← Chapters

အခန်း ၄၈၅

Vol. 45 Ch. 485

အခန်း ၄၈၅

Vol. 45 Ch. 485

အခန်း ၄၈၅ - လနတ်ဘုရားအရှင်နှင့် တွေ့ဆုံခြင်း

"ဒါဆိုရင် မင်းကလည်း အရာအားလုံးကို သိတာမဟုတ်ဘူးဆိုတာ ပေါ်လွင်နေတာပဲ"

ဝူရှန့်အရှင်၏ တိတ်ဆိတ်မှုကို မြင်သောအခါ ကျိယွမ် ပခုံးတွန့်လိုက်သည်။

"ငါ့အိမ်မှာ မှန်တစ်ချပ် လိုနေတာနဲ့ အတော်ပဲ၊ ငါ့နံရံမှာ လာတွဲလောင်းခိုဖို့ စိတ်ဝင်စားလား"

ကျိယွမ်သည် ပုံရိပ်ပေါင်းစုံထင်ဟပ်မှန်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုအချိန်တွင် မျက်လုံးမှိတ်ထားသော ဝူရှန့်အရှင်က မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူ၏ပင်ကိုယ်အသိပြန်ဝင်လာပြီး သူ၏အမူအရာသည် ပုံမှန်အတိုင်း နွေးထွေးသွားသည်။

"နေတစ်သောင်းအရှင်ကတော့ နောက်ပြောင်နေပြီ"

ဝူရှန့်အရှင်က ပြုံး၍ ပြန်ပြောလိုက်သည်။

"ကျွန်တော် နောက်နေတယ်လို့ ခင်ဗျားက ဘယ်လိုသိတာလဲ"

ကျိယွမ်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြန်ချေပလိုက်သည်။အကယ်၍ ဝူရှန့်အရှင်သာ သဘောတူခဲ့လျှင် သူက မှန်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်ပြီး ငြင်းပယ်ခဲ့လျှင်မူ နောက်ပြောင်မှုတစ်ခုအဖြစ် မှတ်ယူကာ လျစ်လျူရှုလိုက်ရုံသာရှိ၏။

"ကျွန်တော်မေးတဲ့ မေးခွန်းတွေကို ကူညီဖြေပေးလို့ ကျေးဇူးပဲ။ ဒါကို ခင်ဗျားနဲ့ မူလသဘောတရားအသင်းအပေါ် ကျွန်တော်တင်နေတဲ့ အကြွေးတစ်ခုလို့ မှတ်လိုက်ပါ"

ကျိယွမ်က တည်ကြည်စွာ ပြောလိုက်သည်။သူသည် ကျေးဇူးရှိလျှင် ကျေးဇူးဆပ်ပြီး ရန်ရှိလျှင် ရန်တုံ့ပြန်တတ်သူ ဖြစ်၏။

ဝူရှန့်အရှင်သည် သူ၏ဘေးတွင် ရပ်နေပြီး လေးနက်သော လေသံဖြင့် ဖြည့်စွက်ပြောကြားသည်။

"ထိုက်ဟွမ်နန်းတော်က သတ္တမမြောက်ကောင်းကင်ဆီ ထွက်ပြေးသွားပြီဆိုပေမဲ့ နေတစ်သောင်းအရှင်အနေနဲ့ လင်းယာအသွင်ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီး သတိထားဖို့ လိုပါသေးတယ်။ ဒီတစ်ကြိမ်မှာ အရှင်သခင်များတောင် ကျရှုံးနိုင်ချေ ရှိပါတယ်"

ထိုက်ဟွမ်နန်းတော်သည် တစ်ခုတည်းသောခန်းမကို ယခုတစ်ကြိမ် လင်းယာအသွင်ပြောင်းလဲခြင်းတွင် အရှင်သခင်တစ်ပါး၏ အသက်ကို နုတ်ယူမည်ဟု ကတိပြုထားကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။

သို့သော် ထိုက်ဟွမ်နန်းတော်၏ စွမ်းအားတစ်ခုတည်းကိုသာ ထည့်သွင်းစဉ်းစားလျှင် ထိုသို့သောအရာကို ၎င်းတို့ စီစဉ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် မူလသဘောတရားအသင်းသည် တစ်ခုတည်းသောခန်းမက ဤလင်းယာအသွင်ပြောင်းလဲခြင်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်သည်ဟု သံသယရှိနေ၏။

မဟုတ်ပါက အရှင်သခင်တစ်ပါး မည်သို့ ကျရှုံးနိုင်မည်ကို ၎င်းတို့ စဉ်းစား၍မရပေ။

ဝူရှန့်အရှင်သည် သူ၏ထင်မြင်ယူဆချက်များကို ကျိယွမ်အား မျှဝေခဲ့သည်။

၄င်းကို ကြားသောအခါ ကျိယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ ဆင်းလာရင် ပိုတောင် ကောင်းသေးတယ်။ သူတို့ ဘာလို့ ထိုက်ဟွမ်နန်းတော်ကို ခိုလှုံခွင့်ပေးထားတာလဲဆိုတာ ကျွန်တော်သေသေချာချာ မေးရမယ်"

ဝူရှန့်အရှင်၏ နှလုံးသားသည် သူ၏ရဲရင့်သော ကြေညာချက်ကြောင့် တုန်လှုပ်သွားရသည်။

သူသည် ကျိယွမ်၏ ရဲတင်းမှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

မူလသဘောတရားအသင်းအတွက်မူ ၎င်းတို့၏ အရှင်သခင်နှစ်ပါးပင်လျှင် တစ်ခုတည်းသောခန်းမကို အလွန်သတိထား ဆက်ဆံကြပြီး မလိုအပ်သော ပတ်သက်မှုများကို ရှောင်ရှားကြသည်။

သို့သော်နေတစ်သောင်းအရှင်ကတော့ ၎င်းတို့ကို ရင်ဆိုင်ရန် မကြောက်မလန့်ပြောဆိုနေသည်။

"ဆဋ္ဌမမြောက်ကောင်းကင်ရဲ့ ယန်နတ်ဘုရားတွေနဲ့ အရှင်သခင်တွေတောင်မှ တစ်ခုတည်းသောခန်းမရဲ့ သူရဲကောင်းဝိညာဉ်တွေကို တစ်ခါမှ မြင်ဖူးမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အင်အားက ဘယ်လောက်လဲဆိုတာ မသိရသေးဘူး။ နေတစ်သောင်းအရှင်အနေနဲ့ သတိနဲ့ လုပ်ဆောင်ပါ"

ဝူရှန့်အရှင်က ထပ်မံအကြံပြုလိုက်သည်။

"အိမ်ရှေ့မင်းသားဖြစ်ဖြစ် သာမန်လူတန်းစားဖြစ်ဖြစ် ဥပဒေရှေ့မှောက်မှာ အတူတူပဲ။ သူတို့က သန်မာရုံနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့ရတယ်လို့ ဆိုလိုတာလား။ ဒါက အဓိပ္ပာယ်မရှိတဲ့အရာပဲ"

ကျိယွမ်ကတော့ ဂရုမစိုက်ပေ။

သူ၏ ကျင့်ကြံခြင်း အထွတ်အထိပ်သို့ ရောက်သည်နှင့် သတ္တမမြောက်ကောင်းကင်သို့ သွားရောက်ကာ ထိုက်ဟွမ်နန်းတော်မှ ရာဇဝတ်ကောင်များကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျိယွမ်၏ ပြတ်သားမှုကို မြင်သောအခါ ဝူရှန့်အရှင်သည် ထိုအကြောင်းအရာကို ဆက်မပြောဘဲ ပညာရှိစွာ စွန့်လွှတ်လိုက်သည်။

"နေတစ်သောင်းအရှင်၊ လင်းယာအသွင်ပြောင်းလဲခြင်း စတင်တဲ့အခါ မူလသဘောတရားအသင်းနဲ့ ခရမ်းရောင်ကံကြမ္မာကောင်းကင်တို့ ပူးပေါင်းပြီး ဒီမုန်တိုင်းကို အတူတူ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်"

