← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) ဒီနေ့ စာမေးပွဲ မရှိဘူး

လူတိုင်းသည် သူတို့၏စားပွဲအံဆွဲများထဲသို့ အလျင်အမြန် ငုံ့ကြည့်လိုက်ကြ၏။ သူတို့ မြင်တွေ့လိုက်ရသောအရာက သူတို့ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

အံ့ဆွဲအတွင်းတွင် စာအုပ်များ ပြည့်ကျပ်နေကာ ယခင်ကထက် များစွာပို၍ များပြားနေသည်။

လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီးနောက် လူအုပ်ကြီးသည် လုံးလုံးလျားလျား ထိတ်လန့်သွားကြ၏။

ဒါတော့ သွားပြီ...ဒီလောက်များတဲ့ စာအုပ်တွေကို အကုန်ပြီးအောင် ဖတ်ဖို့ဆိုတာ ဘယ်လောက်တောင် ကြာမှာလဲ...

သူတို့ တွေးလိုက်မိကြသည်။

"အားလုံးပဲ စာအုပ်တွေ ထုတ်လိုက်ကြ..."

တစ္ဆေဆရာမက အပြုံးနှင့် ပြောလိုက်သည်။

သူမ၏အပြုံးမှာ သူတို့အတွက် နတ်ဆိုးတစ်ကောင်၏ အပြုံးနှင့် လုံးလုံးလျားလျား ခြားနားခြင်း မရှိချေ။

တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် လူတိုင်းသည် သူတို့၏ စားပွဲများထဲမှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် တုန်ယင်စွာ ဆွဲထုတ်လိုက်ကြ၏။

ထိုစာအုပ်များတွင် 'ဒဿမတန်း တရုတ်စာ ဖတ်စာအုပ်' ၊ 'ခန်းဆောင်နီအိမ်မက်' ၊ 'ရှင်ဟွာ အဘိဓာန်' ၊ 'ကွန်ဖြူးရှပ် ကျင့်ဝတ်ကျမ်း' နှင့် စကားပြေနှင့် ရှေးဟောင်းတရုတ်စာပေအတွက် အမျိုးမျိုးသော ဖတ်စာအုပ်များ ပါဝင်သည်။

သူတို့ တစ်ခါမျှ မမြင်ဖူးသော စာအုပ်များကို စားပွဲများပေါ်တွင် တစ်အုပ်ပြီးတစ်အုပ် တင်လိုက်ချိန်၌ ထိုကွဲပြားခြားနားသော ခေါင်းစဉ်များကို မြင်တွေ့ရပြီး သူတို့၏ ဦးရေပြားများပင် ထုံကျဉ်သွားလေ၏။

"ငါတို့တော့ သွားပါပြီ... ဒီလောက် စာအုပ်တွေအများကြီး... ငါတို့က ဒါတွေအားလုံးကို သင်ရမှာလား..."

"ဒါက သောက်ရူးလုပ်ရပ်ပဲ... ငါတို့က ဘယ်လိုလုပ် စာလုပ်ရမှာလဲ... ဒီည အိပ်ဖို့ကတော့ မေ့ထားလိုက်တော့..."

"ငါ စာအုပ်တစ်အုပ်ကို ကြုံရာဖွင့်ကြည့်လိုက်တာ... တစ်ခါမှ မမြင်ဖူးတဲ့ စာအုပ်ပဲ... ဒါတွေအားလုံးက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကများလား..."

"ဟိုဘက်က တစ္ဆေတွေက စာလုပ်ရတာကို အဲ့ဒီလောက်တောင် သဘောကျကြတာလား..."

"တစ္ဆေတွေက အရမ်းကြမ်းတာပဲ... ဒီစာအုပ်တွေကို ကြည့်ရင်း ငါ သေချင်စိတ်တောင် ပေါက်လာတယ်... တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာမှာ တစ္ဆေတွေ ဘာလို့ ဒီလောက်များနေလဲဆိုတာ မဆန်းပါဘူး... သူတို့အားလုံး စာလုပ်ရင်း သေသွားတာ ဖြစ်ရမယ်..."

