← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) ငရဲထက်တောင် ပိုကြောက်စရာကောင်းတာလား... နတ်ဆိုးရဲ့ အသိအမှတ်ပြုမှု

ငါးနာရီတိတိတွင် ကမ္ဘာမြေပေါ်ရှိ ကျောင်းသားတိုင်းကို ထိတ်လန့်တုန်လှုပ်စေသော "နှိုးစက်သံ" မြည်ဟီးလာပေ၏။

ထို "နှိုးစက်သံ" သည် အဆောင်နှစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက် လူတိုင်း လန့်ဖျပ်ကာ အိပ်ရာမှ နိုးထလာကြသည်။

"အဲ့ဒါက ဘာအသံကြီးလဲ... လန့်သေတော့မှာပဲ..."

"ဘယ်အချိန်ရှိပြီလဲ... ဘယ်သူ့ဆီမှာ ဖုန်းရှိလဲ..."

"မင်း အိပ်ရေးမဝလို့ ကြောင်နေတာလား... ငါတို့က အခု တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေထဲ ရောက်နေတာလေ... ဖုန်းဆိုတာ... သောက်ကျိုးနည်း...ဘယ်ရှိမှာလဲ..."

"အော်... ဟုတ်သားပဲ... ဒါဆို ငါတို့ကို နှိုးတာ ဖြစ်ရမယ်..."

"သောက်ကျိုးနည်း... ဒီနေ့ မနက်ခင်း ကိုယ်လက်လှုပ်ရှားမှု ရှိတယ်လေ... မြန်မြန်လုပ်... သွားတိုက် မျက်နှာသစ်ကြ..."

နောက်ဆုံးစကားက လူတိုင်းကို သတိရသွားစေသည်။ ယနေ့ မနက်ခင်း ကိုယ်လက်လှုပ်ရှားမှု ရှိနေသည်။ အကယ်၍ သူတို့သာ နောက်ကျသွားပါက အကျိုးဆက်များကို တွေးတောင် မတွေးရဲချေ။

လှုပ်လှုပ်ရွရွ အသံများနှင့်အတူ လူတိုင်းသည် ကုတင်ပေါ်မှ ကပျာကယာ ဆင်းလာကြလေ၏။ ကျိုးထျန်ချန်မှလွဲ၍ ကျန်လူများအားလုံး အလွန်အမင်း အလောတကြီး ဖြစ်နေကြသည်။

အဝတ်အစားဝတ်ခြင်း၊ သွားတိုက်ခြင်းနှင့် မျက်နှာသစ်ခြင်းတို့အတွက် သူတို့အားလုံးသည် ရှိနေသည့် ရေဘုံဘိုင်နှစ်ခုကို လုယက်သုံးစွဲနေကြရသည်။

သူ၏ကုတင်ပေါ်မှနေ၍ ထိုအဖြစ်အပျက်ကို စောင့်ကြည့်ရင်း ကျိုးထျန်ချန်သည် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် မနေ့ညက အိမ်စာကို ပထမဆုံး အပ်ခဲ့သူဖြစ်နေသည်။ ထိုသို့မဟုတ်ပါက သူလည်း သူတို့ကဲ့သို့ပင် ဖြစ်နေပေမည်။

၅နာရီဆယ်မိနစ်တွင် လူတိုင်း ပြင်ဆင်ပြီးစီးသွားကြပြီး တံခါးအပြင်သို့ အပြေးအလွှား ထွက်လာကြ၏။

အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် မိန်းကလေးများလည်း ထွက်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ မိန်းကလေးတချို့က ညှပ်ဖိနပ်များပင် စီးထားကြသည်။

ထိုကိစ္စများကို ဂရုမစိုက်အားဘဲ သူတို့သည် အောက်ထပ်သို့ ပြေးဆင်းသွားကြပြီး ကစားကွင်းသို့သွားသော လမ်းညွှန်ဆိုင်းဘုတ်များကို လိုက်၍ သွားကြ၏။

ကစားကွင်းတွင် အလယ်၌ ဘောလုံးကွင်းတစ်ခုနှင့်အတူ ရင်းနှီးနေကျ အနီရောင်ပြေးလမ်းတစ်ခု ရှိနေသည်။

ထိုအချိန်၌ အနက်ရောင် စွပ်ကျယ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ခရာတစ်လုံး ဆွဲထားသော တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားတစ်ဦးကို သူတို့ မြင်တွေ့လိုက်ရသည်။

ထိုနေရာအနီးသို့ ရောက်သွားချိန်မှသာ ထိုလူသည်လည်း သွေးရောင်လွှမ်းနေသော မျက်လုံးများရှိသည့် ထူးဆန်းသော တစ္ဆေတစ်ကောင်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

"မင်းတို့တွေက ပျင်းရိပြီး အိပ်ချင်မူးတူးပုံတွေ ပေါက်နေတယ်... ဒီကို လာကြစမ်း..."