ဝူရှန့်အရှင်က ​စကားလမ်းခင်း၏။

"ပြဿနာမရှိဘူး"

ကျိယွမ်က ထိုကိစ္စကို အထူးတလည် ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။

ထိုအချိန်တွင် ဝူရှန့်အရှင်သည် တစ်ခုခုကို သတိရသွားဟန်ရသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းဖြူပုလင်းအသေးလေးတစ်ခု ထွက်ပေါ်လာပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။

"နေတစ်သောင်းအရှင်၊ ဒါက စုဆောင်းထားတဲ့ မဟူရာနတ်ဆိုးဘိုးဘေးသွေးတွေပါ။ အရှင် လိုအပ်နေတယ်လို့ ကြားသိရလို့ ဂါရဝလက်ဆောင်အဖြစ် ယူဆောင်လာခဲ့တာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ"

ဝူရှန့်အရှင်သည် ဤလက်ဆောင်သည် ကိုယ်ပိုင်စေတနာဖြစ်ပြီး မူလသဘောတရားအသင်းကို ကိုယ်စားမပြုကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။

"အို... မဆိုးဘူးပဲ။ ခင်ဗျား ဘာကို လိုချင်လို့လဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

ကျိယွမ်က ပုလင်းကို လက်ခံရင်း ပြောလိုက်သည်။

လောကတွင် အလကားရသည့် အရာဟူ၍ မရှိကြောင်း သူ ကောင်းကောင်းသိသည်။ အကယ်၍ ဝူရှန့်အရှင်က သူ့ကို မဟူရာနတ်ဆိုးဘိုးဘေးသွေး ပေးနေသည်ဆိုလျှင် အကြောင်းပြချက်တစ်ခု ရှိရမည်ဖြစ်သည်။

သူ၏ စိတ်ထဲတွင် အတွေးတစ်ခုပင် ဖြတ်ပြေးသွားခဲ့သေးသည်။

ဒီတည်ကြည်တဲ့ အဖိုးကြီးက ငါ့ကို သဘောကျနေတာများလား။

ဝူရှန့်အရှင်၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ထင်ဟပ်သွားပြီး သတိထားလျက် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ဝူမင်အရှင်က မူလနတ်ဆိုးသွေးကို သုံးပြီး ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို မူလနတ်ဆိုးကပ်ဘေးထဲ ဆွဲသွင်းခဲ့တယ်လို့ ကြားရပါတယ်။ နောက်ဆုံးမှာ နေတစ်သောင်းအရှင်ကပဲ သူ့ကို ကူညီပြီး ကျော်ဖြတ်စေခဲ့တာ ဆိုတာ အမှန်ပဲလားခင်မျာ "

ဝူရှန့်အရှင်သည် ကျိယွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း သူ၏ အကြည့်ထဲတွင် မျှော်လင့်ချက် ရိပ်ယောင်လေးတစ်ခု ရှိနေသည်။

"ဟုတ်တယ်"

ကျိယွမ်က တည်ငြိမ်စွာ အတည်ပြုလိုက်၏။

ဝူရှန့်အရှင်သည် ဤအဖြေကို ကြားရသောအခါ အပြင်ပန်းတွင် တည်ငြိမ်အောင် ထိန်းထားသော်လည်း စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားရသည်။

ဒါက အမှန်ပဲ။

နေတစ်သောင်းအရှင်က မူလနတ်ဆိုးကပ်ဘေးကို ဖြေရှင်းပေးနိုင်တာပဲ။

ဝူရှန့်အရှင်သည် ဤအရာက ဘာကို ဆိုလိုကြောင်း နားလည်၏။

အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက ဆဋ္ဌမမြောက်ကောင်းကင်၏ မူလသဘောတရားအဆင့်များနှင့် မဟာမူလသဘောတရားအဆင့်များသည် စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်သွားကြလိမ့်မည်။

မူလနတ်ဆိုးကပ်ဘေးသည် မူလသဘောတရားကျင့်ကြံသူများအားလုံးအတွက် အဆိုးဝါးဆုံးသော အရာဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းထက်တွင် အမြဲတစေ ချိတ်ဆိုင်းထားသော ဓားကြီးတစ်စင်းကဲ့သို့ ဖြစ်သည်။ ၎င်းသည် ၎င်းတို့၏ တိုးတက်မှုကို ဟန့်တားထားပြီး အနည်းငယ်မျှ မှားယွင်းရုံဖြင့် ချောက်နက်ထဲသို့ ကျဆင်းသွားစေနိုင်သည်။

"နောက်ထပ် နှစ်တစ်သောင်းအတွင်းမှာ ကျွန်တော်လည်း မူလနတ်ဆိုးကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အချိန်တန်ရင် နေတစ်သောင်းအရှင်အနေနဲ့ ကျွန်တော့်ကို ကူညီပေးဖို့ လိုလားပါသလား"

ဝူရှန့်အရှင်၏ လေသံသည် နှိမ့်ချမှု ရှိနေပြီး သူ၏ အမူအရာသည်လည်း ရိုသေကိုင်းညွတ်မှု ရှိနေသည်။

"ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ်မှုက ခင်ဗျားရဲ့ ကပ်ဘေးကျရောက်မဲ့ အချိန်ပဲ..."

ကျိယွမ်က သူ၏ လေသံတွင် ဝေခွဲမရဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

ထိုအခါ ဝူရှန့်အရှင်သည် ကျိယွမ်တွင် ကပ်ဘေးများကို ဖြေရှင်းပေးနိုင်သည့် အကြိမ်အရေအတွက် ကန့်သတ်ချက် ရှိနေသည်ဟု ထင်မှတ်ကာ မှားယွင်းနားလည်သွားသည်။ သူက အလျင်အမြန် ပြောလိုက်၏။

"ကျွန်တော် နှောင့်နှေးအောင် လုပ်ထားနိုင်ပါတယ်။ လိုအပ်ရင် နှစ်ငါးထောင်အထိ ဆွဲဆန့်ထားလို့ ရပါတယ်"

"နှောင့်နှေးအောင် လုပ်ဖို့မလိုပါဘူး။ကျွန်တော်ပြောချင်တာက နောက်နှစ်တစ်သောင်းလောက်ဆိုရင် မူလနတ်ဆိုးတွေက ကျုပ်ဆီမှာ စားဖိုမှူးတွေအဖြစ် အလုပ်လုပ်နေလောက်ပြီလို့ ပြောတာ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြက်လုံးထုတ်လိုက်သည်။

ဝူရှန့်အရှင် ဆွံ့အသွားရသည်။

မူလနတ်ဆိုးတွေက... စားဖိုမှူးအဖြစ် လုပ်မယ်...ဟုတ်လား။

ဒီနေတစ်သောင်းအရှင်ကတော့ တကယ်ပဲ အထိန်းအကွပ်မရှိ ပြောတာပဲ။

အခြားသူများအတွက်မူ မူလနတ်ဆိုးများသည် နားလည်ရခက်သော ဖြစ်တည်မှုများဖြစ်ပြီး စကြဝဠာ အတိုင်းအတာအရပင် ကြီးမားလှသည်။ ၎င်းတို့သည် အထက်တန်းအရှင်သခင်များပင် နားမလည်နိုင်သော ဖြစ်တည်မှုများ ဖြစ်၏။

သို့သော် သူသည် ကျိယွမ်၏ စကားကို မမေးရဲသဖြင့် စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ဒါဆို... နှောင့်နှေးအောင် လုပ်ဖို့ မလိုဘူးပေါ့"

"စောစောလာလေ ပိုကောင်းလေပဲ"

ကျိယွမ်က ပြန်ဖြေလိုက်သည်။

"နားလည်ပါပြီ"

ဝူရှန့်အရှင်က ပြောလိုက်ပြီး သူ၏ နှလုံးသားသည် နောက်ဆုံးတွင် အနည်ထိုင်သွားတော့သည်။

"နှုတ်ဆက်ပါတယ်"

ကျိယွမ်က လက်ဝှေ့ယမ်းကာ မူလသဘောတရားအသင်းကို နက်နက်နဲနဲ တစ်ချက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

မူလသဘောတရားအသင်း၏ အတွင်းပိုင်း အချက်အချာနေရာတွင်.....

လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်ထဲ၌ အသံနှစ်သံ ပဲ့တင်ထပ်နေသည်။

"မင်း ဘယ်လိုထင်လဲ"

"ငါ သူ့ကို အကဲမဖြတ်နိုင်ဘူး"

"ငါတို့မှာ အခွင့်အရေး ရှိလား"

"အခွင့်အရေး မရှိဘူး"

"မူလသဘောတရားတံခါးက သူ့လက်ထဲမှာ ရှိနေတော့ တစ်နေ့ကျရင် သူ ငါတို့ကို သေချာပေါက် ရိပ်မိသွားလိမ့်မယ်"

"ဟူး... ဒါကို သိရက်နဲ့ သူ ဘာလို့ အသင်းဆီ လာသေးတာလဲ။ ဒါက... ငါတို့ကို အရေးယူဖို့ မျှားခေါ်နေတာလား"

"ငါ သူ့ကို အကဲမဖြတ်နိုင်ဘူး... ငါ သူ့ကို အကဲမဖြတ်နိုင်ဘူး..."

ညည်းတွားသံများသည် တဖြည်းဖြည်း တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားတော့သည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။

ကျိယွမ်၏ မျက်လုံးများပွင့်လာ၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် သူ၏ ပတ်ပတ်လည်တွင် လှိုင်းထလာသည်။

"နောက်ဆုံးတော့ ငါ အဆင့်ဆယ့်လေးကို ရောက်သွားပြီပဲ"

သူက သူ၏ လက်မောင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ အကြည့်တွင် ထက်ရှသော အရိပ်အယောင်များ ပါရှိနေ၏။

မူလသဘောတရားအသင်းမှ ပြန်လာကတည်းက ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် ဝူရှန့်အရှင်တို့ ပေးအပ်ထားသော မဟူရာနတ်ဆိုးဘိုးဘေးသွေးများကို အသုံးပြု၍ ဘိုးဘေးသွေးအတတ်ပညာကို ကျင့်ကြံခဲ့သည်။

ယခုအခါ ၎င်း၏ အဆင့်ဆယ့်လေးသို့ ရောက်ရှိသွားပြီဖြစ်သည်။

"မဟူရာနတ်ဆိုးချောက်ထဲမှာ ဘယ်သူမှ အဆင့်ဆယ့်လေးကို မရောက်ဖူးသေးဘူး"

ကျိယွမ်၏ ဘိုးဘေးသွေးအတတ်ပညာ ဗားရှင်းသည် ပြုပြင်မွမ်းမံထားခြင်းဖြစ်သဖြင့် သာမန်ဗားရှင်းထက် များစွာ ကွဲပြားပြီး ပိုမို အစွမ်းထက်၏။

"ငါ့ရဲ့ ခန္ဓာကိုယ် စွမ်းအားက အခုဆို လမ်းစဥ်ပေါင်းစုံသိုင်းဘုရားရဲ့ အားဖြည့်မှုနဲ့ပေါင်းရင်... တိုက်ခိုက်ရေးအထွတ်အထိပ်ရတနာတစ်ခုနဲ့ နှိုင်းယှဉ်လို့ရနေပြီ"

ကျိယွမ်က ချိန်ဆကြည့်လိုက်သည်။

သို့သော် သူ သက်ပြင်းချလိုက်၏။

"ငါက အားနည်းလွန်းသေးတယ်"

"တစ်ခုတည်းသောခန်းမရဲ့ သူရဲကောင်းဝိညာဉ်တွေက အထက်တန်းအရှင်သခင်တွေကိုတောင် ထိတ်လန့်စေတာ။ ငါ တကယ်ပဲ သူတို့ကို ယှဉ်နိုင်ပါ့မလား"

"ပြီးတော့ မင်အရှင်သခင်ဆိုတာလည်း ရှိသေးတယ်၊ သူကတော့ ပြတ်သားတဲ့သူပဲ"

"သူတို့တောင် မနိုင်ခဲ့ရင် 'လွတ်လပ်ခြင်းသဘောတရား' က ငါနဲ့အတူ ဘယ်လို ရှင်သန်နိုင်မှာလဲ"

အတွေးများသည် ကျိယွမ်၏ စိတ်ထဲတွင် ဝဲလည်နေ၏။

"ကံကောင်းတာက... ဂိမ်းက စတော့မှာပဲ"

ကျိယွမ် ပျင်းရိစွာ အကြောဆန့်လိုက်သည်။ အချိန်က အတော်လေး ကိုက်ညီနေပြီဖြစ်သည်။

သို့သော် ထိုမတိုင်မီ သူ သွားရောက်လည်ပတ်ရမည့် နေရာတစ်ခု ရှိသေးသည်၊ ၎င်းမှာ လနတ်ဘုရားနန်းတော် ဖြစ်သည်။

"သူတို့ ငါ့ကို တားဖို့ ကြိုးစားမလား မသိဘူး"

ကျိယွမ်သည် သူ၏ကျင့်ကြံရေးနယ်မြေမှ ထွက်လာခဲ့၏။

သူသည် လနတ်ဘုရားနန်းတော်သို့ သွားရန် ဆုံးဖြတ်ခဲ့သော်လည်း မထွက်ခွာမီ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပုလင်းအသေးလေးတစ်ခုကို ကိုင်ဆောင်ကာ ပေါ်လာခဲ့လေသည်။

"ငါ မဟူရာနတ်ဆိုးဘိုးဘေးသွေးတွေ ထပ်စုဆောင်းမိတယ်... ရော့၊ ဒါကို ယူထားလိုက်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပုလင်းကို ကမ်းပေးရင်း ပြောလိုက်သည်။

ကျိယွမ်သည် အတွင်းရှိ အရာများကို စစ်ဆေးပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက မလောက်သေးဘူး"

ဘိုးဘေးသွေးအတတ်ပညာ၏ နောက်ဆုံးအဆင့်သည် ကြီးမားသော ပမာဏရှိသည့် မဟူရာနတ်ဆိုးဘိုးဘေးသွေးကို လိုအပ်ပြီး ခရမ်းရောင်ကံကြမ္မာဘိုးဘေး ယူဆောင်လာပေးသောအရာသည် အနည်းငယ်မျှသာ ရှိသေးသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက စိတ်မသက်မသာ ဖြစ်စွာ ချောင်းဟန့်လိုက်၏။

"တကယ်တော့ ဒါက သိပ်မများပါဘူး။ ဒါပေမဲ့ တခြား ရတနာတွေကတော့ လိုလေသေးမရှိပါဘူး။ မကြာသေးခင်က မူလသဘောတရားအသင်း၊ ပိလော့ကောင်းကင်နဲ့ နဂါးဖြူချောက်နက်လို အင်အားစုတွေက မင်းကို လက်ဆောင်အများကြီး လာပေးနေကြတယ်။ မင်းက ဆဋ္ဌမမြောက်ကောင်းကင်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီ"

သူ၏ မျက်နှာတွင် ဖုံးကွယ်မရသော ဝမ်းသာမှုများ ထင်ဟပ်နေသည်။

မဟာမူလသဘောတရားအဆင့်တစ်ယောက်အနေဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ထိုကဲ့သို့သော ဂုဏ်သတင်းကို ရခဲလှသည်။ လေးစားခြင်း ခံရသော်လည်း သူသည် မည်သည့်အခါမျှ အာရုံစိုက်မှု၏ ဗဟိုချက်မဖြစ်ခဲ့ဖူးပေ။ ယခုအခါ တစ်ချိန်က သူ့ကို အထင်သေးစွာ ကြည့်ခဲ့ကြသူများသည် သူ့ကို နွေးထွေးစွာ နှုတ်ဆက်နေကြပြီး ၎င်းတို့၏ သဘောထားများသည် ကျိယွမ်နှင့် ပတ်သက်မှုကြောင့် ပြောင်းလဲသွားခဲ့သည်။

"သူတို့အားလုံးက မူလနတ်ဆိုးကပ်ဘေးတွေကို ကျော်ဖြတ်ချင်နေကြတာလား"

