← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) အိပ်နေတယ်... သူတို့ကို အိပ်ခိုင်းလိုက်ပါ... မကြာခင် သူတို့ နောင်တရသွားလိမ့်မယ်

ဤနေရာသည် အလွန်အမင်း စုတ်ပြတ်နေသော်လည်း သူတို့သည် နေရုံမှတပါး တခြားရွေးချယ်စရာ မရှိချေ။

လူတိုင်းသည် လက်တွေ့ဘဝကို လက်ခံလိုက်ကြပြီး ကုတင်များကို ရွေးချယ်ရန် ဝင်သွားကြ၏။ သူတို့ နေရာချထားပြီးချိန်၌ နာရီမှာ ခုနစ်နာရီ ထိုးလုနီးပါး ဖြစ်နေလေပြီ။

"သောက်ကျိုးနည်း... လာကြည့်ကြအုံး... ဒီမှာ အိမ်သာ နှစ်လုံးပဲ ရှိတယ်..."

ထိုအချိန်၌ အိမ်သာများရှိရာ အဆောင်၏ အဆုံးဘက်တွင် ချန်ထျန်က ရေချိုးခန်းကို လက်ညှိုးထိုးပြကာ လူတိုင်းကို လှည့်ကြည့်ရင်း အူကြောင်ကြောင်ဖြင့် ပြောဆိုလိုက်၏။

အိမ်သာ နှစ်လုံးတည်းလား...

လူတိုင်း အပြေးအလွှား သွားကြည့်ကြရာ ညစ်ပတ်ပြီး အနံ့အသက်ဆိုးရွားကာ နှစ်ပေါင်းများစွာ မဆေးကြောရသေးသကဲ့သို့ ဝါကြန့်နေသော အိမ်သာနှစ်ခန်းကို မြင်တွေ့လိုက်ရလေ၏။ ထိုအရာများမှာ ဘိုထိုင်အိမ်သာအမျိုးအစား မဟုတ်ဘဲ ဆောင့်ကြောင့်ထိုင်ရသော အိမ်သာများဖြစ်ပြီး အလွန်အမင်း ရွံရှာဖွယ်ကောင်းလှသည်။

"ကျစ်... ဒီအိမ်သာတွေကို မဆေးတာ ဘယ်လောက်တောင် ကြာပြီလဲ... အရမ်းညစ်ပတ်နေတာပဲ..."

"နေပါအုံး... ဘာလို့ ရေပန်းတွေ ရေပူစက်တွေ မရှိရတာလဲ... ရေပိုက်တစ်ချောင်းတည်းပဲ ရှိတယ်..."

လူတိုင်းသည် ရေချိုးခန်းထဲသို့ ကြည့်လိုက်ရာ နံရံနှင့် ဆက်သွယ်ထားပြီး ဆောင့်ကြောင့်ထိုင်အိမ်သာပေါ်သို့ ဆန့်တန်းထားသော အဖြူရောင် ရေပိုက်တစ်ချောင်းကို မြင်တွေ့လိုက်ရလေ၏။ ဤရေချိုးခန်းဆိုသောအရာမှာ အဖြူရောင်ရေပိုက်တစ်ချောင်းနှင့် ဆောင့်ကြောင့်ထိုင်အိမ်သာတစ်ခုမှလွဲ၍ ဘာမျှမရှိချေ။

ဤအရာကို ရေချိုးခန်းဟုတောင် ခေါ်ဆိုနိုင်မည်လော....

"ဒါကို ငါတို့ ရေချိုးဖို့ သုံးရမှာများလား..."

ချန်ထျန်က မေးခွန်းထုတ်လိုက်သည်။ သူသည် သိချင်စိတ်ဖြင့် လျှောက်သွားကာ ရေပိုက်အလယ်ရှိ အနီရောင် ဗားဝက်အူကို မြင်လိုက်ရပြီး ဆွဲဖွင့်ရန် ကြိုးစားလိုက်၏။

ဝုန်း...

ပြင်းထန်သော ရေနွေးစီးကြောင်းတစ်ခု ရေပိုက်ထဲမှ ချက်ချင်းပန်းထွက်လာသည်။ ချန်ထျန်သည် ရေရွှဲရွှဲစိုသွားပြီး လူတိုင်း နောက်သို့ ဆုတ်ပြေးကြသည်။

"သောက်ကျိုးနည်း... ဒါက ရေချိုးဖို့လား..."

လူတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ဒါက အရမ်းကို စုတ်ပြတ်လွန်းနေတယ်...ဒီလိုမျိုး ရေချိုးရမှာလား...

"တရားမျှမျှတတပြောရရင် အနည်းဆုံးတော့ ရေနွေးပဲလေ... ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်... လန်းဆန်းသွားတာပဲ..."

ရေအပူချိန်ကို စမ်းကြည့်ပြီးနောက် ချန်ထျန်သည် ပြုံးလိုက်ပြီး ထိုနေရာမှာပင် ဘောင်းဘီတိုတစ်ထည်မှလွဲ၍ သူ၏အဝတ်အစားများနှင့် ဘောင်းဘီရှည်ကို ချက်ချင်း ချွတ်ချလိုက်သည်။

ကြမ်းတမ်းလွန်းသော်လည်း ဤကဲ့သို့ ရေချိုးရသည်မှာ အလွန်ကောင်းမွန်လှသည်။

ဤသည်ကို မြင်သောအခါ တခြားသူများလည်း စမ်းကြည့်ချင်စိတ် ဖြစ်ပေါ်လာကြ၏။

မကြာမီ လူတစ်ဦးသည် တခြားရေချိုးခန်းကို သတိပြုမိသွားပြီး အဝတ်အစားများချွတ်ကာ ရေချိုးရန် ချက်ချင်းပြေးဝင်သွားသည်။

ထိုရှုထောင့်မှကြည့်လျှင် သိပ်တော့မဆိုးလှချေ။ ယောကျာ်းလေးများဘက်မှ အကောင်းမြင်မှုများနှင့် နှိုင်းယှဉ်ပါက မိန်းကလေးများဘက်တွင် အခြေအနေများ သိပ်မကောင်းလှချေ။

...

"အား... ဒါကဘယ်လို အိမ်သာစုတ်ကြီးလဲ... နံဟောင်နေတာပဲ... အရမ်းလည်း ညစ်ပတ်တယ်... ဒါကို ဆေးလို့မရဘူးလား..."

"အဲ့ဒါပြောတာ... ငါတို့က အိမ်သာကို ဘယ်လိုသုံးရမှာလဲ... ထိုင်စရာတောင် မရှိဘူး... အိမ်မှာကတည်းက ဘိုထိုင်အိမ်သာပဲ သုံးတာ... ဒါကြီးက ကြည့်ရတာ ရွံစရာကောင်းတယ်..."

"ပြီးတော့ ရေပန်းက ဘယ်မှာလဲ... ဒီရေပိုက်ပဲ ရှိတာလို့တော့ မပြောနဲ့နော်..."

"ဒီလိုအိမ်သာမျိုးမှာ ရေချိုးရမယ့်အစား သေလိုက်တာမှ ပိုကောင်းဦးမယ်... ပုပ်ဟောင်နေရင်တောင် ရေမချိုးဘူး..."

စုတ်ပြတ်ပြီး ညစ်ပတ်နေသော ရေချိုးခန်းကို ကြည့်ရင်း အမျိုးသမီးများသည် ရေချိုးချင်စိတ် သို့မဟုတ် အိမ်သာသုံးချင်စိတ် လုံးလုံးလျားလျား မရှိကြတော့ချေ။ ဤသည်မှာ အလွန်အမင်း ရွံရှာဖွယ်ကောင်းလှသည်။ အမျိုးသမီးတချို့ကမူ သူမတို့ လုံးလုံးလျားလျား ရေမချိုးဟုပင် ပြောဆိုလာကြ၏။

သို့သော် ရေချိုးခန်းကို သူမတို့ကိုယ်တိုင် ဆေးကြောရန် သူမတို့ အနည်းငယ်မျှ မစဉ်းစားမိခဲ့ကြချေ။

ညစ်ပတ်နေသော ရေချိုးခန်းကို ကြည့်ရင်း လီပင်းက အကြံပြုလိုက်သည်။

"ငါတို့ နေ့တိုင်း ရေချိုးခန်းဆေးဖို့ တာဝန်ကျစာရင်း လုပ်ထားရင်ရော ဘယ်လိုလဲ..."

