။
အတိုချုပ်ဆိုရသော် သတ္တမကောင်းကင်ဘုံသည် အောက်ဘုံများထက်ပင် ညံ့ဖျင်းသော မြေရိုင်းနယ်မြေသာ ဖြစ်သည်။
သတ္တမကောင်းကင်ဘုံတွင် အချိန်တိုင်းသည် ကျင့်ကြံသူတစ်ဦးအတွက် သေဆုံးခြင်းနှင့် ရင်ဆိုင်နေရ၏။
အကယ်၍ သူတို့သည် လင်းယာအသွင်ပြောင်းလဲခြင်း မပြီးဆုံးမီ ကျိယွမ်နှင့် ပြဿနာကို မဖြေရှင်းနိုင်ပါက ဆဋ္ဌမကောင်းကင်ဘုံသို့ ပြန်ရောက်သည့်အခါ အားလုံးသေဆုံးပြီး ထူးခြားသောဖြစ်တည်မှုများ ဖြစ်သွားကြမည်ဖြစ်သည်။
၄င်းမှည နှေးကွေးသော်လည်း မလွှဲမရှောင်နိုင်သော သေဆုံးခြင်းမျိုးပင်။
သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိတော့ပေ။
အကယ်၍ သူတို့သည် သတ္တမကောင်းကင်ဘုံသို့ မတက်လှမ်းပါက ကျိယွမ်၏လက်သီးကို ရင်ဆိုင်ရမည်ဖြစ်ပြီး အသက်ရှင်ရန် အခွင့်အလမ်း မရှိတော့ပါ။
ရုပ်တရားကင်းမဲ့ပြီး သေခြင်းတရားနှင့်ဆိုင်သော တိတ်ဆိတ်မှုတစ်ခုသည် အထက်မှ ဆင်းသက်လာ၏။
ထိုက်ဟွမ်နန်းတော်တစ်ခုလုံးသည် ဤအရှိန်အဝါဖြင့် လွှမ်းခြုံသွားတော့သည်။
“တစ်ခုတည်းသောနန်းတော် ဆင်းသက်လာပြီ”
“ထိုက်ဟွမ်နန်းတော်က သတ္တမကောင်းကင်ဘုံကို တက်သွားတာ ... သူတို့ သေဖို့ရှာနေတာလား”
“မူလသဘောတရားအဆင့်ရှိသူတစ်ယောက်အတွက်တောင် သတ္တမကောင်းကင်ဘုံမှာ နှစ်တစ်ထောင်လောက်နေရရင် သေချာပေါက် သေဆုံးခြင်းပဲ”
ထိုအချိန်တွင် ကျိယွမ်သည် ကောင်းကင်ဘက်သို့ မော့ကြည့်လိုက်သည်။သူမြင်လိုက်ရသည်မှာ အမှောင်ထုပင်။
မကောင်းဆိုးဝါးဆန်ပြီး သေခြင်းတရားနှင့်ဆိုင်သော တိတ်ဆိတ်မှုသည် လေထုထဲတွင် ပြည့်နှက်နေ၏။
ကောင်းကင်သည် မင်ကဲ့သို့ အနက်ရောင်ဖြစ်နေပြီး နက်ရှိုင်းကာ အဆုံးမရှိ၊ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည်။
သို့သော် ထိုအချိန်တွင် ကျိယွမ်သည် အနက်ရောင်ကောင်းကင်ထဲတွင် တောက်ပနေသော မျက်လုံးပေါင်းများစွာကို ရုတ်တရက် မြင်လိုက်ရသည်။
ဤမျက်လုံးများသည် ကျိယွမ်ကို ခံစားချက်မရှိဘဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။
၎င်းတို့သည် လိုဏ်ဂူထဲရှိ လင်းနို့များကဲ့သို့ တိတ်ဆိတ်စွာ တွဲလောင်းကျနေကြသည်။ထိုအကြည့်သည် အရိုးများကိုတောင် အလိုလို စိမ့်သွားစေသည်။
