← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးဦးသာ ထွက်ခွာခွင့်ရမည်

"ဟင့်အင်း... ငါ မသေချင်ဘူး..."

လီပင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမ၏ အော်ဟစ်သံကြောင့် ပတ်ဝန်းကျင်ရှိ စားသောက်နေသူများ လန့်ဖျပ်သွားကြသည်။ သူမသည် သူမ၏ ဘယ်ဘက်လက်မောင်းကို အတင်းပွတ်သပ်နေသည်ကို သူတို့ မြင်လိုက်ရပြီး သွေးရောင်လွှမ်းနေသော ဦးခေါင်းခွံအမှတ်အသားကို တွေ့လိုက်ရချိန်၌ သူတို့၏ မျက်လုံးများတွင် သနားကြင်နာမှုများ ချက်ချင်းပြည့်နှက်သွားလေ၏။

တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေက ရွေးချယ်လိုက်သော နောက်ထပ် သနားစရာ ဝိညာဉ်တစ်ခုပင်။ သူမ အသက်ရှင်လျက် ပြန်ထွက်လာမည်လား၊ သေဆုံးသွားမည်လား မည်သူမျှ မသိနိုင်ချေ။

"ငါ့ကို ကယ်ပါဦး... ငါ မသေချင်သေးဘူး..."

လီပင်းသည် သူဌေးသားကို ဆွဲကိုင်ရန် လက်လှမ်းလိုက်သော်လည်း သူက သူမကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။

"ငါ့ရဲ့အနားက ဖယ်စမ်း... မင်းက သေတော့မှာကို ငါ့ကို လာပြီးတွယ်ကပ်မနေနဲ့..."

သူဌေးသားသည် ညစ်ပတ်သောအရာတစ်ခုကို ကိုင်တွယ်မိသွားသကဲ့သို့ သူ၏လက်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားလေ၏။

သူမ၏ ကံဆိုးမှုများ ကူးစက်ခံရပြီး နယ်မြေထဲသို့ သူ့ကိုလည်း ဆွဲခေါ်ခံရမည်ကို သူ အလွန်ထိတ်လန့်နေခဲ့သည်။ သေချာပေါက် သူ မသေချင်သေးချေ။

ဘဝကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနေရသူများသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုထဲသို့ ဝင်ရောက်ရန် အနည်းငယ်မျှ မလိုလားကြချေ။ ဆင်းရဲဒုက္ခရောက်နေသူများသာ ကံစမ်းရန်အတွက် ဝင်ရောက်ရန် စဉ်းစားတတ်ကြသည်။

လီပင်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားပြီး သူမ၏မျက်လုံးများ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသည်။ ထိုအချိန်၌ သူမက ချန်လန်ကို သတိရသွားသည်။

"ဒါက ဝဋ်လည်တာများလား..."

လီပင်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည်ကို သတိပြုမိသွားသည်။ ဤသည်မှာ နယ်မြေထဲသို့ ဝင်ရောက်ခြင်း၏ လက္ခဏာပင်။

လီပင်း၏ ခန္ဓာကိုယ် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက် သူမသည် နယ်မြေထဲသို့ ဝင်ရောက်သွားလေ၏။ သူမ ပျောက်ကွယ်သွားပြီးနောက် ထိုနေရာရှိ ရုတ်ရုတ်သဲသဲဖြစ်မှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

လူတိုင်းသည် ထိုကိစ္စကို ကြာမြင့်စွာကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးဖြစ်ရာ အစပိုင်းကကဲ့သို့ ထိတ်လန့်ခြင်း မရှိကြတော့ချေ။ မည်သို့ပင်ဆိုစေကာမူ တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများသည် ကူးစက်တတ်သောအရာများ မဟုတ်ဘဲ ကံကြမ္မာအပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။

...

သွေးရောင်လွှမ်းနေသော ထိတ်လန့်ဖွယ် လေဟာနယ်အတွင်း၌...