လီပင်း၏ စကားကို ကြားသောအခါ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ဤအရာမှာ အလွန်ကောင်းမွန်သော အကြံပြုချက်ဖြစ်သော်လည်း မည်သူက ပထမဆုံး စတင်မည်နည်း။

ယခုအချိန်တွင် ရေချိုးခန်းမှာ အညစ်ပတ်ဆုံးဖြစ်နေပြီး သူမတို့ထဲမှ မည်သူမျှ မဆေးကြောလိုကြသဖြင့် စတင်၍ ငြင်းခုံကြတော့သည်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်၌ ယောကျာ်းလေးများသည် အဖွဲ့လိုက် စတင်၍ ဆေးကြောနေကြလေပြီ။

"ညီအစ်ကိုတို့... ရေချိုးရင်းနဲ့ ဒီရေချိုးခန်းကို တစ်ခါတည်း ဆေးလိုက်ကြရအောင်..."

"ဒီနယ်မြေက သိပ်မခက်ပါဘူး... စာကျက်ရုံလေးပဲကို... ငါတို့က ကြိုးကြိုးစားစားနဲ့ ဇွဲရှိရှိ ဆက်လုပ်နေသရွေ့ တစ်နေ့ကျရင် အသက်ရှင်ရက် ထွက်သွားနိုင်မှာပါ..."

"ဟုတ်တယ်... အစ်ကိုချန်ထျန် ပြောတာမှန်တယ်... ငါတို့အားလုံး ဝိုင်းပြီးကြိုးစားကြရင် သေချာပေါက် ထွက်သွားနိုင်မှာပဲ..."

တစ်နေ့တာ စာကျက်ပြီးနောက် လမ်းတလျှောက်တွင် ဒုက္ခတချို့ ခံစားခဲ့ရသော်လည်း သူတို့သည် ဇွဲရှိရှိ ဆက်လက်လုပ်ဆောင်နေသရွေ့ သေချာပေါက် ထွက်ခွာနိုင်မည်ဟု ယုံကြည်နေကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤနေရာတွင် သေဆုံးခြင်း မရှိသောကြောင့် ငါးလတိုင်တိုင် တောင့်ခံထားနိုင်သရွေ့ သူတို့ ထွက်ခွာနိုင်ပေမည်။

အချိန်သည် ရှစ်နာရီသို့ နီးကပ်လာချိန်၌ အဆောင်သည် ရုတ်တရက် သွေးရောင်လွှမ်းသွားသဖြင့် လူတိုင်း ထိတ်လန့်ကာ မျက်နှာများ ဖြူရော်သွားကြလေ၏။

【ငါးမိနစ် နောက်ပြန်ရေတွက်ခြင်း စတင်ပါပြီ... စာသင်ခန်းသို့ မရောက်ရှိသူများသည် စာမေးပွဲမေးခွန်းလွှာကို အခေါက်တစ်ရာ ကူးရေးရမည့် ပြစ်ဒဏ်ကို ခံရပါမည်...】

လူတိုင်း၏ရှေ့တွင် ငါးမိနစ် နောက်ပြန်ရေတွက်နေသော ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။ ပြစ်ဒဏ်ကို မြင်လိုက်ရချိန်၌ သူတို့၏ ခန္ဓာကိုယ်များ ဆတ်ခနဲ တုန်သွားကြသည်။

ဤအရာက သေခြင်းတရားထက်ပင် ပို၍ကြောက်စရာကောင်းလှသည်။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အဝတ်အစားများကို ကပျာကယာ ဝတ်ဆင်ကာ အောက်ထပ်သို့ အစွမ်းကုန် ပြေးဆင်းသွားကြ၏။ အကယ်၍ သူတို့သာ ယခုချိန်၌ အပြေးပြိုင်ပွဲတွင် ဝင်ပြိုင်ရမည်ဆိုပါက ကမ္ဘာ့စံချိန်များကိုပင် ချိုးဖျက်နိုင်ပေလိမ့်မည်။