ကျိယွမ်သည် ထိုသို့သော ဖြစ်တည်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်၏။
ထိုအခိုက်တွင် တစ်ခုတည်းသောအမိန့်ပေးတံဆိပ်သည် ထိုက်ဟွမ်နန်းတော်ကို လွှမ်းခြုံလိုက်သည်နှင့် သတ္တမကောင်းကင်ဘုံ၏ အရှိန်အဝါများ ပေါက်ထွက်လာသည်။
ကမ္ဘာတစ်ခုထက် ကြီးမားသော နန်းတော်တစ်ခုလုံးသည် သတ္တမကောင်းကင်ဘုံသို့ နစ်မြုပ်သွားလေသည်။
ထိုက်ဟွမ်နန်းတော် ပျောက်ကွယ်သွားသည်နှင့် ထိုအေးစက်သော မျက်လုံးများတွင် လောဘစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ကျိယွမ် ရုတ်တရက် သတိပြုမိလိုက်လေသည်။
ဒီမျက်လုံးတွေက ... သိစိတ်ရှိနေတာလား။
ဤတွေ့ရှိချက်သည် ကျိယွမ်အား အံ့အားသင့်စေသည်။
သူ၏ယခင်မှတ်တမ်းများအရ တစ်ခုတည်းသောနန်းတော်၏ ဝိညာဉ်များသည် လင်းယာအသွင်ပြောင်းလဲခြင်းတွင် သေဆုံးသွားသော ဆဋ္ဌမကောင်းကင်ဘုံမှ ယန်နတ်ဘုရားများ၏ အကြွင်းအကျန်များသာဖြစ်ပြီး သိစိတ် သို့မဟုတ် ခံစားချက်မရှိဟု သိထားသည်။
သူတို့၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ သတ္တမကောင်းကင်ဘုံကို ထိန်းသိမ်းရန်ဖြစ်သည်။
သို့သော် ယခုမူ ... ခကျိယွမ်သည် သူတို့၏အကြည့်တွင် လောဘစိတ်ကို မြင်လိုက်ရ၏။ဤသည်မှာ မှတ်တမ်းများနှင့် မတူညီပေ။
ဒါပေမဲ့ အဲဒါက ငါ့အတွက် ဘာများ အရေးကြီးမှာလဲ။
ထိုက်ဟွမ်နန်းတော်ပြင်ပတွင် ရပ်ရင်း သူသည် “ဒီတော့ ... ငါ ထိုက်ဟွမ်နန်းတော်ကို ပြားချပ်သွားအောင် လုပ်လိုက်တာလား” ဟု တွေးလိုက်မိသည်။
သူ၏ရှေ့ရှိနေရာမှာ ခြောက်သွေ့ဆိတ်သုဉ်းနေပြီး ထိုက်ဟွမ်နန်းတော်၏ အရိပ်အယောင်မျှပင် မရှိတော့ပေ။
သူသည် သတ္တမကောင်းကင်ဘုံသို့ မော့ကြည့်လိုက်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဟေ့... ရာဇဝတ်ကောင်တွေကို ခိုလှုံခွင့်ပေးတာလည်း ရာဇဝတ်မှုပဲ၊ တစ်ခုတည်းသောနန်းတော်၊ မင်းတို့ ဥပဒေကို ချိုးဖျက်ဖို့ ကြံစည်နေတာလား”
သို့သော် ကောင်းကင်ဘုံမှာ တိတ်ဆိတ်နေဆဲပင်။
သတ္တမကောင်းကင်ဘုံ ပိတ်သွားသည်နှင့် မျက်လုံးများမှာလည်း ပျောက်ကွယ်သွားသည်။
“ပင်လယ်ရပ်ခြားကို ထွက်ပြေးတာက မင်းတို့ကို တရားမျှတမှုကနေ ကာကွယ်ပေးနိုင်မယ်လို့ မထင်ပါနဲ့၊ ငါ့မှာ နယ်စပ်ဖြတ်ကျော်ပြီး ဥပဒေစိုးမိုးဖို့ အာဏာရှိတယ်”
တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျိယွမ်သည် သတိပေးချက်တစ်ခု ထုတ်ပြန်ရန် လိုအပ်သည်ဟု ခံစားရသည်။သို့သော် မည်သည့်အကြောင်းပြန်မှုမျှ မရှိခဲ့ပါ။
၎င်းသည် ကျိယွမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
“သတ္တမကောင်းကင်ဘုံမှာ ပုန်းနေပြီးဆိုပြီး ငါ့ကို အပြစ်တင်စကားပြောလို့ရမယ်လို့ မထင်နဲ့ ၊ ငါ ဒီအတားအဆီးကို တောင် ဖြတ်ပြီး ကြားနိုင်တယ်”
ကျိယွမ်သည် ထိုက်ဟွမ်နန်းတော်မှ လူများသည် သူ၏နောက်ကွယ်တွင် သူ့အကြောင်း တိုးတိုးပြောနေကြလိမ့်မည်ဟု သံသယရှိ၏။အဘယ်ကြောင့်ဆိုသော် သူသည် ယခု ဆဋ္ဌမကောင်းကင်ဘုံတွင် ရှိနေသောကြောင့်ဖြစ်သည်။
ထိုအကြောင်းကို တွေးရင်း သူသည် သူ၏စူပါကြားနိုင်စွမ်းကို အသက်သွင်းလိုက်သည်။
အကယ်၍ သူသာအာရုံစူးစိုက်ပါက အထူးအသံများကို ကြားနိုင်ပြီး ရှားရှားပါးပါး အတွေးများကိုပင် ဖမ်းယူနိုင်၏။
သူသည် သတ္တမကောင်းကင်ဘုံရှိ ထိုက်ဟွမ်နန်းတော်၏ တည်နေရာဆီသို့ အာရုံစိုက်ပြီး နားထောင်လိုက်သည်။
ချက်ချင်းပင် သူ၏မျက်နှာမှာ ထူးဆန်းသွားလေသည်။
ကြွက်များက ကိုက်ဖြတ်နေသည့်အသံ သို့မဟုတ် ကြောင်တစ်ကောင်က ပလတ်စတစ်ကို ဝါးနေသည့်အသံမျိုးကို ကြားလိုက်ရခြင်းပင်။
“ဘာလဲဟ...ဘယ်သူက အရိုးတွေကို ဝါးနေတာလဲ”
သူသည် အံ့အားသင့်စွာ ရေရွတ်လိုက်၏။
ထို့နောက် ရုတ်တရက် ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
“သူက -”
အသံမှာ အလျင်စလိုဖြစ်ပြီး ရုတ်တရက် ရပ်တန့်သွားရာ ဘယ်တော့မှ မရှိခဲ့သည့်အတိုင်း ဖြစ်သွားသည်။
ကျိယွမ်က ထိုအသံရှင်ကို သိပါသည်။ -ထိုသူမှာ ယခု သတ္တမကောင်းကင်ဘုံသို့ ရောက်ရှိနေသည့် စစ်မှန်နေမင်းအရှင်ပင် ။
သတ္တမကောင်းကင်ဘုံတွင် တစ်စုံတစ်ခု ကြောက်မက်ဖွယ်ကောင်းသည်များ ဖြစ်ပျက်နေပုံရ၏။
ကျိယွမ်သည် ကြယ်တာရာနယ်မြေသို့ မော့ကြည့်လိုက်သည်။စစ်မှန်နေမင်းအရှင်၏ ကြယ်တာရာမှာ ဆက်လက်တောက်ပနေဆဲပင်။
ဆိုလိုသည်မှာ ... သူသည် အသက်ရှင်နေဆဲ ဖြစ်၏။
“ငါ ကြားတာ မှားသွားတာလား”
ကျိယွမ်သည် အတွေးနက်နေမိတော့သည်။
.........
