အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) ဒီနေ့တွေက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ
"လီပင်း..."
ဤအသံကို ကြားသောအခါ လီပင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားလေ၏။ လူတိုင်း၏ အကြည့်အောက်တွင် သူမက စင်မြင့်ဆီသို့ တုန်ယင်စွာ လျှောက်လှမ်းသွားခဲ့သည်။
"အတန်းထဲမှာ မင်း သေချာနားထောင်ရဲ့လား... မင်းက ၂၂ မှတ်ပဲ ရတယ်... ဒါတွေအားလုံးက အလကားရမယ့် အမှတ်တွေချည်းပဲ..."
တရုတ်စာဆရာမက အသံနိမ့်နိမ့်ဖြင့် ပြောဆိုလိုက်သည်။
လီပင်းသည် ခေါင်းငုံ့ထားပြီး အသံမထွက်ရဲချေ။
"မေးခွန်းလွှာ ပြန်ယူသွားပြီး ကူးရေးစမ်း... သေချာ ဂရုစိုက်ပြီး ကူးရေး... နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်တွေ့ရင် အခေါက်တစ်ထောင် ထပ်ကူးရေးခိုင်းမယ်..."
အခေါက်တစ်ထောင်...
လီပင်းသည် အလွန်ကြောက်လန့်သွားသဖြင့် ငိုကြွေးလုမတတ် ဖြစ်သွားသည်။ သူမ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့... နားလည်ပါပြီ..."
သူမက မေးခွန်းလွှာကို ယူကာ သူမ၏နေရာသို့ ကပျာကယာ ပြန်သွားခဲ့သည်။
နောက်တစ်ယောက်အနေဖြင့် နာမည်ခေါ်ခံရသူတိုင်းသည် ကြောက်ရွံ့မှုမှတစ်ပါး တခြားဘာမျှ မခံစားရချေ။
"အားလုံးပဲ မေးခွန်းလွှာတွေ ရပြီဆိုတော့ စကူးရေးကြတော့... ဒီနေ့ နေ့လယ် ဆရာမ စစ်မယ်..."
...
နေ့လယ် ၁နာရီ။
စာသင်ခန်းအတွင်း၌ လူတိုင်းသည် ခေါင်းငုံ့ကာ အပြင်းအထန် အလုပ်လုပ်နေကြသဖြင့် စာရွက်ပေါ်တွင် ဖောင်တိန်သွားနေသော "ရွှပ် ရွှပ်" အသံများသာ ထွက်ပေါ်နေလေ၏။
"ငါ အရမ်းဆာနေပြီ... ဆက်ပြီးကူးမရေးချင်တော့ဘူး... အပြင်ထွက်ပြီး ထမင်းစားလို့ မရဘူးလား..."
"ငါတို့ ထွက်လို့မရဘူး... တံခါးကို သော့ခတ်ထားတယ်... မေးခွန်းလွှာတွေ ကူးရေးလို့ ပြီးမှပဲ ထွက်ခွင့်ရမှာ..."
"ဝါး... စာလုပ်ရတာ အရမ်းခက်တာပဲ... ငါ အရမ်းကြိုးစားခဲ့တာတောင်မှ ဘာလို့ မအောင်ရတာလဲ..."
"လူကြီးမင်းကျိုး... မင်းက ဘယ်လိုလုပ်ပြီး အောင်တာလဲ... ငါတို့ကို နည်းလမ်းလေး ဘာလေး ပေးပါလား..."
ကျိုးထျန်ချန်သည် လှည့်မကြည့်ဘဲ သူ၏မေးခွန်းလွှာကိုသာ ဆက်လက်၍ ကူးရေးနေခဲ့လေ၏။
"ပြောစရာ ဘာမှမရှိပါဘူး... စာကျက်ရုံပါပဲ..."
ကျိုးထျန်ချန်က မည်သည့်အရာကိုမျှ ထုတ်မပြောလိုသည်ကို မြင်သောအခါ တခြားသူများလည်း ဆက်မမေးကြတော့ဘဲ မေးခွန်းလွှာများကိုသာ ပြန်ကူးရေးနေကြသည်။
နေ့လယ် ၂ နာရီသို့ ရောက်ရှိပြီး အတန်းတက်ခေါင်းလောင်းသံ မြည်လာချိန်၌ လူတိုင်း ဖြူရော်နေသော မျက်နှာများဖြင့် မော့ကြည့်လိုက်သည်။
ယနေ့သည်လည်း နေ့လယ်စာ မစားရသော နောက်ထပ် နေ့တစ်နေ့ပင်။ သူတို့ ညစာစားရပါစေဟုသာ မျှော်လင့်နိုင်သည်။ ထိုသို့မဟုတ်ပါက သူတို့ ငတ်သေသွားကြပေမည်။
"ကဲ... အတန်းစပြီ..."