စာသင်ခန်းသို့ ရောက်ရှိချိန်၌ သူတို့အားလုံး အမောတကော အသက်ရှူနေကြပြီး သူတို့၏ နေရာများတွင် ထိုင်ကာ သေလုမတတ် ခံစားနေကြရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် သတ်မှတ်ချိန်အတွင်း စာသင်ခန်းသို့ ရောက်ရှိခဲ့ကြသဖြင့် စာမေးပွဲမေးခွန်းလွှာကို အခေါက်တစ်ရာ ကူးရေးရန် မလိုတော့ချေ။

"မဆိုးဘူး... မင်းတို့အားလုံး စာသင်ခန်းကို အချိန်မီ ရောက်လာကြတယ်... နောက်နောင်လည်း ဒီလိုမျိုး အချိန်တိကျနိုင်ဖို့ ဆရာမ မျှော်လင့်တယ်..."

တစ္ဆေဆရာမသည် စင်မြင့်ပေါ်သို့ ရောက်လာပြီး မောပန်းနွမ်းနယ်နေသော လူအုပ်ကြီးကို ကြည့်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်၏။

မည်သူမျှ စကားမပြောနိုင်ကြဘဲ အသက်ရှူရန်သာ ကြိုးစားနေကြရသည်။

"ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်မှာ ဆရာမက မင်းတို့အားလုံးအတွက် အိမ်စာပေးထားတယ်... အားလုံးက ဒီနေ့သင်ခဲ့တဲ့ အသိပညာတွေချည်းပဲ... အဲ့ဒါတွေကို မင်းတို့ သေချာ ပြန်လေ့လာရမယ်..."

တစ္ဆေဆရာမသည် လူတိုင်းကို ကြက်သီးထသွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

"ဟိုလေ... ဒီည အဆောင်ကို ပြန်ပြီး ဘယ်အချိန်လောက် နားလို့ရမလဲ..."

ဝမ်ချန်က တုန်ယင်နေသော လက်ကိုမြှောက်ကာ သတိထား၍ မေးမြန်းသည်။

"အတန်းစတာ ခုလေးတင်ရှိသေးတယ်... အဆောင်ပြန်ပြီး နားဖို့ကို တွေးနေပြီလား... မင်းတို့မှာ အဲ့ဒီလောက် အချိန်တွေ ပေါများနေတယ်လို့ ထင်နေလား...နောက်ထပ် ငါးလပဲ ကျန်တော့တယ်ဆိုတာ မင်းတို့ နားလည်ရမယ်... ဒီနေ့ စာမေးပွဲမှာ မင်းတို့အားလုံး ကျထားတယ်... အဲ့ဒါကို နားဖို့ တွေးနေသေးတယ်လား... တက္ကသိုလ်ဝင်တန်းစာမေးပွဲက မင်းတို့ နားပြီးတဲ့အထိ စောင့်နေပေးမယ်လို့ ထင်နေတာလား...ဒီည သန်းခေါင်ယံမတိုင်ခင် ဘယ်သူမှ ထွက်ခွင့်မရှိဘူး..."

တစ္ဆေဆရာမက ရုတ်တရက် အော်ငေါက်လိုက်၏။

လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။ ယခုမှ ရှစ်နာရီသာ ရှိသေးသည်။ အကယ်၍ သူတို့သည် သန်းခေါင်ယံအထိ မထွက်နိုင်ပါက နောက်ထပ်လေးနာရီ ကျန်နေသေးသည် မဟုတ်လော။

လူ့အခွင့်အရေး သို့မဟုတ် လွတ်လပ်ခွင့်ဆိုသောအရာက လုံးလုံးလျားလျား မရှိတော့သလောဟု သူတို့ တွေးမိလိုက်ကြသည်။

"မင်းတို့ရဲ့ အမှတ်တွေ တိုးတက်လာဖို့အတွက် ဆရာမတို့က ကြိုးကြိုးစားစားနဲ့ အချိန်ပိုဆင်းပြီး အလုပ်လုပ်နေရတာ... မင်းတို့ကတော့ ကိုယ်ချင်းစာတရား လုံးဝမရှိဘဲ နားဖို့ကို တွေးနေကြတယ်... ဒီလိုလုပ်တာက ဆရာမတို့အပေါ် တရားမျှတရဲ့လား... မင်းတို့ကို ပြုစုပျိုးထောင်ပေးနေတဲ့ ကျောင်းအတွက်ရော တရားရဲ့လား... မင်းတို့ ပညာသင်ဖို့အတွက် အိမ်နဲ့ဝေးတဲ့နေရာမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ မင်းတို့ မိဘတွေအတွက်ရော တရားမျှတရဲ့လား..."