လီပင်း တဖြည်းဖြည်း ပုံပေါ်လာသည်။ မကြာမီ သူမသည် ငိုကြွေးသံများ၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကြောင့် ကျိန်ဆဲသံများနှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ကြားလိုက်ရလေ၏။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူဒါဇင်ပေါင်းများစွာသည် သူမနှင့်အတူ နယ်မြေထဲသို့ ဝင်ရောက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။

သူမနှင့်အတူ လူအများအပြား ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်၌ သူမသည် ရုတ်တရက် များစွာ စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။ အနည်းဆုံးအနေဖြင့် သူမ တစ်ယောက်တည်း သေဆုံးရမည်မဟုတ်ဘဲ လူအုပ်ကြီးနှင့်အတူ သေဆုံးရပေမည်။

"ဟင့်အင်း... ဘာလို့ ငါဖြစ်ရတာလဲ... ငါက အခုမှ လက်ထပ်ထားတာလေ... ငါ မသေချင်သေးဘူး... ငါ့ရဲ့မိန်းမကို မုဆိုးမ မဖြစ်စေချင်ဘူး..."

"ဒီထဲမှာ အဲ့ဒီလိုမဟုတ်တဲ့လူ ဘယ်သူရှိလို့လဲ... ငါ့မိန်းမက အခုမှ ယောကျာ်းလေး မွေးထားတာ... ငါက အဖေတစ်ယောက်အနေနဲ့တောင် မနေလိုက်ရသေးဘဲ ဒီထဲကို ဆွဲခေါ်ခံလိုက်ရပြီ..."

"အဖေ... အမေ... သား မသေချင်ဘူး... သားက အသက်ဆယ့်ကိုးနှစ်ပဲ ရှိသေးတာ..."

"ဟားဟားဟား... နောက်ဆုံးတော့ ငါ ဝင်လာနိုင်ပြီပဲ... ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်တော့မယ်..."

သူတို့အားလုံးသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူများဖြစ်ပြီး မည်သူမျှ ထိုနေရာတွင် မသေဆုံးချင်ကြသောကြောင့် ငိုယိုအော်ဟစ်နေကြခြင်းဖြစ်သည်။

လူအနည်းငယ်သာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြ၏။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရခဲ့ကြလေပြီ။ သူတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ဘဝတွင် အောင်မြင်သူများ ဖြစ်လာနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဤတစ်ကြိမ်တည်းသော အခွင့်အရေးအပေါ်တွင်သာ မူတည်နေသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ် နေပေးကြပါ... ငါက တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို တစ်ကြိမ် ရှင်းလင်းဖူးတယ်... တကယ်လို့ မင်းတို့ ငါ့ကို ယုံကြည်ရင် ငါပြောတာကို တိတ်တိတ်လေး နားထောင်ကြ..."

ထိုအချိန်၌ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက အသံနိမ့်နိမ့်ဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံတွင် ထူးခြားသော မှော်ဆန်မှုတစ်ခု ပါဝင်နေသကဲ့သို့ လူတိုင်းကို ချက်ချင်း တိတ်ဆိတ်သွားစေပြီး သူ့ထံသို့ လှည့်ကြည့်လာစေခဲ့သည်။

သူသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို တစ်ကြိမ် ရှင်းလင်းဖူးကြောင်း ကြားလိုက်ရချိန်၌ လူတိုင်း၏ မျက်လုံးများ တောက်ပသွားလေ၏။ ဤလူသည် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပင်။ သူ၏အကူအညီကိုသာ ရရှိပါက သူတို့အတွက် မျှော်လင့်ချက် ရှိနိုင်သည်။

လူအုပ်ကြီးထံမှ လေးစားအားကျသော အကြည့်များကို မြင်တွေ့ရသောအခါ ကျိုးထျန်ချန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူ လိမ်ညာနေခြင်း မဟုတ်ချေ။ အမှန်တကယ်ပင် သူသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတစ်ခုကို တစ်ကြိမ် ရှင်းလင်းခဲ့ဖူးသည်။ ဤသည်က အနိမ့်ဆုံး Cအဆင့်သာ ဖြစ်သည့်တိုင် သူသည် ဘက်ရှိနေရာရှိ တခြားမည်သူ့ထက်မဆို ပို၍စွမ်းဆောင်နိုင်စွမ်းရှိသည်။