တရုတ်စာဆရာမ ဝင်လာပြီး အေးစက်စက် အော်ဟစ်လိုက်၏။
လူတိုင်း ကပျာကယာ မတ်တပ်ရပ်လိုက်ကြသည်။ "မင်္ဂလာပါ ဆရာမ..."
"မင်္ဂလာပါ ကျောင်းသားတို့... ထိုင်ကြ..."
တရုတ်စာဆရာမက လူအုပ်ကြီးကို ဝေ့ကြည့်ကာ အေးစက်စက် ပြောဆိုသည်။
"ဒီနေ့ မင်းတို့ရဲ့ အမှတ်တွေက အရမ်းဆိုးရွားလွန်းတဲ့အတွက် ဒီည သန်းခေါင်ယံမတိုင်ခင် အားလုံးပဲ ဒီလေ့ကျင့်ခန်းစာအုပ်ကို ပြီးအောင် လုပ်ရမယ်..."
စကားအဆုံးတွင် လူတိုင်း၏ စားပွဲပေါ်၌ အပြာရောင် လေ့ကျင့်ခန်းစာအုပ်များ ထွက်ပေါ်လာလေ၏။
【တရုတ်စာ လေ့ကျင့်ခန်းစာအုပ်】
ထိုလေ့ကျင့်ခန်းစာအုပ်များကို မြင်လိုက်ရချိန်၌ လူတိုင်း၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားကာ သူတို့၏စိတ်နှလုံးသားများ အလွန်အမင်း နာကျင်သွားကြသည်။ မေးခွန်းတွေကို ထပ်လုပ်ရဦးမှာလားဟု သူတို့ တွေးလိုက်မိကြ၏။
"ဒီလေ့ကျင့်ခန်းစာအုပ်ထဲမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သင်ခန်းစာတွေ အားလုံး ပါတယ်... အဲ့ဒီအချိန်ကျရင် ဆရာမ စစ်မယ်... အဖြေတစ်ခု မှားတိုင်း ဆယ်ခေါက်ကူးရေးရမယ့် ပြစ်ဒဏ်ကို ခံရမယ်... မပြီးတဲ့သူတွေက အဆောင်ပြန်ခွင့် မရှိဘူး... ဒီည မပြီးဘဲ မအပ်နိုင်တဲ့သူတွေလည်း အဆောင်ပြန်ခွင့် မရှိဘူး..."
လူတိုင်း၏ နှလုံးသားများ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားကြလေ၏။ လက်တစ်ဆစ်ခန့် အထူရှိသော လေ့ကျင့်ခန်းစာအုပ်ကို ကြည့်ရင်း စာသင်ခန်းထဲတွင် တစ်ညလုံး နေရမည့်အခြေအနေကို သူတို့ မြင်ယောင်နေကြလေပြီ။
ထိုစာအုပ်ကို ဖွင့်ကြည့်လိုက်ချိန်၌ သူတို့၏ သံသယများ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ စုစုပေါင်း စာမျက်နှာ ၅၅ မျက်နှာ ပါဝင်ပြီး စာမျက်နှာတိုင်းတွင် သူတို့ကို ခေါင်းမူးသွားစေမည့် မေးခွန်းများစွာဖြင့် ပြည့်နှက်နေသည်။
သူတို့သည် စာမေးပွဲမေးခွန်းလွှာများကိုပင် ကူးရေး၍ မပြီးသေးချေ။ ယခုအချိန်၌ လေ့ကျင့်ခန်းစာအုပ်များ ထပ်ရောက်လာပြန်သည်။ သူတို့ ဘယ်လိုလုပ်ပြီး အသက်ရှင်ရမှာလဲဟု သူတို့ တွေးလိုက်မိကြ၏။
...
ညအချိန်...
အချိန်သည် သန်းခေါင်ယံသို့ နီးကပ်လာပြီး ခေါင်းလောင်းသံ မြည်လာသည်။
တရုတ်စာဆရာမက လူတိုင်းကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"အခုချိန်အထိ လာအပ်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး... ကြည့်ရတာ မင်းတို့ထဲက တစ်ယောက်မှ မပြီးကြသေးဘူး ထင်တယ်... ဒါဆိုရင်လည်း အားလုံးပဲ ကျန်ခဲ့ကြတော့..."
