← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း (၁၆) အိမ်ဆိုတာ အမြဲတမ်း မပျော်ရွှင်ရပါဘူး

အမျိုးသားတစ်ဦးသည် ဆက်လက်သည်းမခံနိုင်တော့ချေ။ သူသည် စားပွဲပေါ်ရှိ စာမေးပွဲမေးခွန်းလွှာများအားလုံးကို ကြမ်းပြင်ပေါ်သို့ ပွတ်ဆွဲချလိုက်ပြီး ကျိန်ဆဲလိုက်၏။

"သောက်ကျိုးနည်း... ဒီနယ်မြေထဲရောက်နေတာ တစ်လနီးပါး ရှိနေပြီ... စာကျက်တာနဲ့ စာမေးပွဲမေးခွန်းလွှာတွေချည်းပဲ... ငါ တစ်ညလေးတောင် ကောင်းကောင်း မအိပ်ရသေးဘူး..."

"ဒီကျိန်ဆဲချင်စရာ မေးခွန်းလွှာတွေကို ငါ ဆက်မလုပ်တော့ဘူး... အဆိုးဆုံးကတော့ ငါ ထမင်းမစားဘူး မအိပ်ဘူး... ဘာပဲဖြစ်ဖြစ် သေမှာမှ မဟုတ်တာ... ပြီးတော့ ဒီလို နာကျင်မှုမျိုးကို ငါ အသားကျနေပြီ..."

ထိုအမျိုးသားသည် စားပွဲပေါ်သို့ ချက်ချင်းမှောက်ချပြီး အတင်းအကြပ် အိပ်လိုက်၏။

အခြားသူများသည် သူ့ကို ဟာလာဟင်းလင်းဖြစ်နေသော စိတ်ခံစားမှုကင်းမဲ့သည့် မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့၏အလုပ်များကိုလုပ်ရန် ခေါင်းပြန်ငုံ့သွားကြသည်။

ထိုအချိန်၌ တရုတ်စာဆရာမ ဝင်လာသည်။

"ဒီနေ့ နေ့လယ်ကစပြီး ကျောင်းပိတ်မယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းသည် သူတို့၏ ခေါင်းများကို ဆတ်ခနဲ မော့လိုက်ပြီး ဆရာမကို ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

တကယ်ကြီး ကျောင်းပိတ်တာလား...

ဒါက ငါတို့ အိမ်ပြန်လို့ရပြီလို့ ဆိုလိုတာလား..

သူတို့ တွေးတောလိုက်ကြသည်။

"ဒါပေါ့... ကျောင်းမပိတ်ခင်မှာ အစမ်းစာမေးပွဲ ရှိမယ်... ဒီစာမေးပွဲ ရလဒ်တွေကို မင်းတို့ မိဘတွေဆီ ပို့ပေးမယ်..."

နောက်ထပ် စာမေးပွဲတစ်ခု...

လူတိုင်း ပြိုလဲလုနီးပါး ဖြစ်သွားကြသော်လည်း ကျရှုံးပါက ပြစ်ဒဏ်မရှိကြောင်းကို သူတို့ သတိပြုမိသွားကြသည်။ ရလဒ်များကို မိဘများထံ ပို့ပေးရုံသာ ဖြစ်သဖြင့် ဤသည်က ကိစ္စကြီးတစ်ခု မဖြစ်နိုင်ဟု သူတို့ တွေးတောလိုက်ကြသည်။

နေ့လယ်ဘက်သို့ ရောက်ရှိလာချိန်၌ လူတိုင်း အစမ်းစာမေးပွဲကို စတင်၍ ဖြေဆိုကြသည်။ ယခုတစ်ကြိမ် မေးခွန်းများသည် ပို၍ပင် ခက်ခဲနေပြီး သူတို့ အဖြေရှာမတွေ့နိုင်သဖြင့် ခေါင်းကုတ်နေကြရပေသည်။ ထူးချွန်သူအနည်းငယ်သာလျှင် အပြီးသတ်နိုင်ခဲ့ကြ၏။

