← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) ဒါက အဆောင်လား... မဟုတ်ဘူး... ဒါက အကျဉ်းထောင်ပဲ

စုဆောင်းရရှိထားသော အနုတ်လက္ခဏာစွမ်းအင် တစ်ထောင်ကို ရေတွက်ရင်း ဆာရာသည် ငွေမက်သူလေးတစ်ဦးကဲ့သို့ ပါးစပ်ဖြဲကာ ပြုံးရွှင်နေလေ၏။

"နေ့တစ်ဝက်လောက်ပဲ ရှိသေးတဲ့ အချိန်လေးအတွင်းမှာ တစ်ထောင်တောင် စုဆောင်းနိုင်ခဲ့ပြီ... ဒါက SSSအဆင့် နယ်မြေမှာပဲ ဖြစ်နိုင်တဲ့ကိစ္စမျိုးလေ... နယ်မြေအဆင့်သတ်မှတ်ချက် ထွက်လာတာနဲ့ ငါ ရာထူးတိုးပြီး လစာတိုးရတော့မှာပဲ..."

ဆာရာသည် ရာထူးနှင့် လစာတိုးပြီးနောက် သူမ၏ ဘဝအကြောင်းကို စိတ်ကူးယဉ်လာခဲ့သည်။

သို့သော် ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူမသည် ချန်လန်ဘက်သို့ လှည့်ကြည့်လိုက်၏။ အကယ်၍ SSSအဆင့် နယ်မြေတစ်ခုအတွက် အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာပါက ချန်လန်သည် တခြားစီမံခန့်ခွဲသူများကြားတွင် သေချာပေါက် နာမည်ကြီးလာပေမည်။ ထိုလူများက သူ့ကို လုယူရန် ကြိုးစားလာပါက သူမအတွက် အခွင့်အရေး များများစားစား ရှိမည်မဟုတ်ဟု သူမ တွေးလိုက်မိသည်။

ချန်လန်၏ မျက်နှာသာပေးမှုကို ရယူနိုင်ရန်နှင့် သူ၏သဘောဆန္ဒအလျောက် ဆက်နေစေရန်အတွက် နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။

ဤအချိန်၌ ဆာရာ မည်သို့ကြံစည်နေကြောင်း ချန်လန် လုံးလုံးလျားလျား မသိရှိခဲ့ချေ။ သူသည် နယ်မြေကို စူးစိုက်ကြည့်နေပြီး ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် နာကျင်စွာ ရှုံ့မဲ့နေသော လီပင်း၏ မျက်နှာကို ကြည့်ရင်း အလွန်အမင်း စိတ်ကျေနပ်နေသည်။

...

နေ့လယ်ခင်းအတန်းများအားလုံးသည် တရုတ်စာပေအတန်းများ ဖြစ်သည်။ နေ့လယ်နှစ်နာရီမှ ညနေခြောက်နာရီအထိ လေးနာရီတိတိ သင်ယူရသဖြင့် လူတိုင်းသည် ဆာလောင်လွန်းသဖြင့် ခေါင်းများပင် မူးဝေနေကြ၏။

"ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး... အတန်းသာ မြန်မြန်မပြီးရင် ငါ ငတ်သေတော့မှာပဲ..."

ကောင်လေးတစ်ယောက်က မူးဝေပြီး ဆာလောင်မှုဒဏ်ကို မခံနိုင်တော့ဘဲ ပြောဆိုလိုက်သည်။ တခြားသူများလည်း အလားတူ ခံစားနေကြရသည်။ မည်သူမျှ ဘာမှမစားရသေးသလို အိမ်သာပင် မသွားရသေးချေ။ သူတို့၏ ဆီးအိမ်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော်လည်း ဆရာမ စာသင်သည်ကို အတင်းအကျပ် နားထောင်နေရသည်။

ဒေါင်... ဒေါင်... ဒေါင်...

ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာချိန်၌ လူတိုင်းသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကြ၏။ ဤသည်မှာ တစ်နေ့တာ ကုန်ဆုံးသွားပြီဖြစ်ပြီး နောက်ဆုံးတွင် သူတို့ ထမင်းစားကာ အနားယူနိုင်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

"အတန်းပြီးပြီ... ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်က ရှစ်နာရီမှာ စမယ်..."

ထိုသို့ပြောဆိုပြီးနောက် တစ္ဆေဆရာမသည် ပျောက်ကွယ်သွားရာ လူတိုင်း အံ့အားသင့်စွာဖြင့် ကျန်ရစ်ခဲ့လေ၏။

"ဘာ... ရှစ်နာရီမှာ ညပိုင်း ကိုယ်ပိုင်စာကျက်ချိန် ရှိသေးတယ်ပေါ့... ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ဆိုတာ သောက်ကျိုးနည်း ဘာကြီးလဲ..."