ထိုသို့ပြောပြီးနောက် သူမ ထွက်သွားလေ၏။ ဆရာမ ထွက်သွားသည်ကို မြင်သောအခါ လူတိုင်း ချက်ချင်း ထိတ်လန့်သွားကြသည်။
"သူ တကယ်ကြီး ထွက်သွားတာလား..."
"မဖြစ်နိုင်တာ... ငါတို့အားလုံး ဒီစာသင်ခန်းထဲမှာ တစ်ညလုံး နေရတော့မှာလား..."
"ငါ အရမ်းဆာနေပြီ... တကယ်ပဲ ငတ်သေတော့မှာ... တစ်နေကုန် ဘာမှမစားရသေးဘူး..."
"သူက ငါတို့ ငတ်သေသွားမှာကို မကြောက်ဘူးလား..."
"ငါ့ကို အပြင်ပေးထွက်ပါ... ငါ ဆာလွန်းလို့ မူးလဲတော့မယ်..."
လူတစ်ဦးသည် တင်းကျပ်စွာ ပိတ်ထားသော စာသင်ခန်းတံခါးကို ထုရိုက်ကာ အပြင်ပေးထွက်ရန် အော်ဟစ်ငိုကြွေးနေသည်။
သူတို့သည် တစ်နေကုန် ဘာမျှမစားရသေးချေ။ မေးခွန်းလွှာများကို ကူးရေးခြင်း သို့မဟုတ် လေ့ကျင့်ခန်းစာအုပ်များကို ရေးသားခြင်းသာ ပြုလုပ်နေခဲ့ကြရသည်။
"သူတို့က ငါတို့ ဒီမှာ ငတ်သေသွားမှာကို တကယ်ကြီး မကြောက်ကြတာလား..."
ကျိုးထျန်ချန်က မတ်တပ်ရပ်ကာ အသံတိုးတိုးဖြင့် ပြောဆိုလိုက်၏။
"အားလုံးပဲ အချိန်မဖြုန်းကြနဲ့... မြန်မြန်ကူးရေးတာက ပိုကောင်းတယ်... မနက်ဖြန်ကျရင် မနက်စာ စားရနိုင်သေးတယ်... သူတို့က ငါတို့ကို အငတ်ထားပေမဲ့ သေချာပေါက် အသေခံမှာ မဟုတ်ဘူး... ငါတို့ကို ဆာလောင်မှုဒဏ်ကို ခံစားစေချင်ရုံ သက်သက်ပဲ..."
ကျိုးထျန်ချန်သည် အလွန်ထက်မြက်သူတစ်ဦးပင်။ ဤနယ်မြေတွင် သူတို့ သေဆုံးမည်မဟုတ်သောကြောင့် ငတ်သေမည်မဟုတ်သော်လည်း မစားရခြင်းကြောင့် ဆာလောင်မှုကိုမူ ခံစားရမည်သာ ဖြစ်သည်။ ဤခံစားချက်မှာ အညှဉ်းဆဲခံရဆုံးအရာပင်။
ကျိုးထျန်ချန်၏ စကားကို ကြားသောအခါ လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြ၏။
ဒါက 'မသေဘူး' ဆိုတဲ့ အဓိပ္ပာယ်ပဲ...
သို့သော် ဤမျှထိ ဆာလောင်နေရခြင်းမှာ အမှန်တကယ်ကို သည်းမခံနိုင်စရာပင်။
သူတို့ထံ၌ ဖောင်တိန်ကို ကိုင်ရန်ပင် ခွန်အားမရှိတော့ချေ။
သို့သော် အသက်ရှင်သန်ရန်နှင့် မနက်ဖြန် မနက်စာ စားနိုင်ရန်အတွက် အတင်းအကြပ် ဆက်လက်လုပ်ဆောင်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။
မည်သူမျှ နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ခေါင်းငုံ့ကာ သူတို့၏ အလုပ်များကိုသာ ဆက်လုပ်နေကြသည်။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး မကြာမီ မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။ စာသင်ခန်းတံခါး ပွင့်သွားလေ၏။
"တံခါးပွင့်သွားပြီ... ငါတို့ မနက်စာ သွားစားလို့ရပြီ..."
လူတစ်ဦးက အော်ဟစ်လိုက်ရာ လူတိုင်း အပြေးအလွှား ထွက်သွားကြပြီး ကန်တင်းထဲသို့ ဝင်ကာ အားရပါးရ စားသောက်ကြတော့သည်။
အဝစားသောက်ပြီးနောက် သူတို့သည် မနက်ခင်း စာကျက်ရန် စာသင်ခန်းသို့ ပြန်လာခဲ့ကြသည်။
မနက်ခင်း စာကျက်ချိန် ပြီးဆုံးသွားပြီးနောက် အင်္ဂလိပ်စာဆရာမ ရောက်လာလေ၏။ လူတိုင်း ညှိုးနွမ်းစွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
"မင်္ဂလာပါ ဆရာမ..."
