အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) ရပ်မယ်... မင်းတို့ဘဝတွေက ရပ်တန့်လို့ရလို့လား
စာသင်ခန်းအတွင်း၌...
မနက်ခင်း စာကျက်ချိန် စတင်ခဲ့သည်မှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လူတိုင်းသည် သူတို့၏ပါးစပ်နှင့် လည်ချောင်းများ ခြောက်သွေ့လာသည်ကို ခံစားနေရသည်။
ထိုအချိန်အတွင်း သူတို့သည် ရေတစ်ပေါက်မျှ မသောက်ရသေးသလို ရပ်တန့်ခြင်းလည်း မရှိခဲ့ချေ။ အကယ်၍ သူတို့သာ ရပ်တန့်လိုက်ပါက ပြင်းထန်သော ပြစ်ဒဏ်ကို ခံရပေမည်။
"ဘယ်သူက မင်းတို့ကို ရပ်ဖို့ပြောလို့လဲ..."
ဖြန်း...
တစ္ဆေဆရာမသည် ပေတံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး အမျိုးသားတစ်ဦး၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ အနီရောင်အရာတစ်ခု ထင်ကျန်ရစ်ပြီး ထိုလူသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားလေ၏။ သို့သော် သူသည် ဒေါသမထွက်ရဲဘဲ အံကြိတ်ကာ မနက်ခင်း စာကျက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ရသည်။
"ဆရာမ... သမီး ရေဆာလွန်းလို့ သေတော့မယ်... ခဏလောက် ရပ်လို့ရမလား..."
အမျိုးသမီးတစ်ဦးက တစ္ဆေဆရာမကို ကြည့်ကာ တောင်းပန်လိုက်သည်။
တစ်နာရီကြာအောင် စာဖတ်ပြီးနောက် မည်သည့်လူသားမဆို ရေဆာမည်သာဖြစ်သည်။
ဖြန်း...
သူမ ပြန်လည်ရရှိလိုက်သော အဖြေမှာ ပေတံဖြင့် ရိုက်နှက်ခံရခြင်းဖြစ်ပြီး သူမအား နာကျင်စွာ အော်ဟစ်သွားစေသည်။
"ရပ်မယ်... မင်းတို့ဘဝတွေက ရပ်တန့်လို့ရလို့လား... တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငါးလပဲ ကျန်တော့တယ်... အခု မင်းတို့ရဲ့ အမှတ်တွေက အရမ်းကိုစုတ်ပြတ်သတ်နေတာပဲ... မနက်ခင်း စာကျက်ချိန်မှာတောင် မင်းတို့က လေးကန်နေကြတယ်... တကယ်လို့ မင်းတို့ကို အခုချိန်မှာ စာမေးပွဲဖြေခိုင်းလိုက်ရင် မင်းတို့ သုညပဲ ရလိမ့်မယ်..."
"ဘေးခန်းက အတန်းကို ကြည့်စမ်း... အခုချိန်အထိ သူတို့ စာဖတ်နေကြတုန်းပဲ... သူတို့အသံတွေက မင်းတို့ထက် အများကြီး ပိုကျယ်တယ်... မင်းတို့အားလုံးက အိပ်ရာမနိုးသေးတဲ့ပုံစံတွေချည်းပဲ... အားလုံး ဖတ်ကြ... အသံကျယ်ကျယ်နဲ့ ဖတ်ကြစမ်း... ငါက ရပ်ဖို့မပြောမချင်း ဘယ်သူမှ ရပ်ခွင့်မရှိဘူး..."
"တက္ကသိုလ်ဝင်တန်းစာမေးပွဲက မကြာခင် ရောက်လာတော့မယ်... အခု အချိန်ဖြုန်းနေတာက မင်းတို့ရဲ့ဘဝကို ဖြုန်းတီးနေတာပဲ... မင်းတို့ရဲ့ တည်ရှိမှုကို ဖြုန်းတီးနေတာပဲ... မိဘတွေက မင်းတို့ကို ကျောင်းထားဖို့ ပိုက်ဆံတွေ အကုန်ခံခဲ့ရတာနဲ့ တန်ရဲ့လား... ဆရာ ဆရာမတွေ နေ့ရောညပါ ပင်ပန်းဆင်းရဲခံပြီး သင်ပြပေးနေတာနဲ့ တန်ရဲ့လား..."
