← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) မင်းတို့အားလုံးက ကျောင်းသားတစ်သုတ်တည်းပဲကို... ဘာလို့ မင်းတစ်ယောက်တည်း ကျရတာလဲ

ပဉ္စမမြောက်နေ့...

လူတိုင်းသည် ထုံးစံအတိုင်း စာသင်ခန်းသို့ ရောက်ရှိလာကြသည်။ ယနေ့လည်း ဆရာမ ပြောင်းလဲသွားပြန်ပြီး ဆရာမ ဟန်မားမား ဖြစ်နေပေ၏။

"ဒီနေ့ ငါတို့ စာဆက်သင်မယ်... စာမေးပွဲ မရှိဘူး..."

ဤစကားကို ကြားသောအခါ လူတိုင်း အလွန်ဝမ်းသာသွားကြသည်။ စာမေးပွဲမေးခွန်းလွှာများ ထပ်မရှိတော့ချေ။ ဤသည်မှာ နောက်ထပ် ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။

မနေ့ညက စိုးရိမ်ပူပန်နေခဲ့သူများမှာ ချက်ချင်း သက်ပြင်းချလိုက်နိုင်ကြသည်။

ကျိုးထျန်ချန် အနည်းငယ် အံ့အားသင့်သွားသည်။

စာမေးပွဲ မရှိသေးဘူးပေါ့..ဒီနေ့ကော မနေ့ကလို လွယ်ကူနေဦးမှာလား...

သူ တွေးလိုက်မိသည်။

ယနေ့ သင်ခန်းစာသည် ယခင်အကြိမ်ထက် အနည်းငယ် ပိုခက်ခဲသော်လည်း လူတိုင်း အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ပေ၏။

တစ်နေ့တာ ကုန်ဆုံးသွားပြီး ညဘက် အဆောင်သို့ ပြန်ရောက်သည့်တိုင်အောင် လူတိုင်းသည် မယုံနိုင်သေးသကဲ့သို့ ဖြစ်နေကြသည်။

"ဒီနေ့က တကယ်ကြီး ဒီလောက်ထိ လွယ်ကူနေသေးတာပဲ... မနက်ဖြန်လည်း ဒီလိုပဲ ဖြစ်နေမလား..."

"ဖြစ်နိုင်တယ်လို့ ငါထင်တယ်... မနက်ဖြန်က သင်္ချာအတန်းလေ... တစ်နေကုန် စာပဲသင်ဖို့ မျှော်လင့်ရတာပဲ..."

"စာမေးပွဲမေးခွန်းလွှာတွေ ဖြေစရာမလိုတဲ့ နေ့တွေက တကယ်ကောင်းတာပဲ... အခုကစပြီး မရှိတော့ဘူးဆိုရင် သိပ်ကောင်းမှာ..."

လွန်ခဲ့သော နှစ်ရက်သည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပေ၏။ စာမေးပွဲမေးခွန်းလွှာ တစ်ရွက်မျှ ထွက်မလာခဲ့သလို အတန်းလည်း အချိန်မီ ဆင်းသဖြင့် သူတို့အားလုံး ထမင်းစားနိုင်ခဲ့ကြသည်။

ကြည့်ရသည်မှာ ဤနယ်မြေသည် သိပ်တော့မဆိုးလှချေ။

...

ဆဋ္ဌမမြောက်နေ့...

သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် သင်္ချာအတန်း ဖြစ်ပေ၏။

"ဒီနေ့က စာသင်မှာပဲ... စာမေးပွဲ မရှိဘူး..."

လူအုပ်ကြီးထံမှ နောက်ထပ် အောင်ပွဲခံသံတစ်သံ ထွက်ပေါ်လာသည်။ သူတို့ ခန့်မှန်းသည်မှာ မှန်သွားလေပြီ။

ယနေ့က စာမေးပွဲ မရှိသော နောက်ထပ်နေ့တစ်နေ့ပင်။

သတ္တမမြောက်နေ့..

တရုတ်စာအတန်း...

စာမေးပွဲမေးခွန်းလွှာများ မရှိသေးသော်လည်း အတန်း၏ အကြောင်းအရာများမှာ ပို​ေ၍ခက်ခဲလာခဲ့ပေ၏။ ထိုသို့ဆိုသည့်တိုင် လူတိုင်း ပျော်ရွှင်နေကြဆဲပင်။ စာမေးပွဲမေးခွန်းလွှာများ မရှိသရွေ့ သူတို့ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပေမည်။

အဋ္ဌမမြောက်နေ့ နှင့် နဝမမြောက်နေ့တို့တွင်လည်း စာမေးပွဲ မရှိသေးချေ။

ညအချိန် အဆောင်၌...

