အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) ဒီကမ္ဘာမှာ ဖိနှိပ်ချုပ်ချယ်တဲ့ အထက်တန်းနောက်ဆုံးနှစ် မရှိဘူး...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...
ချန်လန်သည် ကမ္ဘာကြီး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သွေးရောင်လွှမ်းနေသော လေဟာနယ်ထဲသို့ ရောက်ရှိနေလေ၏။ သူ၏ပတ်ဝန်းကျင်တွင် ဘာမျှမရှိဘဲ လေထဲတွင် လွင့်မျောနေသော ဆာရာ တစ်ဦးတည်းသာ ရှိသည်။
"ဒါက ဘယ်နေရာလဲ..."
【နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်ပဲ... ဒီနေရာမှာ နင့်ရဲ့စိတ်ကြိုက် နယ်မြေတွေကို ဖန်တီးနိုင်သလို တခြားအရာတွေကိုလည်း ရှာဖွေနိုင်တယ်... ဒါပေမဲ့ အခုကစပြီး နင်ကိုယ်တိုင် နယ်မြေတစ်ခုထဲကို ဝင်ရောက်ဖို့ အခွင့်အရေး လုံးဝရှိတော့မှာ မဟုတ်ဘူး...】
ဤနေရာတွင် တခြား တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများအတွက် လမ်းညွှန်ချက်များကို ရှာဖွေနိုင်သောကြောင့် နယ်မြေဖန်တီးသူများအား ထိုနယ်မြေများထဲသို့ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ သူ ဖန်တီးသူအဖြစ်မှ ရပ်စဲသွားမှသာ နောက်ပိုင်းအသစ်ပေါ်လာမည့် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများတွင် ပါဝင်ခွင့်ရပေမည်။
နာရီဝက်ခန့် အကြာတွင် ချန်လန်သည် နယ်မြေတစ်ခုကို မည်သို့ ဖန်တီးရမည်အား လေ့လာသိရှိသွားခဲ့သည်။ ဤကိစ္စသည် အမှန်တကယ်ပင် ရိုးရှင်းလှ၏။ စိတ်ထဲတွင် မြင်ယောင်ကြည့်ကာ အသေးစိတ် ပြင်ဆင်ပြီး နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားနတ်ဘုရားထံသို့ စစ်ဆေးရန် တင်ပြရုံသာ ဖြစ်သည်။ ထိုသို့ တင်ပြမှုသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီနေသရွေ့ နယ်မြေသည် ချက်ချင်း စတင်လည်ပတ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ကစားသမားများကို ကျပန်းရွေးချယ်ကာ ဝင်ရောက်စေပေမည်။
【ဘယ်လိုလဲ... နင့်မှာ စိတ်ကူးတွေ ရှိပြီလား...】
ဆာရာသည် ချန်လန်ကို အပြုံးနှင့် ကြည့်လိုက်သည်။ သူမ ဤသို့ ပြောလိုက်သော်လည်း ချန်လန်အနေဖြင့် နယ်မြေတစ်ခုကို ဖန်တီးနိုင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ဟု သူမ ခံစားနေရဆဲပင်။ သုံးရက်ကြာပြီးနောက် သူမသည် တစ်ရာပြည့်မြောက် အစားအစာကို စားသုံးနိုင်တော့ပေမည်။ ဤအချက်ကို တွေးမိသည်နှင့် သူမသည် သူမ၏ အနီရောင်လျှာကြီးကို ထုတ်ကာ နှုတ်ခမ်းများကို သပ်လိုက်မိသည်။
ချန်လန်က ပြန်မဖြေချေ။ ထိုအစား သူသည် တခြားသော တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများကို ဆက်လက်ရှာဖွေနေခဲ့သည်။ ယခုအချိန်အထိ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများသည် အပြာရောင်ကြယ်ပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နယ်မြေသုံးရာကျော်သာ ရှိနေသေးပေ၏။
"နယ်မြေတွေက ဘာလို့ ဒီလောက်နည်းနေရတာလဲ... အဲ့ဒါတွေ ရှိလာတာ နှစ်ထောင်ချီနေပြီ မဟုတ်လား..."