"မဖြစ်နိုင်တာ... ငါတို့က ရှစ်နာရီမှာ တကယ်ကြီး အတန်းတက်ရဦးမှာလား... ဒါက ငါတို့ဆီက အချိန်တွေကို အကုန်လုံး ညှစ်ထုတ်နေတာ မဟုတ်ဘူးလား... ထောင်ထဲ ရောက်နေတာနဲ့ ဘာကွာတော့လို့လဲ..."

"ဒါက ဘယ်လို အထက်တန်းနောက်ဆုံးနှစ်မျိုးလဲ... ငါ အထက်တန်းနောက်ဆုံးနှစ်တုန်းက ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ဆိုတာ လုံးဝမရှိခဲ့ဘူး... ခြောက်နာရီ ကျောင်းဆင်းတာတောင် နောက်ကျနေပြီလို့ သတ်မှတ်ကြတာ... အတန်းတွေ ထပ်ရှိသေးတယ်ဆိုတော့... ဒါက ငရဲသက်သက်ပဲ..."

သူတို့သည် တစ်နေကုန် အတန်းတက်ခဲ့ရပြီး ယခု ညပိုင်းတွင်လည်း အတန်းဆက်တက်ရပေမည်။ ဤအရာနှင့် အကျဉ်းထောင်သည် မည်သို့ကွာခြားသနည်း။ တကယ်တမ်းဆိုရလျှင် အကျဉ်းထောင်တွင် အနည်းဆုံးအနေဖြင့် အစာကျွေးသေးသည်။ သူတို့ကမူ ယခုအထိ ထမင်းတစ်နပ်မျှပင် မစားရသေးချေ။

"အခုချိန်မှာ အဲ့ဒါတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ... မြန်မြန်သွားပြီး ထမင်းစားရအောင်..."

လူတစ်ဦးက အော်ဟစ်လိုက်ရာ လူတိုင်းသည် ဆာလောင်နေသော ဝံပုလွေများအလား ကန်တင်းဆီသို့ ပြေးထွက်သွားကြ၏။

ဤတစ်ကြိမ် သူတို့ ကန်တင်းသို့ ရောက်ရှိချိန်၌ ထမင်းခပ်သည့် ဇွန်းကြီးများကို ကိုင်ဆောင်ကာ သူတို့ကို စောင့်ဆိုင်းနေသော တစ္ဆေအဒေါ်ကြီးတချို့ကို မြင်တွေ့လိုက်ရသည်။ သူတို့ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားကြသည်။ နောက်ဆုံးတော့ သူတို့ ထမင်းစားရတော့ပေမည်။

သူတို့သည် ပြတင်းပေါက်များတွင် တန်းစီရန် တစ်ယောက်ပြီးတစ်ယောက် ပြေးသွားကြ၏။ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်၊ ကြက်ပေါင်ကြော်၊ ငရုတ်ပွနှင့် အမဲသားကြော်၊ ဂေါ်ဖီထုပ်ကြော်တို့ကို ကြည့်ရင်း သူတို့ သွားရည်ကျလာကြသည်။

"အဒေါ်... သမီး အသားပိုလိုချင်တယ်..."

လီပင်းသည် ပထမဆုံး တန်းစီနေသူဖြစ်ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ရတာပေါ့..."

အဒေါ်ကြီးသည် ဇွန်းကြီးကို ယူ၍ ခပ်လိုက်သည်။ ထိုအရာမှာ အမဲသား အပြည့်တစ်ဇွန်းဖြစ်ပြီး လီပင်းကို မျှော်လင့်ချက်ဖြင့် တံတွေးမြိုချသွားစေခဲ့လေ၏။ သို့သော် နောက်တစ်စက္ကန့်တွင် အဒေါ်ကြီး၏ လက်သည် သွက်ချာပါဒရောဂါသည်ကဲ့သို့ ပြင်းထန်စွာ တုန်ယင်လာသည်။ ထိုအမဲသား အပြည့်တစ်ဇွန်းသည် လေးငါးတုံးခန့်သာ ကျန်ရှိသည်အထိ တုန်ခါသွားသည်။

'ခလောက်' ဟူသော အသံနှင့်အတူ သူမသည် ထိုအရာများကို ပန်းကန်ထဲသို့ ထည့်လိုက်ရာ ငရုတ်ပွပုံကြီးနှင့် အမဲသားလေးတုံးသာ ပါဝင်သည်။ ဤသည်မှာ ငရုတ်ပွသီးပုံထဲတွင် အမဲသားကို လိုက်ရှာရသည်နှင့် လုံးလုံးလျားလျား ခြားနားခြင်း မရှိချေ။

လီပင်းသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။ သူမက အလျင်အမြန် ပြောလိုက်သည်။

"အဒေါ်... လက်တုန်တာကို ရပ်လို့မရဘူးလား..."