ဤမျှများပြားသော စာအုပ်များကို မြင်လိုက်ရချိန်၌ လူတိုင်းသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။ ထိုစာအုပ်များအားလုံး ပြီးဆုံးရန် အချိန်မည်မျှထိ ကြာမြင့်မည်နည်း။

"အရမ်းကောင်းတယ်... အားလုံးပဲ တရုတ်စာ ဖတ်စာအုပ်တွေကို ဖွင့်လိုက်... ဒီနေ့ တနေကုန် ဆရာမ စာသင်မယ်... စာမေးပွဲ မရှိဘူး..."

ဤစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာပေါ်ရှိ မျှော်လင့်ချက်မဲ့မှုများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

စာမေးပွဲမရှိဘူး..

ဤသည်မှာ သူတို့ ကြားဖူးသမျှထဲတွင် အပျော်ရွှင်ဆုံး သတင်းပင်။ ဆိုလိုသည်မှာ သူတို့ ယနေ့ အတန်းပြီးနောက် ကျန်ရစ်နေခဲ့ရမည် မဟုတ်ပေ။

အချိန်တခဏအတွင်း လူအုပ်ကြီးထံတွင် ခွန်အားနှင့် ယုံကြည်မှုများ ပြည့်ဝသွားကြ၏။ စာမေးပွဲမေးခွန်းလွှာများ မရှိသရွေ့ သူတို့ မည်သည့်အရာကိုမဆို လုပ်ဆောင်ပေမည်။ ​ဤသည်မှာ စာသင်သည်ကို နားထောင်ရုံမျှသာ ဖြစ်ပြီး သူတို့၏နားများသာ လိုအပ်သည်။

...

ညအချိန်၌....

နေ့ဘက်က ပြောခဲ့သည့်အတိုင်းပင် စာမေးပွဲမေးခွန်းလွှာများ မရှိခဲ့ချေ။ သန်းခေါင်ယံအချိန်တွင် လူတိုင်းသည် လေချွန်ရင်း အဆောင်သို့ ပြန်လာကြသည်။

"ဒီနေ့က တကယ်ကောင်းတာပဲ... စာမေးပွဲမေးခွန်းလွှာ တစ်ခုမှမရှိဘူး... အိမ်စာတောင် မရှိဘူး..."

"အဲ့ဒါက အသာလေးပဲကို..."

"အို... မင်းက ရှေးဟောင်းတရုတ်စာပေ နည်းနည်းလေး သင်လိုက်ရုံနဲ့ အခု သုံးနေပြီပေါ့..."

"တကယ်တော့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အသိပညာတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်... အနည်းဆုံးတော့ ငါတို့ဆီကဟာတွေထက် ပိုကောင်းတယ်..."

စတုတ္ထထပ်သို့ ရောက်ရှိလာချိန်၌ လူတိုင်းသည် ယနေ့အကြောင်းကို ပြန်ပြောင်းတွေးတောကာ ပျော်ရွှင်နေကြဆဲပင်။ နေ့တိုင်းသာ ဤသို့ဖြစ်နေမည်ဆိုပါက အလွန်ကောင်းမွန်ပေလိမ့်မည်။

"အရာရာတိုင်းက ဒီလို ထူးဆန်းနေပြီဆိုရင် သေချာပေါက် နောက်ကွယ်မှာ တစ်ခုခု ရှိနေရမယ်... အားလုံးပဲ မနက်ဖြန်ကျရင် သတိထားကြ..."

ကျိုးထျန်ချန်က ရုတ်တရက် ပြောဆိုလိုက်သည်။

တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေကို ရှင်းလင်းခဲ့ဖူးသော သူ၏ အတွေ့အကြုံအရ မနက်ဖြန်သည် သေချာပေါက် လွယ်ကူမည်မဟုတ်ချေ။

ဤစကားကို ကြားသောအခါ လူတိုင်း၏ စိတ်ဓာတ်များ ရုတ်တရက် ကျဆင်းသွားပြီး သူတို့ စတင်၍ စိုးရိမ်ပူပန်လာကြသည်။

"ဦးလေး... လူတွေကို လျှောက်ခြောက်မနေပါနဲ့... ဘာပဲဖြစ်ဖြစ် ငါတို့ သေမှာမှမဟုတ်တာ... မနက်ဖြန် ပြဿနာ ဘယ်လောက်ကြီးကြီး ငါတို့ မကြောက်ဘူး..."