ကျိယွမ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်သည်။

ကျိယွမ်က ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို ကပ်ဘေးမှ ကျော်ဖြတ်ရန် ကူညီပေးခဲ့သည့် အောင်မြင်မှုသည် ဆဋ္ဌမမြောက်ကောင်းကင်ရှိ မရေမတွက်နိုင်သော မူလသဘောတရားအဆင့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ လက်ဆောင် အများစုမှာ ၎င်းတို့၏ ကပ်ဘေးများကို ကျော်လွှားနိုင်ရန် ကူညီပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် မျက်နှာသာရရန် ကြိုးပမ်းမှုများပင်။

"ဖြစ်နိုင်ပါတယ်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက လေးနက်စွာ ပြန်ဖြေသည်။

"သူတို့က ကျုပ်ရဲ့ အကူအညီကို လိုချင်ရင် ကျုပ်ရဲ့ ရန်သူတွေ မဖြစ်ရဘူး... ပြီးတော့ ကျုပ်က ကျင့်ကြံခြင်းလောကရဲ့ လေထုကိုလည်း တစ်ခါတည်း ရှင်းလင်းပစ်ရမယ်"

ကျိယွမ်က ပျင်းရိစွာ ပြောလိုက်သည်။

သို့သော် လောလောဆယ်တွင် သူသည် ဤကိစ္စများကို အလျင်စလို ဖြေရှင်းရန် စိတ်မကူးသေးပေ။

"ကျုပ် အရင်ဆုံး လနတ်ဘုရားနန်းတော်ကို သွားဦးမယ်။ ပြန်လာမှ ကျုပ်ရဲ့ အစီအစဉ်တွေကို အပြည့်အဝ အကောင်အထည်ဖော်တာပေါ့"

ကျိယွမ်၏ တွက်ချက်မှုများအရ သူ၏ "ဂိမ်း" ကစားရမည့်အချိန်သည် သူ ပြန်လာချိန်နှင့် ကိုက်ညီလိမ့်မည်ဖြစ်သည်။ သူသည် ဂိမ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သူ၏ ယခင်ပံ့ပိုးမှုများက ယခုလက်ရှိ ဂိမ်းအခြေအနေကို မည်သို့ ပုံဖော်ထားသည်ကို သိချင်စိတ်ပြင်းပြနေသည်။

"တိတ်ဆိတ်သောအသံက အခုတလော ဘယ်လိုနေလဲ မသိဘူး" သူစဥ်းစားလိုက်မိသည်။

လွန်ခဲ့သည့်အကြိမ်က ဂိမ်းထဲသို့ သူ၏ သွေးများကို ထည့်သွင်းပြီးကတည်းက တိတ်ဆိတ်သောအသံကို သူ ထပ်မကြားရတော့ပေ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ အမူအရာက လေးနက်သွားသည်။

"သတိထားပါ။ လနတ်ဘုရားနန်းတော်က မူလသဘောတရားအသင်းလို မဟုတ်ဘူး။ မင်းက မဟာနေမင်းဘွဲ့ကို ရရှိထားတော့ သူတို့နဲ့က သဘာဝအရ ဆန့်ကျင်ဘက် ဖြစ်နေပြီ"

သူက သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့။ကျုပ်က မနိုင်ရင် ပြေးမှာပေါ့"

ကျိယွမ်က ဂရုမစိုက်ပါ။သူက မနိုင်လျှင်ပြေးရန် တွန့်ဆုတ်နေမည့်သူမျိုး မဟုတ်ပေ။

မနိုင်ရင်ပြေး.. နိုင်ပြီဆိုမှ အပိုင်သတ် ၊ ဒါ ငါ့ရဲ့ဖော်မြူလာပဲ။

ခန္ဓာကိုယ် လှုပ်ရှားမှုတစ်ခုနှင့်အတူ ကျိယွမ်၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။

လနတ်ဘုရားနန်းတော်တွင်....

သူ၏ လွန်ခဲ့သည့် ခရီးစဉ်နှင့် မတူဘဲ ကျိယွမ်သည် ရောက်ရှိလာသည်နှင့် တင်းမာသော လေထုကို ချက်ချင်း သတိပြုမိလိုက်သည်။

လနတ်ဘုရားနန်းတော်သည် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပုံရ၏။

ရှေ့ဆုံးတွင် ရပ်နေသည်မှာ နန်းတော်၏ မဟာမူလသဘောတရားအဆင့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယွဲ့ဟွာအရှင် ဖြစ်သည်။ သူမသည် တိုက်ခိုက်ရေးရတနာတစ်ခုကို ကိုင်ဆောင်ထားပြီး ကျိယွမ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"နေတစ်သောင်းအရှင်... လနတ်ဘုရားနန်းတော်ဆီ ဘာကိစ္စရှိလို့ လာတာလဲ"

သူမက ရန်လိုသော လေသံဖြင့် မေးလိုက်သည်။

မဟာနေမင်းနှင့် လမင်းတို့၏ ပြိုင်ဆိုင်မှုသည် မရေမတွက်နိုင်သော ကာလများကတည်းက တည်ရှိခဲ့သည်။ ယခုအခါ ကျိယွမ်က မဟာနေမင်းဘွဲ့ကို ရယူထားသဖြင့် ပဋိပက္ခဖြစ်ပွားရန်မှာ ရှောင်လွှဲ၍မရပေ။

"ကျွန်တော် လနတ်ဘုရားအရှင်နဲ့ တွေ့ဖို့ လာတာ"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"လနတ်ဘုရားအရှင်က အတွေ့မခံနိုင်ဘူး"

ယွဲ့ဟွာအရှင်ကလည်း ခပ်ပြတ်ပြတ် ပြန်ချေပလိုက်ပြီး သူမ၏ ဝတ်စုံလက်စကို ဝှေ့ယမ်းလိုက်ရာ သူမ၏ အမူအရာသည်လည်း အေးစက်သွားသည်။

ကျိယွမ် မသိရှိသည်မှာ လနတ်ဘုရားအရှင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်း ဖြစ်သည်။ ယွဲ့ဟွာအရှင်သည် ကျိယွမ်အား ထိုကဲ့သို့ အားနည်းနေသော အခြေအနေမျိုးတွင် သူမနှင့် တွေ့ဆုံခွင့် ပေးမည်မဟုတ်ပေ။

"စိတ်အေးအေးထားပါ၊ ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

ကျိယွမ်က တည်ကြည်စွာ ပြောလိုက်သည်။

တစ်နည်းအားဖြင့် လနတ်ဘုရားနန်းတော်သည် ကျင်းလီနှင့် ဆက်စပ်နေသဖြင့် ၎င်းတို့သည် ဆွေမျိုးတော်စပ်သကဲ့သို့ ဖြစ်နေသည်။ သူသည် မလိုအပ်ဘဲ ရန်လိုမှုကို မလိုလားပေ။

"ဟွန်း...လမ်းစဉ်တိုက်ပွဲမှာ ရည်ရွယ်ချက်ဆိုတာ အရေးမကြီးဘူး"

ယွဲ့ဟွာအရှင်က ပြတ်သားစွာ ကြေညာလိုက်သည်။

၎င်းတို့၏ အဆင့်တွင် "စေတနာ" နှင့် "ရန်လိုမှု" တို့သည် အရာမရောက်ပေ။ တာအိုကျင့်ကြံသူတို့၏ရည်မှန်းချက်များက လွှမ်းမိုးထားသော လောကတွင် အနည်းငယ်မျှသော အခွင့်အရေးသည်ပင် ပဋိပက္ခကို ဖြစ်ပွားစေနိုင်သည်။

ယွဲ့ဟွာအရှင်က သူ့ကို ထပ်မံငြင်းပယ်ရန် ပြင်နေစဉ်မှာပင် လနတ်ဘုရားနန်းတော်၏ နက်ရှိုင်းသော နေရာမှ နတ်သက်ကြွေသံကဲ့သို့သောအသံတစ်ခု ထွက်ပေါ်လာသည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"

ယွဲ့ဟွာအရှင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။

သူမ၏ နှုတ်ခမ်းကို ကိုက်ကာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်၏။

