အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) နယ်မြေဖန်တီးသူ
"ချန်လန်... ငါတို့ လမ်းခွဲကြရအောင်... နင့်ရဲ့ရောဂါက ကုလို့ရမှာမဟုတ်တော့ဘူး... ငါ့ရဲ့ပိုက်ဆံတွေကို သုံးစရာနေရာတွေ ရှိသေးတယ်..."
"ဒါပေမဲ့ အရင်တုန်းက မင်း ရောဂါဆိုးကြီးဖြစ်တုန်းက ငါကပဲ ကုန်ကျခံပေးခဲ့တာလေ..."
"ငါက ကယ်တင်ပေးဖို့ တောင်းဆိုခဲ့တာမှမဟုတ်တာ... နင့်ဘာသာ လုပ်ချင်လို့လုပ်ခဲ့တာလေ... ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြစို့..."
ချင်မြို့တော် ပြည်သူ့ဆေးရုံရှိ ကုသ၍မရတော့သော ကင်ဆာလူနာဆောင်အတွင်း၌...
ချန်လန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း သူ၏လက်ထဲရှိ အရေးပေါ်လူနာအကြောင်းကြားစာကို ကြည့်ရှုလိုက်သည်။ အနီရောင်လွှမ်းနေသော 【သုံးရက်သာ ကျန်ရှိတော့သည်】ဟူသည့် စာသားများကို မြင်တွေ့လိုက်ရချိန်၌ သူသည် မျှော်လင့်ချက်မဲ့စွာ ရယ်မောလိုက်၏။
ဟာလာဟင်းလင်းဖြစ်နေသော လူနာဆောင်ကို ကြည့်ရင်း လီပင်းသည် ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူ လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ချေ။ သူထံ၌ ကင်ဆာရောဂါရှိနေကြောင်း ကြားသိရချိန်တွင် သူမသည် လမ်းခွဲစကားဆိုရန်အတွက်သာ တကူးတက လာရောက်ခဲ့ခြင်းဖြစ်သည်။
သူ၏အဆုတ်ကင်ဆာသည် လီပင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိထားသင့်ပေ၏။
လွန်ခဲ့သောငါးနှစ်က လီပင်းသည် ရောဂါဆိုးဖြင့် ဆေးရုံတင်ခဲ့ရပြီး ခွဲစိတ်ရန် ငွေကြေးမရှိခဲ့ချေ။ သူမ၏ မိဘများကလည်း သူမကို လျစ်လျူရှုထားခဲ့ကြသည်။ သူမကို ခွဲစိတ်ကုသရန် ငွေကြေးလုံလောက်စွာ စုဆောင်းနိုင်ရန်အတွက် သူသည် ဘိလပ်မြေအိတ်များ သယ်ပိုးခြင်း၊ အုတ်ခဲများ သယ်ယူခြင်းနှင့် ညသန်းခေါင်ယံအချိန်များတွင် အစားအသောက်များ ပို့ဆောင်ခြင်းတို့ဖြင့် ခြောက်လတိုင်တိုင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသည်။
သို့ရာတွင် ရလဒ်မှာ မည်သို့ဖြစ်မည်ကို တွေးကြည့်စရာပင် မလိုတော့ချေ။ သူ ဖျားနာသွားချိန်တွင် အေးစက်စက် လမ်းခွဲခြင်းနှင့် ကြက်သီးထဖွယ်ကောင်းသော စကားများကိုသာ ရင်ဆိုင်ခဲ့ရပေ၏။
"ငါက တကယ်ပဲ... သောက်ရမ်းကို အသုံးမကျတဲ့ကောင်ပဲ..."