ထိုအချိန်၌ အသက်ဆယ့်ရှစ်နှစ် ပြည့်ခါစဟု ယူဆရသော အတော်လေး ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးက ပြောဆိုလိုက်၏။

သူမ၏အမည်မှာ ချန်ထုံပင်။ သူမသည် ဤနေရာတွင် အငယ်ဆုံးဖြစ်ပြီး အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးပြီးချင်း ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ချန်ထုံ၏စကားကြောင့် လူအုပ်ကြီးသည် သတိပြန်ဝင်လာကြသည်။

ဤသည်မှာအမှန်ပင်။ သူတို့ မသေသရွေ့ သေခြင်းတရားထက် ပိုကြောက်စရာကောင်းသောအရာဟူ၍ မည်သည်က ရှိနိုင်မည်နည်း။

"ဟုတ်တယ်... အားလုံးပဲ စိတ်လျှော့ထားကြ... မနက်ဖြန် ဘာပဲဖြစ်ဖြစ် စာသင်တာနဲ့ပဲ ပတ်သက်နေမှာပါ... ငါတို့ လိမ္မာပြီး အမှားမလုပ်သရွေ့ ဘာမှဖြစ်မှာ မဟုတ်ဘူး..."

"မှန်တယ်... အိပ်ကြရအောင်... မနက်ဖြန် အစောကြီးထရဦးမယ်..."

လူအုပ်ကြီး လူစုကွဲသွားပြီး သူတို့၏ သက်ဆိုင်ရာ ကုတင်များဆီသို့ ပြန်သွားကြရာ ကျိုးထျန်ချန်သာ မျက်မှောင်ကြုတ်ပြီး ကျန်ရစ်ခဲ့သည်။

"ဒီနယ်မြေက အရမ်းလွယ်ကူလွန်းနေတယ်... သေဆုံးမှု ခြိမ်းခြောက်တာ မရှိဘူး... စာသင်တာပဲ ရှိတယ်... တစ်ခုခုတော့ ထူးဆန်းနေတယ်..."

သူ ယခင်က ရှင်းလင်းခဲ့သော နယ်မြေတွင် သူ ဝင်ရောက်သည်နှင့် တပြိုင်နက် သေဆုံးမှု ခြိမ်းခြောက်ချက်ကို ရရှိခဲ့ပေ၏။ တာဝန်များကို မပြီးမြောက်ပါက သူ သေဆုံးမည်ဖြစ်ပြီး သူ တတိနင်းမိစေရန် စောင့်ဆိုင်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် ထောင်ချောက်မျိုးစုံ ရှိနေခဲ့သည်။ သူ အမှားတစ်ခုလုပ်မိသည်နှင့် သေဆုံးရပေမည်။

သို့သော် ဤနယ်မြေတွင် သူတို့ သေဆုံးမည်မဟုတ်ရုံသာမက ထိခိုက်ဒဏ်ရာပင် ရရှိမည်မဟုတ်ချေ။ အဆိုးဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရမှု အနည်းငယ်မျှသာ ဖြစ်ပေ၏။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စည်းမျဉ်းများပင်။

ထိုအရာများကို ရှင်းလင်းစွာ ရှင်းပြထားခြင်း မရှိချေ။ ထိပ်ဆုံးငါးယောက်သာ ထွက်ခွာခွင့်ရမည်ဟု ဆိုထားသော်လည်း သူတို့၏နောက်တွင် ရှိနေသူများ မည်သို့ဖြစ်မည်ကိုမူ ပြောဆိုထားခြင်း မရှိချေ။

သူ တတ်နိုင်သမျှ အရာအားလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထိပ်ဆုံးငါးယောက်စာရင်း ဝင်နိုင်ရေး သေချာစေရန်အတွက် အစွမ်းကုန် ကြိုးစား၍ စာသင်ရန်သာ ဖြစ်ပေ၏။

ဤလူများသည် သတိလက်လွတ် ဖြစ်နေကြသဖြင့် သူသာ သူတို့ထက် ပို၍ကြိုးစားပါက အောင်မြင်နိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ သတိပေးပြီးလေပြီ။ အကယ်၍ သူတို့ နားမထောင်ပါက သူ တတ်နိုင်သောအရာ ဘာမျှမရှိတော့ချေ။

အပြင်ဘက်တွင် ကျိုးထျန်ချန်က မတ်တတ်ရပ်ကာ အတွေးနက်နေသည်ကို မြင်သောအခါ ချန်လန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေ၏။

"ဒီလူက ထက်မြက်တယ်... သူ အဖြေကို ခန့်မှန်းမိနေပြီထင်တယ်..."