"နေတစ်သောင်းအရှင်၊ ဒီဘက်က ကြွပါ"

ထိုအသံသည် လနတ်ဘုရားအရှင် ကိုယ်တိုင်၏ အသံဖြစ်ကြောင်း ထင်ရှားသည်။

လရောင်အမျှင်တန်းတစ်ခုသည် အဝေးတွင် တောက်ပလာပြီး ကျိယွမ်၏ ပတ်ပတ်လည်တွင် ပျံသန်းနေသော ငှက်အပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ငှက်အပြာသည် လရောင်အမျှင်တန်းများကို ၎င်း၏ နှုတ်သီးတွင် ကိုင်ဆောင်လျက် နန်းတော်၏ အတွင်းပိုင်းသို့ လမ်းပြခေါ်ဆောင်သွားတော့သည်။

ကျိယွမ်သည် နောက်မှ လိုက်ပါသွားပြီး လနတ်ဘုရားနန်းတော်၏ အတွင်းအချက်အချာနေရာသို့ ဝင်ရောက်ခဲ့၏။

နက်နက်နဲနဲ ဝင်သွားလေလေ လေထုက ပို၍ အေးစက်လာလေလေဖြစ်သည်။ ၎င်းက သာမန်အေးခြင်းမျိုး မဟုတ်ဘဲ အရိုးထဲထိ စိမ့်ဝင်မတတ် အေးခဲလှသော နှင်းခဲများ ဖြစ်သည်။

နှင်းခဲများသည် လေထုထဲတွင် ဆိုင်းနေပြီး သူ၏ ထွက်သက်ဝင်သက်ပင် ရေခဲအဖြစ် အသွင်ပြောင်းသွားပုံရသည်။

မကြာမီ ကျိယွမ်သည် ရေခဲမြစ်များနှင့် နှင်းခဲများ ဖုံးလွှမ်းနေသောရှုခင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

အရာအားလုံးသည် ရေခဲများထဲတွင် ပိတ်မိနေပြီး ထူးဆန်းသော ငြိမ်သက်ခြင်းတစ်ခုတွင် အေးခဲနေ၏။

လေထုကလည်း လုံးဝ ငြိမ်သက်နေပြီး လေပြေလေးပင် တိုက်ခတ်ခြင်းမရှိဘဲ ဖိအားများသော ခြောက်သွေ့အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

ကျိယွမ်၌ ကြီးမားလှသော ကျင့်ကြံခြင်း စွမ်းအားရှိသော်လည်း ပတ်ဝန်းကျင်ကြောင့် သူ၏ အတွေးများ ခေတ္တမျှ နှေးကွေးသွားသလို ခံစားလိုက်ရသည်။

သူ့ရှေ့တွင် စင်ကြယ်သောရေခဲကုတင်တစ်ခု ရှိနေ၏။

ကုတင်ပေါ်တွင် အမျိုးသမီးတစ်ဦး... မဟုတ်ပါ၊ အမျိုးသမီးတစ်ဦးနှင့် တူသော ဖြစ်တည်မှုတစ်ခု ထိုင်နေသည်။

သူမ၏ ပုံသဏ္ဌာန်သည် သာမန်ထက် ထူးကဲလှ၏။

သူမသည် ရေခဲမှ ထုဆစ်ထားသကဲ့သို့ ရှိပြီး ခန္ဓာကိုယ်တွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်မှု၊ နှင်းကဲ့သို့ ဖြူစင်သော အသားအရေနှင့် မထိမခိုက်ရသေးသော နှင်းခဲများ၏ စင်ကြယ်မှုကဲ့သို့ တောက်ပသော ရောင်ခြည်များ ရှိနေသည်။

သူမ၏ ဝတ်စုံသည်လည်း ရေခဲနှင့် နှင်းတို့၏ အနှစ်သာရဖြင့် ရက်လုပ်ထားပုံရပြီး သူမ၏ ခန္ဓာကိုယ်ထက်တွင် လွှမ်းခြုံထားသည်။

သူမ၏ မျက်လုံးများသည် ကြည်လင်နေပြီး လုံးဝ ညစ်ညမ်းမှုမရှိသော တောက်ပမှုကို ထင်ဟပ်နေ၏။

ထိုမြင်ကွင်းသည် ကျိယွမ်အား ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းသည်။

သူမ သန့်စင်ခန်းထဲသွားရင်တောင်... အဝါရောင် ဖြစ်မှာမဟုတ်ဘဲ ကြည်လင်သောရေပဲ ဖြစ်လောက်တယ်ဟု သူက တွေးတောလိုက်သည်။

"မင်းက လနတ်ဘုရားအရှင်လား"

ကျိယွမ်က သူ့ရှေ့ရှိ ရေခဲမှ မွေးဖွားလာသော ဖြစ်တည်မှုကို လေ့လာရင်း မေးလိုက်သည်။

"ဟုတ်တယ်... ပြီးတော့ မဟုတ်ဘူး"

ရေခဲလို ပုံရိပ်က ပြန်ဖြေ၏။

"သူတို့က ငါ့ကို လနတ်ဘုရားအရှင်လို့ ခေါ်ကြပေမဲ့ တကယ်တော့... ငါက ရေခဲလမင်းပဲ"

[ရေခဲလမင်း - လနတ်ဘုရားနန်းတော်၏ အသန်မာဆုံး တိုက်ခိုက်ရေးအထွတ်အထိပ်ရတနာ ဖြစ်သည်။]

တိုက်ခိုက်ရေးအထွတ်အထိပ်ရတနာများအားလုံးထဲတွင် ရေခဲလမင်းသည် နံပါတ်တစ် ဖြစ်သည်။

လနတ်ဘုရားအရှင်သည် ထိုက်ဟွမ်နန်းတော်၏ လွှမ်းမိုးချုပ်ကိုင်ထားသော စွမ်းအားကို ရင်ဆိုင်ရန် ရေခဲလမင်းကို အားကိုးခဲ့ရကြောင်း ပြောဆိုကြသည်။ ၎င်းမရှိပါက သူမသည် ထိုက်ဟွမ်နန်းတော်၏ စွမ်းအားကို တားဆီးနိုင်ခဲ့မည်မဟုတ်ပေ။

"မင်းရဲ့ ဆရာ ရွမ်ယူချမ်းအကြောင်း အချက်အလက်တွေကို ရှာနေတာလား"

ရေခဲလမင်းက သူမ၏ လေသံတွင်ပင် နှင်းခဲငွေ့များ ပါရှိလျက် မေးလိုက်သည်။

"ဟုတ်တယ်"

ကျိယွမ်က ခေါင်းညိတ်၏။

"လနတ်ဘုရားနန်းတော်မှာ အဲဒီလိုလူ မရှိဘူး"

ရေခဲလမင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"အရင်မျိုးဆက်ရဲ့ လနတ်ကညာတွေထဲမှာတောင် အဲဒီနာမည်နဲ့လူ မရှိခဲ့ဘူး"

"ဒါဆို သူမက..."