【ယနေ့သတင်းအစီရင်ခံစာ... လူတစ်ဦးက S-အဆင့် ယွီတုန်းရေလှောင်တမံ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို ရှင်းလင်းနိုင်ခဲ့ပြီးတော့ သန်းဘီလီယံဆယ်ဂဏန်းတန်ဖိုးရှိတဲ့ အသက်စမ်းရေတစ်ပုလင်းကို ရရှိခဲ့ပါတယ်... ဒီအသက်စမ်းရေကို သောက်သုံးလိုက်တာနဲ့ ခန္ဓာကိုယ်အတွင်းရှိ ရောဂါအားလုံးသာမက ကုသ၍မရတဲ့ ရောဂါများကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်...】
ထိုအချိန်၌ ရုပ်မြင်သံကြားစက်မှ သတင်းကြေညာသံ ထွက်ပေါ်လာလေ၏။ ချန်လန်သည် သတင်းကြေညာသူ၏ ဘေးတွင် အနီရောင်ဆေးရည်ပုလင်းကို ကိုင်ဆောင်ကာ ရပ်နေသော အမျိုးသားအား မနာလိုမှုများအပြည့်ဖြင့် ကြည့်ရှုလိုက်သည်။
"တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ... တကယ်လို့ ငါသာ ကံစမ်းဖို့ အဲ့ဒီထဲကို ဝင်နိုင်ခဲ့မယ်ဆိုရင် သေမယ့်ရက်ကို ထိုင်စောင့်နေစရာ မလိုတော့ဘူးမလား..."
တခြားသူများက တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများထဲသို့ ဝင်ရောက်ရန် ကြောက်ရွံ့နေကြသော်လည်း ချန်လန်သည် ဝင်ရောက်လိုစိတ် ပြင်းပြနေခဲ့သည်။ ယခုအချိန်တွင် ဆေးဝါးများသည် သူ၏အသက်ကို ကယ်တင်နိုင်စွမ်း မရှိတော့ချေ။ သူသည် သဘာဝလွန်စွမ်းအားများကိုသာ အားကိုးနိုင်တော့သည်။
ထို့ပြင် ဤကမ္ဘာ၏ သီးသန့်ဖြစ်သော တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများသည် အံ့အားသင့်ဖွယ် သဘာဝလွန်စွမ်းအားတစ်မျိုးပင်။
ထိုနယ်မြေများထဲတွင် ရေတွက်၍မရနိုင်သော ထူးဆန်းသည့် ပစ္စည်းများနှင့် ရတနာများ ပါဝင်သည်။ ထိုအရာများထဲမှ မည်သည့်အရာမဆို သာမန်လူတစ်ဦးကို လူတန်းစားအလွှာများမှ ကျော်လွန်စေပြီး စွမ်းအားရှင် သို့မဟုတ် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေနိုင်သည်။
သူသိကျွမ်းခဲ့ဖူးသော အစားအသောက်ပို့ဆောင်သူ တစ်ဦးသည် C-အဆင့် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုသို့ တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးသည်။ ထိုနယ်မြေကို ရှင်းလင်းပြီးနောက် သူသည် တစ္ဆေဒင်္ဂါးပြားဆယ်ပြားကို ရရှိခဲ့ပြီး နေ့ချင်းညချင်း ချမ်းသာကြွယ်ဝသွားခဲ့ပေ၏။
အကြောင်းအရင်းမှာ တစ္ဆေဒင်္ဂါးပြားတစ်ပြားလျှင် လက်တွေ့ကမ္ဘာတွင် တစ်သန်းကျော် တန်ဖိုးရှိသောကြောင့် ဒင်္ဂါးပြားဆယ်ပြားသည် ဆယ်သန်းနှင့် ညီမျှသည်။
တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများသည် အခွင့်အလမ်းများဖြင့် ပြည့်နှက်နေသော်လည်း မြင့်မားသော ဆုလာဘ်များနှင့်အတူ မြင့်မားသော အန္တရာယ်များလည်း ဒွန်တွဲနေပေ၏။ သေဆုံးမှုနှုန်းမှာ အလွန်မြင့်မားလှသည်။ အန္တရာယ်အကင်းဆုံးဖြစ်သော C-အဆင့်တွင်ပင် သေဆုံးမှုနှုန်း ရှစ်ဆယ်ရာခိုင်နှုန်း ရှိသည်။
S-အဆင့်သည် သေဆုံးမှုနှုန်း ကိုးဆယ့်ငါးရာခိုင်နှုန်း ရှိပြီး အမြင့်ဆုံး SSS-အဆင့်မှာမူ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော သေဆုံးမှုနှုန်းကို အမြဲတမ်း ထိန်းသိမ်းထားပေ၏။ ထိုနယ်မြေကို ရှင်းလင်းနိုင်သူများကို လက်ချိုးရေတွက်၍ ရနိုင်သည်။
【နင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ ဖန်တီးသူ ဖြစ်ချင်လား...】
ရုတ်တရက် ချန်လန်၏ စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ဤအသံသည် သွေးဆောင်ဖြားယောင်းမှုများဖြင့် ပြည့်နှက်နေသော်လည်း အလွန်အမင်း ခြောက်ခြားဖွယ် ကောင်းလှ၏။
"ဘယ်သူလဲ..."