ဆဋ္ဌမကောင်းကင်ဘုံတွင် ထိုက်ဟွမ်နန်းတော်ကို ချေမှုန်းရန် နေအစင်းပေါင်းတစ်သောင်း၏စွမ်းအားကို အသုံးပြုခဲ့သလို မဟာနေမင်းရာဇပလ္လင်ကိုပါ သိမ်းပိုက်ပြီး နန်းတော်တစ်ခုလုံးကို သတ္တမကောင်းကင်ဘုံသို့ ထွက်ပြေးရန် အတင်းအကျပ်ပြုလုပ်ခဲ့သည့် နေမင်းဆယ်စင်းအရှင်အကြောင်း သတင်းမှာ ကောင်းကင်ဘုံတစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး အံ့အားသင့်မှုနှင့် လေးစားမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။
ကျင့်ကြံသူများစွာမှာ အံ့အားသင့်ခြင်း သို့မဟုတ် အလွန်ပင် စိတ်ရှုပ်ထွေးခြင်း ဖြစ်ခဲ့ရသည်။
ထိုသို့သောဖြစ်ရပ်မျိုးကို... သမိုင်းတစ်လျှောက်တွင် မကြုံဖူး မကြားဖူးခဲ့ကြပါ။
ကောင်းကင်ရှိ နေဆယ်စင်းမှာပင် ဆဋ္ဌမကောင်းကင်ဘုံကို တုန်လှုပ်စေရန် လုံလောက်နေလေပြီ။ သို့သော် ကြယ်တာရာပေါင်း သောင်းနှင့်ချီ၍ တစ်ပြိုင်နက် တောက်ပနေခြင်းမှာ....
ဖော်ပြရန် စကားလုံးများပင် မရှိတော့ပေ။
ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၌ ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ စိုးရိမ်တကြီးဖြင့် အော်ဟစ်နေ၏။
“စီနီယာအစ်ကို သွေးဝတ်စုံက အရမ်းကြီးတာပဲ"
သူ၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသော ကြယ်တာရာပေါင်းသောင်းချီကြောင့် ကျိယွမ်၏ပုံစံမှာ အလွန်ပင် ကြီးမားနေခဲ့သည်။ ထိုက်ဟွမ်နန်းတော်အပြင်ဘက်တွင် ရပ်နေသည့်တိုင် သူ၏ခမ်းနားသော ပုံရိပ်ကိုနယ်မြေပေါင်းများစွာမှပင် လှမ်းမြင်နိုင်ပြီး ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံထက်တွင်လည်း မြင့်မားစွာ တည်ရှိနေ၏။
၄င်းမှာ အားလုံး၏နားလည်နိုင်စွမ်းထာထက်ကို ကျော်လွန်နေသည်။
“ကြည့်လိုက်.. စီနီယာအစ်ကို သွေးဝတ်စုံဟာ မဟူရာနတ်ဆိုးချောက်ရဲ့ အမြင့်ဆုံး ပါရမီရှင်ပဲလို့ ငါပြောခဲ့တယ်မလား ၊ သူက ချောက်ကမ်းပါးသခင်ကိုတောင် လက်သီးသုံးချက်နဲ့ ရိုက်ချခဲ့တာ”
ရှောင်လုသည် အန်းရွန်းလုကို အနိုင်ယူသည့်အသွင်ဖြင့် ကြည့်ကာ ကြွားလုံးထုတ်လိုက်သည်။သူမသည် အန်းရွန်လုက ယခုတစ်ကြိမ်တွင် သူမအား မည်သို့ပြန်လည်ချေပမည်ကို သိချင်နေ၏။
သွေးဝတ်စုံ၏စွမ်းအားအဆင့်သည် အထက်တန်းအရှင်သခင်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။စီနီယာအစ်ကိုဓားနက်အနေဖြင့် ဤစွမ်းအားမျိုးကို ရရှိရန် နှစ်ပေါင်းသန်းနှင့်ချီ၍ပင် ကြိုးစားရပေလိမ့်မည်။
အန်းရွန်းလုက အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“နင်ပြောတာ မှန်တယ်၊ အခုလောလောဆယ်မှာတော့ ... မဟူရာနတ်ဆိုးချောက်မှာ သွေးဝတ်စုံက အထက်တန်းအရှင်သခင်ပဲ။ ဒါပေမဲ့ ...”
