အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) တစ်နေ့တာရဲ့ အစီအစဉ်က မနက်ခင်းမှာ စတင်တယ်
နယ်မြေမှ မည်သည့်ပြစ်ဒဏ်မျှ မပေးဘဲ တချို့လူများ ပျင်းရိကာ အိပ်နေကြသည်ကို မြင်သောအခါ တခြားသူများလည်း လိုက်လုပ်ချင်စိတ် ပေါက်လာကြ၏။
"ထူးဆန်းတယ်... ဒီလူ အိပ်နေတာကို ဘာလို့ ပြစ်ဒဏ်မပေးတာလဲ..."
"အဲ့ဒါက ငါတို့ အိပ်လို့ရတယ်ဆိုတဲ့ သဘောလား..."
"ဟုတ်တယ်လေ... အတန်းထဲမှာ အိပ်တာ ပုံမှန်ပဲ မဟုတ်လား... အဲ့ဒါက စည်းကမ်းပဲ ဖြစ်ရမယ်... ငါလည်း အိပ်တော့မယ်... ငါ အရမ်းပင်ပန်းနေပြီ..."
"မဖြစ်နိုင်တာ... တကယ်ကြီး ပြစ်ဒဏ်မရှိဘူးဆိုရင်တော့ ငါလည်း အိပ်ပြီ..."
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ ဆယ်မိနစ် ကုန်လွန်သွားပြီး ထိုသူက ဟောက်သံများပင် ထွက်နေပြီဖြစ်သောအခါ တွေဝေနေသူများလည်း စတင်၍ လှုပ်ရှားလိုက်ကြသည်။
"တကယ်ကြီး ပြစ်ဒဏ်မရှိတာပဲ... ငါ အိပ်တော့မယ်..."
"ဘာပဲဖြစ်ဖြစ်... အိပ်သာ အိပ်လိုက်... ပြီးမှပဲ ဆက်ပြောကြတာပေါ့..."
ဦးဆောင်သူတစ်ဦး ရှိလာသည်နှင့် လူအများစုသည် လိုက်လုပ်ကြ၏။
မကြာမီ အတန်းထဲရှိ ကျောင်းသား လေးဆယ့်ခုနစ်ယောက်အနက် တစ်ဝက်ခန့်မှာ အိပ်ပျော်နေကြလေပြီ။
မည်သည့်ပြစ်ဒဏ်မျှ မရှိသည်ကို မြင်သောအခါ သူတို့ မကြောက်ကြတော့ချေ။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သတိလက်လွတ် ဖြစ်လာကြသည်။ အိပ်ချင်စိတ်က သူတို့ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး သူတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့သည်။
ကျိုးထျန်ချန်သည် သတိလက်လွတ်ဖြစ်နေသော ဤလူများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူလည်း အလွန်အိပ်ချင်နေသော်လည်း နယ်မြေတစ်ခုကို ယခင်က ရှင်းလင်းဖူးသူဖြစ်ရာ အသိပေးချက်ကို သေချာစွာ စစ်ဆေးရမည်ဖြစ်ကြောင်း သူ အလွန်ကောင်းစွာသိထားသည်။
ယနေ့နံနက်က ထုတ်ပြန်ခဲ့သော စည်းမျဉ်းကို သူ မှတ်မိနေသေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးယောက်စာရင်းဝင်မှသာ ထွက်ခွာနိုင်ပေမည်။
ထိပ်ဆုံးငါးယောက်စာရင်း မဝင်သူများကို မည်ကဲ့သို့ ကြောက်မက်ဖွယ် ကံကြမ္မာမျိုး စောင့်ကြိုနေမည်ကို သူ မသိချေ။ စာသင်ခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်းကို သူ သိထားသည်။ ကြိုးကြိုးစားစား သင်ယူမှသာ ဤနေရာမှ သူ ထွက်ခွာနိုင်ပေမည်။
ယခုအချိန်တွင် သူ အလွန်အိပ်ချင်နေသော်လည်း သူသည် အံ့ကြိတ်ကာ အိမ်စာများကို စတင်လုပ်ဆောင်ပြီး စာမေးပွဲမေးခွန်းလွှာများကို ကူးရေးကာ သန်းခေါင်ယံမတိုင်မီ ပြီးစီးရန် ကြိုးစားနေခဲ့လေ၏။
ကျိုးထျန်ချန် အပြင်းအထန် ကြိုးစားနေဆဲဖြစ်ပြီး အိပ်နေသူများနှင့် သွားရောက်မပူးပေါင်းသည်ကို မြင်သောအခါ တခြားသူများလည်း သူတို့၏ အိမ်စာများကို အလေးအနက်ထား၍ စတင်လုပ်ဆောင်ကြသည်။
လီပင်း တခဏကြာမျှ တွေဝေသွားသည်။ သူမသည် အတော်လေး ထက်မြက်သူဖြစ်ရာ အိပ်မည့်အစား အိမ်စာလုပ်ရန် ရွေးချယ်လိုက်သည်။
...