ချန်လန်က ဘယ်ညာကြည့်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လူနာဆောင်ထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသည်။ မည်သူက စကားပြောနေခြင်းဖြစ်ကြောင်း သူ သိချင်သွားသည်။
【နင့်ရဲ့ ခေါင်းပေါ်မှာ...】
ချန်လန်သည် အထက်သို့ မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများသည် အလွန်အမင်း ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပေ၏။
အလွန်ပေါ်လွင်စွာ ဝတ်ဆင်ထားပြီး အနက်ရောင်ကြောင်နားရွက်များနှင့် သေးသွယ်ရှည်လျားသော အနက်ရောင်အမြီးတစ်ချောင်း လှုပ်ရမ်းနေသည့် နတ်ဆိုးပုလေးတစ်ကောင်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအရာသည် လေထဲတွင် လွင့်မျောနေသည်။
ဤသည်က သူ့ကို အလွန်ထိတ်လန့်သွားစေခဲ့ပြီး သူက မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်သည်။
"မင်းက ဘာကောင်လဲ..."
【ငါက တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ စီမံခန့်ခွဲသူ ဆာရာပဲ...】
ချန်လန် အံ့အားသင့်သွားသည်။ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ စီမံခန့်ခွဲသူတစ်ဦးက သူ့ကို မည်သည်ကြောင့် လာရှာရသည်ကို သူ နားမလည်နိုင်ချေ။
"ခုဏက မင်း ဘာပြောလိုက်တယ်... နယ်မြေဖန်တီးသူ ဖြစ်ချင်လားဆိုတာက ဘာလဲ..."
【ဟုတ်တယ်... နယ်မြေဖန်တီးသူတစ်ယောက်ဖြစ်လာပြီးတော့ ငါ့အတွက် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွေ ဖန်တီးပေးရမယ်... စုဆောင်းရရှိတဲ့ အနုတ်လက္ခဏာစွမ်းအင်ကို ငါတို့ တစ်ယောက်တစ်ဝက် ခွဲယူကြမယ်... ပြီးတော့ နင်က အဲ့ဒီနာကြည်းမှုတွေကို အသုံးပြုပြီး နင်ရဲ့ သက်တမ်းကို တိုးမြှင့်နိုင်တယ်...】
ချန်လန်သည် အလွန်စိတ်လှုပ်ရှားသွားသော်လည်း မကြာမီ ရေခဲရေတစ်ပုံး လောင်းချခံလိုက်ရသကဲ့သို့ သူ၏ စိတ်လှုပ်ရှားမှုမီးတောက် ငြိမ်းအေးသွားခဲ့ပေ၏။ သူက မျက်မှောင်ကြုတ်ကာ ဆာရာ့ကို ကြည့်လိုက်သည်။
"ဒီလောက်ကောင်းတဲ့ကိစ္စက ဘာလို့ ငါ့ဆီကို ရောက်လာရတာလဲ..."