အပြင်းအထန် ကြိုးစားခဲ့သော်လည်း သင်ခန်းစာများကို လိုက်မီရန် ပါရမီမရှိသူများမှာမူ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလိုက်ရလေ၏။ သူတို့သည် စာမေးပွဲမေးခွန်းလွှာများကို နတ်ဘုရားစာများ ဖတ်နေရသကဲ့သို့ ကြည့်နေကြပြီး မည်သည့်အရာကိုမျှ နားမလည်နိုင်ကြချေ။

သူတို့ နားမလည်နိုင်ပေ။ လူတိုင်းသည် အတူတူ စာကျက်ပြီး အတူတူ မေးခွန်းလွှာများ ကူးရေးခဲ့ကြပါလျက် ၂ချို့လူများက နားလည်ပြီး သူတို့က မည်သည်ကြောင့် နားမလည်ရသနည်း။ သူတို့လည်း အပြင်းအထန် ကြိုးစားခဲ့ကြသည်မှာ သိသာထင်ရှားသည်။

သို့သော် သင်ယူမှုအတွက် ပါရမီဆိုသည့်အရာ ရှိသည်။ တချို့လူများသည် ရှင်းပြရန်ပင် မလိုအပ်ချေ။ သူတို့သည် ပြဿနာတစ်ခုကို အနည်းငယ် ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်ကာ သင်ယူနိုင်ပြီး ကျွမ်းကျင်နိုင်သည်၊ ထို့ပြင် သူတို့ထံတွင် နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းနိုင်ရန် ဘက်စုံနားလည်မှုပင် ရှိနေနိုင်သည်။

တခြားသူများကမူ အလွတ်ကျက်မှတ်ခြင်းကို မည်မျှပင် အားကိုးစေကာမူ ခက်ခဲသောမေးခွန်းများကို မည်မျှထိ ကြိုးစား၍ တွေးတောသည့်တိုင် ဖြေဆိုနိုင်ခြင်း မရှိကြချေ။ ဉာဏ်ကောင်းသူတစ်ဦးအတွက်မူ အဖြေသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသာထင်ရှားနေပေ၏။

တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်သည်သည် ကိုယ့်ကိုယ်ကိုယ် လိုက်လျောညီထွေဖြစ်အောင် နေတတ်ရန် သင်ယူရပေမည်။ လူတစ်ယောက်သည် စာသင်ရန်အတွက် မွေးဖွားလာသူ မဟုတ်နိုင်သော်လည်း တခြားကဏ္ဍများတွင်မူ ပါရမီရှင်တစ်ဦး ဖြစ်နိုင်သည်။

ခေါင်းလောင်းသံ မြည်လာချိန်၌ လူတချို့က သက်ပြင်းချလိုက်နိုင်ကြသော်လည်း တချို့ကမူ နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားကြ၏။ ဆရာမက အဖြေလွှာများကို သိမ်းဆည်းပြီးနောက် သုံးရက်ကြာ ကျောင်းပိတ်၍ အိမ်ပြန်နိုင်ကြောင်း ကြေညာလိုက်ချိန်မှသာ သူတို့အားလုံး ဝမ်းသာပျော်ရွှင်စွာ ပြုံးလိုက်နိုင်ကြသည်။

အိမ်....သူတို့ အမှန်တကယ်ကို အိမ်ပြန်နိုင်လေပြီ။

အဲ့ဒါက လက်တွေ့ကမ္ဘာက အိမ်လား ဒါမှမဟုတ် ဒီကမ္ဘာက အိမ်လား...

ရုတ်တရက် လူတိုင်း လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။

...

"ချန်လန်... နင်က ဘာလို့ သူတို့ကို အိမ်ပြန်ခွင့် ပေးလိုက်တာလဲ... ပြီးခဲ့တဲ့ တစ်လအတွင်းမှာ သူတို့ရဲ့ မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်တွေက ပိုပိုပြီး ပြင်းထန်လာခဲ့တာလေ... အဲ့ဒါကို ဘာကိစ္စနဲ့ သူတို့ကို အိမ်ပြန်လွှတ်ရတာလဲ..."