ကျိယွမ်က အတွေးထဲ နစ်မြုပ်သွားရင်း ရေရွတ်လိုက်သည်။

"တကယ်လို့ သူမက လနတ်ဘုရားနန်းတော်က တကယ်ဖြစ်ပြီး ဒီလို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်ဆိုရင် ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်။"

"ပထမတစ်ခုက သူမက ငါ့ရဲ့ ရှာဖွေမှုကိုတောင် ရှောင်တိမ်းနိုင်လောက်အောင် အစွမ်းထက်နေတာပဲ"

ရေခဲလမင်းက ရှင်းပြသည်။

၄င်းကို ကြားသောအခါ ကျိယွမ် ခေါင်းညိတ်လိုက်သည်။ သူအနေဖြင့် ထိုအကြောင်းပြချက်ကို နားလည်နိုင်ပါသည်။ အကယ်၍ သူသာ ဂိုဏ်းငယ်တစ်ခုသို့ တပည့်အဖြစ် ဟန်ဆောင်ပြီး ပြန်သွားပါက ဂိုဏ်းချုပ်ပင် သူ့ကို မှတ်မိလိမ့်မည်မဟုတ်ပေ။

"ဒုတိယ ဖြစ်နိုင်ချေကကော"

"သူမကိုယ်တိုင်က လနတ်ဘုရားအရှင် ဖြစ်နေတာပဲ"

ရေခဲလမင်းက ဆက်ပြောသည်။

"လနတ်ဘုရားနန်းတော်က သေးငယ်ပါတယ်။ နန်းတော်ထဲမှာ ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်နှစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။

"ဒါကြောင့် ရွမ်ယူချမ်းနဲ့ လနတ်ဘုရားအရှင်က တစ်ယောက်တည်း ဖြစ်ဖို့ အခွင့်အရေး အများဆုံးပဲ"

ကျိယွမ်သည် ထိုတွက်ချက်မှုအပေါ်တွင်လည်း အံ့သြခြင်း မရှိပေ။ သူသည် ဤဖြစ်နိုင်ချေကို သံသယရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူမက လနတ်ဘုရားအရှင် ဟုတ်မဟုတ်က အရေးမကြီးပေ။ အရေးကြီးသည်မှာ သူမသည် သူ၏ ဆရာဖြစ်ပြီး သူ၏ ဇနီးလည်း ဖြစ်နေခြင်းပင်။

"သူမ အခု ဘယ်မှာလဲ"

ကျိယွမ်က မေးလိုက်သည်။

ရေခဲလမင်း၏ အမူအရာက ရှုပ်ထွေးသွား၏။

"သူမက အတိတ်မှာ ရှိနေနိုင်သလို... အနာဂတ်မှာလည်း ရှိနေနိုင်တယ်။ ဒါပေမဲ့ သူမက ပစ္စုပ္ပန်မှာတော့ မရှိဘူး"

"အတိတ်မှာ... ဒါမှမဟုတ် အနာဂတ်မှာ ဟုတ်လား"

ကျိယွမ်၏ အတွေးများသည် ထိုစကားကြောင့် လှုပ်ခတ်သွားရသည်။

ငါ ပိုသန်မာလာလေလေ လောကကြီးက ပိုပြီး နားလည်ရခက်လေလေပဲဟု သူက စိတ်ပျက်စွာ တွေးလိုက်သည်။

ဆဋ္ဌမမြောက်ကောင်းကင်၏ အနာဂတ်ကို ဖြတ်တောက်ခဲ့သော မင်အရှင်သခင်ဖြစ်စေ၊ ပစ္စုပ္ပန်၏ ပြင်ပတွင် တည်ရှိနေသော သူ၏ ဆရာဖြစ်စေ၊ လျှို့ဝှက်ချက်များသည် ပိုမို နက်နဲလာခဲ့သည်။

"ငါ သူမကို ဘယ်လို ရှာရမလဲ"

သူက မေးလိုက်၏။

"ယန်နတ်ဘုရားနယ်ပယ်ရဲ့ ပဉ္စမမြောက်အဆင့် ကျင့်ကြံသူက ဖြစ်တည်မှုရဲ့ အချိန်လိုင်းများအားလုံးကို စုစည်းနိုင်တယ်လို့ ပြောကြတယ်"

"မင်း ယန်နတ်ဘုရားပဉ္စမအဆင့်ကို ရောက်ရင် အချိန်ကို ဖြတ်သန်းနိုင်လိမ့်မယ်... အတိတ်ကို ပြန်သွားတာဖြစ်ဖြစ် အနာဂတ်ကို သွားတာဖြစ်ဖြစ် သူမကို တွေ့နိုင်လိမ့်မယ်"

ရေခဲလမင်းက တိုးတိုးလေး ပြောလိုက်သည်။သူမက ကျိယွမ်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ဖြည့်စွက်ပြောကြား၏။

"တကယ်တော့... မင်း သူမကို အတိတ်မှာ သတိမထားမိဘဲ တွေ့ခဲ့ပြီးပြီ ထင်တယ်"

ကျိယွမ် တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော မှတ်ဉာဏ်များသည် သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသော်လည်း ရွမ်ယူချမ်း၏ မူလအစနှင့် ပတ်သက်၍ ခိုင်မာသောအရာကို သူ မမှတ်မိနိုင်ပေ။

ကျိယွမ်က သူ၏ မှတ်ဉာဏ်များကို မည်မျှပင် ရှာဖွေစေကာမူ ရွမ်ယူချမ်းအကြောင်းကို ထပ်မံ ရှာမတွေ့နိုင်တော့ပါ။

ဖြစ်နိုင်သည်မှာ လမ်းဘေးတွင် တိတ်ဆိတ်စွာ ပွင့်နေသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ သူမ၏ ဖြစ်တည်မှုသည် သူ၏ ခရီးစဉ်ကို တစ်ခါက တန်ဆာဆင်ခဲ့ဖူးသော်လည်း သူကမရပ်တန့်ဘဲ ဖြတ်လျှောက်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

"ငါ့ရဲ့ စွမ်းအားက အများကြီး လိုအပ်နေသေးပုံပဲ"

ကျိယွမ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။

သူ၏စကားက မှန်ပါသည် ။ သူက ခရမ်းရောင်နန်းတော်အဆင့်မှာပဲ ရှိသေးပြီး ယင်နတ်ဘုရားပင် မဖြစ်သေးပါ။

အရှင်သခင်များကို ရင်ဆိုင်ရာတွင်ပင် သူက အောင်နိုင်ရန် လုံးဝ ယုံကြည်မှုမရှိသေးရာ တစ်ခုတည်းသောခန်းမ သို့မဟုတ် အခြားသော အမည်မသိ ဖြစ်တည်မှုများကိုမူ ဆိုဖွယ်ရာမရှိပေ။

"ယန်နတ်ဘုရားနယ်ပယ်ရဲ့ ပဉ္စမအဆင့်က အချိန်လိုင်းအားလုံးကို ပေါင်းစည်းနိုင်တာပဲ။ ဒါဆို တတိယနဲ့ စတုတ္ထအဆင့်တွေကကော ဘာကို ကိုယ်စားပြုလဲ"

ကျိယွမ်က ကျင့်ကြံခြင်း၏ ပိုမိုမြင့်မားသော အမှန်တရားများကို သိလိုစိတ်ဖြင့် မေးလိုက်သည်။

ရေခဲလမင်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"ဒီလို နယ်ပယ်တွေက အထွတ်အထိပ်ရတနာသက်သက်ဖြစ်တဲ့ ငါ့ရဲ့ နားလည်မှုထက် ကျော်လွန်နေတယ်။

"ဒါပေမဲ့ စတုတ္ထအဆင့်အကြောင်း သတင်းစကားအချို့ ကြားဖူးတယ်... ဒါက ပရမ်းပတာဖြစ်ခြင်းနဲ့ စနစ်မကျခြင်းကို ကိုယ်စားပြုတာပဲ။

"မင်း ဒါကို အရင်က မြင်ဖူးပါတယ်"

ကျိယွမ် အံ့သြသွား၏ ။ သူက စတုတ္ထအဆင့်ယန်နတ်ဘုရားကို မည်သည့်အချိန်က တွေ့ခဲ့ဖူးသနည်း။

"အဲဒါက ...ဘယ်သူလဲ"

ကျိယွမ်က သူ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာရင်း မေးလိုက်သည်။

"မူလနတိဆိုးတွေပဲ"

ရေခဲလမင်းက လေးနက်စွာ ပြန်ဖြေ၏။

"စကြဝဠာများစွာမှာ ပျံ့နှံ့နေပြီး မူလနတ်ဆိုးကပ်ဘေးအချိန်မှာပဲ ပေါ်လာတတ်တဲ့ အဲဒီဖြစ်တည်မှုတွေက ယန်နတ်ဘုရားနယ်ပယ်ရဲ့ စတုတ္ထမြောက်အဆင့် ခမ်းနားမှုကို ကိုယ်စားပြုတယ်လို့ ပြောကြတယ်"

သူမ၏ အသံတွင် နက်နဲသော ရိုသေမှုနှင့်အတူ ကြောက်ရွံ့မှုများ ပါရှိနေသည်။

"ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် စတုတ္ထအဆင့်ဆိုတာ ကောင်းကင်ထက် မြင့်မားပြီး ရယူဖို့ မဖြစ်နိုင်တဲ့အရာပဲ။ ဒါက တစ်ရက်စာပဲသက်တမ်းရှိသောပိုးကောင်က ကျယ်ပြောတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေတာ ဒါမှမဟုတ် ဖားပြုတ်က ရေတွင်းထဲကနေ နေနဲ့လကို ကြည့်နေတာနဲ့ အတူတူပဲ"

"နှစ်ခုလုံးက ယန်နတ်ဘုရားများလို့ သတ်မှတ်ခံရပေမဲ့ သူတို့က လုံးဝ ကွဲပြားတဲ့ ဖြစ်တည်မှု အမျိုးအစားတွေပဲ"

ရေခဲလမင်း၏ အကြည့်က ဝေးကွာသွားပြီး ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"မူလနတ်ဆိုးတွေ..."