သူသည် ကူးပြောင်းလာသူ တစ်ဦးဖြစ်သော်လည်း သူရောက်ရှိလာပြီးကတည်းက နှစ်ပေါင်းများစွာကြာသည်အထိ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ဘဲ သာမန်လူတစ်ယောက်အဖြစ်သာ နေထိုင်ခဲ့ရသည်။ ဤမျှကောင်းမွန်သော အရာတစ်ခု သူ့ထံသို့ ရုတ်တရက် ကျဆင်းလာခြင်းမှာ အလွန်ထူးဆန်းနေပေ၏။
【ဘာလို့လဲဆိုတော့ နင်က သေတော့မှာမို့လို့ပဲ... ငါက သေခါနီးလူတွေကို လိုက်ရှာနေတာ...】
ဆာရာက ချန်လန်၏ ညာဘက်သို့ ပျံသန်းလာပြီး ဆက်ပြောသည်။
【ဖန်တီးသူတစ်ယောက်ဖြစ်ဖို့ နင်က ငါနဲ့ စာချုပ်ချုပ်ဆိုရမယ်... တကယ်လို့ နင်က ပြီးပြည့်စုံတဲ့ နယ်မြေတစ်ခုကို မဖန်တီးနိုင်ဘဲ တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ အသိအမှတ်ပြုမှုကို မရခဲ့ရင် နင့်ရဲ့ဝိညာဉ်က ငါ့အပိုင် ဖြစ်သွားလိမ့်မယ်... ပုံမှန်အရ နင့်လို သေခါနီးလူတွေပဲ သူတို့ရဲ့အသက်နဲ့ လောင်းကြေးထပ်ရဲကြတာလေ...】
ဆာရာသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ချန်လန်ကို ရွေးချယ်ရသည့် အကြောင်းရင်းကို ဖွင့်ဟပြောဆိုလိုက်သည်။
ထို့ပြင် သူမ ဖွင့်ပြောသည်မှာ မှန်ကန်ပေ၏။ ချန်လန်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေပြီး သေဆုံးခြင်းကို မလိုလားသောကြောင့် နယ်မြေဖန်တီးသူတစ်ဦး အမြန်ဆုံး ဖြစ်လာချင်နေခဲ့သည်။ ဤသည်မှာ ဆာရာ လိုချင်သော ရလဒ်ပင်။
"အသိအမှတ်ပြုမှုကို ဘယ်လိုရယူရမှာလဲ..."
【နင်က C-အဆင့် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးရမယ်... ပြီးတော့ ဇာတ်လမ်းနောက်ခံက တခြားတုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွေနဲ့ မတူညီရဘူး... အတိအကျပြောရရင် နင့်ရဲ့ စိတ်ကူးဉာဏ်ကို အသုံးပြုရလိမ့်မယ်...】
ဆာရာက နတ်ဆိုးဆန်ဆန် ပြုံးပြလိုက်သည်။
【နင် စိတ်ဝင်စားသွားပြီမလား... ဒါဆို နင် ဖန်တီးသူ ဖြစ်ချင်လား... နင်က နယ်မြေတစ်ခုကို ဖန်တီးနိုင်သရွေ့ မသေစေရဘူးလို့ ငါ အာမခံတယ်... နင်က ဒီလောကရဲ့ စွမ်းအားရှင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်... အထူးသဖြင့် နင်ကို စွန့်ပစ်သွားတဲ့ အဲ့ဒီမိန်းမကို နင်လက်တုံ့ပြန်လို့ရတယ်လေ...】
ချန်လန်သည် အချိန်တခဏမျှ စိတ်လှုပ်ရှားသွားပြီးနောက် သူ၏အကြည့်များ ခိုင်မာသွားလေ၏။ သူက သူ၏ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
"ငါ သဘောတူတယ်..."