"ချန်လန်... သူတို့အားလုံး အိပ်နေကြပြီ... နင် တကယ်ပဲ သူတို့ကို ပြစ်ဒဏ်မပေးတော့ဘူးလား..."
ဆာရာက ချန်လန်ကို ကြည့်လိုက်သည်။ ဤလူများသည် သူတို့၏ရှေ့မှာပင် အိပ်ရဲလောက်အောင် ရဲတင်းနေကြပြီး တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို လုံးလုံးလျားလျား အလေးမထားသကဲ့သို့ ဖြစ်နေသည်။
အကယ်၍ သူတို့ကို ဤမျှထိ သက်တောင့်သက်သာ ရှိခွင့်ပေးလိုက်ပါက အနုတ်လက္ခဏာစွမ်းအင်များကို မည်သို့ စုဆောင်းနိုင်မည်နည်း။
"မလိုပါဘူး... ကြိုးကြိုးစားစား စာမလုပ်ခဲ့တာကို နောက်ဆုံးကျရင် သူတို့ဘာသာသူတို့ နောင်တရသွားကြလိမ့်မယ်..."
ချန်လန်က ခေါင်းယမ်းလိုက်သည်။ အချိန်က အရာအားလုံးကို သက်သေပြသွားပေမည်။ တခဏကြာ သက်တောင့်သက်သာဖြစ်မှုနှင့် ပျော်ရွှင်မှုက တစ်သက်တာ နောင်တကိုသာ ဖြစ်ပေါ်စေပေမည်။
ဆာရာသည် အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ထိုကိစ္စကို လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။
ချန်လန်က မလိုအပ်ဟု ယူဆထားသဖြင့် ဤလူများနှင့် ပတ်သက်၍ သူမ အလုပ်ရှုပ်မခံတော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ အချိန်များစွာ ကျန်ရှိသေးသည် မဟုတ်လော။
နယ်မြေအတွင်းရှိ တစ်ရက်သည် ပြင်ပကမ္ဘာ၌ နာရီအနည်းငယ်မျှသာ ကြာမြင့်သည်။
ထို့ပြင် ယနေ့ စုဆောင်းရရှိသော အနုတ်လက္ခဏာစွမ်းအင်သည် A+ အဆင့် နယ်မြေအဖြစ် သတ်မှတ်ရန်ပင် လုံလောက်နေလေပြီ။ အနည်းငယ် ထပ်တိုးပါက Sအဆင့်သို့ပင် ရောက်ရှိနိုင်ပေ၏။ အကယ်၍ SSSအဆင့်သို့ မရောက်လျှင်ပင် သူမ စိတ်ကျေနပ်နေလေပြီ။
"ဒီနေ့ ငါတို့ အနုတ်လက္ခဏာစွမ်းအင် ၁၂၀၀ ရခဲ့တယ်... တစ်ယောက်တစ်ဝက် ခွဲဖို့ သဘောတူထားတဲ့အတွက် နင့်ရဲ့ဝေစုက ၆၀၀ ပဲ... ဒီအနုတ်လက္ခဏာစွမ်းအင်တွေကို ယူပြီး တုန်လှုပ်ချောက်ချားဖွယ် ဈေးဝယ်စင်တာမှာ နင် လိုချင်တာ မှန်သမျှ သွားဝယ်လို့ရတယ်..."
ဆာရာ၏ စကားကို ကြားသောအခါ ချန်လန်က သူမကို ကြည့်လိုက်သည်။
"အဲ့ဒါက ငါ အမြဲတမ်း ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခု ရနိုင်ပြီဆိုတဲ့ သဘောလား..."
"မရသေးဘူး... အဆင့်သတ်မှတ်ချက် မထွက်သေးဘူးလေ... နယ်မြေအဆင့်သတ်မှတ်ချက် အတည်ပြုပြီးသွားတာနဲ့ ငါ့ကတိကို ငါ သေချာပေါက် တည်အောင်လုပ်ပေးမှာပါ... ပြီးတော့ နင့်ကို စာချုပ်အသစ်တစ်ခု ကမ်းလှမ်းမယ်..."
ချန်လန် အံ့အားသင့်သွားသည်။
စာချုပ်အသစ်....