【နင်တို့ လူသားတွေရဲ့ နည်းပညာက တိုးတက်လာနေတယ်... ဒါကြောင့် ငါတို့ရဲ့ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွေကလည်း ဆန်းသစ်တီထွင်မှုတွေ လုပ်ရမယ်... ခေတ်ဟောင်းက နယ်မြေတွေကို နင်တို့ လူသားတွေက သေချာလေ့လာပြီးသွားပြီမို့လို့ ဘယ်သူ့ကိုမှ မသတ်နိုင်တော့ဘူး... ဒါကြောင့် ငါတို့က လူတွေကို ပိုသတ်နိုင်ဖို့နဲ့ အနုတ်လက္ခဏာစွမ်းအင်တွေ ပိုရဖို့ အမြဲတမ်း ပြောင်းလဲပြီး ဆန်းသစ်နေရတာပေါ့...】
အင်း... ဒါက အဓိပ္ပာယ်တော့ ရှိတယ်...
ချန်လန်သည် တခဏကြာမျှ စဉ်းစားပြီး ဆက်မေးလိုက်သည်။
"ဒါဆို လောလောဆယ် လူမသတ်တဲ့ နယ်မြေတွေရော ရှိလား..."
ဤစကားကို ကြားသောအခါ ဆာရာက လှောင်ပြုံးပြုံးလိုက်ပြီး ချန်လန်အား ငတုံးငအတစ်ဦးကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
【တကယ်လို့ ငါတို့က မသတ်ဘူးဆိုရင် လူသားတွေကို ဘယ်လိုလုပ် ကြောက်ရွံ့အောင် လုပ်နိုင်မှာလဲ... သူတို့သာ မကြောက်ဘူးဆိုရင် အနုတ်လက္ခဏာစွမ်းအင်တွေက ဘယ်ကနေ ထွက်လာမှာလဲ... လူသားတွေ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှသာ အများဆုံး အနုတ်လက္ခဏာစွမ်းအင်တွေကို ထုတ်ပေးနိုင်တာလေ...】
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လူသားများသည် မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကြည်းခြင်းနှင့် ဒေါသထွက်ခြင်းစသည့် အမျိုးမျိုးသော အနုတ်လက္ခဏာခံစားချက်များကို ထုတ်လွှတ်တတ်ကြသည်။ ဤအရာများသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများ စုပ်ယူရန် လိုအပ်သည့်အရာများဖြစ်ပြီး ထိုမှတစ်ဆင့် ထိုအရာများ၏ စီမံခန့်ခွဲသူများထံသို့ ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ပေ၏။ ဤအရာအားလုံးသည် သူတို့အတွက် အစားအစာများပင်။ အကယ်၍ လူများ မသေဆုံးပါက အစားအစာများ မည်သည့်နေရာမှ ရောက်လာမည်ကို မသိနိုင်တော့ချေ။
ချန်လန်က ဆက်လက်၍ မငြင်းခုံတော့ချေ။ သူ၏စိတ်ထဲတွင် လွန်ခဲ့သော ရှစ်နှစ်ကတည်းက တည်ရှိနေခဲ့သည့် စိတ်ကူးတစ်ခု ရှိနှင့်နေပြီး ဖြစ်သည်။
အထက်တန်းကျောင်းသို့ ပထမဆုံး ဝင်ရောက်ချိန်တွင် ဤကမ္ဘာ၌ ကျိန်ဆဲချင်စရာကောင်းသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ မရှိကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
အမှန်အားဖြင့် သူသည် ကမ္ဘာမြေမှ ကူးပြောင်းလာသူ တစ်ဦးပင်။
ဤကမ္ဘာတွင် မူကြိုအရွယ်ကလေးများသည် ဘာသာစကား၊ သင်္ချာနှင့် အင်္ဂလိပ်စာတို့ကို သင်ယူကြပြီး အလယ်တန်းကျောင်းသားများသည် ရူပဗေဒနှင့် ဓာတုဗေဒတို့ကို သင်ယူကြသည်။ သို့သော် အထက်တန်းကျောင်းသည် လုံးလုံးလျားလျား ကွာခြားပေ၏။ သူတို့သည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများကို မည်သို့ ရှင်းလင်းရမည်ကို စတင်သင်ယူကြရသည်။