သို့သော် အဒေါ်ကြီးက သူမကို လျစ်လျူရှုကာ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ကို ဆက်ခပ်လေ၏။ သူမ၏လက်သည် ယခင်အတိုင်း တုန်ယင်နေခဲ့ပြီး နောက်ဆုံးတွင် ပန်းကန်ထဲသို့ ထည့်လိုက်ချိန်၌ အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

ကြက်ပေါင်မှာလည်း အလွန်သေးငယ်သော ကြက်ပေါင်လေးတစ်ချောင်းသာ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမ၏လက် မတုန်ခဲ့ချေ။ အကယ်၍သာ လက်တုန်ခဲ့ပါက ဘာမျှကျန်ရှိတော့မည် မဟုတ်ပေ။

နောက်ဆုံး ဂေါ်ဖီထုပ်ကြော်မှာလည်း လက်တုန်ခြင်းဒဏ်ကို ခံလိုက်ရပြီး ဂေါ်ဖီဖတ်အနည်းငယ်သာ ကျန်ရှိတော့လေ၏။

နောက်ဆုံးတွင် ထမင်းဖြူတစ်ဇွန်းကို အပေါ်မှ ပုံချလိုက်သည်။ ထမင်းခူးပြီးသွားလေပြီ။

"ရပြီ..."

အဒေါ်ကြီးက ပန်းကန်ကို လက်ကမ်းပေးလိုက်သည်။ လီပင်းသည် မျက်ရည်ဝဲကာ ပန်းကန်ကို လှမ်းယူလိုက်ပြီး အလွန်နည်းပါးသော ဟင်းလျာများနှင့် ထမင်းကို ကြည့်လိုက်သည်။

ဤမျှ ညံ့ဖျင်းသော အစားအစာမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မစားခဲ့ဖူးချေ။ ဤအရာက မည်သူ့ကို ဗိုက်ဝစေနိုင်မည်နည်း။ သို့သော် သူမသည် စိတ်ထဲရှိသည့်အတိုင်း ပြောထုတ်ရန် အလွန်ကြောက်ရွံ့နေခဲ့သည်။

တခြားသူများသည်လည်း အစားအစာ အလွန်နည်းပါးကြောင်း မြင်လိုက်ရချိန်၌ စိတ်ထဲမှ ကြိမ်းမောင်းကျိန်ဆဲလိုက်ကြသော်လည်း သူတို့ အသံမထွက်ရဲကြချေ။ လူတိုင်း ထမင်းယူပြီးသွားသောအခါ သူတို့သည် စားပွဲများကို ရှာဖွေကာ ငတ်မွတ်နေသူများအလား အငမ်းမရ စားသောက်ကြတော့သည်။

"ကျစ်... ထမင်းက အရမ်းနည်းတာပဲ... ဘယ်လိုလုပ် လောက်မှာလဲ..."

"စားသာ စားလိုက်ပါ... ဘာမှမရှိတာထက်စာရင်တော့ တော်သေးတာပေါ့..."

"ဟုတ်တယ်... ငါ တစ်နေကုန် ငတ်နေတာ... မနက်ဖြန် စားရမလား မစားရဘူးလားတောင် မသိရသေးဘူး..."

"ဒီနယ်မြေက သိပ်တော့ မဆိုးပါဘူး... နည်းနည်း ပင်ပန်းရုံလေးပါ... ငါတို့ နောက်ပိုင်း အသားကျသွားမှာပါ..."

သူတို့၏ အသက်အန္တရာယ် မရှိသရွေ့ သူတို့ မကြောက်ကြချေ။ ဇွဲရှိခြင်းသည်သာ အောင်မြင်မှုပင်။

"ဟင်းရည် ရှိတယ်... ရေဆာရင် သောက်လို့ရတယ်..."