ကာယဆရာက အော်ငေါက်လိုက်ရာ သူ၏အသံသည် ခြင်္သေ့တစ်ကောင် ဟိန်းဟောက်နေသည့်အလားပင်။

ထိတ်လန့်သွားသော လူတိုင်းသည် ခပ်သုတ်သုတ် ပြေးသွားကြ၏။

"မင်းတို့ကိုမင်းတို့လည်း ပြန်ကြည့်ကြဦး... ကိုယ်ဟန်အနေအထား တောင့်တောင့်တင်းတင်း လုံးဝမရှိဘူး... အားလုံးပဲ အရပ်ပုရာကနေ ရှည်တဲ့သူအလိုက် တန်းစီကြ... မိန်းကလေးတွေက အရှေ့မှာ ယောကျာ်းလေးတွေက အနောက်မှာနေ..."

ကာယဆရာက ခရာကို မှုတ်လိုက်ရာ စူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်။

လူတိုင်းသည် သူတို့၏ နေရာများကို အလျင်အမြန် ညှိယူလိုက်ပြီး မတ်မတ်ရပ်လိုက်ကြသည်။

"ကောင်းတယ်... မင်းတို့ နောက်မကျဘူး... အဲ့ဒါက ငါ့ကို စိတ်ကျေနပ်ဆစဆုံးပဲ... ငါတို့မှာ အချိန်သိပ်မရှိဘူး... အခု ငါ သီချင်းဖွင့်မယ်... ငါလုပ်တဲ့အတိုင်း လိုက်လုပ်... ငါးခေါက် ပြီးသွားရင် မနက်စာ သွားစားလို့ရပြီ..."

ကာယဆရာက လက်ခုပ်တီးလိုက်ရာ စပီကာတစ်လုံး လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သီချင်းတစ်ပုဒ်ကို ဖွင့်ပေးလေ၏။

【ယခုမှစ၍ အမှတ် (၈) အမျိုးသား ရေဒီယို ကျွမ်းဘားလေ့ကျင့်ခန်းကို စတင်ပါမည်... နေရာမှာတင် လမ်းလျှောက်ပါ...】

သီချင်းစတင်သည်နှင့် တပြိုင်နက် လူတိုင်းသည် အလိုအလျောက် နေရာမှာတင် လမ်းလျှောက်ကာ စတင်လှုပ်ရှားလာသည်။ သူတို့၏မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်များကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ကြောင်း ရှာဖွေတွေ့ရှိလိုက်ရသောကြောင့်ပင်။

"ကောင်းတယ်... ဆက်လုပ်..."

ကာယဆရာက အပြုံးဖြင့် အရှေ့တွင် မတ်တတ်ရပ်ကာ ကျွမ်းဘားလေ့ကျင့်ခန်းကို လုပ်ဆောင်ပြနေလေ၏။

လူတိုင်းသည် ထိန်းချုပ်ခံနေရကာ သူတို့၏ ခန္ဓာကိုယ်များ ခြယ်လှယ်ခံနေရသည့်တိုင် ပင်ပန်းနွမ်းနယ်မှုကိုမူ ခံစားနေကြရဆဲပင်။

တစ်ခေါက်ပြီးသွားချိန်တွင် သူတို့ သိပ်မခံစားရသေးချေ။

"သိပ်မဆိုးပါဘူး... ဒီရေဒီယို ကျွမ်းဘားလေ့ကျင့်ခန်းက သိပ်မပင်ပန်းဘူးပဲ... ငါတို့ ပြေးရမယ်လို့တောင် ထင်နေတာ..."

"ဟုတ်တယ်... ဒီလောက်ဆိုရင်တော့ ငါးခေါက်ပြီးအောင် လုပ်ဖို့ ပြဿနာမရှိနိုင်ပါဘူး..."