ကျောင်းသားများသည် နောက်ပိုင်းတွင် ထိုနယ်မြေများထဲသို့ ဝင်ရောက်လာချိန်၌ အသက်ရှင်နိုင်စေရန်အတွက် နေ့စဉ်နေ့တိုင်း အမျိုးမျိုးသော တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများနှင့် ပတ်သက်သည့် အသိပညာများကိုသာ လေ့လာဆည်းပူးကြရသည်။ ထို့ပြင် သူတို့သည် တစ်နေ့လျှင် လေးနာရီသာ စာသင်ရန် လိုအပ်ပေသည်။ ကျန်အချိန်များသည် သူတို့ ကြိုက်သလို ကစားနိုင်ရန် အလွတ်ဖြစ်နေပေ၏။
တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေအတွက် ရွေးချယ်ခံရရန် အခွင့်အရေးရှိရန်မှာ အသက်ဆယ့်ရှစ်နှစ် ပြည့်ရပေမည်။
ထိုကြောင့် အသက်ဆယ့်ရှစ်နှစ်ပြည့်သည့် အထက်တန်းနောက်ဆုံးနှစ်သို့ ရောက်ရှိချိန်တွင်...
ကျောင်းများသည် အမှန်တကယ်ပင် အားလပ်ရက်များ ပေးထားကြ၏။
ဤသည်မှာ သူ၏ အတိတ်ဘဝတွင် လုံးလုံးလျားလျား ထင်မှတ်မထားရဲသော ကိစ္စရပ်ပင်။ အထက်တန်းနောက်ဆုံးနှစ်တွင် အမှန်တကယ်ပင် ရှည်လျားသော အားလပ်ရက် ရှိနေပြီး အကြောင်းပြချက်မှာလည်း အလွန်ရယ်စရာကောင်းလှ၏။
'ကျောင်းသားတွေကို သူတို့ရဲ့ ကျန်ရှိနေတဲ့အချိန်တွေမှာ ပျော်ရွှင်စေချင်လို့ပါ...'
အသက်ဆယ့်ရှစ်နှစ်တွင် သူတို့သည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ရနိုင်ချေရှိပြီး ထိုနေရာတွင် အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည်။ ထိုနေရာများမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် အလွန်ခက်ခဲသောကြောင့် ကျောင်းများက ကျောင်းသားများကို ကျန်ရှိနေသော ဘဝအချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့် ပေးထားခြင်းဖြစ်သည်။
သေချာသည်မှာ တစ်စုံတစ်ယောက်သည် တက္ကသိုလ်လျှောက်ထားရန် ရွေးချယ်နိုင်ပြီး ထိုနေရာတွင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေဆိုင်ရာ အသိပညာအသစ်များကို ဆက်လက်သင်ယူနိုင်ပေ၏။
အတိုချုပ်ဆိုရလျှင် ဤနေရာ၌ ဆင်းရဲဒုက္ခရောက်ရသော အထက်တန်းနောက်ဆုံးနှစ် ဘဝမျိုး မရှိသလို တက္ကသိုလ်ဝင်တန်းစာမေးပွဲလည်း မရှိချေ။ အရာရာတိုင်းသည် အလွန်ပျော်ရွှင်စရာ ကောင်းနေသော်လည်း လူတိုင်းသည် စိုးရိမ်ပူပန်မှုများနှင့် ကြီးမားသော ဖိအားများအောက်တွင် ရှိနေဆဲပင်။ ဤအချက်က ကူးပြောင်းလာသော ချန်လန်ကို လုံးလုံးလျားလျား မမျှတဟု ခံစားရစေခဲ့သည်။ သူ၏ အတိတ်ဘဝက အထက်တန်းနောက်ဆုံးနှစ်ဘဝမှာ အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအချိန်က သူသည် စိတ်ကျရောဂါ ခံစားရလုနီးပါး ဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ဤကမ္ဘာမှ ကျောင်းသားများ မည်သည်ကြောင့် ဤမျှထိ သာယာနေရသည်ကို သူ နားမလည်နိုင်ဖြစ်ရသည်။
"ဘယ်လိုနယ်မြေမျိုး ဖန်တီးရမလဲဆိုတာ ငါ သိပြီ..."