ဤစကားကို ကြားသောအခါ လူတိုင်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြ၏။

'ခင်ဗျားကို အချိန်ပိုဆင်းဖို့ ဘယ်သူက ခိုင်းနေလို့လဲ'

သူတို့၏စိတ်ထဲမှ တွေးမိကြသည်။

သူမ၏စကားများက သူတို့သည် ဤနေရာသို့ သဘောဆန္ဒအလျောက် ရောက်လာကြပြီး ဆရာမကို ညနက်သည်အထိ အတင်းအကျပ် အလုပ်လုပ်ခိုင်းနေသကဲ့သို့ ဖြစ်နေသည်။

"ဆရာမ... ကျွန်တော်တို့လည်း ဒါကို မလုပ်ချင်ပါဘူး... ကျွန်တော်တို့ ခဏလောက် နားလိုက်ကြရင် မကောင်းဘူးလား..."

ဖြန်း...

တစ္ဆေဆရာမသည် ထိုအမျိုးသား၏ ရှေ့သို့ ရုတ်တရက် ရောက်လာပြီး ပေတံကို လွှဲယမ်းကာ သူ၏မျက်နှာကို ရိုက်ချလိုက်လေ၏။ ထိုအမျိုးသားမှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသည်။

"ငါက စကားနည်းနည်းပြောလိုက်တာကို မင်းက ပြန်ခံပြောနေတာလား... မင်းမှာ ဆရာတွေကို လေးစားမှု ဒါမှမဟုတ် ကျောင်းသားတစ်ယောက်ရဲ့ စည်းကမ်း လုံးဝမရှိဘူးပဲ..."

"ဒီည အားလုံးပဲ စာမေးပွဲမေးခွန်းလွှာကို အခေါက်ဆယ်ခါ ကူးရေးရမယ့် ပြစ်ဒဏ်ကို ခံရမယ်... မှတ်ထား... ဒါတွေအားလုံးက သူ့ကြောင့်ပဲ..."

ဤစကားကို ကြားလိုက်ရချိန်၌ ထိုအမျိုးသားသည် လန့်ဖျပ်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ တခြားသူများသည် သူ့ကို တောရိုင်းတိရစ္ဆာန်များကဲ့သို့ စိုက်ကြည့်နေကြပြီး သူ့ကို တစ်ကောင်လုံး မျိုချချင်နေသည့်ပုံ ပေါက်နေသည်။ သူသည် မော့ကြည့်ရန် သို့မဟုတ် စကားပြောရန်ပင် အလွန်ကြောက်ရွံ့နေခဲ့သည်။

"အခု အိမ်စာ စလုပ်တော့... စာမေးပွဲမေးခွန်းလွှာကို ဆယ်ခါ ကူးရေး... သန်းခေါင်ယံမတိုင်ခင် မပြီးတဲ့သူ ဘယ်သူမှ ထွက်ခွင့်မရှိဘူး..."

ထိုသို့ပြောပြီးနောက် တစ္ဆေဆရာမ ထွက်သွားကာ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် အခန်းတွင်း၌ ချက်ချင်းပွက်လောညံသွားတော့သည်။

"သောက်ခွေးကောင်... မင်း သောက်ပေါက်ကို ပိတ်ထားလို့ မရဘူးလား... အခုတော့ မင်းကြောင့် ငါတို့ စာမေးပွဲမေးခွန်းလွှာကို ထပ်ပြီးကူးရေးရတော့မယ်..."

"အဲ့ဒါပြောတာ... အခုချိန်မှာ အရမ်းစိတ်အနှောင့်အယှက် ဖြစ်နေရတဲ့အထဲ မင်းက ပါးစပ်ပုတ်ကြီးနဲ့ ဝင်ပြောသေးတယ်... ငါတောင် ဘာပြောရမှန်း မသိတော့ဘူး..."

"တကယ့် အရူးပဲ..."