"ကိုယ့်လိပ်ပြာကိုယ် ပြန်မေးကြည့်ကြ... မင်းတို့ကိုယ်မင်းတို့ ခွင့်လွှတ်နိုင်ရဲ့လား..."
တစ္ဆေဆရာမ၏ စကားများကို ကြားရသောအခါ လူတိုင်းသည် စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။ နံဘေးခန်းတွင် တခြားအတန်းတစ်တန်းက မည်သည့်နေရာ၌ ရှိနေသနည်း။ သူတို့သာ ရှိပေ၏။
ထို့ပြင် သူတို့သည် ဤနေရာသို့ လာရောက်သင်ယူလို၍ မဟုတ်ဘဲ အတင်းအကျပ် ခေါ်ဆောင်ခံရခြင်းသာဖြစ်သည်။
သို့သော် သူတို့သည် ဒေါသထွက်နေသော်လည်း ဖွင့်ဟမပြောဆိုရဲဘဲ အံကြိတ်ကာ စာဆက်ကျက်နေခဲ့ရသည်။
ထိုအချိန်တွင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို ယခင်က ရှင်းလင်းဖူးသော တစ်ဦးတည်းသောသူဖြစ်သည့် ကျိုးထျန်ချန်သည် အလွန်အမင်း သတိဝီရိယရှိနေခဲ့ပေ၏။ ဤနယ်မြေသည် အလွန်ထူးဆန်းနေကြောင်း သူ အဆက်မပြတ် ခံစားနေရသည်။ ဤသည်က အမှန်တကယ်ကို အသက်အန္တရာယ် ခြိမ်းခြောက်မှု လုံးလုံးလျားလျား မရှိခြင်း ဖြစ်နိုင်မည်လော။
နောက်ထပ် တစ်နာရီ ကုန်လွန်သွားခဲ့သည်။ လူတိုင်း၏ နှုတ်ခမ်းများ ဖြူရော်လာပြီး လည်ချောင်းများ အက်ကွဲလာသည်။ သူတို့၏မနက်ခင်း စာကျက်သံမှာ အလွန်အမင်း အားနည်းလာသော်လည်း တစ္ဆေဆရာမ၏ ဖိအားအောက်တွင် သူတို့သည် အတင်းအကျပ် ဆက်လက်၍ စာဖတ်နေရုံမှတပါး တခြားရွေးချယ်စရာ မရှိခဲ့ချေ။
အပြင်ဘက်တွင် စောင့်ကြည့်နေသော ဆာရာသည် အလွန်အမင်း ပြုံးရွှင်နေပေ၏။
"ချန်လန်... နင်က ဥာဏ်ကြီးရှင်ပဲ... ငါ အနုတ်လက္ခဏာစွမ်းအင် အမှတ်သုံးရာတောင် စုဆောင်းရရှိနေပြီ... ဒီလူတွေက နာကြည်းမှုတွေကို စတင်ပြီး ထုတ်လုပ်နေကြပြီ..."
တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေတွင် နှစ်နာရီမျှသာ ကြာမြင့်သေးသော်လည်း အနုတ်လက္ခဏာစွမ်းအင် အမှတ်သုံးရာ စုဆောင်းရရှိလိမ့်မည်ဟု သူမ လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ချေ။
ယခင်က သူမ ရှာဖွေခဲ့သော ဖန်တီးသူများသည် လူအများအပြားကို သေဆုံးစေခဲ့လျှင်ပင် နောက်ဆုံးတွင် အနုတ်လက္ခဏာစွမ်းအင် နှစ်ထောင် သို့မဟုတ် သုံးထောင်မျှသာ ရရှိခဲ့ကြောင်း သိထားသင့်ပေ၏။
သို့သော် ယခုအချိန်၌ ဤလူများသည် မသေဆုံးသေးဘဲနှင့်ပင် ဤမျှများပြားသော နာကြည်းမှုများကို ထုတ်လုပ်နေကြလေပြီ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူတို့၏ နာကြည်းမှုများ ပို၍ကြီးထွားလာပေမည်။ သူမအနေဖြင့် သူတို့ကို သတ်ဖြတ်ရန်ပင် မလိုတော့ချေ။ အနုတ်လက္ခဏာစွမ်းအင်များကို အဆက်မပြတ် ထုတ်လုပ်နိုင်ရန် သူတို့ကို ထပ်ခါတလဲလဲ အသုံးပြုနိုင်ပေသည်။
ဤလူငယ်သည် လုံးလုံးလျားလျား ဉာဏ်ကြီးရှင်ပင်။
ဤအချက်ကို ယခင်က မည်သည်ကြောင့် သူမ မစဉ်းစားမိခဲ့သနည်း။ များပြားသော အနုတ်လက္ခဏာစွမ်းအင်များကို စုဆောင်းရန် လူသတ်ရန် မလိုအပ်ကြောင်း ပေါ်လွင်နေသည်။ ချန်လန်သည် အမှန်တကယ်ကို ဉာဏ်ကြီးရှင်တစ်ဦးပင်။
ချန်လန်က အေးစက်စက် ရယ်မောလိုက်သည်။
"ဒါက အစပဲ ရှိသေးတယ်... အစစ်အမှန် နာကျင်မှုက လာတော့မှာ..."