"ဘာကို ခန့်မှန်းမိတာလဲ..."

ဆာရာက ချန်လန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"တက္ကသိုလ်ဝင်တန်းစာမေးပွဲ စည်းမျဉ်းတွေမှာ ထိပ်ဆုံးငါးယောက်ပဲ ထွက်ခွင့်ရမယ်လို့ ပြောထားတာကို မင်း သတိမထားမိဘူးလား..."

ဆာရာက အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။

"နင်က အကျိုးဆက်တွေကို ထည့်မပြောထားဘူးပဲ... ဒါဆို အကျိုးဆက်တွေက ဘာလဲ..."

"အကျိုးဆက်တွေလား... တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြီးသွားရင် သဘာဝကျကျ မင်း သိလာမှာပါ..."

"ဝိုး... ငါ့ကိုတောင် လျှို့ဝှက်ထားတာလား... ငါက စီမံခန့်ခွဲသူလေ..."

"ဒါက ဘာလဲဆိုတာ ကြည့်လိုက်ဦး..."

ချန်လန်က အနီရောင်စာအုပ်တစ်အုပ်ကို ထုတ်ပြလိုက်သည်။ ခေါင်းစဉ်ကို မြင်လိုက်ရချိန်၌ ဆာရာသည် ချက်ချင်းဆိုသလိုပင် စကားမပြောနိုင် ဖြစ်သွားလေ၏။

【နယ်မြေဖန်တီးသူများ လက်စွဲစာအုပ်】

"အဲ့ဒါကို မင်း ဘယ်က ရှာတွေ့တာလဲ..."

"လမ်းပေါ်ကနေ ဝယ်လာတာ... အနုတ်လက္ခဏာစွမ်းအင် နည်းနည်းပေးလိုက်ရတယ်... နယ်မြေဖန်တီးသူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်က မင်းထက်တောင် ပိုမြင့်လိမ့်မယ်လို့ ငါ ထင်မှတ်မထားခဲ့ဘူး..." ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်လေ၏။

အပြန်လမ်းတွင် သူသည် ထိုစာအုပ်ကို အများစု ဖတ်ရှုပြီးသွားခဲ့ပြီး နယ်မြေဖန်တီးသူ၏ အခွင့်အာဏာများသည် စီမံခန့်ခွဲသူတစ်ဦးထက် ပို၍မြင့်မားကြောင်း သိရှိလိုက်ရသည်။

ဆာရာသည် သူ့ကို ဤကိစ္စအား တစ်ကြိမ်တစ်ခါမျှ မပြောပြခဲ့ချေ။ သူ တွေးထင်ထားသည့်အတိုင်းပင် တစ္ဆေများကို ယုံကြည်၍မရချေ။

ဆာရာက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဟီးဟီး... တကယ်တော့ ငါ နင့်ကို ပြောပြမလို့ပါ... ဒါပေမဲ့ မေ့သွားလို့..."

"အပိုတွေ ပြောမနေနဲ့... အခု ငါ နယ်မြေကို တင်ပြပြီးသွားပြီဆိုတော့ အဲ့ဒါ ပုံပေါ်လာတာနဲ့ တပြိုင်နက် ငါ့ရဲ့ အခွင့်အာဏာတွေက မင်းထက် ပိုမြင့်သွားပြီ... ဒါ့ပြင် ငါ့ရဲ့ဝိညာဉ်ကို စားသုံးဖို့ မင်းမှာ အခွင့်အရေး မရှိတော့ဘူး... လူတွေကို လှည့်စားဖို့ မင်းက အမြဲတမ်း အဲ့ဒီလှည့်ကွက်ကို သုံးခဲ့တာဖြစ်ရမယ်..."

"ဟေး... ငါသာ မရှိရင် မင်း သေနေလောက်ပြီ... ဒါကို နင်က ဘာသဘောနဲ့ ပြောတာလဲ..."

ဆာရာ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူမက အေးစက်စက် ပြောဆိုလိုက်၏။

"နင်တို့ လူသားတွေက တကယ်ကို ကျေးဇူးကန်းတတ်ကြတာပဲ..."