“ဒါပေမဲ့ ဘာဖြစ်လဲ”
ရှောင်လုက စိတ်ပျက်စွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ နင့်ရဲ့ ရင်ဘတ်က သေးတယ်”
ထိုစကားနှင့်အတူ အန်းရွန်းလုသည် သူမ၏ ပိုမိုဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာကိုကျော့ရှင်းစွာလျှောက်လှမ်းရင် ထွက်ခွာသွားလေ၏။
“နင်”
ရှောင်လု၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး စိတ်ပျက်စွာဖြင့် ခြေဆောင့်လိုက်သည်။
သူမ၏ ဂိုဏ်းတူညီအစ်မသည် အငြင်းပွားမှုတွင် မနိုင်သဖြင့် သူမ၏ ကိုယ်ခန္ဓာနှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု လုပ်သွားခဲ့သည် မဟုတ်ပါလား။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရှိ ပါရမီရှင်များစွာမှာ အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေကြ၏။
သွေးဝတ်စုံကဲ့သို့သော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးနှင့်ဆိုလျှင် လင်းယာအသွင်ပြောင်းလဲခြင်းတွင် သူတို့အတွက် ကြောက်စရာ ဘာရှိတော့မည်နည်း။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ သည် ရှင်သန်ရန် ကံကြမ္မာပါလာပုံရလေသည်။
ထိုက်ဟွမ်နန်းတော်ကိုပင် သတ္တမကောင်းကင်ဘုံသို့ ဆုတ်ခွာသွားအောင်ဖိအားပေးနိုင်ခဲ့သည် မဟုတ်ပါလား။
အခြားနေရာတစ်ခုတွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကောင်းကင်ယံမှ ပုံရိပ်ကြီးကို မော့ကြည့်နေရင်း သူ၏မျက်ဝန်းများတွင် ကျေးဇူးတင်သောအရိပ်အယောင်များဖြင့် လှုပ်ရှားသွားသည်။
“ဒီကောင် ... ချောက်ကမ်းပါးသခင်ကို သတ်ဖြတ်လိုက်တဲ့အထိ လုပ်လိုက်တာပဲ။”
ထို့အခိုက် ဟင်းလင်းပြင် တုန်ခါသွားပြီး ကျိယွမ်ပေါ်လာခဲ့သည်။
ထိုက်ဟွမ်နန်းတော်အပြင်ဘက်တွင် သူပြသခဲ့သော အာဏာရှင်ဆန်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်သွားပြီး ယခုအခါ ရိုးရှင်းသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏ သူ၏အရှိန်အဝါမှာလည်း အေးချမ်းနေကာ နေပူဆာလှုံနေသော တိတ်ဆိတ်သည့် လူငယ်တစ်ယောက်ကဲ့သို့ပင်။
“ကျုပ် ခင်ဗျားကို ကာကွယ်ပေးမယ်လို့ မပြောခဲ့ဘူးလား၊ အဘိုးကြီး...မြင်လား ကျုပ် ပြောတဲ့အတိုင်း လုပ်လိုက်တာ။”
ခရမ်းရောင်ကံကြမ္မာဘိုးဘေး မငြင်းခုံနိုင်တော့ပါ။
“ဒီနေ့တော့ မင်းက ငါ့ကို တကယ် အံ့အားသင့်စေတယ်။ ငါ စိတ်ပူမိက ... အထက်တန်းအရှင်သခင်တွေတောင် မင်းကို ကြောက်ရွံ့နေကြတော့မှာကိုပဲ”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သက်ပြင်းချလိုက်သည်။ကျိယွမ်မှာ ဤမျှသန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ပြီးတော့...အဲဒီကြယ်တွေ.."