ဆာရာက ဇဝေဇဝါဖြင့် မေးလိုက်သည်။

လွန်ခဲ့သော တစ်လအတွင်း ဤလူများသည် အစပိုင်းယုံကြည်မှုရှိရာမှ ယခုလက်ရှိ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေသို့ ရောက်ရှိသွားသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။ သူတို့သည် ဝိညာဉ်ကင်းမဲ့သော ရုပ်သေးရုပ်များကဲ့သို့ ဖြစ်လာပြီး နေ့စဉ်နှင့်အမျှ တူညီသော လုပ်ရိုးလုပ်စဉ်များကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြ၏။

သူမ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း သူမ ကိုယ်ချင်းစာနိုင်သည်။ ဤကဲ့သို့ ပြင်းထန်ပြီး ထပ်ခါတလဲလဲဖြစ်သော သင်ယူမှုမျိုးသည် သားရဲယဉ်ပါးအောင်လေ့ကျင့်သူတစ်ဦးက သဘာဝအတိုင်း ရက်စက်ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင်ကို ယဉ်ပါးအောင် လေ့ကျင့်နေသည့်အလားပင်။ သူတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားပြီး လိမ္မာပါက လှောင်ချိုင့်ထဲမှ ထွက်ခွာခွင့်ရမည်ဟု ပြောဆိုကာ မက်လုံးတစ်ခုကို အမြဲတစေ ပေးထားခြင်းပင်။

သူမပင်လျှင် ဤခံစားချက်ကို အသက်ရှူကြပ်စရာကောင်းသည်ဟု ခံစားရသည်။

ချန်လန် ဖန်တီးထားသော နယ်မြေသည် လုံးလုံးလျားလျား စိတ်ဓာတ်ကျစရာ ကောင်းလွန်းလှသည်ဟု ဆိုရပေမည်။

"အိမ်ဆိုတာ အမြဲတမ်း ပျော်ရွှင်ရတာ မဟုတ်ပါဘူး..."

ချန်လန်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူ၏ မျက်လုံးများတွင် နာကျင်စရာ မှတ်ဉာဏ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားလေ၏။

"အိမ်က မပျော်ရွှင်ရဘူးလား..."

ဆာရာက ဇဝေဇဝါဖြင့် ပုံရိပ်ယောင်မျက်နှာပြင်ကို ကြည့်လိုက်သည်။

ပုံရိပ်ထဲတွင် လီပင်းသည် အိမ်တစ်လုံးအတွင်းရှိ လေဟာနယ်ထဲမှ ထွက်ပေါ်လာလာသည်။ သူမသည် ထိတ်လန့်တကြားနှင့် စိုးရိမ်ပူပန်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဤသည်မှာ သာမန်မိသားစု အများစု၏ ပုံစံမျိုးဖြစ်ပြီး အလွန်ရိုးရှင်းသော အခန်းဖွဲ့စည်းပုံ ဖြစ်ပေ၏။

"ဒါက... ငါ့ရဲ့အိမ်လား..."

လီပင်းသည် သဘာဝလွန်အရာတစ်ခုခုနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"သမီး ပြန်လာပြီလား..."

ရုတ်တရက် သူမ၏နောက်မှ အသံတစ်ခု ထွက်ပေါ်လာရာ သူမ ထိတ်လန့်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ ဖြစ်သွားသည်။

သူမ အလျှင်အမြန် လှည့်ကြည့်လိုက်ရာ ရှေ့ဖုံးအေပရွန် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးတွင် မည်သည့် သဘာဝလွန် လက္ခဏာမျှ မရှိချေ။ သွေးရောင်လွှမ်းနေသော မျက်လုံးများ မရှိသလို ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်လည်း မရှိချေ။ သူမထံ၌ ကြင်နာတတ်သော မျက်နှာနှင့် အလွန်နွေးထွေးသော အပြုံးတစ်ခုသာ ရှိနေသည်။

"သွား လက်ဆေးပြီး ထမင်းစားဖို့ ပြင်တော့... သမီးရဲ့အဖေ မကြာခင် ပြန်ရောက်တော့မယ်... ဆရာမဆီက အကြောင်းကြားစာ ရရချင်းပဲ အမေက သမီး အကြိုက်ဆုံး ဝက်နံရိုးဟင်းရည်နဲ့ ကြက်သားပြုတ်ကို ကပျာကယာ ချက်ထားတာ..."