"အရမ်းလွယ်တာပဲ... စာမေးပွဲမရှိတာ လေးရက်ဆက်တိုက် ရှိသွားပြီ... ဒီခံစားချက်ကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြရရင်တော့ မိုက်တယ်ပေါ့ကွာ..."

"ဒီအတိုင်းသာ ဆက်သွားရင်တော့ ငါတို့ ဒီနယ်မြေကို သေချာပေါက် ရှင်းလင်းနိုင်မှာပဲ..."

"ဆယ်ရက်တောင် ကြာသွားပြီ... အပြင်ဘက်မှာ အများဆုံး သုံးရက်ပဲ ရှိသေးမှာ... ဒီနယ်မြေက ဒီလောက် ကြာတာဆိုတော့ အောင်မြင်တဲ့ ဆုလာဘ်တွေက အရမ်းများမှာပဲ..."

"အိပ်တော့... အိပ်တော့... မနက်ဖြန် အတန်းအတွက် အစောကြီးထရဦးမယ်..."

ဤအချိန်အတွင်း စာမေးပွဲမေးခွန်းလွှာများ မရှိခဲ့သောကြောင့် လူတိုင်း၏ စိတ်ဓာတ်များ သိသိသာသာ တိုးတက်လာခဲ့ပြီး ဤနယ်မြေကို ပြီးမြောက်ရန် ပို၍ ယုံကြည်မှု ရှိလာခဲ့ကြသည်။

...

ဒဿမမြောက်နေ့..

စာသင်ခန်း၌...

တရုတ်စာဆရာမ စာသင်ခန်းထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ ပြောလိုက်ကြ၏။

"မင်္ဂလာပါ ဆရာမ..."

"အင်း... ထိုင်ကြ..."

တရုတ်စာဆရာမက အခန်းကို ဝေ့ကြည့်ပြီး ပြုံးလိုက်သည်။

"ဒီနေ့ စာမသင်ဘူး... ဒီနေ့ အစမ်းစာမေးပွဲ ဖြေမယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း၏ နှလုံးသားများ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားလေ၏။

အစမ်းစာမေးပွဲလား...

"တစ်ယောက်ကို မေးခွန်းလွှာ တစ်ရွက်ပဲ... အချိန်က နှစ်နာရီ... အမှတ်ပြည့်က တစ်ရာဖြစ်ပြီးတော့ ခြောက်ဆယ်က အောင်မှတ်ပဲ... ကျတဲ့သူတွေက အတန်းဆင်းရင် ကျန်ခဲ့ပြီး ကိုယ်မှားတဲ့ မေးခွန်းတွေကို အခေါက်တစ်ရာ ကူးရေးရမယ်..."

စကားအဆုံးတွင် လူတိုင်း၏စားပွဲပေါ်၌ အဖြူရောင် မေးခွန်းလွှာတစ်ရွက်စီ ထွက်ပေါ်လာလေ၏။ သူတို့၏ မျှော်လင့်ချက်မဲ့မှုကို ပိုဆိုးသွားစေသည်မှာ ဤမေးခွန်းလွှာသည် သုံးမျက်နှာတောင် ရှိနေပြီး စာရွက်နှစ်ဖက်စလုံးတွင် မေးခွန်းများ ပါရှိနေခြင်းပင်။

ယနေ့ စာမေးပွဲမရှိဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း သူတို့ အလွန်အကျွံ တွေးခဲ့မိခြင်း ဖြစ်သည်။

သို့သော် ဤသည်က သူတို့အတွက် အဆင်ပြေနိုင်သေးသည်။ မေးခွန်းလွှာ တစ်ရွက်တည်းသာ ဖြစ်သောကြောင့် ပြဿနာ မရှိနိုင်ချေ။

"စာမေးပွဲ စမယ်... ဘယ်သူမှ တိုးတိုးတိတ်တိတ် စကားပြောတာဖြစ်ဖြစ် ဟိုကြည့်ဒီကြည့် လုပ်တာဖြစ်ဖြစ် ခွင့်မပြုဘူး... ငါ မိရင် မင်းတို့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးမယ်..."