"တောက်... ငါ မနာလိုလိုက်တာ "
သူသည် ကြယ်တာရာနယ်မြေရှိ ကြယ်များကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် လေးစားချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။
“ ဒါပေမဲ့ ကျုပ်ကတော့ အားနည်းနေတုန်းပဲ။ အထက်တန်းအရှင်သခင်တစ်ပါးကို ...နိုင်ဖို့ ကျုပ်မှာ အာမခံချက် မရှိသေးဘူး”
ကျိယွမ်က ဝန်ခံလိုက်၏။
၎င်းသည် အမှန်တရားပင်ဖြစ်သည်။
အထက်တန်းအရှင်သခင်များနှင့် မူလသဘောတရားအဆင့်ရှိသူများကြားရှိ ကွာဟချက်မှာ ကြီးမားလှပြီး လုံးဝကွဲပြားခြားနားသော ကမ္ဘာများကဲ့သို့ပင်။
“သူတို့မှာလည်း မင်းကို အနိုင်ယူဖို့ အာမခံချက် မရှိပါဘူး”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို ကြည့်လိုက်သည်။
“မင်းက ကြယ်တာရာပေါင်း သုံးသောင်းအထိ ဆင့်ခေါ်နိုင်တယ် ၊ မင်းမှာ နောက်ထပ် ဘယ်လောက်ရှိသေးလဲဆိုတာ ဘယ်သူသိမှာလဲ”
“အဲဒီမေးခွန်းကို ဖြေရရင် ..."
"ဟဲဟဲ .. သူတို့ကို ခန့်မှန်းခိုင်းထားလိုက်ပါဦး”
ကျိယွမ်က လူလည်ကျသောအပြုံးဖြင့်
ဆို၏။ယခုတစ်ကြိမ်တွင် သူသည် သူပိုင်ဆိုင်သော ကြယ်တာရာပုံရိပ်အားလုံးကို မဆင့်ခေါ်ခဲ့ပါ။
သူသည် အရေးပေါ်အခြေအနေအတွက် အချို့ကို ဝှက်ထားခဲ့သည်။
“မင်းကတော့ လူလည်ပဲ”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ရယ်မောလိုက်ပြီး စိတ်သက်သာရာရသွား၏။ကျိယွမ် ပို၍သန်မာလာလေလေ၊ သူ ပို၍ လုံခြုံသည်ဟု ခံစားရလေလေဖြစ်သည်။
“ဒါပေမဲ့ မင်း တစ်ခုတည်းသောနန်းတော်ကို သတိထားဖို့ လိုတယ်။ တကယ့်ကျင့်ကြံသူတွေ မရှိပေမဲ့ သူတို့ရဲ့ ဝိညာဉ်ဖြစ်တည်မှုတွေက.."