သို့ရာတွင် ဤနယ်မြေသည် မည်ကဲ့သို့ အမျိုးအစားဖြစ်ကြောင်း သူ မသိသောကြောင့် သူထံ၌ ယုံကြည်မှုတော့ မရှိချေ။ အကယ်၍ Sအဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်ဖြစ်နေပါက သူတို့အားလုံး အကြွင်းမဲ့ သေဆုံးကြရမည်သာဖြစ်သည်။

【တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေမှ ကြိုဆိုပါတယ်... ငါက ဒီနယ်မြေရဲ့ စာမေးပွဲစစ်ဆေးသူ ဆာရာပါ...】

ဆာရာ၏ ပုံရိပ်သည် လေထဲတွင် ထွက်ပေါ်လာလေ၏။ ကျိုးထျန်ချန်မှလွဲ၍ ထိုနေရာရှိ ကစားသမားအားလုံး သူမကြောင့် လန့်ဖျပ်သွားကြသည်။

【ဒီတုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေက စမ်းသပ်နယ်မြေတစ်ခုပဲ... အဆင့်သတ်မှတ်ချက်မရှိသလို သေဆုံးမှုလည်း မရှိဘူး...】

ပထမစကားတစ်ဝက်ကို ကြားလိုက်ရချိန်၌ လူတိုင်း အူကြောင်ကြောင် ဖြစ်သွားကြသော်လည်း နောက်ဆုံးစကားလုံးများကို ကြားလိုက်ရသောအခါ သူတို့အားလုံး ချက်ချင်းဆိုသလိုပင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြသည်။

"ဘာ... သေဆုံးမှု မရှိဘူးဆိုပါလား..."

"ဟား ဟား ဟား... ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်... ငါ အသက်ရှင်ရက် ပြန်ထွက်လာနိုင်တော့မယ်...."

"မိန်းမရယ်... ကလေးတွေရယ်... ငါ ပြန်ထွက်လာမယ့်အချိန်ကို စောင့်နေကြနော်..."

ဤနယ်မြေ၌ သေဆုံးမှု မရှိချေ။

လီပင်းသည် ဝမ်းသာလွန်းသဖြင့် ငိုကြွေးလိုက်မိသည်။ သူမ ဤနေရာမှ အသက်ရှင်ရက် ထွက်ခွာနိုင်ပေမည်။

တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို ရှင်းလင်းဖူးသော တစ်ဦးတည်းသောသူဖြစ်သည့် ကျိုးထျန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။ ဤနယ်မြေတွင် သေဆုံးမှုမရှိဟု သူ လုံးလုံးလျားလျား မထင်မှတ်ထားခဲ့ချေ။ မည်သို့ ဖြစ်နိုင်မည်နည်း။

သူပါဝင်ခဲ့ဖူးသော Cအဆင့် နယ်မြေကပင် သူ့ကို သေလုမတတ် ဖြစ်စေခဲ့သည်။ ဤကဲ့သို့ နယ်မြေမျိုးက မည်သို့ တည်ရှိနိုင်မည်နည်း။

တစ်စုံတစ်ခုကမူ သေချာပေါက် မသင်္ကာစရာကောင်းနေသည်။

【ဒီနယ်မြေရဲ့ နာမည်က အထက်တန်းနောက်ဆုံးနှစ်ပဲ... မင်းတို့အားလုံးက ငါးလတိတိ စာသင်ရမယ်... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်းဝင်မှ ဆုလာဘ်တွေရရှိပြီး နယ်မြေထဲကနေ ထွက်ခွာနိုင်လိမ့်မယ်...】

အထက်တန်းနောက်ဆုံးနှစ်...

လူတိုင်း ချက်ချင်း ကြက်သေသေသွားကြလေ၏။ ဤသည်က မည်ကဲ့သို့ နယ်မြေမျိုးဖြစ်သနည်း....

ထို့ပြင် အထက်တန်းနောက်ဆုံးနှစ်ဆိုသည်မှာ ပျော်ရွှင်စွာ ကစားရန် မဟုတ်လော...

တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်း ဖြစ်သနည်း...