သူတို့ ထမင်းစားလုပြီးသွားလုနီးပါးအချိန်၌ ထမင်းချက်အဒေါ်ကြီး၏ စကားတစ်ခွန်းက လူတိုင်းကို ချက်ချင်းစိတ်လှုပ်ရှားသွားစေသည်။ ဟင်းရည် အမှန်တကယ် ရှိနေသည်။ သူတို့သည် ဟင်းရည်သွားခပ်ရန် ပြေးသွားကြသော်လည်း ထိုနေရာသို့ ရောက်ရှိသွားချိန်မှသာ ဟင်းရည်ဆိုသောအရာမှာ အဝါရောင်ရေများ အပြည့်ထည့်ထားသည့် သံပုံးကြီးတစ်ပုံးမျှသာ ဖြစ်ကြောင်း သိလိုက်ရ၏။

"ဒါက ဘာဟင်းရည်ကြီးလဲ... ဘာလို့ ပန်းကန်ဆေးရည်နဲ့ တူနေရတာလဲ..."

"အထဲမှာ ဂေါ်ဖီရွက်တချို့ မျောနေတယ်... ဒါ ဂေါ်ဖီဆေးထားတဲ့ရေများ ဖြစ်နေမလား..."

"ဒါကို သောက်ရင် ငါ သေမသွားလောက်ပါဘူးနော်..."

"အစားအစာတွေက ဆိုးရွားနေပြီဆိုတာ သိပါတယ်... ဒါပေမဲ့ ဟင်းရည်ကတောင် ဝက်စာနဲ့ တူနေတယ်..."

ဤဟင်းရည်ပုံးကို မြင်လိုက်ရချိန်၌ လူတိုင်းသည် သူတို့၏ ခွန်အားနှင့် စိတ်ဓာတ်များ လုံးလုံးလျားလျား ကျဆင်းသွားပြီး မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလိုက်ရသည်။

ဤအရာက လူတွေ သောက်ဖို့အတွက် ဖြစ်နိုင်သလော။ ဝက်စာ ဖြစ်ဖို့များပေသည်။ မည်သည့်ဟင်းရည်ကမျှ ဤမျှထိ ပေါ့ပျက်ပျက် မဖြစ်နိုင်ချေ။ ထိုအရာသည် ဂေါ်ဖီဆေးရေနှင့် အမှန်တကယ်ပင် တူညီနေပေ၏။ သူတို့ ပုံမှန်သောက်လေ့ရှိသော ဟင်းရည်များမှာ ကြက်သား၊အသားများဖြင့် ချက်ပြုတ်ထားသော အာဟာရပြည့်ဝသည့် ဟင်းရည်များ ဖြစ်ပေ၏။

ဤဟင်းရည်ကို မြင်တွေ့ပြီးနောက် လူတိုင်း ခံတွင်းပျက်သွားကာ ထွက်ခွာသွားကြသည်။ မည်သူမျှ မသောက်ကြချေ။ ဤကဲ့သို့ ဝက်စာမျိုးကို တစ္ဆေများ သောက်ရန်သာ ချန်ထားသင့်သည်။

မည်သူမျှ ဟင်းရည်ကို မသောက်ကြတော့ဘဲ ထမင်းစားပြီးနောက် သူတို့သည် အဆောင်သို့သွားသော လမ်းညွှန်ဆိုင်းဘုတ်များကိုလိုက်၍ သွားကြသည်။

အဆောင်သည် အဆောက်အအုံတစ်လုံးတည်းဖြစ်သော်လည်း ကျား၊ မ ခွဲခြားထားပေသည်။ အဆောင်ဝင်ပေါက်တွင် ခြေချိတ်ထိုင်နေသော တစ္ဆေအဆောင်မှူး အဒေါ်ကြီးတစ်ဦး ရှိနေပေ၏။

"ယောကျာ်းလေးတွေက ၄၀၁... မိန်းကလေးတွေက ၄၀၂... ကျား မ အဆောင်အကူးအပြောင်း လုပ်ခွင့်မရှိဘူး... အဆောင်ကို တစ်နာရီမှာ ပိတ်မယ်... အဲ့ဒီအချိန်နောက်ပိုင်းမှ ပြန်လာရင် ဝင်မလာနဲ့တော့... နှစ်နာရီမှာ မီးပိတ်မယ်... မီးပိတ်ပြီးရင် ဘာအသံမှ မထွက်ရဘူး... မင်းတို့ရဲ့ စောင်တွေ ရေချိုးခန်းသုံးပစ္စည်းတွေယူပြီး အပေါ်တက်ကြတော့..."