သူတို့သည် တစ်ညလုံး မအိပ်ခဲ့ရဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ရာ သူတို့၏ မျက်လုံးများကို ဖွင့်ထားရန်ပင် ခက်ခဲနေကြသည်။
"ဒီနေ့ စာမသင်ဘူး... စာမေးပွဲ ဖြေမယ်... ကျတဲ့သူတွေက မေးခွန်းလွှာ ကူးရေးရမယ့် ပြစ်ဒဏ်ကို ခံရမယ်..."
ဤစကားကို ကြားရခြင်းမှာ သူတို့အတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေသည်။ စာမေးပွဲမေးခွန်းလွှာတွေ ထပ်ဖြေရဦးမှာလားဟု သူတို့ တွေးလိုက်မိကြ၏။
တစ်နေ့တာလုံး လူတိုင်းသည် မနေ့ကကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူတို့ အနားယူရန် အဆောင်သို့ မပြန်ခဲ့ရချေ။ သို့သော် သူတို့ အမှန်တကယ်ပင် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူတို့သည် စာသင်ခန်းထဲတွင် တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်သွားသည်။ ထူးဆန်းသောအသံများ နှောင့်ယှက်နေသည့်တိုင် ပြင်းထန်လှသော အိပ်ချင်စိတ်အောက်တွင် သူတို့ အိပ်ပျော်သွားကြဆဲပင်။
၁၂ ရက်မြောက်နေ့...သင်္ချာအတန်း...
စာမသင်ဘဲ စာမေးပွဲသာ ဖြေရပေ၏။
လူတိုင်းသည် သူတို့၏ စားပွဲများပေါ်ရှိ သင်္ချာစာမေးပွဲမေးခွန်းလွှာများကို အမူအရာကင်းမဲ့စွာ ကြည့်နေကြသည်။
စားပွဲများအောက်တွင်မူ မပြီးသေးသော တရုတ်စာမေးပွဲမေးခွန်းလွှာများ၊ အင်္ဂလိပ်စာမေးပွဲမေးခွန်းလွှာများနှင့် လေ့ကျင့်ခန်းစာအုပ် နှစ်အုပ် ရှိနေသေးသည်။
လူတိုင်းသည် သူတို့၏ ဖောင်တိန်များကို စက်ရုပ်များကဲ့သို့ ကောက်ကိုင်ကာ စာမေးပွဲကို စတင်ဖြေဆိုကြသည်။ လက္ခဏာများသည် စတင်ပေါ်ပေါက်နေပြီ ဖြစ်ပြီး ဤသည်မှာ 'အသက်ရှင်လျက် သေဆုံးနေသူများ' ကဲ့သို့သော ခံစားချက်ပင်။
အပြင်ဘက်တွင်...
"ချန်လန်... ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အနုတ်လက္ခဏာစွမ်းအင်တွေ အရမ်းကို မြင့်တက်နေတယ်... အားလုံးက မျှော်လင့်ချက်မဲ့မှုတွေချည်းပဲ..."
"သူတို့ရဲ့ ခံနိုင်ရည်က အရမ်းနည်းနေသေးတယ်... ဒါက အစပဲ ရှိသေးတာကို သူတို့ တောင့်မခံနိုင်တော့ဘူးလား..."
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
အထက်တန်းနောက်ဆုံးနှစ်ဘဝသည် သာမန်ဟု ထင်ရသော်လည်း အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုရှိသည်။
အဆုံးမရှိသော စာမေးပွဲမေးခွန်းလွှာများနှင့် အိမ်စာများ၊ တစ်နေ့ထက်တစ်နေ့ နည်းပါးလာသော အချိန်များ၊ နီးကပ်လာသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဖိအားနှင့် နားထဲတွင် ကြားနေရသော ဆရာများ၏ ဆူပူကြိမ်းမောင်းသံများက လူတစ်ဦးကို အသက်ရှူကြပ်သွားစေနိုင်ပေ၏။
သို့သော် သူ၏လက်ထဲတွင် ကစားသမားများကို ပို၍ပြိုလဲသွားစေနိုင်ပြီး မျှော်လင့်ချက်မဲ့မှုကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေမည့် ဝှက်ဖဲတစ်ချပ် ရှိနေဆဲပင်။
...