လီပင်းက စားပွဲပေါ်ရှိ အစားအသောက်များကို ကြည့်လိုက်သည်။ ဟင်းငါးမျိုးနှင့် ဟင်းရည်တစ်ခွက်ရှိနေကာ ထိုအရာအားလုံးမှာ အလွန်အရသာရှိမည့်ပုံ ပေါက်နေပေ၏။ ရက်အနည်းငယ်ကြာ ငတ်မွတ်နေခဲ့သော သူမသည် တံတွေးများကို မမျိုချဘဲ မနေနိုင်တော့ချေ။

ဒီအိမ်က တော်တော်လေး ကောင်းမယ့်ပုံပဲ... နောက်သုံးရက်လောက်တော့ ငါ ကောင်းကောင်း အနားယူလို့ရမှာပဲ...

သူမ တွေးတောလိုက်မိသည်။

"ဘာတွေ ငေးနေတာလဲ... မြန်မြန်သွား လက်ဆေး... ထမင်းစားရအောင်..."

မိခင်ဖြစ်သူက အပြုံးနှင့် ပြောဆိုသည်။

လီပင်းသည် သူမ၏ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်လေ၏။

"ဟုတ်ကဲ့..."

နောက်ဆုံးတော့ သူမ လွတ်လပ်သွားလေပြီ။ ထိုကြောက်မက်ဖွယ်ကောင်းသော စာမေးပွဲမေးခွန်းလွှာများကို သူမ ထပ်ပြီးရင်ဆိုင်ရန် မလိုတော့ဘဲ အိမ်တွင် သုံးရက်တိုင်တိုင် အနားယူနိုင်လေပြီ။

လီပင်းက အလျှင်အမြန် လက်သွားဆေးလိုက်သည်။ ထမင်းစားစားပွဲတွင် သူမ ထိုင်လိုက်သည်နှင့် တပြိုင်နက် အိမ်ရှေ့တံခါး ပွင့်လာလေ၏။ သူမ လှည့်ကြည့်လိုက်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ညစ်ပေနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

"ရှောင်ပင်း ပြန်ရောက်ပြီလား..."

သူက ငါ့အဖေ ဖြစ်ရမယ်....

သူမက တွေးတောလိုက်သည်။

"ဟုတ်..."

လီပင်းက ခေါင်းညိတ်လိုက်၏။

သူတို့သည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေက သူမအတွက် စီစဉ်ပေးထားသော မိဘများသာ ဖြစ်ကြရာ သူမသည် သူတို့ကို ထိုအမည်များဖြင့် မခေါ်ဆိုနိုင်သေးချေ။

"ရှင်က ဖုန်တွေနဲ့ ညစ်ပေနေတာပဲ... မြန်မြန်သွား ရေချိုး... ပြီးမှ ထမင်းထွက်စား..."

မိခင်ဖြစ်သူက ရွံရှာဟန်ဆောင်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဟား ဟား ဟား... အခုသွားပြီ... အခုသွားပြီ..."

ဖခင်ဖြစ်သူက အားရပါးရ ရယ်မောပြီး ရေချိုးခန်းဆီသို့ ထွက်သွားလေ၏။

ဤပျော်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရင်း လီပင်းက နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဤနေရာက အမှန်တကယ်ပင် တော်တော်လေး ကောင်းမွန်မည့်ပုံပေါ်သည်။ နောက်ဆုံးတော့ သူမ အနားယူနိုင်လေပြီ။

...