အဆောင်မှူး အဒေါ်ကြီးက သူတို့ကို တခဏကြာမျှသာ ကြည့်လိုက်သည်။ စည်းကမ်းချက်များကို ရှင်းပြပြီးနောက် သူမသည် သူတို့ကို သော့များ၊ စောင်များနှင့် ရေချိုးခန်းသုံးပစ္စည်းများ ပေးကာ သူတို့ဘာသာသူတို့ အခန်းများကို ရှာဖွေစေသည်။

လူတိုင်း အပေါ်ထပ်သို့ အလျှင်အမြန် တက်သွားကြသည်။ အမျိုးသမီးများအတွက် စတုတ္ထထပ် သော့တစ်ချောင်းပေးထားပြီး အမျိုးသားများကိုလည်း သော့တစ်ချောင်းသာ ပေးထားပေ၏။ လူ ဤမျှထိ များပြားနေသည့်တိုင် မည်သည်ကြောင့် သော့နှစ်ချောင်းသာ ရှိနေရသနည်းဟု သူတို့ ထူးဆန်းနေခဲ့ကြသည်။

သူတို့သည် စတုတ္ထထပ်သို့ မကြာမီ ရောက်ရှိသွားပြီး ချက်ချင်း ကြက်သေသေသွားကြ၏။ အမှန်တကယ်ပင် ၄၀၁ နှင့် ၄၀၂ ဟူ၍ အခန်းနှစ်ခန်းသာ ရှိပေသည်။ အဆုံးမရှိသကဲ့သို့ ရှည်လျားသော စင်္ကြနါတစ်ခုတွင် အဆောင်အခန်းနှစ်ခန်းသာ ရှိနေခြင်းမှာ အလွန်ရယ်စရာကောင်းလှသည်။

"အထဲမှာ တစ်ခုခု ထူးခြားတာ ရှိနေမလား... မြန်မြန် တံခါးဖွင့်ကြည့်ရအောင်..."

နှစ်ဖက်လုံးသည် သူတို့၏ သော့များကို အသုံးပြုကာ သက်ဆိုင်ရာ အဆောင်တံခါးများကို ဖွင့်လိုက်ကြသည်။ တံခါးများကို တွန်းဖွင့်လိုက်ချိန်၌ သူတို့အားလုံး ချက်ချင်းအံ့အားသင့်သွားကြ၏။

အတွင်း၌ စိုစွတ်သော အနံ့ဆိုးများ ထွက်ပေါ်နေသည့် ကွန်ကရစ်ကြမ်းပြင်များကို မြင်တွေ့လိုက်ရသည်။ မျက်နှာကြက်တွင် ပန်ကာကြီးတချို့ ချိတ်ဆွဲထားပြီး နှစ်ဖက်စလုံးတွင် သံဖြင့်ပြုလုပ်ထားသော နှစ်ထပ်ကုတင်များ ပြည့်နှက်နေသည်။ ထိုကုတင်များပေါ်တွင် မွေ့ရာများပင်မရှိဘဲ သစ်သားပြားများသာ ရှိပေ၏။

"သောက်ကျိုးနည်း... ဒါက အကျဉ်းထောင်လား... ဒီလိုကုတင်မျိုးတွေကို ထောင်ထဲမှာပဲ တွေ့ဖူးတာ..."

"ဒါကို အကျဉ်းထောင်လို့တောင် မခေါ်နဲ့... ငါ ထောင်ကျဖူးတယ်... ဒါက အချုပ်ခန်းထက်တောင် ပိုပြီး ခေတ်နောက်ကျနေသေးတယ်... ဒါက လူတွေနေဖို့အတွက်ရော ဟုတ်ရဲ့လား..."

"ဝက်ခြံကတောင် ဒါထက် ပိုကောင်းဦးမယ်... သူတို့က ငါတို့ကို လူလိုတောင် သဘောမထားတာ... ငါတို့ ယောကျာ်းလေး သုံးဆယ်ကျော်တောင် ရှိတာ... ငါတို့အားလုံးက ဒီမှာပဲ နေရမှာလား..."

"အကျဉ်းထောင်တွေက အနည်းဆုံး လူလေးယောက် တစ်စုတော့ ခွဲထားသေးတယ်... ဒါက တစ်ခန်းတည်းမှာ လူသုံးဆယ်ကျော်ဆိုတော့... တွေးတောင် မတွေးရဲဘူး..."

အဆောင်၏ အခြေအနေကို ကြည့်ရင်း လူတိုင်းသည် ဤနေရာက အကျဉ်းထောင်ဟုတ်မဟုတ် သံသယဝင်လာကြ၏။ ဤအရာမှာ လုံးလုံးလျားလျား ခေတ်နောက်ကျလွန်းနေသည်။

All Chapters