" ... သူတို့က ကြောက်စရာကောင်းတဲ့ ရန်သူတွေပဲ။”
“သူတို့က ငါတို့ကမ္ဘာကို မဆင်းသက်နိုင်ပေမဲ့ ထိုက်ဟွမ်နန်းတော်က လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်နေတုန်းဆိုတော့ မင်းကို သူတို့ ဘယ်လိုအကြံအစည်တွေနဲ့ တိုက်ခိုက်မလဲဆိုတာ ဘယ်သူသိမှာလဲ”
တစ်ခုတည်းသောနန်းတော်အကြောင်း ပြောသောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏အကြည့်မှာ သတိထားဟန် ရှိသွားသည်။
ကျိယွမ်၏မျက်လုံးများလည်း လေးနက်သွားသည်။
“အဘိုးကြီး၊ ခင်ဗျား တစ်ခုတည်းသောနန်းတော်အကြောင်း ဘယ်လောက်သိလဲ”
ထိုက်ဟွမ်နန်းတော် သတ္တမကောင်းကင်ဘုံသို့ တက်လှမ်းသွားသည်ကို သူမြင်လိုက်ရချိန်တွင် ဖြစ်ပေါ်ခဲ့သော မသက်မသာခံစားချက်ကြောင့် သူ စိတ်ရှုပ်ထွေးနေရသည်။ ထိုအရာသည် ထိုက်ဟွမ်နန်းတော်၏ ယန်နတ်ဘုရားတစ်ဦးစီတိုင်း သေဆုံးတော့မည့်ကဲ့သို့ ဖြစ်နေ၏။
“သူတို့ရဲ့ကြယ်တွေက ကြယ်တာရာကမ္ဘာမှာ တောက်ပနေဆဲပဲ၊ ဒါဆို သူတို့ ဘယ်လိုလုပ် သေနိုင်မှာလဲ”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက နားမလည်နိုင်ဖြစ်နေသည်။
“ဒါပေမဲ့ လင်းယာအသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပြီးနောက် သူတို့ သတ္တမကောင်းကင်ဘုံမှာပဲ ဆက်နေရင်တော့ သူတို့ တကယ်သေဆုံးသွားနိုင်တယ်။”
“လူတစ်ယောက်တည်းက ထိုက်ဟွမ်နန်းတော်လို ဂိုဏ်းတစ်ခုလုံးကို ဆုတ်ခွာသွားအောင် ဖိအားပေးပြီးတိုက်ခိုက်ပစ်တာ...ဒါက မကြားဖူးသေးတဲ့ကိစ္စပဲ။”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အနည်းငယ် တွေးဆဆလုပ်ပြီးနောက်
ကျိယွမ်အား အကြံပြုသည်။
“မင်း တစ်ခုတည်းသောနန်းတော်အကြောင်း ပိုသိချင်ရင်တော့ အဲဒီအကြောင်းကို သိနိုင်တဲ့ အထက်တန်းအရှင်သခင်အချို့နဲ့ တွေ့ဖို့ လိုကောင်းလိုလိမ့်မယ်”
“အထက်တန်းအရှင်သခင်တွေနဲ့ တွေ့ဖို့၊ ဒါက ...”
ကျိယွမ်က စဥ်းစားသွားလေသည်။
“ဟုတ်တယ်၊ သူတို့ကို ရှာဖို့အချိန်တန်ပြီ။”
သူသည် သူ၏ဆရာအကြောင်း အမှန်တရားကို ဖော်ထုတ်ရန် လနတ်ဘုရားဘိုးဘေးနှင့်လည်း တွေ့ဆုံလိုသည်။
“အဘိုးကြီး၊ မဟူရာနတ်ဆိုးဘိုးဘေးသွေးကို ရနိုင်သလောက် ကျုပ်ကိုရှာပေးပါဦး”
ကောင်းကင်အပေါ်တွင် ကြယ်ပေါင်းသောင်းနှင့်ချီ ရှိနေသော်လည်း ကျိယွမ်သည် သူလိုချင်သော လုံခြုံမှုမျိုး မရသေးဟု ခံစားရသည်။
ဘိုးဘေးသွေးသည် သူ၏ ဘိုးဘေးသွေးအတတ်ပညာကို တိုးတက်စေပြီး ၎င်းမှတစ်ဆင့် သူ၏လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်၏။