ကျိယွမ်က ရေခဲလမင်း ဖော်ပြသော ဖြစ်တည်မှုများကို စဉ်းစားရင်း ရေရွတ်လိုက်သည်။

သူမ၏ ရှင်းပြချက်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော ဖြစ်တည်မှုများအကြောင်း သူ၏ ယခင်ထင်မြင်ယူဆချက်များနှင့် ကိုက်ညီနေသည်။

"မင်း အရင်က မူလနတ်ဆိုးကပ်ဘေးတစ်ခုကို ဖြေရှင်းခဲ့ဖူးတယ်။ ဘယ်လိုလုပ်လဲဆိုတာ ငါမသိပေမဲ့..."

ရေခဲလမင်း ခေတ္တမျှ ရပ်တန့်ပြီးနောက် ဆက်ပြောသည်။

"မင်း ဒါကို ခဏခဏ လုပ်တာမျိုး ရှောင်သင့်တယ်။"

"ယန်နတ်ဘုရားနယ်ပယ်ရဲ့ စတုတ္ထအဆင့်က ပရမ်းပတာဖြစ်ခြင်းနဲ့ စနစ်မကျခြင်းကို ကိုယ်စားပြုတယ်ဆိုပေမဲ့ မူလနတ်ဆိုးတွေက အမြဲတမ်း အိပ်ပျော်နေမှာမဟုတ်ဘူး။ အကယ်၍ သူတို့ထဲက တစ်ယောက်ယောက် နိုးလာပြီး မင်းလို ဖြစ်တည်မှုအသေးလေးက သူတို့ရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်နေတာကို သတိထားမိသွားရင်..."

သူမ၏ လေသံက လေးနက်သော်လည်း သူမ၏ မျက်လုံးထဲတွင် အနည်းငယ်မျှသောရယ်ချင်စိတ်များ ရှိနေပြီး ထိုအတွေးကို ရယ်စရာကောင်းသည်ဟု ယူဆနေပုံရသည်။

"ဟေး... ငါက အဲလောက်လည်း မသေးပါဘူး"

ကျိယွမ်က မကျေမနပ်ဖြင့် ကန့်ကွက်လိုက်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်ပင် ကျိယွမ်၏ စွမ်းအားကို မြင်သောအခါ "ကြီးတယ်၊ ကြီးတယ်၊ ကြီးတယ်" ဟု ထစ်ထစ်အငေါ့ငေါ့ ပြောခဲ့ရသည်။ သူ့ကို မည်သူက အသေးလေးဟု ခေါ်ရဲသနည်း။

"မင်း ထပ်သိချင်တာ ရှိသေးလား။ ငါ့ရဲ့ အသိပညာက ပုံရိပ်ပေါင်းစုံထင်ဟပ်မှန်နဲ့ ယှဉ်နိုင်ပေမဲ့ ငါ မကြာခင် အနားယူဖို့ လိုပါလိမ့်မယ်"

ရေခဲလမင်းက ပြောလိုက်သည်။ သူမ၏ ရေခဲကဲ့သို့ ဖြူစင်သော မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပေါ်လာ၏။

"တစ်ခုတည်းသောခန်းမရဲ့ သူရဲကောင်းဝိညာဉ်တွေက ဘယ်လောက်တောင် အစွမ်းထက်လဲ"

ကျိယွမ်က သူ၏ စိတ်ထဲတွင် လေးလံနေသော မေးခွန်းကို ထပ်မေးလိုက်သည်။

"တစ်ခုတည်းသောခန်းမ..."

ရေခဲလမင်း၏ မျက်လုံးများ မှောင်မှောင်သွားပြီး နက်နဲသော စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။

"မင်း ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို ရောက်ဖူးတာပဲ။ ဝတ်ရုံဝိညာဉ်နဲ့ ကြုံဖူးမှာပေါ့"

"ဟုတ်တယ်"

ကျိယွမ်က အတည်ပြုလိုက်သည်။

"ငါ သံသယရှိတာကတော့ ဝတ်ရုံဝိညာဉ်ဟာ သူ အသက်ရှင်စဉ်က ယန်နတ်ဘုရားနယ်ပယ်ရဲ့ တတိယမြောက်အဆင့် ဖြစ်တည်မှုတစ်ခုပဲ"

ရေခဲလမင်းက ပြောလိုက်သည်။

"ဒါ့အပြင် သူက ညစ်ညမ်းသွေး ဖြစ်တဲ့ 'ကံဆိုးခြင်းသွေး' ရဲ့ အရိပ်အယောင်တွေကို သယ်ဆောင်ထားတာ။ အဲဒီသွေးက မသေမျိုးနယ်ပယ်ကို တစ်ခါက ကျူးကျော်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ တစ်ခုတည်းသောခန်းမရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်"

ထိုအကြောင်းကို ပြောဆိုရာတွင် ရေခဲလမင်း၏ လေသံက ပိုမို လေးလံလာပြီး တစ်ခုတည်းသောခန်းမအပေါ် သူမ၏ ရိုသေခန့်ညားမှုမှာ ငြင်းပယ်၍မရပေ။

၄င်းကို ကြားသောအခါ ကျိယွမ်၏ အမူအရာက လေးနက်သွားသည်။

တစ်ခုတည်းသောခန်းမ၏ သူရဲကောင်းဝိညာဉ်များသည် သာမန်ရန်သူများ မဟုတ်ပေ။ ဝတ်ရုံဝိညာဉ်သည် တတိယအဆင့်ယန်နတ်ဘုရား၏ ဝိညာဉ်ကြွင်းမျှသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားက ငြင်းပယ်၍မရပေ။

အကယ်၍ ကံဆိုးခြင်းသွေးက ထိုအရာထက် ပိုမို အစွမ်းထက်နေမည်ဆိုလျှင်...

တစ်ခုတည်းသောခန်းမက ထိုကဲ့သို့သော ဖြစ်တည်မှုကို ရင်ဆိုင်ပြီး ချေမှုန်းနိုင်ခဲ့ခြင်းသည် ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သက်သေပြနေခြင်းပင် မဟုတ်ပါလား။

"မင်းပြောတာအရဆိုရင် တစ်ခုတည်းသောခန်းမက တကယ်ပဲ အစွမ်းထက်တာပဲ။ အခုလောလောဆယ်တော့ ငါက သူတို့ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး"

ကျိယွမ်က ပွင့်ပွင့်လင်းလင်း ​ ဝန်ခံလိုက်သည်။

သူ၏ လက်ရှိအဆင့်တွင် သူသည် ဝတ်ရုံဝိညာဉ်ကိုပင် ယှဉ်ပြိုင်နိုင်ရန် သံသယရှိနေရာ တစ်ခုတည်းသောခန်းမ၏ အင်အားစုများကိုမူ ဆိုဖွယ်ရာမရှိပေ။

"ငါသာ မင်းနေရာမှာဆိုရင် မူလသဘောတရားတံခါးထဲကို ချက်ချင်း ဝင်သွားမှာပဲ"

ရေခဲလမင်းက အကြံပြုသည်။

"အဲဒီရတနာက မသေမျိုးနယ်ပယ်ရဲ့ အကြီးမြတ်ဆုံး အထွတ်အထိပ်ရတနာတင် မဟုတ်ဘူး... အစင်ကြယ်ဆုံး ဘေးမဲ့တောလို့လည်း သတ်မှတ်ခံရတယ်။