တရုတ်စာဆရာမက ရုတ်တရက် အေးစက်စက် အော်ငေါက်လိုက်ရာ လူတိုင်း လန့်ဖျပ်သွားပြီး စာမေးပွဲစတင်ရန် သူတို့၏ ဖောင်တိန်များကို အလျင်အမြန် ကောက်ကိုင်လိုက်ကြ၏။ သို့သော် ထိုအရာပေါ်ရှိ မေးခွန်းများကို မြင်လိုက်ရချိန်၌ သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားပြီး နဖူးများတွင် ချွေးများ စို့လာလေ၏။

ဤမေးခွန်းများအားလုံးသည် အတန်းထဲတွင် သူတို့သင်ခဲ့ဖူးသောအရာများ ဖြစ်သော်လည်း ယခု စာမေးပွဲဖြေဆိုရချိန်၌ သူတို့ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့၏ ဦးနှောက်များသည် အရည်ပျော်သွားသကဲ့သို့ ဖြစ်နေပြီး မည်သို့စဉ်းစားစဉ်းစား အဖြေများကို စဉ်းစား၍ မရနိုင်ချေ။

"ဒုက္ခပဲ... ငါက ကဗျာတွေကိုပဲ အာရုံစိုက်ပြီး ကျက်ထားတာ... စာရေးဆရာတွေ ဒါမှမဟုတ် မင်းဆက်တွေအကြောင်း ငါ လုံးဝမသိဘူး... ဘယ်လိုလုပ်ရမလဲ..."

"ဟင်... စကားပြေ နားလည်သဘောပေါက်မှုလား... ဒါကို ငါက ဘယ်လိုလုပ် နားလည်အောင် လုပ်ရမှာလဲ... ငါ အတန်းထဲမှာတောင် သေချာနားမထောင်ခဲ့တာကို..."

"ဒီမေးခွန်းတွေက အရမ်းခက်တာပဲ... ငါ့ကို ကူးခိုင်းမယ့်သူ တစ်ယောက်လောက် မရှိဘူးလား..."

သူတို့သည် ခေါင်းကုတ်နေကြပြီး သူတို့၏စိတ်နှလုံးသားများ လုံးလုံးလျားလျား ပြိုလဲသွားကြ၏။ တရုတ်စာအတန်းသည် ရက်အနည်းငယ်သာ ကြာမြင့်သေးသော်လည်း ဤမေးခွန်းလွှာသည် ထိုရက်များမှ နားလည်ရန် အခက်ခဲဆုံး အကြောင်းအရာများအားလုံးကို စာမေးပွဲမေးခွန်းများအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။

ထိုမေးခွန်းကို ကြည့်ရင်း သူတို့ ချွေးပြန်လာကာ ရင်ခုန်နှုန်းမြန်လာကြသည်။

လူအများစုသည် သင်ခန်းစာများကို သေချာစွာ နားမထောင်ခဲ့ကြချေ။ စာမေးပွဲမေးခွန်းလွှာများ မရှိခြင်းကြောင့် သူတို့သည် ပို၍ပေါ့ဆလာခဲ့ကြပြီး ရက်များကို မြန်မြန်ကုန်ဆုံးစေရန်နှင့် နယ်မြေမှ ထွက်ခွာနိုင်ရန်သာ တွေးတောနေခဲ့ကြ၏။

လူအနည်းငယ်သာလျှင် အလေးအနက်ထား၍ စာလုပ်နေခဲ့ကြခြင်းဖြစ်သည်။

ဥပမာ ကျိုးထျန်ချန်ပင်။ သူသည် မေးခွန်းလွှာကို မြင်ပြီးနောက် မေးခွန်းများစွာ၏ အဖြေကို သိရှိနေသဖြင့် အလျင်အမြန် စတင်၍ ရေးသားလေသည်။

စာမေးပွဲဖြေဆိုနေစဉ်အတွင်း တရုတ်စာဆရာမသည် သူတို့၏အနားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသဖြင့် မမြင်ရသော ဖိအားများကို ထပ်တိုးစေခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားချိန်၌ လူတချို့သည် စတင်၍ ထိတ်လန့်လာကြ၏။ သူတို့သည် မေးခွန်းများစွာကို မည်သို့ ဖြေဆိုရမည်အား မသိသောကြောင့် ခိုးချရန် ကြိုးစားလာကြသည်။

"ချင်လုံ..."