သို့သော် မကြာမီမှာပင် သူတို့ ထိုမျှလောက် အကောင်းမမြင်နိုင်တော့ချေ။

နှစ်ခေါက် ပြီးသွားချိန်တွင် ကာလရှည်ကြာ လှုပ်လှုပ်ရှားရှား မရှိခဲ့သူများနှင့် တစ်နေကုန် စားပွဲတွင် ထိုင်ခဲ့သူများသည် ပင်ပန်းလာပြီဖြစ်ကြောင်း ခံစားမိကြသည်။

သုံး၊ လေးခေါက် ပြီးသွားချိန်၌ လူတချို့သည် မနက်စာ မစားရသေးသောကြောင့် ခေါင်းများ မူးဝေလာကြလေပြီ။

ငါးခေါက်ပြီးဆုံးသွားချိန်၌ လူတိုင်း အမောတကော ဖြစ်နေကြ၏။ သူတို့သည် ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်ရန်အချိန် မည်သို့ ရနိုင်မည်နည်း။ လမ်းလျှောက်ရန်ပင် အချိန်မရှိကြချေ။ ရုတ်တရက်ကြီး ရေဒီယို ကျွမ်းဘားလေ့ကျင့်ခန်း ငါးခေါက်တိတိ အပြီးလုပ်လိုက်ရခြင်းမှာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်စရာ ဖြစ်သည်။

"အခု မင်းတို့ မနက်စာ သွားစားလို့ရပြီ..."

ဤစကားကို ကြားသောအခါ လူတိုင်း ရုတ်တရက် အသက်ပြန်ရှင်လာသကဲ့သို့ ဖြစ်သွားပြီး ကန်တင်းဆီသို့ အပြေးအလွှား သွားကြသည်။

သူတို့ ကန်တင်းသို့ ရောက်ရှိချိန်၌ ကျိုးထျန်ချန်သည် မနက်စာ စားပြီးနေလေပြီ။

ဤသည်ကို မြင်သောအခါ သူတို့အားလုံး မနာလိုစွာ ကြည့်လိုက်ကြ၏။ သူတို့ ကြိာသိခဲ့ပါက သူတို့သည် ပထမဆုံးဖြစ်ရန်အတွက် မနေ့ညက အိမ်စာများကို မြန်မြန်ဆန်ဆန် အပြီးလုပ်ခဲ့ကြပေမည်။

မနာလိုဖြစ်မှုများကို ဘေးဖယ်ထားကာ လူတိုင်းသည် မနက်စာယူရန် အပြေးအလွှား သွားကြလေ၏။

ကြက်ဥများ၊ ပေါက်စီများနှင့် ပဲနို့တစ်ခွက်...

ဤသည်မှာ အလွန်ကောင်းမွန်သော မနက်စာပင်။

လူတိုင်းသည် အားရပါးရ စားသောက်ကြသော်လည်း စားပြီးလုနီးပါး အချိန်လေးတွင် အလောတကြီး မြည်ဟီးလာသော ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့အားလုံး ကန်တင်းရှိ နာရီကို မော့ကြည့်လိုက်ရာ ၆နာထီခွဲတော့မည်ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။

"သောက်ကျိုးနည်း... ငါတို့ နောက်ကျတော့မယ်..."

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ထွက်လာကြပြီး စာသင်ခန်းဆီသို့ ပြေးသွားကြသည်။ အကယ်၍ သူတို့သာ နောက်ကျပါက စာမေးပွဲမေးခွန်းလွှာများကို ထပ်မံ၍ ကူးရေးရနိုင်သည်။

သူတို့ မေးခွန်းလွှာများကို ဆက်လက်၍ ကူးမရေးချင်တော့ချေ။ ဤအရာမှာ သူတို့အတွက် လုံးလုံးလျားလျား အိပ်မက်ဆိုးတစ်ခုပင်။

မနေ့က အဖြစ်အပျက်ကို ဖြတ်သန်းပြီးနောက် သူတို့အားလုံးသည် မေးခွန်းလွှာများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ စိတ်ဒဏ်ရာ ရရှိနေကြပြီး ထပ်မံကူးရေးလိုစိတ် မရှိတော့ချေ။ အကယ်၍ သူတို့သာ ကူးရေးရန် ပြစ်ဒဏ်ပေးခံရပါက နေ့လယ်စာ စားနိုင်မည် မဟုတ်တော့ချေ။

...

စာသင်ခန်း၌...

လူတိုင်းသည် သူတို့၏ နေရာများသို့ အမောတကော ရောက်ရှိလာကြပြီးနောက် မနေ့ညက အဆောင်သို့ ပြန်မလာခဲ့ရသူများအားလုံး ညှိုးနွမ်းနေကြပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကာ မျက်လုံးအောက်တွင် အမည်းရောင်ကွင်းများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိလိုက်ရသည်။

မေးမြန်းကြည့်ပြီးနောက် သူတို့သည် တစ်ညလုံး မအိပ်ခဲ့ရဘဲ အချိန်ပြည့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိလိုက်ရသည်။ သူတို့၏ စိတ်ဓာတ်များသည် ယခုအချိန်၌ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေလေပြီ။