၁၃ ရက်မြောက်နေ့။
စာသင်ခန်းသို့ သူတို့ ပထမဆုံး ရောက်ရှိလာစဉ်ကဲ့သို့ ရယ်မောသံများနှင့် စကားပြောသံများ မရှိတော့ချေ။ ထို့အစား တရုတ်စာဆရာမ ဒေါက်မြင့်ဖိနပ်ဖြင့် ဝင်လာပြီး "မင်္ဂလာပါ ကျောင်းသားတို့" ဟု မပြောမီအထိ သူတို့သည် စာသင်ခန်းထဲတွင် ထိုင်ကာ အပြင်းအထန် အလုပ်လုပ်နေကြ၏။
ထိုအချိန်မှသာ သူတို့ တုံ့ပြန်လိုက်ကြပြီး တပြိုင်နက်တည်း မတ်တပ်ရပ်ကာ ပြောဆိုလိုက်ကြသည်။
"မင်္ဂလာပါ ဆရာမ..."
သူတို့၏မျက်လုံးများ မှိုင်းဝေနေပြီး မျက်နှာများ ဖြူရော်နေသည်။ သူတို့သည် မေးခွန်းလွှာများကိုသာ ကူးရေးရင်း အချိန်ကုန်ဆုံးခဲ့သဖြင့် သုံးရက်တိုင်တိုင် ကောင်းစွာအနားမယူခဲ့ရချေ။
"ဒီနေ့မနက် စာသင်မယ်... နေ့လယ်ကျရင် အပို စာမေးပွဲမေးခွန်းလွှာ နှစ်စုံ ထပ်တိုးမယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျှော်လင့်ချက်မဲ့မှုများ ချက်ချင်းဆိုသလိုပင် ပို၍နက်ရှိုင်းသွားလေ၏။
တကယ်ကြီး တိုးလာတာလား...မေးခွန်းလွှာ နှစ်စုံ ထပ်တိုးတယ်ဆိုတာက ငါတို့ကို သတ်ဖို့ ကြိုးစားနေတာလား...
"မင်းတို့က အရမ်း နောက်ကျကျန်နေခဲ့ပြီ... အခုထက် ပိုမကြိုးစားရင် တခြားလူတွေကို မီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး... မေးခွန်းလွှာ ပိုလုပ်ရတာက မင်းတို့ ကောင်းဖို့အတွက်ပဲ... ဘေးခန်းက အတန်းရဲ့ စမ်းသပ်စာမေးပွဲ ရလဒ်တွေက မင်းတို့ထက် အများကြီး ပိုကောင်းတယ်..."
ဘေးခန်းတွင် မည်သည့်အတန်းမျှ မရှိကြောင်းကိုသာ သူတို့ မသိခဲ့ပါက သူမ၏ စကားကို သူတို့ ယုံကြည်မိပေမည်။
သို့သော် သူတို့သည် ဤတစ္ဆေဆရာမများ၏ အဓိပ္ပာယ်မရှိသော စကားများကို ရင်းနှီးနေပြီဖြစ်ရာ သူတို့၏ ကံကြမ္မာကိုသာ လက်ခံရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။
မေးခွန်းလွှာ နှစ်စုံက အများဆုံးဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားသောအခါ...
လကုန်ရန် သုံးရက်သာ ကျန်ရှိတော့ချိန်၌ သူတို့၏ စားပွဲများပေါ်တွင် အတွင်းအပြင်မရွေး မေးခွန်းလွှာများ အထပ်လိုက် ပုံနေလေပြီ။
တစ်စုံမှ နှစ်စုံ၊ နှစ်စုံမှ သုံးစုံသို့ တိုးလာပြီး သူတို့သည် မေးခွန်းလွှာများကို လုံးလုံးလျားလျား မပြီးနိုင်ကြတော့ချေ။ ထို့ပြင် မေးခွန်းလွှာများအပြင် ညဘက်တွင် အိမ်စာများလည်း ပေးသေး၏။ ဤသည်မှာ သူတို့ကို ခိုင်းစေသော တိရစ္ဆာန်များကဲ့သို့ သဘောထားနေခြင်းပင်။
ဒါက ဘယ်လို အထက်တန်းနောက်ဆုံးနှစ်မျိုးလဲ.... ဒါက အထက်တန်းနောက်ဆုံးနှစ် လုံးဝမဟုတ်ဘူး... ဒါက အကျဉ်းထောင်ပဲ...ငါတို့က လွတ်လပ်ခွင့်မရှိတဲ့ လှောင်ချိုင့်ထဲမှာ ပိတ်မိနေတာပဲ
"ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး... နေ့တိုင်း မေးခွန်းလွှာတွေက ပိုပိုများလာတယ်... ဒီနေ့တွေက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ...”