ဖခင်ဖြစ်သူ ရေချိုးပြီးနောက် မိသားစု သုံးယောက်သား ထမင်းစားစားပွဲတွင် ထိုင်လိုက်ကြသည်။

"မြန်မြန်... သမီး အကြိုက်ဆုံး ဝက်နံရိုးနဲ့ ကြက်သားပြုတ်ကို စားကြည့်ပါဦး..."

မိခင်ဖြစ်သူသည် ဟင်းရည်ကို ခပ်ပေးပြီး လီပင်း၏ ပန်းကန်ထဲသို့ ကြက်သားတချို့ကို ထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

လီပင်းက လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စားကြည့်လိုက်သည်။ ရှားပါးသော ဟင်းလျာတစ်ခုကို မြည်းစမ်းလိုက်ရသကဲ့သို့ သူမ၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူမသည် အရသာခံကာ မျက်လုံးများကို မှိတ်ထားလိုက်၏။

အစားအသောက်သည် ဤမျှထိ အရသာရှိလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။

"အရမ်းစားလို့ကောင်းတာပဲ..."

လီပင်းက မသိစိတ်မှ လွှတ်ခနဲ ပြောဆိုလိုက်သည်။

"အင်း... စားလို့ကောင်းရင် များများစား... သမီး ကျောင်းမှာ ကောင်းကောင်း မစားရဘူး ထင်တယ်... ပိန်သွားလိုက်တာ..."

မိခင်ဖြစ်သူက လီပင်းကို သနားကြင်နာစွာ ကြည့်လိုက်သည်။

သူမကို ဂရုစိုက်သူရှိကြောင်း ကြားလိုက်ရချိန်၌ လီပင်း ငိုချလုမတတ် ဖြစ်သွားခဲ့သော်လည်း သူမက အတင်းအကြပ်ပြုံးကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး... သမီး ဝိတ်ကျချင်လို့ပါ..."

"သမီးက ပိန်နေပြီးသားကို ဘာလို့ ဝိတ်ကျချင်ရတာလဲ... မြန်မြန် များများစား... အရမ်းပိန်သွားရင် ကြည့်လို့မကောင်းဘူး..."

မိဘများသည် သူမ၏ ပန်းကန်ထဲသို့ အစားအသောက်များ အဆက်မပြတ် ထည့်ပေးနေကြရာ လီပင်း အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားခဲ့လေ၏။ သူမသည် ဤမိသားစုအတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်လာခဲ့သည်။

"မကြာသေးခင်က သမီးရဲ့အမှတ်တွေ ဘယ်လိုနေလဲ..."

ဖခင်ဖြစ်သူ၏ ထိုစကားတစ်ခွန်းတည်းက ယခင်က ပျော်ရွှင်နေသော လီပင်းကို ရေခဲတိုက်ထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားရစေသည်။ သူမ၏တစ်ကိုယ်လုံး အေးစက်သွားသည်။ သူမ၏နှလုံးခုန်နှုန်း မြန်သွားပြီး သူမ ဘာလုပ်ရမှန်းမသိဖြစ်ကာ သိချင်စိတ်နှင့် မျှော်လင့်ချက်များ အပြည့်ရှိနေသော ဖခင်ဖြစ်သူ၏ အကြည့်ကို ရင်ဆိုင်ရန် သူမ၏ခေါင်းကို တောင့်တင်းစွာ လှည့်လိုက်၏။

သူတို့သည် သဘာဝလွန်နယ်မြေတစ်ခုအတွင်းရှိ မိဘများသာ ဖြစ်သည့်တိုင် သူမကို မည်သည်ကြောင့် ဤမျှထိ ကြီးမားသော ဖိအားများကို ခံစားရစေသနည်း။

အကယ်၍ သူမ၏ အမှတ်များ ဆိုးရွားနေကြောင်း ပြောလိုက်ပါက ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်လာမည့်ပုံ ပေါက်နေပေ၏။

ငါ အမှန်တိုင်း ပြောလိုက်ရမလား...