လက်ရှိတွင် သူ၏ဘိုးဘေးသွေးအတတ်ပညာမှာ ဆယ့်သုံးဆင့်မြောက်အဆင့်တွင်သာ ရှိပြီး မူလသဘောတရားအဆင့်ရှိသူတစ်ဦး၏ စွမ်းအားနှင့်သာ ညီမျှသည်။
ဘိုးဘေးသွေးအတတ်ပညာတွင် ဖွင့်လှစ်ရန်အဆင့်များနှင့် အလားအလာ များစွာရှိသေး၏။
သူသည် တွေ့သမျှ ရန်သူတိုင်းကို ကြယ်အမြုတေများဖြင့် ပစ်ပေါက်၍မရနိုင်ပေ။ ထို့အတူ ကြယ်အမြုတေများ၏စွမ်းအားကို သယ်ဆောင်ခြင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည် အလွန်လိုအပ်သည်။
ထို့အတွက်ကြောင့် သူသည် သူ၏ခန္ဓာကိုယ်ကို သန်မာစေရန် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားတွင် တိုးတက်ရန် လိုအပ်၏။
ကြယ်ပေါင်းတစ်သန်းလောက်၏ အလေးချိန်ကိုသာ သယ်ဆောင်ထားပြီး တိုက်ပွဲဝင်ရပါက သူ၏ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာကုန်ခမ်းခြင်း ဖြစ်ပေါ်လာပေလိမ့်မည်။
“စိတ်မပူပါနဲ့၊ ငါ ဓားနက်နဲ့ ချက်ချင်းသွားပြောပေးမယ်”
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကတိပေးလိုက်ပြီးနောက် စိတ်မချစွာ ဆက်ပြော၏။
“ထိုက်ဟွမ်နန်းတော် သတ္တမကောင်းကင်ဘုံကို ပြောင်းရွှေ့သွားပြီဆိုတော့ မင်း သတိထားရမယ် ... လင်းယာအသွင်ပြောင်းလဲခြင်း ... ဒါက လည်း အလွန်ကို အန္တရာယ်များတယ်”
ထိုက်ဟွမ်နန်းတော်သည် လင်းယာအသွင်ပြောင်းလဲခြင်းကို အသုံးချ၍ လျှို့ဝှက်နက်နဲသော နည်းစနစ်များကို အသုံးပြုနိုင်ပေလိမ့်မည်။
“စိတ်အေးအေးထားပါ။ မဟာနေမင်းအရှင် ပြီးသွားပြီဆိုတော့ လောလောဆယ် ခြိမ်းခြောက်မှု မရှိတော့ဘူး။ ကျုပ်ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကလည်း နိမ့်သေးတယ် ၊ လင်းယာအသွင်ပြောင်းလဲခြင်းက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား”
ကျိယွမ်က ပခုံးတွန့်လိုက်သည်။
“မဟာနေမင်းအရှင် မရှိတော့တာက အရာအားလုံးကို တကယ်ပဲ ငြိမ်းချမ်းသွားစေတာပဲ”
“အခု မဟာနေမင်းရဲ့ဘွဲ့ကို သိမ်းလိုက်ပြီဆိုတော့ သူ အထက်တန်းအရှင်သခင်ရဲ့စွမ်းအား ရှိသေးတယ်လို့ မင်းထင်လား”
ကျိယွမ်၏ မျက်လုံးများက လေးနက်သွားလေ၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ခေါင်းခါလိုက်သည်။
“အထက်တန်းအရှင်သခင်တွေအကြောင်းဆိုရင် ငါလည်း သေချာမသိဘူး။ မင်း တကယ်သိချင်ရင်တော့ သူတို့နဲ့ပဲ စကားပြောကြည့်ရလိမ့်မယ်။”
“အင်း”
“နောက်တစ်ခုက၊ မူလသဘောတရားအသင်းကို သတိထားပါ။ သူတို့မှာ အထက်တန်းအရှင်သခင် နှစ်ပါးရှိတယ်။”
“ပြီးတော့ နောက်ဆုံးအချက်ကျန်သေးတယ် ... မူလသဘောတရားအသင်း မတည်ထောင်မီက ဆဋ္ဌမကောင်းကင်ဘုံမှာ ... အထက်တန်းအရှင်သခင် ဆိုတာ လုံးဝမရှိခဲ့ဘူး။”
.......