တရုတ်စာဆရာမက ရုတ်တရက် အေးစက်စက် အော်ငေါက်လေသည်။

"မင်းက တုန်းဝမ်ဆီကနေ ခိုးချချင်နေတာလား... မတ်တတ်ရပ်စမ်း..."

ခိုးချနေသော အမျိုးသားတစ်ဦးသည် နာမည်ခေါ်ခံလိုက်ရသဖြင့် သူ လန့်ဖျပ်သွားပြီး ကပျာကယာ မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

"ဆရာမ... ကျွန်တော် လည်ပင်း နည်းနည်းညောင်းလို့ လှည့်လိုက်ရုံပါ..."

"ဟွန့်... မင်း စာမေးပွဲဖြေခွင့် ဆုံးရှုံးသွားပြီ... အတန်းဆင်းရင် ကျန်ခဲ့ပြီး စာမေးပွဲမေးခွန်းလွှာကို ဆယ်ခေါက်ကူးရေး... အခု အဲ့ဒီမှာ ရပ်နေ..."

ဤစကားကို ကြားသောအခါ ထိုအမျိုးသား၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားသော်လည်း သူ ထပ်မပြောရဲတော့ဘဲ ပြစ်ဒဏ်ကိုသာ လက်ခံလိုက်ရ၏။

ဤသည်ကို မြင်သောအခါ တခြားသူများ၏ ခိုးချလိုသော စိတ်ကူးများလည်း လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူတို့သည် အံ့ကြိတ်ကာ မေးခွန်းများကို ဖြေဆိုရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ စာရွက်အလွတ်ကြီးတော့ သူတို့ မအပ်နိုင်ချေ။

မကြာမီ နှစ်နာရီ ကုန်လွန်သွားခဲ့သည်။ လူတိုင်း ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးပြီးနောက် မည်သူမျှ စာရွက်အလွတ် မအပ်ခဲ့ကြချေ။

စင်မြင့်ရှေ့တွင် တရုတ်စာဆရာမက ထိုင်နေကာ အဖြေလွှာများကို စစ်ဆေးနေလေ၏။ အောက်ဘက်တွင် လူတိုင်းသည် အသံတစ်သံမျှ မထွက်ရဲကြသော်လည်း သူတို့၏နှလုံးခုန်သံများ ပို၍မြန်ဆန်လာသည်။

သူတို့ နားမလည်နိုင်ချေ။ တစ္ဆေဆရာမသည် အဖြေလွှာများကို တစ်စက္ကန့်အတွင်း စစ်ဆေးနိုင်ကြောင်း ထင်ရှားနေသော်လည်း ယနေ့ သူမသည် စိမ်ပြေနပြေ ထိုင်စစ်နေခြင်း ဖြစ်ပေ၏။

တစ္ဆေဆရာမ၏ မေးခွန်းလွှာများကို လှန်လှောနေသော "တဖျပ်ဖျပ်" အသံနှင့် အမှတ်ပေးနေသော အနီရောင်ဖောင်တိန်၏ "ရွှပ် ရွှပ်" အသံတို့ကို ကြားနေရခြင်းက သူတို့ကို ရှင်းပြ၍မရအောင် စိတ်အနှောင့်အယှက်ဖြစ်စေကာ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကို ဖြစ်ပေါ်စေသည်။

အဘယ်ကြောင့်ဆိုသော် ဆရာမ၏ အဖြေလွှာစစ်ဆေးနေသော အသံမှာ တစ်ခါတစ်ရံ ပြင်းထန်ပြီး တစ်ခါတစ်ရံ ပေါ့ပါးနေကြောင်း သူတို့ ခွဲခြားသိရှိနိုင်သောကြောင့်ပင်။

ဤသည်က အဖြေမှားများကို မြင်တွေ့ချိန်တွင် အသံပြင်းထန်သွားပြီး အဖြေမှန်များကို မြင်တွေ့ချိန်တွင် အသံပေါ့ပါးသွားသကဲ့သို့ ဖြစ်နေပေ၏။