【ကောင်းပြီလေ...】
ဆာရာက လက်ညှိုးတစ်ချောင်းကို ထိုးပြလိုက်ရာ ချန်လန်ရှေ့ရှိ လေဟာနယ်ထဲမှ သိုးရေစာရွက်တစ်ရွက် ထွက်ပေါ်လာသည်။
"ဒါက စာချုပ်ပဲ... လက်မှတ်ထိုးလိုက်... အခုကစပြီး နင်က ငါ့ရဲ့လူပဲ..."
【အရောင်းအဝယ်စာချုပ်】
【ဤစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် သင်သည် ဆာရာ၏ သီးသန့် နယ်မြေဖန်တီးသူ ဖြစ်လာမည်】
【တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို အောင်မြင်စွာ ဖန်တီးပြီးနောက် စုဆောင်းရရှိသော အနုတ်လက္ခဏာစွမ်းအင်ကို သူမနှင့် သင့်အကြား၌ တစ်ယောက်တစ်ဝက် ခွဲဝေယူရမည်】
【ထို့ပြင် ဆာရာသည် သင့်အား သုံးရက်တိုင်တိုင် ပြီးပြည့်စုံသော ကျန်းမာရေးရှိသည့် ခန္ဓာကိုယ်တစ်ခုကို အာမခံပေးနိုင်သည်။ သို့ရာတွင် သုံးရက်ပြည့်ပြီးနောက် သင်သည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို မဖန်တီးနိုင်ပါက သင်၏ဝိညာဉ်ကို သူမ စားသုံးသွားပေမည်】
【သင်၏ ပထမဆုံး ပြီးပြည့်စုံသော နယ်မြေကို ဖန်တီးပြီးမှသာ နယ်မြေဖန်တီးသူတစ်ဦး၏ ခံစားခွင့်အားလုံးကို တရားဝင် ခံစားရရှိနိုင်ပေမည်】
'အရောင်းအဝယ်စာချုပ်' ဆိုသည်မှာ အလွန်ပွင့်လင်းရိုးသားပြီး အနည်းငယ်မျှ လှည့်စားခြင်းမရှိသော အရာပင်။
အသက်ရှင်ရန် သုံးရက်သာ ကျန်ရှိတော့သဖြင့် ချန်လန်ထံ၌ ရွေးချယ်စရာ မရှိတော့ချေ။ သူသည် တုန်ယင်နေသော လက်ကိုမြှောက်ကာ စာချုပ်ပေါ်တွင် သူ၏နာမည်ကို လက်မှတ်ရေးထိုးလိုက်ရုံသာ ရှိတော့သည်။
နာမည်သည် စာချုပ်ပေါ်တွင် ထင်ဟပ်သွားသည်နှင့် တပြိုင်နက် အဆိုပါစာချုပ်သည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။
အချိန်တခဏအတွင်းမှာပင် သူ၏ ကြာမြင့်စွာ နွမ်းနယ်နေခဲ့သော ခန္ဓာကိုယ်သည် ရုတ်တရက် စွမ်းအင်များ ပြည့်ဝလာခဲ့သည်။ ကင်ဆာဆဲလ်များ အားလုံး ပျောက်ကွယ်သွားပြီး သူ၏ အသက်ဆယ့်ရှစ်နှစ်အရွယ် အကောင်းဆုံး ကျန်းမာရေးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ချန်လန်သည် ဆတ်ခနဲ ခုန်ထလိုက်ပြီး ဆေးရုံကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်သည်။ သူ အမှန်တကယ်ပင် ကျန်းမာသွားခဲ့လေပြီ။ ကျန်းမာသော ခန္ဓာကိုယ်တစ်ခု ရှိခြင်းသည် ဤမျှအထိ ကောင်းမွန်လှသည်။
ယခင်က သူသည် ထိုအရာကို မည်သို့ တန်ဖိုးထားရမည်မှန်း မသိခဲ့ချေ။ သူသည် လူငယ်တစ်ဦးဖြစ်သဖြင့် ကျန်းမာသည်ဟုသာ ထင်မှတ်ကာ အရိုးကြေလုမတတ် အလုပ်လုပ်ခဲ့သည်။ ကုသ၍မရသော ကင်ဆာရောဂါအဆင့်သို့ ရောက်ရှိသွားချိန်မှသာ သူသည် ဤမျှထိ အလုပ်မလုပ်ခဲ့သင့်ကြောင်း နောင်တရခဲ့လေ၏။