ချန်လန်က အော်ဟစ်လိုက်သဖြင့် ဆာရာ လန့်သွားလေ၏။ သူမက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"နင် သိပြီလား..."
မဖြစ်နိုင်ချေ။
အချိန်မည်မျှမျှ မကြာသေးဘဲနှင့် သူက ဘာဖန်တီးရမည်ကို သိနေသလော...
သူ အမှန်တကယ်ပင် အောင်မြင်သွားနိုင်မည်လော...
ဟင့်အင်း... မဖြစ်နိုင်ချေ။
ထိပ်တန်းဖန်တီးသူတစ်ယောက်အတွက်ပင် သုံးရက်အတွင်း ဤမျှမြန်မြန်ဆန်ဆန် စဉ်းစားနိုင်ရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။
ချန်လန်သည် ပြုံးလိုက်၏။ ဤကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်ပြီး ဆင်းရဲဒုက္ခရောက်ရသော အထက်တန်းနောက်ဆုံးနှစ် ဘဝမျိုး မရှိသဖြင့် သူသည် အထက်တန်းနောက်ဆုံးနှစ်ကို ဖန်တီးပေးရပေမည်။
ဤကမ္ဘာမှ လူသားများကို သူ တစ်ချိန်က ခံစားခဲ့ရသော နာကျင်မှုများကို မြည်းစမ်းခွင့် ပေးရပေမည်။
ကမ္ဘာမြေကြီးတွင် မျှော်လင့်ချက်အမဲ့ဆုံးနှင့် အကူအညီမဲ့ဆုံးအရာဖြစ်သော တရုတ်ပညာရေးစနစ် ရှိနေသည်။ ထိုအရာက ဤကမ္ဘာရှိ လူများထံမှ အနုတ်လက္ခဏာစွမ်းအင်များကို မထုတ်လုပ်နိုင်မည်ကို သူ မယုံကြည်ချေ။
မည်သူမျှ တရုတ်ပညာရေးစနစ်မှ ပြုံးရွှင်စွာ ထွက်ခွာလာနိုင်မည် မဟုတ်ချေ။ ဤအရာသည် ထိတ်လန့်ဖွယ်ရုပ်ရှင်ထက် ပို၍ကြောက်စရာကောင်းပြီး မျှော်လင့်ချက်မဲ့ခြင်းများနှင့် ပို၍ပြည့်နှက်နေပေ၏။
ထို့ပြင် ဤအရာကို ပြောလိုက်လျှင် စည်းမျဉ်းချိုးဖောက်ရာ ကျမည် မကျမည်ကို သူ သေချာမသိသည့် အရာတစ်ခုလည်း ရှိသေးသည်။
တရုတ်ပညာရေးစနစ်သည် သေခြင်းတရားထက် ပို၍ကြောက်စရာကောင်းသည်။
"နင် ဘာတွေတွေးနေလဲဆိုတာ ငါမသိပေမဲ့ တကယ်လို့ နင်က တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် ငါ ကတိတစ်ခုပေးမယ်... နင့်ရဲ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကို အကုန်လုံးကို ငါ ရှင်းလင်းပေးမယ်..."
ချန်လန်၏ ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများကို မြင်လိုက်ရချိန်၌ ဆာရာသည် ဤသေခါနီး လူသားက အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မည်ဟု ထင်ယောင်ထင်မှား ဖြစ်သွားခဲ့လေ၏။
အကယ်၍ သူသာ တတ်နိုင်ခဲ့ပါက ဤကိစ္စသည် စိတ်ဝိညာဉ်တစ်ခုထက် ပို၍အရေးကြီးသည်။ သူမသည် အလယ်တန်း စီမံခန့်ခွဲသူအဖြစ် တိုက်ရိုက် ရာထူးတိုးနိုင်ပြီး အလုပ်သင် စီမံခန့်ခွဲသူအဖြစ် ဆက်လက်နေထိုင်ရန် မလိုတော့ချေ။
"ငါ လုပ်နိုင်မှာပါ... ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အသက်က အဲ့ဒီကိစ္စအပေါ်မှာ မူတည်နေတာပဲ... ငါ သေချာပေါက် တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးမယ်... အဲ့ဒီအချိန်ကျရင် ငါ့ကို အခွင့်အရေးတစ်ခုပေးပါ... နယ်မြေထဲဝင်မယ့်လူတွေကို ငါကိုယ်တိုင် ရွေးချယ်ခွင့်ပေးပါ..."