လူတိုင်းသည် အလွန်အမင်း စိတ်ရှုပ်ထွေးသွားကြသော်လည်း မေးခွန်းမမေးနိုင်မီ ဆာရာက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်ကို မြင်တွေ့လိုက်ရလေ၏။

【နယ်မြေ စတင်ပါပြီ...】

အချိန်တခဏအတွင်း ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြောင်းလဲသွားသည်။ နေရောင်ခြည်သည် တောက်ပနေပြီး နံရံများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် ကျောက်သင်ပုန်းတစ်ခု ထွက်ပေါ်လာကာ ထိုနေရာသည် အစစ်အမှန် စာသင်ခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အပြင်ဘက်ရှိ နေရောင်ခြည်ကို ကြည့်ရင်း လူတိုင်း တခဏကြာမျှ မိန်းမောသွားကြသည်။ ဤနေရာသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ ဖြစ်နေသေးသလော။

မည်သညိကြောင့် ဤမျှထိ နွေးထွေးနေရသနည်း...

ဒေါင်... ဒေါင်... ဒေါင်...

ထိုအချိန်၌ ကျောင်းခေါင်းလောင်းသံ ရုတ်တရက် မြည်ဟီးလာပြီး တံခါးဝမှ အေးစက်စက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေ၏။

"မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ... မနက်ခင်း စာကျက်ရမယ့်အချိန် ရောက်ပြီလေ... အားလုံး ကိုယ့်နေရာကိုယ် ပြန်သွားကြစမ်း..."

လူတိုင်း လန့်ဖျပ်သွားပြီး တံခါးပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဆံပင်ကို အမြင့်စည်းထားပြီး တင်ပါးကြပ်စကတ်နှင့် အနက်ရောင်ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသော လှပသည့် ဆရာမတစ်ဦး ရပ်နေသော်လည်း သူမ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပေ၏။

ကျိုးထျန်ချန်က ပထမဆုံး တုံ့ပြန်လိုက်သည်။ ဤအရာသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေအတွင်းရှိ သဘာဝလွန်အရာတစ်ခုပင်။

သူသည် အရှေ့ဘက်အနီးရှိ ခုံတစ်ခုံကို အမြန်ရှာ၍ ထိုင်လိုက်သည်။ ထိုအရာကို သတိပြုမိသွားသော တခြားသူများသည်လည်း အလျင်အမြန် လိုက်လံလုပ်ဆောင်ကြသည်။

မကြာမီ ခုံအားလုံး ပြည့်သွားပြီး တစ်ခုံမျှ လွတ်မနေတော့ချေ။ လီပင်းသည် နောက်ဆုံးတန်းတွင် ထိုင်နေပြီး ဆရာမကို ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့သည်။

"မနက်ခင်း စာကျက်ချိန် စပြီ... ဒီနေ့ ရွတ်ဆိုရမှာက 'တိတ်ဆိတ်သော ညယံက အတွေးများ' ဖြစ်တယ်... အားလုံးပဲ တရုတ်စာဖတ်စာအုပ်တွေကို ထုတ်ကြတော့..."

'တိတ်ဆိတ်သော ညယံက အတွေးများ...'

လူတိုင်း အူကြောင်ကြောင် ဖြစ်သွားကြသည်။

အဲ့ဒါက ဘာလဲ...

သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

ထို့ပြင် တရုတ်စာဖတ်စာအုပ်များကို မူလတန်းကျောင်းတွင်သာ သင်ကြားသည်မဟုတ်လော။ အထက်တန်းနောက်ဆုံးနှစ်တွင် ဤအရာကို သူတို့ မည်သည့်အချိန်က သင်ကြားခဲ့ရသနည်း။

သူတို့ နားမလည်နိုင်သော်လည်း သူတို့၏စားပွဲခုံများအောက်သို့ လက်နှိုက်ကြည့်လိုက်ကြသည်။ သူတို့ ထင်သည့်အတိုင်းပင် အတွင်း၌ တရုတ်စာဖတ်စာအုပ်တစ်အုပ်ကို တွေ့ရှိလိုက်ရသည်။ ထိုစာအုပ်ကို ဆွဲထုတ်လိုက်ချိန်၌ သူတို့ အံ့အားသင့်သွားကြ၏။