သူ မျက်မှောင်ကြုတ်လိုက်သည်။ ဤနယ်မြေစီမံခန့်ခွဲသူက မည်သည့်အရာများ ကြံစည်နေသနည်းဟု သူ တွေးတောလိုက်သည်။
"အရမ်းတွေးမနေပါနဲ့... ငါ နင့်ကို ဒုက္ခမပေးပါဘူး... အခုအချိန်မှာ နင်က ငါ့အတွက် အကျိုးအမြတ်တွေ ရှာပေးနိုင်တယ်ဆိုတော့ နင်ကို ဒုက္ခပေးစရာ အကြောင်းမှ မရှိတာ... ငါက ကောက်ကျစ်စဉ်းလဲတဲ့ နင်တို့လူသားတွေနဲ့ မတူဘူး..."
ဟက်...
ချန်လန်က စိတ်ထဲမှ အေးစက်စက် လှောင်ပြုံးပြုံးလိုက်လေ၏။ အကယ်၍ သူသာ နယ်မြေကို မဖန်တီးနိုင်ခဲ့ပါက သူသည် လွန်ခဲ့သောအချိန်ကတည်းက ဝါးစားပြီး ထွေးထုတ်ခံရလောက်လေပြီ။
သို့သော် သူ ဆာရာနှင့် ငြင်းခုံချင်စိတ် မရှိတော့ချေ။ သူမ ပေးပို့သော အနုတ်လက္ခဏာစွမ်းအင် ၆၀၀ ကို လက်ခံရယူပြီးနောက် သူသည် လက်တွေ့ကမ္ဘာတွင် အစာစားရန် ထွက်ခွာသွားလေ၏။
...
အထက်တန်းနောက်ဆုံးနှစ်နယ်မြေ...
သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။
ကြမ်းပြင်ပေါ်မှ ဒေါက်မြင့်ဖိနပ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီးလူတိုင်း ချက်ချင်းလန်းဆန်းသွားကြသည်။
စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်၌ တစ္ဆေဆရာမ ဝင်ရောက်လာသည်။ သူမ၏ အေးစက်စက် အကြည့်က အခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး အိပ်ပျော်နေသူများအပေါ်တွင် တခဏကြာမျှ ရပ်တန့်သွားပြီးနောက် သူမက စကားပြောဆိုလိုက်၏။
"မေးခွန်းလွှာ ကူးရေးတာနဲ့ အိမ်စာလုပ်လို့ ပြီးသွားတဲ့ ကျောင်းသားတွေ အခု လာအပ်ကြ... ပြီးရင် အဆောင်ပြန်ပြီး သွားအိပ်လို့ရပြီ..."
ဤစကားကို ကြားသောအခါ ကျိုးထျန်ချန်က ပထမဆုံး မတ်တတ်ရပ်ပြီး သူ၏ အိမ်စာနှင့် မေးခွန်းလွှာ ကူးရေးထားသော မှတ်စုစာအုပ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။
တစ္ဆေဆရာမက ထိုအရာများကို လှန်လှောကြည့်ရှုလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လေသည်။
"ကျောင်းသား ကျိုးထျန်ချန် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... စကားလည်း နားထောင်ပြီး အလုပ်ပြီးမြောက်မှုလည်း မြင့်မားတယ်... ဒီနေ့ အတန်းထဲမှာ ကောင်းကောင်း နားထောင်ခဲ့တဲ့ပုံပဲ... ဆုအနေနဲ့ ကျောင်းသားကျိုးက မနက် ၆နာရီအထိ အိပ်လို့ရတယ်... ဒါပေမဲ့ မနက်စာစားတာကို အပြီးသတ်ပြီး ၆နာရီခွဲ မတိုင်ခင် စာသင်ခန်းကို ရောက်ရမယ်ဆိုတာ မှတ်ထားရမယ်..."
ကျိုးထျန်ချန် ချက်ချင်းပြုံးရွှင်သွားလေ၏။ မနက် ၆နာရီအထိ အိပ်ခွင့်ရပြီး အတန်းမတက်မီ မနက်စာ စားခွင့်ရခြင်းမှာ အလွန်ကောင်းမွန်လှသည်။
ဤစကားကို ကြားသောအခါ တခြားသူများသည် မနာလိုစွာ ကြည့်နေကြသော်လည်း အရေးကြီးသော အချက်ကို သူတို့ အလျင်အမြန် သတိပြုမိသွားကြသည်။
၆နာရီအထိ အိပ်ရမယ်...
"ဆရာမ... ၆ နာရီမတိုင်ခင် ကျွန်မတို့ လုပ်ရမယ့်အရာတစ်ခုခု ရှိနေသေးလို့လား..."