တခြားသူများသည်လည်း စကားပြောခဲ့သူကို နှုတ်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ သူသည် လူတိုင်း၏ စိတ်ထဲမှ တွေးနေသောအရာကို ပြောဆိုပေးခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်ကြချေ။

သူတို့ ဂရုစိုက်သည်မှာ ပြစ်ဒဏ်ပင်။ အကယ်၍ ထိုအမျိုးသား၏ သတ္တိကြောင့် သူတို့ အကျိုးအမြတ် တစ်ခုခု ရရှိခဲ့ပါက သူသည် အများဆုံး "ကျေးဇူးတင်ပါတယ်" ဟူသော စကားတစ်ခွန်းကိုသာ ရရှိပေမည်။

"ငြင်းခုန်မနေကြနဲ့တော့... အားလုံး မြန်မြန်လုပ်ပြီး မေးခွန်းလွှာတွေကို ကူးရေးကြ... မဟုတ်ရင် ငါတို့ ပြန်အိပ်ရမှာ မဟုတ်ဘူး..."

ကျိုးထျန်ချန်က အေးစက်စက် ပြောဆိုလိုက်သည်။ ကဏဦးခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် စကားပြောရန် လိုအပ်သည်ဟု ခံစားခဲ့ရပေ၏။

ဤစကားကို ကြားသောအခါ တခြားသူများ ပါးစပ်ပိတ်သွားကြပြီး ခေါင်းငုံ့ကာ မေးခွန်းလွှာများကိုသာ စတင်ကူးရေးကြတော့သည်။

တစ်နာရီခန့် ကူးရေးပြီးနောက် လူတစ်ဦးသည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သပိတ်မှောက်လေ၏။

"သောက်ကျိုးနည်း... ငါ မယုံဘူး... ငါသာ ကူးမရေးရင် သူတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ... ဘာပဲဖြစ်ဖြစ် ငါ သေသွားမှာမှ မဟုတ်တာ..."

ဝမ်ကျဲ အမည်ရှိ အမျိုးသားတစ်ဦးသည် ဒေါသတကြီးဖြင့် ဖောင်တိန်ကို ပစ်ချလိုက်ပြီး အပြုအမူအရ ဆန္ဒပြရန်အတွက် ခေါင်းငုံ့ကာ အိပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ သေမည်မဟုတ်သောကြောင့် ကြောက်စရာ ဘာမျှမရှိဟု သူ တွေးလိုက်သည်။

...

ပြင်ပကမ္ဘာ၌...

သပိတ်မှောက်နေသူတစ်ဦးကို မြင်လိုက်ရချိန်၌ ဆာရာသည် ချက်ချင်း ပြစ်ဒဏ်ပေးချင်လာခဲ့သည်။ ပြစ်ဒဏ်ပေးခြင်းနှင့် ပတ်သက်၍ သူမ၏ စိတ်ကူးမှာ သူတို့၏ ခြေလက်များကို ချိုးဖဲ့ပြီးနောက် ပြန်လည်ကောင်းမွန်အောင် လုပ်ပေးကာ သူတို့ကို ခြောက်လှန့်ရန်ပင်။

"အရမ်း အလောတကြီး မလုပ်ပါနဲ့..."

ချန်လန်က ဆာရာ၏ စိတ်မရှည်မှုကို မြင်လိုက်ရသည်။

"ဒါပေမဲ့ သူက သပိတ်မှောက်နေတာလေ... ငါတို့က အပြစ်မပေးဘူးဆိုရင် တခြားလူတွေလည်း လိုက်လုပ်ကြလိမ့်မယ်... အဲ့ဒီအခါကျရင် ဘယ်လိုလုပ်မလဲ..."

ဆာရာက အူကြောင်ကြောင်ဖြင့် မေးလိုက်သည်။

"ဒီနေ့ ပျင်းရိခဲ့တာကို သူ နောင်တရလိမ့်မယ်..."

ချန်လန်က အေးစက်စက် ရယ်မောလိုက်၏။

အထက်တန်းနောက်ဆုံးနှစ်ဆိုသည်မှာ ကာလတို ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုသက်သက် မဟုတ်ချေ။ ဤအရာသည် စိတ်နှင့် ခန္ဓာကိုယ် နှစ်ခုလုံးကို ဒွန်တွဲ၍ ကာလရှည် ညှဉ်းပန်းနှိပ်စက်သည့် ငရဲပင်။

All Chapters