"အရှင်သခင်တွေက ကောင်းကင်ကမ္ဘာလိုပဲ ထာဝရတည်တံ့ပြီး သက်တမ်း ကန့်သတ်ချက် မရှိဘူးလို့ ပြောကြတယ်"

"ဒါပေမဲ့ မရေမတွက်နိုင်တဲ့ ကာလတွေတစ်လျှောက်မှာ ဆဋ္ဌမမြောက်ကောင်းကင်ထဲမှာ ရှင်သန်ကျန်ရစ်တဲ့ အရှင်သခင်အရေအတွက်ကို လက်ချိုးရေလို့ရတယ်။"

"တကယ်လို့ မင်းသာ မူလသဘောတရားတံခါးအတွင်းမှာ နေထိုင်မယ်ဆိုရင် မသေမျိုးအဖြစ်ကို ရောက်ရှိနိုင်လိမ့်မယ်"

ရေခဲလမင်းက အားကျစိတ်အချို့ဖြင့် ပြောလိုက်သည်။

"တာအိုကို လျှောက်လှမ်းကြတဲ့ ငါတို့တွေက လွတ်လပ်ခြင်းကိုပဲ ရှာဖွေကြတာ၊ ဒါပေမဲ့ ဒီလောကကြီးမှာ စစ်မှန်တဲ့ လွတ်လပ်ခြင်းကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ"

သူမက ညည်းတွားလိုက်သည်။

"ငါတို့အတွက်တော့ ဆဋ္ဌမမြောက်ကောင်းကင်ဟာ လှောင်အိမ်တစ်ခုသက်သက်ပဲ။"

"ဒါက ငါတို့ ထွက်ပြေးလို့မရတဲ့ လှောင်အိမ်ပဲ၊ ဘာလို့လဲဆိုတော့ ထွက်ပြေးတာက သေခြင်းတရားပဲမလို့"

"ငါ ဒီနယ်ပယ်ရဲ့ ပြင်ပက ဖြစ်တည်မှုတွေနဲ့ တွေ့ဖူးတယ်... သူတို့အားလုံးက ပြင်ပစကြဝဠာတွေမှာ ရန်ပွဲတွေနဲ့ ပရမ်းပတာဖြစ်ခြင်းတွေ ပြည့်နှက်နေတယ်လို့ ပြောကြတယ်။"

"အဲဒါတွေနဲ့ နှိုင်းယှဉ်ရင် ဆဋ္ဌမမြောက်ကောင်းကင်ဟာ ခိုလှုံရာ နိဗ္ဗာန်တစ်ခုပဲလေ"

"ဒါပေမဲ့ ငါတို့ရဲ့ ဖြစ်တည်မှုကို တခြားစကြဝဠာက သက်ရှိတွေ သိသွားတာနဲ့ စစ်ပွဲက ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။"

"မရေမတွက်နိုင်တဲ့ ကာလတွေတုန်းက မသေမျိုးနယ်ပယ်ရဲ့ ဆဋ္ဌမမြောက်ကောင်းကင်ဟာ ပြင်ပလူတွေရဲ့ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရဖူးတယ်။"

"သန်မာခြင်းက ကပ်ဘေးနဲ့ ရင်ဆိုင်ရတာပဲ။ အားနည်းခြင်းကတော့ ဘေးဒုက္ခကို ဖိတ်ခေါ်တာပဲ။ မသိခြင်းက ကောင်းချီးတစ်ခုပဲ၊ သတိမထားမိခြင်းကတော့ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးတယ်။"

"လူတစ်ယောက်က ပိုပြီး အစွမ်းထက်လာလေလေ ကိုယ့်ကိုယ်ကိုယ် သေးငယ်ကြောင်း ပိုသိလာလေလေပဲ။ ပိုပြီး နားလည်လာလေလေ မသေမျိုးတာအိုရဲ့အသုံးမဝင်ဖြစ်မှုကို ပိုမြင်လာလေလေပဲ"

ရေခဲလမင်းက သူမ၏ လေသံတွင် စိတ်ပျက်အားလျော့မှုများ ပါရှိလျက် ပြောလိုက်သည်။

ကျိယွမ်သည် တည်ငြိမ်စွာပင် သူမ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေ၏။

ရေခဲလမင်း ဖော်ပြသောအရာသည် တောနက်သီအိုရီနှင့် ကိုက်ညီနေသည်။

အကယ်၍ စကြဝဠာတစ်ခုသည် ပိုမို အဆင့်မြင့်သော ယဉ်ကျေးမှုတစ်ခု၏ ရှာဖွေတွေ့ရှိခြင်းကို ခံရပါက ပဋိပက္ခသည် ရှောင်လွှဲ၍မရပေ။

နောက်ဆုံးတွင် ကျင့်ကြံခြင်းဆိုသည်မှာ နှလုံးသားနှင့် အရင်းအမြစ်များ၏ လမ်းစဉ်တစ်ခု ဖြစ်သည်။

နည်းလမ်းများစွာတွင် အရင်းအမြစ်များနှင့် စွမ်းအားများက ရှင်သန်မှုကို ဆုံးဖြတ်ပေး၏။

ထို့အပြင် ယခုလောကကြီးမှာ လုယက်တိုက်ခိုက်ခြင်းသည် မသေမျိုးတာအိုက ထုတ်မပြောထားသော်လည်း အလိုလိုသဘောတူထားကြသော စည်းကမ်းချက်တစ်ခု ဖြစ်သည်။

"ဟုတ်တယ်၊ ကျင့်ကြံခြင်းလောကမှာ လူဆိုးတွေ အများကြီးပဲ။ ငါ သိပါတယ်"

ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

ဂိမ်းများစွာကို ကစားပြီးနောက် သူသည် ဤပုံစံများကို လုံလောက်စွာ မြင်တွေ့ခဲ့ပြီးဖြစ်၏။

ဂိမ်းဇာတ်ကောင် NPC များပင်လျှင် ရန်လိုမှုများဖြင့် ပြည့်နှက်နေတတ်ရာ အထွတ်အထိပ်သို့ ရောက်ရန် ကြိုးပမ်းနေကြသော ကျင့်ကြံသူများကိုမူ ဆိုဖွယ်ရာမရှိပေ။

သူ သွားရောက်ခဲ့ဖူးသော ကမ္ဘာတိုင်းတွင် ဝမ်ယုကုန်းမြေတိုက်ကြီး ဖြစ်စေ၊ လျူဖုန်းနယ်မြေ ဖြစ်စေ၊ ဖန်ထုန်ကမ္ဘာ သို့မဟုတ် ကုံရှင်းဂြိုဟ် ဖြစ်စေ ဇာတ်လမ်းများက အတူတူပင် ဖြစ်သည်။

လူသားများ တည်ရှိရာနေရာတိုင်းတွင် ပဋိပက္ခနှင့် ရန်ပွဲများ တည်ရှိနေ၏။

အတိုင်းအတာ ကွဲပြားနိုင်သော်လည်း အနှစ်သာရမှာမူ ပြောင်းလဲခြင်းမရှိပေ။

"ငါ ပိုပြီး သန်မာလာအောင် လုပ်ပြီး ကျင့်ကြံခြင်းလောကကို စနစ်တကျဖြစ်အောင် ပြုပြင်ရမယ်ပုံပဲ"

ကျိယွမ်က ပြတ်သားသော အမူအရာဖြင့် ရုတ်တရက် ကြေညာလိုက်သည်။

"စည်းမျဉ်းနံပါတ်တစ် - ကျင့်ကြံနေစဉ်အတွင်း ဆဲဆိုခြင်းမပြုရ"

(စာဖတ်သူများသို့ အသိပေးတောင်းပန်ခြင်း - ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေအရ လောလောဆယ် စာစဥ်ကို တစ်ပတ်မှာ နှစ်အုပ်မထွက်နိုင်ဘဲ ၊ တစ်အုပ်သာ ထွက်နိုင်ဦးမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည် ၊ စာဖတ်အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ )

-----------

All Chapters