သူမက တွေးတောလိုက်သည်။

သူမ၏အမှတ်များက အမြဲတစေ ပုံမှန်သာဖြစ်သည်။ အကယ်၍ သူမ အမှန်အတိုင်း ပြောလိုက်ပါက မိဘများ မပျော်မရွှင် ဖြစ်သွားနိုင်သလော။

"အဆင်ပြေပါတယ်... အမှတ်တွေက အရေးမကြီးပါဘူး... အရေးကြီးတာက သမီး ကျန်းမာပြီး ပျော်ရွှင်နေဖို့ပဲ..."

မိခင်ဖြစ်သူက ထိုအချိန်၌ ဝင်ရောက်ပြောဆိုသည်။

ဤစကားကို ကြားသောအခါ လီပင်း ပါးစပ်ဟလိုက်သည်။

"သမီး အမှတ်တွေက... အဆင်ပြေပါတယ်... ဒီနေ့ ဆရာမက သမီးကို ချီးကျူးသေးတယ်..."

ဤစကားကို ကြားသောအခါ မိဘများသည် ချက်ချင်း ရယ်မောလိုက်ကြပြီး လီပင်း၏ ပန်းကန်ထဲသို့ အစားအသောက်များ ဆက်လက်၍ ထည့်ပေးနေကြ၏။

သူမ မိဘများ၏ ပျော်ရွှင်သော အပြုံးများကို ကြည့်ရင်း လီပင်းသည် သူမ၏ လိမ်ညာမှုကြောင့် တစ်ခုခု ဖြစ်လာမည်လောဟု တွေးတောနေမိသည်။

သို့သော် တဖြည်းဖြည်း မိဘများ၏ နွေးထွေးသော မေးမြန်းမှုများကြောင့် သူမသည် ထိုကိစ္စကို မေ့ပျောက်သွားပြီး လွင့်စင်သွားစေခဲ့လေ၏။

ထမင်းစားပြီးနောက် မိဘများက သူမ စာလုပ်ရသဖြင့် ပင်ပန်းနေမည်ဖြစ်ကြောင်း ပြောဆိုကာ သူမ၏ အခန်းသို့ ပြန်၍ အနားယူရန် ပြောဆိုသည်။

သူမ အခန်းသို့ ပြန်လာခဲ့သော်လည်း အတွင်း မြင်လိုက်ရချိန်၌ ရုတ်တရက် သူမ ကြက်သေသေသွားသည်။

အခန်းသည် ကြီးမားသော်လည်း စာအုပ်စင်များဖြင့် ပြည့်ကျပ်နေသောကြောင့် အလွန်အမင်း ကျဉ်းကျပ်နေသကဲ့သို့ ခံစားရပေ၏။ သူမအတွက် ကျန်ရှိနေသော တစ်ခုတည်းသော နေရာမှာ အချင်းချင်း အလွန်နီးကပ်နေသော စားပွဲနှင့် ကုတင်ဆီသို့ သွားရာ လမ်းကျဉ်းလေးတစ်ခုသာ ဖြစ်သည်။

စာမေးပွဲမေးခွန်းလွှာများ၊ စာအုပ်များ၊ ဖောင်တိန်များနှင့် စာရွက်များသည် ကြမ်းပြင်တလျှောက် ပြန့်ကျဲနေသည်။

စားပွဲပေါ်တွင်လည်း အမျိုးမျိုးသော စာအုပ်များ အထပ်လိုက် ပုံနေသည်။ သူမသည် ဇဝေဇဝါဖြင့် လျှောက်လှမ်းသွားကာ ထိုင်လိုက်ပြီး သူမ၏ အကြည့်များသည် တဖြည်းဖြည်း အာရုံစူးစိုက်မှု ကင်းမဲ့လာပေ၏။

စာအုပ်စင်များ ဝန်းရံထားပြီး ကြမ်းပြင်အပြည့် စာအုပ်များရှိနေသော အလယ်တွင် ထိုင်နေရခြင်းက သူမကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

ဤသည်မှာ သူမသည် နောက်ထပ် အကျဉ်းထောင်တစ်ခုထဲသို့ ဝင်ရောက်လာသည့်အလားပင်။

All Chapters