သူတို့၏ အတွေ့အကြုံများကို ကြားသိရသောအခါ လူတိုင်း ထိတ်လန့်သွားကြပြီး ယနေ့ အတန်းထဲတွင် သေချာစွာ အာရုံစိုက်ရန်၊ မငိုက်မျဉ်းရန်၊ ဆရာမကို မစော်ကားမိရန်နှင့် မေးခွန်းလွှာများ ကူးရေးရသည့် ပြစ်ဒဏ် လုံးလုံးလျားလျား မခံရစေရန် စိတ်ထဲမှ တိတ်တဆိတ် ကတိပြုလိုက်ကြ၏။

ဒေါက်... ဒေါက်... ဒေါက်...

ထိုအချိန်၌ စာသင်ခန်းအပြင်ဘက်မှ လေးလံသောအရာတစ်ခုက တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

တံခါးပွင့်လာချိန်၌ တုန်ခါနေသောဗိုက်ရွှဲရွှဲနှင့် အနက်ရောင်မျက်မှန်ကို တပ်ဆင်ထားသော အဝလွန်အမျိုးသမီးကြီးတစ်ဦး ဝင်ရောက်လာသည်။ သူမစီးထားသော ဒေါက်မြင့်ဖိနပ်များသည် ဖိပြားခံထားရသဖြင့် အောက်ခြေပြား ဖိနပ်များအဖြစ် ပြောင်းလဲနေလေပြီ။

သုံးမီတာခန့် အရပ်ရှည်သော ဤအဝလွန်အမျိုးသမီးကြီးကို ကြည့်ရင်း လူတိုင်း တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ကြသည်။

ဆရာမက ဘာလို့ ပြောင်းသွားတာလဲ...

"ဒီနေ့ မင်းတို့ အတန်းကို ငါ တာဝန်ယူမယ်... ငါက မင်းတို့ရဲ့ အင်္ဂလိပ်စာ ဆရာမပဲ... ငါ့ကို ဆရာမ မားမားဟန်လို့ ခေါ်နိုင်တယ်..."

ဆရာမ၏ ကြမ်းတမ်းသော အသံ ထွက်ပေါ်လာသည်။

အင်္ဂလိပ်စာ ဆရာမလား...

လူတိုင်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။

မနေ့က တရုတ်စာကိုပင် သူတို့ သေချာစွာ မကျွမ်းကျင်သေးဘဲ ယနေ့ အတန်းက ပြောင်းလဲသွားလေပြီ။ မနက်ဖြန်ကျလျှင် သင်္ချာသင်ရတော့မှာလားဟု သူတို့ တွေးလိုက်မိကြသည်။

"ပထမဆုံးအနေနဲ့ ဒီနေ့ အစီအစဉ်ကို ငါ ရှင်းပြမယ်... မနက်ခင်းက စာသင်မယ်... နေ့လယ်ဘက်မှာ စာမေးပွဲမေးခွန်းလွှာတွေ ဖြေရမယ်... ညဘက်မှာ တစ်နေ့တာ သင်ခဲ့တဲ့ စာတွေကို ပြန်နွှေးရမယ်... ပြီးတော့ ငါ့ရဲ့အတန်းမှာ ဘယ်သူမှ အိပ်တာ တိုးတိုးတိတ်တိတ် စကားပြောတာတွေ လုပ်ခွင့်မရှိဘူး... မေးခွန်းဖြေချင်ရင် လက်မြှောက်ပြီး 'အစီရင်ခံပါတယ်' လို့ ပြောရမယ်... ရှင်းလား..."

လူတိုင်းက နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ကြသည်။

"ကောင်းတယ်... အခု အင်္ဂလိပ်စာ ဖတ်စာအုပ်တွေကို ထုတ်ပြီး စာမျက်နှာ ၃ ကို လှန်လိုက်..."

လုပ်ရိုးလုပ်စဉ်များကို ရင်းနှီးပြီးဖြစ်ရာ လူတိုင်းသည် သူတို့၏ စာအုပ်များကို အလျှင်အမြန် ဖွင့်လိုက်ကြလေ၏။ အကြောင်းအရာကို ကြည့်ပြီးနောက် သူတို့ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။

သိပ်မခက်ပါဘူး... အခြေခံ အင်္ဂလိပ်စကားလုံးတွေပဲ... ဒီနေ့တော့ ဖြတ်သန်းရ သိပ်မခက်လောက်ပါဘူး...

သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် မနက်ပိုင်း အတန်းများ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ ထိုအရာအားလုံးသည် သူတို့ ချက်ချင်းနားလည်နိုင်သော ရိုးရှင်းသည့် အင်္ဂလိပ်စကားလုံးများသာ ဖြစ်သဖြင့် သူတို့သည် နေ့လယ်စာစားရန်အတွက် ကန်တင်းသို့ ဘေးကင်းစွာ ရောက်ရှိသွားကြ၏။

"ဒီနေ့က အရမ်းချောမွေ့တာပဲ... နေ့တိုင်းသာ ဒီလိုဆိုရင် ငါတို့ နယ်မြေကို အလွယ်တကူ ရှင်းလင်းနိုင်မှာပဲ..."

"အဲ့ဒါပြောတာ... အဲ့ဒီစကားလုံးတွေက အရမ်းရိုးရှင်းတယ်... ကျန်တဲ့ဟာတွေက သိပ်ပြီး ပြဿနာမရှိလောက်ပါဘူး..."

"ဟုတ်တယ်... ကြည့်ရတာ ဒီနယ်မြေက သိပ်ပြီး မခက်ခဲပါဘူး..."

လူအမြောက်အများသည် သတိလက်လွတ် ဖြစ်သွားကြပြီး နယ်မြေမှာ သာမန်မျှသာဖြစ်ကာ သူတို့ ကြိုးကြိုးစားစား စာသင်နေသရွေ့ မကျော်ဖြတ်နိုင်စရာ ဘာမျှမရှိဟု ထင်မှတ်လာကြ၏။

...

ပြင်ပကမ္ဘာ၌...

"ချန်လန်... နင် သတ်မှတ်ထားတဲ့ သင်ရိုးက အရမ်းလွယ်နေတာလား... သူတို့အားလုံးက တော်တော်လေး သက်သောင့်သက်သာ ဖြစ်နေကြပုံပဲ..."

ဆာရာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သို့သော် ချန်လန်၏ နှုတ်ခမ်းများက အေးစက်စက် လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"သေချာပေါက် လွယ်တာပေါ့... အဲ့ဒါတွေအားလုံးက မူလတန်းအဆင့်တွေလေ... အစစ်အမှန် အထက်တန်းအဆင့်စာတွေ စတောင်မစရသေးဘူး..."

"အခုချက်ချင်းသာ အထက်တန်းအဆင့် စာတွေကို စသင်လိုက်ရင် ဒီလူတွေက သေချာပေါက် နားလည်မှာ မဟုတ်ဘူး... သင်ယူမှုဆိုတာ တဖြည်းဖြည်းချင်း သွားရသလို ညှဉ်းပန်းနှိပ်စက်မှုကလည်း တဖြည်းဖြည်းချင်း သွားရမှာပဲ... သူတို့ကို မူလတန်းအဆင့်စာတွေ အရင်သင်ခိုင်းထားမယ်... ပြီးရင် အလယ်တန်းအဆင့်ပေါ့... နောက်လဝက်လောက်ကြာလို့ အထက်တန်းအဆင့် သင်ရိုး အတန်းတွေ တရားဝင် စတင်တဲ့အချိန်ကျရင် သူတို့ ငိုဖို့အချိန်တွေ အများကြီး ရလာလိမ့်မယ်..."

ချန်လန်၏ စကားကို ကြားသောအခါ ဆာရာ၏မျက်နှာပေါ်တွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ငါ နားလည်ပြီ... နင်က တကယ့်ကို ထက်မြက်တာပဲ... နင်ဆီမှာ နတ်ဆိုးတစ်ကောင်ဖြစ်ဖို့ စစ်မှန်တဲ့အရည်အချင်း ရှိတယ်...နင် ဖန်တီးထားတဲ့ နယ်မြေက ငရဲထက်တောင် ပိုပြီးကြောက်စရာ ကောင်းသေးတယ်..."

ဤစကားက ချီးကျူးစကားနှင့် တူနေသော်လည်း ချန်လန်၏ နှလုံးသားကို နာကျင်စေခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် ဤအရာများသည် သူ၏ အတိတ်ဘဝတွင် အတိအကျ ကြုံတွေ့ခဲ့ရသော အရာများ ဖြစ်နေသောကြောင့်ပင်။

အထက်တန်းနောက်ဆုံးနှစ်ဆိုသည်မှာ ဤကဲ့သို့ပင် ဖြစ်လေသည်။ ဆာရာကဲ့သို့ နတ်ဆိုးတစ်ကောင်ကပင် ငရဲထက် ပိုကြောက်စရာကောင်းသည်ဟု အံ့အားတသင့် ရေရွတ်ခြင်းမှာ မဆန်းချေ။

Book 1 end.

All Chapters