【အထက်တန်းနောက်ဆုံးနှစ် တရုတ်စာဖတ်စာအုပ်】

ထိုအရာပေါ်တွင် နွေးထွေးပြီး လှပသော အရောင်အသွေးစုံလင်သည့် သရုပ်ဖော်ပုံများ ပါရှိပြီး အောက်ခြေတွင် စာသားအသေးလေးတစ်ကြောင်း ရှိနေသည်ကို သူတို့ မကြာမီ သတိပြုမိလိုက်ကြသည်။

【ထုတ်ဝေသူ - ချန်လန်】

ချန်လန်ဆိုတာ ဘယ်သူလဲ...

ထိုနာမည်ကို မြင်လိုက်ရချိန်၌ လီပင်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွားလေ၏။ သူမက အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ချန်လန် ဘယ်လိုမှ မဖြစ်နိုင်ဘူး... နာမည်တူတဲ့ တခြားလူတစ်ယောက်ပဲ ဖြစ်ရမယ်..."

မည်သို့ ချန်လန်ဖြစ်နိုင်မည်နည်း။ သူသည် ကင်ဆာရောဂါ နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ ရက်အနည်းငယ်ကြာလျှင် သူသည် အရေးပေါ်ခန်းသို့ အပို့ခံရမည်ဖြစ်ပြီး သေဆုံးသွားပြီဟု ကြေညာခံရပေမည်။

သူ ဖြစ်ရန် လုံးလုံးလျားလျား မဖြစ်နိုင်ချေ။

"ကဲ... စာမျက်နှာ ၃၄ ကိုလှန်ပြီး 'တိတ်ဆိတ်သော ညယံက အတွေးများ' ကို အသံထွက်ပြီး ဖတ်ကြ..."

ဆရာမ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

လူတိုင်းသည် စာမျက်နှာ ၃၄ သို့ အလျင်အမြန် လှန်လိုက်ပြီး ကဗျာကို မြင်လိုက်ရသည်။ ဤကဗျာကို သူတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသောကြောင့် ပို၍ပင် အံ့အားသင့်သွားကြ၏။

ဤကဗျာသည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေအတွက် သီးသန့်ဖြစ်နေသလော...

ဤနေရာရှိ အသိပညာများသည် သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော အရာများ ဖြစ်နေသလော။ ထိုသို့ဆိုလျှင် ဤနယ်မြေ၏ ရည်ရွယ်ချက်က အတိအကျ မည်သည့်အရာဖြစ်သနည်း။

သူတို့ကို အမှန်တကယ်ပင် စာသင်စေပြီးနောက် နယ်မြေထဲမှ ဘေးကင်းစွာ ထွက်ခွာခွင့်ပေးမည်လော...

နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်အတွင်း၌ ဆာရာသည် မနက်ခင်း စာကျက်နေကြသော လူတိုင်းကို စောင့်ကြည့်နေပြီး ချန်လန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်၏။

"ဒီလိုနည်းနဲ့ အနုတ်လက္ခဏာစွမ်းအင်တွေကို တကယ် စုဆောင်းနိုင်မယ်ဆိုတာ မင်း သေချာရဲ့လား..."

ဤမြင်ကွင်းသည် မည်သို့ပင် ကြည့်စေကာမူ အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိနေပုံရသည်။ အနုတ်လက္ခဏာစွမ်းအင်များကို စုဆောင်းနိုင်မည်ဆိုသည်မှာ သေချာသလော။

ချန်လန်က အေးစက်စက် ရယ်မောလိုက်သည်။

"အရမ်း အလောတကြီး မလုပ်ပါနဲ့... ဒါက အစပဲ ရှိသေးတယ်... ဘယ်ငရဲကမှ အစကတည်းက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသလေ့မရှိဘူးလေ..."

နာကျင်မှုကို အမြင့်ဆုံးရောက်စေရန် အဆင့်ဆင့် မိတ်ဆက်ပေးရပေမည်။

All Chapters