...
မနက်ခင်း စာကျက်ချိန် နှစ်နာရီ ကုန်လွန်သွားခဲ့သည်။
"မနက်ခင်း စာကျက်ချိန် ပြီးပြီ..."
တစ္ဆေဆရာမက ရုတ်တရက် ပြောဆိုလိုက်သည်။ ဤစကားကို ကြားလိုက်ရချိန်၌ လူတိုင်းသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် နောက်ထပ် တစ်ခါမျှ ပြန်မကြည့်ချင်တော့သော တရုတ်ဖတ်စာအုပ်များကို ချထားလိုက်ပြီး ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်ကြ၏။
နောက်ဆုံးတော့ ပြီးသွားပြီပဲ...
"မင်းတို့အားလုံး စာကျက်နေတာ ဒီလောက်တောင် ကြာပြီဆိုတော့ ဒီကဗျာကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ကြမယ်လို့ ဆရာမ ယုံကြည်တယ်... ကိုယ့်ရဲ့ နားလည်မှုကို ရှေ့ထွက်ပြီး မျှဝေချင်တဲ့သူ ရှိလား..."
ဤစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။၊
အပြန်အလှန် ဆွေးနွေးတဲ့ အစီအစဉ်လည်း ရှိသေးတာလား။
သို့သော် မည်သူမျှ ရှေ့သို့ မထွက်ချင်ကြချေ။ ဤသည်မှာ နောက်ထပ် ဘာဖြစ်လာမည်ကို သူတို့ မသိသောကြောင့်ပင်။
"ဘယ်သူမှ ရှေ့မထွက်ချင်ကြဘူးဆိုတော့ နာမည်ခေါ်မယ်... လီပင်း..."
သူမ၏နာမည်ကို ကြားလိုက်ရချိန်၌ နောက်ဆုံးတန်းတွင် ထိုင်နေသော လီပင်းသည် ပြင်းထန်စွာ တုန်ရီသွားလေ၏။ သူမသည် တစ္ဆေဆရာမကို ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ တစ်ဖက်လူက သူမကို ပြုံးပြနေသည်အား မြင်တွေ့လိုက်ရသည်။
"ရှေ့ထွက်လာခဲ့... 'တိတ်ဆိတ်သော ညယံက အတွေးများ' ကို မင်း ဘယ်လိုနားလည်လဲဆိုတာ ပြောပြပါ..."
လီပင်းသည် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း အတင်းအကြပ်အားယူ၍ မတ်တပ်ရပ်ကာ စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ရသည်။ လူတိုင်းက သူမကို သနားကြင်နာသော အကြည့်များဖြင့် ကြည့်နေကြ၏။
ဖတ်စာအုပ်ကို ကိုင်ဆောင်ထားသော လီပင်းသည် တစ္ဆေဆရာမ၏နံဘေးတွင် ကြောက်ရွံ့စွာ မတ်တတ်ရပ်နေခဲ့သည်။ ဆရာမ၏အပြုံးကို မြင်လိုက်ရချိန်၌ သူမသည် ကြက်သီးထသွားပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားလေ၏။
"သမီး... သမီး မသိပါဘူး..."
အခြေအနေသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လီပင်းက စကားဆိုလိုက်သည်။ သူမ အမှန်တကယ်ပင် ဘာမျှမသိချေ။ လွန်ခဲ့သော နှစ်နာရီအတွင်း သူမသည် စက်ရုပ်တစ်ရုပ်ကဲ့သို့သာ စာဖတ်နေခဲ့ပြီး မည်သည့်အရာကိုမျှ နားလည်ရန် မကြိုးစားခဲ့ချေ။
"အသုံးမကျတဲ့ကောင်မ..."