ကျိုးထျန်ချန်သည် တစ်ခါတစ်ရံ တစ္ဆေဆရာမကို မော့ကြည့်သည်။ တစ်ဖက်လူ၏ မျက်ခုံးများ တစ်ခါတစ်ရံ ပြေလျော့သွားပြီး တစ်ခါတစ်ရံ တွန့်ချိုးသွားသည်ကို မြင်တွေ့ရခြင်းက သူ့ကို ပို၍ပင် စိုးရိမ်ပူပန်လာစေခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ မည်သူမျှ ဆရာမကို မော့မကြည့်ရဲကြဘဲ သူတို့၏ နှလုံးသားများသည် သေဒဏ်ချမှတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော အကျဉ်းသားများကဲ့သို့ ပို၍ပို၍ ထိတ်လန့်လာကြ၏။

အပြင်ဘက်တွင် ဆာရာသည် သူတို့နှင့် လုံးလုံးလျားလျား ကွာခြားနေသည်။ ယခုအချိန်တွင် သူမသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ကခုန်နေသည်။

"အနုတ်လက္ခဏာစွမ်းအင် ငါးရာကျော် ထပ်တိုးလာပြန်ပြီ... ဒီနယ်မြေက တကယ်မိုက်တာပဲ..."

ချန်လန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အတွင်းရှိ ခေါင်းငုံ့နေသော ကစားသမားများကို ကြည့်ရင်း သူသည် လုံခြုံရေးကင်မရာတစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ကျောင်းသားများ၏ နေရာတွင် ဝင်ကြည့်ပါက အလွန်အမင်း ဖိနှိပ်ချုပ်ချယ်ခံရပြီး နာကျင်ရမည်ဖြစ်သော်လည်း ဆရာမ၏ နေရာတွင် ဝင်ကြည့်ပါက တော်တော်လေး စိတ်ကျေနပ်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

...

မိနစ်နှစ်ဆယ် ကုန်လွန်သွားခဲ့သည်။

တရုတ်စာဆရာမက ဖောင်တိန်ကို ချလိုက်ရာ လူတိုင်း၏နှလုံးသားများလည်း ထပ်မံ၍ လေးလံသွားကြ၏။

ဘန်း...

ရုတ်တရက် တစ္ဆေဆရာမက စားပွဲကို ရိုက်ကာ မတ်တပ်ရပ်လိုက်သည်။ လူတိုင်း၏ ခန္ဓာကိုယ်များ ဆတ်ခနဲ တုန်သွားကြပြီး အမောတကော အသက်ရှူကာ သူတို့၏ နှလုံးခုန်နှုန်းများ ရုတ်တရက် မြန်ဆန်သွားကြသည်။

"ဆရာမက မင်းတို့ကို မနက်ကနေ ညအထိ စာသင်ပေးနေတာကို မင်းတို့က ဆရာမရဲ့ ကျေးဇူးကို ဒီလိုဆပ်ကြတာလား... အတန်းထဲမှာ လူ လေးဆယ့်ခုနစ်ယောက် ရှိတဲ့အထဲကမှ ဆယ့်နှစ်ယောက်ပဲ အောင်တယ်... တချို့လူတွေက စာစီစာကုံးကိုတောင် ပြီးအောင်မရေးကြဘူး... မင်းတို့ရဲ့ သင်ယူမှုတွေက ဘယ်ရောက်သွားလဲ... ခွေးဗိုက်ထဲ အကုန်ရောက်သွားပြီလား..."

"ဖြေကြစမ်း... ဘာလို့ ဒီလောက်အများကြီး ကျရတာလဲ... ဒါတွေအားလုံးက ဆရာမ သင်ထားပြီးသားတွေချည်းပဲ... အလကားရမယ့် အမှတ်တွေချည်းပဲ... အလကားရမယ့် မေးခွန်းတွေကိုတောင် မင်းတို့ မဖြေနိုင်ဘူးလား... အထူးသဖြင့် မင်း... ချန်ထျန်..."

"ဘာလို့ စာစီစာကုံးကို ပြီးအောင် မရေးတာလဲ... မင်းရဲ့ စုစုပေါင်းအမှတ်က ငါးမှတ်ပဲ ရှိတယ်... ပြီးခဲ့တဲ့ ရက်တွေတုန်းက မင်း ဘာတွေလုပ်နေခဲ့တာလဲ..."