အမျိုးသမီးတစ်ဦးက လက်မြှောက်ကာ မတ်တပ်ထရပ်၍ မေးမြန်းလိုက်သည်။
"မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုပေါ့... မင်းတို့က မနက် ၅နာရီမှာ အိပ်ရာထရမယ်... ပြီးရင် ၅နာရီ၁၅မိနစ်မတိုင်ခင် ကစားကွင်းမှာ စုရမယ်... ကာယဆရာက အဲ့ဒီမှာ မင်းတို့ကို စောင့်နေလိမ့်မယ်... တစ်နေ့တာရဲ့ အစီအစဉ်က မနက်ခင်းမှာ စတင်တာပဲ... ဒါကြောင့် မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုက အရမ်းအရေးကြီးတယ်... အဲ့ဒါက မင်းတို့ကို အမြန်နိုးကြားလာစေပြီး ခန္ဓာကိုယ်ရဲ့ တက်ကြွမှုကို ထိန်းသိမ်းပေးနိုင်တယ်..."
ဘာ... မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုလည်း ရှိသေးတယ်လား....
သူတို့ တွေးတောမိကြသည်။
စာသင်ရသည်မှာ ပင်ပန်းလွန်းလှပြီဖြစ်ရာ မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုအတွက် ၅ နာရီ၌ အိပ်ရာထရဦးမည်လော။ ဤသည်မှာ နောက်ပြောင်နေခြင်းလော။
"ဒါပေမဲ့ စိတ်မပူပါနဲ့... မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုက နေ့တိုင်း မဟုတ်ပါဘူး... တစ်ပတ်ကို တစ်ခါတည်းပါ... ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ စာသင်ချိန်မှာ အချိန်ပိုပေးဖို့ လိုတယ်လေ..."
တစ္ဆေဆရာမက အနည်းငယ် ပြုံးလိုက်၏။
"ကဲ... အခု မင်းတို့ရဲ့ အိမ်စာတွေ လာအပ်ကြ... မပြီးတဲ့ ကျောင်းသားတွေက ဒီည အဆောင်ပြန်ခွင့် မရှိဘူး... စာသင်ခန်းထဲမှာပဲ နေရမယ်..."
သူမ ပြောဆိုပြီးနောက် တခြားသူများသည် သူတို့၏ အိမ်စာများနှင့် မှတ်စုစာအုပ်များကို သွားအပ်ကြသည်။ အိပ်နေခဲ့ကြသူများမှာမူ ယခုအချိန်၌ ထိတ်လန့်နေကြပြီး နောင်တများဖြင့် ပြည့်နှက်နေတော့သည်။
သူတို့သည် မနက်ဖြန် မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုသို့ သွားရမည်ဖြစ်သော်လည်း အဆောင်သို့ပြန်၍ အိပ်ခွင့်မရှိကြချေ။ နောက်ထပ် မည်ကဲ့သို့ ပြစ်ဒဏ်မျိုး ဆက်လာမည်နည်း။
သို့သော် ဆရာမသည် အိမ်စာများကို သိမ်းဆည်းပြီးနောက် ထွက်သွားလေ၏။
ဤသည်ကို မြင်သောအခါ ကျိုးထျန်ချန်က စာသင်ခန်းထဲမှ ကပျာကယာ ပြေးထွက်သွားသည်။ အိမ်စာအပ်ပြီးသူများလည်း လိုက်သွားကြရာ အိမ်စာမအပ်ရသေးသူများသာ ကျန်ရစ်ခဲ့တော့သည်။
သူတို့သည် ပြေးထွက်ရန် ကြိုးစားကြသော်လည်း တံခါးပေါက်သို့ ရောက်ချိန်၌ လေနံရံတစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထားသည်အား မြင်တွေ့လိုက်ရသည်။ သူတို့ စာသင်ခန်းထဲမှ ထွက်ခွာ၍ မရနိုင်ချေ။
"ကျစ်... သူတို့က ငါတို့ကို တကယ်ကြီး အထွက်မခံဘူးပဲ... ဘယ်လိုလုပ်ကြမလဲ..."
"ဒါကို ကြိုသိခဲ့ရင် ငါ အိပ်မှာမဟုတ်ဘူး... ပြီးတော့ ဒီမှာအိပ်ရတာ သက်တောင့်သက်သာတောင် မရှိဘူး..."
"အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် မီးများ ရုတ်တရက် ပိတ်သွားလေ၏။ စာသင်ခန်း မှောင်အတိ ကျဆင်းသွားပြီး သူတို့ကို ထိတ်လန့်တကြား အော်ဟစ်သွားစေခဲ့သည်။
သို့သော် မီးများ ပိတ်သွားခြင်းသာဖြစ်ပြီး ပုံမှန်မဟုတ်သောအရာ ဘာမျှမဖြစ်လာကြောင်း သူတို့ မကြာမီ သတိပြုမိသွားကြသဖြင့် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။
"မီးပိတ်သွားရုံပါပဲ... အဆိုးဆုံးကတော့ ငါတို့ ဒီနေရာမှာ အိပ်ရတာပေါ့... ဘယ်မှာအိပ်အိပ် အတူတူပါပဲ... ကြမ်းပြင်ပေါ်မှာ အိပ်လည်း ရတာပဲ..."
ထိုသို့ပြောပြီးနောက် လူတစ်ဦးက ဦးဆောင်ကာ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး တည်ငြိမ်ဟန်ဆောင်နေခဲ့သည်။
ဤသည်ကို မြင်သောအခါ တခြားသူများလည်း အချိန်တခဏကြာမျှ တွေဝေသွားကြပြီးနောက် အံ့ကြိတ်ကာ လှဲလျောင်းလိုက်ကြ၏။ အခြေအနေများ ဤအဆင့်သို့ ရောက်လာပြီဖြစ်ရာ သူတို့ အိပ်ရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
တိတ်ဆိတ်နေသော လေထုထဲတွင် သူတို့၏ အသက်ရှူနှုန်းများသည် လျင်မြန်နေရာမှ တည်ငြိမ်လာခဲ့သည် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် လူတိုင်း စိတ်အေးသွားကြပြီး အိပ်ချင်စိတ်က ဖုံးလွှမ်းလာသည်။
ဘန်း...
ရုတ်တရက် ပြတင်းပေါက်ကို တစ်စုံတစ်ခုက ရိုက်ချလိုက်သကဲ့သို့ လန့်ဖျပ်ဖွယ်ကောင်းသော ကြောက်မက်ဖွယ်အသံတစ်သံ ထွက်ပေါ်လာပေ၏။ လူတိုင်း၏ ခန္ဓာကိုယ်များ ဆတ်ခနဲတုန်ရီသွားပြီး သူတို့အားလုံး ရုတ်တရက် မတ်တပ်ထရပ်လိုက်ကြသည်။
"ဘာဖြစ်တာလဲ..."
"ဘာဖြစ်သွားတာလဲ... အဲ့ဒါ ဘာကြီးလဲ..."
"အဲ့ဒီမှာ ဘယ်သူရှိနေတာလဲ..."
ထိုအချိန်၌ သူတို့၏ အိပ်ချင်စိတ်များ ပျောက်ကွယ်သွားသည်။ သို့သော် သူတို့ သေချာကြည့်လိုက်သောအခါ မည်သည့်အရာကိုမျှ မတွေ့ရချေ။
ဆယ်မိနစ် ကုန်လွန်သွားပြီး သူတို့ ထပ်မံအိပ်ပျော်လုနီးပါး ဖြစ်နေချိန်၌ ထိုကြောက်မက်ဖွယ်ကောင်းသော အသံကြီးက တဖန်ထွက်ပေါ်လာပြန်ရာ သူတို့ကို လန့်နိုးသွားစေသည်။
ထိုအချိန်မှသာ သူတို့ လုံးလုံးလျားလျား နားလည်သွားကြ၏။ သူတို့ကို အိပ်ခွင့်မပေးဘဲ သူ အဆက်မပြတ် ခြောက်လှန့်နေခြင်းသာဖြစ်သည်။
သူတို့ထံ၌ နောင်တများဖြင့် ပြည့်နှက်သွားလေ၏။ သူတို့သာ အိမ်စာများကို သေချာစွာ လုပ်ခဲ့မည်ဆိုပါက ဤသို့ဖြစ်မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် အဆောင်သို့ ပြန်ရောက်သွားကြသူများသည် တစ်နေကုန် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကြောင့် ခေါင်းအုံးနှင့် ထိသည်နှင့် တပြိုင်နက် အိပ်ပျော်သွားကြတော့သည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ချန်လန်သည် လက်တွေ့ကမ္ဘာတွင် ထမင်းစားပြီး ပြန်လာကာ အချိန်ကို စစ်ဆေးလိုက်သည်။ နယ်မြေအတွင်း၌ ငါးနာရီ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ယခု ၅နာရီ ရှိနေလေပြီ။
သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေ၏။
အိပ်ရာထရမယ့် အချိန်ရောက်ပြီ။