ဖြန်း...
ပေတံဖြင့် လီပင်း၏ လက်ဖမိုးကို ရိုက်ချလိုက်သဖြင့် သူမက နာကျင်စွာ အော်ဟစ်လိုက်သည်။
"ကိုယ့်နေရာကိုယ် ပြန်သွား... ပြီးတော့ ဒီကဗျာကို အခေါက်တစ်ရာ ကူးရေးစမ်း..."
ဤပြစ်ဒဏ်ကို ကြားလိုက်ရချိန်၌ လူတိုင်း အံ့အားသင့်သွားကြသည်။
ကဗျာကူးရေးရုံလေးပဲလား...
ဤသည်က အလွန်လွယ်ကူလွန်းနေသည်။ ခြေလက်များ ကျိုးပဲ့သွားမည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေ၏။
လီပင်းလည်း အံ့အားသင့်သွားပြီး စိတ်သက်သာရာရသွားသော ခံစားချက်ဖြင့် သူမ၏ နေရာသို့ အမြန်ပြေးပြန်သွားခဲ့သည်။ သူမသည်လည်း ဤကဲ့သို့ ပြစ်ဒဏ်မျိုး ဖြစ်လာမည်ကို ထင်မှတ်မထားခဲ့ချေ။ သေခြင်းတရားမဟုတ်သရွေ့ ကြောက်စရာ ဘာမျှမရှိချေ။
"အားလုံးပဲ အခေါက်တစ်ရာ ကူးရေးရမယ်... မနက်ဖြန်မနက် ဆရာမ စစ်မယ်... ကဲ... အခု အတန်းစပြီ..."
တစ္ဆေဆရာမ၏ အသံသည် အလွန်တရာ အေးစက်နေသော်လည်း လူတိုင်းက အလေးအနက် မထားခဲ့ကြချေ။ ဤသည်က ကဗျာကူးရေးရုံသာ ဖြစ်သောကြောင့် ကြောက်စရာ မလိုချေ။
တခြားသော တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများနှင့် နှိုင်းယှဉ်လျှင် ဤပြစ်ဒဏ်မှာ ကလေးကစားစရာသာ ဖြစ်သည်။
ပထမဆုံးအတန်းအဖြစ် တရုတ်စာသင်တန်း စတင်ချိန်တွင် တစ္ဆေဆရာမသည် အထက်တန်းပထမနှစ်နှင့် ဒုတိယနှစ်မှ အသိပညာများကို စတင်သင်ကြားပေးလေ၏။ လူတိုင်းသည် အူကြောင်ကြောင်ဖြင့် နားထောင်နေကြသော်လည်း အနည်းငယ် နားလည်နိုင်ဆဲပင်။
ဤအတန်းက မည်မျှထိ ကြာကြာ သင်ကြားခဲ့သည်ကို မည်သူမျှ မသိကြချေ။ လူတိုင်း၏ စိတ်ဓာတ်များ ပင်ပန်းနွမ်းနယ်လာကြသည်။ လူတချို့သည် အိပ်ချင်နေသော်လည်း ရိုက်နှက်နှိုးဆော်ခံရပြီး အတန်းပြီးဆုံးသည်အထိ နာကျင်မှုကို အံ့ကြိတ်ခံကာ သည်းခံနေကြရပေ၏။
တစ္ဆေဆရာမက အတန်းပြီးဆုံးကြောင်း ကြေညာလိုက်ချိန်၌ သူတို့သည် အိပ်မက်ဆိုး ပြီးဆုံးသွားပြီဟု ထင်မှတ်ကာ ချက်ချင်းဆိုသလိုပင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြသည်။
"ရေသောက်ဖို့နဲ့ အိမ်သာသွားဖို့ နှစ်မိနစ် အချိန်ပေးမယ်..."
'နှစ်မိနစ်' ဟူသော စကားကို ကြားလိုက်ရချိန်၌ လူတိုင်းသည် အပြင်သို့ ရူးသွပ်စွာ ပြေးထွက်သွားကြပြီး ရေသန့်စက်နှင့် အိမ်သာများကို ရှာဖွေကြ၏။ သို့သော် သူတို့ ရေအနည်းငယ်မျှ သောက်၍မပြီးမီ သို့မဟုတ် အိမ်သာသုံး၍ တစ်ဝက်ပင် မရောက်သေးမီမှာပင် သူတို့သည် ထိုအိပ်မက်ဆိုးများ ပြည့်နှက်နေသော စာသင်ခန်းထဲသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားကြသည်။
"ကဲ... အတန်းစပြီ..."