ချန်ထျန်သည် သူ၏နာမည်ကို ကြားလိုက်ရချိန်၌ အလွန်အမင်း ကြောက်လန့်သွားလေ၏။ သူ ချက်ချင်း မတ်တပ်ထရပ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။

"ကျွန်တော်... ကျွန်တော် အရမ်းကြိုးစားပြီး စာကျက်ခဲ့ပါတယ်... ဒါပေမဲ့ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး... ပြီးတော့ နားဖို့ အချိန်က အရမ်းနည်းပြီး သင်ခန်းစာတွေကလည်း အရမ်းများတယ်..."

"ဘာလဲ... မင်း တစ်ယောက်တည်းကပဲ သေချာမနားရတာလား... မင်း တစ်ယောက်တည်းကပဲ နားမလည်နိုင်တာလား... မင်း တစ်ယောက်တည်းမှာပဲ ပြဿနာရှိတာလား... မင်းတို့အားလုံးက အတူတူရောက်လာတဲ့ ကျောင်းသားတစ်သုတ်တည်းပဲကို... အားလုံးက အတန်းဆင်းတာနဲ့ အဆောင်ကို အတူတူ ပြန်အိပ်ကြတာပဲ... ဘာလို့ ကျိုးထျန်ချန် ကျတာကို ဆရာမ မတွေ့ရတာလဲ... ဘာလို့ ဟန်ထျန်ယွီ ကျတာကို ဆရာမ မတွေ့ရတာလဲ... ဘာလို့ မင်းတစ်ယောက်တည်း ကျရတာလဲ..."

"ဆင်ခြေတွေ... ကိုယ့်ပြဿနာကို ကိုယ် ပြန်သုံးသပ်သင့်တယ်... ဘာလို့ တခြားလူတွေက ကြိုးစားနေကြလဲ... ဘာလို့ တခြားလူတွေက စာလုပ်နေကြလဲ... ဘာလို့ တခြားလူတွေက အောင်နိုင်ရတာလဲ... ဘာလို့လဲဆိုတော့ မင်းက ရာနှုန်းပြည့် အားမထုတ်ခဲ့လို့ပဲ..."

ဆရာမ၏ စကားကို ကြားသောအခါ ချန်ထျန်သည် ထိတ်လန့်တကြားဖြင့် မသိစိတ်မှ အော်ဟစ်လိုက်၏။

"ဆရာမ... ကျွန်တော် တကယ် ကြိုးစားခဲ့ပါတယ်... အတန်းထဲမှာလည်း သေချာ နားထောင်ခဲ့ပါတယ်..."

"မင်းက ပြန်ခံပြောရဲသေးတယ်ပေါ့... အသံကျယ်ကျယ်နဲ့ အော်နေရင် အထင်ကြီးစရာကောင်းတယ်လို့ ထင်နေတာလား... မင်းက အဲ့ဒီလောက်တောင် အရည်အချင်းရှိရင် အမှတ်များများရအောင် လုပ်လေ... မင်းက အဲ့ဒီလောက်တောင် အရည်အချင်းရှိရင် အောင်အောင်ဖြေလေ... ဒီနေရာမှာ မင်းက ကြိုးစားခဲ့ပါတယ်လို့ အော်မနေနဲ့..မင်းက ငါးမှတ်ပဲ ရတာလေ... ကျန်တဲ့သူတွေလည်း နားထောင်ထား... တက္ကသိုလ်ဝင်တန်းစာမေးပွဲက နောက်လေးလနေရင် စတော့မယ်... မင်းတို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေမယ့်အစား ရာနှုန်းပြည့် ကြိုးကြိုးစားစား အားထုတ်ရမယ်..."

"အောင်တဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ်ကျေနပ်မနေကြနဲ့... မင်းတို့ထဲက အများစုက သီသီလေး အောင်တာ... ဆရာမရဲ့အမြင်မှာတော့ ကြိုးစားအားထုတ်မှု မလုံလောက်တဲ့အတွက် မင်းတို့လည်း ကျတာပဲ... အတန်းဆင်းရင် ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့... မင်းတို့အားလုံး မှားတဲ့မေးခွန်းတွေကို အခေါက်တစ်ရာစီ ကူးရေးကြစမ်း... အဖြေမှန်တွေကို မင်းတို့ ဦးနှောက်ထဲမှာ သေချာ မှတ်မိသွားမှပဲ ထွက်ခွင့်ရမယ်... ကဲ... အခု နာမည်ခေါ်တဲ့သူတွေ ရှေ့ထွက်လာပြီး ကိုယ့်အဖြေလွှာ ကိုယ်လာယူကြ..."

All Chapters