【အခုကစပြီး နင်က ငါ့ရဲ့ အယောက်တစ်ရာပြည့်မြောက် ဖန်တီးသူပဲ... အရင်လူတွေလို အလွယ်တကူ သေမသွားဖို့ ငါ မျှော်လင့်တယ်...】
ဆာရာသည် စာချုပ်ကို သိမ်းဆည်းလိုက်ပြီး အေးစက်စက် ရယ်မောလိုက်လေ၏။
သူမသည် နောက်ထပ် ငတုံးငအတစ်ဦးကို လှည့်စားနိုင်ခဲ့လေပြီ။ သုံးရက်ကြာပြီးနောက် သူမသည် စိတ်ဝိညာဉ်တစ်ခုကို လာရောက်၍ သိမ်းယူနိုင်တော့ပေမည်။
သူမ၏ အစောပိုင်းစကားများအားလုံးသည် ချန်လန်ကို လှည့်စားရန်သာ ဖြစ်သည်။ သုံးရက်အတွင်း တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး ချန်လန် အောင်မြင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။ ထို့ပြင် သူမသည် အငယ်တန်း စီမံခန့်ခွဲသူအဖြစ် ရာထူးတိုးရန် ဝိညာဉ်တစ်ခုသာ လိုအပ်တော့သည်။ သူမ၏ အမြင်တွင် ချန်လန်သည် အရသာရှိသော အစားအစာတစ်ပွဲ ဖြစ်နေပေ၏။
ဆာရာ၏ အေးစက်စက် အပြုံးကို မြင်လိုက်ရချိန်၌ ချန်လန်သည် ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဒုတိယအကြိမ် တွေးကြည့်သောအခါ အကယ်၍ သူ မတက်ခဲ့လျှင်လည်း သေရမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အနှေးနှင့်အမြန် သေရမည်ဖြစ်သောကြောင့် သူသည် ကံစမ်းကြည့်ရန်သာ ရှိတော့သည်။ အကြောင်းအရင်းမှာ သူသည် စက်ဘီးတစ်စီးမှ မော်တော်ဆိုင်ကယ်တစ်စီးအဖြစ်သို့ ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်မည် ဖြစ်သောကြောင့်ပင်။
"ဒါဆို တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဘယ်လို ဖန်တီးရမလဲ..."
【သွားကြမယ်...】
ဆာရာက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူမနှင့် ချန်လန် နှစ်ဦးလုံး လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေ၏။
နောက်တခဏတွင် သူနာပြုတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသည်။ ချန်လန်ကို မတွေ့ရသော်လည်း သူမသည် အံ့အားသင့်ခြင်း မရှိခဲ့ချေ။ အမှန်တကယ်ကိုပင် သူမထံ၌ အမူအရာ ကင်းမဲ့နေခဲ့သည်။
ဆေးရုံတွင် ဤကဲ့သို့ အခြေအနေမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သေလုမျောပါး လူနာတချို့သည် ရုတ်တရက် ထွက်ခွာသွားတတ်ကြပြီး ရက်အနည်းငယ်ကြာချိန်၌ သူတို့သည် လုံးလုံးလျားလျား ကျန်းမာစွာဖြင့် ပြန်လည်ရောက်ရှိလာတတ်ကြသည်။ ထိုသို့မဟုတ်ပါက သူတို့သည် လုံးဝပြန်မလာတော့ချေ။
လူနာများသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများဆီသို့ သွားရောက်ခဲ့ကြကြောင်း သူတို့အားလုံး သိထားကြ၏။