ချန်လန်က ခေါင်းယမ်းလိုက်သည်။

"ငါ ဘာသဘောနဲ့မှပြောတာ မဟုတ်ဘူး... အလုပ်သမားစာချုပ် ပယ်ဖျက်ပြီးရင် ငါ မင်းနဲ့ စာချုပ်သစ်ချုပ်ပြီး ဆက်ပူးပေါင်းလို့ရပြီ..."

"ဟင်..."

ဆာရာ အံ့အားသင့်သွားသည်။ ချန်လန်က ထွက်သွားရန် မစဉ်းစားဘဲ ဆက်လက်ပူးပေါင်းလိုနေခြင်း ဖြစ်ပေ၏။

"ငါ ကျေးဇူးကြွေးကို ပြန်ဆပ်ပါတယ်... မင်းက ငါ့ကို ပြန်အသက်ရှင်ခွင့် ပေးခဲ့တယ်... ဒါကြောင့် ငါ မင်းကို အလကား အလုပ်လုပ်မပေးပါဘူး... ငါ့ရဲ့ဝိညာဉ်က သူတစ်ပါးရဲ့ အခိုင်းအစေဖြစ်တာကို ငါ မကြိုက်လို့ပါ... ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အသစ်တစ်ခု လက်မှတ်ထိုးကြမယ်... နောက်ပိုင်း မင်းအတွက် ငါ နယ်မြေတွေ ဖန်တီးပေးမယ်... ပြီးရင် အကျိုးအမြတ်ကို ငါတို့ တစ်ယောက်တစ်ဝက်စီ ဆက်ပြီးခွဲယူကြမယ်..."

"နင်က ဒီလောက်ထိ ထူးခြားတဲ့ လူသားဖြစ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ဆာရာက လက်ဖျောက်တီးလိုက်ရာ ယခင်က အလုပ်သမားစာချုပ်သည် ချန်လန်၏ရှေ့တွင် ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် စာချုပ်သည် မီးလောင်ကျွမ်းသွားပြီး ပြာအဖြစ် ပျောက်ကွယ်သွားလေ၏။

ချန်လန်သည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှု ချက်ချင်း ပြတ်တောက်သွားသည်ကို ခံစားလိုက်ရသည်။ ဆိုလိုသည်မှာ သူ၏ ဝိညာဉ် လွတ်လပ်သွားခြင်းပင်။

သူ့ရှေ့တွင် နောက်ထပ်စာချုပ်အသစ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာတွင် သူ၏ဝိညာဉ်ကို ရောင်းချရမည့် အခြေအနေ မပါဝင်တော့ချေ။ ထို့အစား အကျိုးအမြတ် ခွဲဝေမှုမှာ သူ ၆၀ ရာခိုင်နှုန်း နှင့် ဆာရာ ၄၀ ရာခိုင်နှုန်း သို့ ပြောင်းလဲသွားလေ၏။

"မင်းက တကယ်ကြီး ဆယ်ရာခိုင်နှုန်း လျှော့ယူဖို့ ဆန္ဒရှိတယ်ပေါ့..."

"ဘာလို့လဲဆိုတော့ ငါက နင့်လို ငွေတွင်းကြီးကို မဆုံးရှုံးချင်လို့ပဲ... ဒီနယ်မြေရဲ့ အဆင့်သတ်မှတ်ချက်က သေချာပေါက် နိမ့်မှာမဟုတ်ဘူး... အချိန်ကျလာရင် ရေတွက်လို့မရနိုင်တဲ့ စီမံခန့်ခွဲသူတွေက နင့်ကို သူတို့ဆီပါအောင် ကြိုးစားကြလိမ့်မယ်... ဒါက နင်ကို ငါ့ဆီမှာပဲ နေဖို့ ဆွဲဆောင်တဲ့နည်းပဲ... နင် ငါ့ကို သစ္စာမဖောက်ဘူးလို့ မျှော်လင့်ပါတယ်..."

"ဒါပေမဲ့ မင်းရဲ့ ဆွဲဆောင်တဲ့ စည်းကမ်းချက်တွေက နည်းနည်းနိမ့်မနေဘူးလား..."

"ဒါဆိုလည်း ဘာဖြစ်လဲ... ငါလည်း ပိုက်ဆံရှာဖို့ လိုတယ်လေ..."

"ကောင်းပါပြီ... ကောင်းပါပြီ..."

ချန်လန်သည် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဆာရာနှင့် ထပ်မံ၍ ချိတ်ဆက်လိုက်၏။

All Chapters