နောက်ထပ်တစ်ခါလား...
လူတိုင်း ပြိုလဲလုမတတ် ခံစားလိုက်ရသည်။ သူမက နှစ်မိနစ်ဟု ပြောသောအခါ တကယ်ပင် နှစ်မိနစ်သာ ဖြစ်ပြီး တစ်စက္ကန့်မျှ ပို၍ခွင့်ပြုခြင်း မရှိခဲ့ချေ။
ဒုတိယအတန်း စတင်ချိန်တွင် တချို့လူများသည် ဆီးအိမ်ကွဲထွက်မတတ် ဆီးအောင့်ထားရပေ၏။ လူတစ်ဦးက သတ္တိမွေးကာ စကားပြောလိုက်သည်။
"ဆရာမ... ကျွန်တော် အိမ်သာသွားချင်လို့ပါ..."
ဖောင်း...
သူ့ကို တုံ့ပြန်လိုက်သောအရာမှာ မြေဖြူခဲတစ်ခဲဖြစ်ပြီး ဤသည်က သူ၏ခေါင်းကို ချက်ချင်းထိမှန်ကာ သွေးထွက်သွားစေခဲ့သည်။
"ဆရာကို လေးစားရမယ်ဆိုတာ မင်း နားလည်လား... ဆရာမ စာသင်နေတုန်း မေးစရာရှိရင် လက်ညှိုးထောင်ရတယ်... မင်းမှာ ယဉ်ကျေးမှု လုံးဝမရှိဘူးပဲ... ပြီးတော့ စောစောကမှ ငါ မင်းတို့ကို နှစ်မိနစ် အချိန်ပေးထားတာ မဟုတ်ဘူးလား... ဘာလို့ မသွားခဲ့တာလဲ... အတန်းစစချင်း အိမ်သာသွားချင်တယ်ပေါ့... အားလုံး အောင့်ထားကြ... ဘယ်သူမှ သွားခွင့်မရှိဘူး..."
တစ္ဆေဆရာမ၏ ဆူပူကြိမ်းမောင်းမှုကြောင့် လူတိုင်းသည် ခေါင်းငုံ့ထားကြပြီး ကြောက်လန့်လွန်းသဖြင့် စကားမပြောရဲကြချေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ လူတိုင်းသည် ဆင်းရဲဒုက္ခရောက်နေကြပြီး ဆရာမ၏ သင်ကြားမှုများကို အတင်းအကြပ် နားထောင်နေရပေ၏။ အစပိုင်းတွင် သူတို့သည် ဘာမျှမသိခဲ့ရာမှ ယခုအချိန်၌ အနည်းငယ် နားလည်လာကြလေပြီ။
တစ္ဆေဆရာမက အတန်းပြီးဆုံးကြောင်း ကြေညာလိုက်ချိန်၌ လူတိုင်း ပြေးထွက်သွားကြ၏။ ရေသောက်လိုသူများက ရေသောက်ကြပြီး အိမ်သာသွားလိုသူများက အိမ်သာသွားကြကာ တစ်စက္ကန့်မျှ အချိန်မဖြုန်းရဲကြချေ။
နှစ်မိနစ် ကုန်လွန်သွားသောအခါ သူတို့ စာသင်ခန်းထဲသို့ ပြန်ရောက်လာကြသည်။
"ဆရာမက အတန်းနှစ်ချိန် စာသင်ပြီးပြီဆိုတော့ မင်းတို့အားလုံး အများကြီး သင်ယူနိုင်ခဲ့မယ်လို့ ယုံကြည်တယ်... ဒါကြောင့် ဒီအတန်းမှာ စာမေးပွဲ စစ်မယ်... အားလုံး ဖြေရမယ်... အောင်မှတ်က ခြောက်ဆယ်ဖြစ်ပြီးတော့ ကျတဲ့သူတွေက မေးခွန်းလွှာငါးစုံ ထပ်ဖြေရမယ်..."
စာမေးပွဲ စစ်မယ်...
စာမေးပွဲမေးခွန်းလွှာများဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။
ဤသည်က အဆင်ပြေသေးပြီး အနည်းဆုံးအနေဖြင့် မနက်ခင်း စာကျက်ချိန်ထက် ပိုကောင်းပေမည်။