ချန်လန်က အေးစက်စက် ရယ်မောလိုက်သည်။
ဆာရာသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမပါ လိုက်လံရယ်မောလိုက်လေ၏။
"မဆိုးဘူး...နင်ဆီမှာ ထိတ်လန့်စရာကောင်းတဲ့ အသွင်အပြင်တွေ ရှိနေပြီပဲ..."
မုန်းတီးမှုက အလွန်ကြီးမားသော တွန်းအားကို ပေးစွမ်းနိုင်သည်။ လူသားများ၏ ခံစားချက်များသည် အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။
....
သုံးရက် ကုန်လွန်သွားခဲ့သည်။
ချန်လန်သည် နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်မှ သုံးရက်တိုင်တိုင် ထွက်မလာခဲ့ဘဲ သူ၏ ကျန်းမာသော ခန္ဓာကိုယ် တဖြည်းဖြည်း အားနည်းလာသည်ကို ခံစားနေရပေ၏။ ဤသည်မှာ သူ နယ်မြေကို အမြန်ဆုံး မဖန်တီးနိုင်ပါက သေဆုံးရမည်ဖြစ်ကြောင်း သတိပေးချက်ပင်။
"သုံးရက်တောင် ပြည့်တော့မယ်... နင် မပြီးသေးဘူးလား..."
ဆာရာသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ချန်လန်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သော သုံးရက်က သူ၏ ကြီးကျယ်ခမ်းနားသော စကားများမှာ အထင်ကြီးစရာကောင်းလှသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်အားဖြင့် သူသည် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်ပေ၏။
သူမ တွေးထင်သည့်အတိုင်းပင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများကို ဖန်တီးရန်မှာ ဤမျှထိ မလွယ်ကူလှချေ။
"အရမ်း အလောတကြီး မလုပ်ပါနဲ့... ငါက SSSအဆင့် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို ဖန်တီးချင်ရုံလေးပါ..."
ချန်လန်က အပြုံးနှင့် ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဆာရာ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူမ၏ဗိုက်ကိုနှိပ်ကာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟားဟားဟား... လူသား နင်က တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ... နင်ရဲ့ ပထမဆုံးအကြိမ် ဖန်တီးမှုမှာ SSS-အဆင့်ကို ဖန်တီးချင်တယ်ပေါ့..."
ဆာရာသည် သူမ၏ခန္ဓာကိုယ် တုန်ရီသွားသည်အထိ ရယ်မောလိုက်လေ၏။ ချန်လန်သည် ကြွားလုံးထုတ်သူ တစ်ဦးသာမက မောက်မာသူတစ်ဦးလည်း ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ပထမဆုံးအကြိမ်မှာပင် SSSအဆင့် နယ်မြေတစ်ခုကို ဖန်တီးလိုခြင်းမှာ ထိပ်တန်းဖန်တီးသူများပင် ထိုကဲ့သို့ ကြွားလုံးမထုတ်ရဲကြချေ။
သူမ ရယ်မောနေစဉ်မှာပင် သူမ၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ထွက်ပေါ်လာလေ၏။ ဤလူသားက သူမကို အမှန်တကယ်ပင် လှောင်ပြောင်ရဲသည်။ ယနေ့ည သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာပါက သူမသည် ချန်လန်၏ဝိညာဉ်ကို မစားသုံးမီ ရက်ရက်စက်စက် နှိပ်စက်ပေးရပေမည် ဖြစ်၏။
"ပြီးပြီ..."